Switch Mode

အခန်း (၆၈၈)

သခင်မကြီး

ဗုဒ္ဓဟူးဂြိုဟ် အပြင်ဘက်၌ ရစ်ဝဲနေကြသည့် တာအိုနန်း တော်စစ်သင်္ဘောကြီးများမှာ ဖုန့်ချိုးရန်နှင့် ဝမ်ပေါင်လဲ့တို့အား သတိထားမိသွားကြသည့်ပုံပင်။ ၎င်းတို့မှာ လမ်းကြောင်းပြောင်းကာ သူတို့နှစ်ယောက်အား တားဆီးလိုသည့် ရည်ရွယ်ချက်ဖြင့် သူတို့ဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာကြ၏။

သို့သော် ဝမ်ပေါင်လဲ့မှာ လျင်မြန်သွက်လက်နေပြီဖြစ်ရာ သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိနေ၏။ သူသည် ကြယ်ပင်လယ်ကြီးထဲတွင် သူ၏ ကံကြမ္မာအား မြင်နေရသကဲ့သို့ ခံစားနေရသည်။ ထို့ကြောင့် သူသည် သူ၏နောက်မှ လိုက်လာသော ဖုန့်ချိုးရန်အား လှည့်ကြည့်လိုက်ပြီးနောက် တည်ကြည်မှုအပြည့်ရှိသော အမူအရာဖြင့် ဆိုလိုက်၏။

” အကြီးအကဲ ချိုးရန်။ ကျွန်တော် အရှိန်တင်တော့မယ်နော်။ ကျွန်တော့်မှာ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးနဲ့ အရမ်းကိုအစွမ်းထက်တဲ့ အပြင်ခန္ဓာကိုယ်တစ်ခု ရှိနေတာမလို့ ကျွန်တော်ကိုယ်တိုင်တောင် မယုံနိုင်တဲ့ အမြန်နှုန်းကို ထုတ်လွှတ်နိုင်စွမ်းရှိနေပြီ။ တကယ်လို့ အကြီးအကဲကြီး ကျွန်တော့်ကို လိုက်မမီဘူးဆိုရင်လည်း အတင်းကြီး မရမက ကြိုးစားမနေနဲ့ဦးနော်။ ကျွန်တော့်ကိုသာ အသိပေးလိုက် ” သူသည် ထိုသို့ဆိုကာ ပြေးထွက်သွားရန် ပြင်လိုက်သဖြင့် ဖုန့်ချိုးရန်၏ မျက်နှာအမူအရာမှာ အထူးတဆန်း ဖြစ်သွားရသည်။ ထို့နောက် သူမသည် ညာဘက်လက်ကို ဝှေ့ယမ်းလိုက်သောအခါ သူမ၏ သိုလှောင်အိတ်ထဲမှ အဖြူရောင်အလင်းတန်းတစ်ခု ထိုးထွက်လာ၏။

ထို အဖြူရောင်အလင်းတန်းမှာ ဖုန့်ချိုးရန်၏ရှေ့၌ ရပ်တန့်သွားပြီးနောက် အရွယ်အစား ကြီးမားလာပြီး ပေတစ်ထောင်ခန့် ရှည်လျားသည့် ဧရာမ ဓားကြီးတစ်လက်အသွင် ပြောင်းလဲသွားသည်။

၎င်း၏ ပုံပန်းသွင်ပြင်မှာ လက်နက်တစ်ခုကဲ့သို့ ဖြစ်နေပါသော်လည်း ၎င်းဆီမှ ထွက်ပေါ်နေသည့် ဝိညာဉ်စွမ်းအင်လှိုင်းများနှင့် ၎င်း၏ ဖွဲ့စည်းတည်ဆောက်ပုံကိုကြည့်ပါက ၎င်းမှာ အသေးစား စစ်သင်္ဘောတစ်စင်းဖြစ်ကြောင်း သိနိုင်ပေသည်။ ၎င်းအား လွန်းပြန်ယာဉ်တစ်စင်းခု ခေါ်ဆိုခြင်းမှာ ပို၍ပင် သင့်တော်လောက်ပေသည်။

၎င်း၏ အပြင်ပိုင်းမှာ တလက်လက်တောက်ပနေသဖြင့် ၎င်း၏ ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်ကြီးမှာ တွန့်လိမ်ပုံပျက်နေသည်။ ၎င်းမှာ ရှေ့သို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားရန် တာစူနေသည့် သားရဲကြီးတစ်ကောင်အား လည်ပင်း၌ ကြိုးနှင့်ချည်ထားသကဲ့သို့ လူးလွန့်နေ၏။ အကယ်၍ ထိုကြိုးကိုသာ လွှတ်လိုက်မည်ဆိုပါက ၎င်းမှာ ချက်ချင်းဆိုသလိုပင် ရှေ့သို့ ပြေးထွက်သွားပြီး အစအန ရှာမရလောက်အောင် ပျောက်ကွယ်သွားမည်သာ ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထို လွန်းပြန်ယာဉ်အား မြင်လိုက်ရသောအခါ တစ်ခဏမျှ ဆွံ့အမှင်တက်သွား၏။ ဖုန့်ချိုးရန်မှာမူ ရှေ့သို့ တည်ကြည်စွာ လျှောက်လှမ်းသွားလိုက်ပြီး ထိုလွန်းပြန်ယာဉ်ပေါ်သို့ တက်သွားလိုက်သည်။ ထို့နောက် သူမသည် နောက်သို့လှည့်လာပြီး မိန်းမောတွေဝေနေသော ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေလိုက်၏။ သူမသည် စကားတစ်ခွန်းမှ မပြောပါသော်လည်း သူမ၏ မျက်ဝန်းများထဲတွင် သူမ ပြောလိုသည့်စကားများကို အထင်အရှား သိမြင်နိုင်ပေသည်။ သူမသည် အဆင်သင့် လိုက်ပါစီးနင်းနိုင်သည့် လွန်းပြန်ယာဉ်တစ်စင်း ရှိနေသည့်အခြေအနေတွင် အပင်ပန်းခံကာ ပျံသန်းချင်နေသည့် ဝမ်ပေါင်လဲ့အား နားမလည်နိုင်ဘဲ ဖြစ်နေရခြင်းဖြစ်သည်…

” တကယ်လို့ နင်က သူများတွေထက် ထူးပြီးတော့ တစ်ယောက်တည်း ပျံချင်တယ်ဆိုရင်လည်း နင့်သဘော… ” ဖုန့်ချိုးရန်မှာ ဝမ်ပေါင်လဲ့အား အဓိပ္ပါယ်ပါပါ စိုက်ကြည့်ကာ ပြန်ပြောလိုက်၏။

ဝမ်ပေါင်လဲ့မှာမူ ငြိမ်ကျသွားရတော့သည်…

သူသည် လွန်းပြန်ယာဉ်အား စိုက်ကြည့်နေ၏။ ၎င်းမှာ တမူထူးခြားသော အဆောင်ပစ္စည်း တစ်ခုဖြစ်ကြောင်း အထင်အရှား သိမြင်နိုင်ပေသည်။ ထို့နောက် သူသည် ခေါင်းငုံ့ကာ သူ၏ ခြေထောက်နှစ်ဖက်အား ကြည့်လိုက်၏။ ထိုအခါ သူသည် တစ်ခဏမျှ ဆွံ့အသွားရတော့သည်။ ဦးနှောက်တစ်ခန်းလွတ်နေသူ တစ်ယောက်ပင်လျှင် လွန်းပြန်ယာဉ်အားစီးကာ ခရီးသွားခြင်းနှင့် ကိုယ့်ခြေထောက်ကိုယ်သုံးကာ ခရီးသွားခြင်းတို့၏ ကြားရှိ ခြားနားချက်ကို ကောင်းကောင်းကြီး သိထားပေလိမ့်မည်။ သို့သော် သူသည် စောစောတုန်းက လေကြီးလေကျယ် ပြောမိခဲ့သည် မဟုတ်ပါလော။ သို့ဖြစ်ရာ ယခုတွင် သူပြောခဲ့သည့်စကားများကို ပြန်လည်ရုပ်သိမ်းလိုက်မည်ဆိုပါက ရှက်စရာကောင်းနေမည်မှာ အမှန်ပင်။ ထို့ကြောင့် သူသည် ဆက်၍ ဟန်ဆောင်နေရန် တွေးမိလိုက်၏။ ထိုအချိန်တွင် သူသည် သူတို့၏ ပတ်ပတ်လည်၌ တာအိုနန်းတော်စစ်သင်္ဘောကြီးများ ပေါ်ပေါက်လာသည်ကို မြင်လိုက်ရသည်။ ထို စစ်သင်္ဘောကြီးများထဲမှ ကျင့်ကြံသူအချို့ပင်လျှင် ပြေးထွက်လာကြပြီဖြစ်သည်။ ထို့အပြင် သူတို့၏အောက်တွင်လည်း ဗုဒ္ဓဟူးဂြိုဟ်ကြီး ရှိနေသေးသည်။ ထိုဂြိုဟ်ကြီး ရှိရာဘက်မှ ဧရာမဝဲကြီးတစ်ခု သူတို့ဆီတို့ ဦးတည်လာနေသည်ဖြစ်ရာ ၎င်းမှာ မြဲ့လျဲ့ကျိ ဖြစ်ရပေမည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်နှာအမူအရာ တည်ကြည်သွား၏။

” အကြီးအကဲ ချိုးရန်။ အခု လောလောဆယ် ပြည်ထောင်စုကြီးက အန္တရာယ်တွေအမျိုးမျိုးနဲ့ ကြုံနေရတာမလို့ စိတ်မကောင်းပါဘူးဗျာ။ ဂျူနီယာတစ်ယောက်အနေနဲ့ အကြီးအကဲကို ပြည်ထောင်စုကြီးထဲက ကြယ်တွေကို လိုက်မပြပေးနိုင်တာ စိတ်မကောင်းဖြစ်မိပါတယ်။ ထားလိုက်ပါတော့ဗျာ။ ဒီ မိစ္ဆာကောင်တွေကို ချေမှုန်းပြီးတော့မှပဲ ကျွန်တော် အကြီးအကဲကို ပြန်ပြီးတော့ ကျေးဇူးဆပ်ပါ့မယ်။ ကဲ… အခုတော့ သွားကြတာပေါ့ဗျာ ” ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုကာ ချောင်းဟန့်လိုက်ပြီးနောက် လွန်းပြန်ယာဉ်ပေါ်သို့ တက်သွားလိုက်၏။ ထို့နောက် သူသည် ဖုန့်ချိုးရန်၏ ဘေးတွင် ဝင်ထိုင်လိုက်ပြီး သူ့အား အထူးတဆန်း ကြည့်နေသည့် သူမ၏ မျက်ဝန်းများကို လျစ်လျူရှုထားလိုက်တော့သည်။ သူ၏ မျက်နှာအမူအရာမှာ သာမန်အတိုင်းပင်။ သူသည် အနည်းငယ်လေးပင် ရှက်ကိုးရှက်ကန်းဖြစ်နေသည့်ပုံ မပေါ်ပေ။

ဖုန့်ချိုးရန်မှာ ဝမ်ပေါင်လဲ့အား ဖျတ်ခနဲ ကြည့်လိုက်၏။ သူမသည် သူ၏ မျက်နှာပြောင်သော လုပ်ရပ်များအား စိတ်ဆိုးနေခြင်း မရှိသည့်အပြင် သဘောကျမိနေပြီး ကလေးငယ်တစ်ယောက်အား ကြည့်နေရသကဲ့သို့ပင် ခံစားနေရတော့သည်။

” သူက ကလေးပဲ ရှိသေးတာကိုး ” သူမ ထိုသို့တွေးကာ ရယ်မောလိုက်ပြီးနောက် ညာဘက်လက်ဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်၏။ ထိုအခါ လွန်းပြန်ယာဉ်လေးထဲမှ အဖြူရောင်အလင်းရောင်များ ထွက်ပေါ်လာပြီး သူတို့၏ ဘေးပတ်ပတ်လည်ရှိ နေရာတစ်ဝိုက်မှာ ကြယ်အလင်းရောင်များဖြင့် ပြည့်နှက်သွားသည်။ ထို့နောက် ၎င်းမှာ စတင်ရွေ့လျားလာပြီး စိတ်ကူးနှင့်ပင် မှန်းဆ၍မရနိုင်သည့် အမြန်နှုန်းမျိုးဖြင့် ရှေ့သို့ ထိုးထွက်သွား၏။ ထိုသို့ဖြင့် တာအိုနန်းတော် စစ်သင်္ဘောကြီးများ၊ ကျင့်ကြံသူများနှင့် ဗုဒ္ဓဟူးဂြိုဟ်ပေါ်ရှိ ဝဲကြီးပုံစံပြောင်းထားသည့် မြဲ့လျဲ့ကျိတို့ သူတို့၏ အနီးသို့ ရောက်မလာနိုင်ခဲ့မှာပင် ၎င်းမှာ အဝေးသို့ ပျံသန်းထွက်ခွာသွားတော့သည်။

ထို လွန်းပြန်ယာဉ်မှာ ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူတစ်ယောက်ထက်ပင် အများကြီးပို၍ မြန်ဆန်နေ၏။ ၎င်းမှာ တာအိုနန်းတော်၏ ထိပ်တန်းအဆင့် ရတနာများထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်။ ဖုန့်ချိုးရန်မှာ မဟာထိပ်သီးအကြီးအကဲကြီးဖြစ်ပြီး ဂိုဏ်းကြီး၏ အနိမ့်အမြင့် အတက်အကျ အချိန်ကာလများအားလုံးကို ကျော်ဖြတ်ခဲ့ဖူးသည် မဟုတ်ပါလော။ သို့ဖြစ်ရာ ထို လွန်းပြန်ယာဉ်မှာ သူမ၏ ကိုယ်ပိုင်ပစ္စည်းတစ်ခုကဲ့သို့ ဖြစ်နေပြီဖြစ်သည်။ ၎င်း၏ အမြန်နှုန်းကြောင့် ဖုန့်ချိုးရန်နှင့် ဝမ်ပေါင်လဲ့တို့မှာ သူတို့၏ ပတ်ပတ်လည်၌ ပိတ်ဆို့ထားကြသည့် ရန်သူစစ်သင်္ဘောကြီးများဆီမှ ချက်ချင်းဆိုသလိုပင် ဖောက်ထွက်နိုင်သွားတော့သည်။

ဝမ်ပေါင်လဲ့မှာ သူတို့ပျံသန်းနေသည့် အမြန်နှုန်းအား အာရုံခံကြည့်ရင်း ရင်ခုန်နှုန်းများ မြန်ဆန်လာ၏။ မန္တန်အစီအရင်တစ်ခုမှာ ထို လွန်းပြန်ယာဉ်အား လွှမ်းခြုံပေးထားသည်ဖြစ်ရာ ၎င်းပေါ်တွင် လိုက်ပါစီးနင်းလာကြသည့် ခရီးသည်များမှာ အမြန်နှုန်းကြောင့် နေမထိထိုင်မသာ ဖြစ်စေသည့် ခံစားချက်များကို ခံစားရမည်မဟုတ်ပေ။ ထို့အပြင် အသံလွှင့်အကြောင်းကြားစာများပင် အသုံးပြုနေစရာမလိုပဲ လွတ်လပ်စွာ စကားပြောနိုင်ပေသည်။ သူသည် နောက်သို့လှည့်ကာ တဖြည်းဖြည်းနှင့် အရွယ်အစား သေးငယ်သွားနေသည့် ဗုဒ္ဓဟူးဂြိုဟ်အား လှမ်းကြည့်ရင်း မျက်ဝန်းများထဲ၌ စူးစမ်းလိုစိတ်များ တောက်ပလာတော့သည်။

” တော်တော်ကို အံ့ဩဖို့ကောင်းတာပဲ ” ဝမ်ပေါင်လဲ့မှာ ဆောင့်ကြောင့်ထိုင်ချကာ လွန်းပြန်ယာဉ်၏ မျက်နှာပြင်အား လက်ဖြင့် ထိကြည့်လိုက်သည်။ သူသည် ဓမ္မလက်နက်များ၏ အကြောင်းကို ကောင်းကောင်းကြီး နားလည်ထားသည်ဖြစ်ရာ ဤ လွန်းပြန်ယာဉ်မှာ အနိမ့်ဆုံး နဝမအဆင့် ဓမ္မလက်နက်တစ်ခု ဖြစ်နေနိုင်ကြောင်း သိထား၏။ ထို့အပြင် ၎င်းမှာ ထိုအဆင့်ထက်ပင် ပို၍ မြင့်မားနေနိုင်ပေသည်။ ၎င်းမှာ နတ်ဘုရားလက်နက်တစ်ခု မဟုတ်ပါသော်လည်း ထိုအဆင့်ရှိ အဆောင်ပစ္စည်းတစ်ခုနီးပါး အစွမ်းထက်နေလောက်ပေသည်။ ထို့ကြောင့် သူသည် ခေါင်းပြန်မော့လာပြီး ဖုန့်ချိုးရန်အား လှမ်းကြည့်ကာ မေးလိုက်၏။

” အကြီးအကဲချိုးရန်… ကျွန်တော် ဒီ လွန်းပြန်ယာဉ်လေးကို လေ့လာချင်လို့ နောက်ကျရင် ငှားပေးလို့ ရမလား ”

ထိုအခါ ဖုန့်ချိုးရန်မှာ မျက်ခုံးပင့်မိသွား၏။ သူသည် ဝမ်ပေါင်လဲ့၏ မေးခွန်းအား ပြန်ဖြေရန် ပြင်လိုက်စဉ်မှာပင် ဝမ်ပေါင်လဲ့၏ အသံလွှင့်လက်စွပ်မှာ စတင်တုန်ရီလာတော့သည်။ ထို့နောက် စိုးရိမ်စိတ်များဖြင့် ပြည့်နှက်နေသည့် လီရှင်းဝမ်၏ စကားသံ ထွက်ပေါ်လာ၏။

” ကောင်စုတ်လေး။ မင်း မသေသေးဘူးမလား။ အဆင်ပြေရဲ့လား ”

ဝမ်ပေါင်လဲ့မှာ လီရှင်းဝမ်၏ စကားသံကိုကြားလိုက်ရသောအခါ ရင်ထဲ၌ နွေးခနဲ ဖြစ်သွား၏။ ထို့နောက် သူသည် သူ၏ အသံလွှင့်လက်စွပ်အား ဘေးကလူများပါ ကြားနိုင်သည့်စနစ်သို့ ပြောင်းလိုက်ပြီးနောက် စကားပြောလိုက်သည်။

” ကျွန်တော့်ကို စိတ်ပူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်ကြီး။ စိတ်မပူပါနဲ့။ ပေါင်လဲ့ သခင်ကြီးခိုင်းတဲ့ တာဝန်တွေကို အရိုးကြေကြေ အရေခန်းခန်း ဆောင်ရွက်ပေးပါမယ်။ သခင်မကြီးကို သောကြာဂြိုဟ်ပေါ် ဘေးမသီရန်မခ ပြန်ပို့ပေးဖို့ ကျွန်တော် ကတိပေးပါတယ် ”

ထိုအခါ လီရှင်းဝမ်ဘက်မှ တစ်ခဏမျှ အသံတိတ်သွား၏။ စက္ကန့်အနည်းငယ်ခန့် ကုန်ဆုံးသွားပြီးနောက် သူသည် နူးညံ့သိမ်မွေ့သော လေသံဖြင့် ထပ်ပြောလိုက်ပြန်သည်။

” ပေါင်လဲ့။ မင်း တော်တယ်ကွာ။ မင်းရဲ့ သခင်မကြီးက ငါ့အတွက် အရေးအကြီးဆုံးပါပဲ။ ငါ သူ့အတွက် စိတ်ပူပေးနေရလို့ တစ်ချိန်လုံး မအိပ်နိုင် မစားနိုင်ဘဲ ဖြစ်နေရတာ ”

ဖုန့်ချိုးရန်မှာ အသံလွှင့်လက်စွပ်ထဲမှ စကားများကို ကြားလိုက်သောအခါ အသက်ရှူသံများ မတည်မငြိမ်ဖြစ်သွား၏။ ထို့နောက် သူမ၏ မျက်ဝန်းများထဲတွင် ခံစားချက်မျိုးစုံ ပေါ်ပေါက်လာပြီး သူမ၏ မျက်နှာအမူအရာမှာ အထူးတဆန်းဖြစ်သွားရသည်။ ဝမ်ပေါင်လဲ့မှာမူ စိတ်ထဲတွင်ကျိတ်၍ အဘိုးကြီးအား ဂုဏ်ယူနေမိတော့သည်။ သူသည် ပြည်ထောင်စုဥက္ကဋ္ဌကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်ဖြစ်ရာ ထိုကဲ့သို့ အရိပ်ပြရုံနှင့် အကောင်မြင်နိုင်စွမ်း ရှိနေသည်မှာ မထူးဆန်းပေ။ သူသည် ဝမ်ပေါင်လဲ့တစ်ယောက် ဖုန့်ချိုးရန်အား သခင်မကြီးဟု ခေါ်လိုက်သည်ကို ကြားလိုက်ရပြီးနောက် သူ၏ အသံလွှင့်လက်စွပ်အား လူတိုင်းကြားနိုင်သည့် စနစ်သို့ ပြောင်းထားခြင်း ဖြစ်ရမည်ဖြစ်ကြောင်း မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့၏။

” ပေါင်လဲ့။ ငါ မင်းဆီကို လာနေပြီ။ မင်း သခင်မကြီးကို စောင့်ရှောက်ပေးထား။ ပြီးရင် အဆုံးမဲ့မျိုးနွယ်စုကိုလည်း သတိထားဦး။ ပေါင်လဲ့ရာ… ငါ မင်းအပေါ် ကျေးဇူးကျွေး အကြီးကြီးတင်သွားပြီကွာ… ငါ… ” လီရှင်းဝမ်၏ စကားသံကို နားထောင်လိုက်ပါက သူသည် အလွန်အင်မတန်မှ စိတ်လှုပ်ရှားနေပြီး ဖုန့်ချိုးရန်နှင့် တွေ့ရရန် မစောင့်နိုင်လောက်အောင် ဖြစ်နေကြောင်း စိတ်ကူးထဲ၌ ပုံဖော်ကြည့်နိုင်ပေသည်။ သူသည် သူ၏နှလုံးသားထဲမှ ခံစားချက်များကို အပြည့်အဝ ထုတ်ဖော်ပြသနိုင်စွမ်း မရှိဘဲ ဖြစ်နေရ၏။ ဝမ်ပေါင်လဲ့မှာမူ သူ၏ စကားများကြောင့် စိတ်ထဲ၌ အနည်းငယ်ခန့်ပင် အော်ဂလီဆန်လာရတော့သည်။ ထိုအချိန်တွင် ဖုန့်ချိုးရန်မှာ သည်းမခံနိုင်တော့သောကြောင့် ချောင်းဟန့်ကာ ဆိုလိုက်တော့သည်။

” လီရှင်းဝမ်… ”

” ချိုးရန် ” ထိုစကားသံနှင့်အတူ ကုလားထိုင်တစ်လုံး လဲကျသွားသည့်အသံတစ်သံ ထွက်ပေါ်လာ၏။ လီရှင်းဝမ်မှာ သူ၏ နှလုံးသားထဲမှခံစားချက်များကို ထိန်းချုပ်နိုင်စွမ်း မရှိလောက်အောင် ဖြစ်နေရပြီ ဖြစ်သည်။

” လီရှင်းဝမ်၊ ရှင်… ”

” နေကောင်းရဲ့လား ချိုးရန်။ မောနေပြီလား။ ဒဏ်ရာတွေရော ရထားသေးလား။ ဘာမှ စိတ်မပူနဲ့နော်။ ချိုးရန် ပြည်ထောင်စုကြီးဆီကို ပြန်ရောက်တာနဲ့ ကိုယ် အစစအရာရာ ဂရုစိုက်ပေးပါ့မယ်။ ကိုယ့်အသက် သေရင်သေပါစေ။ ချိုးရန်ကို ဒုက္ခရောက်အောင် လုပ်ခဲ့တဲ့လူတွေ ပြန်ပြီးတော့ ပေးဆပ်စေရမယ် ”

လီရှင်းဝမ်၏ ချစ်ခြင်းမေတ္တာအပြည့်ပါသော စကားများကြောင့် ဖုန့်ချိုးရန်မှာ ဆွံ့အသွားရ၏။ သူမသည် သူမ၏ တစ်ဘဝလုံးအား စစ်ပွဲကြီးထဲ၌သာ ဖြတ်သန်းခဲ့ရသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူမသည် အရွယ်နှင့်မလိုက်အောင် ရင့်ကျက်နေပြီဖြစ်၍ ချစ်ခြင်းမေတ္တာဆိုသည့်အရာအား သူမနှင့် မဆိုင်သည့် ကိစ္စတစ်ခုအဖြစ် သတ်မှတ်ထားခဲ့၏။ ယခုတွင် လီရှင်းဝမ်၏ စကားများကြောင့် သူမသည် စိတ်နှလုံး လှုပ်ရှားသွားရပြီး မျက်နှာတစ်ခုလုံး နီမြန်းသွားရ၏။ ဝမ်ပေါင်လဲ့မှာမူ လေသံတိုးတိုးဖြင့်သာ ချောင်းဟန့်လိုက်၏။ လီရှင်းဝမ်မှာ အချစ်ရူးရူးနေသည့် လူငယ်လေးတစ်ယောက်ကဲ့သို့ ပြုမူနေသည်မဟုတ်ပါလော။ သို့သော် သူသည် သူတို့၏ စကားဝိုင်းအား ဆက်၍ ခိုးနားထောင်နေဆဲပင်….

လီရှင်းဝမ်မှာ ဝမ်ပေါင်လဲ့အကြောင်း ကောင်းကောင်းကြီးသိထားသောကြောင့် အသံလွှင့်လက်စွပ်အား ဖုန့်ချိုးရန်ဆီသို့ လွှဲပေးရန် သူ့အား ချက်ချင်းအမိန့်ပေးလိုက်၏။ ထိုအခါ ဝမ်ပေါင်လဲ့မှာလည်း သူ၏အမိန့်ကို နာခံရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။ ဖုန့်ချိုးရန်မှာ အသံလွှင့်လက်စွပ်ကို ရလိုက်သောအခါ လူတိုင်းကြားနိုင်သည့် စနစ်အား ပြန်ပိတ်လိုက်၏။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ လီရှင်းဝမ်၏ ပြောစကားများကို မကြားနိုင်တော့ပေ။ သို့သော်ငြားလည်း ဖုန့်ချိုးရန်တစ်ယောက် သူတို့၏ စကားဝိုင်းအား အဆုံးသတ်လိုက်သည့်အချိန်တွင် သူမ၏ မျက်နှာမှာ စောစောတုန်းကထက် ပို၍ပင် နီမြန်းနေသည်ကို ဝမ်ပေါင်လဲ့က သတိထားမိလိုက်၏။ သူမ၏ မျက်ဝန်းများမှာမူ ယခင်တုန်းကလို ရီဝေဝေ ဖြစ်နေတော့ဘဲ ယုံကြည်မှု အငွေ့အသက်များဖြင့် ပြန်လည် တောက်ပလာပြီဖြစ်သည်။

ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ အကြံတစ်ခုရသွား၏။ ထို့နောက် သူသည် သူမအား စမ်း၍ ခေါ်ကြည့်လိုက်တော့သည်။

” သခင်မကြီး ချိုးရန် ”

ထိုအခါ ဖုန့်ချိုးရန်မှာ ခေါင်းပြန်မော့လာပြီး ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေလိုက်၏။ သို့သော် သူမသည် ထိုသို့ အခေါ်ခံရသည်ကို စိတ်မကွက်သည့်ပုံပင်။ ခဏအကြာတွင် သူမသည် လွန်းပြန်ယာဉ်၏ လမ်းကြောင်းအား ပြောင်းကာ ဘာမှမဖြစ်ခဲ့သည့်အလား စကားပြောလိုက်၏။

” နင့်ရဲ့ သခင်ကြီးက ငါ့ကို လမ်းကြောင်းတစ်ခု ပေးခဲ့တယ်။ အဲဒီ လမ်းကြောင်းအတိုင်းဆိုရင် နောက် နှစ်ရက်လောက်နေရင် သူတို့နဲ့ ဆုံလိမ့်မယ်တဲ့။ ပြီးရင်… ” ဖုန့်ချိုးရန်တစ်ယောက် ထိုသို့ ရှင်းပြနေစဉ် ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆို‌သလို မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ခေါင်းမော့ကြည့်လိုက်သောအခါ သူတို့၏ အထက်တွင် အနီရောင် အလင်းရောင်များ ပေါ်ပေါက်လာသည်ကို မြင်လိုက်ရ၏။ ထို့နောက် ၎င်းတို့မှာ အနီရောင် ပင်လယ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူတို့၏ လွန်းပြန်ယာဉ်အား လွှမ်းခြုံသွားတော့သည်။

ထို အနီရောင်ပင်လယ်ကြီး၏ အလွန်တွင်မူ ဟင်းလင်းပြင်ကြီးမှာ တွန့်လိမ်ပုံပျက်သွားပြီး တာအိုနန်းတော် စစ်သင်္ဘောကြီးများ ပေါ်ပေါက်လာ၏။ ၎င်းတို့၏ အရေအတွက်မှာ အစင်းရေ တစ်သောင်းကျော်ခန့် ရှိနေသည်။ ထို စစ်သင်္ဘောကြီး တစ်စင်းချင်းစီတိုင်းမှာ အနီရောင်အလင်းတန်းတစ်ခုစီကို ထုတ်လွှတ်နေကြ၏။ ထိုအလင်းတန်းများမှာ အနီရောင်ပင်လယ်ကြီးအား ဖန်တီးပေးထားခြင်းဖြစ်ပြီး ဝမ်ပေါင်လဲ့နှင့် ဖုန့်ချိုးရန်တို့၏ လွန်းပြန်ယာဉ်လေးအား လွှမ်းခြုံထားခြင်းဖြစ်သည်။

ထိုမျှလောက်နှင့် ပြီးမသွားသေးပေ။ ခဏအကြာတွင် သူတို့နှစ်ယောက်မှာ ထို တာအိုနန်းတော် စစ်သင်္ဘောကြီးများထဲမှ အများနှင့်မတူဘဲ ကွဲထွက်နေသည့် ဝိညာဉ်စွမ်းအင် အငွေ့အသက်လေးခု ထွက်ပေါ်လာသည်ကို အာရုံခံမိလိုက်သဖြင့် တုန်လှုပ်ချောက်ချားသွားကြတော့သည်။ ၎င်းတို့မှာ… ဝိညာဉ်ကြားခံနယ်အဆင့် အငွေ့အသက်များ ဖြစ်ကြပေသည်။

Comment

  1. mathakhin040 says:

    အေးပြော

Leave a Reply

Options

not work with dark mode
Reset