ဗုဒ္ဓဟူးဂြိုဟ်နှင့် သိပ်မဝေးသော နေရာတစ်ခုတွင် စစ်သင်္ဘော အစင်းရေ တစ်သောင်းတိတိ စုဝေးနေကြ၏။ ယခုတွင် ထိုနေရာကြီးတစ်ခုလုံးမှာ အနီရောင်ပင်လယ်ကြီးတစ်စင်း၏ လွှမ်းခြုံခြင်းကို ခံထားရပြီဖြစ်သည်။ ကျင့်ကြံသူပေါင်းမြောက်မြားစွာမှာ သူတို့၏ ကျင့်ကြံခြင်းစွမ်းအားများကို ထို အနီရောင်ပင်လယ်ကြီးထဲသို့ ထည့်သွင်းကာ သန့်စင်ခြင်း လုပ်ငန်းစဥ်တစ်ခုအား စတင်နေကြ၏။
ထိုလုပ်ငန်းစဉ်အား သန့်စင်ခြင်း လုပ်ငန်းစဉ်တစ်ခုဟု ခေါ်ဆိုနိုင်သလို ချီလင်းနှင့် အခြား ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူများ ထိန်းချုပ်ထားသည့် မန္တန်အစီအရင်ကြီးတစ်ခုဟုလည်း ခေါ်ဆိုနိုင်ပေသည်။
ထို မန္တန်အစီအရင်ကြီးမှာ အဆုံးမဲ့မျိုးနွယ်စု၏ အလွန်အင်မတန်မှ ရက်စက်ကြမ်းကြုတ်သော လျှို့ဝှက်ဆန်းကြယ် ပညာရပ်တစ်ခု ဖြစ်ပေသည်။ ၎င်း၏အမည်မှာ ဝိညာဉ်ဖြည့်သွင်းဖျက်ဆီးခြင်း ဖြစ်၏။
ထို လုပ်ငန်းစဉ်တစ်ခုလုံးမှာ လူသား လက်ခံကောင်များထဲသို့ ဝိညာဉ်များ အတင်းအဓမ္မထည့်သွင်းသည့် အထူး သန့်စင်ခြင်း နည်းလမ်းတစ်ခု ဖြစ်ပေသည်။ ထိုကဲ့သို့ အဆက်မပြတ် သန့်စင်လိုက်မည်ဆိုပါက ထို လက်ခံကောင်များမှာ လူသားဗုံးများအဖြစ် ပြောင်းလဲသွားကြမည် ဖြစ်သည်။ ထို မန္တန်အစီအရင်ကြီးမှာ နောက်ဆုံးရလဒ်များကို ပိုမိုကောင်းမွန်လာအောင် အရည်အသွေး မြှင့်တင်ပေးနိုင်စွမ်းရှိသည်။ ထို့ကြောင့် ထို လူသားဗုံးအား ဖောက်ခွဲပစ်လိုက်မည်ဆိုပါက ထွက်ပေါ်လာမည့် ပြင်းအားများမှာ သာမန်ထက် အဆမတန် ပို၍ အားကောင်းနေမည် ဖြစ်သည်။
ခန္ဓာကိုယ်ထဲသို့ ဝိညာဉ်များ ပို၍ ထည့်သွင်းနိုင်လေလေ ထိုပေါက်ကွဲမှုမှာ ပို၍ အားကောင်းလေလေ ဖြစ်သည်။ စစ်သင်္ဘောကြီးပေါ်တွင် ရှိနေကြသည့် တာအိုနန်းတော် ကျင့်ကြံသူများမှာမူ သူတို့၏ ဝိညာဉ်များ အသုံးချခံနေရသည်ကို လုံးဝ မသိကြပေ။
သူတို့၏ ကျင့်ကြံခြင်းစွမ်းအားများ မန္တန်အစီအရင်ကြီးထဲသို့ စီးဝင်သွားနေစဉ် သူတို့၏ ဝိညာဉ်များမှာလည်း ထို မန္တန်အစီအရင်ကြီးနှင့် ဖြည်းဖြည်းချင်း ပေါင်းစည်းသွားနေမည် ဖြစ်သည်။ ထိုသို့ဖြင့် သူတို့မှာ သတိပင်မထားမိဘဲ ထို မန္တန်အစီအရင်ကြီး၏ အစိတ်အပိုင်းတစ်ခုအဖြစ်သို့ ရောက်ရှိသွားမည်ဖြစ်သည်။
၎င်းမှာ… တာအိုဘုန်းတော်ကြီးယိုရန်၏ အကြံအစည်ဖြစ်ပေသည်။
အနီရောင်ပင်လယ်ကြီး၏ အပြင်ဘက်ရှိ အာကာသထဲတွင် တာအိုနန်းတော် စစ်သင်္ဘောကြီးများမှာ တွန့်လိမ်ပုံပျက်နေကြသော ဟင်းလင်းပြင်များထဲ၌ ရှိနေကြ၏။ ထို စစ်သင်္ဘောကြီးများပေါ်တွင်မူ သူတို့ ကြုံတွေ့ရမည့် နောက်ဆက်တွဲ အကျိုးဆက်များကို သိထားခြင်း မရှိဘဲ အနီရောင်ပင်လယ်ကြီးဆီသို့ ဆင့်ခေါ်ခံလိုက်ရသည့် တာအိုနန်းတော် ကျင့်ကြံသူပေါင်းမြောက်မြားစွာ ရှိနေကြသည်။
သူတို့မှာလည်း တာအိုဘုန်းတော်ကြီးယိုရန်၏ အစီအစဉ်များထဲ၌ တစ်စိတ်တစ်ဒေသ ပါဝင်ပေသည်။
တာအိုဘုန်းတော်ကြီးယိုရန်မှာ ဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်သည်ဆိုသည့် အချက်အား ငြင်းဆန်၍မရပေ။ သူသည် အဆုံးမဲ့မျိုးနွယ်စု စစ်သင်္ဘောကြီးအား ပြင်ဆင်နေရသောကြောင့် အပြင်သို့ မထွက်နိုင်သည့်တိုင်အောင် သောကြာဂြိုဟ်ပေါ်ရှိ ပြည်ထောင်စုကြီး၏ ဒုတိယ ခံစစ်ကြောင်းအား ဖျက်ဆီးချေမှုန်းနိုင်မည့် အစီအစဉ်တစ်ခုကို ရေးဆွဲထားပြီးသားဖြစ်သည်။ ထို့အပြင် သူသည် ဝမ်ပေါင်လဲ့နှင့် ဖုန့်ချိုးရန်တို့နှစ်ယောက် ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာသည့် အချက်အား အခြေခံကာ ထိုအစီအစဉ်အား အချိန်တိုလေးအတွင်း ရေးဆွဲခဲ့ခြင်းဖြစ်ပေသည်။
၎င်းမှာ ရန်သူ၏ အားအနည်းဆုံးအချက်အား ဖိအားပေးကာ ရန်သူအားလုံးကို မျှားထုတ်သည့် အစီအစဥ် ဖြစ်ပေသည်။ သူသည် ဝမ်ပေါင်လဲ့နှင့် ဖုန့်ချိုးရန်တို့အား ငါးစာများအဖြစ် အသုံးချကာ ပြည်ထောင်စုကြီးအား သူတို့နှစ်ယောက်ကို လာရောက်ကယ်ဆယ်အောင် မျှားခေါ်ခဲ့ခြင်း ဖြစ်သည်။ သူတို့ဘက်မှ လူအင်အားမည်မျှခန့် ရောက်ရှိလာစေကာမူ အရေးမကြီးပေ။ သူတို့အားလုံးမှာ သုတ်သင်ရှင်းလင်းခံလိုက်ရမည်သာ ဖြစ်သည်။ တာအိုဘုန်းတော်ကြီးယိုရန်၏ တွက်ချက်မှုများအရဆိုလျှင် ပြည်ထောင်စုကြီးမှာ ကယ်ဆယ်ရေးလုပ်ငန်းအား ဆောင်ရွက်နိုင်ရန်အတွက် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်မည့်ပုံစံ ဟန်ဆောင်နိုင်ပေသည်။ ထို့နောက် သူတို့မှာ အခွင့်အရေးရပါက ပြန်လည်ဆုတ်ခွာသွားကြမည် ဖြစ်သည်။
” သူတို့တွေ ရောက်လာတဲ့အချိန်ကျရင် ဝိညာဉ်ဖြည့်သွင်းဖျက်ဆီးခြင်း မန္တန်အစီအရင်ကြီးရဲ့ ပေါက်ကွဲအားကို ထုတ်သုံးလိုက်ရုံပဲ။ အဲတာဆိုရင် ငါတို့တွေ ပြည်ထောင်စုကြီးရဲ့ ပင်မတပ်ဖွဲ့ကြီးကို ချေမှုန်းနိုင်သွားမှာ။ အဲအချိန်ကျရင် နေအဖွဲ့အစည်း မန္တန်အစီအရင်ကြီးရဲ့ အဓိကသော့ချက်ဖြစ်တဲ့ သောကြာဂြိုဟ်က ငါတို့ရဲ့လက်အောက်ကို အလွယ်တကူ ရောက်လာမှာပဲ ”
” လူနည်းနည်းလေးပဲ ရောက်လာမှာကို ငါက စိုးရိမ်နေတာ ”
” ဒါပေမဲ့ အဲလိုဆိုရင်တောင် သောကြာဂြိုဟ်ကို တိုက်ခိုက်တဲ့အချိန်မှာ ငါတို့အတွက် အများကြီးအသုံးဝင်မယ့် ဝိညာဉ်ကြားခံနယ်အဆင့် လက်ခံကောင်နှစ်ကောင် ရှိနေပြီလေ ” တာအိုဘုန်းတော်ကြီးယိုရန်မှာ ဗုဒ္ဓဟူးဂြိုဟ်ပေါ်တွင် တပ်စွဲထားသည့် အဆုံးမဲ့မျိုးနွယ်စု စစ်သင်္ဘောကြီးထဲတွင် ထိုင်ရင်း ရေရွတ်လိုက်၏။
ပြည်ထောင်စုကြီးမှာ ကျင့်ကြံခြင်းအပိုင်းနှင့် လျှို့ဝှက်ဆန်းကြယ် ပညာရပ်အပိုင်းတွင် အရေးနိမ့်ပေသည်။ သူတို့မှာ နေအဖွဲ့အစည်း မန္တန်အစီအရင်ကြီးအား ပိုင်ဆိုင်ထားကြသည့်တိုင်အောင် တာအိုဘုန်းတော်ကြီးယိုရန်၏ ဝိညာဉ်ဖြည့်သွင်းဖျက်ဆီးခြင်း မန္တန်အစီအရင်ကြီးအား အာရုံခံမိနိုင်ရန်မှာ မလွယ်ကူပေ။ ထို့ကြောင့်လည်း သူသည် သူ၏ အစီအစဉ်များကို ပြောင်းလဲထားခြင်းမရှိပေ။
ပြည်ထောင်စုစစ်တပ်ကြီးမှာ စတင်လှုပ်ရှားခဲ့ပြီးနောက် သောကြာဂြိုဟ်ပေါ်မှ ထွက်ခွာလာပြီ ဖြစ်သည်။ လီရှင်းဝမ်မှာမူ သူနှင့်အတူ လူအင်အား အတော်အသင့်စုဆောင်းကာ ကြိုတင်ထွက်ခွာလာခဲ့၏။ ယခုတွင် သူသည် သူ ဖုန့်ချိုးရန်နှင့် ချိန်းထားသည့်နေရာသို့ ဦးတည်လာနေပြီ ဖြစ်သည်။
ပြည်ထောင်စုကြီး၏ လှုပ်ရှားမှုတိုင်းကို ၎င်း၏ စစ်ရေးအကြံပေးအဖွဲ့က ကြိမ်ဖန်များစွာ သုံးသပ်ထားပြီးသား ဖြစ်သည်။ သူတို့မှာ ရရှိထားသမျှ သတင်းအချက်အလက်အားလုံးကို အခြေခံ၍ ဤစစ်ပွဲကြီး၏ နောက်ဆုံးရလဒ်အား ကြိုတင် တွက်ချက်ထားခဲ့ကြ၏။ ထို့ကြောင့် သူတို့မှာ သူတို့အား စောင့်ကြိုနေသည့် ထောင်ချောက်ကြီးအား ရိပ်မိသေးခြင်း မရှိသည့်တိုင်အောင် ခြုံခိုတိုက်ခိုက်မှုများနှင့် ကြုံရနိုင်ကြောင်း ထည့်တွက်ထားပြီးသား ဖြစ်သည်။ သို့ဖြစ်ရာ သူတို့မှာ ထိုကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံရပါက ပြန်လည်တုံ့ပြန်နိုင်ရန် အစီအစဉ်များ ရေးဆွဲထားခဲ့ကြ၏။
သို့သော် ထိုအစီအစဉ်များ မည်မျှအထိ အသုံးဝင်နိုင်မည်ကို မည်သူကမှ အတိအကျ မသိကြပေ။
ထိုသို့ဖြင့် တာအိုဘုန်းတော်ကြီးယိုရန်၏ အစီအစဉ်များနှင့် ပြည်ထောင်စုကြီး၏ ကယ်ဆယ်ရေးလုပ်ငန်းများမှာ ပြိုင်တူ ဖြစ်ပွားနေကြတော့သည်။ ထို အင်အားစုနှစ်ခု၏ အလယ်ဗဟိုရှိ အနီရောင်ပင်လယ်ကြီးထဲတွင်မူ အနီရောင်တိမ်တိုက်နှစ်ခု ရှိနေ၏။ ၎င်းတို့မှာ လူသားလက်ခံကောင်များအဖြစ် သန့်စင်ခံနေရခြင်း ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ထိုတိမ်တိုက်တစ်ခုထဲတွင် ရှိနေ၏။ သူသည် ပုံမှန်အခြေအနေများနှင့် မတူဘဲ ဆုံးဖြစ်ချက် မပြတ်မသား ဖြစ်နေရ၏။
သူသည် ဖုန့်ချိုးရန်၏ လက်ရှိအခြေအနေအား အတိအကျ သိမထားပါသော်လည်း သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးနှင့် အပြင်ခန္ဓာကိုယ်တို့၏ စွမ်းဆောင်ရည်များကို ကောင်းကောင်းကြီး နားလည်ထား၏။ သူသည် တိမ်တိုက်ကြီးထဲ၌ ပိတ်မိနေသောကြောင့် ၎င်းတို့မှာ လျင်မြန်စွာ တိုက်စားခံနေရပြီ ဖြစ်သည်။ သို့ဖြစ်ရာ ဖုန့်ချိုးရန်မှာ သူ့ထက်ပို၍ အချိန်ကြာကြာ မတောင့်ခံနိုင်လောက်ပေ။ အမှန်အတိုင်းဆိုရလျှင် သူမသည် ဝမ်ပေါင်လဲ့လောက်ပင် တောင်ခံနိုင်စွမ်း ရှိမည်မဟုတ်ပေ။
ထို အနီရောင် တိမ်တိုက်ကြီးမှာ အလွန်အင်မတန်မှ ထူးဆန်းပေသည်။ ၎င်းမှာ သူတို့အား ဖမ်းဆီးချုပ်နှောင်ကာ ပိတ်လှောင်နိုင်စွမ်း ရှိသည့်အပြင် တိုက်စားနိုင်သည့် ဂုဏ်သတ္တိများကိုပါ ပိုင်ဆိုင်ထားသေးသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မည်မျှပင် အားစိုက်၍ ရုန်းကန်နေစေကာမူ ထွက်ပြေးလွတ်မြောက်နိုင်စွမ်းမရှိဘဲ ဖြစ်နေရ၏။
သို့ဖြစ်ရာ သူသည် ထို တိမ်တိုက်ကြီး သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးအား ဖြည်းဖြည်းချင်း တိုက်စားနေသည်ကို ရပ်ကြည့်နေရုံမှလွဲ၍ ဘာမှမတတ်နိုင်ဘဲ ဖြစ်နေရသည်။ ထို ချပ်ဝတ်တန်ဆာကြီး ပျောက်ကွယ်သွားသည်နှင့် အကာအကွယ်မဲ့သွားမည့် သူ၏ အပြင်ခန္ဓာကိုယ်၊ ယွမ်ယင်ဝိညာဉ်နှင့် ဝိညာဉ်တို့၏အလှည့်သို့ ရောက်သွားမည်ဖြစ်ကြောင်း သူက သိထားသည်။
” ငါ့ရဲ့ကိုယ်ထဲက ဝိညာဉ်အဆီတွေကလည်း အချိန်နည်းနည်းလေးပဲ ဆွဲပေးနိုင်မှာ… ” ဝမ်ပေါင်လဲ့မှာ စိတ်ဓာတ်များ ကျဆင်းနေရပြီဖြစ်သည်။ သူသည် အပြင်ဘက်၌ မည်သည့်အခြင်းအရာများ ဖြစ်ပျက်နေမှန်း အာရုံခံနိုင်စွမ်းမရှိသလို သူသည်လည်း သူ ဖမ်းဆီးချုပ်နှောင်ခံခဲ့ရသော နေရာ၌ ရှိနေဆဲဖြစ်သည်လောဟု သေချာမသိနိုင်ဘဲ ဖြစ်နေရ၏။
” တကယ်လို့ အဆုံးမဲ့မျိုးနွယ်စုက ငါနဲ့ ဖုန့်ချိုးရန်တို့ကို ငါးစာတစ်ခုလို အသုံးပြုနေတာဆိုရင်… ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးမိသွားသောအခါ သူငယ်အိမ်များ ကျဉ်းမြောင်းသွားရပြီး စိုးရိမ်စိတ်များ ကြီးထွားလာရတော့သည်။ သူသည် နောက်ထပ်တစ်ကြိမ် ထပ်၍ အပြင်းအထန် ကြိုးစားရုန်းကန်လိုက်ပါသော်လည်း အချည်းနှီးပင်။ ထို့ကြောင့် သူသည် မခံမရပ်နိုင်လောက်အောင် ဖြစ်လာရပြီး အန္တရာယ်ကြီးတစ်ခုနှင့် ရင်ဆိုင်ရတော့မည်အလား ခံစားနေရတော့သည်။ အကယ်၍ သူ့ဘက်မှ လက်ရှိအခြေအနေကြီးကိုသာ ပြောင်းလဲနိုင်စွမ်းမရှိပါက သူသည် အသက်ရှင်လျက် ပြန်ထွက်လာနိုင်ခြေ လုံးဝမရှိလောက်တော့ပေ။
” ကိုယ်ပွားတွေ တစ်ခုပြီးတစ်ခု ဖန်တီးပြီး ဆက်တိုက်ဖောက်ခွဲပစ်ဖို့ပဲ ကျန်တော့တယ်။ ဒီထဲမှာ အသက်သေသွားတဲ့အထိ ထိုင်စောင့်နေတာထက်စာရင် တွေ့သမျှအကုန် ဖောက်ခွဲပစ်ပြီးတော့ အပြင်ကိုထွက်နိုင်ဖို့ ကြိုးစားတာ ပို အကျိုးရှိတယ်… ငါ စိတ်ပူတာက အပြင်ရောက်သွားရင် ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူလေးယောက်ကို တိုက်ခိုက်ရဦးမယ့် အချက်ပဲ။ လွယ်မှာမဟုတ်ဘူး… ခဏနေပါဦး။ မြဲ့လျဲ့ကျိလည်း ရှိသေးတယ်။ အခုဆိုရင် သူက ငါတို့ဆီကို ရောက်နေလောက်ပြီ ” ဝမ်ပေါင်လဲ့မှာ ဝေခွဲမရ ဖြစ်နေရတော့သည်။ သူတို့ အင်္ဂါဂြိုဟ်၏ အနီးတစ်ဝိုက်တွင် ရောက်မနေသည်မှာ စိတ်မကောင်းစရာပင်။ ထိုသို့သာမဟုတ်ပါက သူသည် အရဲစွန့်ကာ သူ၏ အမှောင်အဆောင်ပစ္စည်းအား ဆင့်ခေါ်နိုင်ဦးမည် မဟုတ်ပါလော။
” ဖြစ်ချင်ရာဖြစ်ကွာ ” ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများထဲ၌ ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ တောက်ပသွားပြီးနောက် အံကြိတ်ကာ သူ၏ကိုယ်ပွားကို ဆင့်ခေါ်၍ ဖောက်ခွဲပစ်ရန် ပြင်လိုက်တော့သည်။ သူ၏ ကိုယ်ပွား ပေါ်ပေါက်လာပြီး ပေါက်ကွဲသွားခါနီးမှာပင် သူသည် ရုတ်တရက်ဆိုသလို မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏ရှေ့တွင် ရှိနေသည့် တလိပ်လိပ်ထနေသော တိမ်တိုက်ကြီးအား စိုက်ကြည့်မိလိုက်၏။
ထို တိမ်တိုက်ကြီးထဲတွင် မျက်နှာတစ်ခု ဖျတ်ခနဲ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ၎င်းမှာ ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားပါသော်လည်း ဝမ်ပေါင်လဲ့မှာ ထိုမျက်နှာကြီးပေါ်ရှိ လောဘစိတ်များနှင့် ရက်စက်ကြမ်းကြုတ်မှု အငွေ့အသက်များကို အထင်သားမြင်လိုက်ရဆဲပင်။ ထိုမျက်နှာကြီးမှာ ဝမ်ပေါင်လဲ့အား တစ်ကိုက် ကိုက်စားချင်နေသည့်ပုံ ပေါက်နေ၏။
” ဒါက… ” ဝမ်ပေါင်လဲ့မှာ ရင်ခုန်နှုန်းများ မြန်ဆန်လာရတော့သည်။ သူသည် သူ၏ ကိုယ်ပွားများအား ဖောက်ခွဲပစ်မည့် အစီအစဥ်ကို မေ့ထားလိုက်ပြီးနောက် သူ၏ ဘေးဘီဝဲယာရှိ တိမ်တိုက်ကြီးအား သေသေချာချာ ကြည့်ရှုစစ်ဆေးလိုက်၏။ ခဏအကြာတွင် သူသည် နောက်ထပ် မျက်နှာတစ်ခုအား ထပ်၍ မြင်လိုက်ရပြန်သည်။ ၎င်းမှာမူ ဇဝေဇဝါ ဖြစ်နေသည့်ပုံ ပေါက်နေ၏။
ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းအား မြင်လိုက်ရသောအခါ မျက်လုံးများ အရောင်တောက်သွားတော့သည်။ သူသည် အလောတကြီး လှုပ်ရှားလိုက်ခြင်းမရှိဘဲ ဆက်လက်စောင့်ဆိုင်းနေ၏။ ထိုသို့ဖြင့် မျက်နှာများမှာ ထပ်၍ ပေါ်ပေါက်လာတော့သည်။ ထိုမျက်နှာများထဲတွင် ကျားမမရွေး ပါဝင်၏။ ၎င်းတို့ထဲမှ အချို့မှာ ရက်စက်ကြမ်းကြုတ်သည့်ပုံ ပေါက်နေကြပြီး အချို့မှာမူ ဇဝေဇဝါဖြစ်နေသည့်ပုံ ပေါက်နေကြသည်။ ထို့အပြင် အချို့မှာ လောဘစိတ်များ ဖုံးလွှမ်းနေကြပြီး အချို့မှာမူ တဏှာစိတ်များ ဖုံးလွှမ်းနေကြ၏။
ထို မျက်နှာများနှင့်အတူ ဝိညာဉ်အမျှင်အတန်းလေးများ ပေါ်ပေါက်လာကာ အတူတကွ စုဝေးသွားကြပြီး ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်၌ ရစ်ပတ်သွားကြသည်။
” ရေငတ်နေတုန်း ရေတွင်းထဲ ပြုတ်ကျသွားသလိုပါပဲလားဟ ” ဝမ်ပေါင်လဲ့မှာ မျက်စိပေကလပ်ပေကလပ် ဖြစ်သွားပြီးနောက် ပျော်ရွှင်မြူးထူးသွားတော့သည်။ လူသေများ၏ ဝိညာဉ်များမှာ ကမ္ဘာပေါ်တွင် သူ မကြောက်ဆုံးအရာများ ဖြစ်နေသည် မဟုတ်ပါလော။ သူသည် အမှောင်ကလေးငယ်တစ်ယောက် ဖြစ်နေသောကြောင့် ထို ဝိညာဉ်များအား မြင်လိုက်ရသောအခါ သူ၏ ကျေးကျွန်းများအား မြင်လိုက်ရသကဲ့သို့ပင် ခံစားလိုက်ရ၏။
သူတို့၏ ပေါ်ပေါက်လာမှုကြောင့် သူသည် အပျော်လွန်သွားရပြီး သူ ကြုံတွေ့နေရသည့် အခြေအနေအား သေသေချာချာ တွေးတောသုံးသပ်ကြည့်လိုက်တော့သည်။
” သူတို့တွေ ဒီနေရာမှာ ဘာလို့ပေါ်လာတာလဲဆိုတာ ငါ မသိပေမဲ့ ဒီ တိမ်တိုက်ကြီးထဲမှာ ဝိညာဉ်တွေ အလုံအလောက်ရှိနေသရွေ့ ငါက အမှောင်ပညာရပ်ကို အသုံးပြုပြီးတော့ ဖောက်ထွက်သွားနိုင်မှာပဲ။ ငါ့ရဲ့ ကိုယ်ပွားတွေကို ဖောက်ခွဲပစ်စရာမလိုတော့ဘူး ”
” ဒီ ဝိညာဉ်တွေကို ငါ့ရဲ့ လက်နက်တွေအဖြစ်လည်း အသုံးပြုလို့ရသေးတယ်… ဒါပေမဲ့ ငါ ဒီတိမ်တိုက်ကြီးထဲကနေ လွတ်သွားတဲ့အချိန်ကျ ငါ့ဆီမှာ အဲဒီဝိညာဉ်တွေ ရှိနေသေးရင်တောင် ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူလေးယောက်နဲ့ စစ်သင်္ဘောကြီးပေါ်က ကျင့်ကြံသူတွေကို ရင်ဆိုင်ရဦးမယ့်အပြင် ဖုန့်ချိုးရန်ကိုလည်း ကယ်ရဦးမှာ။ မဖြစ်နိုင်လောက်ဘူး ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားရပြန်သည်။
” တကယ်လို့သာ… ငါ ချက်ချင်းလက်ငင်း… ဗြုန်းစားကြီး အစွမ်းထက်သွားနိုင်မယ်ဆိုရင်… ”
” အစွန်းထက်ဖို့ဆိုတာ… လူသတ်နိုင်ဖို့ပဲ မဟုတ်ဘူးလား… အဲတာဆိုရင်… နတ်ဆိုးမျက်လုံးပညာရပ် ရှိတယ်လေ… ” ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲ၌ ရက်စက်ကြမ်းကြုတ်မှု အငွေ့အသက်များ တောက်ပသွား၏။ နတ်ဆိုးမျက်လုံးပညာရပ် လမ်းစဉ်အား ရွေးချယ်လိုက်ခြင်းအားဖြင့် သူသည် အစွမ်းပိုထက်လာနိုင်ရန် ရန်သူများကို သတ်ဖြတ်မှ ရတော့မည် ဖြစ်သည်။ သို့ဖြစ်ရာ သူသည် အခြားရွေးချယ်စရာမရှိမှသာ ထိုလမ်းစဉ်အား ရွေးချယ်ရန် ဆုံးဖြတ်ထား၏။ ယွမ်ယင်အဆင့် လျှို့ဝှက်ဆန်းကြယ် ပညာရပ်တစ်ခုမှာ လူတစ်ယောက်၏ အခြေခံအုတ်မြစ်နှင့် သူ၏ တိုးတက်ခြင်းလမ်းစဉ်အား ဆက်သွယ်ပေးထားသည့်အရာ ဖြစ်ပေသည်။ ထို့ကြောင့် ၎င်းအား သူ၏အနာဂတ်ကို အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်အဖြစ် သတ်မှတ်နိုင်ပေသည်။
” ငါ လောလောဆယ် အသက်ရှင်အောင် မလုပ်နိုင်ရင် အနာဂတ်ဆိုတာ ရှိမှာမဟုတ်တော့ဘူး ” ဝမ်ပေါင်လဲ့မှာ ဆုံးဖြတ်ချက် ပြတ်သားသူတစ်ယောက် ဖြစ်ရာ မျက်လုံးများ နီမြန်းသွားပြီးနောက် စိတ်ဓာတ်ပြတ်သားမှု အပြည့်ရှိသော အမူအရာဖြင့် ရေရွတ်လိုက်တော့သည်။ သူသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိပေ။ သူ၏ လက်များမှာ လှုပ်ရှား၍မရအောင် ချုပ်နှောင်ခံထားရသည့်တိုင်အောင် သူသည် နတ်ဆိုးမျက်လုံးပညာရပ်၏ ဂါထာတော်အား သူ၏စိတ်ထဲ၌ ရေရွတ်နိုင်စွမ်းရှိနေဆဲပင်။
သူ ထိုသို့ရေရွတ်လိုက်သောအခါ သူ၏ နောက်တွင် ကျော်ချမ်းဖွယ်ရာကောင်းသည့် အနက်ရောင်မျက်လုံးတစ်လုံး စတင်ပေါ်ပေါက်လာသည်။ ထိုမျက်လုံးမှာ မှိတ်နေ၏။ ၎င်းမှာ ဖြည်းဖြည်းချင်း ရုပ်လုံးပေါ်လာပြီးနောက် အနက်ရောင် အငွေ့အသက်တစ်ခုကို ထုတ်လွှတ်လိုက်သဖြင့် ၎င်းမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသည်။ ထို အငွေ့အသက်များ ထိုနေရာကြီးတစ်ခုလုံးအား လွှမ်းခြုံသွားသောအခါ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ အေးစက်စက် မိစ္ဆာအငွေ့အသက်ကြီးတစ်ခု ထွက်ပေါ်လာတော့သည်။