ဝမ်ပေါင်လဲ့မှာ ကျင့်ကြံခြင်းလမ်းစဉ်ပေါ်တွင် စလျှောက်ခဲ့သည့် အချိန်ကတည်းက အသက်အန္တရာယ်ပေါင်း မြောက်မြားစွာနှင့် ကြုံတွေ့ခဲ့ဖူးပြီးသားဖြစ်သည်။ ထို အခိုက်အတန့်များအားလုံးမှာ အပေါ်ယံတွင် ချောချောမွေ့မွေ့ ပြီးဆုံးသွားခဲ့သည့်ပုံ ပေါ်ပါသော်လည်း လက်တွေ့တွင်မူ သူ့ဘက်မှ အမှားတစ်ခု လုပ်မိခဲ့ရုံနှင့် သူသည် အသက်ပျောက်သွားနိုင်ပေသည်။
ပထမဆုံး သင်္ဘောပျံကြီး သူ့အား စတင်တိုက်ခိုက်ခဲ့သည့် အချိန်ကတည်းက သူ ရန်သူများကို သတ်ဖြတ်လာခဲ့သည်မှာ ယခုအထိပင် ဖြစ်သည်။ ထို့ကြောင့် သူသည် သူ သတ်ဖြတ်ခဲ့သည့် ကျင့်ကြံသူ အရေအတွက်ကိုပင် အတိအကျ မသိနိုင်တော့ပေ။
အခြားကျင့်ကြံသူများသာ ဆိုပါက ထိုကဲ့သို့ လူပေါင်းများစွာ သတ်ဖြတ်ပြီးလျှင် နှလုံးသားတစ်ခုလုံး အေးစက်သွားကြမည်သာ ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာမူ အခြားသူများနှင့်မတူပေ။ သူ၏ စိတ်နှလုံးထဲတွင် သူ့ကိုယ်သူပင် အညှာမပေးတတ်သည့် ရက်စက်ကြမ်းကြုတ်သော ဗီဇတစ်ခု ကိန်းအောင်နေသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် ရန်သူများအပေါ်တွင်လည်း သနားညှာတာမှုမရှိပေ။ သို့သော် သူ၏ ဝကစ်ကစ် ခန္ဓာကိုယ်လေးနှင့် ငယ်ဘဝမှ အကျင့်များကြောင့် သူ၏ပုံစံမှာ ဘဝကို အကောင်းမြင်ကာ ပျော်ပျော်နေတတ်သည့် လူတစ်ယောက်ပုံစံ ပေါက်နေသည်။
၎င်းမှာ ဝမ်ပေါင်လဲ့ ငယ်စဉ်ကတည်းက ခြုံထားခဲ့ရသည့် သိုးသားရေတစ်ခု ဖြစ်ပေသည်။
ယခုတွင်မူ နတ်ဆိုးမျက်လုံးပညာရပ်၏ လွှမ်းမှိုးမှုကြောင့် ထို သိုးသားရေမှာ သိသိသာသာ မှေးမှိန်ပျောက်ကွယ်သွားရပြီ ဖြစ်သည်။ သူသည် သူ၏ ပျော်ပျော်နေတတ်သော အကျင့်စရိုက်များကို ဖယ်ရှားလိုက်ပြီဖြစ်ရာ သူ၏ စရိုက်အစစ်အမှန် ပေါ်ပေါက်လာပြီ ဖြစ်သည်။
သူသည် သူ ပိုင်ဆိုင်ထားသမျှ စွမ်းအားများအားလုံးကို ထုတ်လွှတ်ရင်း ရန်သူများအား စတင်သတ်ဖြတ်နေတော့သည်။ ယခုတွင် သူ၏ပုံပန်းသွင်းပြင်မှာ နတ်ဆိုးတစ်ပါးနှင့် တူနေ၏။
မိုးခြိမ်းသံများ ထွက်ပေါ်လာပြီးနောက် ဝိညာဉ်စွမ်းအင်လှိုင်းများမှာ စစ်မြေပြင်ကြီးထဲ၌ ပျံ့နှံ့သွား၏။ နတ်ဆိုးမျက်လုံး၏ အကြည့်ကြောင့် ရပ်တန့်ခံလိုက်ရသည့် ကျင့်ကြံသူများမှာ နောက်ဆုံးတွင် သေဆုံးသွားကြသည်သာဖြစ်သည်။
ဝမ်ပေါင်လဲ့၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးထဲမှ ထိုးထွက်လာသော အနီရောင် စွမ်းအင်စီးဆင်းမှုလမ်းကြောင်းများမှာ လေထဲတွင် မြွေများကဲ့သို့ ယိမ်းနွဲ့နေကြပြီး သူ၏ ပတ်ပတ်လည်ရှိ ရန်သူများ၏ ခန္ဓာကိုယ်များအား ထိုးဖောက်သွားကြ၏။ သူသည် အလွန်အင်မတန်မှ မြန်ဆန်နေသောကြောင့် သူ ဝင်တိုက်လိုက်သည့် လူတိုင်းမှာ ချက်ချင်းဆိုသလိုပင် တစ်စစီ ပေါက်ကွဲပျက်စီးသွားရသည်သာ ဖြစ်သည်။
ကျူးသိုပညာရပ်မှာလည်း အရူးအမူး စုပ်ယူနေဆဲပင်။ ၎င်း၏ အငမ်းအရ စုပ်ယူမှုများကြောင့် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးမှာ အချိန်နှင့်အမျှ ပို၍ ကြောက်မက်ဖွယ်ရာကောင်းလာ၏။ အဖြူရောင် အရိုးအမျှင်အတန်းများမှာ တဖြည်းဖြည်းနှင့် ပို၍များပြားလာကာ အရိုးများအဖြစ် စုစည်းသွားကြပြီး ချပ်ဝတ်တန်ဆာကြီးထဲမှ ဆူးချွန်များအဖြစ် ထိုးထွက်လာကြတော့သည်။ ဝမ်ပေါင်လဲ့တစ်ယောက် ရန်သူများအား မရပ်မနားသတ်ဖြတ်နေစဉ် နတ်ဆိုးမျက်လုံးပညာရပ်ထဲ၌ ကိန်းအောင်းနေသည့် အသိစိတ်ထဲမှ စိတ်လှုပ်ရှားမှု အငွေ့အသက်များ၊ ကျေနပ်အားရနေသည့် ခံစားချက်များနှင့် သတ်ဖြတ်လိုစိတ်များ ထပ်၍ ထွက်ပေါ်လာနေသည့်ပုံပင်။
၎င်းမှာ ဝိညာဉ်များအား တစ်ခုပြီးတစ်ခု အငမ်းမရ ဝါးမျိုနေပြီး ၎င်းတို့အား ဝမ်ပေါင်လဲ့၏ နောက်၌ ရစ်ဝဲနေသည့် မျက်လုံးများအဖြစ် အဆက်မပြတ် ပြောင်းလဲပေးနေ၏။ ထို့ကြောင့် နတ်ဆိုးမျက်လုံးကြီး၏ ရပ်တန့်နိုင်စွမ်းများ ပျောက်ကွယ်သွားပြီး ဘေးပတ်ပတ်လည်ရှိ ကျင့်ကြံသူများ ပြန်လည်လှုပ်ရှားနိုင်စွမ်း ရှိသွားသည့်အချိန်တွင်ပင် သူတို့မှာ ထွက်ပြေးလွတ်မြောက်နိုင်စွမ်း မရှိဘဲ သေဆုံးသွားရဆဲပင်။
ဝမ်ပေါင်လဲ့ကြောင့် စစ်မြေပြင်ကြီးတစ်ခုလုံးမှာ ဖိမ့်ဖိမ့်တုန်အောင် ကြောက်ရွံ့တုန်လှုပ်နေရပြီဖြစ်သည်။ သူတို့အားလုံးမှာ အတူတကွ စုစည်းကာ ပူးပေါင်းတိုက်ကွက်များပင် ထုတ်လွှတ်နိုင်စွမ်းမရှိတော့ပေ။ ဝမ်ပေါင်လဲ့မှာလည်း သူတို့အား ယခုလိုဖြစ်သွားအောင် သူ့ဘက်မှ စတင်တိုက်ခဲ့ခြင်းဖြစ်သည်။
သူသည် သူ၏ ရန်သူများအား တုန်လှုပ်ချောက်ချားသွားအောင်လုပ်ကာ သတ်ဖြတ်ပစ်ရန် လိုအပ်ပေသည်။ သူသည် သူရင်ဆိုင်နေရသည့် တာအိုနန်းတော် ကျင့်ကြံသူများ၏ တွေးခေါ်ပုံများနှင့် လှုပ်ရှားပုံများကို သိရှိထားသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူ့ဘက်မှ တစ်ခဏမျှ တွေဝေတုံ့ဆိုင်းသွားရုံနှင့် သူတို့၏ တိုက်ခိုက်လိုစိတ်များမှာ ပြင်းထန်လာကြမည်ဖြစ်ကြောင်း သူက သိထား၏။ ထိုသို့သာဆိုလျှင် သူသည် လူအင်အားတစ်သောင်းခန့်ရှိသော တပ်ဖွဲ့ကြီး၏ ပူးပေါင်းတိုက်ခိုက်ခြင်းကို ခံလိုက်ရမည်သာဖြစ်သည်။ သူသည် ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူတစ်ယောက်အား အလွယ်တကူ သတ်ဖြတ်နိုင်စွမ်း ရှိနေပြီဖြစ်ပါသော်လည်း သူ၏ အစွမ်းအစများကို ကောင်းကောင်းကြီး နားလည်ထားဆဲပင်။ သူတစ်ယောက်တည်းသာဆိုလျှင် ထိုပူးပေါင်းတိုက်ကွက်ကြီးအား ခုခံနိုင်စွမ်းရှိမည်မဟုတ်ပေ။
ပုရွက်ဆိတ်များမှာ အရွယ်အစား သေးငယ်ပါသော်လည်း အရေအတွက် အလုံအလောက်သာ ရှိပါက သားရဲများအားလုံး၏ ဘုရင်ကြီးကိုပင် ခြိမ်းခြောက်နိုင်စွမ်း ရှိပေသည်။
သို့ဖြစ်ရာ လက်ရှိတွင် သူ၏ ရန်သူများအား ကြောက်ရွံ့တုန်လှုပ်သွားအောင် လုပ်နိုင်ရန်မှာ အရေးအကြီးဆုံးဖြစ်သည်။ နတ်ဆိုးမျက်လုံးပညာရပ်ကြောင့် ပေါ်ပေါက်လာသည့် အနက်ရောင်မျက်လုံးများမှာ ပွင့်လာသည့်အချိန်တိုင်း ရန်သူများအား ထိန်းချုပ်နိုင်စွမ်း ရှိပါသော်လည်း ထိုထိန်းချုပ်မှုမှာ အတိုင်းအတာတစ်ခုအထိသာ ရှိပေသည်။ ထို့အပြင် သူသည် ထိုပညာရပ်၏ ဘေးထွက်ဆိုးကျိုးများကို တဖြည်းဖြည်းနှင့် ပို၍ ခံစားလာရသောကြောင့် ၎င်း၏ အစွမ်းမှာလည်း တဖြည်းဖြည်းနှင့် လျော့ကျလာရ၏။
ထို့ကြောင့် သူ၏ ပတ်ပတ်လည်တွင် ရှိနေကြသည့် တာအိုနန်းတော်ကျင့်ကြံသူများမှာ အနည်းငယ်ခန့် အသက်ရှူချောင်သွားကြသည်။ ထိုအခါ အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူများမှာ အမိန့်များ ထုတ်ပြန်ကာ တာအိုနန်းတော်ကျင့်ကြံသူများအား တိုက်ပွဲရမှတ်များဖြင့် မက်လုံးပေးလိုက်သောကြောင့် သူတို့မှာ တိုက်ခိုက်လိုစိတ်များ ပြင်းပြလာကြပြီး အတူတကွ စုဝေးသွားကြတော့သည်။
သို့သော် သူတို့အားလုံး စုဝေးရန် ပြင်နေကြစဉ်မှာပင် ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင် တာအိုဂါထာတော်အား ရေရွတ်လိုက်တော့သည်။
ထိုအခါ နတ်ဆိုးမျက်လုံးပညာရပ်၏ နေရာတွင် ဂါထာတော်၏ စွမ်းအားများ ရောက်ရှိလာတော့သည်။ ၎င်းတို့မှာ ကောင်းကင်ပေါ်မှ အရှိန်အဟုန်ဖြင့် ဆင်းသက်လာသဖြင့် တာအိုနန်းတော်ကျင့်ကြံသူများမှာ ကြောက်ရွံ့တုန်လှုပ်သွားရပြန်သည်။ ထိုသို့ဖြင့် နောက်ထပ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီးတစ်ခု စတင်သွားတော့သည်။
ဝမ်ပေါင်လဲ့မှာ အသိစိတ်ပျောက်လုမတတ် ရူးသွပ်နေပြီဖြစ်သည်။ သူသည် ဗုဒ္ဓဟူးဂြိုဟ်ပေါ်မှ စွမ်းအားကြီးတစ်ခု၏ ချိန်ရွယ်ခြင်းကို ခံထားရသောကြောင့် ကျောချမ်းနေရ၏။ သူ၏ စိတ်ထဲ၌ ခံစားနေရသည့် အန္တရာယ်ကြီးကြောင့် သူသည် နှလုံးသားတစ်ခုလုံး အေးစက်နေရပြီး သူ၏ အသက်မှာ သူ၏လက်ထဲ၌ပင် မရှိတော့သလို ခံစားနေရတော့သည်။
ကံကောင်းစွာဖြင့် သူသည် သူ၏ ရန်သူများကို အဆက်မပြတ် သတ်ဖြတ်နေသောကြောင့် သူ၏နောက်တွင်ရှိနေသည့် နတ်ဆိုးမျက်လုံးများ၏ အရေအတွက်မှာလည်း ပို၍ များပြားလာပြီဖြစ်သည်။ ထိုကဲ့သို့ နတ်ဆိုးမျက်လုံး အသစ်တစ်လုံး ပေါ်ပေါက်လာတိုင်း သူ၏စိတ်ထဲ၌ ခံစားနေရသည့် အန္တရာယ်ကြီးမှာ အနည်းငယ်ခန့် လျော့ကျသွားရ၏။
” မလောက်သေးဘူး။ ဒီလောက်နဲ့ မရသေးဘူး ” ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ နီမြန်းနေပြီး သူ ရောက်နေသည့် နေရာကိုပင် မေ့ပျောက်သွားသည့်ပုံပင်။ သူ၏ အသိစိတ်ထဲတွင် သူ၏ရှေ့၌ ရှိနေသည်လူတိုင်းမှာ ရန်သူပစ်မှတ်များ ဖြစ်နေ၏။
” သတ်ပစ် ”
ဝမ်ပေါင်လဲ့မှာ ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်ပြီးနောက် အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူတစ်ယောက်၏ ရှေ့တွင် ပေါ်ပေါက်လာ၏။ ထိုအခါ ထို ကျင့်ကြံသူမှာ အံ့ဩတုန်လှုပ်သွားပြီး နောက်သို့ဆုတ်ခွာသွားရန် ကြိုးစားလိုက်သည်။ ဝမ်ပေါင်လဲ့မှာမူ ထို ကျင့်ကြံသူအား တစ်ချက်ပင်မကြည့်ဘဲ သူ့အား ဝင်တိုက်လိုက်၏။ ထိုအခါ အုန်းခနဲ မြည်သံကြီးတစ်သံ ထွက်ပေါ်လာပြီး ထိုအဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူမှာ အဝေးသို့ လွင့်ထွက်သွားတော့သည်။ ထို့နောက် သူသည် လေယာဉ်တစ်စင်း ဝင်တိုက်ခံလိုက်ရသည့် သာမန်လူတစ်ယောက်ကဲ့သို့ အရိုးများအားလုံး ချက်ချင်းဆိုသလိုပင် ကြေမွသွားပြီး သူ၏ ဝိညာဉ်မှာလည်း ပျက်စီးသွားရတော့သည်။
” သတ်ပစ် ”
ဝမ်ပေါင်လဲ့မှာ ရပ်တန့်သွားခြင်းမရှိပေ။ ဓမ္မရတနာ ရာပေါင်းများစွာ၏ စွမ်းအားများမှာ အရပ်မျက်နှာအနှံ့မှနေ၍ သူ့အား အဆက်မပြတ် ထိုးနှက်နေကြသဖြင့် သူသည် အံကြိတ်ကာ လေပေါ်သို့ ခုန်တက်သွားလိုက်၏။ သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးမှာ တုန်ရီသွားပြီး သူ၏ ညာဘက်လက်ပေါ်ရှိ နတ်ဘုရားလက်နက်ကြီးမှာ မျက်စိကျိန်းစရာကောင်းလောက်အောင် တောက်ပသွားပြီနောက် ရှေ့သို့ ထိုးနှက်လိုက်တော့သည်။ ထိုအခါ ဧရာမ အလင်းစက်လုံးကြီးတစ်လုံး ပေါ်ပေါက်လာကာ ပေါက်ကွဲသွားပြီးနောက် ပိုက်ကွန်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွား၏။ ထို ပိုက်ကွန်ကြီးမှာ ၎င်း၏ ပေတစ်သောင်းပတ်လည်အား လွှမ်းခြုံသွားပြီးနောက် ၎င်း၏ အောက်တွင်ရှိနေသည့် အရာအားလုံးကို မီးလောင်တိုက်သွင်းပစ်လိုက်တော့သည်။
ထိုတိုက်ကွက်ကြောင့် လူပေါင်းမြောက်မြားစွာ သေဆုံးသွားပါသော်လည်း ဝမ်ပေါင်လဲ့မှာလည်း စွမ်းအင်အမြောက်အမြား ထုတ်သုံးခဲ့ရ၏။ ကျူးသိုပညာရပ်မှာ စွမ်းအင်အသစ်များကို အလျင်အမြန်စုပ်ယူနေသည့်တိုင်အောင် ရေရှည်အထိ တောင့်ခံထားနိုင်မည်မဟုတ်ပေ။ သူရင်ဆိုင်နေရသည့် တာအိုနန်းတော် ကျင့်ကြံသူများမှာ များပြားလွန်းနေသည် မဟုတ်ပါလော။
ထို့အပြင် အဆုံးမဲ့မျိုးနွယ်စုဝင်များလည်း ရှိနေသေးသည်ဖြစ်ရာ ပို၍ပင် ခက်ခဲနေမည် ဖြစ်သည်။ သူတို့၏ ဖိနှိပ်ချုပ်တည်းမှု စွမ်းအားများနှင့် တာအိုဘုန်းတော်ကြီးယိုရန်၏ အမိန့်များကြောင့် တာအိုနန်းတော်ကျင့်ကြံသူများမှာ နောက်သို့ဆုတ်ခွာသွားကြခြင်းမရှိဘဲ စစ်မြေပြင်ပေါ်၌ ရပ်နေကြဆဲပင်။ သူတို့မှာ ဝမ်ပေါင်လဲ့ အားနည်းသွားမည့် အချိန်ကို စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။
သူတို့မှာ ဖိအားများအောက် ရောက်နေသည့် စပရင်များကဲ့သို့ပင်။ ဝမ်ပေါင်လဲ့တစ်ယောက် အားနည်းသည့် အခိုက်အတန့်သို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် သူတို့မှာ သူတို့မှာ စုဆောင်းထားကြသည့် စွမ်းအင်များကို ထုတ်လွှတ်လိုက်ကြမည်သာ ဖြစ်သည်။ သို့သော် စပရင်များ၏ တောင့်ခံနိုင်စွမ်းမှာလည်း အကန့်အသတ်နှင့် ရှိပေသည်။ အကယ်၍ ၎င်းတို့အပေါ် သက်ရောက်နေသည့် ဖိအားများမှာ အလွန်အင်မတန်မှ ကြီးမားနေမည်ဆိုပါက ထိုစပရင်များမှာ ၎င်းတို့၏ စွမ်းအားများကို ထုတ်လွှတ်နိုင်စွမ်းရှိတော့မည် မဟုတ်ပေ။ ထို့အပြင် ၎င်းတို့မှာ ချက်ချင်းဆိုသလိုပင် ကြေမွပျက်စီးနိုင်သေးသည်။
ထိုသို့ဖြင့် ဆယ့်ငါးမိနစ်ခန့် ကုန်ဆုံးသွားပြီးနောက်… ထို စပရင်ကြီးမှာ နောက်ဆုံးတွင် ကြေမွပျက်စီးသွားတော့သည်။
စစ်မြေပြင်ကြီးတစ်ခုလုံးမှာ ဖရိုဖရဲ ဖြစ်နေ၏။ ကျင့်ကြံသူများမှာ ဆက်လက်တောင်ခံနိုင်စွမ်း မရှိကြတော့ဖြင့် အရှုံးပေးလိုသည့် အရိပ်အယောင်များ ပေါက်လာတော့သည်။ သူတို့ထဲမှ မည်သူက အရင်ဆုံး ကြောက်လန့်တကြားဖြင့် ထွက်ပြေးသွားမှန်း မသိပါသော်လည်း အခြားသူများအားလုံးမှာ သူ၏နောက်မှ ပြေးလိုက်သွားကြ၏။ ထိုသို့ဖြင့် ကျင့်ကြံသူများမှာ ထွက်ပြေးဆုတ်ခွာသွားကြပြီး သူတို့၏ စစ်တပ်ကြီးမှာလည်း ပြိုကွဲစပြုလာပြီဖြစ်ရာ စစ်မြေပြင်ကြီးမှာ နောက်သို့ ပြန်ဆုတ်သွားနေသည့် ဒီရေလှိုင်းကြီးတစ်ခုနှင့် တူနေတော့သည်။
” ငါ တိုက်ပွဲရမှတ်တွေ မလိုချင်တော့ဘူး။ ဒီကောင်က လူမှ မဟုတ်ဘဲ ”
” ငါ့ရဲ့ဘဝမှာ လုပ်စရာတွေ အများကြီး ကျန်သေးတယ်။ တခြားလူတစ်ယောက်ရဲ့ ခြေထောက်အောက်မှာ နင်းခြေခံရမယ့် ကျောက်စရစ်ခဲဘဝကိုတော့ အရောက်မခံနိုင်ဘူး ”
စစ်တပ်ကြီးမှာ ပြိုကွဲသွားပြီဖြစ်ရာ စစ်မြေပြင်ကြီးပေါ်ရှိ တပ်သားများအားလုံးမှာလည်း ဖရိုဖရဲ ဖြစ်သွားကြတော့သည်။ ထိုမြင်ကွင်းကြောင့် ဖုန့်ချိုးရန်မှာ ကျောချမ်းသွားရ၏။ သူမသည် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေလိုက်ပြီးနောက် သူ့အား ဝိုင်းထားသည့် တာအိုနန်းတော်ကျင့်ကြံသူများအား လှမ်းကြည့်လိုက်၏။ သူမ၏ နှလုံးသားထဲတွင်မူ ခံစားချက်မျိုးစုံဖြင့် ပြည့်နှက်နေရပြီဖြစ်သည်။ နောက်ဆုံးတွင် သူမသည် သက်ပြင်းသာ ချလိုက်မိတော့သည်။
ကျင့်ကြံသူများ အဝေးသို့ ထွက်ပြေးသွားကြသောအခါ ဝမ်ပေါင်လဲ့မှာ စစ်မြေပြင်ကြီးအလယ်၌ ပေါ်ပေါက်လာ၏။ ထိုနေရာတွင် ရုပ်အလောင်းများမှာ တောင်လိုပုံနေပြီး သွေးချောင်းစီးနေပြီ ဖြစ်သည်။ သွေးနီရောင် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးမှာမှာ ကြောက်မက်ဖွယ်ရာ ကောင်းနေဆဲပင်။ သို့သော် ၎င်းထက်ပို၍ ကြောက်စရာကောင်းသည်မှာ သူ၏နောက်ရှိ အာကာသကြီးထဲတွင် ရစ်ဝဲနေကြသည့် ထောင်ပေါင်းများစွာသော အနက်ရောင်မျက်လုံးများ ဖြစ်ကြပေသည်။
၎င်းတို့အားလုံးမှာ မှိတ်နေကြပြီး လူးလွန့်လှုပ်ရှားနေကြသောကြောင့် ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်ကြီးမှာ တွန့်လိမ်ပုံပျက်နေရသည်။ ၎င်းတို့မှာ အလောင်းပုံကြီး၏ ထိပ်တွင်ရပ်နေသည့် ဝမ်ပေါင်လဲ့၏ နောက်၌ ရစ်ဝဲနေကြ၏။ ထို့ကြောင့် နတ်ဆိုးတစ်ပါး ကမ္ဘာပေါ်သို့ ဆင်းသက်လာသကဲ့သို့ပင်။
