Switch Mode

အခန်း (၆၈၉)

ပိတ်မိသွားပါသော

ထို ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံခြင်း အငွေ့အသက်များ ထွက်ပေါ်လာပြီးနောက် အနီရောင်ပင်လယ်ကြီးမှာ လွန်းပြန်ယာဉ်လေးဆီသို့ အရှိန်အဟုန်ဖြင့် စီးဆင်းလာပြီး ၎င်းအား ချက်ချင်းဆိုသလိုပင် လွှမ်းခြုံသွားတော့သည်။

ထို့နောက် ထို အနီရောင်ပင်လယ်ကြီးမှာ ဧရာမ လက်ကြီးတစ်ဖက်အသွင် ပြောင်းလဲသွားသကဲ့သို့ပင်။ ထို လက်ကြီးမှာ ပိတ်ဆို့မှုများထဲမှ ထွက်ပြေးလွတ်မြောက်နိုင်ရန် အရှိန်မြှင့်တင်ဖို့ ကြိုးစားနေသည့် လွန်းပြန်ယာဉ်လေးအား အောက်ဘက်မှနေ၍ ဖမ်းဆုပ်လိုက်၏။

ထို့နောက် ထို အနီရောင်ပင်လယ်ကြီးမှာ စတင်အေးခဲလာတော့သည်။ ၎င်းမှာ ရေခဲအဖြစ်သို့ ပြောင်းလဲသွားပြီး လွန်းပြန်ယာဉ်လေးနှင့် ထိုဟင်းလင်းပြင်ကြီးတစ်ခုလုံးကို ချုပ်နှောင်ပစ်လိုက်တော့မည့်ပုံပင်။

ထိုအခြင်းအရာများ ဖြစ်ပျက်နေစဉ် ကြောက်မက်ဖွယ် ဖိအားကြီးတစ်ခုမှာ အနီရောင်ပင်လယ်ကြီးအား ဖြတ်သန်းစီးဆင်းသွားပြီ လွန်းပြန်ယာဉ်လေးဆီသို့ ဦးတည်သွား၏။

ထိုအခါ ထို လွန်းပြန်ယာဉ်လေးမှာ သိမ့်သိမ့်တုန်သွားရသဖြင့် အထဲတွင် ရပ်နေသည့် ဝမ်ပေါင်လဲ့နှင့် ဖုန့်ချိုးရန်တို့မှာလည်း တစ်ကိုယ်လုံး တုန်ရီသွား‌ရတော့သည်။ သူတို့မှာ ထိုဖိအားကြီးကြောင့် လွန်းပြန်ယာဉ်လေးဆီမှ တကျွီကျွီမြည်သံများ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသောကြောင့် ထိတ်လန့်တုန်လှုပ်သွားကြ၏။ ၎င်းမှာ တစ်စစီ ကွဲအက်သွားတော့မည့်ပုံ ပေါက်နေပြီ ဖြစ်သည်။

ထို လွန်းပြန်ယာဉ်လေးမှာ အဆင့်မြင့် အဆောင်ပစ္စည်းတစ်ခု ဖြစ်ပါသော်လည်း စစ်သင်္ဘောအစင်းရေ တစ်သောင်း၏ ပူးပေါင်းတိုက်ကွက်ကို တောင့်ခံနိုင်စွမ်း မရှိပေ။ သို့ဖြစ်ရာ ၎င်းမှာ အချိန်မရွေး ကြေမွပျက်စီးသွားတော့မည် ဖြစ်သည်။

” လွန်းပြန်ယာဉ်လေးကို ဖောက်ခွဲပစ်လိုက် ” ဝမ်ပေါင်လဲ့မှာ တည်ကြည်မှုအပြည့်ရှိသော မျက်နှာအမူအရာဖြင့် ဆိုလိုက်၏။ ထို့နောက် သူသည် စကားထပ်ပြောနေရန် အချိန်မရှိတော့သဖြင့် အသံကုန် အော်ဟစ်လိုက်ပြီးနောက် လေပေါ်သို့ ခုန်တက်သွားတော့သည်။ ထိုအခါ သူ၏ ခန္ဓာကိုယ်ထဲမှ အနီရောင် စွမ်းအင်စီးဆင်းမှုလမ်းကြောင်းများ ထွက်ပေါ်လာကြ၏။ ထို့နောက် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးမှာ သူ၏ ဧရာမခန္ဓာကိုယ်ကြီးအား ဖုံးလွှမ်းသွားသောကြောင့် ဝဖြိုးနေသည့် စစ်နတ်ဘုရားကြီး နောက်ထပ်တစ်ကြိမ်ထပ်၍ ပေါ်ပေါက်လာတော့သည်။ ဝမ်ပေါင်လဲ့မှာ သူ၏ ကျင့်ကြံခြင်းစွမ်းအား အကုန်လုံးကို ထုတ်သုံးကာ သူ့ကိုယ်သူကာကွယ်နိုင်ရန် အဆင်သင့်ပြင်ထားလိုက်ပြီး ရှေ့သို့ပြေးထွက်သွားရန် ပြင်ထားလိုက်၏။

