ရီဖူရှင်း၏ အကြည့်က တကယ့်နိုဘယ်အလား လူထံသို့ အာရုံရောက်သွားသည်။ ကြည့်ရသည်မှာ သူကား ရှေးဟောင်းလို့လန်ကို ဝင်ရောက်ခဲ့သော နိုဘယ်တန်ခိုးရှင်၏ စိတ်အင်အား ဖြစ်ပုံရသည်။
“သေစမ်း…” နိုဘယ်တန်ခိုးရှင်က အေးစက်စွာ ပြောသည်။ သူက ထိုသို့ ပြောလိုက်သည်နှင့် မရေမတွက်နိုင်သော စစ်သည်များက ရှေ့ကို တစ်ခါတည်း တက်လာကြသည်။ အားကောင်းသော ဖျက်ဆီးအားလှိုင်း တစ်ခုကလည်း သူတို့ထံ ရောက်ရှိလာသည်။
ရီဝူချင်းက ရှေ့ကို တစ်လှမ်း လှမ်းလိုက်သည်။ သူ၏ ဓားကို ဝှေ့ယမ်းလိုက်လျှင် ဓားမိုးစက်များ ကောင်းကင်မှ ဆင်းသက်လာကာ ရောက်ရှိလာသော တိုက်ခိုက်မှုကို ရင်ဆိုင်သည်။ သူတို့၏ လမ်းကြောင်း တစ်လျှောက် ယိုင်လဲသွားသည်။ သို့သော်လည်း ထိုအကြောက်အရွံ့မဲ့သော စစ်သည်များက ဆက်လက် ချီတက်လာသည်။ သူတို့က သေခြင်းတရားကို ကြောက်ရွံ့ခြင်း မရှိပေ။
ယူချင်းကလည်း ရှေ့ကို တက်လိုက်သည်။ သူ၏ ပုဆိန်အား ထုတ်ယူလိုက်ကာ ခုတ်ချလိုက်သည်။ ပုဆိန်အရိပ်က လေထုကို ခွင်းကာ သူတို့၏ လမ်းကြောင်း တစ်လျှောက်မှ စစ်သည်များကို အပိုင်းအစများ ဖြစ်စေသည်။
ရီဖူရှင်းက သိမ်းငှက်နက်ပေါ်တွင် ကု့ချင်းကို ချလျက် တင်ပလ္လင်ခွေ ထိုင်နေသည်။ ထို့နောက် သူက ရှေ့မှ နိုဘယ်တန်ခိုးရှင်ကို ကြည့်လိုက်သည်။ ဤရှေးဟောင်း နယ်မြေအတွင်းတွင် ရီဖူရှင်းက သူ၏ တိုက်ခိုက်ရေး စွမ်းအားကို သိသော်လည်း ယခု သူ၏ရှေ့မှ နိုဘယ်၏ တိုက်ခိုက်ရေး စွမ်းရည်ကိုမူကား သိရှိနားလည်ခြင်း မရှိပေ။
ရီဖူရှင်းနောက်ကို လိုက်နေကြသော လူများကလည်း ထိုမြင်ကွင်းကို မြင်သည်။ သို့သော် မည်သူကမှ သွားရောက် တိုက်ခိုက်ကြခြင်း မရှိပေ။ ရီဖူရှင်းတို့ သုံးယောက်လုံးတွင် နိုဘယ်အဆင့် သဒ္ဓိဝင်ပစ္စည်းများကို ရရှိထားကြသည်။ တခြားလူများထဲတွင်ကား ထိုနိုဘယ်အဆင့် ကံစွမ်းအားကို ပိုင်ဆိုင်သူများသာ နိုဘယ်အသိကို အနည်းငယ် ရင်ဆိုင်နိုင်ပေသည်။ နိုဘယ်ကံစွမ်းအား သော်လည်းကောင်း၊ နိုဘယ်အဆင့် သဒ္ဓိဝင်ပစ္စည်း သော်လည်းကောင်း မရှိပါက ထိုနိုဘယ်အဆင့် တန်ခိုးရှင်၏ တိုက်ခိုက်မှုနှင့် ကြုံရလျှင် သေရမည်မှာ မုချဖြစ်သည်။
သမီးတော် လို့လန်ရွှီတို့ အုပ်စုကလည်း အတော်ဝေးဝေး တစ်နေရာမှ တိတ်ဆိတ်စွာ ကြည့်နေကြသည်။ ရီဖူရှင်းတို့ အုပ်စုက ဧကရာဇ်နေထိုင်သော နေရာသို့ တန်းသွားသည်ကို သူမသိသည်။
ရီဖူရှင်းတို့အပြင် ရှေ့တစ်နေရာတွင် အနည်းငယ် ပြန့်ကျဲနေသည်။ ရီဖူရှင်းတို့ မရောက်လာမီကပင် ထိုနေရာတွင် တိုက်ပွဲတစ်ခုက ဖြစ်ပျက်သွားပြီး ဖြစ်သည်။ မြေရိုင်းမြို့မှ စွမ်းအားမြင့် တန်ခိုးရှင်များက ရောက်လာပြီး ဖြစ်ဟန်တူသည်။ ထိုလူလေးယောက်မှာ အရှေ့မြေရိုင်းဒေသမှ ထပ်သီး ပါရမီရှင်များ ဖြစ်ရပေမည်။ သူတို့က လို့လန်ရှေးဟောင်း နယ်မြေကို လေ့ကျင့်ရေး ကွင်းပြင်သဘောမျိုး အသုံးပြုကာ သူတို့၏ စွမ်းအားများကလည်း အလွန်ကြောက်မက်ဖွယ် ကောင်းလှသည်။
စစ်သည်များက အဆက်မပြတ် သေဆုံးနေသည်ကို မြင်လျှင် နိုဘယ်တန်ခိုးရှင်က ရှေ့ကို တက်လာသည်။ သူ့ထံမှ ကြောက်မက်ဖွယ် ကောင်းသော ကိုယ်ရောင်ကိုယ်ဝါ ဖြာထွက်လာသည်။ သူ၏ ခန္ဓာကိုယ်က အရိပ်သဏ္ဌာန်တစ်ခုအဖြစ် ပြောင်းလဲသွား၏။ သူက လေထဲတွင် လမ်းလျှောက်ကာ ရီဖူရှင်းတို့ အုပ်စုထံသို့ တစ်ခါတည်း ရောက်လာသည်။ သူ၏ အရှိန်အဝါကား ကြောက်မက်ဖွယ် ကောင်းလှသည်။ သူကား နိုဘယ်အသိ အပြည့်အစုံ၏ ရုပ်ခန္ဓာပွား ဖြစ်ပေသည်။
ရီဝူချင်း၏ ခန္ဓာက လျှပ်တစ်ပြက်ရှေ့ကို ရောက်သွားသည်။ ဖျက်ဆီးမရနိုင်သော အားလှိုင်းများက သူ့ထံမှ ဖြာထွက်လာသည်။ သူကား မည်သည့် တည်ရှိမှုကိုမဆို အမြစ်ဖြုတ်တော့မည် ဖြစ်သည်။ ပတ်ဝန်းကျင်လေထု တစ်ခုလုံး ထိတ်လန့်ဖွယ် တုန်ခါနေသည်။ ယူချင်းကလည်း လျှောက်လာကာ သူ၏ ပုဆိန်ကို မြှောက်လိုက်သည်။ သူတို့အားလုံးက တစ်ဖက်လူ မည်မျှ စွမ်းအား မြင့်သည်ကို ခံစားမိကြသည်။
နိုဘယ်တန်ခိုးရှင်က ရီဝူချင်းနှင့် ယူချင်းတို့အနီးသို့ လျှောက်သွားလိုက်သည်။ အလွန်ကြမ်းတမ်းသော အားလှိုင်းတစ်ခုက သူ့ကိုယ်မှ ထွက်ပေါ်လာသည်။ ထိုအခိုက်တွင် အလွန်ကြီးမားသော လက်ဝါးကြီးတစ်ခုက ကောင်းကင်မှ ဆင်းသက်လာသည်နှင့် တူသည်။ ထိုအရာက ဖြတ်ကျော်သွားလျှင် ဓားအားလှိုင်းက လက်ဝါးအောက်တွင် ပျောက်ကွယ် သွားသည်။ ယူချင်း၏ ပုဆိန်ထံမှ အလင်းများပင်လျှင် မှိန်သွားသည်။ မည်သို့ပင်ဆိုစေ ရီဝူချင်းနှင့် ယူချင်းတို့တွင် နိုဘယ်ကံစွမ်းအား မရှိပေ။ သူတို့၏ သဒ္ဓိဝင်ပစ္စည်းများ၏ နိုဘယ်အသိကို အသက်ဝင်စေရန် မတတ်နိုင်ပေ။
ဂီတသံ ထွက်ပေါ်လာသည်။ ရီဖူရှင်းက သိမ်းငှက်နက်ပေါ်တွင် ထိုင်ကာ သူ၏ကု့ချင်းကို တီးခတ်လိုက်သည်။ ချက်ချင်းပင် ဂီတသံစဉ် အားလှိုင်းများက နိုဘယ်တန်ခိုးရှင်ထံသို့ တိုးဝင်သွားသည်။ မှော်ဂီတပညာကား စိတ်အသိများကို တိုက်ခိုက်ရန် အလွန် သင့်တော်သည်။ သူ့တွင် တစ်ဖက်လူကို အားနည်းစေသော အကျိုးသက်ရောက်မှုရှိ၏။ သို့သော်လည်း နိုဘယ်တန်ခိုးရှင်ကား ပုံရိပ်ယောင် အလင်းနှင့်တူသည်။ ကြောက်မက်ဖွယ် ကောင်းသော အလင်းရောင်များက ပတ်ဝန်းကျင်တစ်ခုလုံး လွှမ်းခြုံလာသော အချိန်တွင် တစ်ချိန်တည်းမှာပင် အလွန်အမင်း အားကောင်းသော ဖိအားတစ်ခု ကောင်းကင်မှ ဆင်းသက်လာသည်။ သိမ်းငှက်နက်က ထိုဖိအားကို ခံနိုင်ရည်မရှိရာ ကောင်းကင်မှ မြေပြင်သို့ ဟန်ချက်ပျက်လျက် ဆင်းသက်လာသည်။
ရီဖူရှင်း၏ မျက်လုံးများ လင်းလက်သွားသည်။ နိုဘယ်အဆင့် တန်ခိုးရှင်၏ စိတ်အသိမျှက ဤမျှ ကြောက်မက်ဖွယ် ကောင်းသည်။ သူ၏ ဧကရာဇ်အသိအား အသက်သွင်းလိုက်ကာ ရီဖူရှင်းက သူ၏ ကု့ချင်းကို ဆက်လက် တီးခတ်လိုက်သည်။ ပျက်စီးခြင်း ကမ္ဘာသံစဉ်က သူ့ထံ ရောက်လာသော လက်ဝါးအား အစိတ်စိတ် အမြွှာမြွှာ ပျက်စီးစေသည်။
နိုဘယ်က လေထဲတွင် ရပ်လျက် လက်ဝါးရိုက်ချက်များ ထုတ်လိုက်သည်။ သူ၏ လက်ဝါးများမှ ထွက်ပေါ်လာသော လက်ဝါးပုံရိပ်များက အလွန် ကြီးမားသွားကာ ရီဖူရှင်း၊ ရီဝူချင်းနှင့် ယူချင်းတို့ထံ တိုးဝင်လာသည်။ ထို့နောက် သူက ထိုနေရာတွင်ပင် နိုဘယ်အဆင့် ကိုယ်ရောင်ကိုယ်ဝါကို ပြလျက် လက်နှစ်ဖက်ကို နောက်တွင် ထားလျက် တည်ငြိမ်စွာ ရပ်နေသည်။ ရီဝူချင်းအား ဓားမုန်တိုင်း အားလှိုင်းများက ရစ်ပတ်ထားကြသည်။ ယူချင်း၏ ပုဆိန်က ရှေ့ကို အဆက်မပြတ် ခုတ်ချနေသည်။ သို့သော် သူတို့က တစ်ဖက်လူ၏ တိုက်ခိုက်မှုကို ခက်ခဲစွာ ရင်ဆိုင်နေရဆဲ ဖြစ်သည်။
ရီဖူရှင်းက ခေါင်းငုံ့လိုက်ကာ ဆက်လက် တီးခတ်လိုက်သည်။ သံစဉ်က တဖြည်းဖြည်း ပိုမို အားကောင်းလာသည်။ သံစဉ်အားလှိုင်းက လက်ဝါးများကို အဆက်မပြတ် တိုက်ခိုက် ဖျက်ဆီးနေသည်။ ထိုစဉ်မှာပင် ရုတ်တရက် အလွန်အမင်း အားကောင်းသော သံစဉ်မုန်တိုင်း တစ်ခု ဖြစ်ပေါ်လာသည်။
နိုဘယ်တန်ခိုးရှင်က အားလုံးကို ခြုံငုံကြည့်လိုက်သည်။ သူက သံစဉ်မုန်တိုင်းထံသို့ တိုက်ရိုက် လျှောက်သွားလိုက်သည်။ ဓမ္မအဆင့်တစ် တန်ခိုးရှင်က သူနှင့် တိုက်ခိုက်လိုသည်လား။ သူကား တကယ့်နိုဘယ်အစစ် မဟုတ်သော်လည်း နိုဘယ်အသိဖြစ်သည်။ ထိုအရာက ရီဖူရှင်းကို ဖယ်ရှားရန်မူကား လုံလောက်ပေသည်။
နိုဘယ်တန်ခိုးရှင်က ရီဖူရှင်း၏ ဂီတသံစဉ်မုန်တိုင်းထဲကို တိုက်ရိုက် တိုးဝင်လာသည်။ ချက်ချင်းပင် ကြောက်မက်ဖွယ် အားလှိုင်းက သူ့ထိ ဖိအားပေးလာသည်ကို ရီဖူရှင်း ခံစားရသည်။ ထိုကြီးမားသော အင်အားကို သူရင်မဆိုင်နိုင်ပေ။ သူက ဧကရာဇ်အသိကို သုံးလျက် သဒ္ဓိဝင်ပစ္စည်း၏ စွမ်းအားကို သုံးနိုင်သော်လည်း ထိုစွမ်းအားက တကယ့်နိုဘယ် အသိအဆင့်ကို မယှဉ်နိုင်ပေ။
ထိုအခိုက်တွင် ရီဖူရှင်းက တော်ဝင်နည်းစနစ်ကို အသက်သွင်း လိုက်သည်။ ပုံမှန်မဟုတ်သော ကိုယ်ရောင်ကိုယ်ဝါက သူ့ထံမှ ထွက်ပေါ်လာကာ ဧကရာဇ်ငယ် တစ်ပါးအလား ရီဖူရှင်းကို ဖြစ်ပေါ်လာစေသည်။ ပိုမိုအားကောင်းသော ဧကရာဇ်အသိက ကု့ချင်းထံသို့ တိုးဝင်လာသည်။ ထိုအခိုက်တွင် မင်းသားပင်လျှင် အံ့အားသင့်သွားဟန် တူသည်။ ဧကရာဇ်အသိက ကု့ချင်း၏ စွမ်းအင်ကို တစ်ဖန် အမြင့်ဆုံးသုံ့ မြှင့်တင်ပေးပြန်သည်။ နောက်တစ်ဖန် မြင့်တက်လာသော သံစဉ်က ရီဖူရှင်း၏ ပတ်ဝန်းကျင်တွင် မုန်တိုင်းအလား ဖြစ်လာကာ နိုဘယ်တန်ခိုးရှင်အား တိုက်စားကြသည်။
နိုဘယ်တန်ခိုးရှင်းက အန္တရာယ်၏ အငွေ့အသက်ကို ခံစားရသည်။ သူက ရီဖူရှင်းကို သတ်ရဲသည်မှာ ရီဖူရှင်း၏ မှော်ဂီတပညာက သူ့အား အန္တရာယ်မပေးနိုင်ဟု သူယူဆသောကြောင့် ဖြစ်သည်။ သို့သော်လည်း ထိုအခိုက်တွင် ဂီတမုန်တိုင်းကား အလွန် ကြောက်မက်ဖွယ် ကောင်းလာသည်။ သူ၏ခန္ဓာ တုန်ခါသွားပြီး ပိုမို၍ မှုန်ဝါးလာသည်။ သို့သော်လည်း သူနောက်ဆုတ်မည် မဟုတ်ပေ။ ဤအခြေအနေကို ရောက်လာမှတော့ နောက်ဆုတ်ရန်လမ်း မရှိပေ။ နိုဘယ်တန်ခိုးရှင် တစ်ပါးအနေဖြင့် သူကား နိုဘယ်အသိမျှသာ ကျန်ရစ်သည့်တိုင် မာနရှိပေသည်။
ဘုန်း…။ ပိုမိုအားကောင်းသော အားလှိုင်းက ရီဖူရှင်ထံကို လာရောက် ရိုက်ခတ်ပြန်သည်။ သိမ်းငှက်နက်နှင့် တခြားလူများကား မူလကတည်းက မြေပြင်ပေါ်ကို ကျဆင်းသွားပြီး ဖြစ်သည်။ လေထဲတွင် ရီဖူရှင်း တစ်ယောက်သာ တိုက်ခိုက်နေသည်။ ရီဖူရှင်းက ဧကရာဇ်အသိဖြင့် မိမိကိုယ်ကို ကာကွယ်ကာ တစ်ဖက်မှလည်း သူ၏ လက်ဖြင့် ကု့ချင်းကို အဆက်မပြတ် တီးခတ်နေသည်။ ပိုမိုအားကောင်းသော ဂီတအားလှိုင်းတစ်ခု ထွက်ပေါ်လာကာ တစ်ဖက်လူ၏ ခန္ဓာကိုယ်ထံသို့ တိုးဝင်သွားသည်။
နိုဘယ်တန်ခိုးရှင်းက ရီဖူရှင်းအား အံ့အားသင့်စွာ ကြည့်သော်လည်း သူ၏ လက်ဝါးများဖြင့် ဆက်လက်၍ ရီဖူရှင်းကို ဖိအားပေးလိုက်သည်။
“သေစမ်း…” ရီဖူရှင်းက ကြိမ်းဝါးလိုက်သည်။ သူ၏ သံစဉ်ကား ဆက်လက်၍ မြင့်တက်နေသည်။ သူ၏ ဆရာဘိုးဘိုးက ပျက်စီးခြင်းကမ္ဘာကို တီးခတ်နေသော အချိန်တွင် မည်မျှ ကြောက်မက်ဖွယ် ကောင်းသော ဖိအားကို ခံစားရသည်ကို ရီဖူရှင်း နားလည်လိုက်သည်။ သူ့အခြေအနေဖြင့် ဤသံစဉ်ကို တီးခတ်ခြင်းက သေကြောင်းကြံခြင်းနှင့် အတူတူပင်။
ဂီတသံစဉ်အားလှိုင်းက အားလုံးကို ဖျက်ဆီးသွားသည်။ မုန်တိုင်းအလား သံစဉ်က နိုဘယ်တန်ခိုးရှင်အား တစ်စတစ်စ တိုက်စားသွားကာ နောက်ဆုံး လေထုထဲ လွင့်ပါး ပျောက်ကွယ် သွားသည်။ လေထုက တည်ငြိမ် သွားသောအခါ နောက်မှ လူများက ထိုမြင်ကွင်းကို ထိတ်လန့်တကြား ကြည့်လိုက်ကြသည်။ ရီဖူရှင်းက အမှန်တကယ်ပင် နိုဘယ်တန်ခိုးရှင်ကို သတ်ခဲ့သည်။ နိုဘယ်အသိက တကယ့်နိုဘယ်နှင့် နှိုင်းယှဉ်၍ မရသော်လည်း သူ၏စွမ်းအားကား ထိတ်လန့်ဖွယ် ကောင်းလှသည်။
လို့လန်ရွှီလည်း အံ့အားသင့် သွားသည်။ ရီဖူရှင်း၏ စွမ်းဆောင်ရည်က သူမ မျှော်မှန်း ထားသည်ထက် ပိုမိုသည်။
မြေပြင်မှ စစ်သည်များက ယူချင်းတို့ထံ ဆက်လက် ချီတက်လာသည့်တိုင် သူတို့က ပြဿနာ မဟုတ်တော့ပေ။ ရီဝူချင်းနှင့် ယူချင်းတို့က တစ်ယောက်ပြီး တစ်ယောက် သုတ်သင်လိုက်ကြသည်။
“သွားစို့…” ရီဖူရှင်းက ပြောသည်။ ဧကရာဇ် အဆောင်တော်ကား ရှေ့တွင်ဖြစ်သည်။ မြေရိုင်းမြို့မှ လူလေးယောက်က ထိုနေရာကို ဝင်သွားရာ မည်သို့ အခြေအနေ ဖြစ်နေမည်ကို သူသိလိုသည်။
သိမ်းငှက်နက်ပေါ်သို့ ရီဖူရှင်းရောက်လျှင် သူက ရှေ့ကို ဆက်လက် ပျံသန်းလိုက်သည်။ သူတို့အုပ်စုက ရှေ့မှ သွားနေစဉ် နောက်မှ တခြားအုပ်စုများက လိုက်ပါလာကြသည်။
“ဒီလူတွေ တော်တော် စိတ်ရှုပ်စရာ ကောင်းတယ်…” ယူချင်းက အေးစက်စွာ ပြောသည်။ သူတို့က တိုက်ခိုက်ခြင်း မရှိဘဲ နောက်မှ လိုက်ပါလာကြသည်။ သူတို့က အမှန်ပင် ထိုမြို့များမှ ထိပ်သီး ပါရမီရှင်များလား။ ရီဖူရှင်းတို့က ရတနာကို တွေ့သောအချိန်တွင် သူတို့က ထိုအရာကို ခိုးယူရန် အမှန်ပင် တွေးတော နေကြသည်လား။
နောက်ဆုံးတွင် ရီဖူရှင်းက အလွန်ပြန့်ကျဲ ပျက်စီးနေသော နေရာတစ်ခုသို့ ရောက်လာသည်။ ထိုစဉ် အရပ်မျက်နှာအားလုံးမှ အော်ဟစ် ကြွေးကြော်သံများ ကြားကြရသည်။ “သတိထား…” ရီဖူရှင်းက ပြောသည်။ သိမ်းငှက်နက်က နှေးကွေးသွားသည်။ ထည်ဝါလှသော နန်းဆောင်ကား ရှေ့တွင်ဖြစ်သည်။
ထိုစဉ် ကြောက်မက်ဖွယ် ကိုယ်ရောင်ကိုယ်ဝါတစ်ခုကို နောက်မှ ခံစားလိုက်ကြရသည်။ ရီဖူရှင်းက နောက်ကို လှည့်ကြည့်လိုက်လျှင် မရေမတွက်နိုင်သော ကြောက်မက်ဖွယ် စစ်တပ်များ ပြေးလာကြသည်ကို မြင်သည်။ ရီဖူရှင်းတို့နောက်မှ တခြားအုပ်စုများက ထိတ်လန့်သွားကြသည်။ ချက်ချင်းပင် သူတို့က သွားရာလမ်းကြောင်းမှ လွှဲကာ လျင်မြန်စွာ ထွက်ပြေးကြသည်။
“ငါတို့ နန်းဆောင်ထဲကို ဝင်မယ်…” ရီဖူရှင်းက ပြောသည်။ ဤအခြေအနေတွင် နောက်ဆုတ်စရာ မရှိတော့ပေ။ သို့သော် လူနှစ်ယောက်စီက ဘယ်နှင့်ညာမှ လျှပ်တစ်ပြက် ပြေးလွှားသွားသည်။ သူတို့နောက်တွင်ကား များစွာသော နိုဘယ်တန်ခိုးရှင်များက လျှပ်စီးများအလား လျင်မြန်စွာ လိုက်ပါ လာနေကြသည်။ ထိုလူလေးယောက်မှာ မြေရိုင်းဒေသမှ လူများ ဖြစ်ကြသည်။ သူတို့က ပထမဦးစွာ ရောက်ရှိလာကြခြင်း ဖြစ်ကာ နိုဘယ်တန်ခိုးရှင်များ၏ ဝန်းရံခြင်း ခံရသည်။
“သူက နိုဘယ်တွေကို ဒီကို ခေါ်လာတယ်…” ရီဝူချင်း မျက်မှောင်ကြုတ် လိုက်သည်။
ထိုတန်ခိုးရှင် လေးယောက်က ရီဖူရှင်းတို့အုပ်စုကို မြင်ကာ သူတို့ရှိနေရာ အရပ်သို့ ပြေးလာကြသည်။ နိုဘယ်များနှင့် တခြား စစ်သည်များက ရီဖူရှင်းတို့ကိုပါ ဝန်းရံမိပြီးဖြစ်သည်။
“ရှေ့ကို ဆက်သွား…” ရီဖူရှင်းက ထူးမခြားနားစွာ ပြောသည်။ သိမ်းငှက်နက်က ရှေ့ကို လျှပ်စီးအလား ပျံသန်းသွားသည်။
လေကြမ်းနှစ်ခု ဘယ်မှညာမှ ဖြတ်သန်းသွားသလိုပင် လူလေးယောက်က သိမ်းငှက်နက်၏ ဘေးသို့ ရောက်လာကြသည်။ သူတို့ကလည်း နန်းဆောင်ထဲသို့ ပြေးနေကြခြင်းပင်။ ရီဖူရှင်းက သူ၏ ကု့ချင်းအားရှေ့မှ အဆင်သင့်ချထားကာ တိုက်ခိုက်ရန် အသင့်ပြင်ထားသည်။
“ပြန်သွားစမ်း…” မြေရိုင်းမြို့ တန်ခိုးရှင် တစ်ယောက်က ရီဖူရှင်းတို့ အုပ်စုရှေ့ကို ရောက်လာကာ သူ၏ ဓားကို ထုတ်လိုက်သည်။ ဓားထံမှ အလင်းရောင် အားလှိုင်းက လျင်မြန်စွာဖြင့် သိမ်းငှက်နက်ပေါ်မှ လူများထံသို့ ရောက်လာသည်။ သူတစ်ယောက်တည်း မဟုတ်ပေ။ တခြား သုံးယောက်လည်း တစ်ချိန်တည်း တိုက်ခိုက်လိုက်သည်။ သဒ္ဓိဝင်ပစ္စည်းကို သုံးလျက် လေးယောက်ပေါင်းကာ သိမ်းငှက်နက်အား ရပ်တန့်စေသည်။ သိမ်းငှက်နက်က ရပ်တန့်သွားလျှင် သူတို့၏ မှော်တိုက်ကွက်များ ပျောက်ကွယ်သွား၏။ သူတို့က ရီဖူရှင်းတို့ အုပ်စုအား သေဆုံးသွားစေရန် မရည်ရွယ်ပေ။ သူတို့က ရီဖူရှင်းတို့ကို နောက်မှ လိုက်ပါလာသော နိုဘယ် တန်ခိုးရှင်များကို ရင်ဆိုင်စေလိုခြင်းသာ ဖြစ်သည်။ နိုဘယ်တန်ခိုးရှင်များက အလင်းတန်းများအလား ရောက်ရှိလာသောအခါ ထိုလူလေးယောက်ကား နန်းဆောင်ထဲကို ဝင်ရောက်သွားပြီး ဖြစ်သည်။ အေးစက်ကာ လူသတ်လိုသော အငွေ့အသက်များက ထိုနိုဘယ်များ၏ မျက်လုံးတွင် အားကောင်းစွာ ဖြစ်ပေါ်နေသည်။ သူတို့၏ မျက်လုံးထဲတွင်ကား ရီဖူရှင်းတို့အုပ်စုမှာ လူသေများ ဖြစ်နေလေပြီ။
***