” မလောက်သေးဘူး ” ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ လေးလံနေပြီး စိတ်ရောကိုယ်ပါ ပင်ပန်းနုံးချည့်နေပြီဖြစ်ရာ မတ်တတ်ပင် ကောင်းကောင်း မရပ်နိုင်တော့ပေ။ သို့သော် သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးဆီမှ အဆက်မပြတ် စီးဝင်လာနေသည့် စွမ်းအင်များနှင့် နတ်ဆိုးမျက်လုံးပညာရပ်၏ စိတ်ဆန္ဒများကြောင့် သူသည် မောပန်းနွမ်းနယ်နေရသည့်တိုင်အောင် စိတ်လှုပ်ရှားမှုများကို ထိန်းသိမ်းနိုင်စွမ်းမရှိဘဲ ဖြစ်နေ၏။ ထို့ကြောင့် သူသည် မျက်ဝန်းနီကြီးများဖြင့် ထပ်၍ လှုပ်ရှားလိုက်ပြီးနောက် ဆက်လက်သတ်ဖြတ်ရန် ပြင်လိုက်တော့သည်။
ထိုအချိန်တွင် ဗုဒ္ဓဟူးဂြိုဟ်ပေါ်မှ ထူးဆန်းသောအသံတစ်သံ ထွက်ပေါ်လာပြီး အာကာသထဲ၌ ပဲ့တင်ထပ်သွား၏။ ထို့နောက် ဗုဒ္ဓဟူးဂြိုဟ်ပေါ်ရှိ အဆုံးမဲ့မျိုးနွယ်စု စစ်သင်္ဘောကြီးနှင့် ၎င်း၏အနီးတွင် စုဝေးနေကြသည့် အနက်ရောင်လျှပ်စီးတန်းများမှာ ရုတ်တရက်ဆိုသလို ၎င်းတို့၏ စွမ်းအားများကို ထုတ်လွှတ်လိုက်တော့သည်။
ထို အနက်ရောင် လျှပ်စီးတန်းများမှာ ပေတစ်ထောင်ခန့်သာ ရှည်လျားသည့် အလင်းတန်းများ မဟုတ်ကြတော့ပေ။ ၎င်းတို့မှာ အတူတကွ စုစည်းသွားကြပြီးနောက် လျှပ်စီးများဖြင့် ဖွဲ့စည်းထားသည့် ဧရာမ အနက်ရောင်လက်ကြီးတစ်ဖက်အသွင် ပြောင်းလဲသွားပြီဖြစ်သည်။
ထို ဧရာမလက်ကြီးမှာ စကြဝဠာကြီးအား ဖြတ်သန်းလာပြီး ၎င်းနှင့်အတူ ဝိညာဉ်ကြားခံနယ်အဆင့်ထက် ပို၍သာလွန်သည့် စွမ်းအားများကို သယ်ဆောင်လာသည်။ ထိုစွမ်းအားများမှာ ထာဝရဝိညာဉ်ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားများနှင့်ပင် ယှဉ်နိုင်စွမ်းရှိပေသည်။ ၎င်းမှာ ရုတ်တရက်ဆိုသလို စစ်မြေပြင်ပေါ်၌ ပေါ်ပေါက်လာပြီး ဝမ်ပေါင်လဲ့အား လှမ်း၍ ဖမ်းဆုပ်လိုက်၏။
ထိုလက်ကြီး၏ အရွယ်အစားမှာ အာကာသကြီးနှင့် ယှဉ်လိုက်ပါက မပြောပလောက်ပါသော်လည်း စစ်မြေပြင်ပေါ်တွင်မူ မိုးကောင်းကင်ကြီးကဲ့သို့ ကြီးမားနေ၏။ ၎င်းမှာ ဝမ်ပေါင်လဲ့နှင့် ၎င်း၏ ပတ်ပတ်လည်ရှိ ကြယ်တာရာများကို ဖမ်းဆုပ်ကာ တစ်စစီခြေမွှပစ်တော့မည့်ပုံပင်။