အပိုင်း (၁၇၈)

နေနှင့်လ

ဒွန်ဟိုင်မြို့တိုက်ပွဲတွင် ထူးဆန်းသော ဧကရာဇ်အသိက ရီဖူရှင်းထံတွင် ဖြစ်ပေါ်လာခဲ့သည်။ ထိုအရာက ရီဖူရှင်းအား အကာနာအဆင့်မှ တန်ခိုးရှင်ကို သတ်ရန် ကူညီပေးခဲ့သည်။ သို့သော် ထိုစွမ်းအင်က အမှန်တကယ်အားဖြင့် ရီဖူရှင်းနှင့် သက်ဆိုင်ခြင်း မရှိပေ။ သို့တိုင်အောင် ထိုထူးဆန်းသော ပြောင်းလဲမှု ဖြစ်ပြီးနောက် ရီဖူရှင်းက တော်ဝင်နည်းစနစ်ကို တတ်မြောက်ခဲ့သည်။ ထို့နောက်တွင် ရီဖူရှင်းက တော်ဝင်နည်းစနစ်ကို အသုံးပြုလျှင် ဧကရာဇ်အသိအား ပိုမိုမြင့်မားသော အခြေအနေတစ်ခုအထိ ထုတ်ဖော်နိုင်စွမ်း ရှိလာသည်။ သူ၏တော်ဝင် နည်းစနစ်က သူ၏တိုက်ခိုက်ရေး စွမ်းရည်ကို နောက်တစ်ဆင့်အထိ တိုးမြှင့်စေနိုင်သည်ကို ရီဖူရှင်း သိသော်လည်း သူက မည်သည့်အခါကမှ တော်ဝင်နည်းစနစ်ကို အမြင့်ဆုံး အခြေအနေအထိ အသက်သွင်းခြင်း မရှိခဲ့ပေ။

ယနေ့တွင် ထိုလွန်စွာ အားကောင်းလှသော နိုဘယ်အသိများနှင့် ရင်ဆိုင်ရသောအခါ သူ၏ ဧကရာဇ်အသိ တစ်ခုတည်းဖြင့် မအောင်မြင်နိုင်သည်ကို ရီဖူရှင်း သိသည်။ ထို့ကြောင့် သူ့တွင် ရှိသမျှအားလုံးကို ထုတ်ဖော်တော့သည်။ ရီဖူရှင်းက တော်ဝင်နည်းစနစ်အား မကန့်သတ်တော့ဘဲ အဆုံးအထိ မြှင့်တင်လိုက် တော့သည်။

ဒွန်ဟိုင်မြို့တုန်းက ရင်းနှီးသော ခံစားချက်က ပြန်လည် ဖြစ်ပေါ်လာသည်။ နောက်ဆုံးအကြိမ်က ထိုထူးဆန်းသော အားအင်က သူ့အား ထိန်းချုပ်ထားသော်လည်း ယခုကား ထိုစွမ်းအားကို ရီဖူရှင်းက ထိန်းချုပ်သည်။ သို့သော် ထိုစွမ်းအင်က ဒွန်ဟိုင်မြို့တုန်းကထက် ပိုမိုအားနည်းသည်။

အကယ်၍ တစ်ဖက်လူက တကယ့် နိုဘယ်ဆိုလျှင် ရီဖူရှင်းက မုချ သေရပေမည်။ ထိုလူက အကာနာအဆင့်ဆိုလျှင်ပင် သူသေမည်ဖြစ်သည်။ စိတ်အသိအားက တကယ်တမ်းတွင် မူလခန္ဓာ မရှိတော့ရာ သူ့စွမ်းအားများက အကန့်အသတ် ရှိသည်။ သို့တိုင်အောင် တန်ခိုးအဆင့် ကွာဟချက်က ကြီးမားလှပေသည်။

ထိုအရာက လို့လန်ရှေးဟောင်း နယ်မြေတွင် ကွဲပြားခြားနားမှု ရှိပေသည်။ တစ်ဖက်လူကား တကယ့် နိုဘယ်မဟုတ်ဘဲ နိုဘယ်စိတ်အသိ၏ ရုပ်ပွားမျှသာ ဖြစ်သည်။ ထို့အပြင် ရှေးဟောင်းမြေရိုင်း ဒေသတွင် နိုဘယ်အဆင့် ဖြစ်စေ အကာနာအဆင့်ဖြစ်စေ သူတို့၏ တန်ခိုးအစွမ်းအား ဓမ္မအဆင့်အထိသာ အသုံးပြုနိုင်စွမ်း ရှိပေသည်။ ထို့ကြောင့်သာ ရီဖူရှင်းက ယုံကြည်ချက်ရှိခြင်း ဖြစ်သည်။ သူက နိုဘယ်အဆင့် အသိကို နားမလည်သေးသော်လည်း နို့ဘယ်အဆင့် ကု့ချင်း၏စွမ်းရည်အား တော်ဝင်နည်းစနစ်ဖြင့် အမြင့်ဆုံး မြှင့်ထားသော ဧကရာဇ်အသိတို့ ပေါင်းစပ်လိုက်ပါက ထိုနိုဘယ်အသိများအား ရင်ဆိုင်နိုင်မည်ဟု ရီဖူရှင်း ယုံကြည်သည်။

သူ့ခန္ဓာကိုယ်ထဲတွင် ဧကရာဇ်အမှတ်အသား ထွက်ပေါ်လာသည်။ ကိုယ်ရောင်ကိုယ်ဝါများ အဆမတန် အားကောင်းလာလျက် ရီဖူရှင်း၏ ခန္ဓာကိုယ်က ပြောင်းလဲလာပုံရသည်။ သူ့ဘေးမှ ရီဝူချင်းက ထိတ်လန့်စွာ ကြည့်သည်။ ရီဖူရှင်း၏ တကယ့်စွမ်းရည်က သူ့အား ထိတ်လန့် အံ့အားသင့်စေသည်။ သူကား မူလကတည်းက ဧကရာဇ်ဖြစ်ရန် မွေးဖွားလာသူနှင့် တူသည်။ သူ့ရှေ့မှ နိုဘယ်များလည်း အံ့အားသင့် သွားကြသည်။ သူတို့အားလုံးက ရီဖူရှင်းကို စိုက်ကြည့်နေကြသည်။ ထိုစိတ်အသိက မည်သည့် အဆင့်တွင် ရှိသနည်း။

ထိုအခိုက်တွင် အလွန် ချောမောခန့်ညားသော လူငယ်က သူတို့ရှေ့တွင် ဧကရာဇ်တစ်ပါး၏ ကိုယ်ရောင်ကိုယ်ဝါကို ဖော်ပြသည်။ သူတို့က နိုဘယ်အသိများ ဖြစ်သည့်တိုင် ရှေ့မှလူငယ်အား ဦးညွှတ်ခစားလိုသော ဆန္ဒများ စိတ်သဏ္ဌာန်မှာ ဖြစ်ပေါ်စေသည်။ ဤကဲ့သို့သော ကိုယ်ရောင်ကိုယ်ဝါမျိုကား ဖန်တီး၍ မရပေ။ ထိုအရာက မွေးရာပါ အရှိန်အဝါ ဖြစ်ပေသည်။

“ကြည့်ရတာ မင်းက တကယ်ပဲ လို့လန်က မဟုတ်ဘူး…” ရီဖူရှင်းကို အကဲခတ်ကာ ဧကရာဇ်က သက်ပြင်းချလျက် ပြောသည်။ ရှေးဟောင်းလို့လန်တွင် ဤကဲ့သို့သော သူ မရှိနိုင်ပေ။

“စီနီယာ… ခင်ဗျားက လက်လျှော့ဖို့ အစီအစဉ် ရှိလား…” ရီဖူရှင်းကလည်း သူ့ကို အကဲခတ်ကာ မေးသည်။

ဧကရာဇ်က သူ့အား ကြည့်လိုက်သည်။ ထို့နောက် အဝေးကို ကြည့်လိုက်၏။ သူ၏မျက်လုံးများက မောပန်းနေပုံရသည်။ သူကား ရှေးဟောင်းလို့လန်မှ မျိုးဆက်များ၏ စမ်းသပ်ခံအဖြစ် နှစ်ပေါင်းများစွာ ဤနေရာတွင် တည်ရှိနေရသည်ကို စိတ်ပျက်အားလျော့နေပြီ ဖြစ်သည်။ ထို့ကြောင့် ဤနေရာကို ရောက်လာသမျှသော လို့လန်မျိုးဆက်များအား သူ သတ်ခဲ့သည်။ သို့တိုင်အောင် ယနေ့အထိ အသက်ရှင်သန်ရခြင်းကို မောပန်း နွမ်းနယ်နေပြီ ဖြစ်ပါသည်။

ဧကရာဇ်က ရီဖူရှင်းကို ပြောသည်… “မင်းရှုံးရင် သေရမယ်… မင်းနိုင်ရင် မင်းလိုချင်တာ ရမယ်…”

“ကောင်းပြီ…” ရီဖူရှင်းက ခေါင်းငုံ့ကာ မည်သို့မှ ထပ်မပြောတော့ပေ။ သူ၏ ဂီတသံစဉ်က ဆက်လက် မြင့်တက်လာသည်။ ထိုအခိုက်တွင် အလွန်ကြမ်းတမ်းသော အားလှိုင်းတစ်ခုက သံစဉ်နှင့်အတူ ဖြစ်ပေါ်လာပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို ပျံ့နှံ့သွားလျှင် ရှေ့ကို တိုးလာနေသော စစ်သည်များအားလုံး ပျက်စီးသွားသည်။

ဧကရာဇ်က သူ့လက်အား ဝှေ့ယမ်းလိုက်သည်။ များစွာသော နိုဘယ်များက အားကောင်းသော အရှိန်အဝါဖြင့် တိုးဝင်လာနေကြသည်။ သို့သော် ကု့ချင်းကို တီးခတ်နေသော ရီဖူရှင်းကား ယခင်ကလို တည်ငြိမ်ဆဲသာ ဖြစ်သည်။ သူတီးခတ်နေသော သံစဉ်ထဲတွင်ကား တစ်စုံတစ်ယောက်အား ကံဆိုးမိုးမှောင် ကျစေနိုင်သည့် ခံစားမှုများပါဝင်သည်။ သို့သော် ထိုခံစားမှုက ရန်သူအတွက် ဖြစ်၏။

ရီဖူရှင်း ခန့်မှန်းထားသလိုပင် ဂီတသံစဉ်က ဧကရာဇ် အရှိန်အဝါများ ပါရှိနေကာ သံစဉ်က နိုဘယ်များအား ဖြတ်ကျော်သွားလျှင် သူတို့အား ခဏအတွင်းတွင် ပျက်စီး ယိုယွင်း သွားစေသည်။ ရှေ့ကို တက်လာနေသော နိုဘယ်များက သူတို့၏ခန္ဓာကိုယ်အား ပြန်ကြည့်ကာ ထိတ်လန့်သွားကြသည်။

များစွာသော အခေါင်းပေါက်များ သူတို့၏ ခန္ဓာတွင် ဖြစ်ပေါ်လာသည်။ ထိုနေရာမှ သွေးများ မထွက်လာသည့်တိုင် သေခြင်းတရားက နီးကပ်လာသည်ကို ခံစားကြရ၏။ သူတို့က တစ်ကြိမ်တစ်ခါက သေဆုံးပြီး ဖြစ်သည့်တိုင် ယခုတစ်ကြိမ်တွင်ကား လုံးဝ ပျောက်ကွယ် သွားရတော့မည် ဖြစ်သည်။