ဖုန့်ချိုးရန်မှာ တွေဝေတုံ့ဆိုင်းသွား၏။ သူမသည် ဆုံးဖြတ်ချက်ပြတ်သားမှု မရှိသည့်တိုင်အောင် စစ်ပွဲများနှင့် နဖူးတွေ့ဒူးတွေ့ ကြုံဖူးထားသည့် အစွမ်းထက် ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေသည် မဟုတ်ပါလော။ ထို့အပြင် သူမနှင့် လီရှင်းဝမ်တို့ အပြန်အလှန် ပြောခဲ့သည့် စကားများမှာလည်း သူမအတွက် အထောက်အကူ ပြုနေသည့်ပုံပင်။ ထို့ကြောင့် သူမသည် တစ်ခဏမျှသာ တွေဝေတုံ့ဆိုင်းသွားပြီးနောက် မျက်ဝန်းများထဲ၌ စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များ တောက်ပလာတော့သည်။ ထို့နောက်သူမသည် မန္တန်လက်ကွက်များ အလျင်အမြန် ဖော်လိုက်ပြီး လက်ဖဝါးနှစ်ဖက်အား လွန်းပြန်ယာဉ်ပေါ်သို့ ဖိချလိုက်၏။

ဝိညာဉ်ကြားခံနယ်အဆင့် အငွေ့အသက်လေးခုမှာ အရပ်မျက်နှာ လေးဘက်မှနေ၍ လွန်းပြန်ယာဉ်လေးဆီသို့ ဦးတည်လာနေကြခြင်း ဖြစ်သည်။ သို့သော် သူတို့မှာ အနီရောင်ပင်လယ်ကြီးထဲ၌ ရုန်းကန်နေသည့် လွန်းပြန်ယာဉ်လေးအား မဝန်းရံနိုင်ခင်မှာပင် ထို လွန်းပြန်ယာဉ်လေးဆီမှ စူးရှတောက်ပသော အလင်းရောင်တစ်ခု ရုတ်တရက်ဆိုသလို ထွက်ပေါ်လာ၏။ ထိုအလင်းရောင်မှာ အာကာသထဲရှိ အခြားသော ကြယ်များအားလုံးထက် ပို၍တောက်ပနေသောကြောင့် သူတို့အားလုံးမှာ မျက်စိကျိန်းသွားရတော့သည်။

ထို လွန်းပြန်ယာဉ်လေးမှာ အသေးစား နေမင်းကြီးတစ်ခုအသွင် ပြောင်းလဲသွားပြီနောက် ဖြည်းဖြည်းချင်း လောင်ကျွမ်းကာ နောက်ဆုံးတွင်… ပေါက်ကွဲသွားတော့သည်။

ထိုအခါ အာကာသထဲ၌ အားကောင်းသော တုန်ခါမှုလိုင်းတစ်မျိုး ပေါက်ကွဲထွက်ပေါ်လာ၏။ ထို့နောက် မျက်လုံးဖြင့်မမြင်နိုင်သည့် ဝိညာဉ်စွမ်းအင်လှိုင်းများမှာလည်း အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားတော့သည်။

ထို့ကြောင့် အေးခဲစပြုနေသော အနီရောင်ပင်လယ်ကြီးမှာ ချက်ချင်းဆိုသလိုပင် တစ်စစီ ကြေမွပျက်စီးသွားရတော့သည်။ ထိုဖြစ်စဉ်ကြီးမှာ ရေခဲတောင်ကြီးထဲ၌ ဗုံးတစ်လုံးအား ဖောက်ခွဲပစ်လိုက်သကဲ့သို့ပင်။

ထို့အပြင် လွန်းပြန်ယာဉ်၏ အဆင့်မြင့် အရည်အ‌သွေးကြောင့် ထို ပေါက်ကွဲမှုမှာ သာမန်ပေါက်ကွဲမှုများထက် ပို၍ပင် အားကောင်းနေ၏။

ထိုပေါက်ကွဲမှုအားကြောင့် ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူ လေးယောက်မှာ ခြေလှမ်းများ ရပ်တန့်သွားရ၏။ ထို့နောက် သူတို့မှာ တုန်ခါမှုလှိုင်းများကို ရှောင်တိမ်းနိုင်ရန် လမ်းကြောင်းပြောင်းလိုက်ရသည်။ စစ်သင်္ဘောကြီးများမှာမူ သူတို့ကဲ့သို့ အလျင်အမြန် ရှောင်တိမ်းနိုင်စွမ်းမရှိသောကြောင့် ထို တုန်ခါမှုလှိုင်းများနှင့် ရိုက်ခတ်မိသွားကြတော့သည်။

လွန်းပြန်ယာဉ်လေး၏ ပေါက်ကွဲသွားမှုကြောင့် စစ်မြေပြင်ကြီး တစ်ခုလုံးမှာ ဖရိုဖရဲဖြစ်သွားရ၏။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့နှင့် ဖုန့်ချိုးရန်တို့မှာ ပြေးထွက်လာတော့သည်။

ဖုန့်ချိုးရန်မှာ ထိုပေါက်ကွဲမှုအား ထိန်းချုပ်ခဲ့သဖြင့် တုန်ခါမှုလှိုင်း အများစုမှာ အပြင်ဘက်သို့သာ ပြန့်ထွက်သွားခဲ့၏။ သို့ဖြစ်ရာ သူမနှင့် ဝမ်ပေါင်လဲ့တို့ နှစ်ယောက်စလုံးမှာ ထိုပေါက်ကွဲမှုကြောင့် ဒဏ်ရာရခဲ့ခြင်းမရှိပေ။ ထို့အပြင် သူမသည် ဝိညာဉ်ကြားခံနယ်အဆင့် အကာအကွယ်များကို ပိုင်ဆိုင်ထားသည်ဖြစ်ပြီး ဝမ်ပေါင်လဲ့မှာလည်း နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးအား ပိုင်ဆိုင်ထားသည်မဟုတ်ပါလော။ ထို့ကြောင့် သူတို့မှာ လက်ကျန် တုန်ခါမှုလှိုင်းများကို အံတုကာ အနည်းငယ်ခန့် ပြန်လည်တည်ငြိမ်သွားပြီးနောက် လွန်းပြန်ယာဉ်၏ ပေါက်ကွဲမှုမှ ထွက်ပေါ်လာသည့် ပြင်းအားများကို အသုံးပြု၍ အရှိန်မြှင့်တင်လိုက်ကြ၏။ ထို့နောက် သူတို့မှာ ရန်သူများ၏ စစ်သင်္ဘောကြီးများ ဖရိုဖရဲဖြစ်သွားသည်ကို အခွင့်ကောင်းယူကာ ရှေ့သို့ ပြေးထွက်သွားကြတော့သည်။

သူတို့မှာ ‌ပေါက်ကွဲမှုအားများကိုပါ အသုံးပြုထားသောကြောင့် အလွန်အင်မတန်မှ မြန်ဆန်နေသဖြင့် သူတို့၏ နောက်တွင်ကျန်ရစ်ခဲ့သော ပုံရိပ်ယောင်များကိုသာ မြင်နိုင်ပေသည်။ သူတို့မှာ အနီရောင်ပင်လယ်ကြီးထဲမှ ဖောက်ထွက်သွားကြပြီးနောက် စစ်သင်္ဘောအစင်းရေတစ်သောင်း၏ အခြားတစ်ဖက်တွင် ပြန်လည်ပေါ်ပေါက်လာကြ၏။

စစ်သင်္ဘောကြီးများပေါ်ရှိ ဖရိုဖရဲ ဖြစ်နေကြသည့် ကျင့်ကြံသူများ အပါအဝင် ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူလေးယောက်မှာ သူတို့နှစ်ယောက် ထွက်ပြေးသွားကြသည်ကို လှမ်းမြင်လိုက်ရ၏။ သူတို့မှာ ထိုနှစ်ယောက် သူတို့၏ ရှေ့တွင် ထိုကဲ့သို့ ထွက်ပြေးလွတ်မြောက်သွားသည်ကို ကြည့်ရင်း အံ့သြတုန်လှုပ်သွားကြတော့သည်။

သူတို့၏ ပိတ်ဆို့မှုအား ဖောက်ထွက်နိုင်ရန်မှာ လုံးဝနီးပါး မဖြစ်နိုင်သောကြောင့် မည်သူကမှ ယခုလို ဖြစ်သွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ အနီရောင်ပင်လယ်ကြီး ပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် လွန်းပြန်ယာဉ်အား ဖောက်ခွဲပစ်ရန် ချက်ချင်းဆုံးဖြတ်ချက်ချနိုင်မှသာလျှင် လွတ်မြောက်နိုင်ခြေ ရှိမည်ဖြစ်သည်။ ထိုသို့ဆုံးဖြတ်ချက်ချရန်မှာ လွယ်ကူရိုးရှင်းသည့်ပုံ ပေါ်ပါသော်လည်း လက်တွေ့တွင်မူ ထိုကဲ့သို့ ဆုံးဖြတ်ချက်ချနိုင်မည့် လူအရေအတွက်မှာ အနည်းငယ်မျှသာ ရှိလောက်ပေသည်။

သူတို့နှစ်ယောက် အောင်မြင်စွာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည့် အဓိကအချက်မှာ လွန်းပြန်ယာဉ်လေးအား အလျင်အမြန် ဖောက်ခွဲပစ်နိုင်ခဲ့ခြင်းကြောင့် ဖြစ်ပေသည်။

သို့သော် သူတို့မှာ စိတ်ပူနေခြင်း မရှိပေ။ လွန်းပြန်ယာဉ်လေး၏ ပေါက်ကွဲမှုကြောင့် နောက်သို့ တွန်းထုတ်ခံလိုက်ရသည့် ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူများအားလုံးမှာ တာအိုနန်းတော်မှ ယွမ်ယင်အဆင့် အကြီးအကဲဟောင်းများ ဖြစ်ကြပေသည်။ သူတို့ထဲတွင် ချီလင်းလည်း ပါ၏။ သူသည် ဖုန့်ချိုးရန်၏ အဖွဲ့အစည်းမှ ဖြစ်ပြီး ဝမ်ပေါင်လဲ့နှင့် ပဋိပက္ခများ ရှိခဲ့ဖူးသူ တစ်ယောက်ဖြစ်သည်။

သူသည် အဆုံးမဲ့မျိုးနွယ်စုဝင်တစ်ယောက်၏ လက်ခံကောင်အဖြစ်သို့ ရောက်ရှိသွားပြီးနောက် လုံးဝပြောင်းလဲသွားပြီဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း ဝိညာဉ်ကြားခံနယ်အဆင့်သို့ တိုးတက်သွားခဲ့၏။ ယခုတွင် သူသည် မျက်လုံးများမှေးကာ ဝမ်ပေါင်လဲ့နှင့် ဖုန့်ချိုးရန်တို့ ပြေးထွက်သွားသည့်ဘက်သို့ လှမ်းကြည့်လိုက်၏။ သူသည် သူတို့နောက်မှ အလောတကြီး လိုက်သွားခြင်းမရှိဘဲ လှောင်ပြောင်လိုသည့် လေသံဖြင့် ရယ်မောလိုက်သည်။

သူတစ်ယောက်တည်းသာ ထိုသို့ရယ်မောလိုက်သည်တော့မဟုတ်ပေ။ တာအိုနန်းတော်မှ အခြား ယွမ်ယင်အဆင့် အကြီးအကဲဟောင်း သုံးယောက်မှာလည်း ထိုနည်းတူပင်။ သူတို့အားလုံးမှာ လက်ခံကောင်များအဖြစ် ပြောင်းလဲသွားကြပြီးနောက် ဝိညာဉ်ကြားခံနယ်အဆင့်သို့ ရောက်ရှိသွားခဲ့ခြင်းဖြစ်၏။ သူတို့လေးယောက် ဝမ်ပေါင်လဲ့နှင့် ဖုန့်ချိုးရန်တို့ ဦးတည်သွားနေသည့် အရပ်မျက်နှာဘက်သို့ လှမ်းကြည့်နေစဉ်မှာပင် ထိုနေရာရှိ အေးစက်မှောင်မိုက်နေသော ဟင်းလင်းပြင်ကြီးမှာ ရုတ်တရက်ဆိုသလို တွန့်လိမ်ပုံပျက်သွားတော့သည်။

ထိုအခါ ဝမ်ပေါင်လဲ့မှာ အံ့ဩတုန်လှုပ်သွားရပြီး ဖုန့်ချိုးရန်မှာ သူငယ်အိမ်များ ကျဉ်းမြောင်းသွားရ၏။ သူတို့မှာ လမ်းကြောင်းပြောင်းရန် ကြိုးစားလိုက်ပါသော်လည်း နောက်ကျသွားပြီဖြစ်သည်။ သူတို့၏ ရှေ့တွင်ရှိနေသည့် ပုံပျက်နေသော ဟင်းလင်းပြင်ကြီးမှာ ရုတ်တရက်ဆိုသလို ဧရာမ ဝဲကြီးတစ်ခုအသွင် ပြောင်းလဲသွားတော့သည်။

၎င်းမှာ အာကာသတွင်းနက်ကြီးတစ်ခုနှင့် ဆင်တူပြီး ၎င်း၏ အခြားတစ်ဖက်တွင် မည်သည့်အရာရှိနေမှန်း မသိနိုင်ပေ။ ၎င်းမှာ အဆက်မပြတ် လည်ပတ်နေရင်း အာကာသထဲ၌ အပေါက်တစ်ပေါက်အား ဖွင့်ပေးလိုက်သကဲ့သို့ပင်။ ခဏအကြာတွင် ၎င်း၏ အလယ်တည့်တည့်မှ အနီရောင် တိမ်တိုက်ကြီးနှစ်ခု ထိုးထွက်လာ၏။

ထို တိမ်တိုက်ကြီးနှစ်ခုစလုံးမှာ ပေထောင်ပေါင်းများစွာ ရှည်လျားနေကြ၏။ ၎င်းတို့မှာ အာကာသထဲ၌ ပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် ဝမ်ပေါင်လဲ့နှင့် ဖုန့်ချိုးရန်တို့ဆီသို့ အရှိန်အဟုန်ဖြင့် မျောလွင့်လာကြပြီး သူတို့နှစ်ယောက်အား ဖိနှိပ်ချုပ်တည်းရန် စွမ်းအားများ ထုတ်လွှတ်လိုက်ကြသည်။ သို့ဖြစ်ရာ သူတို့နှစ်ယောက်မှာ ထွက်ပြေးလွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။

ထို အနီရောင် တိမ်တိုက်ကြီးများမှာ သူတို့၏ အနီးသို့ ချက်ချင်းဆိုသလိုပင် ရောက်ရှိလာကြသောကြောင့် ဖုန့်ချိုးရန်မှာ မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး နောက်သို့ ဒယိမ်းဒယိုင်နှင့် ဆုတ်ခွာသွား၏။ ထို့နောက် သူမသည် သူမ၏ သိုလှောင်အိတ်ကို ပုတ်ကာ ခေါင်းလောင်းတစ်လုံး ထုတ်ယူလိုက်၏။ သူမ၏ လက်ဖြင့် ထိုခေါင်းလောင်းအား အားပါပါ လှုပ်ယမ်းလိုက်သောအခါ ထိုခေါင်းလောင်းထဲမှ အဖြူရောင် ကမ္ဗည်းစာလုံးများ ထွက်ပေါ်လာသည်။ ထို ကမ္ဗည်းစာလုံးများမှာ အတူတကွ စုဝေးသွားကာ လက်ကြီးတစ်ဖက်အဖြစ် ပြောင်းလဲသွားပြီးနောက် ရှေ့သို့ ထိုးထွက်သွားတော့သည်။ ၎င်းမှာ ထိုတိမ်တိုက်ကြီးများကို တွန်းထုတ်ကာ ဝမ်ပေါင်လဲ့နှင့် ဖုန့်ချိုးရန်တို့နှစ်ယောက် ထွက်ပြေးနိုင်ရန်အလို့ငှာ အချိန်ဆွဲပေးရန် ကြိုးစားနေသည့်ပုံပင်။

သို့သော် ထို ကမ္ဗည်းစာလုံးများဖြင့် ဖွဲ့စည်းထားသည့် ဧရာမ လက်ကြီးမှာ ထို ထူးဆန်းထွေလာ အနီရောင်တိမ်တိုက်ကြီးများအား တားဆီးခြင်း မရှိဘဲ ၎င်းတို့အား ကျော်ဖြတ်သွား၏။ ထို့နောက် တိမ်တိုက်ကြီးတစ်ခုမှာ အံ့ဩတုန်လှုပ်နေသည့် ဖုန့်ချိုးရန်အား လွှမ်းခြုံသွားပြီးနောက် သူမအား ပိတ်လှောင်ထားလိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာမူ တွေဝေတုံ့ဆိုင်းနေခြင်းမရှိပေ။ သူ၏ ခန္ဓာကိုယ်မှာ မှုန်ဝါးဝါး ဖြစ်သွားပြီးနောက် သူ၏ကိုယ်ပွားမှာ သူ၏ ခန္ဓာကိုယ်အစစ်ထဲမှ ခွဲထွက်သွားရန် ပြင်လိုက်၏။ သို့သော် ၎င်းမှာ အနီရောင်တိမ်တိုက်ကြီး၏ ဖိအားများကြောင့် လှုပ်ရှားနိုင်စွမ်းမရှိဘဲ ဝမ်ပေါင်လဲ့‌၏ရှေ့တွင် ရပ်တန့်သွားရတော့သည်။ သို့ဖြစ်ရာ သူသည် သူ သုံးနေကျ နည်းလမ်းဖြစ်သည့် သူ၏ ကိုယ်ပွားနှင့် နေရာချင်းလဲသည့် နည်းလမ်းအား အသုံးပြုနိုင်တော့မည် မဟုတ်ပေ။

ယခုအကြိမ်တွင် သူ၏ ကိုယ်ပွားမှာ လုပ်စရာတစ်ခုသာရှိပေသည်။ ၎င်းမှာ သူ့ကိုယ်သူ ဖောက်ခွဲပစ်ရန် ဖြစ်သည်။

ထိုကိုယ်ပွားမှာ ဝမ်ပေါင်လဲ့၏ ကိုယ်ထဲမှ ခွဲထွက်လာသည်နှင့် တစ်ပြိုင်နက် သူဆီသို့ ဦးတည်လာနေသည့် အနီရောင်တိမ်တိုက်ကြီးဆီသို့ တန်းတန်းမတ်မတ် ပြေးသွားလိုက်၏။ ထို့နောက် ထိုအနီရောင်တိမ်တိုက်ကြီး ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်တစ်ခုလုံးအား လွှမ်းခြုံသွားရန် ပြင်လိုက်စဉ်မှာပင် ၎င်းမှာ အလိုလို ပေါက်ကွဲသွားတော့သည်။

ထိုပေါက်ကွဲမှုအားမှာ ပြင်းထန်လွန်းလှသောကြောင့် အနီရောင်တိမ်တိုက်ကြီးမှာ တုန်ရီသွားပြီး တစ်ခဏမျှ အရှိန်လျော့ကျသွားရ၏။

ဝမ်ပေါင်လဲ့မှာ ထိုအခွင့်အရေးကို အသုံးပြုကာ ချက်ချင်း ထွက်ပြေးသွားလိုက်သည်။ သူသည် ရင်ခုန်နှုန်းများ မြန်ဆန်နေရပြီး တစ်ခေါင်းလုံး ထူပူနေရပြီ ဖြစ်သည်။ ထိုအချိန်တွင် သူသည် ဝဲကြီးထဲမှ နောက်ထပ် အနီရောင် တိမ်တိုက်ကြီးတစ်ခု ထွက်ပေါ်လာသည်ကို မြင်လိုက်ရသဖြင့် ဦးရေခွံများ ထုံကျဉ်သွားရ၏။ တာအိုနန်းတော်နှင့် အဆုံးမဲ့မျိုးနွယ်စုတို့မှာ လိုလေးသေးမရှိအောင် ပြင်ဆင်ထားကြပြီးသား ဖြစ်သည်။ သူသည် ထိုနေရာမှ ထွက်ပြေးသွားရန် ပြင်လိုက်စဉ်မှာပင် ချီလင်းနှင့် အခြား ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူသုံးယောက်မှာ သူ၏အနီးသို့ ရောက်ရှိလာကြပြီး တိုက်ခိုက်လိုက်ကြတော့သည်။

ထို့ကြောင့် အာကာသထဲတွင် ဝိညာဉ်စွမ်းအင်လှိုင်းများ ထွက်ပေါ်လာပြီး လေပြင်းများ စတင်တိုက်ခတ်လာတော့သည်။ ဝမ်ပေါင်လဲ့မှာ ဂါထာတော်အား ရွတ်ဖတ်ခဲ့ပြီး နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးအား ဆင်မြန်းထားသည့်အပြင် သူ့အား စွမ်းအားများပေးစွမ်းနိုင်သည့် ဂြိုဟ်တစ်လုံး၏ အနီးသို့ ရောက်နေသည့်တိုင်အောင် အချည်းနှီးပင်။ သူသည် ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူ လေးယောက်ကို ယှဉ်နိုင်စွမ်း မရှိသေးသောကြောင့် သူ၏ ချပ်ဝတ်တန်ဆာကြီးမှာ အပြင်းအထန်တုန်ရီသွားရပြီး သူသည်လည်း နောက်သို့ လွင့်ထွက်သွားကာ ပါးစပ်ထဲမှ သွေးများစီးကျလာရ၏။ ထိုအချိန်တွင် အနီရောင်တိမ်တိုက်ကြီးနှစ်ခုမှာ သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာပြီး သူ့အား လွှမ်းခြုံသွားတော့သည်။

ယခုတွင် ကောင်းကင်ယံထဲ၌ အရွယ်အစား မတူညီသော အနီရောင်တိမ်တိုက်ကြီးနှစ်ခု ရှိနေပြီဖြစ်သည်။ ၎င်းတို့မှာ အဆက်မပြတ် လည်ပတ်နေကြသဖြင့် ထိုမြင်ကွင်းကြီးမှာ ကြောက်မက်ဖွယ်ရာကောင်းနေ၏။

” မဟာထိပ်သီးအကြီးအကဲကြီးရဲ့ အမိန့်တော်အတိုင်း တာအိုနန်းတော် ကျင့်ကြံသူတွေအကုန်လုံးကို ဆင့်ခေါ်လိုက်တယ်။ မန္တန်အစီအရင်ကို အသက်သွင်းပြီးတော့ သစ္စာဖောက် ဝမ်ပေါင်လဲ့ကို သုတ်သင်ရှင်းလင်းကြ။ သူ့ရဲ့ ဝိညာဉ်ပါ မကျန်အောင် သူ့ကို ဇီဝိန်ခြွေပေးရမယ် ”

” ပြီးရင် မဟာထိပ်သီးအကြီးအကဲကြီး ဖုန့်ချိုးရန် သတိပြန်ရလာအောင် သူ့ကို စိတ်ညှို့ထားတဲ့ မန္တန်ကိုလည်း ချေဖျက်ပစ်ရမယ် ” ချီလင်း၏ စကားသံကြီးမှာ ထိုနေရာတစ်ဝိုက်ရှိ စစ်သင်္ဘောကြီးများထဲမှ တာအိုနန်းတော်ကျင့်ကြံသူများ၏ အသိစိတ်ထဲ၌ ပေါ်ပေါက်လာ၏။ ထိုအခါ သူတို့အားလုံးမှာ တစ်ကိုယ်လုံး တုန်ရီသွားကြပြီးနောက် အောက်သို့ ချက်ချင်းထိုင်ချကာ သူတို့၏ ကျင့်ကြံခြင်းစွမ်းအားများအားလုံးကို ထုတ်လွှတ်လိုက်ကြတော့သည်။ ထို့ကြောင့် စစ်သင်္ဘောကြီးများထဲမှ အနီရောင်အလင်းတန်းများ နောက်ထပ်တစ်ကြိမ် ထပ်၍ ထိုးထွက်လာကြပြီး ထိုတိမ်တိုက်ကြီးနှစ်ခုအား လွှမ်းခြုံသွားကြသဖြင့် ထိုနေရာကြီးတစ်ခုလုံးမှာ အနီရောင် ပင်လယ်ကြီးအဖြစ် ပြန်လည်ပြောင်းလဲသွားတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset