Switch Mode

အခန်း (၆၉၃)

နတ်ဆိုးမျက်လုံးများ၊ ပေါက်ကွဲစေ

ဝမ်ပေါင်လဲ့မှာ နှောင်းပိုင်းယွမ်ယင်အဆင့် ကျင့်ကြံသူတစ်ယောက်၏ အမြန်နှုန်းအား ထုတ်လွှတ်နိုင်စွမ်း ရှိနေပြီဖြစ်သည်။ သို့ဖြစ်ရာ သူသည် သူနှင့် ကျင့်ကြံခြင်းအဆင့်အတူတူတွင် ရှိနေသည်လူများထက် ပို၍မြန်ဆန်နေ၏။ ထို့အပြင် သူ၏ နတ်ဘုရားဧကရာဇ်ချပ်ဝတ်တန်ဆာကြီးမှာလည်း သူ့အား အားဖြည့်ပေးထားသည်ဖြစ်ရာ ယခုတွင် သူသည် ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူတစ်ယောက်နီးပါး မြန်ဆန်နေပြီ ဖြစ်သည်။ ထိုမျှသာမက သူ၏ ကြယ်တာရာ ယွမ်ယင်ဝိညာဉ်မှာလည်း ထိုအမြန်နှုန်းကို ထပ်၍ မြှင့်တင်ပေးထားသဖြင့် သူသည် အစောပိုင်း ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူတစ်ယောက်ထက်ပင် ပို၍ မြန်ဆန်နေတော့သည်။ နောက်ဆုံးတွင် နတ်ဆိုးမျက်လုံးပညာရပ်ပါ ပါဝင်လာသောကြောင့် သူ၏ အမြန်နှုန်းမှာ အံ့ဩမှင်တက်ဖွယ်ရာ ကောင်းနေပြီဖြစ်သည်။

အကယ်၍ တစ်နေရာမှ အခြားတစ်နေရာသို့ ပြေးသွားရုံလောက်သာဆိုပါက ထိုကဲ့သို့သော အမြန်နှုန်းမှာ တည်နေရာပြောင်းရွှေ့ခြင်းလောက် အသုံးဝင်မည်မဟုတ်ပေ။ သို့သော် ၎င်းမှာ တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ် ပေးစွမ်းနိုင်စွမ်း မရှိသည့် အချက်တစ်ချက်အား ပိုင်ဆိုင်ထားသည်။ ၎င်းမှာ ထိုကဲ့သို့ အမြန်နှုန်းသည် စွမ်းအားများကို စုစည်းပေး‌နိုင်ခြင်းပင်။ စွမ်းအားဆိုသည့် အရာမှာ ခွန်အားနှင့် အမြန်နှုန်းတို့၏ မြှောက်လဒ်ကဲ့သို့ ဖြစ်နေသည် မဟုတ်ပါလော။

ဝမ်ပေါင်လဲ့၏ အပြင်ခန္ဓာကိုယ်စွမ်းအားနှင့် သူ၏ နတ်ဘုရား ဧကရာဇ်ချပ်ဝတ်တန်ဆာကြီးမှ ပေးစွမ်းထားသည့် ခွန်အားများမှာ သူ၏ အံ့ဩမှင်တက်ဖွယ်ရာ အမြန်နှုန်းနှင့် ပေါင်းစည်းသွားသောအခါ ဒုတိယမြောက် ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူဆီသို့ ဦးတည်သွားနေသည့် သူ၏ ခန္ဓာကိုယ်ကြီးမှာ ဥက္ကာပျံကြီးတစ်လုံးအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။ ၎င်းမှာ ထစ်ချုန်းသံများ မြည်ဟည်းကာ ဝိညာဉ်အုပ်ကြီးအား မျက်စိတစ်မှိတ်အတွင်း ကျော်ဖြတ်သွား၏။ ဒုတိယမြောက် အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူမှာမူ အံ့ဩမှင်တက်ကာ သူငယ်အိမ်များ ကျဉ်းမြောင်းသွားစဉ်မှာပင် ဝမ်ပေါင်လဲ့မှာ သူ့အား ဥက္ကာပျံတစ်လုံး၏ ပြင်းအားဖြင့် ဝင်တိုက်သွားတော့သည်။

ထိုအခါ ထို အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူမှာ အသံအကျယ်ကြီး အော်ဟစ်မြည်တမ်းလိုက်ရ၏။ သူသည် အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရပြီဖြစ်ကြောင်း ခံစားလိုက်ရသဖြင့် တစ်ခေါင်းလုံး ထူပူသွားရသည်။ ထို့ကြောင့် သူသည် ချက်ချင်းဆိုသလိုပင် လက်နှစ်ဖက်စလုံးကို မြှောက်လိုက်သောအခါ သူ၏ ဘယ်ညာနှစ်ဖက်တွင် နောက်ထပ်လက်လေးဖက် ထပ်၍ ပေါ်ပေါက်လာ၏။ ထို့နောက် သူသည် လက်နှစ်ဖက်အား ကျစ်ကျစ်ပါအောင် ‌ဆုပ်ကာ အခြားလက်နှစ်ဖက်အား လက်ဝါးဖြန့်ထားပြီး နောက်ဆုံး လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များဖော်၍ ဝမ်ပေါင်လဲ့အား တားဆီးနိုင်ရန် ကြိုးစားလိုက်တော့သည်။

ခဏအကြာတွင် မိုးခြိမ်းသံများ ထွက်ပေါ်လာပြီး ကောင်းကင်ကြီးမှာ တုန်ရီသွား၏။ ထို့နောက် စွမ်းအင်တုန်ခါမှုလှိုင်းများ ထွက်ပေါ်လာပြီး ထိုနေရာကြီးတစ်ခုလုံးအား လွှမ်းခြုံသွားသောကြောင့် ဝိညာဉ်များမှာ အော်ဟစ်မြည်တမ်းကာ နောက်သို့ဆုတ်ခွာသွားကြတော့သည်။ အဆုံးမဲ့မျိုးနွယ်စုဝင်မှာလည်း ပါးစပ်ထဲမှ သွေးတစ်ပွက် အန်ထွက်လာပြီး နောက်သို့တွန်းထုတ်ခံလိုက်ရ၏။ သူသည် တုန်လှုပ်ချောက်ချားကာ မယုံကြည်နိုင်လောက်အောင်ဖြစ်နေသည့် အမူအရာဖြင့် ထိုနေရာမှ ထွက်ပြေးနိုင်ရန် ကြိုးစားလိုက်တော့သည်။

သို့သော် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ကြယ်ပျံတစ်လုံး၏ အမြန်နှုန်းဖြင့် သူ၏အနီးသို့ ရောက်ရှိလာပြီးနောက် သူ၏နောက်တွင် ရစ်ဝဲနေသည့် နတ်ဆိုးမျက်လုံးများမှာ ထပ်၍ ပွင့်သွားပြန်သည်။ ထိုအခါ သက်ရှိများအားလုံးကို လှုပ်ရှားနိုင်စွမ်းမရှိအောင် ရပ်တန့်ပစ်နိုင်သည့် စွမ်းအားကြီးမှာလည်း နောက်ထပ်တစ်ကြိမ်ထပ်၍ ထွက်ပေါ်လာ၏။ ဝမ်ပေါင်လဲ့မှာမူ သူ၏စိတ်ထဲမှ အော်ဟစ်သံတစ်သံမှာ သတ်ဖြတ်ရန် သူ့အား အားပေးနေသည်ကို ခပ်ရေးရေးခန့် ကြားလိုက်ရသည်။

ထို နတ်ဆိုးမျက်လုံးများ ပွင့်လာသည်နှင့် သွေးရူးသွေးတန်း ထွက်ပြေးနေသည့် အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူမှာ ချက်ချင်းဆိုသလို ရပ်တန့်သွား၏။ ဝမ်ပေါင်လဲ့၏ နောက်တွင်ရှိနေသော အနက်ရောင်မျက်လုံးကြီးမှာမူ သူ့အား စိုက်ကြည့်နေသည်။ ၎င်း၏ အကြည့်မှာ အကျဉ်းထောင်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ထို အဆုံးမဲ့မျိုးနွယ်စုဝင်အား အာကာသကြီးထဲ၌ ဖမ်းဆီးချုပ်နှောင်ထားလိုက်သကဲ့သို့ပင်။

သူသည် ရုန်းကန်နိုင်စွမ်းရှိနေသောကြောင့် အချိန်အလုံအလောက်ရပါက အလွယ်တကူ ထွက်ပြေးလွတ်မြောက်နိုင်မည်သာ ဖြစ်သည်။ သို့သော် ယခုတွင်မူ သူသည် အသက်တမျှအရေးကြီးသော တိုက်ပွဲကြီးထဲသို့ ရောက်နေသည်ဖြစ်ရာ စက္ကန့်တိုင်းမှာ အလွန်အင်မတန်မှ အဖိုးတန်ပေသည်။

သူသည် တစ်ခဏမျှ လှုပ်ရှားနိုင်စွမ်း မရှိတော့သဖြင့် ပေးဆပ်လိုက်ရသည့် တန်ကြေးမှာ ကြီးမားပေသည်။ ဝမ်ပေါင်လဲ့မှာ သူ၏အနီးသို့ ချက်ချင်းဆိုသလိုပင် ရောက်ရှိလာ၏။ သူသည် သူ၏ နတ်ဘုရားလက်နက်ကိုပင် ထုတ်သုံးမနေတော့ဘဲ သူ၏ညာဘက်လက်ကိုမြှောက်ကာ ထို အဆုံးနဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူ၏ ဦးခေါင်းအား လက်ဝါးဖြင့် ဖိလိုက်၏။

ထို့နောက် သူသည် ကျူးသိုပညာရပ်အား ထုတ်သုံးလိုက်တော့သည်။

ထိုအခါ ထစ်ချုန်းသံများ ထွက်ပေါ်လာပြီးနောက် ထို ကျင့်ကြံသူ၏ ခန္ဓာကိုယ်မှာ ရှုံ့တွသွား၏။ ထို့နောက် ၎င်းမှာ လေလျှော့ခံလိုက်ရသည့် ဘောလုံးတစ်လုံးကဲ့သို့ ပိန်ချုံးသွားတော့သည်။

သူသည် ထိုမျှလောက်နှင့် ရပ်တန့်သွားခြင်း မရှိဘဲ နတ်ဆိုးမျက်လုံးပညာရပ်ကိုပါ ထုတ်သုံးလိုက်သေးသည်။

ထိုအခါ အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူ၏ ဝိညာဉ်မှာ သူ၏ခန္ဓာကိုယ်ထဲမှ ချက်ချင်းဆိုသလိုပင် ဆွဲထုတ်ခံလိုက်ရ၏။ ၎င်းမှာ အဖြူရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး နတ်ဆိုးမျက်လုံးထဲသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားတော့သည်။ ထို့နောက် ဝမ်ပေါင်လဲ့၏နောက်တွင် တတိယမြောက် မျက်လုံးတစ်လုံး ပေါ်ပေါက်လာ၏။ အသွေးအသားများ ခန်းခြောက်သွားပြီး သူ၏ဝိညာဉ်အား ဆုံးရှုံးလိုက်ရသည့် အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူမှာမူ ချက်ချင်းဆိုသလိုပင် ပြာမှုန့်ဘဝသို့ ရောက်သွားပြီး အာကာသထဲ၌ လွင့်စင်ပျောက်ကွယ်သွားတော့သည်။

ဝိညာဉ်များ၏ ကြား၌ ပိတ်မိနေသော တတိယမြောက် အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူနှင့် ဖုန့်ချိုးရန်နှင့် တိုက်ခိုက်နေသည့် စတုတ္ထမြောက် အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူတို့မှာ ထိုအခြင်းအရာများကို အစအဆုံး မြင်လိုက်ရ၏။ ထို့ကြောင့် သူတို့မှာ တုန်လှုပ်ချောက်ချားသွားကြတော့သည်။ ဝမ်ပေါင်လဲ့ ထုတ်ပြနေသည့် စွမ်းအားများမှာ စိတ်ကူးများနှင့် မှန်းဆ၍ မရလောက်အောင် ကြောက်မက်ဖွယ်ရာ ကောင်းနေသည် မဟုတ်ပါလော။

သူသည် အချိန်တိုလေးအတွင်းတွင် ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူနှစ်ယောက်အား သတ်ဖြတ်နိုင်ခဲ့၏။ မည်သည့် ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူကိုမဆို ထိုမြင်ကွင်းအား မြင်လိုက်ရပါက လိပ်ပြာလွင့်လုမတတ် ထိတ်လန့်ကြောက်ရွံသွားရမည်သာ ဖြစ်သည်။ ထို့အပြင် ဝမ်ပေါင်လဲ့၏ ပုံပန်းသွင်ပြင်နှင့် သူ အသုံးပြုနေသည့် လျှို့ဝှက်ဆန်းကြယ် ပညာရပ်များကြောင့် သူသည် ပို၍ပင် ကြောက်စရာကောင်းနေတော့သည်။

ယခုတွင် ဝမ်ပေါင်လဲ့နောက်၌ ဧရာမ အနက်ရောင် မျက်လုံးကြီးတစ်လုံးနှင့် ၎င်းထက် အရွယ်အစား ပို၍သေးငယ်သည့် အနက်ရောင် မျက်လုံးနှစ်လုံး ရစ်ဝဲနေပြီဖြစ်သည်။ ၎င်းတို့မှာ တစ်စုံတစ်ခုကို ဝါးမျိုနေသည့်အလား ထူးဆန်းစွာ တွန့်လိန်လှုပ်ရှားနေကြ၏။ ထိုမျက်လုံးကြီးအား မြင်လိုက်ရသူတိုင်းမှာ စက်ဆုပ်ရွံရှာဖွယ်ရာ မိစ္ဆာကြီးတစ်ကောင်အား မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး ကြက်သီးမွေးညင်းများ ထသွားရမည်သာဖြစ်သည်။

” အဲတာ ဘာ ကျင့်ကြံခြင်းပညာရပ်လဲဟ ”

” ဒီမန္တန်က တာအိုဥပဒေသတွေအပေါ်မှာပါ အကျိုးသက်ရောက်မှု ရှိနေတဲ့ပုံပဲ။ သူက ဓမ္မတာအိုကို ထိန်းချုပ်နေတာပါလား။ အဲတာ အနိမ့်ဆုံး ဂြိုဟ်အဆင့်အထိ ရောက်နေတဲ့ လူတွေပဲ လုပ်နိုင်တာလေ။ ဘယ်လိုလုပ်ပြီးတော့ သူက အဲလိုအစွမ်းမျိုးကို ပိုင်ဆိုင်ထားရတာလဲ ”

အသက်ရှင်ကျန်ရစ်နေခဲ့သည့် အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူများမှာ သွေးပျက်လုမတတ် ကြောက်ရွံ့တုန်လှုပ်သွားကြပြီဖြစ်ရာ တိုက်ခိုက်လိုစိတ် မရှိတော့ပေ။ သူတို့မှာ ထိုနေရာမှ ထွက်ပြေးနိုင်ရန်သာ တွေးနေကြ၏။ သို့သော်လည်း သူတို့ထဲမှ တစ်ယောက်မှာ ဖုန့်ချိုးရန်နှင့် တိုက်ခိုက်နေရသည်ဖြစ်ပြီး အခြားတစ်ယောက်မှာ ဝမ်ပေါင်လဲ့ အမိန့်ပေးထားသည့် ဝိညာဉ်များ၏ကြားတွင် ပိတ်မိနေသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူတို့မှာ အချိန်တိုလေးအတွင်း ထွက်ပြေးနိုင်ကြမည် မဟုတ်သောကြောင့် စိုးရိမ်စိတ်များ ကြီးထွားလာရတော့သည်။

ထိုကျင့်ကြံသူနှစ်ယောက် သွေးပျက်နေကြစဉ် ဖုန့်ချိုးရန်မှာလည်း သူမ၏ စိတ်အား တည်ငြိမ်အောင်ထားနိုင်ရန် ခက်ခက်ခဲခဲ ကြိုးပမ်းနေရ၏။ ဝမ်ပေါင်လဲ့တစ်ယောက် တမူထူးခြားသည့် အစွမ်းအသစ်များကို ထုတ်ပြခဲ့သည့် အချိန်တိုင်း သူမသည် အံ့အားသင့်သွားခဲ့ရသည်သာ ဖြစ်သည်။ ယခုအကြိမ်တွင်မူ သူမသည် သူမကိုယ်သူမ မယုံကြည်နိုင်လောက်အောင်ပင် ဖြစ်နေရ၏။

သူမသည် ဝမ်ပေါင်လဲ့ကြောင့် မဟုတ်ဘဲ သူ၏နောက်တွင်ရှိနေသော အနက်ရောင်မျက်လုံးကြီးများကြောင့် ထိုကဲ့သို့ ခံစားနေရခြင်းဖြစ်၏။ ၎င်းတို့မှာ မည်သည့်အရာမှ ယှဉ်နိုင်စွမ်း ရှိမည့်ပုံမပေါ်သော မိစ္ဆာအငွေ့အသက်များကို ထုတ်လွှတ်နေသည် မဟုတ်ပါလော။

ဝမ်ပေါင်လဲ့မှာ ဒုတိယမြောက် အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူအား ဝါးမျိုပြီးသွားသည့်တိုင်အောင် သိသိသာသာ ပြောင်းလဲသွားခြင်းမရှိပေ။ သို့သော် သူသည် နတ်ဆိုးမျက်လုံးပညာရပ်‌ကြောင့် ပေါ်ပေါက်လာသည့်ပုံပေါ်သော အသိစိတ်တစ်ခုကို ခပ်ရေးရေးမျှ အာရုံခံမိနေပြီဖြစ်သည်။ ၎င်းမှာ သူ လူတစ်ယောက်ကို သတ်ဖြတ်ပြီးတိုင်း ပို၍ အားကောင်းလာနေ၏။

” ထူးဆန်းတယ်။ အမှောင်အိပ်မက်ထဲမှာ ရှိနေတုန်း ငါဖတ်ခဲ့သမျှ စာအုပ်တွေထဲမှာ ဒီလို နတ်ဆိုးမျက်လုံးပညာရပ် ကိုယ်ပိုင်အသိစိတ် ရှိလာတဲ့အကြောင်းကို ဘယ်သူမှ မရေးထားပါဘူးဟ ” ဝမ်ပေါင်လဲ့မှာ ထိုသို့ရေရွတ်လိုက်ပြီးနောက် ခေါင်းယမ်းလိုက်၏။ သူသည် ထိုအကြောင်းအား ‌တွေးတောနေရန် အချိန်မရှိပေ။ နတ်ဆိုးမျက်လုံးပညာရပ် ၎င်း၏ကိုယ်ပိုင် အသိစိတ်တစ်ခုအား ပိုင်ဆိုင်လာခြင်းမှာ အန္တရာယ်ရှိပါသော်လည်း သူ၏ရှေ့၌ ရှိနေသည့် အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူများမှာ လက်ရှိတွင် သူ့အား ပို၍ အန္တရာယ်ပြုနိုင်စွမ်း ရှိနေသည်မဟုတ်ပါလော။

” ပစ္စုပ္ပန်မှာ အသက်မရှင်နိုင်ရင် အနာဂတ်ကို တွေးပူနေတော့ရော ဘာထူးမှာလဲ ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ မျက်ဝန်းများ အေးစက်စွာ တောက်ပသွားပြီး မျက်လုံးများ မှေးသွား၏။ ထို့နောက် သူသည် ရှေ့သို့ ခြေတစ်လှမ်းလှမ်းကာ ဝိညာဉ်များ၏ကြား၌ ပိတ်မိနေသော တတိယမြောက် အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူဆီသို့ တန်းတန်းမတ်မတ် ပြေးသွားလိုက်တော့သည်။

ထိုအခါ ထို ကျင့်ကြံသူမှာ သွေးရူးသွေးတန်း အော်ဟစ်ကာ အသိစိတ်ပျောက်လုမတတ် ကြောက်ရွံ့တုန်လှုပ်သွားရ၏။ သူသည် ဝမ်ပေါင်လဲ့အား ယှဉ်နိုင်မည် မဟုတ်ကြောင်း သိထားသည်။ ထို့ကြောင့် သူသည် ဓမ္မတာအို၏ စွမ်းအားများကို ပိုင်ဆိုင်ထားသည့်ပုံ ပေါက်နေသော အနက်ရောင်မျက်လုံးကြီးများ သူ၏အနီးသို့ ရောက်ရှိလာသည်ကို ကြည့်ရင်း သူသည်လည်း သူ၏ မိတ်ဆွေများကဲ့သို့ အရှင်လက်လက် ဝါးမျိုခံရတော့မည်ဖြစ်ကြောင်း နားလည်သွား၏။

