အပိုင်း (၁၇၄)

ငါမင်းကို အသိအမှတ်ပြုပြီ

“ကောင်းပြီ…” ရှောင်မူက ခေါင်းညိတ်လျက် မီးနှင်တံကို ကိုင်ကာရှေ့ကို လျှောက်သွားလိုက်သည်။ ထိုမီးလျှံစာအုပ်က သူ၏တန်ခိုးကျင့်ရာတွင် ကြီးစွာ အထောက်အကူ ဖြစ်စေနိုင်သည်ကို သူသိသည်။ သမီးတော်လို့လန်ရွှီက သဒ္ဓိဝင်မဟုတ်သော ရတနာများမှာ ရှေးဟောင်းလို့လန်နှင့် ပြန်လည် လဲလည်ရမည်ဟု ပြောသည့်တိုင် အနည်းဆုံးသူက ရှေးဟောင်းနယ်မြေမှ မထွက်ခွာမီအထိ လေ့ကျင့်နိုင်ပေသည်။

ရီဖူရှင်းတို့ အုပ်စုက မီးလျှံလူကို ကြည့်လိုက်ကြသည်။ ယခုထိ ဘယ်နှကြိမ်ရှိနေပြီလဲ။ သို့သော် ရီဖူရှင်းက ရှောင်မူ မီးလျှံစာအုပ်ထံ လျှောက်သွားသည်ကို ရပ်ကြည့်နေလိုက်သည်။ ချပ်ဝတ် စစ်သည်များက စစ်စည်တော်များအား တစ်ဖန် တီးခတ်ကြပြန်သည်။ ချက်ချင်းပင် ကြောက်မက်ဖွယ် အားလှိုင်းတစ်ခု လေထဲတွင် ပျံ့နှံ့လာသည်။ မီးလျှံအားလှိုင်းက စည်တော်သံနှင့် ပေါင်းစပ်သွားကာ ရှောင်မူထံ တိုးဝင်လာသည်။

ရှောင်မူ၏ စိတ်အသိက မီးနှင်တံနှင့် ပေါင်းစပ်သွားကာ ထိုအရာကို သူ့ရှေ့တွင် ထားလိုက်သည်။ စက္ကန့်ပိုင်းအတွင်း ကြောက်မက်ဖွယ် မီးလျှံများက သူ့ကို လွှမ်းခြုံလာ၏။ ထိတ်လန့်ဖွယ် အားလှိုင်းက စည်တော်သံ အားလှိုင်းနှင့် ရင်ဆိုင်မိသည်။ ရှောင်မူက မီးလျှံစာအုပ်ကို ယူဆောင်လိုသည့်အလား ရှေ့ကို တိုးသွားလိုက်သည်။ သူ၏နောက်မှ မည်သူမှ မလှုပ်ရှားရဲကြပေ။ သူတို့က စည်တော်သံ၏ အင်အားကြီးမှုကို ခံစားမိကြ၏။ ထိုအသံကား ကြောက်မက်ဖွယ် ကောင်းလှသည်။

ရှောင်မူက နောက်တစ်လှမ်း လှမ်းလိုက်သော အချိန်တွင် စည်တော်က တစ်ဖန် တုန်ခါလာပြန်သည်။ ဤတစ်ကြိမ်တွင်ကား ပထမတစ်ကြိမ်ထက် ပိုမို ကြောက်မက်ဖွယ် ကောင်း၏။ ရှောင်မူက မျက်မှောင်ကြုတ် လိုက်သည်။ သူ၏ကိုယ်မှ နိုဘယ်ကံစွမ်းအား ဖြာထွက်လာပြီး သူက မီးနှင်တံ၏စွမ်းအားကို အသက်ဝင်စေလိုက်သည်။ ထိုအခိုက်တွင် သူကား နိုဘယ်အဆင့် တန်ခိုးရှင် တစ်ယောက်နှင့် တူလှသည်။ သူ၏ခန္ဓာကိုယ်မှ မီးလျှံများ ဖြာထွက်နေပြီး ထည်ဝါသော အရှိန်အဝါကို ပေးသည်။ ယန်မြို့၏ လူငယ်မျိုးဆက် ခေါင်းဆောင် ဖြစ်သည့်အလျောက် နိုဘယ်ကံစွမ်းအားကို ပိုင်ဆိုင်ပြီးမှ သူက လို့လန်ရှေးဟောင်း နယ်မြေကို လာရောက်ခြင်း ဖြစ်သည်။ မဟုတ်လျှင် သူက သဒ္ဓိဝင်ပစ္စည်းများ၏ အသိအမှတ်ပြုမှုကို ရမည် မဟုတ်ပေ။

တိုက်ပွဲစင်မြင့်တွင်ကား မီးတောက်မီးလျှံများ ဟိုမှသည်မှ ပျံ့နှံ့လွင့်စဉ်နေသည်။ ရှောင်မူက မီးနှင်တံ၏ အစွမ်းကို အကာအကွယ်ယူလျက် ရှေ့ကို ဖြည်းဖြည်းချင်း လှမ်းနေသည်။ ဤအရာကား စိတ်အင်အားများ၏ ယှဉ်ပြိုင်ပွဲဖြစ်သည်။ သူက နိုဘယ်ကံစွမ်းအားကို သုံးလျက် မီးနှင်တံအား အထောက်အပံ့ပေးနေသည်။ နှင်တံမှ ထွက်ပေါ်လာနေသော အားလှိုင်းများကား နိုဘယ်အဆင့် အားလှိုင်းနီးနီး အားကောင်းပေသည်။ သူက စာအုပ်ကို မရနိုင်စရာ အကြောင်း မရှိပေ။

သူက ရှေ့ကို လျှောက်သွားလျှင် စည်တော်သံများက ကောင်းကင်တစ်ခွင် ဖုံးလွှမ်းလာပြန်သည်။ သူ၏နောက်မှ လူများက ပိုဝေးသောနေရာသို့ ဆုတ်ခွာကြသည်။ သူတို့၏ စိတ်အသိများက စည်တော်သံများကြောင့် တုန်ခါနေသည်။ သူတို့က ထိုအားလှိုင်းများကို ခံနိုင်ရည်မရှိဟု ခံစားမိကြ၏။ သူတို့က လို့လန်ရှေးဟောင်း နယ်မြေတွင် မည်သည့်ရလဒ်မှ ရရှိမည် မဟုတ်ကြောင်း ရိပ်မိလိုက်ကြသည်။

နိုဘယ်ကံစွမ်းအား မရှိလျှင် သူတို့က သဒ္ဓိဝင်ပစ္စည်းများ၏ အကူအညီဖြင့် ကြိုးစားနိုင်သော်လည်း နှစ်မျိုးလုံး သူတို့တွင် မရှိပေ။

အလျှံညီးညီး မီးလျှံများ တောက်လောင်လျက် ရှောင်မူက နိုဘယ်တန်ခိုးရှင်အလား ရှေ့ကို လျှောက်နေသည်။ စစ်သည်များက စည်တော်များကို တီးခတ်ပြန်သည်။ စည်တော်သံများ အဆက်မပြတ် မြည်လာကာ လောကတစ်ခုလုံးနှင့် ဆက်နွှယ်သွားသည့်အလား ကောင်းကင်နှင့် မြေကြီးက တစ်သားတည်း ဖြစ်သွားပြီး ဖျက်ဆီးမရသော အားအင်များအဖြစ် ပြောင်းလဲသွားကာ ရှောင်မူထံသို့ တိုးဝင်သွားသည်။

ရှောင်မူ ရပ်လိုက်သည်။ ကြောက်မက်ဖွယ် အပူလှိုင်းက သူ့ထံကို တိုက်ခတ်နေပြီး နှင်တံကို ဆုပ်ကိုင်ထားသော သူ၏လက် တုန်ယင်လာသည်။ သူကား မီးလျှံစာအုပ်နှင့် နီးကပ်နေပြီ ဖြစ်သည်။ နောက်ခုနစ်လှမ်းဆိုလျှင် သူ ယူနိုင်ပြီဖြစ်သည်။ သို့သော် သူက နောက်ထပ် ခုနစ်လှမ်းကို လှမ်းနိုင်စွမ်း မရှိတော့ဟု သူခံစားနေရသည်။

သူ၏ခြေကို အတင်းရှေ့ကို ကြိုးစား လှမ်းကြည့်လိုက်သည်။ ချက်ချင်းပင် စည်တော်သံများ မြည်လာပြန်သည်။ ထိုအခိုက်တွင် အပူလှိုင်းများက ရိုက်ခတ်လာကာ စည်သံနှင့်အတူ ကြောက်မက်ဖွယ် အားလှိုင်းများ လိုက်ပါလာကြသည်။

ဝုန်းခနဲမည်ကာ ရှောင်မူ နောက်ကို ဆုတ်သွားသည်။ သူက မီးနှင်တံ၏ စွမ်းအင်အား ချက်ချင်း ပိုမို အသုံးပြုလိုက်လျှင် သူ၏မျက်ခုံးများကြားမှ အလင်းများ ပိုမိုတောက်ပ လာသော်လည်း မီးနှင်တံက အက်ကွဲသွားသည်။ ထိုအရာက အစိတ်စိတ်အမြွှာမြွှာ ကွဲကြေလုနီးပါးပင်။ သို့သော် အက်ကွဲမှုများက ပြန်လည် ကောင်းမွန်သွားပြီး ရှောင်မူကြီးစွာ တုန်ယင်သွားသည်။ သူ၏မျက်နှာလည်း ပြာနှမ်းသွားသည်။

သူ မအောင်မြင်ခဲ့ပေ။ လူအများ၏ မျက်လုံးများ အရောင်လက်သွားသည်။ ထိုအားကောင်းသော ရှောင်မူကား နိုဘယ်သိစိတ် ပါဝင်သော သဒ္ဓိဝင်ပစ္စည်း၏ အကူအညီဖြင့်ပင် ကျရှုံးခဲ့သည်။ ဆိုလိုသည်က တခြားလူများတွင်လည်း အခွင့်အရေး မရှိ ဟူ၍ပင်။

နောက်ဘက်တွင် ထက်ရှသော မျက်လုံးနှင့် လူငယ်က လို့လန်ရွှီကို ပြောသည်… “ကြည့်ရတာ ဒါကို ရယူဖို့ တော်တော် ခက်တာပဲ… မြေရိုင်းမြို့ကလူတွေများ ယူနိုင်ကြမလား…”

နှစ်ပေါင်းများစွာ ကြာအောင် မျိုးဆက်များ တစ်ခုပြီးတစ်ခု ရှေးဟောင်းနယ်မြေသို့ ဝင်ရောက်ခဲ့ကြသည်။ ရယူနိုင်သော သဒ္ဓိဝင်ပစ္စည်းများမှာ အားလုံး ရယူပြီးဖြစ်သည်။ ကျန်ရစ်နေသော ပစ္စည်းများမှာ ရယူရန် အလွန်အမင်း ခက်ခဲလှသည်။

ထက်ရှသော မျက်လုံးနှင့် လူငယ်ကလည်း ယခင်က မီးလျှံစာအုပ်ကို ကြိုးစားဖူးသော်လည်း မအောင်မြင်ခဲ့ပေ။ သို့သော် သူက ရှောင်မူထက် ပိုမိုနီးကပ်စွာ လှမ်းနိုင်ခဲ့သည်။ သမီးတော် လို့လန်ရွှီလည်း ကြိုးစားဖူးသည်။ သူမကား အနီးစပ်ဆုံးပင်။ နောက်ဆုံး ခြေလှမ်းတွင် ကျရှုံးခဲ့ရသည်။

ရှောင်မူရှိနေရာတွင် မီးလျှံလူ တစ်ဖန် ပေါ်လာပြန်သည်။ သူ၏အမူအရာကား သိပ်မကောင်းလှပေ။

“စီနီယာ… ကျုပ် အတတ်နိုင်ဆုံး ကြိုးစားခဲ့တယ်…” ရှောင်မူက ပြောသည်။

“ငါသိတယ်…” မီးလျှံလူက ပြောသည်။ “ကြည့်ရတာ ဒါကို ဘယ်သူမှ မယူနိုင်တော့ဘူးနဲ့ တူတယ်… ဘယ်လောက် ဆိုးလိုက်သလဲ…” နန်းတော်မှ ရတနာများမှာ ယခုခေတ်တွင် ရယူရန် ဤမျှ ခက်ခဲသွားပြီလား။ ဤသို့ဆိုလျှင် ရှေးဟောင်း နယ်မြေတွင် သူတို့ ရယူနိုင်သည့်အရာများ ရှိတော့မည် မဟုတ်ပေ။

မီးလျှံလူ၏ စကားကို ကြားလျှင် လူအများက မိမိတို့အကြား တီးတိုး ပြောနေကြသည်။ ကြည့်ရသည်မှာ ထိုစာအုပ်ကို မည်သူမှ ရယူနိုင်ဟန် မတူပေ။ နိုဘယ်အသိ၏ ရုပ်ပုံရိပ်က ပြောမှတော့ ထိုအရာက မှန်ကန်ပေမည်။

ထိုစဉ်မှာပင် အဖြူရောင် ဝတ်ရုံရှည်နှင့် လူငယ်တစ်ယောက်က တိုက်ပွဲစင်မြင့်ပေါ်သို့ လှမ်းသွားလိုက်သည်။ လူတိုင်းက သူ့အား ထိတ်လန့်စွာ ကြည့်လိုက်ကြသည်။ ရီဖူရှင်း၏ ပါရမီကား ပြိုင်ဘက်ကင်းပြီး သူကား တန်ခိုးအဆင့် နိမ့်သည့်တိုင်အောင် သဒ္ဓိဝင်ပစ္စည်း၏ အသိအမှတ်ပြုမှုကို ရရှိသည်။ သူ့တွင် နိုဘယ်ကံစွမ်းအားလည်း မရှိပေ။ သူက သဒ္ဓိဝင်ပစ္စည်း၏ စွမ်းအားကို မည်သို့ နိုးထစေမည်နည်း။ ရှောင်မူပင် မစွမ်းဆောင်နိုင်သည်ကို သူက အောင်မြင်မည်လော။

သူ့ဘေးမှ ဖြတ်လျက် လျှောက်သွားသော ရီဖူရှင်းကို မြင်လျှင် မီးလျှံလူ အံ့အားသင့် သွားသည်။ သူက အေးစက်စွာ မေးလိုက်သည်… “မင်း ဘာလုပ်နေတာလဲ…”

“သေချာတာပေါ့… ကြိုးစားကြည့်မလို့…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။

“မင်း ရူးနေတာလား…” မီးလျှံလူက အေးစက်စွာ ပြောသည်။ ရှောင်မူကား သူ၏ အကူအညီဖြင့်ပင်လျှင် ကျရှုံးခဲ့သည်။ ရီဖူရှင်းက ကြိုးစား ကြည့်လိုက်မည်တဲ့လား။ သူက ကိုယ့်နေရာကိုယ် မသိပေ။

“ကျုပ်က ကံကောင်း သွားတာလည်း ဖြစ်နိုင်တာပဲ…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။

“မင်းက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေပြီ …” မီးလျှံလူက အေးစက်စွာ ပြောသည်။ ရီဖူရှင်းက ပြန်မပြောဘဲ ရှေ့ကို ဆက်သွားလိုက်သည်။ စည်တော်သံများက အဆက်မပြတ် တီးခတ်လာကြကာ သူ၏ နားစည်အား လာရောက် ရိုက်ခတ်ကြသည်။ သူက အပူလှိုင်းများအား အနည်းငယ် ခံစားရသည်။

ရီဖူရှင်းက နဂါးကု့ချင်းအား လက်တစ်ဖက်ဖြင့် ကိုင်လျက် ကျန်လက်တစ်ဖက်ဖြင့် တီးခတ်သည်။ ဂီတသံစဉ်က ထွက်ပေါ်လာသည်။ ထိုမြင်ကွင်းက စစ်မြေပြင်နှင့်တူရာ စစ်သူကြီး အမိန့်တော် သီချင်းက အသင့်တော်ဆုံး ဖြစ်သည်။

ဂီတ၏ အနုပညာရသသိက ဆွဲခေါ်သွားရာ ချက်ချင်းပင် လူအများက တကယ့်စစ်မြေပြင်သို့ ရောက်သွားသည့်အလား ခံစားကြရသည်။ ရီဖူရှင်းတွင် တကယ့် နိုဘယ်ကံစွမ်းအား မရှိသော်လည်း သူ့တွင် ဧကရာဇ်အသိ ရှိသည်။ ဧကရာဇ်အသိအား ကု့ချင်း၏ စွမ်းအားဖြင့် ပေါင်းစပ်လိုက်လျှင် ကု့ချင်း၏ စွမ်းအင်က အမြင့်ဆုံး အခြေအနေထိကို ရောက်သွားသည်။

ဂီတသံစဉ် ထွက်ပေါ်လာသည်။ အားကောင်းသော မျိုးစေ့တစ်ခု ဂီတသံစဉ်မှ ရှင်သန်ကြီးထွား လာသလို ခံစားရကာ စစ်မြေပြင်မှ မြင်းရိုင်းများ၏ ဟီသံများကိုလည်း ကြားရသည်။ တခြားတစ်ဖက်တွင်ကား စစ်စည်တော်များ တီးခတ်နေသည်။ ထိုအရာက ကြောက်မက်ဖွယ် ဖြစ်တည်မှုတစ်ခု ဖြစ်လာသည်။ အရှိန်အဝါနှစ်ခုက ရင်ဆိုင်မိကာ အတူတူ ပျောက်ကွယ် သွားကြသည်။

ရီဖူရှင်းက တည်ငြိမ်စွာ လျှောက်သွားလိုက်ည်။ သူက စည်းချက်အလိုက် ခြေလှမ်းသလို ဂီတသံစဉ်ကလည်း တဖြည်းဖြည်းချင်း အားကောင်းလာသည်။

နိုဘယ်အသိနှင့် ဧကရာဇ်အသိကို ပေါင်းစပ်ထားသေ သဒ္ဓိဝင်ပစ္စည်း၏ နိုဘယ်စွမ်းအားကြောင့် စစ်သူကြီးအမိန့်သံအား မထင်မှတ်လောက်အောင် အားကောင်းစေသည်။

စစ်စည်တော်အသံနှင့် ဂီတသံစဉ်တို့က ယှဉ်ပြိုင် တိုက်ခိုက်နေကြသည်။ နှစ်ဖက် အားအင်ကား ကြောက်မက်ဖွယ် ကောင်းလှသည်။ သူတို့က မူလက အားနည်းသယောင် ထင်ရသော်လည်း အချိန်ကြာလာသည်နှင့်အမျှ နှစ်ဖက်အားအင်က အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းလာကာ ပတ်ဝန်းကျင်ရှိ လူများက စစ်တပ်ကြီးနှစ်ခု ရင်ဆိုင်မိနေသည့် မြင်ကွင်းကို မြင်ရသည့်အလား ခံစားနေကြရသည်။ သူတို့က ရီဖူရှင်းကို အထင်သေးမိပြီဟု သိလိုက်ကြသည်။

ဤပုံအတိုင်းဆို သူက ရှောင်မူ၏နေရာသို့အထိ အလွယ်တကူ ရောက်နိုင်ပေသည်။ သို့သော် ရီဖူရှင်းက သူ၏ တန်ခိုးအဆင့်ဖြင့် အဘယ်ကြောင့် ဤသို့ လုပ်နိုင်သည်ကို နားမလည်နိုင်ကြပေ။ သဒ္ဓိဝင်ပစ္စည်း၏ စွမ်းရည်ကို ဤအဆင့်အထိ သူက ဘယ်လို အသက်ဝင်စေ နိုင်သနည်း။

ဤအချိန်တွင်ကား ရီဖူရှင်း၏ ပတ်ဝန်းကျင် တစ်ခုလုံးမှာ မီးလျှံများဖြင့် ပြည့်နှက်နေသည်။ ကြောက်မက်ဖွယ် မီးလျှံများက သူ့ကို မြှုပ်နှံထားသည်ဟု ထင်ရသော်လည်း ဂီတအားလှိုင်းက သူ့အား ရစ်ပတ်ကာကွယ် ထားသည်။ ထိုအကာအကွယ်က တိုက်ခိုက် လာသမျှသော အားလှိုင်းများကို ဖျက်ဆီးချေမှုန်းနိုင်သည်။ မီးလျှံက ထိုးဖောက် တိုက်ခိုက်နိုင်စွမ်း မရှိသေးပေ။

သူက ရှောင်မူရောက်ခဲ့သော နေရာအနီးသို့ပင် ရောက်လာပြီ ဖြစ်သည်။ ထိုအဖြစ်က ရှောင်မူ၏ မျက်နှာကို ပျက်ယွင်းစေသည်။ မီးလျှံလူက ရီဖူရှင်းအား လေးနက်စွာ ကြည့်သည်။ သူက ရီဖူရှင်းကို အထင်သေးခြင်းမှာ သူ၏ အဆင့်နိမ့်သော တန်ခိုးအဆင့်ကြောင့် ဖြစ်ပြီး သူ့တွင် နိုဘယ်ကံစွမ်းအားလည်း မရှိပေ။ သူ၏ စွမ်းရည်ဖြင့် ရှေးဟောင်း နယ်မြေတွင် မည်သည့် အကျိုးကျေးဇူးမှ ရမည်မဟုတ်ပေ။ သို့သော်လည်း ရီဖူရှင်းက ပထမဦးစွာ သဒ္ဓိဝင်ပစ္စည်း၏ အသိအမှတ်ပြုမှုကို ရရှိပြီး ယခု ရှောင်မူနှင့် တူညီသော အခြေအနေထိအောင် လှမ်းလာနေသည်။ ထိုအဖြစ်က မီးလျှံလူအား ထိတ်လန့်စေသည်။ သူက မှားယွင်းစွာ ဆုံးဖြတ်မိသည်လား။

သူ ထပ်မသွားနိုင်တော့ဟု သူယုံသည်။ သူ၏ ဆုံးဖြတ်ချက် မှားယွင်းမည်ဟု သူမထင်ပေ။ စည်တော်၏ အားလှိုင်းက ထပ်ဆင့်မြင့်သွားသည်ကို သူမြင်သည်။ ထိုအရာက လေထုကို တုန်ခါစေလျက် ဂီတသံစဉ်ကို လာရောက် ဖြိုခွင်းကြသည်။ ရီဖူရှင်းက ဂီတသံစဉ်ကို ထပ်မံ အန်မတုနိုင်တော့ဟု မီးလျှံလူ ယူဆ၏။

ရီဖူရှင်း၏ လက်ချောင်းများက အရိပ်သဏ္ဌာန်အဖြစ် ပြောင်းလဲသွားပုံ ရသည်။ သူ၏ လက်ချောင်းများက ကြမ်းတမ်းစွာ တီးခတ်လိုက်လျှင် ဂီတသံစဉ်က မုန်တိုင်းအလား ထွက်ပေါ်လာသည်။ သူက ကြာမြင့်စွာ စုဆောင်းထားသော အားလှိုင်းများက စစ်သူကြီး အမိန့်သံနှင့်အတူ ထုတ်လွှတ်လိုက်သည်။

“မင်းက သေချင်နေတာပဲ…” မီးလျှံလူက အေးစက်စွာ ပြောသည်။ သူက ရှေ့ကို တည်ငြိမ်စွာ သွားနိုင်သည့် တိုင်အောင် သူကား သေရတော့မည် ဖြစ်သည်။ သို့သော် ရီဖူရှင်းက သေမည့်လမ်းကို ရွေးမည် မဟုတ်ပေ။ သူက ခြေလှမ်း အနည်းငယ် လှမ်းလိုက်ပြီး ဂီတသံစဉ်လှိုင်းများ ထုတ်လွှတ်လိုက်သည်။ ထိုသံစဉ်များက စည်တော်သံများနှင့် ရင်ဆိုင်မိသည်။ လေထုတစ်ခုလုံး ဗြောင်းဆန်သွားသည်။ ထိုထူးခြားသော အားလှိုင်းက အရာအားလုံးကို ထွင်းဖောက် သွားလိုပုံရသည်။

စစ်သူကြီး အမိန့်သံ ရောက်လာပြီ ဖြစ်သည်။ ထိုစဉ်မှာ မမြင်ရသော ဧကရာဇ်အသိက တိုက်ခိုက်မှုကို ကျော်လွှားပြီး စည်တော်ထဲကို စီးဝင်သွားသည်။ နောက်ထပ် ကျယ်လောင်စွာ မြည်ဟည်းသံနှင့်အတူ ကောင်းကင်က တုန်ခါသွားသည်။ ရီဖူရှင်း၏ ရှေ့မှ ဂီတမုန်တိုင်းကား ပျောက်ကွယ်သွားပြီ ဖြစ်သည်။ သူက ဤတိုက်ခိုက်မှုတွင် အရာအားလုံးကို အသုံးပြုပြီး ဖြစ်သည်။

“ဒါက သေကြောင်းကြံတာပဲ…” မီးလျှံလူက ပြောသည်။ သူ၏ မျက်လုံးထဲတွင်ကား ရီဖူရှင်းကား သေလူ ဖြစ်နေပြီ။ တခြားလူများကလည်း ထိုအရာကို မြင်သည်။ နောက်တစ်ကြိမ် စည်တော်သံက ရီဖူရှင်းကို သတ်တော့မည် ဖြစ်သည်။

ထိုအခိုက်တွင် ရီဖူရှင်းက ကု့ချင်းကြိုးကို ထပ်မံ တီးခတ်လိုက်သည်။ စည်တော်သံက ဂီတသံနှင့် ပေါင်းစပ်သွားသည်။ ဖျက်ဆီးအားလှိုင်းတစ်ခု ပေါ်လာကာ လူတိုင်း၏ မျက်လုံးအောက်တွင်တွင် စည်တော်ကို တီးခတ်နေသော စစ်သည်များ ဖုန်မှုန့်အဖြစ် ပြောင်းလဲ ပျောက်ကွယ်သွားသည်။

ဒါ… လူတိုင်း၏မျက်လုံးများ ပြူးကျယ်သွားသည်။ ဒါဘာလဲ…။ ရီဖူရှင်းက ဘယ်လို လုပ်လိုက်သလဲ။

မီးလျှံလူကလည်း ရီဖူရှင်းကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ သူက အမှန်တကယ်ပင် စစ်သည်များကို အောင်မြင်စွာ သတ်နိုင်ခဲ့သည်။ မီးလျှံစာအုပ်က ထိုနေရာတွင် အတားအဆီးများ မရှိဘဲ လေထဲ ပေါလောပေါ်နေသည်။

ရှောင်မူက ရုတ်တရက် ဖြတ်ခုတ်ရန် ရှေ့ကို ခုန်ဝင်သွားသည်။ ရီဖူရှင်းက သူ့အား တစ်ချက်ကြည့်ကာ ကု့ချင်းကို တီးခတ်လိုက်သည်။ ဂီတက တစ်ဖန် စည်တော်နှင့် ပေါင်းစပ်သွားပြီး ကြေက်မက်ဖွယ် အားလှိုင်းက ကောင်းကင်နှင့် မြေပြင်အကြား ပေါ်လာကာ ရှောက်မူထံ တိုးဝင်သွားသည်။ ရှောင်မူ၏ အမူအရာ ပြောင်းလဲသွားသည်။ ထိုအားလှိုင်းက သူ့အား ဖြတ်ကျော်သွားလျှင် ပါးစပ်မှ သွေးများ ထွက်ကာ ထိုနေရာမှ လွင့်စဉ်သွားသည်။

မီးလျှံလူက မီးနှင်တံ၏ ဘေးတွင် ပေါ်လာသည်။ သူ အမှန်ပင် ဆုံးဖြတ်ချက် မှားယွင်းခဲ့သည်။ ရီဖူရှင်းကား ရှောင်မူထက် ပိုမို အားကောင်းသည်။

“မှော်ဂီတနဲ့ စည်တော်ရဲ့အသံ ပေါင်းစပ်မှုက အရမ်း အားကောင်းတယ်… ငါမင်းကို အသိအမှတ်ပြုလိုက်ပြီ… နှင်တံကို လာယူလှည့်…” မီးလျှံလူက  ရှောင်မူကို စွန့်ခွာကာ ရီဖူရှင်းကို ပြောသည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset