Switch Mode

အခန်း ( ၅၉ )

ရှုံးရွာသူရွာသားများ တုတ်ခိုင်သန်မာရခြင်း၏ လျှို့ဝှက်ချက်အတု

ချုံတောင်လေးဆီ ရောက်လာသူမှာ လီချန်ရှို့နှင့်အတူ မြောက်ကျွန်းသို့သွားခဲ့သော လျှိုယန်အာဖြစ်သည်။

လျှိုယန်အာရောက်လာပြီးနောက် မကြာခင် နောက်ထပ် ဂိုဏ်းတူအစ်ကို နှစ်ယောက်သည် သူမနောက်သို့ လိုက်လာ၏။

မိုးမခပင်အောက်တွင် လန်လင်းအယ်သည် ထိုသုံးယောက် စောစောပြန်သွားစေရန် ရှက်ရွံ့ဟန်လုပ်ပြနေသည်။

သို့သော်ငြား ယင်းဂိုဏ်းတူအစ်ကိုနှစ်ယောက်သည် တစ်ဦးကိုတစ်ဦး မျက်ခြေပြတ်ခံမည် မဟုတ်ပေ။ အခြေအနေသည် တင်းမာနေလေ၏။

သူမ မည်သို့လုပ်သင့်သနည်း။

သူမ ဆရာတူအစ်ကိုနှင့် မသက်ဆိုင်သော အခြားသူများ၏ ကိစ္စတွင် သူမဝင်မပတ်သတ်လိုပေ။

သူမနှင့် မရင်းနှီးသော ထိုသုံးယောက်သည် ခင်းကျင်းပေးထားသော စားပွဲပုလေး၏ အခြားတစ်ဖက်တွင် ထိုင်နေကြသည်။

လန်လင်းအယ်နှင့် မျက်နှာချင်းဆိုင် ထိုင်နေသူမှာ ပထမဆုံးရောက်ရှိလာသော တုလင်တောင်မှ ဂိုဏ်းတူအစ်မ လျှိုယန်အာဖြစ်၏။

လန်လင်းအယ်သည် လီချန်ရှို့ကို လာရှာသော ထိုဂိုဏ်းတူအစ်မသည်လည်း ဂိုဏ်းတူအစ်မ ယုံချင်ရွှမ်းယာကဲ့သို့ပင် အန္တရာယ်များသော သူတစ်ယောက်ဖြစ်သည်ဟု တွေးလိုက်သည်။ သို့သော် ခေတ္တမျှ စကားပြောပြီးသောအခါ သူမ အထင်မှားသွားကြောင်း သိလိုက်ရ၏။

ထိုဂိုဏ်းတူအစ်မသည် လီချန်ရှို့ကို အရေးကြီးကိစ္စတစ်ခုကြောင့် လာရှာခြင်းဖြစ်သည်။

ထိုအရေးကြီးကိစ္စသည် လွန်ခဲ့သော ခုနှစ်နှစ်က ကြိုတင်ပြင်ဆင်တွေ့ဆုံပွဲတွင် ဂိုဏ်းတူအစ်မ လျှိုယန်အာတစ်ယောက် သူမနှင့်အတူ မြောက်ကျွန်းသို့သွားခဲ့သူဖြစ်သည် ဂိုဏ်းတူအစ်ကို ဝမ်ကျိနှင့် ချစ်မိသွားခြင်းမှ အစပြုခဲ့ခြင်းပင်။

ဂိုဏ်းသို့ ပြန်ရောက်လာသောအခါတွင်လည်း သူတို့နှစ်ဦးသည် ကြိုးကြာလေးများစေလွှတ်၍ စာအဆက်အသွယ် လုပ်ခဲ့ကြသလို တစ်ယောက်နှင့်တစ်ယောက် ဆုံလျှင် အကြည့်ခြင်းဖလှယ်မှုများ လုပ်ခဲ့ကြသည်။ ဤသို့ဖြင့် သူတို့သည် တဖြည်းဖြည်း ပို၍ချစ်ကျွမ်းဝင်လာခဲ့၏။

မကြာသေးမီက ဂိုဏ်းတူအစ်မ လျှိုယန်အာနှင့် ဂိုဏ်းတူအစ်ကို ဝမ်ကျိတို့သည် အတူတူ ကျင့်ကြံကြရန် ဆုံးဖြတ်လိုက်သည်။ သူတို့သည် ပိုင်ဖန်ခန်းမသို့သွား၍ သူတို့နှစ်ဦးကို တာအိုလက်တွဲဖော်အဖြစ် စာရင်းသွင်းကာ တုလင်တောင် သို့မဟုတ် လင်းတောင်လေးတွင် အတူတူကျင့်ကြံကြရန် ကြံစည်ခဲ့ကြသည်။

သို့သော် လျှိုယန်အာ၏ ဆရာတူမောင်လေးဖြစ်သော သူမ၏ လက်ဝဲဘက်တွင်ထိုင်နေသည့် တုလင်တောင်မှ လျှိုစစ်ကျဲက ဝင်နှောင့်ယှက်လိမ့်မည်ဟု မည်သူမှ မခန့်မှန်းမိခဲ့ချေ။

ထိုလက်ထပ်မှုကို သူ သဘောမတူပေ။

သူသည် လျှိုယန်အာကို ကြိတ်ကြိုက်နေသည်မှာ နှစ်(၁၀၀)ကျော်ရှိခဲ့ပြီ ဖြစ်သည်။

သူ ငယ်စဉ် ဂိုဏ်းသို့စရောက်သည့် အချိန်ကတည်းက သူနှင့်မျိုးရိုးနာမည်တူသည့် သိမ်မွေ့သော ဆရာတူအစ်မနောက်သို့ အမြဲတကောက်ကောက်လိုက်ကာ ‘ ဆရာတူအစ်မ’ ‘ ဆရာတူအစ်မ ’ဟု အမြဲတတွတ်တွတ် ခေါ်နေတတ်၏။

တဖြည်းဖြည်းနှင့် သူ၏နှလုံးသားထဲတွင် ထိုဆရာတူအစ်မသည် ဝင်ရောက် နေရာယူသွားလေတော့သည်။

သို့သော် လျှိုစစ်ကျဲသည် သူ၏ ကျင့်ကြံခြင်းအဆင့်သည် ဆရာတူအစ်မကို ကာကွယ်ပေးနိုင်လောက်သည်အထိ မမြင့်သေးဟု ခံစားခဲ့ရ၏။ သူသည် ထိုသို့တွေးမိသဖြင့် ကြိုးစားကျင့်ကြံ၍ ဉာဏ်အလင်းပွင့်အောင် လုပ်ခဲ့ရာ တဖြည်းဖြည်းဖြင့် ဂိုဏ်းတွင် ထင်ရှားလာလေသည်။

လျှိုစစ်ကျဲသည် သူတို့ဂိုဏ်းမျိုးဆက်တွင် အဆင့်ခြောက် ဖြစ်သည်။ သူသည် ဗလာနတ္ထိဆဋ္ဌမအဆင့်သို့ပင် ရောက်နေပြီ ဖြစ်ပြီး ဂိုဏ်းမှ ချီးမြှင့်သောရတနာများနှင့် တုလင် တောင်ထိပ်သခင်မှ ချီးမြှင့်သော ကျင့်ကြံခြင်းနည်းလမ်းများကိုလည်း လက်ခံရရှိခဲ့လေ၏။

နောက်ဆုံးတွင် သူသည် ဆရာတူအစ်မကို ဖွင့်ပြောရန် ကြံလိုက်ချိန်၌ ဆရာတူအစ်မသည် လင်းတောင်လေးမှ တပည့်တစ်ဦးနှင့် လက်ဆက်တော့မည်ဖြစ်ကြောင်း အံ့အားသင့်စွာ သိလိုက်ရသည်။

သို့သော် လျှိုစစ်ကျဲသည် လက်မလျှော့ဘဲ သူ၏ခံစားချက်များကို ဆရာတူအစ်မ လျှိုယန်အာကို ဖွင့်ပြောလိုက်သည်။ လျှိုယန်အာသည် အစပိုင်းတွင် အံ့အားသင့်သွားသော်လည်း ချက်ချင်းပင် ငြင်းပယ်လိုက်သည်။

“ ဆရာတူမောင်လေး… အစ်မက မောင်လေးကို မောင်လေးအရင်းတစ်ယောက်လိုပဲ သဘောထားခဲ့တာပါ ”

လျှိုစစ်ကျဲသည် ထိုအရာကို လက်မခံခဲ့ပေ။ သူသည် လျှိုယန်အာနှင့် ဝမ်ကျိတို့၏ ဆက်ဆံ‌ရေးကို ဆက်၍မေးခွန်းထုတ်ခဲ့ပြီး ဝမ်ကျိကိုပင် တစ်ယောက်ချင်းတိုက်ရန် လျှို့ဝှက်ချိန်းဆိုခဲ့သေး၏။

ဂိုဏ်းတူမောင်လေးကျိကျိ…

လင်းတောင်လေးမှ ဝမ်ကျိသည်လည်း အားနည်းသူတစ်ယောက်တော့ မဟုတ်ချေ။ သူ မြောက်ကျွန်းမှ ပြန်လာပြီးကတည်းက ခြေညိမ်ညိမ်ဖြင့် ကျင့်ကြံခဲ့ရာ သူ၏ကျင့်ကြံခြင်းအဆင့်ကို အောင်အောင်မြင်မြင် မြှင့်တင်နိုင်ခဲသည်။ ယခုတွင် သူသည်လည်း ဗလာနတ္ထိဆဋ္ဌမအဆင့်သို့ရောက်နေပြီဖြစ်ပြီး ဂိုဏ်းတွင်းအဆင့်မှာ အဋ္ဌမအဆင့်ဖြစ်၏။

ဝမ်ကျိသည် တစ်ယောက်ချင်းတိုက်ရန် ချိန်းဆိုစာရကြောင်း လျှိုယန်အာကို ပြောပြလိုက်ပြီး သူမက တားသဖြင့် မတိုက်ဘဲနေလိုက်သည်။

ထို့ကြောင့် အခြေအနေသည် ပို၍တင်းမာလာပြီး လျှိုစစ်ကျဲနှင့် ဝမ်ကျိတို့သည် တစ်ဦးကိုတစ်ဦး မျက်ခြေမပြတ် စောင့်ကြည့်နေကြလေ၏။

ဤရက်ပိုင်းတွင် တုလင်တောင်နှင့် လင်းတောင်လေးမှ တပည့်များပါ တစ်ဖက်နှင့်တစ်ဖက် ရန်စမှုများရှိလာသဖြင့် ဂိုဏ်းမှအကြီးအကဲများ ဝင်ပါရတော့လောက်အထိ ဖြစ်နေလေသည်။

ထိုကိစ္စကို မြန်နိုင်သမျှမြန်မြန် ဖြေရှင်းရမည် ဖြစ်သည်။

ယနေ့တွင် လျှိုယန်အာသည် ချုံတောင်လေးသို့ လာရသည့်အကြောင်းမှာ သူမတို့နှင့်အတူ မြောက်ကျွန်းသို့ သွားခဲ့သော လီချန်ရှို့ကို သက်သေခံခိုင်းရန်ဖြစ်၏။

ထိုနည်းဖြင့် သူမနှင့် ဂိုဏ်းတူမောင်လေးကျိကျိတို့သည် မြင်မြင်ချင်း ချစ်မိသွားကြခြင်းဖြစ်ကြောင်း လျှိုစစ်ကျဲကို ရှင်းပြနိုင်မည်ဖြစ်သည်။

သို့သော် မထင်မှတ်ထားဘဲ လျှိုယန်အာရောက်လာပြီး မကြာမီ ဝမ်ကျိနှင့် လျှိုစစ်ကျဲတို့ နှစ်ဦးသည် သူမနောက်မှ လိုက်လာသဖြင့် ဤကဲ့သို့ အိုးတိုးအန်းတန်း အခြေအနေဖြစ်နေခြင်းပင်။

လန်လင်းအယ်သည်လည်း အနည်းငယ် စိတ်အိုက်နေပြီး ထိုနှစ်ဦး၏ ဒေါသများကြောင့် သူမရှေ့ရှိ စားပွဲပုလေးသည် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားတော့မည့်သယောင် ရှိနေလေသည်။

ထိုစားပွဲပုလေးသည် သူမ၏ဆရာတူအစ်ကို လုပ်ထားခြင်းဖြစ်သည်။

“ ဂိုဏ်းတူအစ်ကိုတို့… ”

“ အမ်…”
ထိုနှစ်ဦးသည် မျက်နှာထားတည်တည်နှင့် သူ့ကို တစ်ပြိုင်တည်းကြည့်လိုက်သဖြင့် လန်လင်းအယ် ဇက်ကလေးပုသွားသည်။

လန်လင်းအယ်သည် ပြုံး၍ ပြောလိုက်သည်။
“ အစ်ကိုတို့ နှစ်ယောက် တခြားမှာ စောင့်နေလို့ရမလား။ အစ်ကိုတို့ ကြားလို့မသင့်တော်တဲ့ မိန်းကလေးအချင်းချင်း နှစ်ကိုယ်ကြား ပြောစရာလေးတွေ ရှိလို့… ”

လျှိုစစ်ကျဲနှင့် ဝမ်ကျိတို့သည် စိတ်ရှုပ်နေပုံပေါ်သော လျှိုယန်အာကို လှည့်ကြည့်လိုက်၏။

ရုတ်တရက် ထိုနှစ်ဦးသည် ထရပ်လိုက်ပြီး ရေကန်‌ဘေးသို့ လျှောက်သွားလိုက်ကြသည်။ သို့သော် ဝမ်ကျိသည် သစ်ပင်အောက်တွင် ဓမ္မအကာအရံတစ်ခုပင် လုပ်လိုက်သေးသည်။

ထိုအရာကိုမြင်သော လျှိုစစ်ကျဲသည် ပို၍ထူကာ ပို၍ခိုင်သော အကာအရံတစ်ခုကို ထိုအကာအရံ၏အပြင်တွင် ထပ်၍လုပ်လိုက်သည်။

သူတို့သည် မျက်လုံးချင်းဆုံသွားကြပြီး ရန်လိုသည့် အရိပ်အယောင်များ ပေါ်လာလေသည်။

အကာအရံအတွင်း၌ လျှိုယန်အာသည် စိတ်ပင်ပန်းနွမ်းနယ်နေ၏။

“ ဂိုဏ်းတူအစ်မ လျှိုယန်အာ… လင်းအယ်ရဲ့ အစ်ကိုကြီးက သေမျိုးလောကနဲ့ ကမ္မနှောင်ကြိုးတွေဖြတ်ဖို့ သွားတယ်။ အနည်းဆုံး နောက်တစ်နှစ်လောက်အထိ ပြန်ရောက်ဦးမှာ မဟုတ်ဘူး ”
လန်လင်းအယ်သည် စကားကိုခဏရပ်လိုက်ပြီး သတိပေးလိုက်သည်။
“ ဒီကိစ္စအတွက်ဆို ဂိုဏ်းတူအစ်မ ယုံချင်ရွှမ်းယာ ဆီကိုသွားလို့ရတယ်လေ ”

“ အစ်မ အစောကပဲ အဲ့ကိုသွားပြီပါပြီ ”
လျှိုယန်အာသည် သက်ပြင်းသဲ့သဲ့ ချလိုက်သည်။
“ ဂိုဏ်းတူညီမလေး ယုံချင်က အခန်းအောင်းကျင့်ကြံနေတယ်။ ပြီတော့ အစ်မကလည်း သူ့ကို အနှောင့်အယှက်မပေးချင်ဘူး။ ဂိုဏ်းတူမောင်လေးချန်ရှို့ပဲ ဒီကိစ္စမှာ ဝင်ပြောနိုင်မှာ ”

လန်လင်းအယ် အတန်ငယ် နားမလည်နိုင်ဖြစ်သွားသည်။
“ ဒါပေမဲ့ အစ်မက မြင်မြင်ချင်းချစ်မိသွားတယ်ဆိုတာ အစ်ကိုကြီးက သက်သေလိုက်ပေးပြီးရင်ရော ဘာဆက်ဖြစ်မှာမို့လို့လဲ ”

“ အစ်မရဲ့ အဲ့ဆရာတူမောင်လေးက အရမ်းပြောရခက်တယ် ”
လျှိုယန်အာသည် ခါးသက်သက်ပြုံး၍ ‌ပြောလိုက်သည်။
“ အခု အစ်မက သူ့ရဲ့ ကျင့်ကြံမှု နှေးသွားမှာဆိုးလို့ ဂိုဏ်းတူမောင်လေးကျိကျိကို အသုံးချနေတာလို့ပဲ သူက ထင်နေတာ ”

“ ဒါပေမဲ့ အစ်မက တကယ်ကို… ”

“ အစ်မဘာလုပ်သင့်လဲ။ အစ်မ ဆရာဒေါ်လေးကျိုးကျိုးဆီကိုလည်း သွားပြီးပြီ။ သူလည်း အခန်းအောင်းကျင့်နေတယ်တဲ့ ”

“ ဂိုဏ်းတူမောင်လေး ချန်ရှို့လည်း ဒီမှာမရှိဘူး ”

လန်လင်းအယ်လည်း ထိုကိစ္စသည် ချုံတောင်လေးနှင့် မည်သို့မှမသက်ဆိုင်ကြောင်း ပရိယာယ်သုံး၍ ပြောရန်ပြင်လိုက်သည်။

သူမသည် စကားပင်မစရသေးခင် မြေကြီးများ ရုတ်တရက်တုန်သွားသည်ကို ခံစားလိုက်ရ၏။

သူမမော့ကြည့်လိုက်ရာ ဂိုဏ်းတူအစ်ကိုနှစ်ဦးသည် တဲအိမ်ရှေ့ရှိ မြေကွက်လပ်တွင် ခြေထောက်အချင်းချင်း အားပြိုင်နေကြသည်ကို တွေ့လိုက်ရသည်။

ဂိုဏ်းသည် ဂိုဏ်းသားအချင်းချင်း ရန်ဖြစ်သည်ကို ခွင့်မပြုသဖြင့် တစ်ယောက်နှင့်တစ်ယောက် မသင့်မမြတ်ဖြစ်လျှင် ပိုင်ဖန်ခန်းမကို သတင်းပေးရ၏။ ဂိုဏ်းသည် ထိုမသင့်မြတ်မှုကို နည်းလမ်းရှာ၍ ဖြေရှင်းပေးမည် ဖြစ်သည်။

ဤအ‌ခေါက်တွင် နတ်ဝိဇ္ဇာအလောင်းအလျာလေးများဖြစ်သည့် ဝမ်ကျိနှင့် လျှိုစစ်ကျဲသည် သူတို့ကိုယ်သူတို့ ကိုယ်ထိလက်ရောက် ရန်မဖြစ်ရန် ထိန်းချုပ်ထားနိုင်လေ၏။

သူတို့သည် လက်ဝဲခြေထောက်ကိုထုတ်၍ ဒူးအချင်းချင်းတိုက်ကာ အားပြိုင်နေကြလေသည်။ သူတို့၏ မျက်လုံးများမှာမူ တစ်ဦးကို တစ်ဦး အစိမ်းလိုက်ဝါးစားတော့မည့် ဟန်ရှိလေသည်။

လျှိုယန်အာသည် နဖူးပေါ်လက်တင်ပြီး သူတို့ကို မည်သို့တားရမည်ဖြစ်ကြောင်း စဉ်းစားနေ၏။

လန်လင်းအယ် မျက်‌တောင်ခတ်လိုက်သည်။ ထိုအခြေအနေသည် ‌တောင်အနောက်ရှိ သားရဲခြံအတွင်းမှ ဝိညာဉ်သားရဲများ မိတ်လိုက်ဖော်ရရန် ပြိုင်ဆိုင်နေကြပုံနှင့် တူလေသည်။

လန်လင်းအယ်သည် စိတ်ထဲမှ ခပ်ဖွဖွရယ်လိုက်ပြီး ဆုံးဖြတ်ချက်တစ်ခုချလိုက်လေ၏။

သူမသည် အကာအရံအတွင်းမှ ထွက်သွားပြီး ထိုနှစ်ယောက်ကို အော်ပြောလိုက်သည်။
“ ရန်ဖြစ်မနေကြနဲ့တော့။ ပြီးတော့ အဲဒီလောက်လေးနဲ့လည်း တစ်ယောက်ကိုတစ်ယောက် သတ်နိုင်မှာ မဟုတ်ဘူး ”

“ အမ် ..ရန်မဖြစ်ပါဘူး… ”

“ သိတယ်မလား အစ်ကိုတို့… ဂိုဏ်းသားအချင်းချင်း ရန်ဖြစ်လို့မရဘူးဆိုတာ… ပြီးတော့ ဒါက ချုံတောင်လေးပဲ ”

“ အစ်ကိုတို့နှစ်ယောက်က ချုံတောင်လေးကိုရောက်နေတာဆိုတော့ ချုံတောင်လေးရဲ့ စည်းမျဉ်းတွေကို လိုက်နာသင့်တယ်။ အစ်မလျှိုယန်အာ ဘယ်သူ့ကိုရွေး‌‌ရွေး အစ်ကိုတို့နှစ်ယောက် ဘယ်သူပိုသာလည်း သိရ‌အောင် အရင်ဆုံး ဒီက စည်းမျဉ်းအတိုင်း ပြိုင်ကြည့်ကြပါလား ”

“ ဘယ်လို သဘောရလဲ ”
သူတို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦးအဝေးသို့ ခုန်ဆုတ်လိုက်သည်။ သူတို့သည် ဒူးခေါင်းများ နာနေကြသော်လည်း မည်သို့မှမဖြစ်သည့်အလား ဟန်ဆောင်နေကြပြီး ခေါင်းညိတ်လိုက်ကြသည်။

လျှိုစစ်ကျဲက မေးလိုက်သည်။
“ ဘာစည်းမျဉ်းတွေလဲ ”

“ လင်းအယ်ရဲ့ ဆရာတူအစ်ကိုက အရက်စိမ်ရတာကို ကြိုက်တယ် ”
လင်းအယ်အတန်ငယ် ပြုံးလိုက်သည်။
“ အစ်ကိုတို့နှစ်ယောက်ကို အရသာမြည်းခိုင်းရမယ် ”

ခေတ္တမျှကြာပြီးနောက်…

ဂလုံးဂလွမ်အသံများနှင့်အတူ ဝမ်ကျိနှင့် လျှိုစစ်ကျဲတို့သည် စားပွဲပုလေးပေါ်တွင် မှောက်သွားကြသည်။ သူတို့၏ လက်ထဲမှ အရက်ကရားလည်း အောက်သို့လွတ်ကျသွားကြ၏။ သူတို့သည် အရက်ကရားအတွင်းမှ သုံးပုံတစ်ပုံခန့်သာ သောက်ရသေး၏။

ထိုအရက်သည် ကျိုးကျိုးသောက်သည့် ‘ မိန်းမလှညှို့ဓာတ် ’ အပျော့စား ဖြစ်သည်။

လျှိုယန်အာသည် ဖြည်းညင်းစွာ သက်ပြင်းမှုတ်ထုတ်လိုက်ပြီး လန်လင်းအယ်ကို ကျေးဇူးတင်သည့်ဟန်ဖြင့် ပြုံးပြလိုက်သည်။

သို့သော် သူမသည် ထွက်သွားရန် စိတ်ကူးမရှိသေးပေ။

“ အစ်မယန်အာ…လင်းအယ်ဆီမှာ အစ်မဆုံးဖြတ်ချက်ချတာကို ကူညီပေးနိုင်မယ့် နည်းတစ်ခုရှိတယ် ”
လန်လင်းအယ်သည် လျှိုရန်အားကို ရှေ့သို့တိုးရန်ပြောလိုက်ပြီး သူမ၏ နားအနားသို့ ကပ်ခါ တစ်ခုခုပြောလိုက်သည်။

လျှိုယန်အာသည် မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
“ အဲဒါက သင့်တော်ပါ့မလား ”

“ အဲဒါက အစ်ကိုလျှို ဒီကိုးရိုးကားရားအခြေအနေက နောက်ဆုတ်သွားအောင် လုပ်ဖို့ပါပဲ။ တကယ်လို့ သူက တခြားတစ်ယောက်ရဲ့ ကလေးကို လက်ခံပေးနိုင်တယ်ဆိုရင် တခြားနည်းတွေထပ်စဉ်းစားကြတာပေါ့ ”
လန်လင်းအယ် မျက်စိတစ်ဖက်မှိတ်ပြလိုက်၏။
“ ဒါပေမဲ့ အစ်ကိုဝမ်ကျိကိုလည်း ကြိုပြောပြပြီး ဘေးက သက်သေခံပေးမယ့်သူ တစ်ယောက်ကို ကြိုရှာထားဦး။ မဟုတ်ရင် အစ်မရဲ့ ဂုဏ်သိက္ခာညစ်နွမ်းသွားလိမ့်မယ် ”

“ အစ်မ နားလည်ပါတယ်။ တကယ်လို့ ဒီကိစ္စအဆင်ပြေသွားရင် ညီမလေးရဲ့ ကျေးဇူးပဲ ”
လျှိုယန်အာသည် စိတ်လှုပ်တရှား မတ်တတ်ထရပ်လိုက်ပြီး တာအိုအရိုအသေပေးလိုက်သည်။ လန်လင်းအယ်သည် အရိုအသေပေးရန် မလိုကြောင်း ချက်ချင်းလက်ခါပြလိုက်ရသည်။

မကြာခင် ဂိုဏ်းတူအစ်မသည် မူးပြီးမှောက်နေသော ဂိုဏ်းတူမောင်လေးနှစ်ယောက်ကို တိမ်နှစ်ခုဖြင့်တင်ကာ တုလင်တောင်ရှိရာသို့ ထွက်သွားလေတော့သည်။

“ တကယ်ပဲ … သူတို့ရဲ့ကိစ္စတွေအကုန်လုံးအတွက် ဆရာတူအစ်ကိုကို လာရှာကြတယ်။ ဆရာတူအစ်ကိုက အဲ့လောက် အားယားနေလို့လား ”
လန်လင်းအယ်သည် သူမ ပြဿနာမီးမွှေးလိုက်သည်ကို မသိဘဲ ခပ်ဖွဖွ နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် သူမသည် စားပွဲပုလေးကို ရေကန်အနားသို့ယူကာ လက်ကိုင်ပဝါဖြင့် သန့်ရှင်းရေးလုပ်လိုက်၏။
‘ ဆရာ့ကို ပွဲကြီးပွဲကောင်းကြည့်ဖို့ တုလင်တောင်ကို လွှတ်လိုက်ရမလား။ ထားလိုက်ပါတော့။ ပြဿနာမရှာတာ အကောင်းဆုံးပါပဲ။ မဟုတ်ရင် အစ်ကိုကြီးပြန်ရောက်လာရင် ငါ့ကိုဆူနေဦးမယ် ’

“ အကျင့်ယုတ်တဲ့ အစ်ကိုကြီး… သေမျိုးလောကနဲ့ ကမ္မာနှောင်ကြိုးဖြတ်ဖို့ သွားတာပဲ ညီမလေးကို ခေါ်သွားလည်း ရတဲ့ဟာကို။ ညီမလေးက အစ်ကိုကြီးအစားတောင် ကန်တော့ပေးလိုက်ဦးမယ် ”

“ တကယ်ပဲ… ”

“ နောက်ကျ ညီမလေးလည်း အဲ့လိုလုပ်ဖို့ သွားရရင် အစ်ကိုကြီး လိုက်ချင်ချင် မလိုက်ချင်ချင် အတင်းကို ဆွဲခေါ်သွားဦးမယ်..ဟွန့်… ”

******

တုနတ်ဝိဇ္ဇာဂိုဏ်း ဂိတ်တံခါး၏ အနောက်တောင်အရပ် လီ(၂၀၀၀)အကွာရှိ ကောင်းကင်အမှတ်ခြောက် ဝိညာဉ်ကြောအနားမှ တောင်ကြားတစ်ခုတွင်…

လီချန်ရှို့သည် တရားထိုင်နေရာမှ ရပ်လိုက်ပြီး မျက်လုံးဖွင့်ကာ ရေရွတ်လိုက်သည်။
“ လင်းအယ်တစ်ယောက် ပြဿနာများ တက်နေတာလား ”

သူ၏ ကျင့်ကြံခြင်းအဆင့်သည် ပို၍ခိုင်မာလာပြီဖြစ်သည်။ သူသည် နောက်တစ်ဆင့်မတက်သွားသော်လည်း မြင်သာသော တိုးတက်မှုများတော့ ရှိလေ၏။

လီချန်ရှို့သည် သူနှင့်အနီးတစ်ဝိုင်တွင် ဆင်ထားသော ပင့်ကူအိမ်များနှင့် သတိပေးမန္တန်အစီအရင် အသေးလေးများကို စစ်ဆေးလိုက်ပြီး အခြားကျောက်ဂူတစ်ဂူကို ပြောင်း၍ ဆက်ကျင့်ကြံလိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် တုနတ်ဝိဇ္ဇာဂိုဏ်းပိုင် နယ်မြေအတွင်းသို့ သူပြန်ရောက်နေသည်မှာ တစ်နှစ်ရှိခဲ့ပြီ ဖြစ်သည်။

သူသည် ဂိုဏ်းအပြင်၌ ရှိနေသော်လည်း ဂိုဏ်းသို့ အစောကြီး ပြန်မဝင်လိုသေးပေ။ သူသည် အုတ်ဂူသို့ သုံးနှစ်သွားရောက်နေသည့် အချိန်အပြင် ဗလာနတ္ထိ စတုတ္ထအဆင့်ရှိသူတစ်ယောက် အမြန်ဆုံးသွားနိုင်မည့် ခရီးအသွားအပြန်အချိန်ကိုလည်း ထည့်တွက်ရပေမည်။

သူ ဂိုဏ်းတွင်မရှိသော သုံးနှစ်အတွင်း အခြားတောင်များမှ နတ်ဝိဇ္ဇာအလောင်းအလျာများသည် ကျင့်ကြံခြင်းအဆင့် တစ်ဆင့်၊ နှစ်ဆင့်တော့ တက်လာမည်ဖြစ်သည်။

သူသည် ထိုတပည့်များနှင့် ရေလိုက်ငါးလိုက်ဖြစ်စေရန် ဗလာနတ္ထိစတုတ္ထအဆင့်ရောက်နေကြောင်း ဖော်ပြရပေမည်။ သူသည် ထူးချွန်သောတပည့်အဖြစ် အလေးပေးခံရမည်ဖြစ်သော်လည်း ဂိုဏ်း၏ အာရုံစိုက်မှု အများအပြားကို ခံရမည်မဟုတ်ပေ။

ဂိုဏ်းသို့ပြန်ဝင်ရမည့် ရက်နီးလာလေလော လီချန်ရှို့ စိတ်မသက်မသာ ခံစားလာရလေပေ။
“ ငွေကြေးမရှိသောယောက်ျားသည် ယောက်ျားမဟုတ် ” ဟူသောဆိုရိုးရှိလေသည်။

သူ၏ ချမ်းသာမှုသည် သူ၏ ကျင့်ကြံခြင်း အဆင့်နှင့်ယှဉ်လျှင် မိုးနှင့်မြေလောက် ကွာခြားလေသည်။

ဤအဖြစ်သည် ယခင်ဘဝက သူဂိမ်းကစားရာတွင် လက်ဆောင်ထုတ်ကြီးရသော်လည်း အမှန်တကယ်အသုံးချ၍ မရသော ပစ္စည်းများပေါက်သကဲ့သို့ပင်ဖြစ်သည်။

အဖိုးတန်ပစ္စည်းများကို မည်သည့်နေရာမှ ရနိုင်မည်နည်း။

ချုံတောင်လေးမှ ဆက်စပ်မန္တန်အစီအရင်များကို ပြင်ဆင်၍ အဆင့်မြှင့်လိုလျှင် အဖိုးတန်ပစ္စည်းများစွာလိုမည် ဖြစ်သည်။

သူ့ကိုယ်သူ ရန်သူများလက်မှ ကာကွယ်နိုင်ရန်အတွက်လည်း အဖိုးတန်ပစ္စည်း အများအပြားလိုလေသည်။

သူ့တွင် သုံးမကုန်နိုင်လောက်အောင် များသော ဝိညာဉ်ကျောက်တုံးများ ရှိလျှင်ကောင်းပေမည်။

လီချန်ရှို့သည် မေးစေ့ကိုပွတ်၍ တိတ်တဆိတ်တွေးတောနေလေ၏။

သူ့တွင် တုနတ်ဝိဇ္ဇာဂိုဏ်း၏ ဝိညာဉ်ကြောဘေးကို နည်းနည်းဖောက်၍ ဝိညာဉ်ကျောက်တုံး တူးမည့် အကြံအစဉ်ရှိ၏။ ထိုသို့ဆိုလျှင် ဝိညာဉ်ကျောက်တုံး ပြဿနာကို တိုက်ရိုက်ဖြေရှင်းပြီးသွား ပေလိမ့်မည်။

သို့သော် ထိုအရာသည် အမှန်ပင် မသင့်တော်ကြောင်း လီချန်ရှို့ ခံစားခဲ့ရသည်။

တုနတ်ဝိဇ္ဇာဂိုဏ်းသည် သူ့ကို နှစ်ပေါင်းများစွာ ပြုစုပျိုးထောင်ပေးခဲ့သည့် ဂိုဏ်းဖြစ်သည်။ ယခု သူအနည်းငယ် အစွမ်းထက်လာသောအခါ သူ့ဂိုဏ်း၏ ဝိညာဉ်ကြောကို ဖောက်ရန်ကြံခြင်းမှာ မသင့်တော်ချေ။

သူသည် အရိပ်နေနေ အခက်ချိုးချိုး၊ သားရေပေါ်အိပ် သားရေနားစား ဖြစ်သွားပေလိမ့်မည်။

“ အနားက ဈေးတစ်ခုကိုသွားပြီး အဆိပ်နတ်ဆေးလုံး တချို့ကို သွားရောင်းရမလား ”
လီချန်ရှို့သည် ထိုအရာကို အတန်ကြာ တွေးတောလိုက်သော်လည်း ထိုကိစ္စမျှဖြင့် ဂိုဏ်းအပြင်သို့သွားရန် မလိုဟု ခံစားလိုက်ရသည်။

သူသည် အပြင်သို့သွားလျှင် ပြဿနာတက်နိုင်ချေများ၏။

ကောင်းကင်ပြစ်ဒဏ်ခံယူရာတွင် ကောင်းကင်တာအိုသည် အတွက်မှားလိမ့်မည်ဟု သူ အတွက်မှားခဲ့၏။ ထို့ကြောင့် သူသည် ကောင်းကင်ပြစ်ဒဏ်ကို နှစ်ကြိမ်ခံခဲ့ရပြီး ကောင်းကင်ဘုံအပြစ်ပေးမှုကိုပါ ခံခဲ့ရလေသည်။

သူသည် ကောင်းကင်ဘုံအပြစ်ပေးမှုကြောင့် ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး ငါးကြီးတစ်ကောင်၏ ခန္ဓာကိုယ်အတွင်းတွင် ပုန်းကာ အနောက်အရပ်သို့ သွားခဲ့ရ၏။

အဘယ်ကြောင့်ဆိုသော် သူ ကောင်းကင်ပြစ်ဒဏ်ခံယူရာသို့ ရောက်လာသော လူရိပ်သည် အရှေ့အရပ်သို့ သွားကြောင်း သူအာရုံခံမိလိုက်၍ဖြစ်သည်။

နောက်ဆုံးတွင် ထိုငါးကြီးသည် လူသားများ၏ အဖမ်းခံခဲ့ရပြီး ကမ်းပေါ်သို့ ခေါ်သွားခံခဲ့ရ၏။

သူသည် ရှုံးရွာသို့ ရောက်ခဲ့ရပြီး ပင်လယ်စောင့်နတ်မင်းဟူသော အမည်ကို ရခဲ့သည်။

သူသည် ထိုအချိန်တွင် သူ၏ရုပ်ရည်အစစ်အမှန်ဖြင့် ဖြစ်သည်။ ရုပ်ဖျက်ထားမှုများသည် ကောင်းကင်ပြစ်ဒဏ်ကြောင့် ပျက်ဆီးသွားပြီဖြစ်သည်။ လွန်ခဲ့သော တစ်နှစ်က ရှုံးရွာသူရွာသားများ ထုလုပ်ထားသော ရုပ်တုမှာ သူ၏မျက်နှာ အစစ်နှင့်ဖြစ်၏။

သူသည် ထိုကိစ္စများအကြားတွင် မကောင်းသည့်အရာများ ပြည့်နေသော ဈေးသို့ထပ်သွားလိုက်လျှင် ပို၍ ပြဿနာကြီးသွားနိုင်ပေသည်။

ဟုတ်ပေသည်။ သူ၏ နတ်ရုပ်တုသည် ပျက်ဆီးသွားလောက်ပေပြီ။

သူသည် မည်သည့် ကောင်းချီးမှ မပေးခဲ့သဖြင့် ထိုရုပ်တုသည် ချောင်တစ်ချောင်ထဲရောက်ကာ ပျက်ဆီးသွားလောက်ပြီ ဖြစ်သည်။

လီချန်ရှို့သည် လက်ချောင်းများကိုထိ၍ အာရုံခံကြည့်လိုက်ရာ ကြက်သေ,သေသွားတော့သည်။ ထို့နောက် သူ ကူကယ်ရာမဲ့သလို ခံစားလိုက်ရလေသည်။
‘ မင်းဘကြီးတဲ့ … အဟမ်း…. နတ်ဝိဇ္ဇာဆိုတာ မဆဲသင့်ဘူး ’

မည်သည်တို့ ဖြစ်ပျက်နေသနည်း။

မည်သည်ကြောင့် သူ့နတ်ရုပ်တုများ တစ်ရာကျော်ခန့်ရှိနေရသနည်း။

သူ့ကို အမွှေးတိုင်ထွန်းညှိ ပူဇော်မှုများသည်လည်း သူ မသိလိုက်ခင်အချိန်ကလေးအတွင်း ပို၍များပြားလာ၏။ ထိုမှရသော ကုသိုလ်များသည် မိစ္ဆာကြီးတစ်ကောင်ကို သတ်၍ရသည်ထက် အဆများစွာ ပိုများလေသည်။

မည်သည်တို့ ဖြစ်ပျက်နေခြင်းနည်း။

သူသည် နိမိတ်ဖတ်ခံရခြင်းမှ ကာကွယ်ပေးနိုင်သော ပစ္စည်းများဆောင်ထားသဖြင့် သူ့အားကိုးကွယ်နေကြသူများသည် မည်သည့်နေရာမှ ဖြစ်ကြောင်း သူကိုယ်တိုင်ပင် နိမိတ်ဖတ်ကြည့်လိုက်ရသည်။

‘ မဖြစ်နိုင်ပါဘူး… ’

‘ ဟုတ်လောက်ပါ့မလား… ’

‘ အဲဒါက …’

‘ ရွာသူကြီး…. ’

‘ ရှုံးရွာက ရွာသူရွာသားတွေ တုတ်ခိုင်သန်မာနေရတဲ့ လျှို့ဝှက်ချက်ကို ကျုပ် သိတယ်။ သူတို့က နေ့စဉ် ပင်လယ်စောင့်နတ်မင်းကို ဆုတောင်းကြတာပဲ ’

‘ အဲဒီပင်လယ်စောင့်နတ်မင်းကို ဆု‌တောင်းပြီးရင် ခန္ဓာကိုယ်သန်မာလာရုံတင်မကဘူး ပင်လယ်ထဲမှာလည်း ငါးတွေ ပိုဖမ်းမိတယ်။ ဖျားနာတာတွေ၊ ဘေးအန္တရာယ်တွေလည်းမရှိဘူးဆိုတော့ အဲဒါက မှန်လောက်မှာပါ ’

“ မြန်မြန်… ငါတို့လည်း ဆုတောင်းပူဇော်ကြရ‌အောင် ”

ထိုပုံရိပ်များကို မြင်လိုက်ရသဖြင့် လီချန်ရှို့၏ နှုတ်ခမ်းစွန်းများသည် လွန်စွာ တွန့်ကွေးသွားလေတော့သည်။

သူ …သူ မည်သို့ လုပ်ရမည်နည်း။

သူသည် အမွှေးတိုင်ပူဇော်မှုများကို အနောက်ကျောင်းတော်နှင့် ပြိုင်၍ လုရန် ဆန္ဒမရှိဟု ပြောသော်လည်း သူ့ကို ယုံကြည်ကြလေမည်လော။

တန်ခိုးရှင်ကို မည်သို့သော အဆိပ်မျိုးက သတ်နိုင်သနည်း။

ယခု သူသည် စိတ်ဓာတ်ကျနေရပေပြီ။

လီချန်ရှို့ ခေါင်းစောင်းလိုက်ရာ သေးငယ်သော အရိပ်တစ်ခုသည် သူ၏ပါးစပ်အတွင်းမှ ထွက်သွား၏။ သူ၏ မူလဝိညာဉ် ထွက်သွားလောက်သည်အထိ သူ အံ့အားသင့် တုန်လှုပ်သွားခြင်းပင်။ သို့သော် ထိုမူလဝိညာဉ်ကို ခပ်ပြင်းပြင်း ပြန်၍ စုပ်ယူလိုက်သည်။
‘ နည်းလမ်းတစ်ခုကို စဉ်းစားစမ်း၊ ငါ နည်းလမ်းတစ်ခုကို စဉ်းစားမှရမယ်… ’

***

Comment

Leave a Reply

Options

not work with dark mode
Reset