ဧကရာဇ်က ထိုအရာများကို တိတ်ဆိတ် ငြိမ်သက်စွာ ကြည့်နေသည်။ သူ၏ အမူအရာကား အလွန်တည်ငြိမ်သည်။ ထိုသူရဲကောင်းဆန်သော ဂီတသံစဉ်က သူ့အတွက် တီးခတ်သည်လား။

သူက ရှေ့ကို လျှောက်သွားလိုက်ကာ နိုဘယ်များ၏ရှေ့မှ ရပ်လိုက်သည်။ ချက်ချင်းပင် ဓားပုံရိပ်များစွာ သူ့ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်လာသည်။ သူရှေ့ကို ဆက်လျှောက်လာလျှင် ထောင်ပေါင်း များစွာသော ဓားများကလည်း လိုက်ပါလာကြသည်။ ထိုအခိုက်တွင် သူကား ဓားဘုရင်နှင့် တူပေသည်။

မရေမတွက်နိုင်သော ဓားများက စီတန်းလျက် ရီဖူရှင်းထံသို့ တစ်နေရာတည်းမှ အဆက်မပြတ် ထိုးဖောက် တိုက်ခိုက်လာသည်။ ရီဖူရှင်းက ကု့ချင်းအား ဆက်လက် တီးခတ်နေသည်။ သံစဉ်က နဂါးထောင်ပေါင်းများစွာ အော်ဟစ်နေသည့်အလား ကောင်းကင်နှင့်မြေကြီးကို တုန်ခါစေသည်။ သူ့ထံ တိုးဝင်လာနေသော ဓားများအားလုံး အမှုန့်ဖြစ်သွား၏။

တစ်ချိန်တည်းမှာပင် ဂီတသံစဉ်က အရာအားလုံးကို လျစ်လျူရှုကာ ဧကရာဇ်ထံသို့ စတင်ရစ်ပတ် လွှမ်းခြုံလာသည်။ မှော်ဂီတပညာနှင့် ပတ်သက်ပြီး ကြောက်မက်ဖွယ် အကောင်းဆုံး အရာမှာ ဂီတသံစဉ်က ခုခံရန် အလွန်ခက်ခဲခြင်းပင်။ အလွန်တောက်ပသော ဧကရာဇ် ကိုယ်ရောင်ကိုယ်ဝါများ ရီဖူရှင်းထံမှ ဖြာထွက်နေသည်။ ရွှေရောင် မီးလျှံများအလား ထိုအရာများက အလွန်တောက်ပ လင်းလက်နေသည်။

“စိတ်အသိ ချုပ်နှောင်ခြင်း…” ရှေးဟောင်းနယ်မြေကို ရောက်လာသူများထဲမှ တစ်ယောက်က သူ၏ စိတ်အသိအား ချုပ်နှောင်နိုင်လိမ့်မည်ဟု သူမထင်ခဲ့ပေ။ သို့သော် အရာရာတိုင်းက ဖြစ်နိုင်ပေသည်။ ယခုကား ဓမ္မအဆင့်တစ်မှ တန်ခိုးရှင်တစ်ယောက်က သူ၏ စိတ်အသိကို ထိန်းချုပ်နိုင်ပေသည်။

စိတ်အသိ၏ ရုပ်ခန္ဓာမျှသာဖြစ်ရာ သူကား စိတ်အသိ ထိန်းချုပ်မှုကို ခံစားနေရမှတော့ မည်သို့ ဆက်လက် တိုက်ခိုက် နိုင်တော့မည်နည်း။ ယခုကား သူက ဓမ္မအဆင့် တန်ခိုးရှင်ထက် အနည်းငယ်မျှသာ စွမ်းရည်ရှိနေတော့သည်။

သံစဉ်အားလှိုင်းက တစ်ဖန် လေထုကို ပျံ့နှံ့သွားလျှင် အရာအားလုံးက သံစဉ်၏ ထိန်းချုပ်မှု အောက်ကို ရောက်သွားကာ နိုဘယ်များအားလုံး ဧကရာဇ် အားလှိုင်းကြောင့် ပိုမိုပျက်စီး ယိုယွင်းလာကြသည်။ အတန်ကြာလျှင် သူတို့အားလုံး၏ ခန္ဓာများက ဝေဝါး ပျောက်ကွယ် သွားကြတော့သည်။

ရီဖူရှင်းက ကု့ချင်း တီးခတ်နေသည်ကို ရပ်တန့်လိုက်သည်။ သူ၏ ကြည်လင်သော မျက်လုံးများက ကောင်းကင်ပြာအား မော့ကြည့်လိုက်သည်။

“သူ့ရဲ့ပါရမီက မင်းပြောသလို အားကောင်းလား…” ဧကရာဇ်က မေးသည်။ သူ၏ လေသံက တည်ငြိမ်ကာ မူလကလို လူသတ်လိုသော အငွေ့အသက်များ မြူတစ်မှုန်စာမျှ မရှိတော့ပေ။

“သူက ဓမ္မအဆင့်လေးမှာ ကတည်းက နိုဘယ်အဆင့် သဒ္ဓိဝင်ပစ္စည်းရဲ့ အသိအမှတ်ပြုမှုကို ရရှိတယ်…” ရီဖူရှင်းက ပြောသည်… “သူက အနာဂတ်မှာ နိုဘယ်အဆင့်နဲ့ ရပ်တန့်နေမှာ မဟုတ်ဘူး…”

“ကောင်းပြီ… မင်းက ယုံကြည်မှု ရှိတာပဲ…” ဧကရာဇ်က ပြောသည်။ သူကား အလွန် အားကောင်းသော နိုဘယ်ဖြစ်ရာ တန်ခိုးအဆင့်တစ်ခု တက်ရန် မည်မျှ ခက်ခဲသည်ကို သူသိသည်။

“စီနီယာ… ကျုပ်ကို ယုံပါ…” ရီဖူရှင်းက ပြောသည်။

ဧကရာဇ်က အတန်ကြာ တိတ်ဆိတ်သွားသည်။ သူက ရီဖူရှင်း ဆိုလိုသည်ကို နားလည်သည်။ ရီဝူချင်းကို ကြည့်ကာ သူက ပြောသည်… “ပြန်ပြီး မတိုက်ခိုက်နဲ့…”

ရီဝူချင်းက ဧကရာဇ်အား ကြည့်ကာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် ဧကရာဇ်၏ ခန္ဓာကိုယ်မှ ဓားအလင်းတန်းတစ်ခု ဖြစ်ပေါ်လာကာ ရီဝူချင်း၏ နဖူးနေရာသို့ တိုးဝင်သွားသည်။ ထိုအခိုက်တွင် ရီဝူချင်းက မျက်လုံးကို အတင်း မှိတ်ထားလိုက်သည်။ ကြောက်မက်ဖွယ် ကောင်းသော ဓားအသိ အားလှိုင်းများက သူ့ခန္ဓာကိုယ်တွင် စီးဆင်းသွားသည်။

ရီဖူရှင်းက ထိုမြင်ကွင်းကို ပြုံးလျက် ကြည့်နေလိုက်သည်။ သူ၏ ဧကရာဇ် အရှိန်အဝါမှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ယခုကား ရီဖူရှင်းက အလွန်အမင်း အားအင် ကုန်ခန်းသော ဒဏ်ကို ခံစားနေရသည်။ တော်ဝင်နည်းစနစ်အား အမြင့်ဆုံးအထိ အသုံးပြုလိုက်ခြင်းက သူ၏ စွမ်းအင်များ အားလုံးကို ကုန်ခန်းသွားစေသည်။ လေထဲမှ ဧကရာဇ်သည်လည်း စွမ်းအားများ ပျောက်ဆုံးသွားပုံရကာ အလွန်မှုန်ဝါးနေပြီး မည်သည့်အချိန်တွင်မဆို ပျောက်ကွယ် သွားမည့်ပုံကို မြင်နေရသည်။

“အဲဒါက ဘာလဲ…” ထိုအခိုက်တွင် ရီဖူရှင်း၏ မျက်လုံးများက အရောင် တောက်လာသည်။ ဧကရာဇ်၏ ခန္ဓာကိုယ်က အလွန် မှုန်ဝါးသွားသော အချိန်တွင် သူ့ခန္ဓာကိုယ်ထဲတွင် အလင်းရောင်တစ်ခု ဝင်းလက် ဖြစ်ပေါ်လာသည်။ ထိုအထဲမှ အလွန်တရာ အေးစက်မှုကို သူခံစားရ၏။

“ဒီမတိုင်ခင်က ငါပြောခဲ့တယ်… တကယ်လို့ မင်းနိုင်ရင် မင်းလိုချင်တာ အကုန်ရမယ်…” ဧကရာဇ်က ရီဖူရှင်းကို ပြောသည်။ သူက ထိုသို့ ပြောပြီးသည်နှင့် သူ့ခန္ဓာကိုယ်က အပိုင်းပိုင်း အစစအဖြစ် ပြောင်းလဲသွားကာ ရီဝူချင်း၏ နဖူးထဲသို့ ဝင်ရောက် ပျောက်ကွယ် သွားတော့သည်။ ထို့နောက် လေထဲတွင် အသံတစ်သံက ပျံ့နှံ့ကျန်ရစ်ခဲ့သည်… “လို့လန်မှာ သေဆုံးခဲ့တာက စစ်ပွဲကြောင့် မဟုတ်ဘူး…”။ ဧကရာဇ် လုံးဝ ပျောက်ကွယ်သွားသော အချိန်တွင် တစ်ဝက်တစ်ပျက်မျှသာ ရှိဟန်ရသော စာလိပ်တစ်ခုက လေထဲတွင် ပေါလောပေါ်နေသည်။ ထိုအရာက အလွန် ထိတ်လန့်ဖွယ် ကောင်းသော အေးစက်မှုများ ပျံ့နှံ့နေသည်။

ရီဖူရှင်းက ဧကရာဇ်၏ စကားကို ယခုမှ နားလည်သည်။ စာအုပ်ကား ဧကရာဇ်၏ ခန္ဓာထဲတွင် ရှိသည်။ သူသေမှ စာအုပ်ကို ရရှိမည်။

“ဘယ်လောက်တောင် အားကောင်းတဲ့ စိတ်အသိလဲ…” ရီဖူရှင်းက အသည်းထဲအောင် စူးခိုက်သော အေးစိမ့်မှုကို ခံစားရကာ ရေရွတ်မိသည်။ ရီဖူရှင်းက လွတ်လပ်ခြင်း ကျင့်စဉ်က သုံးထားရာ စာအုပ်အတွင်းမှ အလွန် အားကောင်းသော စိတ်အသိကို ခံစားရသည်။ သူ၏ ဧကရာဇ်စိတ် အသိအရ စာအုပ်အတွင်းမှ စိတ်အသိမှာ နိုဘယ်အဆင့်ထက် ကျော်လွန်ကြောင်း ခံစားမိသည်။ ထိုစာအုပ်ကား နိုဘယ်အဆင့်ထက် မြင့်သော အဆင့်တွင် ရှိနေသည်။

အေးစက်မှုများ ပတ်ဝန်းကျင် တစ်ခုလုံးကို ပျံ့နှံ့သွားကာ မကြာမီ ထိုနေရာတစ်ခုလုံး မြူများဖြင့် ဖုံးလွှမ်းလာသည်။ ရီဖူရှင်း၏ ဆံပင်ရှည်များပင်လျှင် မြူနှင်းများကြောင့် ဖြူဖွေးသွားသည်။ သူက အလွန် စွမ်းအားမြင့်ကာ လှပချောမောသော ပုံသဏ္ဌာန်တစ်ခုကို စာအုပ်ထဲတွင် တွေ့ရှိသည်။ ထိုနေရာက ကျယ်ပြန့်လှသော နှင်းတောင်ကြီးနှင့် တူသည်။ နှင်းပွင့်နှင်းဖတ်များက တောင်တစ်ခုလုံးကို ဖုံးလွှမ်းနေပြီး တစ်ချက်ကြည့်ရုံမျှဖြင့် လုံးဝ အေးစက်မှုကို ခံစားရသည်။ ကောင်းကင်တွင်ကား အေးစက်သော လတစ်စင်းက ထွန်းလင်းနေသည်။ သူ့ထံမှ အအေးဓာတ်က နှင်းတောင်ထက်ပင်လျှင် ပိုမိုသည်။

ထိုအရာကား အထီးကျန်ခြင်းနှင့် အေးစက်ခြင်း၏ ရုပ်ပုံဖြစ်သည်။

ရီဖူရှင်း၏ ပတ်ဝန်းကျင်တွင်လည်း နှင်းများ ကျဆင်းနေသည်။ နှင်းပွင့် နှင်းဖတ်များက သူ၏ခန္ဓာကိုယ်ထဲကို စိမ့်ကာ ပျော်ဝင်သွားကြပြီး မဆုံးနိုင်သော ရေသဘာဝ ဓာတ်စွမ်းအားများက သူ့ခန္ဓာကိုယ်တွင် စီးဆင်းလာသည်။ သူ၏ သက်စောင့် ဟော်နန်းထဲတွင် ကမ္ဘာသစ်ပင်က ယိမ်းနွဲ့နေသည်။ သစ်ပင်ကြီးအားလည်း မြူနှင်းများ ဖုံးအုပ်လာနေသည်။ သူ့အထက်တွင်ကား အေးစက်သော လတစ်စင်းက တဖြည်းဖြည်း ဖြစ်ပေါ်လာသည်။ အခြား တစ်ဖက်တွင်ကား အလျှံညီးညီး တောက်လောင်နေသော နေတစ်စင်း ထွန်းလင်းနေသည်။

နေနှင့်လက ရေဓာတ်နှင့် မီးဓာတ်များ ဖြစ်သည်။ သူတို့က အသက်ကို ကိုယ်စားပြု၏။

ပြင်ပလောကတွင်လည်း ရီဖူရှင်းက စိတ်အသိ၏ အမွေများကို ဆက်ခံရရှိသည်။ သူ၏ မျက်လုံးကို ဖွင့်လိုက်သော အချိန်တွင် သူကား မြူခိုးများနှင့် ဖုံးအုပ်နေပြီး ဖြစ်သည်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်လျှင် ရှေ့မှစစ်တပ်ကြီး တစ်ခုလုံးမှာ ရေခဲမျာအတွင်း အေးခဲနေကြပြီဖြစ်ကာ လောကတစ်ခုလုံးက ရေခဲကမ္ဘာအဖြစ် ပြောင်းလဲသွားပုံရသည်။

အလွန်ဝေးကွာသော နေရာမှ လို့လန်ရွှီပင်လျှင် သူတို့ထံ ရိုက်ခတ်လာသော အေးစက်မှုကို ခံစားရသည်။ သူမက လက်ဆန့်တန်းလိုက်လျှင် ရေခဲမှုန်များက လေထဲတွင် လွင့်စဉ်လာသည်။ သူမ တုန်လှုပ်သွားသည်။

“သွားစို့…” လျှပ်တစ်ပြက်ပင် သူမက ရှေ့ကိုအလျင်စလို ပျံသန်းသွားသည်။ ရတနာစာလိပ်၏ နောက်တစ်ဝက်အား ရှာဖွေတွေ့ရှိပြီ ဖြစ်သည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset