” ဝမ်ပေါင်လဲ့ပါလား ”
ထူးဆန်းသော အနက်ရောင်မျက်လုံးကြီးတစ်လုံးနှင့် ဝမ်ပေါင်လဲ့၏ ကြောက်မက်ဖွယ်ရာ ပုံပန်းသွင်ပြင်ကြီးကြောင့် ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူများမှာ အထိတ်တလန့် ဖြစ်သွားကြ၏။ သူတို့မှာ သူတို့၏မျက်လုံးများကို မယုံကြည်နိုင်လောက်အောင် ဖြစ်နေကြသည်။ ဝမ်ပေါင်လဲ့တစ်ယောက် အနီရောင်တိမ်တိုက်ကြီးထဲမှ လွတ်မြောက်လာလိမ့်မည်ဟူ၍ သူတို့က ထင်မှတ်မထားခဲ့ကြပေ။ ဝိညာဉ်ပေါင်းမြောက်များစွာ ဝမ်ပေါင်လဲ့အား ဘုရင်တစ်ပါးကဲ့သို့ ဦးညွှတ်အရိုအသေပေးနေကြသည့် မြင်းကွင်းမှာ ယုံကြည်နိုင်စရာ မရှိလောက်အောင် အံ့ဩတုန်လှုပ်စရာ ကောင်းလှပေသည်။
မည်သို့ပင်ဆိုစေကာမူ သူတို့မှာ တိုက်ပွဲအတွေ့အကြုံ ရင့်သန်နေကြသည့် အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူများ မဟုတ်ပါလော။ သို့ဖြစ်ရာ သူတို့မှာ စစချင်းတွင် အံ့ဩတုန်လှုပ်သွားကြသည့်တိုင်အောင် တစ်ယောက်ကိုတစ်ယောက် ချက်ချင်းအကဲခတ်လိုက်ကြပြီးနောက် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ အရှိန်များ မြှင့်တင်လိုက်ကြ၏။ ထို့နောက် သူတို့မှာ ဝမ်ပေါင်လဲ့ဆီသို့ လှစ်ခနဲ ဦးတည်လာကြတော့သည်။
သူတို့မှာ တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ သူတို့၏ အစွမ်းအထက်ဆုံး တိုက်ကွက်များကို ချက်ချင်း ထုတ်သုံးလိုက်ကြ၏။
ချီလင်းမှာ သူ၏လက်ကို ဝှေ့ယမ်းကာ မီးခိုးရောင် တာအိုဝတ်ရုံတစ်ခုအား ထုတ်ယူလိုက်၏။ ၎င်းမှာ သူ၏ ဦးခေါင်းအထက်တွင် ရစ်ဝဲနေရင်း သေမင်းအငွေ့အသက်များ ထုတ်လွှတ်ကာ ချီလင်းနှင့်အတူ ဝမ်ပေါင်လဲ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာသည်။
အခြား ကျင့်ကြံသူသုံးယောက်မှာလည်း သူတို့၏ ကိုယ်ပိုင်ဝှက်ဖဲများကို ပိုင်ဆိုင်ထားကြ၏။ သူတို့ထဲမှ တစ်ယောက်မှာ မန္တန်လက်ကွက်များ ဖော်လိုက်သောအခါ သူ၏ခန္ဓာကိုယ်မှာ နှစ်ကိုယ်ခွဲသွားသည်။ ထို့နောက် ခန္ဓာကိုယ်တစ်ခုမှာ အနက်ရောင် ဖွတ်ကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး အခြားခန္ဓာကိုယ်တစ်ခုနှင့် ပေါင်းစည်းသွား၏။ ထိုသို့ ပေါင်းစည်းသွားရာမှ ထွက်ပေါ်လာသည့် ခန္ဓာကိုယ်ကြီးမှာ ၎င်း၏ ပါးစပ်အား ဟလိုက်သောအခါ အပုပ်နံ့များ ထွက်ပေါ်လာတော့သည်။ သူ့ဆီမှ ထွက်ပေါ်နေသည့် စွမ်းများမှာ ကောင်းကင်ပေါ်သို့ ထိုးတက်သွားပြီး အရာအားလုံးကို ဆုတ်ဖြဲပစ်တော့မည့် အလားပင်။
နောက်ထပ်တစ်ယောက်မှာမူ သူ၏ လက်နှစ်ဖက်စလုံးကို ဝှေ့ယမ်းကာ သူ၏ ခန္ဓာကိုယ်အား တစ်စစီ ဆုတ်ဖြဲပစ်လိုက်သဖြင့် ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက် ထွက်ပေါ်လာ၏။ သူသည် သူ၏ သရုပ်မှန်အား ဖော်ပြရန် ဝန်လေးနေခြင်း မရှိပေ။ သူသည် သူ၏ အစွမ်းထက် အပြင်ခန္ဓာကိုယ်ဖြင့် ဝမ်ပေါင်လဲ့အား ဖိနှိပ်ချုပ်တည်းရန် ကြံရွယ်ထားသည်။
နောက်ဆုံး ကျင့်ကြံသူ၏ ဝှက်ဖဲမှာ အထူးဆန်းဆုံးဖြစ်သည်။ သူသည် ခြေတစ်လှမ်းလှမ်းကာ ကိုယ်ပွားပေါင်း မြောက်မြားစွာအဖြစ် ပြောင်းလဲသွား၏။ ၎င်းတို့မှာ အဆိပ်ရှိသော အပြာရောင်အလင်းရောင်များကို ထုတ်လွှတ်ရင်း အရပ်မျက်နှာ အနှံ့မှနေ၍ ရှေ့သို့ ပြေးထွက်လာကြတော့သည်။
ဝမ်ပေါင်လဲ့မှာမူ သူ၏ပြိုင်ဘက်လေးယောက် သူ့ဆီသို့ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ပြေးလာနေကြသည်ကို ဂရုမစိုက်သည့် အမူအရာဖြင့် ကြည့်နေလိုက်၏။ ထို့နောက် သူသည် ရုတ်တရက်ဆိုသလို ညာဘက်လက်ကိုမြှောက်ကာ ဝှေ့ယမ်းလိုက်တော့သည်။ ထိုအခါ သူ၏ရှေ့တွင် ဦးညွှတ်အရိုအသေပေးနေကြသည် ဝိညာဉ်များမှာ ရုတ်တရက်ဆိုသလို ခေါင်းများ မော့လာကြ၏။ ထို့နောက် ၎င်းတို့မှာ ပါးစပ်များဟကာ အော်ဟစ်လိုက်ကြသည်။ ၎င်းတို့မှာ အသံမထွက်ပါသော်လည်း အာရုံခံနိုင်စွမ်းများထဲအထိ ထိုးဖောက်နိုင်စွမ်း ရှိနေဆဲပင်။ ထို ဝိညာဉ်များများမှာ ထိုသို့ အော်ဟစ်လိုက်ကြပြီးနောက် ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူလေးယောက်ဆီသို့ အကြောက်အလန့်မရှိ ပြေးသွားကြတော့သည်။
၎င်းတို့မှာ အလွန်အင်မတန်မှ မြန်ဆန်ပြီး ၎င်းတို့၏ အရေအတွက်မှာလည်း များပြားလွန်းနေ၏။ ထို့ကြောင့် ထိုကျင့်ကြံသူလေးယောက်ဆီသို့ ဝိညာဉ်ပင်လယ်ကြီးတစ်စင်း စီးဆင်းသွားသကဲ့သို့ပင်။ ထို ဝိညာဉ်များမှာ ထို ကျင့်ကြံသူ လေးယောက်ထက် အများကြီးပို၍ အားနည်းသောကြောင့် ၎င်းတို့၏ များပြားလှသော အရေအတွက်နှင့်ပင်လျှင် သူတို့အား အနိုင်ယူနိုင်မည် မဟုတ်ပါသော်လည်း ဝမ်ပေါင်လဲ့အတွက် အချိန်ဆွဲပေးနိုင်စွမ်း ရှိနေဆဲပင်။
အာကာသထဲ၌ ဝိညာဉ်စွမ်းအင်လှိုင်းများ တုန်ခါနေကြစဉ် ဝမ်ပေါင်လဲ့မှာ ဝိညာဉ်ပင်လယ်ကြီးထဲ၌ ပိတ်မိနေကြသည့် ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူလေးယောက်အား တစ်ချက်လေးပင် မကြည့်ဘဲ ဖုန့်ချိုးရန်အား ချုပ်နှောင်ထားသည့် တိမ်တိုက်ကြီးဆီသို့ ခံစားချက်မပါသည့် မျက်နှာအမူအရာဖြင့် သွားလိုက်၏။ သူသည် ထိုတိမ်တိုက်ကြီး၏ ရှေ့တွင် ချက်ချင်းဆိုသလိုပင် ပေါ်ပေါက်လာပြီး သူ၏ ညာဘက်လက်အား ၎င်း၏ အပြင်ဘက်ဆုံး အလွှာပေါ်သို့ တင်လိုက်၏။
ထိုအခါ ထို တိမ်တိုက်ထဲတွင် ကျန်ရစ်နေသေးသည့် ဝိညာဉ်များနှင့် ဖုန့်ချိုးရန်၏ ခန္ဓာကိုယ်ထဲသို့ တိုးဝှေ့ဝင်ရောက်သွားကြပြီးဖြစ်သော ဝိညာဉ်များမှာ အပြင်းအထန် တုန်ရီသွားကြတော့သည်။ ၎င်းတို့မှာ ကြောက်မက်ဖွယ်ရာ စိတ်ဆန္ဒကြီးတစ်ခု၏ လွှမ်းခြုံခြင်းကို ခံလိုက်ရသည့်အလား ခံစားလိုက်ရ၏။ ထို စိတ်ဆန္ဒကြီးမှာ အေးစက်စက်လေသံကြီးဖြင့် စကားတစ်ခွန်းသာ ဆိုလိုက်သည်။
” ထွက်စမ်း ”
ထို စကားတစ်ခွန်းကြောင့် ထို ဝိညာဉ်များအားလုံးမှာ ဖရိုဖရဲဖြစ်သွားကြပြီး အပြင်ဘက်သို့ ချက်ချင်း ပြေးထွက်လာကြတော့သည်။ အနီရောင်တိမ်တိုက်ကြီးမှာ ထိုဝိညာဉ်များအား ထိန်းသိမ်းထားနိုင်စွမ်း မရှိသောကြောင့် ချက်ချင်းဆိုသလိုပင် ပေါက်ကွဲသွားရ၏။ ထို့ကြောင့် ဝိညာဉ်အမြောက်အမြား အရပ်မျက်နှာအနှံ့သို့ ပြန့်ထွက်သွားကြပြီနောက် အသက်ရှူသံများ လေးလံနေသည့် ဖုန့်ချိုးရန်တစ်ယောက် ပေါ်ပေါက်လာတော့သည်။
ဖုန့်ချိုးရန်မှာ အစွမ်းထက် ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ရာ အချိန်အတော်အတန်ကြာအောင် ပိတ်မိနေခဲ့ပြီး သန့်စင်ခံနေခဲ့ရသည့်တိုင်အောင် သူမ၏ အသိစိတ်မှာ ကြည်လင်ပြတ်သားနေဆဲပင်။ ထို့ကြောင့် သူမသည် သူမ၏ ကယ်တင်ရှင်ကို မြင်လိုက်ရသောအခါ သူငယ်အိမ်များ ကျဉ်းမြောင်းသွားရ၏။ သူမသည် အမြင်အာရုံများ အနည်းငယ်ခန့် ဝေဝါးနေပါသော်လည်း ဝမ်ပေါင်လဲ့အား မှတ်မိနေဆဲပင်။ သူမ၏ မျက်လုံးများမှာမူ သူ၏နောက်တွင် ရစ်ဝဲနေသည့် အနက်ရောင်မျက်လုံးကြီးအား စိုက်ကြည့်မိနေ၏။
ထိုမြင်ကွင်းကြောင့် သူမသည် ရီဝေဝေ ဖြစ်သွားရ၏။ သူမသည် အဆက်မပြတ် လည်ပတ်နေသည့် အာကာသတွင်းနက်ကြီး တစ်ခုထဲသို့ စိုက်ကြည့်နေရသကဲ့သို့ပင်။ သူမသည် သူမ၏ ဝိညာဉ် သူမ၏ ခန္ဓာကိုယ်ထဲမှ ဆွဲထုတ်ခံနေရသည့်အလား ခံစားလိုက်ရသဖြင့် အထိတ်တလန့် ဖြစ်သွားရပြီး သူမ၏လျှာထိပ်အား ကိုက်လိုက်၏။ ထိုနာကျင်မှုကြောင့် သူမ၏ စိတ်မှာ ပြန်လည် ကြည်လင်ပြတ်သားသွားတော့သည်။ သူမသည် ထို အနက်ရောင်မျက်လုံးကြီး၏ အကြောင်းကို သိမထားပါသော်လည်း ဝမ်ပေါင်လဲ့မှာ ထိုမျက်လုံးကြီး၏ စွမ်းအားများကို ထုတ်မသုံးရသေးကြောင်း သိထား၏။ သို့သော်ငြားလည်း ၎င်းမှာ သူမ၏ အာရုံများကို တစ်ခဏမျှ ဝေဝါးသွားအောင် လုပ်နိုင်ခဲ့သည် မဟုတ်ပါလော။ သို့ဖြစ်ရာ ထို အနက်ရောင်မျက်လုံးကြီး ပိုင်ဆိုင်ထားသည့် စွမ်းအားများမှာ စိတ်ကူးနှင့် မှန်းဆ၍ မရနိုင်လောက်အောင် ကြောက်မက်ဖွယ်ရာ ကောင်းနေလောက်ပေသည်။
” ဝမ်ပေါင်လဲ့… နင်… ”
” သခင်မကြီးချိုးရန်။ ဒီ ဝိညာဉ်တွေက ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူ လေးယောက်ကို ခဏလောက်ပဲ ထိန်းထားနိုင်မှာ။ ကျွန်တော်တို့တွေ ထွက်ပြေးနိုင်ဖို့ အချိန်လောက်မှာမဟုတ်ဘူး။ သခင်မကြီး အဲဒီလေးယောက်ထဲက တစ်ယောက်ကို ယှဉ်တိုက်နိုင်လား ” ဝမ်ပေါင်လဲ့မှာ ထိုသို့မေးလိုက်ပြီးနောက် ညာဘက်လက်ကို ဝှေ့ယမ်းကာ သူမဆီသို့ ဆေးပုလင်းအမြောက်အမြား လှမ်းပစ်ပေးလိုက်၏။
သူ၏စကားသံမှာ တည်ကြည်မှုအပြည့် ရှိနေ၏။ သို့သော်လည်း သူ၏ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်နေသည့် အေးစက်စက် အငွေ့အသက်များနှင့် သူ၏နောက်ရှိ အနက်ရောင်မျက်လုံးကြီးထဲမှ ထွက်ပေါ်နေသည့် ကြောက်မက်ဖွယ်ရာ အငွေ့အသက်များကြောင့် သူ၏ စကားသံမှာ ကျောချမ်းဖွယ်ရာ ကောင်းနေသည်။
” တိုက်နိုင်တယ် ” ဖုန့်ချိုးရန်မှာ ထိုဆေးပုလင်းများကို ယူကာ တစ်ကျိုက်တည်း မော့ချလိုက်၏။ ထို့နောက် သူမသည် မာန်ပါပါ ခေါင်းညိတ်ကာ ဝေ့ဝိုက်ကြည့်ရှုလိုက်ပြီးနောက် ဝိညာဉ်ပင်လယ်ကြီးထဲ၌ ပိတ်မိနေသည့် ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူတစ်ယောက်ဆီသို့ ဦးတည်သွားတော့သည်။ ထို့နောက် သူမသည် ထို ကျင့်ကြံသူအား စတင်တိုက်ခိုက်လိုက်၏။
ထို ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူမှာ ဖုန့်ချိုးရန်တစ်ယောက် သူမ၏တိုက်ကွက်များကို ထုတ်လွှတ်လိုက်သည်ကို မြင်လိုက်ရသောအခါ မျက်နှာအမူအရာ ပြောင်းလဲသွား၏။ ထို့နောက် သူတို့နှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် တိုက်ခိုက်နေကြသဖြင့် အားကောင်းသော ဝိညာဉ်စွမ်းအင်လှိုင်းများ ထွက်ပေါ်လာကြတော့သည်။
နောက်ထပ် ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူသုံးယောက် ကျန်ရှိနေသေးသည်။ ဝမ်ပေါင်လဲ့မှာ ထိုသုံးယောက်အား ဝေ့ဝိုက်ကြည့်ရှုကာ မျက်လုံးများ အရောင်တောက်ပသွားပြီးနောက် နောက်ဆုံးတွင် ချီလင်းအား စိုက်ကြည့်လိုက်တော့သည်။
” မြန်မြန်လေး စာရင်းရှင်းမှဖြစ်မယ် ” ဝမ်ပေါင်လဲ့မှာ ထိုသို့ရေရွတ်လိုက်ပြီးနောက် ချီလင်းဆီသို့ ခြေတစ်လှမ်းလှမ်းလိုက်၏။ သူ၏ခြေထောက် အောက်သို့ ပြန်ကျလာချိန်တွင် အနီရောင် စွမ်းအင်စီးဆင်းမှုလမ်းကြောင်းများမှာ သူ၏ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာကာ သူ၏ ပတ်ပတ်လည်၌ ရစ်ပတ်သွားကြပြီးနောက် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးအဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည်။
သူ၏ ခန္ဓာကိုယ်မှာ အရွယ်အစား သေးငယ်သွားပြီဖြစ်ရာ သူ၏ ချပ်ဝတ်တန်ဆာကြီးမှာလည်း ယခင်တုန်းကလောက် ကြီးမားနေခြင်း မရှိတော့ပေ။ သို့သော်ငြားလည်း ၎င်းဆီမှ ထွက်ပေါ်နေသည့် ရက်စက်ကြမ်းကြုတ်မှု အငွေ့အသက်များမှာ အားလျော့သွားခြင်း မရှိပေ။ ထို့အပြင် သူ၏နောက်တွင်ရှိနေသော အနက်ရောင်မျက်လုံးကြီးကြောင့် ထို ချပ်ဝတ်တန်ဆာကြီးမှာ ပို၍ပင် ကြောက်မက်ဖွယ်ရာကောင်းနေသဖြင့် သူသည် နတ်ဆိုးတစ်ပါးအဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ပင်။ သူသည် နောက်ထပ်ခြေလှမ်းတစ်လှမ်း ထပ်လှမ်းလိုက်ပြီးနောက် ချီလင်း၏ရှေ့တွင် ပေါ်ပေါက်လာပြီး သူ၏ ဘယ်ဘက်လက်သီးဖြင့် လှမ်းထိုးလိုက်တော့သည်။
ထိုလက်သီးချက်ထဲတွင် ဆွေ့ရှင်းပေါင်၊ နတ်ဘုရားဧကရာဇ် ချက်ဝတ်တန်ဆာ၊ ကြယ်တာရာ ယွမ်ယင်ဝိညာဉ်နှင့် နတ်ဆိုးမျက်လုံးပညာရပ်တို့၏ စွမ်းအားများ ကိန်းအောင်းနေ၏။
ထိုစုပေါင်းစွမ်းအားများမှာ သာမန် ယွမ်ယင်အဆင့် ကျင့်ကြံသူတစ်ယောက် ထုတ်လွှတ်နိုင်သည့် စွမ်းအားပမာဏထက် အများကြီးပို၍ သာလွန်နေသည်။ အမှန်အတိုင်းဆိုရလျှင် ၎င်းမှာ ယွမ်ယင်အဆင့် ကျင့်ကြံသူတစ်ယောက် ပိုင်ဆိုင်နိုင်စွမ်းမရှိမည့် စွမ်းအားမျိုးဖြစ်ပေသည်။ သို့သော် ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ တောင့်တင်းခိုင်မာသည့် အပြင်ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ထားသည့်အပြင် သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးမှာလည်း သူ၏ စွမ်းအားများကို သိုလှောင်ပေးထားနိုင်စွမ်း ရှိနေသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် ယွမ်ယင်အဆင့် ကျင့်ကြံသူတစ်ယောက် ပိုင်ဆိုင်နိုင်စွမ်းမရှိသော စွမ်းအားများကို ထုတ်လွှတ်နိုင်စွမ်း ရှိနေပြီဖြစ်သည်။
ထိုလက်သီးချက်မှာ အစောပိုင်း ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ လက်ချက်ကို ယှဉ်နိုင်စွမ်း ရှိနေရုံသာမက ထို လက်သီးချက်ထက်ပင် ပို၍ အားကောင်းနေ၏။ သို့ဖြစ်ရာ ၎င်းမှာ အလယ်အလတ် ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူတစ်ယောက် ထုတ်လွှတ်လိုက်သည့် လက်သီးချက်ကဲ့သို့ပင်။
ထို့ကြောင့် ချီလင်းမှာ ထိတ်လန့်တုန်လှုပ်သွားရ၏။ သူသည် အသံကုန်အော်ဟစ်ကာ လက်နှစ်ဖက်ကို မြှောက်၍ ဝှေ့ယမ်းလိုက်ပြီးနောက် သူ၏ဦးခေါင်းအထက်တွင် ရစ်ဝဲနေသည့် မီးခိုးရောင်တာအိုဝတ်ရုံအား သူ၏ရှေ့သို့ ဆင့်ခေါ်လိုက်သည်။ ထိုအခါ ထို ဝတ်ရုံမှာ အောက်သို့ ဆင်းလာပြီးနောက် သူ၏ရှေ့တွင်ရပ်ကာ ဝမ်ပေါင်လဲ့၏ တိုက်ကွက်အား တားဆီးရန် ပြင်လိုက်တော့သည်။
ထို့နောက် သူသည် ချက်ချင်းဆိုသလိုပင် နောက်သို့ ဆုတ်ခွာသွားရန် ပြင်လိုက်၏။ သူသည် သူ၏ လက်ခံကောင်၏ ခန္ဓာကိုယ်အား ဆုတ်ဖြဲကာ သူ၏ အဆုံးမဲ့မျိုးနွယ်စုဝင် ခန္ဓာကိုယ်အစစ်အား ထုတ်သုံးလိုသောကြောင့် သူ၏ နဖူးကို လှမ်းရိုက်လိုက်သည်။
၎င်းမှာ မှန်ကန်သော ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပြီး သူသည် အလျင်အမြန် ဆောင်ရွက်ခဲ့ပါသော်လည်း နောက်ကျသွားပြီဖြစ်သည်။
ချီလင်းတစ်ယောက် နောက်သို့ဆုတ်ခွာသွားပြီး ထို တာအိုဝတ်ရုံ သူ၏ရှေ့သို့ ပျံသန်းလာစဉ်မှာပင် ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲ၌ အဖြူရောင် အလင်းရောင်တစ်ခု ဖျတ်ခနဲ လက်သွား၏။ ထို့နောက် သူ၏နောက်တွင် တစ်ချိန်လုံး မှိတ်နေခဲ့သည့် နတ်ဆိုးမျက်လုံးကြီးမှာ ရုတ်တရက်ဆိုသလို ပွင့်လာတော့သည်။
ထိုအခါ စကြဝဠာကြီးတစ်ခုလုံးမှာ တုန်ရီသွားပြီး အရာအားလုံးမှာ တိတ်ဆိတ်ငြိမ်သက်သွား၏။ ထို့နောက် အချိန်နှင့်အာကာသ အပါအဝင် သက်ရှိများအားလုံးမှာလည်း ရပ်တန့်သွားတော့သည်။
ချီလင်းမှာလည်း ထိုနည်းတူပင်။ သူသည် သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်အား ဆက်သွယ်ပေးထားသည့် ကြိုးမျှင်လေး ပြတ်တောက်သွားသကဲ့သို့ ခံစားလိုက်ရပြီး ချက်ချင်းပင် ရပ်တန့်သွားတော့သည်။ သူ မလှုပ်မယှက် ရပ်နေစဉ်မှာပင် ဝမ်ပေါင်လဲ့မှာ မီးခိုးရောင် တာအိုဝတ်ရုံအား ရှောင်တိမ်းကာ သူ၏ဘေးမှ အလျင်အမြန် ကျော်ဖြတ်သွားလိုက်၏။ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီး၏ ညာဘက်လက်မှာမူ နတ်ဘုရားလက်နက် အလင်းရောင်များဖြင့် တောက်ပသွားသည်။
ထိုတိုက်ကွက်အား တုံ့ပြန်တိုက်ခိုက်ရန်နှင့် ရှောင်တိမ်းနိုင်ရန် နောက်ကျသွားပြီဖြစ်သလို သူ၏ လက်ခံကောင်ခန္ဓာကိုယ်ထဲရှိ အဆုံးမဲ့မျိုးနွယ်စု ခန္ဓာကိုယ်ကြီး အပြင်သို့ ဖောက်ထွက်လာနိုင်ရန်မှာလည်း နောက်ကျသွားပြီဖြစ်သည်။ နတ်ဘုရားလက်နက် လက်ကြီးမှာ ရှေ့သို့ အရှိန်အဟုန်ဖြင့် ကျရောက်လာပြီးနောက် တိုက်ပွဲကြီးအား အဆုံးသတ်ပေးလိုက်တော့သည်… ထို့နောက် ချီလင်း၏ ဦးခေါင်းမှာ တိခနဲ ပြတ်တောက်သွားပြီး လေပေါ်သို့ မြောက်တက်သွားသဖြင့် သွေးများ ပန်းထွက်လာ၏။ သူ၏ ဦးခေါင်းနှင့် ခန္ဓာကိုယ် တကွဲတပြားစီ ဖြစ်သွားကြချိန်တွင် သူ၏ ခန္ဓာကိုယ်မှာ ချက်ချင်းဆိုသလိုပင် ခြောက်သွေ့ရှုံ့တွသွားပြီး နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးမှာလည်း ၎င်း၏ အသွေးအသားများ အားလုံးကို ချက်ချင်း စုပ်ယူပစ်လိုက်တော့သည်။ ထိုအချိန်တွင် ချီလင်း၏ ဝိညာဉ်မှာလည်း အနက်ရောင်မျက်လုံးကြီး၏ ဝါးမျိုခြင်းကို ခံလိုက်ရ၏။ ထို့နောက် ဝမ်ပေါင်လဲ့၏ နောက်ရှိ ပထမဆုံး အနက်ရောင်မျက်လုံးကြီး၏ ဘေးတွင် လက်သီးဆုပ်အရွယ်အစားရှိသော ဒုတိယမြောက် မျက်လုံးတစ်လုံး ပေါ်ပေါက်လာသည်။ ထိုမျက်လုံးမှာ မှိတ်နေဆဲပင်။
” ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်ရတာ လွယ်လှပါလားဟ ” ဝမ်ပေါင်လဲ့မှာ ထိုသို့ရေရွတ်ကာ မျက်လုံးများမှိတ်လိုက်၏။ သူသည် သူ၏ ခန္ဓာကိုယ်ထဲ၌ ကျင့်ကြံခြင်းစွမ်းအားများ တိုးတက်လာသည်ကို အာရုံခံမိလိုက်သည်။ သူ၏ နတ်ဆိုးမျက်လုံးပညာရပ်မှာ ပိုမိုအစွမ်းထက်လာပြီဖြစ်ပြီး စတုတ္ထအဆင့်ဆီသို့ ဖြည်းဖြည်းချင်း တိုးတက်သွားနေပြီ ဖြစ်သည်။
သူ၏ မျက်နှာအမူအရာမှာမူ ခံစားချက်များကင်းမဲ့ကာ တည်ကြည်မှုအပြည့် ရှိနေဆဲပင်။ ၎င်းမှာ နတ်ဆိုးမျက်လုံးပညာရပ်အား လေ့ကျင့်သည့်အတွက် ပေးဆပ်ရသည့်တန်ကြေး ဖြစ်ပေသည်။ သူသည် အခြားသူများကို သတ်ဖြတ်ရာတွင် မည်သည့် ခံစားချက်ကိုမှ မခံစားနိုင်တော့ပေ။ သို့သော် သူ၏ နှလုံးသားထဲတွင်မူ စကားလုံးများနှင့် ဖော်ပြ၍ မရနိုင်သည့် စိတ်ဆန္ဒတစ်ခု ပေါ်ပေါက်လာပြီး သူ့အား ဆက်လက်သတ်ဖြတ်ရန် တိုက်တွန်းအားပေးနေသကဲ့သို့ပင်။
” စိတ်ဝင်စားစရာပဲ။ နတ်ဆိုးမျက်လုံးပညာရပ်က ကိုယ်ပိုင်အသိစိတ်တစ်ခုကို ပိုင်ဆိုင်ထားတာလား။ ငါ့ကို ထိန်းချုပ်ဖို့ကြိုးစားနေတာများလား… ” ဝမ်ပေါင်လဲ့မှာ သူ၏နှလုံးသားထဲမှ စိတ်ဆန္ဒအား အကဲခတ်လိုက်ပြီးနောက် ပိတ်မိနေဆဲဖြစ်သည့် ဒုတိယမြောက် ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူဘက်သို့ လှည့်ကြည့်လိုက်၏။ ထို့နောက် သူသည် မျက်ဝန်းများ အေးစက်စွာ တောက်ပသွားပြီး ထို ကျင့်ကြံသူဆီသို့ ဦးတည်သွားတော့သည်။
သခင်မကြီးသခင်မကြီးနဲ့ငါ့ကိုခေါ်တယ်မှတ်နေတာ