သို့ဖြစ်ရာ အသက်သေသွားခြင်းမှာ သူ့အတွက် ပို၍ပင် သက်သာလောက်ပေသည်။ ထို့ကြောင့် တတိယမြောက် အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူမှာ နာကြည်းစွာ ရယ်မောလိုက်၏။ သူ၏ မျက်ဝန်းများထဲတွင် ရူးသွပ်မှု အရိပ်အယောင်များဖြင့် ပြည့်နှက်နေပြီဖြစ်သည်။ ထို့နောက် ဝမ်ပေါင်လဲ့ သူ၏အနီးသို့ ရောက်ရှိလာချိန်တွင် သူ၏ခန္ဓာကိုယ်မှာ ပေါက်ကွဲသွား၏။ ထိုအခါ သူ၏ တာအိုနန်းတော် လက်ခံကောင်၏ ခန္ဓာကိုယ်မှာ တစ်စစီ စုတ်ပြဲသွားပြီး လက်ခြောက်ဖက်နှင့် ခေါင်းသုံးလုံးပါသည့် သူ၏ အဆုံးမဲ့မျိုးနွယ်စုဝင် ခန္ဓာကိုယ်အစစ် ထွက်ပေါ်လာတော့သည်။

” ငါ သေမလား ရှင်မလားဆိုတာကို ငါကိုယ်တိုင်ပဲ ဆုံးဖြတ်ခွင့်ရှိတယ်ကွ ” ထို ကျင့်ကြံသူမှာ ထိုသို့ရေရွတ်လိုက်ပြီးနောက် အသစ်ပေါ်ပေါက်လာသည့် ခန္ဓာကိုယ်အစစ်အား ဖောက်ခွဲပစ်ရန် ပြင်လိုက်တော့သည်။

သူ၏ ခန္ဓာကိုယ်အစစ် တစ်စစီပေါက်ကွဲသွားခါနီးတွင် ဝမ်ပေါင်လဲ့၏ နောက်တွင်ရှိနေသော အနက်ရောင်မျက်လုံးသုံးလုံးမှာ ဖျတ်ခနဲပွင့်သွား၏။ ထို့နောက် ဝမ်ပေါင်လဲ့၏ စိတ်ဆန္ဒမှာ လေထု၌ ပဲ့တင်ထပ်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲပျက်စီးစပြုနေပြီဖြစ်သော အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူ၏ အသိစိတ်ထဲ၌ ပေါ်ပေါက်လာတော့သည်။

” မှားတယ် ”

ထိုစကားလုံးများမှာ ထို အဆုံးမဲ့မျိုးနွယ်စုဝင် နောက်ဆုံးကြားလိုက်ရသည့် စကားလုံးများဖြစ်ပေသည်။ ခဏအကြာတွင် ထိုပေါက်ကွဲမှု စွမ်းအင်များမှာ အကြည့်တစ်ချက်ကြောင့် ချက်ချင်းဆိုသလိုပင် ရပ်တန့်သွား၏။ ထို့နောက် ဝမ်ပေါင်လဲ့မှာ ထို အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူ၏ဘေးမှ ဖြတ်သွားလိုက်ပြီး သူနှင့်အတူ ထိုကျင့်ကြံသူ၏ အသွေးအသားများနှင့် တစ်ဝက်တစ်ပျက် ပျက်စီးနေပြီဖြစ်သော ဝိညာဉ်အား ယူဆောင်သွားတော့သည်။

ထို့နောက် ဝမ်ပေါင်လဲ့၏ နောက်တွင်ရှိနေသော အနက်ရောင် မျက်လုံးသုံးလုံးမှာ ပြန်မှိတ်သွားပြီး အရာအားလုံးမှာ ငြိမ်ကျသွား၏။ ခဏအကြာတွင် သူ၏နောက်၌ စတုတ္ထမြောက်မျက်လုံးတစ်လုံး ပေါ်ပေါက်လာတော့သည်။

ထိုအချိန်တွင် ကောင်းကင်ယံထဲ၌ ဒေါသတကြီး အော်ဟစ်သံကြီးတစ်သံ ပဲ့တင်ထပ်သွား၏။

” ဝမ်ပေါင်လဲ့ ”

၎င်းမှာ တာအိုဘုန်းတော်ကြီးယိုရန်၏ အော်သံကြီး ဖြစ်ပေသည်။ ဝမ်ပေါင်လဲ့မှာ အလျင်အမြန် လှုပ်ရှားခဲ့ပါသော်လည်း သူ ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူသုံးယောက်အား သတ်ဖြတ်ပစ်လိုက်သည်ကို တာအိုဘုန်းတော်ကြီးယိုရန်က သတိထားမိသွားဆဲပင်။ တာအိုဘုန်းတော်ကြီးယိုရန်မှာ အမျက်ချောင်းချောင်း ထွက်နေသောကြောင့် စစ်သင်္ဘောကြီးပေါ်မှ ထွက်ခွာနိုင်စွမ်း မရှိသည့်တိုင်အောင် တိုက်ခိုက်ရန်ဆုံးဖြတ်လိုက်၏။

ထိုတိုက်ကွက်ကြီးမှာ သူ့ဆီမှ ထွက်ပေါ်လာခြင်းမဟုတ်ဘဲ အဆုံးမဲ့မျိုးနွယ်စု စစ်သင်္ဘောကြီးထဲမှ ထွက်ပေါ်လာခြင်းဖြစ်၏။

သူ၏ အော်ဟစ်သံကြီးမှာ အာကာသထဲ၌ ပဲ့တင်ထပ်သွားပြီးနောက် ပေတစ်သောင်းတိတိ ရှည်လျားသော အနီရောင်အလင်းတန်းကြီးမှာ ဗုဒ္ဓဟူးဂြိုဟ်ပေါ်မှ ထိုးထွက်လာသည်။ ၎င်းမှာ အာကာသကြီးအား အရှိန်အဟုန်ဖြင့် ထိုးခွင်းသွားသောကြောင့် ၎င်း၏နောက်တွင် အာကာသတွင်းနက်ကြီးများ အတန်းလိုက် ကျန်ရစ်ခဲ့၏။ ထို့နောက် ၎င်းမှာ ဝမ်ပေါင်လဲ့နှင့် ဖုန့်ချိုးရန်တို့ဆီသို့ ချက်ချင်း ရောက်ရှိလာတော့သည်။

ထိုအလင်းတန်းကြီးမှာ အလွန်အင်မတန်မှမြန်ဆန်ပြီး မျက်စိကျိန်းစရာကောင်းလောက်အောင် တောက်ပနေ၏။ ၎င်းမှာ ဝိညာဉ်ကြားခံနယ်ထိပ်ဆုံးအဆင့် အဖျက်စွမ်းအားများကို ပိုင်ဆိုင်ထားပြီး သူတို့အားလုံးအား ချက်ချင်း လွှမ်းခြုံသွားတော့မည့်ပုံပင်။

ထိုအလင်းတန်းကြီး ရုတ်ခြည်းဆိုသလို ရောက်ရှိလာသည့်တိုင်အောင် ဝမ်ပေါင်လဲ့မှာ အမူအရာ ပျက်သွားခြင်း မရှိပေ။ သူသည် တွေဝေတုံ့ဆိုင်းမနေဘဲ ရူးသွပ်မှု အရိပ်အယောင်များ တောက်ပနေသည့် မျက်ဝန်းတစ်စုံဖြင့် နောက်သို့လှည့်လာပြီးနောက် မန္တန်လက်ကွက်များ ဖော်လိုက်၏။ ထို့နောက် သူသည် သူ၏ လက်နှစ်ဖက်အား ထိုလင်းတန်းကြီးဆီသို့ ဆန့်ထုတ်ကာ ရေရွတ်လိုက်တော့သည်။

” နတ်ဆိုးမျက်လုံးများ၊ ပေါက်ကွဲစေ “

Comment

Leave a Reply

Options

not work with dark mode
Reset