ဝမ်ပေါင်လဲ့သည် နတ်ဆိုးမျက်လုံးပညာရပ် အကြောင်းအား သူ၏အမှောင်အိပ်မက်ထဲ၌ ပထမဆုံး ဖတ်ရှုဖူးခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ မျိုးသုဥ်းပျောက်ကွယ်သွားပြီဖြစ်သော ရှေးဟောင်းလူမှုအဖွဲ့အစည်းတစ်ခုမှ ဆင်းသက်လာသည့် လျှို့ဝှက်ဆန်းကြယ် ပညာရပ်တစ်ခု ဖြစ်၏။ မှတ်တမ်းများထဲတွင် ထိုပညာရပ်မှာ ယွမ်ယင်အဆင့်အထိသာ ရှိပေသည်။ ထို့ကြောင့် အမှောင်ဂိုဏ်းမှာ ထိုပညာရပ်အား သိပ်၍ အလေးမထားခဲ့ပါသော်လည်း ၎င်းမှာ အလွန်အင်မတန်မှအားကောင်းသော အဖျက်စွမ်းအားများကို ပိုင်ဆိုင်ထားသောကြောင့် အမှောင်ဂိုဏ်း ပိုင်ဆိုင်ဖူးခဲ့သမျှ အစွမ်းအထက်ဆုံး ယွမ်ယင်အဆင့် လျှို့ဝှက်ဆန်းကြယ်ပညာရပ် သုံးခုထဲတွင် ပါဝင်ပေသည်။ အကယ်၍ ထိုပညာရပ်အား အမှောင်ပညာရပ်နှင့်တွဲ၍ လေ့ကျင့်လိုက်မည်ဆိုပါက ၎င်းအား အမှောင်ဂိုဏ်း၏ အစွမ်းအထက်ဆုံး ယွမ်ယင်အဆင့် လျှို့ဝှက်ဆန်းကြယ် ပညာရပ်အဖြစ် သတ်မှတ်နိုင်ပေသည်။ ၎င်းမှာ ပြီးပြည့်စုံခြင်း မရှိသေးသောကြောင့်သာ လူအများမှာ ၎င်းအား မလေ့ကျင့်ခဲ့ကြခြင်း ဖြစ်သည်။
ထို လျှို့ဝှက်ဆန်းကြယ် ပညာရပ်မှာ သတ်ဖြတ်ခြင်းအပေါ် ဗဟိုပြုသော ပညာရပ် ဖြစ်၏။ အဆင့်တစ်ဆင့် တက်သွားတိုင်း ကျင့်ကြံသူ၏ ကျင့်ကြံခြင်းအဆင့်မှာ ပြောင်းလဲသွားမည်ဖြစ်သည်။ သူ၏ အပြင်ခန္ဓာကိုယ်စွမ်းအားနှင့် အမြန်နှုန်းများမှာမူ တစ်ဆင့်တက်တိုင်း နှစ်ဆတိတိ တိုးတက်သွားမည်ဖြစ်သည်။
သို့ဖြစ်ရာ တတိယအဆင့်သို့ ရောက်နေသည့် ကျင့်ကြံသူမှာ ထိုလျှို့ဝှက်ဆန်းကြယ် ပညာရပ်အား စတင် လေ့ကျင့်ခဲ့စဉ်တုန်းကထက် ရှစ်ဆတိတိ ပို၍ အစွမ်းထက်နေမည်ဖြစ်သည်။ ထို့ကြောင့် ပဉ္စမအဆင့်သို့ ရောက်သွားသည့်အချိန်တွင် သူ၏ စွမ်းအားများမှာ သုံးဆယ့်နှစ်ဆတိတိ တိုးတက်နေမည်ဖြစ်ကြောင်း သိနိုင်ပေသည်။
ထိုပညာရပ်၏ ပထမအဆင့်မှာ အစောပိုင်း ယွမ်ယင်အဆင့်အတွက်၊ ဒုတိယအဆင့်မှာ အလယ်အလတ် ယွမ်ယင်အဆင့်အတွက်၊ တတိယအဆင့်မှာ နှောင်းပိုင်း ယွမ်ယင်အဆင့်အတွက် နှင့် စတုတ္ထအဆင့်မှာ ယွမ်ယင်ထိပ်ဆုံးအဆင့်အတွက် ဖြစ်ပေသည်။ စတုတ္ထအဆင့်တွင် မိမိ၏ ကျင့်ကြံခြင်းစွမ်းအားများမှာ အံ့သြဖွယ်ရာကောင်းနေမည်ဖြစ်သည်။ ထို့နောက် ထို လျှို့ဝှက်ဆန်းကြယ်ပညာရပ်၏ နောက်ဆုံးအဆင့်ဖြစ်သော ပဉ္စမအဆင့် ရှိသေးသည်။
ထို ပညာရပ်အား သာမန်နည်းလမ်းဖြင့် လေ့ကျင့်နိုင်သလို ဖြတ်လမ်းသုံး၍လည်း လေ့ကျင့်နိုင်ပေသည်။ အကယ်၍ ဖြတ်လမ်းသုံးလိုပါက ရန်သူများကို သတ်ဖြတ်ရမည် ဖြစ်သည်။ ရန်သူများကို ပို၍သတ်နိုင်လေလေ၊ ပို၍ အစွမ်းထက်လာလေလေ၊ ပို၍ အသိစိတ် ပျောက်လာလေလေ ဖြစ်သွားမည် ဖြစ်သည်။
အမှန်တွင် သတ်ဖြတ်ခြင်းသာလျှင် ထို လျှို့ဝှက်ဆန်းကြယ်ပညာရပ်အား လေ့ကျင့်နိုင်သည့် နည်းလမ်းအစစ်အမှန်တစ်ခု ဖြစ်ပေသည်။
ထို လျှို့ဝှက်ဆန်းကြယ်ပညာရပ်အား စတင်လေ့ကျင့်ခါစတွင် ခန္ဓာကိုယ် အပြင်ဘက်၌ အဖြူရောင်မျက်လုံးတစ်လုံးကို ဆင့်ခေါ်နိုင်မည်ဖြစ်သည်။ သို့သော် ၎င်းမှာ သာမန်ကျင့်ကြံသူများအတွက်သာ ဖြစ်၏။ အကယ်၍ ထို လျှို့ဝှက်ဆန်းကြယ်ပညာရပ်အား လေ့မကျင့်ရသေးခင် အမှောင်ပညာရပ်ကို လေ့ကျင့်ထားမည်ဆိုပါက ထိုမျက်လုံးမှာ အနက်ရောင် နတ်ဆိုးမျက်လုံးအဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။
၎င်းမှာ လက်ရှိတွင် ဝမ်ပေါင်လဲ့၏ နောက်၌ ပေါ်ပေါက်လာသော ကျောချမ်းဖွယ်ရာ မျက်လုံးကြီးကဲ့သို့ပင်။
ယခုတွင် သူသည် မျက်လုံးတစ်လုံးကိုသာ ပိုင်ဆိုင်ထားသေးသည်။ သို့သော် သူသည် လူတစ်ယောက်သတ်ပြီးတိုင်း သူ၏ ရုပ်အလောင်းများထဲမှ သူ၏ ဝိညာဉ်ကို ထုတ်ယူကာ ၎င်းအား နောက်ထပ် နတ်ဆိုးမျက်လုံးတစ်လုံး အဖြစ်သို့ ပြောင်းလဲပစ်နိုင်စွမ်း ရှိပေသည်။ ထို နတ်ဆိုးမျက်လုံး တစ်လုံးချင်းစီတိုင်းမှာ မန္တန်များကို တွန်းလှန်ဖျောက်ဖျက်နိုင်စွမ်း ရှိနေမည်ဖြစ်သည်။ ၎င်းအား ဖောက်ခွဲလိုက်မည်ဆိုပါက အလွန်အင်မတန်မှအားကောင်းသော စွမ်းအားတစ်မျိုး ထွက်ပေါ်လာမည် ဖြစ်သည်။ ၎င်း၏ ပေါက်ကွဲအားမှာ ၎င်းအား ဖန်တီးရန် သတ်ဖြတ်ခံခဲ့ရသည့် လူပုဂ္ဂိုလ်၏ ခန္ဓာကိုယ်အား ဖောက်ခွဲပစ်ရာမှ ထွက်ပေါ်လာနိုင်သည့် ပြင်းအားနှင့် အတူတူပင် ဖြစ်သည်။
” အမှောင်ပညာရပ်နဲ့ဆိုရင် အံကိုက်ပဲ… တွေးကြည့်ရင် ဒီ ပညာရပ်က ကျူးသိုပညာရပ်နဲ့တောင် တွဲသုံးလို့ရရင် ရလောက်တယ် ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှိတ်ကာ တရားထိုင်နေရင်း နတ်ဆိုးမျက်လုံးပညာရပ်အား လေ့ကျင့်နေ၏။ သူသည် အတွေးများထဲတွင် နစ်မျောနေရင်း ကျူးသိုပညာရပ်အကြောင်း တွေးမိသွားခြင်းဖြစ်သည်။
ကျူးသိုပညာရပ်သည်လည်း သတ်ဖြတ်ခြင်းအား ဗဟိုပြုသည့် အခြား လျှို့ဝှက်ဆန်းကြယ်ပညာရပ်တစ်ခု မဟုတ်ပါလော။ ၎င်းအား လေ့ကျင့်နိုင်သည့် အဓိကနည်းလမ်းမှာ သက်ရှိများ၏ အသွေးအသားများကို စုပ်ယူခြင်းဖြစ်သည်။ ထိုသို့စုပ်ယူခြင်းဖြင့် မိမိ၏ အပြင်ခန္ဓာကိုယ်မှာ ပိုမိုသန်မာလာမည်ဖြစ်သလို ကျင့်ကြံခြင်းစွမ်းအားများမှာလည်း တိုးတက်လာမည် ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ထိုပညာရပ်အား ပြုပြင်မွမ်းမံခဲ့ပြီးနောက် ထိုပညာရပ်မှ စုပ်ယူ၍ရသည့် အရာအားလုံးကို နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာထဲသို့ ထည့်သွင်းခဲ့၏။ ထို့ကြောင့် ကျူးသိုပညာရပ်နှင့် သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးမှာ တစ်သားတည်းပေါင်းစည်းသွားခဲ့ပြီး သူ၏ အပြင်ခန္ဓာကိုယ်ပေါ်မှ ခွဲထွက်နေသည့် နောက်ထပ်ခန္ဓာကိုယ်အသစ်တစ်ခု ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ သို့သော် ၎င်းမှာ ကန့်သတ်ချက်များရှိပေသည်။
” ကျူးသိုပညာရပ်မှာ ကန့်သတ်ချက်တွေရှိပေမဲ့ နတ်ဆိုးမျက်လုံးက မရှိဘူး… ” ဝမ်ပေါင်လဲ့မှာ ထိုသို့ရေရွတ်လိုက်၏။ ထို့နောက် သူသည် တစ်စုံတစ်ခုအား တွေးမိလိုက်ပြီးနောက် သူ၏စိတ်မှာ တည်ငြိမ်သွား၏။ ထို့နောက် သူသည် သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာအား ဖယ်ရှားလိုက်တော့သည်။
ထိုအခါ သူ၏ ခန္ဓာကိုယ်ပေါ်မှ အသားများမှာ တိမ်တိုက်ကြီးနှင့် ချက်ချင်းပင် ထိတွေ့သွား၏။ သူသည် လူတိုင်းအား ကြောက်ရွံ့တုန်လှုပ်သွားစေနိုင်သည့် စွမ်းအားများ ထုတ်လွှတ်နေသော ဧရာမ သားရဲကြီးတစ်ကောင်နှင့် တူနေသည်။
သူ၏ ခန္ဓာကိုယ်ထဲမှ အလယ်အလတ် ယွမ်ယင်အဆင့် ကျင့်ကြံခြင်းစွမ်းအင်လှိုင်းများ ထွက်ပေါ်လာ၏။ သူသည် အလယ်အလတ် ယွမ်ယင်အဆင့်၏ ထိပ်ဆုံးအဆင့်သို့ ရောက်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်အဆီများထဲတွင်လည်း ဝိညာဉ်စွမ်းအင် အမြောက်အမြား ကိန်းအောင်နေသေးသည်။ ၎င်းတို့မှာ ဝမ်ပေါင်လဲ့၏ နတ်ဆိုးမျက်လုံးပညာရပ်အတွက် လိုအပ်သည့် အခြေခံအုတ်မြစ်အဖြစ်သို့ ပြောင်းလဲသွားကြမည်ဖြစ်သည်။
သူ၏ ကျင့်ကြံခြင်းအဆင့် တိုးတက်လာသည်နှင့် တစ်ပြိုင်နက် သူ၏နောက်တွင်ရှိနေသော အနက်ရောင်မျက်လုံးကြီးမှာလည်း ပို၍သိသာထင်ရှားလာသည်။ ၎င်းဆီမှ ထွက်ပေါ်နေသည့် အငွေ့အသက်များမှာလည်း ပို၍ပင်အေးစက်လာ၏။ တစ်ချိန်ထဲမှာပင် သူ၏ ခန္ဓာကိုယ် အရွယ်အစားမှာလည်း စတင်သေးငယ်လာတော့သည်။
ဝိညာဉ်အဆီ အမြောက်အမြားမှာ ဝိညာဉ်ချီများအဖြစ် ချက်ချင်းဆိုသလိုပင် ပြောင်းလဲသွားကြပြီး သူ၏နောက်တွင်ရှိနေသော နတ်ဆိုးမျက်လုံးထဲသို့ စီးဝင်သွားကြ၏။ ၎င်းမှာ သာမန်စုပ်ယူမှုတစ်ခု မဟုတ်ပေ။ ယခင်တုန်းက ဝမ်ပေါင်လဲ့မှာ ကျင့်ကြံခြင်းစွမ်းအားများကိုသာ ပိုင်ဆိုင်ထားပြီး မည်သည့် ကျင့်ကြံခြင်းပညာရပ်ကိုမှ ပိုင်ဆိုင်ထားခဲ့ခြင်း မရှိပေ။ သို့သော် ယခုတွင်မူ သူသည် သူ၏ ကျင့်ကြံခြင်းလမ်းစဉ်အား အဆုံးအဖြတ်ပေးမည့် ကျင့်ကြံခြင်းပညာရပ်ကို ရွေးချယ်ပြီးသွားပြီဖြစ်သည်။ ထို့ကြောင့် နတ်ဆိုးမျက်လုံးပညာရပ်မှာ စတင်အသက်ဝင်လာတော့သည်။ သို့ဖြစ်ရာ သူ၏ ခန္ဓာကိုယ်မှာ အလွန်အင်မတန်မှသေးငယ်သော အမှုန်အမွှားလေးများအဖြစ် ပြိုကွဲသွားပြီးနောက် ပြန်လည်စုစည်းသွားသကဲ့သို့ပင်။
ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အရွယ်အစားမှာ ချက်ချင်းဆိုသလိုပင် တစ်ဝက်တိတိ ကျုံ့ဝင်သွား၏။ သူသည် နတ်ဆိုးမျက်လုံးပညာရပ်၏ ပထမအဆင့်သို့ ရောက်သွားပြီဖြစ်သည်။ သို့ဖြစ်ရာ သူသည် ယခုမှ အစောပိုင်း ယွမ်ယင်အဆင့်သို့ တရားဝင် ရောက်ရှိသွားခြင်းလည်း ဖြစ်ပေသည်။
သူသည် ထိုမျှလောက်နှင့် ပြီးမသွားသေးပေ။ နတ်ဆိုးမျက်လုံးပညာရပ်မှာ ဆက်လက်တိုးတက်နေဆဲဖြစ်သောကြောင့် သူ၏ ခန္ဓာကိုယ်အရွယ်အစားမှာ ထပ်၍ သေးငယ်သွားပြန်သည်။ ထို့ကြောင့် ခဏအကြာတွင် သူ၏ ခန္ဓာကိုယ်မှာ သာမန်လူတစ်ယောက်ကဲ့သို့ ပြန်ဖြစ်သွားပြီး သူသည်လည်း နတ်ဆိုးမျက်လုံးပညာရပ်၏ ဒုတိယအဆင့်သို့ ရောက်ရှိသွား၏။
ထိုအခါ သူ၏အသိစိတ်ထဲ၌ မိုးခြိမ်းသံကဲ့သို့သော ထစ်ချုန်းသံများ အဆက်မပြတ်ထွက်ပေါ်လာ၏။ သူ၏ နောက်တွင်ရှိနေသည့် နတ်ဆိုးမျက်လုံးမှာလည်း ပို၍ပင် သိသာထင်ရှားလာပြီး မျက်လုံးအစစ်တစ်လုံးနှင့်ပင် ပို၍ တူလာတော့သည်။ ၎င်းအား မြင်လိုက်ရသူတိုင်းမှာ ကြောက်ရွံ့တုန်လှုပ်သွားရမည်သာ ဖြစ်သည်။
နတ်ဆိုးမျက်လုံးပညာရပ်၏ တိုးတက်မှုမှာ ရပ်တန့်သွားခြင်း မရှိသေးပေ။ သူသည် နောက်ဆုံးနန်းတော်ကြီးထဲ၌ ဝိညာဉ်ချီ အမြောက်အမြား စုစည်းနိုင်ခဲ့သည် မဟုတ်ပါလော။ သူ၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်အဆီများအားလုံးမှာ ကုန်ခန်းသွားပြီ ဖြစ်ပါသော်လည်း သူ၏ စွမ်းအင်စီးဆင်းမှုလမ်းကြောင်းများထဲတွင် ဝိညာဉ်ချီ အမြောက်အမြား ကျန်ရှိနေဆဲပင်။ ထို ဝိညာဉ်ချီများမှာ သူ၏ နတ်ဆိုးမျက်လုံးပညာရပ်အား တတိယအဆင့်သို့ရောက်အောင် တွန်းပို့ပေးနေ၏။
အသက်ရှူကြိမ် ဆယ်ကြိမ်မျှ ကုန်ဆုံးသွားပြီးနောက် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲ၌ အဆက်မပြတ် လည်ပတ်နေခဲ့သည့် ကျင့်ကြံခြင်းစွမ်းအားများမှာ ရပ်တန့်သွားတော့သည်။ ၎င်းမှာ နတ်ဆိုးမျက်လုံးပညာရပ်နှင့် တစ်သားတည်း ပေါင်းစည်းသွားပြီဖြစ်ပြီး ထိုပညာရပ်အား ဒုတိယအဆင့်မှ တတိယအဆင့်သို့ မြှင့်တင်ပေးလိုက်ပြီဖြစ်သည်။
ထို့ကြောင့် သူသည်လည်း နှောင်းပိုင်း ယွမ်ယင်အဆင့်သို့ ရောက်ရှိသွားတော့သည်။
ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး အပြင်းအထန်တုန်ရီသွားပြီးနောက် သူ၏ ခန္ဓာကိုယ်ထဲမှ သူ ပိုင်ဆိုင်ဖူးခဲ့သမျှ အငွေ့အသက်များထဲတွင် အားအကောင်းဆုံးဖြစ်သည့် အငွေ့အသက်တစ်ခု ထွက်ပေါ်လာတော့သည်။ ၎င်းမှာ သူ၏ အနီးတစ်ဝိုက်ရှိ မည်သည့်အရာကိုမဆို ဖိနှိပ်ချုပ်တည်းပစ်နိုင်စွမ်းရှိသော စွမ်းအားမျိုးဖြစ်ပေသည်။
သူ၏ ဘေးပတ်ပတ်လည်ရှိ တိမ်တိုက်ကြီးထဲတွင် အဆက်မပြတ် ပေါ်ပေါက်လာနေကြသည့် ဝိညာဉ်မျက်နှာကြီးများမှာ ထိုအငွေ့အသက်များအား စတင်သတိထားမိလာကြ၏။ ထို့ကြောင့် ၎င်းတို့မှာ မျက်နှာအမူအရာများ ပြောင်းလဲသွားရတော့သည်။ ၎င်းတို့မှာ ရိုသေလေးစားကာ ကြောက်ရွံ့တုန်လှုပ်နေသည့် အမူအရာများဖြင့် နောက်သို့ ဆုတ်ခွာသွားကြပြီ ဖြစ်သည်။
၎င်းတို့မှာ ဝမ်ပေါင်လဲ့နှင့် သူ၏နောက်ကျောဘက်အား ကာကွယ်ပေးနေသည့် ကျောချမ်းဖွယ်ရာ မျက်လုံးကြီးထဲမှ ထွက်ပေါ်လာနေသော အေးစက်စက် အငွေ့အသက်များကို အာရုံခံမိနေကြ၏။ ထို့ကြောင့် ၎င်းတို့မှာ ကြောက်လန့်တကြား ဖြစ်သွားကြပြီး ဝမ်ပေါင်လဲ့နားသို့ မကပ်ရဲကြတော့ပေ။
အကယ်၍ ၎င်းတို့မှာ ရွေးချယ်ခွင့်သာ ရှိမည်ဆိုပါက ဝမ်ပေါင်လဲ့နှင့် ခပ်ဝေးဝေးတွင်သာ နေနေကြမည်ဖြစ်သည်။ သို့သော်ငြားလည်း အနီရောင်တိမ်တိုက်ကြီးမှာ အကျဉ်းထောင်ကြီးတစ်ခုကဲ့သို့ ဖြစ်နေပြီး ၎င်းတို့၏ အရေအတွက်မှာလည်း တဖြည်းဖြည်းနှင့် ပို၍များပြားလာနေသောကြောင့် ၎င်းတို့မှာ ထွက်ပြေးနိုင်စွမ်း မရှိတော့ပေ။ သို့ဖြစ်ရာ ၎င်းတို့၏ ထွက်ပေါက်ဟူ၍ ဝမ်ပေါင်လဲ့တစ်ယောက်သာ ကျန်ရှိတော့သည်။ အကယ်၍ ၎င်းတို့မှာ သူ့အား ဝါးမျိုနိုင်စွမ်း မရှိပါက သူသည် ၎င်းတို့အား ဝါးမျိုတော့မည် ဖြစ်သည်။
ထို့ကြောင့် ထိုဝိညာဉ်များမှာ ဆုပ်လည်းဆူး စားလည်းရူး အနေအထားသို့ ရောက်နေရပြီ ဖြစ်သည်။ ဝိညာဉ်ဖြည့်သွင်းဖျက်ဆီးခြင်း မန္တန်အစီအရင်ကြီးမှာလည်း ၎င်းတို့အား အတင်းအဓမ္မ ဆွဲငင်နေဆဲပင်။ ထို့ကြောင့် အနီရောင်တိမ်တိုက်ကြီးထဲတွင် စုဝေးနေကြသည့် ဝိညာဉ်များမှာ အသိစိတ်များပျောက်ကာ စတင်သောင်းကျန်းလာကြတော့သည်။ ၎င်းတို့၏ ဒေါသစိတ်များကြောင့် အနီရောင် တိမ်တိုက်ကြီးတစ်ခုလုံးမှာလည်း တလိပ်လိပ် ထလာရ၏။
တာအိုဘုန်းတော်ကြီးယိုရန်မှာ ထိုကဲ့သို့ ဖြစ်သွားလိမ့်မည်ဟု မျှော်လင့်ထားခဲ့ခြင်းမရှိပေ။ ချီလင်းနှင့် အခြား အဆုံးမဲ့မျိုးနွယ်စုဝင် ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူများသာမက စစ်သင်္ဘောကြီးများပေါ်တွင် တရားထိုင်နေကြသည့် တာအိုနန်းတော် ကျင့်ကြံသူများမှာလည်း သူတို့ကြောင့် ပေါ်ပေါက်လာနေသည့် သတ္တဝါကြီးအား သတိမထားမိကြသေးပေ။
သို့သော် ဝမ်ပေါင်လဲ့အား ချုပ်နှောင်ထားသည့် တိမ်တိုက်ကြီးမှာ ဖုန့်ချိုးရန်အား ချုပ်နှောင်ထားသည့် တိမ်တိုက်ကြီးနှင့် ယှဉ်လိုက်ပါက သိသိသာသာ ကွဲပြားနေသည်ကို အထင်းသား မြင်နိုင်ပေသည်။ သို့ဖြစ်ရာ ချီလင်းနှင့် အခြားသူများမှာ ထိုအချက်အား သတိထားမိသွားကြ၏။ ဖုန့်ချိုးရန်အား ချုပ်နှောင်ထားသည့် တိမ်တိုက်ကြီးမှာ ဝမ်ပေါင်လဲ့ ပိတ်မိနေသည့် တိမ်တိုက်ကြီးနှင့် ယှဉ်လိုက်ပါက ငြိမ်သက်လွန်းနေသည် မဟုတ်ပါလော။ ထို တိမ်တိုက်များထဲ၌ ဖြစ်ပျက်နေသည့် အခြင်းအရာများကို မည်သူကမှ မသိကြပါသော်လည်း သူတို့မှာ ထို အနီရောင်တိမ်တိုက်ကြီးထဲမှ ထူးဆန်းသော ဝိညာဉ်စွမ်းအင်လှိုင်းများ စိမ့်ထွက်လာနေသည်ကို အာရုံခံမိနေဆဲပင်။
ချီလင်းနှင့် အခြားသူများမှာ ထို တိမ်တိုက်ကြီးနှစ်ခု၏ သိသာထင်ရှားလှသော ကွဲပြားခြားနားချက်များကို သတိထားမိလိုက်ပါသော်လည်း ၎င်းတို့ထဲတွင် ဖြစ်ပျက်နေသည့်အရာများကို စုံစမ်းနိုင်စွမ်း မရှိသောကြောင့် မျက်မှောင်များကြုတ်ကာ စောင့်ကြည့်နေရုံမှတစ်ပါး အခြား ဘာမှမတတ်နိုင်ပေ။
” ဝမ်ပေါင်လဲ့က တခြားသူတွေနဲ့ မတူဘဲ ထူးခြားနေလို့များလား ” ချီလင်းနှင့် သူ၏ မိတ်ဆွေအပေါင်းအပါများမှာ တစ်ယောက်ကိုတစ်ယောက် အကဲခတ်လိုက်ကြ၏။ သူတို့မှာ အသံနလွှင့် အကြောင်းကြားစာများဖြင့် အပြန်အလှန် ပြောဆိုလိုက်ကြပြီးနောက် စိတ်ထဲ၌ ခိုးလိုးခုလု ဖြစ်လာကြတော့သည်။ ထို့ကြောင့် နောက်ဆုံးတွင် သူတို့မှာ ထိုကိစ္စနှင့်ပတ်သက်၍ တာအိုဘုန်းတော်ကြီးယိုရန်အား မေးမြန်းရန် ဆုံးဖြတ်လိုက်ကြတော့သည်။
သူတို့ ထိုသို့မေးရန် ပြင်လိုက်စဉ်မှာပင် ထို အနီရောင် တိမ်တိုက်ကြီးထဲ၌ တရားထိုင်နေသည့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများပြန်ပွင့်လာ၏။
ထိုအခါ သူ၏ပတ်ပတ်လည်ရှိ တိမ်တိုက်ကြီးထဲတွင် ရှိနေကြသော မျက်နှာများမှာ ရုတ်တရက်ဆိုသလို အပြင်းအထန် တုန်ရီသွားကြတော့သည်။ ၎င်းတို့မှာ အသံကုန် အော်ဟစ်ပစ်ချင်စိတ်များ ပေါ်ပေါက်လာပါသော်လည်း ထိတ်လန့်ကြောက်ရွံ့နေသောကြောင့် မအော်နိုင်ဘဲ ဖြစ်နေရ၏။ ဝမ်ပေါင်လဲ့၏ နှုတ်မှ စကားတစ်ခွန်း ထွက်လာရုံနှင့် သူတို့မှာ ဇီဝိန်ချုပ်သွားနိုင်သည့်ပုံပင်။
ဝမ်ပေါင်လဲ့မှာမူ အေးစက်စက်မျက်ဝန်းများဖြင့် သူ၏ ပတ်ပတ်လည်ရှိ ဝိညာဉ်များအား ဝေ့ဝိုက်ကြည့်ရှုလိုက်၏။ ထို့နောက် သူသည် သူ၏ ညာဘက်လက်ကိုမြှောက်ကာ လက်ညှိုးထိုးလိုက်သည်။ သူသည် စကားတစ်ခွန်းမှ မပြောပါသော်လည်း ထိုသို့ လက်ညှိုးထိုးလိုက်ရုံမျှဖြင့် သူ၏ စိတ်ဆန္ဒမှာ တိမ်တိုက်ကြီးထဲရှိ ဝိညာဉ်များအားလုံး၏ အသိစိတ်ထဲသို့ ဝင်ရောက်သွား၏။ ထိုအခါ ၎င်းတို့မှာ အပြင်းအထန် တုန်ရီသွားကြပြီး ချက်ချင်းဆိုသလိုပင် နောက်သို့ လှည့်သွားကြတော့သည်။ ၎င်းတို့မှာ အမိန့်တစ်ခု လက်ခံရရှိလိုက်သည့် စစ်သားများကဲ့သို့ ရုတ်တရက်ဆိုသလို အပြင်ဘက်သို့ သွေးရူးသွေးတန်း ချီတက်သွားကြတော့သည်။
ထို့ကြောင့် အနီရောင်တိမ်တိုက်ကြီးမှာလည်း အပြင်းအထန် တုန်ရီလာရ၏။ ၎င်းမှာ အပြင်ဘက်သို့ မရပ်မနား ပြန့်ကားလာနေသောကြောင့် အချိန်မရွေး ပေါက်ကွဲသွားနိုင်သည့်ပုံပင်။ ထို တိမ်တိုက်ကြီးထဲတွင်မူ မျက်နှာပေါင်းမြောက်မြားစွာမှာ ရှုံ့မဲ့နေသည့် မျက်နှာအမူအရာများဖြင့် အော်ဟစ်ရုန်းကန်နေကြသည်ကို မြင်နိုင်ပေသည်။
ချီလင်းနှင့် အခြားသူများမှာ ထိုမြင်ကွင်းအား မြင်လိုက်ရတော့အခါ ထိတ်လန့်တုန်လှုပ်သွားရ၏။ ထို့နောက် သူတို့မှာ ချက်ချင်းဆိုသလိုပင် အန္တရာယ်ကြီးတစ်ခုနှင့် ရင်ဆိုင်ရတော့မည့်အလား ခံစားလိုက်ရတော့သည်။ သူတို့မှာ ထိုတိမ်တိုက်ကြီးအား သေသေချာချာ မကြည့်ရှုနိုင်ခင်မှာပင် စိတ်ကူးနှင့်ပင် မှန်းဆ၍မရနိုင်သော အားကောင်းသော စွမ်းအားတစ်မျိုး ပေါက်ကွဲထွက်ပေါ်လာ၏။ ၎င်းမှာ ဆူနာမီလှိုင်းလုံးကြီး တစ်ခုကဲ့သို့ အရာအားလုံးကို လွှမ်းခြုံပစ်တော့မည့်ပုံပင်။ အနီရောင်တိမ်တိုက်ကြီးမှာမူ အသိစိတ်ပျောက်နေပြီဖြစ်သော ဝိညာဉ်များကို ထိန်းသိမ်းနိုင်စွမ်းမရှိတော့သဖြင့် ၎င်း၏ အပြင်ဘက်ဆုံး အလွှာများမှာ ပေါက်ကွဲပျက်စီးသွားကြပြီး အရပ်မျက်နှာအနှံ့သို့ အရှိန်အဟုန်ဖြင့် လွင့်စင်သွားကြတော့သည်။
ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူ လေးယောက်မှာ ထိုပေါက်ကွဲမှုအား ရှောင်တိမ်းနိုင်စွမ်း မရှိလိုက်ပေ။ ထို့ကြောင့် ထိုပေါက်ကွဲမှုမှ ထွက်ပေါ်လာသည့် စွမ်းအားများမှာ သူတို့အား ရိုက်ခတ်သွားကြသဖြင့် သူတို့မှာ တစ်ကိုယ်လုံးတုန်ရီသွားကြပြီး နောက်သို့ ဆုတ်ခွာသွားရတော့သည်။ သူတို့၏ ပတ်ပတ်လည်တွင် ရှိနေကြသော စစ်သင်္ဘောကြီးများမှာမူ ကလေးကစားစရာ အရုပ်များကဲ့သို့ အဝေးသို့ လွင့်ထွက်သွားကြသဖြင့် အရာအားလုံးမှာ ဖရိုဖရဲ ဖြစ်သွားရ၏။ ချီလင်းနှင့် အခြား ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူများမှာမူ ချက်ချင်းဆိုသလိုပင် မျက်နှာအမူအရာ ပြောင်းလဲသွားကြသည်။ ထိုအချိန်တွင် အနီရောင်တိမ်တိုက်ကြီးထဲမှ ထွက်ပြေးလွတ်မြောက်လာပြီး အပြင်ဘက်သို့ ထိုးထွက်လာကြသော ဝိညာဉ်များမှာ ထိုတိမ်တိုက်ကြီးဆီသို့ ပြန်လှည့်သွားကြ၏။ ထို့နောက် ၎င်းတို့မှာ ထို တိမ်တိုက်ကြီးထဲသို့ စိုက်ကြည့်ရင်း ဦးညွှတ် အရိုအသေပေးလိုက်ကြတော့သည်။
ထိုမြင်ကွင်းမှာ မှင်တက်ဖွယ်ရာ ကောင်းလှပေသည်။ ထိုအချိန်တွင် အရပ်ရှည်ရှည် ပိန်သွယ်သွယ် လူပုဂ္ဂိုလ်တစ်ယောက်မှာ ထိုတိမ်တိုက်ကြီးထဲမှ ထွက်ပေါ်လာ၏။ သူသည် သူ၏ ဆံပင်ရှည်များကို နောက်ကျောဘက်တွင် ဖားလျားချထားသည်။
ထိုပုဂ္ဂိုလ်မှာ ဝမ်ပေါင်လဲ့ ဖြစ်ပေသည်။
” မင်းတို့တွေကြောင့် ငါ လျှောက်မယ့် ကျင့်ကြံခြင်းလမ်းစဉ်ကို ဆုံးဖြတ်ပြီးသွားပြီ ” သူ တိမ်တိုက်ကြီး၏ အပြင်ဘက်သို့ ရောက်လာသည်နှင့် အေးစက်စက်စကားသံကြီး တစ်သံမှာ လူတိုင်း၏ အသိစိတ်ထဲ၌ ပဲ့တင်ထပ်သွား၏။ ထိုစကားသံကြီးမှာ အရာအားလုံးကို အေးခဲပစ်နိုင်စွမ်း ရှိနေသည့်ပုံပင်။ ဝမ်ပေါင်လဲ့၏ နောက်တွင်မူ မည်းနက်နေသည့် မျက်လုံးတစ်လုံးအား အထင်းသား မြင်နေရ၏။
ထိုမြင်ကွင်းကြီးမှာ ကြောက်မက်ဖွယ်ရာ ကောင်းလှပေသည်။
ပိန်သွားပြန်ပြီလား သူဝိတ်ချတာမြန်လိုက်တာ