Switch Mode

အခန်း (၆၉၄)

ပြေးပေါက်ပိတ်သွားရပါသော

ဝမ်ပေါင်လဲ့၏နောက်တွင် ရှိနေသည့် မျက်လုံးလေးလုံးထဲမှ သူ၏ မူရင်းနတ်ဆိုးမျက်လုံးမှလွဲ၍ အခြား မျက်လုံးသုံးလုံးမှာ သူ၏ ရှေ့သို့ရောက်ရှိလာ၏။ ထို့နောက် ၎င်းတို့မှာ သူနှင့် သူ့ဆီသို့ ဦးတည်လာနေသည့် အလင်းတန်းကြီး၏ ကြားတွင် ပေါ်ပေါက်လာပြီးနောက် တစ်ပြိုင်နက်တည်း ပွင့်သွားကြတော့သည်။

ယခုအကြိမ်တွင်မူ ထိုမျက်လုံးများ ပွင့်လာသည့်ပုံစံမှာ ထူးဆန်းနေ၏။ ၎င်းတို့၏ အကြည့်မှာ ရပ်တန့်ပစ်နိုင်စွမ်းများကို ပိုင်ဆိုင်ထားရုံသာမက အဖျက်အဆီး အငွေ့အသက်များကိုလည်း ထုတ်လွှတ်လိုက်သေးသည်။ ထို့နောက် ထို အလင်းတန်းကြီး ၎င်းတို့အား လွှမ်းခြုံသွားခါနီးဆဲ‌ဆဲမှာပင် ၎င်းတို့မှာ ပေါက်ကွဲသွားတော့သည်။

ထို့ကြောင့် ဝိညာဉ်စွမ်းအင်လှိုင်းများမှာ အရပ်မျက်နှာအနှံ့သို့ အရှိန်အဟုန်ပြင်းစွာ ပြန့်ထွက်သွား၏။ ထို့နောက် ထိုအလင်းတန်းကြီးမှာ မှေးမှိန်စပြုလာပြီး အားအင်များ ဆုတ်ယုတ်လာတော့သည်။

၎င်းမှာ ထိုကဲ့သို့ အားလျော့သွားသည့်တိုင်အောင် ဝမ်ပေါင်လဲ့မှာ နောက်သို့ ပေထောင်ပေါင်းများစွာ လွင့်ထွက်သွားရပြီး အတွင်းကလီစာများ ဗြောင်းဆန်သွားရဆဲပင်။ သို့သော် သူ၏ ပါးစပ်ထဲမှ သွေးများ စီးကျလာခြင်မရှိပေ။ ဖုန့်ချိုးရန်မှာမူ သူ့လောက် အခြေအနေမကောင်းသည့်ပုံပင်။ သူမသည် ဒဏ်ရာများမှ အပြည့်အဝ ပြန်လည်သက်သာလာခြင်း မရှိသေးပေ။ မကြာသေးမီတုန်းကမှ သူမ၏ဝိညာဉ်မှာ တိမ်တိုက်ကြီးထဲ၌ သန့်စင်ခံနေခဲ့ရသည် မဟုတ်ပါလော။ ထို့ကြောင့် ယခုတွင် သူမသည် အစွမ်းကုန်ကြိုးစားကာ နောက်သို့ဆုတ်ခွာသွားရင်း ပါးစပ်ထဲမှ သွေးများစီးကျလာရ၏။ သူမနှင့် တိုက်ခိုက်နေခဲ့သည့် အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူမှာမူ ထိုအခွင့်အရေးအား အသုံးချကာ မန္တန်တစ်ခု ထုတ်သုံးလိုက်၏။ ထို့နောက် သူသည် ထိုအလင်းတန်းကြီးနှင့် ပေါင်းစည်းသွားပြီးနောက် ထွက်ပြေးသွားတော့သည်။

ထိုမျှလောက်နှင့် ပြီးဆုံးမသွားသေးပေ။ တာအိုဘုန်းတော်ကြီးယိုရန်မှာ သူ၏ ပေါ့ဆမှုကြောင့် အမျက်ချောင်းချောင်း ထွက်နေဆဲဖြစ်သည်။ သူ၏ သူ့ဘက်မှ လူပေါင်းများစွာ ဆုံးရှုံးလိုက်ရသည်ကို လက်မခံနိုင်လောက်အောင် ဖြစ်နေရသဖြင့် ဝမ်ပေါင်လဲ့အား သတ်ဖြတ်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာရတော့သည်။

” ဝမ်ပေါင်လဲ့။ ငါ မင်းကို သတ်မှရမယ် ” တာအိုဘုန်းတော်ကြီးယိုရန်မှာ အဆုံးမဲ့မျိုးနွယ်စုစစ်သင်္ဘောကြီးထဲတွင် ထိုင်နေရင်း မျက်ဝန်းများ နီမြန်းလာ၏။ သူ၏ရှေ့တွင်မူ ရေကန်တစ်ကန် ရှိနေပြီး ထိုရေကန်ထဲတွင် ခန္ဓာကိုယ်တစ်ခု ရှိနေ၏။

၎င်းမှာ အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေသောကြောင့် တစ်စစီ ကြေမွနေသည့် ခန္ဓာကိုယ်အစိတ်အပိုင်းများအား အတူတကွ ပြန်ဆက်ထားသကဲ့သို့ပင်။ ၎င်းမှာ ဝမ်ပေါင်လဲ့ ဖောက်ခွဲပစ်လိုက်သည့် အဆုံးမဲ့မျိုးနွယ်စု စစ်သင်္ဘောကြီး၏ အမြုတေဖြစ်သော တိုက်ပွဲဝတ်ရုံကြီး ဖြစ်ပေသည်။

တာအိုဘုန်းတော်ကြီးယိုရန်မှာ စစ်သင်္ဘောကြီးအား ပြန်လည်ပြုပြင်နေရင်း ထို တိုက်ပွဲဝတ်ရုံကြီးနှင့် ပေါင်းစည်းနိုင်အောင် ကြိုးစားနေခြင်းဖြစ်သည်။ သို့ဖြစ်ရာ သူသည် စစ်သင်္ဘောထဲမှ လုံးဝထွက်ခွာနိုင်စွမ်းမရှိပေ။ သို့သော်ငြားလည်း သူသည် ဝမ်ပေါင်လဲ့အား သတ်ဖြတ်ပစ်ချင်သည့် စိတ်များကို ထိန်းသိမ်းနိုင်စွမ်းမရှိတော့သဖြင့် စစ်သင်္ဘောကြီးပေါ်မှ ထွက်ခွာ၍ မရသည့်တိုင်အောင် အခြားအစီအစဉ်များ ရေးဆွဲထားခဲ့၏။ မကြာသေးမီတုန်းက သူထုတ်လွှတ်လိုက်သည့် အလင်းတန်းကြီးမှာ ထိုအစီအစဉ်များထဲမှ တစ်ခုဖြစ်ပေသည်။

ဝမ်ပေါင်လဲ့တစ်ယောက် ထိုအလင်းတန်းကြီးအား ရင်ဆိုင်တိုက်ခိုက်နေစဉ် တာအိုဘုန်းတော်ကြီးယိုရန်မှာ အမိန့်အသစ်များ ထုတ်ပြန်လိုက်၏။ ထိုအခါ ပြည်ထောင်စုကြီးအား ချုံခိုတိုက်ခိုက်ရန် အာကာသထဲတွင် ပုန်းနေကြသည့် တာအိုနန်းတော် ကျင့်ကြံသူများမှာ ထိုအမိန့်များကို လက်ခံရရှိသွားကြသည်။

သူတို့အားလုံးမှာ စစ်မြေပြင်ကြီး၏ အဝေးတစ်နေရာတွင် ပုန်းကွယ်နေကြပြီး အမိန့်များ စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။ သို့ဖြစ်ရာ သူတို့မှာ အခြားနေရာ၌ ဖြစ်ပျက်နေသည့် အရာများကို သိမထားကြပေ။ သို့သော် နောက်ဆုံးအမိန့်အသစ်များကို လက်ခံရရှိလိုက်သည့် အချိန်တွင်မူ ထိုစစ်သင်္ဘောကြီးများပေါ်ရှိ အဆုံးမဲ့မျိုးနွယ်စုဝင် ခေါင်းဆောင်ကြီးများမှာ မျက်နှာအမူအရာများ ပြောင်းလဲသွားကြတော့သည်။ သူတို့မှာလည်း ချက်ချင်းဆိုသလိုပင် အမိန့်များထုတ်ပြန်လိုက်သောကြောင့် ထိုစစ်သင်္ဘောကြီးများမှာ ချက်ချင်းဆိုသလိုပင် ပေါ်ပေါက်လာပြီး ဝမ်ပေါင်လဲ့ရှိနေသည့် စစ်မြေပြင်ကြီးဆီသို့ ဦးတည်သွားကြတော့သည်။ ၎င်းတို့မှာ ယပ်တောင်တစ်ချောင်းပုံစံ ခွဲထွက်သွားကြပြီး စစ်မြေပြင်ကြီးဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာနေကြပြီဖြစ်သည်။

ဝမ်ပေါင်လဲ့အား သေချာပေါက် သတ်ဖြတ်နိုင်ရန်အတွက် တာအိုဘုန်းတော်ကြီးယိုရန်မှာ ထိုကဲ့သို့ အမိန့်များ ထုတ်ပြန်လိုက်ပြီးနောက် အံကြိတ်ကာ သူ၏ ညာဘက်လက်အား သူ၏ ရှေ့တွင်ရှိနေသည့် တစ်စစီစုတ်ပြဲနေသော တိုက်ပွဲဝတ်ရုံကြီးပေါ်သို့ တင်လိုက်၏။ သူ မည်သည့်မန္တန်အား အသုံးပြုလိုက်မှန်း မည်သူကမှ မသိပါသော်လည်း ထို တိုက်ပွဲဝတ်ရုံကြီး၏ မှိတ်နေသော မျက်လုံးများမှာ ရုတ်တရက်ဆိုသလို ပွင့်လာတော့သည်။

ထိုမျက်ဝန်းများထဲတွင် ဝမ်ပေါင်လဲ့အား မုန်းတီးသည့် အရိပ်အယောင်များ ဝင်းလက်တောက်ပနေ၏။ ၎င်း၏ မျက်ဝန်းများမှာ တာအိုဘုန်းတော်ကြီးယိုရန်၏ မျက်ဝန်းများနှင့် တစ်ထေရာတည်း တူနေသောကြောင့် ထို တိုက်ပွဲဝတ်ရုံကြီးမှာ တာအိုဘုန်းတော်ကြီးယိုရန်၏ ကိုယ်ပွားတစ်ခုကဲ့သို့ ဖြစ်နေတော့သည်။

” ဝမ်ပေါင်လဲ့ ” တိုက်ပွဲဝတ်ရုံကြီးမှာ ထိုသို့ရေရွတ်လိုက်ပြီးနောက် ခက်ခက်ခဲခဲ ကြိုးစားကာ ၎င်း၏ ညာဘက်လက်ညှိုးကို မြှောက်၍ ရေမျက်နှာပြင်အား လက်ညှိုးထိုးလိုက်၏။ ထို့နောက် ထိုလက်ညှိုး၏ထိပ်ပိုင်းမှာ ရေထဲသို့ နစ်ဝင်သွားသည်။ ထိုအခါ မိုးကောင်းကင်တာအို အပိုင်းအစများဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့် စစ်သင်္ဘောကြီးမှာ ရုတ်တရက်ဆိုသလို တုန်ရီသွားတော့သည်။ ထို့နောက် အနက်ရောင် စွမ်းအင်လှိုင်းများမှာ စစ်သင်္ဘောကြီး တစ်ခုလုံးထဲ၌ ပြည့်နှက်သွားပြီးနောက် အလယ်ဗဟိုရှိ ပင်မယဇ်ပလ္လင်ဆီတွင် စုဝေးသွားကြ၏။ ထို့နောက် အနက်ရောင်အလင်းရောင်များ ထွက်ပေါ်လာပြီး ဝိညာဉ်စွမ်းအင်လှိုင်းများမှာ အာကာသထဲသို့ ပျံ့နှံ့သွားသည်။ ထိုအခါ ‌ဗုဒ္ဓဟူးဂြိုဟ်၏ ကြယ်တာရာရင်းမြစ် စုပ်ယူခံနေရသည့် အမြန်နှုန်းမှာ ပို၍ မြန်ဆန်လာသည့်ပုံပင်။ တစ်ချိန်ထဲမှာပင် ဝိညာဉ်စွမ်းအင် အမျှင်အတန်းတစ်ခုမှာ အာကာသထဲသို့‌ မျောလွင့်သွားပြီး ဝမ်ပေါင်လဲ့ ရှိနေသည့်နေရာသို့ ဦးတည်သွားတော့သည်။

