ဝမ်ပေါင်လဲ့မှာ အစောပိုင်း ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်နိုင်စွမ်းရှိပြီး သူ၏ အဆောင်ပစ္စည်းများနှင့် လျှို့ဝှက်ဆန်းကြယ် ပညာရပ်များ၏ အကူအညီများကို ရယူလိုက်မည်ဆိုပါက အလယ်အလတ်အဆင့် ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူတစ်ယောက်ကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်သည့် အနေအထားတွင် ရှိပါသော်လည်း နှောင်းပိုင်း ဝိညာဉ်ကြားခံနယ်အဆင့် လျှို့ဝှက်ဆန်းကြယ်ပညာရပ်များကို တတ်မြောက်ထားသည့် ကျင့်ကြံသူများနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရမည်ဆိုပါက အခက်အခဲမြောက်မြားစွာနှင့် ရင်ဆိုင်ရမည်သာ ဖြစ်သည်။ သူ တာအိုဘုန်းတော်ကြီးယိုရန်နှင့် တိုက်ခိုက်ခဲ့စဥ်တုန်းကအတိုင်း အမှားတစ်ခု လုပ်မိသွားမည်ဆိုပါက ဒဏ်ရာအပြင်းအထန် ရသွားနိုင်ပေသည်။
သူသည် နှောင်းပိုင်း ယွမ်ယင်အဆင့်သို့ ရောက်ရှိနေပြီး သူ၏ အဆောင်ပစ္စည်းများနှင့် ပညာရပ်များ၏ အကူအညီများကို ရယူထားမည်ဆိုလျှင်တောင် သူ အမြင့်ဆုံး ထုတ်ပြနိုင်မည့် စွမ်းအားအဆင့်အတန်းမှာ နှောင်းပိုင်း ဝိညာဉ်ကြားခံနယ်အဆင့်တွင်သာ ရှိပေသည်။ ထို့အပြင် သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးမှာ ကန့်သတ်ချက်များ ရှိနေ၏။ ထိုမျှသာမက သူ၏ ကြယ်တာရာ ယွမ်ယင်ဝိညာဉ်မှာလည်း လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ ရှိနေသေးသလို သူ၏ နတ်ဆိုးမျက်လုံးပညာရပ်မှာလည်း ဘေးထွက်ဆိုးကျိုးများ ရှိနေသေးသည်။ သို့ဖြစ်ရာ ၎င်းတို့ဆီမှ အကူအညီများရယူလိုပါက သူ့ဘက်မှလည်း အများကြီးပြန်၍ ပေးဆပ်ရမည်ဖြစ်သည်။
သူ၏ လက်ရှိကျင့်ကြံခြင်းအဆင့်တွင် သူ့ကိုယ်သူ ပိုမိုအစွမ်းထက်လာအောင် လုပ်နိုင်မည့် နည်းလမ်းများ ရှိပေသည်။ သူသည် သူ၏ ဓားအိမ်လေး၏ စွမ်းအားများကို ထုတ်လွှတ်လျှင် ထုတ်လွှတ် သို့မဟုတ် သူ၏ ကြယ်တာရာ ယွမ်ယင်ဝိညာဉ်၏ တမူထူးခြားသော ဂုဏ်သတ္တိကို အသုံးချကာ သူ့အား အဆုံးအစမရှိသော စွမ်းအားများ ပေးစွမ်းနိုင်မည့် ဂြိုဟ်တစ်လုံး၏ အနီးသို့ သွားရန်လိုအပ်ပေသည်။
သို့သော် လက်ရှိတွင်မူ သူသည် ဓားအိမ်လေးအား ထုတ်သုံးနိုင်စွမ်း မရှိသေးပေ။ ထို့အပြင် သူ၏ အနီးအနားတွင်လည်း မည်သည့်ဂြိုဟ်မှ ရှိမနေပေ။
အဆုံမဲ့မျိုးနွယ်စုစစ်သင်္ဘောကြီး ထုတ်လွှတ်လိုက်သည့် တိုက်ကွက်ကြီး၏ ပြင်းအားမှာ နှောင်းပိုင်း ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားများထက်ပင် ပို၍သာလွန်နေ၏။ ထိုစွမ်းအားများမှာ ဝိညာဉ်ကြားခံနယ်ထိပ်ဆုံးအဆင့်တွင်် ရှိနေပြီး ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူ အစစ်တစ်ယောက်၏ စွမ်းအားများနှင့်ပင် ညီမျှနေသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး တုန်ရီသွားရ၏။
သူ၏ ခန္ဓာကိုယ်ထဲရှိ အာရုံခံနိုင်စွမ်းများအားလုံးမှာ အော်ဟစ်မြည်တမ်းကာ သူ့အား ထိုနေရာမှ ချက်ချင်းထွက်ပြေးရန် သတိပေးနေသကဲ့သို့ပင်။ သူသည် အသက်အန္တရာယ်ကြီးတစ်ခုနှင့် ရင်ဆိုင်နေရသည့်အလား ခံစားနေရပြီ ဖြစ်သည်။
” တကယ်လို့ ငါ ထွက်ပြေးလိုက်မယ်ဆိုရင် စိတ်ဓာတ်ပိုင်းမှာ ရှုံးနိမ့်သွားမှာပေါ့။ အဲအချိန်ကျရင် ငါ အသက်ပျောက်သွားလိမ့်မယ် ” ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲ၌ ရူးသွပ်မှု အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။ သူသည် သူ့ဆီသို့ တန်းတန်းမတ်မတ် ဦးတည့်လာနေသော ဧရာမ အနက်ရောင် လက်ကြီးအား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေလိုက်ပြီး သူ့အား ကူညီရန် အပြေးရောက်လာနေသည့် ဖုန့်ချိုးရန်ဆီသို့ အသံလွှင့်အကြောင်းကြားစာတစ်စောင် ပေးပို့လိုက်၏။ ဖုန့်ချိုးရန်မှာ သူ၏စကားကို ကြားလိုက်ရသောအခါ ခြေလှမ်းများ ရပ်တန့်သွားသည်။ ထိုအချိန်တွင် ထို အနက်ရောင်လက်ကြီးမှာ ဖိနှိပ်ချုပ်တည်းမှု အငွေ့အသက်များ ထုတ်လွှတ်ကာ သူ့အား လှမ်း၍ဖမ်းဆုပ်ရန် ကြိုးစားလိုက်တော့သည်။
ထိုလက်ကြီး ရောက်မလာခင် ၎င်း၏ အငွေ့အသက်များမှာ သူ့ဆီသို့ အရင် ရောက်ရှိလာ၏။ ထို အငွေ့အသက်များမှာ အရာအားလုံးကို တိုက်စားပစ်နိုင်စွမ်း ရှိနေသည့်ပုံပင်။ ထို့ကြောင့် ဝမ်ပေါင်လဲ့၏ ဝတ်ရုံများမှာ ခြောက်သွေ့ပျက်စီးသွားရပြီး သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးမှာလည်း စတင် ယိုယွင်းပျက်စီးလာတော့သည်။
ဝမ်ပေါင်လဲ့မှာ သူ့ဆီသို့ ပျံ့လွင့်လာနေသည့် ဝိညာဉ်စွမ်းအင်လှိုင်းများကို ကြံ့ကြံ့ခံရင်း မလှုပ်မယှက်ရပ်နေ၏။ ထို့နောက် သူသည် မျက်လုံးနီကြီးများဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်ပြီးနောက် သူ၏ လက်နှစ်ဖက်အား ရှေ့သို့ ဆန့်ထုတ်လိုက်တော့သည်။
” နတ်ဆိုးမျက်လုံးများ၊ ပေါက်ကွဲစေ ”
ထို အော်သံကြီးထဲတွင် စိတ်ဓာတ်ပြတ်သားမှုနှင့် ရက်စက်ကြမ်းကြုတ်မှု အငွေ့အသက်များ ကိန်းအောင်းနေ၏။ ထိုအခါ သူ၏ နတ်ဆိုးမျက်လုံးကြီး အပါအဝင် သူ၏နောက်တွင် ရှိနေကြသည့် ထောင်ပေါင်းများစွာသော အနက်ရောင်မျက်လုံးများမှာ ချက်ချင်းဆိုသလိုပင် ပွင့်သွားကြတော့သည်။
ထို ထောင်ပေါင်းများစွာသော မျက်လုံးများ၏ အကြည့်များကြောင့် စကြဝဠာကြီးမှာ တုန်ရီသွားရပြီး သူ့ဆီသို့ ဦးတည်လာနေသည့် လက်ကြီးမှာ တစ်ခဏမျှ ရပ်တန့်သွားရတော့သည်။
သို့သော်လည်း ဝမ်ပေါင်လဲ့နှင့် တာအိုဘုန်းတော်ကြီးယိုရန်တို့၏ ကြားရှိ ကျင့်ကြံခြင်းအဆင့် ခြားနားချက်မှာ ကြီးမားလွန်းနေသည် မဟုတ်ပါလော။ သို့ဖြစ်ရာ ထို အနက်ရောင် လက်ကြီးမှာ နတ်ဆိုးမျက်လုံးများ၏ အချုပ်အနှောင်များထဲမှ ချက်ချင်း ရုန်းထွက်လာပြီး ရှေ့သို့ ဆက်လက်ရွေ့လျားလာတော့သည်။
ထိုလက်ကြီး အချုပ်အနှောင်များထဲမှ လွတ်မြောက်လာချိန်တွင် ဝမ်ပေါင်လဲ့၏ နောက်တွင်ရှိနေကြသည့် ထောင်ပေါင်းများစွာသော အနက်ရောင်မျက်လုံးများမှာ ပျောက်ကွယ်သွားကြပြီးနောက် သူ၏ရှေ့တွင် ပြန်လည်ပေါ်ပေါက်လာ၏။ ထို့နောက် ၎င်းတို့မှာ တစ််ပြိုင်နက်တည်း ပေါက်ကွဲသွားကြသဖြင့် အဖျက်စွမ်းအားများ ကိန်းအောင်းနေသည့် အနက်ရောင် လေမုန်တိုင်းကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။ ၎င်းမှာ တရွှီးရွှီးမြည်အောင် တိုက်ခတ်နေရင်း ထို အနက်ရောင်လက်ကြီးအား ဝင်တိုက်သွားတော့သည်။
ထိုအခါ စကြဝဠာကြီး၏ ဥပဒေသများကိုပင် လွှမ်းမိုးနိုင်စွမ်း ရှိသည့်ပုံပေါ်သော မိုးခြိမ်းသံကြီးတစ်သံမှာ ပဲ့တင်ထပ်ကာ အာကာသထဲသို့ ပျံ့လွင့်သွား၏။ လက်ကြီးအား ဝင်တိုက်သွားကြသည့် နတ်ဆိုးမျက်လုံးများမှာမူ ပေါက်ကွဲသွားကြပြီနောက် တုန်ခါမှုလှိုင်းများကို ဖန်တီးပေးလိုက်သဖြင့် ၎င်းတို့မှာ ထိုလက်ကြီးအား ထပ်၍ အဆက်မပြတ် ရိုက်ခတ်နေကြတော့သည်။ ထို့ကြောင့် ထို လက်ကြီးမှာ ဝိညာဉ်စွမ်းအင်လှိုင်းများ၏ အဆက်မပြတ် တိုက်ခိုက်မှုကို ခံလိုက်ရပြီး တဖြည်းဖြည်းနှင့် မှုန်ဝါးစပြုလာတော့သည်။
ထိုရိုက်ခတ်မှုများမှ ပေါ်ထွက်လာသည့် ဝိညာဉ်စွမ်းအင်လှိုင်းများမှာ ဘေးနားတစ်ဝိုက်တွင်ရှိနေသော တာအိုနန်းတော်ကျင့်ကြံသူများအား ဖုံးလွှမ်းသွားကြ၏။ လူအများစုမှာ ထိုအနက်ရောင်လက်ကြီး၏ ပေါ်ပေါက်လာမှုကြောင့် ပျော်ရွှင်မြူးထူးနေကြပါသော်လည်း တစ်အောင့်ခန့်အကြာတွင် ထို တုန်ခါမှုလှိုင်းများ၏ ရိုက်ခတ်ခြင်းကို ခံလိုက်ရသဖြင့် တစ်ကိုယ်လုံး ပေါက်ကွဲပျက်စီးသွားကြတော့သည်။
သို့သော် ဝမ်ပေါင်လဲ့မှာ သူတို့သေဆုံးသွားသည်ကို ဂရုစိုက်နေခြင်းမရှိပေ။ သူသည် မန္တန်လက်ကွက်များ ဖော်လိုက်ပြီးနောက် သူ၏ ကျူးသိုပညာရပ်အား အသုံးပြုကာ သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးအား အားဖြည့်ပေးလိုက်၏။ သူသည် နတ်ဆိုးမျက်လုံးများ၏ အံ့ဩမှင်တက်ဖွယ်ရာ စွမ်းအားများကို မြင်ခဲ့ရသည့်တိုင်အောင် ၎င်းတို့၏ အရေအတွက်မှာ လုံလောက်မှု မရှိသေးပေ။ ၎င်းတို့မှာ မရပ်မနား ပေါက်ကွဲနေကြပြီး ဧရာမလက်ကြီးအား အဆက်မပြတ် တိုက်ခိုက်နေကြ၏။ ထို့ကြောင့် ထို ဧရာမလက်ကြီးမှာ တဖြည်းဖြည်းနှင့် ပို၍ အရွယ်အစား သေးငယ်လာပြီး မှုန်ဝါးဝါး ဖြစ်လာတော့သည်။ သို့သော်လည်း ၎င်း၏ အမြုတေမှာ ကျန်ရှိနေဆဲပင်။
နောက်ဆုံး နတ်ဆိုးမျက်လုံးများ ပျောက်ကွယ်သွားသောအခါ နဂိုတုန်းကထက် အရွယ်အစား တစ်ဝက်တိတိ သေးငယ်သွားပြီဖြစ်သော လက်ကြီးမှာ ဝမ်ပေါင်လဲ့ဆီသို့ ဆက်လက် ဦးတည်လာတော့သည်။
၎င်းမှာ အလွန်အင်မတန်မှ မြန်ဆန်ပြီး တာအိုဘုန်းတော်ကြီးယိုရန်၏ သတ်ဖြတ်လိုစိတ်များကို ထုတ်လွှတ်နေ၏။ ၎င်းမှာ ဝမ်ပေါင်လဲ့၏အနီးသို့ ရောက်ရှိလာပြီး သူ့အား လှမ်း၍ ဖမ်းဆုပ်ရန် ပြင်လိုက်စဉ်မှာပင် ဝမ်ပေါင်လဲ့၏ မျတ်ဝန်းများထဲရှိ ရူးသွပ်မှု အရိပ်အယောင်များမှာ တောက်ပလာတော့သည်။ သူသည် အာကာသထဲတွင် မလှုပ်မယှက် ရပ်နေရင်း ဆံပင်များ လေထဲ၌ တလူလူလွင့်နေသောကြောင့် နတ်ဆိုးတစ်ပါးနှင့် တူနေ၏။ ထိုအချိန်တွင် သူသည် အသံကုန်အော်ဟစ်ကာ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီး၏ စွမ်းအားအကုန်လုံးကို ထုတ်သုံးလိုက်တော့သည်။
ထိုအခါ ဝမ်ပေါင်လဲ့၏ ကိုယ်ထဲမှ အံ့ဩမှင်တက်ဖွယ်ရာကောင်းသော စွမ်းအားတစ်မျိုး ထွက်ပေါ်လာ၏။ ထို့နောက် သူသည် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီး၏ ညာဘက်လက်ထဲရှိ နတ်ဘုရားလက်နက် လက်ကြီးအား မြှောက်ကာ သူ၏ရှေ့ရှိ အနက်ရောင် လက်ကြီးအား အားပါပါ ခုတ်ချလိုက်တော့သည်။
ထိုအချိန်တွင် ဝမ်ပေါင်လဲ့၏ ကိုယ်ထဲရှိ ကြယ်တာရာ ယွမ်ယင်ဝိညာဉ်မှာ မျက်လုံးများပွင့်လာ၏။ ၎င်း၏ မျက်ဝန်းများထဲတွင် ကြယ်အလင်းရောင်များ တောက်ပနေပြီး ကြယ်တစ်လုံးမှာလည်း ထို ကြယ်တာရာ ယွမ်ယင်ဝိညာဉ်ထဲ၌ လည်ပတ်နေသည့်ပုံပင်။ ၎င်းမှာ ၎င်း၏ စွမ်းအားများအားလုံးကို ထုတ်လွှတ်ကာ မရပ်မနား လည်ပတ်နေသည့် အင်ဂျင်တစ်လုံးအသွင် ပြောင်းလဲသွားပြီး ဝမ်ပေါင်လဲ့အား အားဖြည့်ပေးနေလိုက်တော့သည်။
ထို့နောက် အနက်ရောင်လက်ကြီးနှင့် ဝမ်ပေါင်လဲ့တို့မှာ ထိပ်တိုက်ရင်ဆိုင်တွေ့သွားကြသဖြင့် ပေါက်ကွဲသံမျိုးစုံ ထွက်ပေါ်လာကြတော့သည်။ ထို အနက်ရောင်လက်ကြီးမှာ ဝမ်ပေါင်လဲ့ကြောင့် တစ်ခဏမျှ ရပ်တန့်သွားရပါသော်လည်း ၎င်း၏ လက်ချောင်းငါးချောင်းမှာမူ စုစည်းသွားကြပြီး ဝမ်ပေါင်လဲ့အား လက်ဖဝါးထဲ၌ ဖမ်းဆုပ်ကာ အားပါပါ ညှစ်လိုက်တော့သည်။
သို့သော် ဝမ်ပေါင်လဲ့မှာ ၎င်း၏အလယ်၌ ကျောက်တုံးတစ်တုံးကဲ့သို့ မလှုပ်မယှက် ရပ်နေသောကြောင့် ၎င်းမှာ အဆုံးအထိ လက်သီးဆုပ်နိုင်စွမ်း မရှိဘဲ ဖြစ်နေရ၏။ သို့ဖြစ်ရာ ထို လက်ကြီးမှာ မည်မျှအထိ အင်အားစိုက်ထုတ်စေကာမူ ဝမ်ပေါင်လဲ့အား ခြေမွှပစ်နိုင်စွမ်းမရှိပေ။
ဝမ်ပေါင်လဲ့၏ နတ်ဘုရားလက်နက် တိုက်ကွက်ကြီးမှာမူ ထို အနက်ရောင်လက်ကြီးပေါ်သို့ ကျရောက်သွားသဖြင့် ၎င်းမှာ ပို၍ပင် ထိခိုက်ပျက်စီးသွားရ၏။ ထို့ကြောင့် ၎င်းမှာ တဖြည်းဖြည်းနှင့် မှုန်ဝါးဝါးဖြစ်လာပြီး ၎င်း၏ ပုံပန်းသွင်ပြင်မှာလည်း မသဲမကွဲ ဖြစ်လာတော့သည်။ သို့သော်ငြားလည်း ထိုနတ်ဘုရားလက်နက်ကြီး ၎င်း၏ လက်ဖဝါးအား ထုတ်ချင်းပေါက် ထိုးဖောက်သွားနိုင်ရန် အချိန်ပေးရဦးမည်ဖြစ်သည်။
သို့ဖြစ်ရာ ပိုနေမြဲ ကျားနေမြဲ အနေအထားသို့ရောက်ရှိသွားသကဲ့သို့ပင်။ သို့သော် ဝမ်ပေါင်လဲ့၏ မျက်နှာမှာမူ ရဲရဲနီနေပြီဖြစ်သည်။ ထို ဧရာမလက်ကြီး၏ ဖမ်းဆုပ်ခြင်းကို ခံလိုက်ရသည့် ခံစားချက်မှာ အရှိန်အဟုတ်ဖြင့် ပျံသန်းလာနေသည် သင်္ဘောပျံတစ်စင်း၏ ဝင်တိုက်ခြင်းကို ခံလိုက်ရသကဲ့သို့ပင်။ ထို့ကြောင့် သူ၏ အတွင်းကလီစာများမှာ တဆတ်ဆတ် တုန်ရီနေကြပြီး သူသည်လည်း တစ်ခေါင်းလုံး ထူပူသွားရ၏။
ဧရာမလက်ကြီး ထုတ်လွှတ်နေသည့် စွမ်းအားများမှာ မည်သည့်အရာကိုမဆို တစ်စစီ ခြေမွှဖျက်ဆီးပစ်နိုင်စွမ်း ရှိနေသည့်ပုံပင်။ သူသည် မီးတောက်တစ်ခု ငြှိမ်းသတ်ခံလိုက်ရသကဲ့သို့ ဇီဝိန်ချုပ်သွားမည် မဟုတ်ဘဲ တစ်ကိုယ်လုံး တစ်စစီကြေမွသွားပြီးမှ သေဆုံးသွားမည်သာ ဖြစ်သည်။
ထိုဧရာမလက်ကြီး၏ ဖိအားများကြောင့် သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးဆီမှ တကျွီကျွီမြည်သံများ ထွက်ပေါ်လာရ၏။ ၎င်းမှာ တစ်စစီ ပြိုကွဲပျက်စီးသွားတော့မည့်ပုံပင်။ ကျူးသိုပညာရပ်ဖြင့် စုစည်းသိုလှောင်ထားသည့် အသွေးအသားများမှာ ထို ချပ်ဝတ်တန်ဆာကြီးအား အဆက်မပြတ် ပြန်လည်ပြုပြင်ပေးနေရ၏။ သို့သော်လည်း ၎င်း၏ မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများ ဆက်လက်ပေါ်ပေါက်လာဆဲပင်။ သူ၏ ယွမ်ယင်ဝိညာဉ်မှာလည်း တဆတ်ဆတ် တုန်ရီနေရပြီဖြစ်ရာ ဆက်လက် တောင့်ခံနိုင်စွမ်း မရှိတော့သည့်ပုံပင်။
ဤ တိုက်ပွဲကြီးမှာ ခွန်အားများအပေါ် မူတည်နေမည်မဟုတ်ဘဲ တောင့်ခံနိုင်စွမ်းအပေါ် မူတည်နေ၏။ သို့ဖြစ်ရာ မိမိ၏ပြိုင်ဘက်ထက် အချိန်ပိုကြာအောင် တောင့်ခံနိုင်မည်ဆိုပါက အနိုင်ရရှိသွားမည်ဖြစ်သည်။
သူတို့နှစ်ယောက် ထိုကဲ့သို့ အသေအကျေတိုက်ခိုက်နေကြစဉ် ဖုန့်ချိုးရန်မှာ ခပ်လှမ်းလှမ်း၌ ရပ်နေ၏။ သူမသည် မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်နေပြီး မျက်ဝန်းများထဲတွင် စိုးရိမ်စိတ်များဖြင့် ပြည့်နှက်နေရပြီဖြစ်သည်။ သူမသည် တိုက်ပွဲထဲသို့ ချက်ချင်းဝင်ရောက်ခဲ့ခြင်းမရှိဘဲ အခွင့်ကောင်းအခါကောင်းကို စောင့်ဆိုင်းနေ၏။ လက်ရှိတွင် သူမသည် တိုက်ပွဲထဲသို့ ဝင်ရောက်သွားမည်ဆိုလျှင်တောင် ဧရာမလက်ကြီးအား တွန်းလှန်တိုက်ခိုက်နေသည့် ဝမ်ပေါင်လဲ့အား မဖြစ်စလောက်သာ ကူညီပေးနိုင်မည်ဖြစ်ကြောင်း သိထား၏။ သို့ဖြစ်ရာ သူမသည် လုပ်ရမည့်အရာကို ကောင်းကောင်းကြီး သိထားပေသည်။ အကယ်၍ ဝမ်ပေါင်လဲ့ အနိုင်ရရှိသွားမည်ဆိုလျှင် သူမသည် သူ့အား ကာကွယ်စောင့်ရှောက်ကာ စစ်မြေပြင်ထဲမှ ထွက်ခွာသွားရမည် ဖြစ်သည်။ အကယ်၍ သူ ရှုံးနိမ့်သွားခဲ့လျှင်မူ သူမသည် သူ့အား အချိန်မီ ကယ်တင်ပေးရမည် ဖြစ်သည်။
၎င်းမှာ ဝမ်ပေါင်လဲ့ သူ၏ အသံလွှင့်အကြောင်းကြားစာထဲ၌ ဖုန့်ချိုးရန်အား အသိပေးခဲ့သည့် အရေးပေါ်အစီအစဉ် ဖြစ်ပေသည်။
ထိုသို့ဖြင့် အချိန်များတရွေ့ရွေ့ ကုန်ဆုံးသွားပြီး ဧရာမလက်ကြီးမှာ လက်သီးဆုပ်နိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။ ၎င်းမှာ တဖြည်းဖြည်းနှင့် အသာစီးရလာသည့်ပုံပင်။ ဝမ်ပေါင်လဲ့မှာ ၎င်း၏ ဖိအားများကို တောင့်ခံနိုင်စွမ်း မရှိတော့သဖြင့် သူ၏ နတ််ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးထဲမှ အက်ကွဲသံများ ထွက်ပေါ်လာပြီ ဖြစ်သည်။ ထို့ကြောင့် တာအိုနန်းတော်ကျင့်ကြံသူများမှာ စိတ်လှုပ်ရှားသွားကြပြီး ဖုန့်ချိုးရန်မှာမူ စိုးရိမ်စိတ်များ ကြီးထွားလာရတော့သည်။ နောက်ဆုံးတွင် သူမသည် လက်ပိုက်ကြည့်မနေနိုင်တော့သဖြင့် ရှေ့သို့ပြေးထွက်သွားပြီး ဝမ်ပေါင်လဲ့အား ကူညီပေးရန် ပြင်လိုက်တော့သည်။
ထိုအချိန်တွင် ခပ်လှမ်းလှမ်းရှိ အာကာသကြီးထဲမှ စကြဝဠာကြီး ဆုတ်ဖြဲခံလိုက်ရသည့်အသံနှင့် ဆင်တူသည့် အသံကြီးတစ်သံ ထွက်ပေါ်လာ၏။ ထို့နောက် ဝိညာဉ်စွမ်းအင်လှိုင်း မြောက်မြားစွာမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားတော့သည်။ ခဏအကြာတွင် ပြည်ထောင်စုစစ်သင်္ဘောကြီးများမှာ ထို ဝိညာဉ်စွမ်းအင်လှိုင်းများထဲ၌ ချက်ချင်းဆိုသလိုပင် ပေါ်ပေါက်လာကြ၏။ ၎င်းတို့မှာ နေအဖွဲ့အစည်း မန္တန်အစီအရင်ကြီးအား အသုံးပြုကာ ဟင်းလင်းပြင်ကြီးထဲ၌ တည်နေရာပြောင်းရွှေ့လာပြီးနောက် စစ်မြေပြင်ထဲသို့ ရောက်ရှိလာခြင်း ဖြစ်သည်။
၎င်းတို့ ရောက်ရှိလာသောအခါ မန္တန်အစီအရင်များ တစ်လွှာပြီးတစ်လွှာ ပေါ်ပေါက်လာကြ၏။ မန္တန်အလင်းတန်းများမှာလည်း အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားကြပြီး ထိုစစ်မြေပြင်ကြီးအား လှိုင်းလုံးကြီးတစ်ခုကဲ့သို့ လွှမ်းခြုံသွား၏။ ထို့ကြောင့် တာအိုနန်းတော်ကျင့်ကြံသူများမှာ ထိတ်လန့်တုန်လှုပ်သွားကြပြီး ထို တိုက်ကွက်များကို အလျင်အမြန်ရှောင်တိမ်းကာ ခုခံကာကွယ်နိုင်ရန် ပြင်ဆင်လိုက်ကြရသည်။ ထိုအချိန်တွင် ဝိညာဉ်စွမ်းအင်များ ကိန်းအောင်းနေသည့် အသံကြီးတစ်သံမှာ ပြည်ထောင်စု စစ်သင်္ဘောကြီးများထဲမှ ထွက်ပေါ်လာပြီး အာကာသကြီးထဲ၌ ပဲ့တင်ထပ်သွားတော့သည်။
” ဘာမှ မကြောက်နဲ့ ချိုးရန်။ ကိုယ် ရောက်လာပြီ ”
လီရှင်းဝမ်၏ စကားသံကြီး ထွက်ပေါ်လာသည်နှင့် ပြည်ထောင်စုစစ်သင်္ဘောကြီးများထဲ၌ အပြာရောင် အလင်းစက်လုံး အလုံးတစ်ရာကျော် လင်းလက်တောက်ပသွားကြ၏။ ထိုအလင်းစက်လုံး တစ်လုံးချင်းစီထဲတွင် အံ့ဩမှင်တက်ဖွယ်ရာစွမ်းအားများကို ထုတ်လွှတ်နေသည့် သလင်းကျောက်တုံးတစ်တုံးစီ ထည့်သွင်းထားသည်။
ထို့နောက် အနီရောင်အလင်းတန်းများ ထုတ်လွှတ်နေသည့် နောက်ထပ် အလင်းစက်လုံးဆယ်လုံး ထပ်၍ ပေါ်ပေါက်လာသောကြောင့် စစ်မြေပြင်ပေါ်ရှိ လူတိုင်းမှာ ၎င်းတို့အပေါ် အာရုံရောက်သွားကြတော့သည်။
၎င်းတို့မှာ ပြည်ထောင်စုကြီး၏ ဝှက်ဖဲများဖြစ်သော ဝိညာဉ်ဆန့်ကျင်ဗုံးများ ဖြစ်ကြပေသည်။ အပြာရောင် ဗုံးများ၏ ပြင်းအားမှာ ယွမ်ယင်အဆင့် ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားများနှင့် ယှဉ်နိုင်စွမ်းရှိပြီး အနီရောင်ဗုံးများမှာမူ မကြာသေးမီကမှ အဆင့်မြှင့်တင်ထားသည့် ဗုံးများ ဖြစ်ကြပေသည်။ အချို့သော လိုအပ်ချက်များ ရှိနေသေးသောကြောင့် ထိုအနီရောင်ဗုံးများကို အမြောက်အမြား ထုတ်လုပ်နိုင်စွမ်း မရှိသေးပေ။ သို့သော်လည်း ထို ဗုံးများမှာ ယွမ်ယင်အဆင့် ကျင့်ကြံသူတစ်ယောက်ထက်ပင် ပို၍အစွမ်းထက်ပြီး ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူတစ်ယောက်ကိုပင် ယှဉ်နိုင်စွမ်း ရှိပေသည်။
ပြည်ထောင်စုကြီးထဲမှ အဆင့်အမြင့်ဆုံး လူများသာလျှင် ထို အနီရောင်ဗုံးများကို အသုံးပြုခွင့်ရှိပေသည်။ ယခုတွင် လီရှင်းဝမ်မှာ ပြည်ထောင်စုကြီးထဲ၌ ရှိသမျှ အနီရောင်ဗုံးအားလုံး၏ တစ်ဝက်တိတိကို ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။ သူသည် ဝမ်ပေါင်လဲ့ ကြုံနေရသည့်အန္တရာယ်များကို မြင်လိုက်ရသောကြောင့် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ၎င်းတို့အား ထုတ်သုံးလိုက်ခြင်း ဖြစ်ပေသည်။
ထို အလင်းစက်လုံး တစ်ရာကျော်မှာ ဧရာမလက်ကြီးဆီသို့ ချက်ချင်း ဦးတည်သွားကြပြီး ၎င်း၏ အနီးသို့ ရောက်ရှိသွားသောအခါ ပေါက်ကွဲသွားကြတော့သည်။
ထို ဧရာမလက်ကြီးမှာ အလွန်အင်မတန်မှ အစွမ်းထက်ပါသော်လည်း ဝမ်ပေါင်လဲ့၏ နတ်ဆိုးမျက်လုံးများနှင့် သူ ဆက်လက်ထုတ်လွှတ်ခဲ့သည့် တိုက်ကွက်များကြောင့် အားလျော့သွားခဲ့ရသည် မဟုတ်ပါလော။ ထို့ကြောင့် ၎င်း၏ ပုံပန်းသွင်ပြင်မှာ မှုန်ဝါးဝါးဖြစ်ကာ မသဲမကွဲ ဖြစ်နေရပြီဖြစ်သည်။ ယခုတွင် ၎င်းမှာ လှုပ်ရှားနိုင်စွမ်း မရှိသဖြင့် ဝိညာဉ်ဆန့်ကျင်ဗုံးများကို မရှောင်တိမ်းနိုင်ခဲ့ပေ။ ထို့ကြောင့် ၎င်းမှာ ထိုဗုံးများ၏ ပေါက်ကွဲမှုများကို အပြည့်အဝခံစားလိုက်ရ၏။ အပြာရောင်ဗုံးများ၏ ပေါက်ကွဲအားမှာ သိပ်၍ မပြင်းထန်ပါသော်လည်း အနီရောင်ဗုံးများ ပေါက်ကွဲသွားရာမှ ထွက်ပေါ်လာသည့် ပြင်းအားများမှာမူ ထိုလက်ကြီး၏ အမြုတေဆီသို့ ရောက်ရှိသွားကြ၏။
ထိုအခါ ဖုန့်ချိုးရန်မှာ တိုက်ခိုက်ရန် အခွင့်အရေးတစ်ခု ရသွားသဖြင့် မျက်ဝန်းများ အရောင်တောက်ပသွား၏။ ထို့နောက် သူမသည် သူမ၏ အဆောင်ပစ္စည်းများနှင့် လျှို့ဝှက်ဆန်းကြယ် ပညာရပ်များကို ထုတ်သုံးကာ အဆက်မပြတ် တိုက်ခိုက်လိုက်တော့သည်။ အပြင်ဘက်မှ တိုက်ကွက်များကြောင့် ဝမ်ပေါင်လဲ့မှာလည်း အသက်ရှူချောင်သွားရသဖြင့် အသာစီးပြန်ရလာပြီ ဖြစ်သည်။
” အချိန်ကျပြီ ” လက်ကြီးထဲရှိ မောပန်းနွမ်းနယ်နေသည့် ဝမ်ပေါင်လဲ့ အသံကုန်အော်ဟစ်လိုက်၏။ ထိုအခါ ခြောက်သွေ့ရှုံ့တွနေပြီဖြစ်သော သူ၏ ယွမ်ယင်ဝိညာဉ်မှာ ရုတ်တရက်ဆိုသလို မျက်လုံးများ ပွင့်လာတော့သည်။ ၎င်းမှာ ၎င်း၏ လက်ကျန်စွမ်းအင်များအားလုံးကို ထုတ်လွှတ်ကာ ဝမ်ပေါင်လဲ့၏ နတ်ဘုရားလက်နက်ထဲသို့ စီးဝင်သွားစေလိုက်၏။ ထိုအခါ ဝမ်ပေါင်လဲ့မှာ ကြယ်ပျံတစ်လုံးအဖြစ် ပြောင်းလဲသွားပြီး ရှေ့သို့ ပြေးထွက်သွားတော့သည်။
သူသည် ဆည်ထဲမှ ဖောက်ထွက်လာသည့် ရေများကဲ့သို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားခြင်းဖြစ်၏။ သို့ဖြစ်ရာ ဧရာမလက်ကြီးမှာ တောင့်ခံနိုင်စွမ်းမရှိတော့ဘဲ တဆတ်ဆတ် တုန်ရီကာ တစ်လွှာပြီးတစ်လွှာ ပျက်စီးစပြုလာတော့သည်။ နောက်ဆုံးတွင် ဝမ်ပေါင်လဲ့၏ နတ်ဘုရားလက်နက် လက်ကြီးမှာ ထိုဧရာမလက်ကြီး၏ လက်ဖမိုးအား ဖောက်ထွက်သွားသဖြင့် ထိုလက်ကြီးမှာ ပေါက်ကွဲသွားရတော့သည်။
ထိုအခါ အားပြင်းသော တုန်ခါမှုလှိုင်းများမှာ ဆူနာမီလှိုင်းလုံးကြီးတစ်ခုကဲ့သို့ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွား၏။ ဝမ်ပေါင်လဲ့မှာမူ တစ်စစီ ပေါက်ကွဲပျက်စီးသွားနေပြီဖြစ်သော လက်ကြီးထဲမှ ထွက်ပြေးလွတ်မြောက်လာတော့သည်။