ထိုအခါ ဝမ်ပေါင်လဲ့၏ အမူအရာမှာ ချက်ချင်းဆိုသလို ပြောင်းလဲသွားသည်။ သူ၏ နတ်ဆိုးမျက်လုံးနှင့် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးတို့မှာ မည်သည့်အရာကိုမှသတိထားမိသည့်ပုံ မပေါ်ပါသော်လည်း သူ၏ ကြယ်ဝာာရာ ယွမ်ယင်ဝိညာဉ်မှာမူ မျက်လုံးများပွင့်လာ၏။ ထို့နောက် ဝမ်ပေါင်လဲ့မှာ သူ၏ ယွမ်ယင်ဝိညာဉ်မှတစ်ဆင့် အန္တရာယ်ကြီးတစ်ခုကို အာရုံခံမိလိုက်တော့သည်။

” တစ်ခုခုတော့ လွဲနေပြီ ” ဝမ်ပေါင်လဲ့မှာ ရင်ခုန်နှုန်းများ မြန်ဆန်လာရသဖြင့် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ ချက်ချင်းဆိုသလိုပင် အရှိန်မြှင့်တင်လိုက်၏။ ထို့နောက် သူသည် အဝေးသို့ ပြေးထွက်သွားတော့သည်။ ဖုန့်ချိုးရန်မှာမူ မည်သည့်အန္တရာယ်ကိုမှ အာရုံမခံမိပါသော်လည်း ဝမ်ပေါင်လဲ့၏ မျက်ဝန်းများ တည်ကြည်သွားသည်ကို သတိထားမိလိုက်၏။ ထို့ကြောင့် သူမသည်လည်း စကားတစ်ခွန်းမှမပြောဘဲ ဝမ်ပေါင်လဲ့၏နောက်သို့ ပြေးလိုက်သွားတော့သည်။

သို့သော် ထိုနယ်မြေကြီးတစ်ခုလုံးမှာ တာအိုဘုန်းတော်ကြီးယိုရန်၏ ထိန်းချုပ်မှုအောက်သို့ ရောက်သွားပြီဖြစ်ရာ သူတို့ ထွက်ပြေးနိုင်သည့် နေရာမှာ မရှိသလောက် နည်းပါးနေပြီဖြစ်သည်။ ထို့အပြင် တာအိုဘုန်းတော်ကြီးယိုရန်၏ အမိန့်များကြောင့် စစ်သင်္ဘောကြီးများမှာလည်း ပုန်းကွယ်နေရာမှ ပေါ်ပေါက်လာကြပြီ မဟုတ်ပါလော။ ၎င်းတို့မှာ ယပ်တောင်ပုံစံ ဖြန့်ကြက်ထားကြသည်ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ မည်သည့်ဘက်သို့ သွားသွား စစ်သင်္ဘောကြီးအချို့နှင့် ကြုံလိုက်ရမည်သာ ဖြစ်သည်။

ခဏအကြာတွင် စစ်သင်္ဘော ဆယ်စင်းကျော်မှာ သူ့အား ရှာတွေ့သွားကြ၏။ ထိုအခါ ထို စစ်သင်္ဘောကြီးများမှာ မန္တန်အစီအရင်တစ်ခုအား ချက်ချင်းအသုံးပြုလိုက်ကြသည်။ ထို့နောက် တာအိုနန်းတော် ကျင့်ကြံသူများနှင့် တာအိုနန်းတော်မှ လက်ခံကောင်များ၏ ခန္ဓာကိုယ်များထဲတွင် ခိုအောင်းနေကြသော အဆုံးမဲ့မျိုးနွယ်စုဝင်များမှာ စစ်သင်္ဘောကြီးများထဲမှ ပြေးထွက်လာကြပြီး ဝမ်ပေါင်လဲ့ဆီသို့ တန်းတန်းမတ်မတ် ဦးတည်းလာတော့သည်။

ထို အဆုံးမဲ့မျိုးနွယ်စုဝင်များမှာ ဝမ်ပေါင်လဲ့၏ ကြောက်မက်ဖွယ်ရာ တိုက်ရည်ခိုက်ရည်စွမ်းအားများကို မမြင်ဖူးကြ‌သေးပေ။ သို့သော်ငြားလည်း တာအိုဘုန်းတော်ကြီးယိုရန် ထုတ်ပြန်ခဲ့သည့် အမိန့်များကြောင့် သူတို့မှာ အခြေအနေများကို ရိပ်စားမိထားပြီ ဖြစ်သည်။ တာအိုနန်းတော်ကျင့်ကြံသူများမှာမူ တိုက်ပွဲရမှတ်များအား လောဘတက်နေသောကြောင့် ဝမ်ပေါင်လဲ့အား သတ်ဖြတ်ကာ ဆုကြေးငွေများနှင့် လဲလှယ်နိုင်ရန်သာ စိတ်ထဲ၌ရှိနေကြသည်။ သို့သော်လည်း သူတို့မှာ စဉ်စားဆင်ခြင်ဉာဏ် လုံးဝမရှိသူများ မဟုတ်ကြသဖြင့် သူတို့ထဲမှအချို့မှာ တစ်ခုခုမှာ လွဲနေကြောင်း ရိပ်မိသွားကြဆဲပင်။ ထို့အပြင် ဝမ်ပေါင်လဲ့၏ နောက်တွင် ရစ်ဝဲနေသည့် အနက်ရောင်မျက်လုံးကြီးကြောင့်လည်း လူတိုင်းမှာ ကြောက်ရွံ့တုန်လှုပ်သွားရ၏။

ထို့ကြောင့် သူတို့မှာ သတိကြီးကြီးထား၍ ချဉ်းကပ်လာနေသည့်ပုံ ပေါ်ပါသော်လည်း လက်တွေ့တွင်မူ မည်သူကမှ စစ်မြေပြင်ပေါ်၌ အရင်ဆုံး အသက်ဆုံးရှုံးလိုက်ရမည်ကို မလိုလားကြပေ။ သူတို့မှာ ဝမ်ပေါင်လဲ့အား နှောင့်ယှက်ကာ တားဆီးချုပ်နှောင်နိုင်ရန်သာ ရည်ရွယ်ထားကြ၏။ ၎င်းမှာ သူတို့အား တိုက်ပွဲမှတ်များ ပေးစွမ်းနိုင်မည့် ဘေးကင်းသော နည်းလမ်းတစ်ခု ဖြစ်ပေသည်။ သူတို့၏ နည်းဗျူဟာမှာ ကောင်းမွန်ပါသော်လည်း ဝမ်ပေါင်လဲ့အတွက် အလုပ်ဖြစ်မည်တော့ မဟုတ်ပေ။

ဝမ်ပေါင်လဲ့မှာ စိုးရိမ်‌သောကရောက်နေရပြီး သူ၏ နှလုံးသားထဲရှိ အန္တရာယ် အငွေ့အသက်ကြီးမှာလည်း တဖြည်းဖြည်းနှင့် ပို၍ အားကောင်းလာနေ၏။ ထို့ကြောင့် သူ၏မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။ သူ၏ ဝမ်းတွင်းအသိစိတ်များမှာမူ အကယ်‌၍ သူသာ ဤနေရာတွင် အရှိန်လျှော့ချလိုက်မည်ဆိုပါက မလွဲမသွေ သေဆုံးသွားရမည်သာ ဖြစ်ကြောင်း သူ့အား အော်ဟစ်သတိပေးနေသကဲ့သို့ပင်။

” ဒီနေရာကနေ ထွက်သွားနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက ထွက်ပြေးဖို့မဟုတ်ဘဲ… သူတို့တွေအကုန်လုံးကို သတ်ဖြတ်ပစ်ဖို့များ ဖြစ်နေမလား ” ဝမ်ပေါင်လဲ့မှာ ဆုံးဖြတ်ချက်ပြတ်သားသူတစ်ယောက်ဖြစ်ရာ ထိုသို့တွေးမိလိုက်သည်နှင့် ချက်ချင်းဆိုသလိုပင် မျက်လုံးများ မှေးသွားပြီး သူ၏ခြေထောက်များကို လှုပ်ရှားလိုက်တော့သည်။ ထို့နောက် သူသည် ထွက်ပြေးဆုတ်ခွာသွားခြင်းမရှိဘဲ အရှိန်မြင့်တင်ကာ သူ့ဆီသို့ ဦးတည်လာနေသည့် ကျင့်ကြံသူများဆီသို့ အရှိန်အဟုန်ဖြင့် ပြေးသွားလိုက်တော့သည်။

” နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာ ”

ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင် ထိုသို့ အော်ဟစ်လိုက်သောအခါ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးမှာ ပြောင်းလဲသွား၏။ ထို့နောက် အနီရောင် စွမ်းအင်စီးဆင်းမှုလမ်းကြောင်းများ ထိုးထွက်လာကာ သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ရစ်ပတ်သွားကြပြီးနောက် သူ့အား ကြောက်မက်ဖွယ်ရာ သားရဲကြီးတစ်ကောင်အဖြစ် ပြောင်းလဲပေးလိုက်တော့သည်။

သူသည် စစ်သင်္ဘောကြီးများပေါ်ရှိ မန္တန်အစီအရင်များ ထုတ်လွှတ်နေသော အလင်းတန်းများကို လျစ်လျူရှုထားလိုက်ပြီး သူ၏အနီးသို့ ရောက်လာသည့်အချိန်အထိ စောင့်ဆိုင်းနေလိုက်၏။ ၎င်းတို့ကြောင့် သူ၏ ပတ်ပတ်လည်တွင် ဝိညာဉ်စွမ်းအင်လှိုင်းများ ပေါ်ပေါက်လာပါသော်လည်း သူ၏ အနီရောင် စွမ်းအင်စီးဆင်းမှုလမ်းကြောင်းများမှာ ထို ဝိညာဉ်စွမ်းအင်လှိုင်းများအားလုံးကို တားဆီးလိုက်သည်။ ထိုအလင်းတန်းများမှာ သူ၏ စွမ်းအင်စီးဆင်းမှုလမ်းကြောင်းများကို ဖြတ်တောက်ပစ်လိုက်ပါသော်လည်း သူ့အား ထိနိုင်စွမ်းမရှိဘဲ ဖြစ်နေရ၏။ ထို့အပြင် ပျက်စီးသွားကြသည့် စွမ်းအင်စီးဆင်းမှုလမ်းကြောင်းများ၏ နေရာတွင် နောက်ထပ် စွမ်းအင်စီးဆင်းမှုလမ်းကြောင်းအသစ်များ ထပ်၍ ပေါ်ပေါက်လာသည်သာ ဖြစ်သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ တုနှိုင်းမဲ့ စစ်နတ်ဘုရားကြီးတစ်ပါးနှင့်ပင် ဆင်တူနေတော့သည်။

” နတ်ဆိုးမျက်လုံး ”

အနီရောင် စွမ်းအင်စီးဆင်းမှုလမ်းကြောင်းများ ပေါက်ကွဲပျက်စီးသွားလိုက် ပြန်လည်ပေါ်ပေါက်လာလိုက် ဖြစ်နေကြစဉ် ဝမ်ပေါင်လဲ့၏ နောက်တွင်ရှိနေသော အနက်ရောင် နတ်ဆိုးမျက်လုံးကြီးမှာ လှုပ်လှုပ်ရွရွ ဖြစ်နေပါသော်လည်း ပွင့်မလာသေးပေ။ သို့သော် ထိုမျက်လုံးထဲရှိ စိတ်ဆန္ဒကြီးမှာမူ အလွန်အင်မတန်မှ စိတ်လှုပ်ရှားနေသည့်ပုံပင်။ ၎င်းမှာ ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲသို့ သတ်ဖြတ်လိုစိတ်များနှင့် အရိုင်းစိတ်များ အဆက်မပြတ် ထည့်သွင်းပေးနေ၏။ ထို သတ်ဖြတ်လိုစိတ်များမှာ အလွန်အင်မတန်မှ အားကောင်းလွန်းနေသောကြောင့် ထိုအနက်ရောင်မျက်လုံးကြီး၏ ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်ကြီးပင်လျှင် တွန့်လိမ်ပုံပျက်နေသည့်ပုံ ပေါက်နေတော့သည်။

ဖုန့်ချိုးရန်မှာမူ တစ်ကိုယ်လုံး တုန်ရီသွားရ၏။ သူမ၏ မျက်ဝန်းများထဲတွင် ဝမ်ပေါင်လဲ့မှာ သူစိမ်းတစ်ယောက်ကဲ့သို့ ဖြစ်နေပြီမဟုတ်ပါလော။ သို့ဖြစ်ရာ သူမနှင့် ဝမ်ပေါင်လဲ့တို့အား တားဆီးလိုသည့် ရည်ရွယ်ချက်ဖြင့် စစ်သင်္ဘောကြီးများထဲမှ ပျံထွက်လာကြသည့် တာအိုနန်းတော် ကျင့်ကြံသူများနှင့် အဆုံးမဲ့မျိုးနွယ်စုဝင်များမှာဆိုလျှင် ပို၍ပင် ကြောက်ရွံ့တုန်လှုပ်သွားကြတော့သည်။

” ဘာကြီးလဲဟ ”

” သူက ဝမ်ပေါင်လဲ့ရော ဟုတ်ရဲ့လား။ မဖြစ်နိုင်တာ ”

” ဒီကောင့်ပုံစံကြည့်ရတာ မူမမှန်ဘူးဟေ့ ”

တာအိုနန်းတော် ကျင့်ကြံသူများမှာ ထိတ်လန့်တုန်လှုပ်သွားကြပြီး ထွက်ပြေးရန်ကြိုးစားလိုက်ပါသော်လည်း နောက်ကျသွားပြီဖြစ်သည်။ ဝမ်ပေါင်လဲ့တစ်ယောက် သူတို့ဆီသို့ ပြေးလာနေစဉ်မှာပင် သူ၏နောက်တွင် ရှိနေသော နတ်ဆိုးမျက်လုံးကြီးမှာ ရုတ်ခြည်းဆိုသလို ပွင့်သွား၏။

၎င်းမှာ မည်းနက်နေသည့် မျက်လုံးကြီးတစ်လုံး ဖြစ်ပြီး ၎င်း၏ သူငယ်အိမ်မှာလည်း နက်မှောင်နေသောကြောင့် ကျောချမ်းဖွယ်ရာ ကောင်းလှပေသည်။ သူတို့မှာ… မျက်လုံးအစစ်တစ်လုံးအား စိုက်ကြည့်နေသကဲ့သို့ ခံစားလိုက်ရ၏။ ထိုမျက်လုံးကြီးမှာ သတ်ဖြတ်လိုစိတ်များနှင့် ရက်စက်ကြမ်းကြုတ်မှု အငွေ့အသက်များကို ထုတ်လွှတ်နေပြီး ၎င်း၏ အကြည့်မှာလည်း သက်ရှိများအားလုံးကို လှုပ်ရှား၍မရအောင် ရပ်တန့်ပစ်နိုင်စွမ်း ရှိနေသည်။

ထို့ကြောင့် ကြယ်ရောင်စုံများဖြင့် လင်းလက်တောက်ပနေသည့် အာကာသကြီးမှာ တုန်ရီသွားရ၏။ ထို့နောက် ဝမ်ပေါင်လဲ့မှာ မိန်းမောတွေဝေကာ မလှုပ်မယှက် ရပ်နေကြသည့် ကျင့်ကြံသူ လူအုပ်ကြီးထဲသို့ ပြေးဝင်သွားလိုက်တော့သည်။

နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီး၏ အောက်တွင်ရှိနေသော ဝမ်ပေါင်လဲ့မှာမူ ပါးစပ်ထဲမှ သွေးများစီးကျနေသည်။ သူသည် ကျင့်ကြံသူအမြောက်အမြားကို ထိန်းချုပ်နိုင်ရန် သူ၏စွမ်းအားများကို လ်ိုအပ်သည်ထက်ပို၍ အသုံးပြုခဲ့ရ၏။ ထို့ကြောင့် ယခုတွင် သူသည် နတ်ဆိုးမျက်လုံးပညာရပ်၏ ဘေးထွက်ဆိုးကျိုးများကို ခံစားနေရခြင်းဖြစ်သည်။

” ဖြစ်ချင်ရာဖြစ်ကွာ။ ငါ ခံစားနေရတဲ့ အန္တရာယ်ကြီးကို တွန်းလှန်နိုင်ဖို့အတွက် နတ်ဆိုးမျက်လုံးတွေ အများကြီး လိုအပ်တယ် ” ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများထဲ၌ သတ်ဖြတ်လိုစိတ်များ တောက်ပသွားပြီး စတင်တိုက်ခိုက်လိုက်တော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset