ကိုယ်ပွား၏ ပေါက်ကွဲသွားမှုကြောင့် အလွန်အင်မတန်မှ အားကောင်းသော ပြင်းအားတစ်မျိုး ထွက်ပေါ်လာပြီး ဟင်းလင်းပြင်ကြီးထဲ၌ အပေါက်ကြီးတစ်ပေါက် ပေါ်ပေါက်လာ၏။ ထို့နောက် ကောင်းကင်ယံထဲတွင် အရွယ်အစား အတော်အသင့်ကြီးမားသော ဝဲတစ်ခု ပေါ်ပေါက်လာပြီး အရာအားလုံးကို စတင်စုပ်ယူနေတော့သည်။ မြဲ့လျဲ့ကျိမှာ ဝိညာဉ်ကြားခံနယ်အဆင့်တွင် ရှိနေသည့်တိုင်အောင် အနက်ရောင်လှံရှည်ကြီးနှင့် ဝမ်ပေါင်လဲ့၏ ကိုယ်ပွားတို့၏ ပေါက်ကွဲမှုများကြောင့် အရှိန်လျော့ကျသွားရဆဲပင်။
ထို ပေါက်ကွဲမှုများမှ ထွက်ပေါ်လာသည့် တုန်ခါမှုလိုင်းများမှာ သူ၏ ဘေးပတ်ပတ်လည်ရှိ ဟင်းလင်းပြင်ကြီးထဲအထိ ပျံ့လွင့်လာသောကြောင့် တာတို တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်များကို ဆောင်ရွက်၍မရတော့ပေ။ ထို့ကြောင့် သူသည် ၎င်းတို့အား ရှောင်တိမ်းနိုင်ရန် လူကိုယ်တိုင် နောက်သို့ ဆုတ်ခွာသွားလိုက်ရ၏။
အရောင်တလက်လက် တောက်ပနေသည့် လူကြီးမှာ လူအယောက်တစ်သိန်း၏ အသိစိတ်များ စုပေါင်းသွားရာမှ ပေါ်ပေါက်လာသည် မဟုတ်ပါလော။ ထို့ကြောင့် ၎င်းမှာ ဝိညာဉ်ကြားခံနယ်အဆင့် စွမ်းအားများကို ပိုင်ဆိုင်ထားသည့်တိုင်အောင် လူပေါင်းစွာ၏ အသိစိတ်များဖြင့် ဖွဲ့စည်းထားသည့် အရာကြီးတစ်ခု ဖြစ်နေဆဲပင်။ သို့ဖြစ်ရာ ထိုပေါက်ကွဲမှုများမှာ ၎င်းအပေါ်တွင်လည်း အကျိုးသက်ရောက်မှုရှိပေသည်။ ၎င်းမှာ ထိုတိုက်ကွက်များကို ရှောင်တိမ်းနိုင်စွမ်း မရှိသောကြောင့် အပြင်းအထန် တုန်ရီသွားရ၏။ ထိုအခါ ဗုဒ္ဓဟူးဂြိုဟ် မန္တန်အစီအရင်ကြီးထဲရှိ ကျင့်ကြံသူ နှစ်သောင်းခန့်မှာ ပါးစပ်ထဲမှ သွေးများ ပန်းထွက်လာတော့သည်။ ထို့အပြင် ခန္ဓာကိုယ်များပေါက်ကွဲကာ ချက်ချင်းသေဆုံးသွားကြသည့် လူပေါင်းများစွာပင်လျှင် ရှိနေသေးသည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ထွက်ပြေးရန် အချိန်ရသွား၏။
သို့သော် သူသည် အချိန်အများကြီး ရသွားသည်တော့မဟုတ်ပေ။ မြဲ့လျဲ့ကျိမှာ ဝမ်ပေါင်လဲ့၏ ကိုယ်ပွားဆီမှ ထွက်ပေါ်လာသော ပေါက်ကွဲမှုကြီးအား ရှောင်တိမ်းလိုက်ပြီးနောက် သူ၏နောက်သို့ ပြေးလိုက်သွား၏။ တာအိုဘုန်းတော်ကြီးယိုရန်မှာမူ အဆုံးမဲ့မျိုးနွယ်စု စစ်သင်္ဘောကြီးပေါ်မှ ထွက်ခွာ၍ မရသေးသောကြောင့် တိုက်ပွဲထဲသို့ ရောက်ရှိလာခြင်းမရှိပေ။ သို့သော် သူသည် စစ်မြေပြင်ကြီးအား မျက်ခြည်မပြတ် စောင့်ကြည့်နေ၏။
” ဝမ်ပေါင်လဲ့။ ဖုန့်ချိုးရန်။ မင်းတို့တွေ ပြေးစရာနေရာ မရှိပါဘူး ” တာအိုဘုန်းတော်ကြီးယိုရန်မှာ ထိုသို့ရေရွတ်လိုက်ပြီးနောက် မျက်လုံးများမှေးကာ သူ၏ ညာဘက်လက်အား မြှောက်လိုက်၏။ ထိုအခါ သူ၏ လက်ဖဝါးထဲတွင် ကျောက်စိမ်းပေလွှာတစ်ခု ပေါ်ပေါက်လာသည်။ ထို့နောက် သူသည် ချက်ချင်းဆိုသလိုပင် အမိန့်တစ်ခု ထုတ်ပြန်လိုက်တော့သည်။
ထိုအမိန့်မှာ ဗုဒ္ဓဟူးဂြိုဟ်ပေါ်ရှိ တာအိုနန်းတော် ဂိုဏ်းသားများအတွက် မဟုတ်ဘဲ တာအိုနန်းတော်ဂိုဏ်းသားများ၏ ခန္ဓာကိုယ်များထဲတွင် ကိန်းအောင်းနေကြသည့် သူ၏ အဆုံးမဲ့မျိုးနွယ်စုဝင် မိတ််ဆွေများအတွက် ဖြစ်ပေသည်။
သူတို့ထဲမှ အများစုမှာ ယခုတွင် အာကာသထဲ၌ ရှိနေကြပြီး တာအိုနန်းတော် အာကာသသင်္ဘောပျံများထဲရှိ တာအိုနန်းတော် ကျင့်ကြံသူများအား ဦးဆောင်ကာ အာကာသထဲ၌ လှည့်လည်သွားလာနေကြသည်။ သူတို့မှာ ပြည်ထောင်စုကြီးနှင့် နောက်ထပ်တစ်ကြိမ်ထပ်၍ တိုက်ခိုက်ရမည့် တိုက်ပွဲကြီးအတွက် ပြင်ဆင်နေကြခြင်းဖြစ်သည်။ အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူများမှာ တာအိုဘုန်းတော်ကြီးယိုရန်၏ အမိန့်အား လက်ခံရရှိလိုက်သောအခါ မျက်ဝန်းများ အေးစက်စွာ တောက်ပသွား၏။
ဗုဒ္ဓဟူးဂြိုဟ် အပြင်ဘက်တွင် ရစ်ဝဲနေကြသည့် အာကာသ သင်္ဘောပျံကြီးများမှာလည်း ချက်ချင်းပင် လှုပ်ရှားလိုက်ကြပြီး ဂြိုဟ်ကြီးအား ဝိုင်းထားကြလိုက်ကြသဖြင့် မည်သူမှ ထွက်ခွာနိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။
ထိုအခြင်းအရာများ ဖြစ်ပျက်နေစဉ် သောကြာဂြိုဟ် ခံစစ်ကြောင်း၏ နောက်ရှိ စခန်းတစ်ခုထဲ၌ ပြည်ထောင်စုကြီးထဲမှ ထိပ်တန်းအဆင့်အရာရှိများမှာ စုဝေးနေကြသည်။ သူတို့မှာ တာအိုကျောင်းလေးကျောင်း၊ လွှတ်တော်၊ လသုံးစင်း မဟာမိတ်အဖွဲ့၊ ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်စုနှင့် အခြား အင်အားကြီးနိုင်ငံရေးအဖွဲ့စည်းများမှ ကျင့်ကြံသူများ ဖြစ်ကြပေသည်။
သူတို့မှာ သွမ့်မုချွယ်နှင့် လီရှင်းဝမ်တို့၏ အမိန့်အရ ရောက်လာကြခြင်းဖြစ်သည်။ ထို ကျင့်ကြံသူများမှာ ပြည်ထောင်စုကြီး၏ ဩဇာအာဏာနှင့် စည်းစိမ်ဥစ္စာများကို ဝေမျှခံစားထားကြသည် မဟုတ်ပါလော။ ယခုတွင် ပြည်ထောင်စုကြီးမှာ အန္တရာယ်နှင့် ကြုံနေရပြီဖြစ်ရာ သူတို့မှာ အသက်ပေး၍ ကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်သည်။
သူတို့၏ မျက်နှာအမူအရာများမှာ ရုပ်ပျက်ဆင်းပျက် ဖြစ်နေကြ၏။ သူတို့မှာ ဌာနချုပ်ထဲတွင် စုဝေးနေကြပြီး သူတို့၏ရှေ့တွင် ရှိနေသော ဧရာမ ဖန်သားပြင််ကြီးတစ်ခုအား စိုက်ကြည့်နေကြသည်။
ထိုဖန်သားပြင်ပေါ်တွင် နေအဖွဲ့အစည်း၏ ရှင်းလင်းပြတ်သားသော မြေပုံတစ်ခု ရှိနေ၏။ နေအဖွဲ့အစည်း မန္တန်အစီအရင်ကြီးအား တပ်ဆင်ထားပြီးဖြစ်သောကြောင့် ထိုမြေပုံမှာ အချိန်နှင့် တပြေးညီ ပြောင်းလဲနေမည်ဖြစ်သည်။ ယခုတွင် ထိုမြေပုံပေါ်ရှိ ဗုဒ္ဓဟူးဂြိုဟ်၏ ပုံရိပ်မှာ မှုန်ဝါးဝါးဖြစ်နေ၏။ ထိုဂြိုဟ်မှာ ရန်သူများ၏ လက်ထဲသို့ ကျရောက်သွားပြီဖြစ်ရာ ထိုဂြိုဟ်ကြီး၏ မန္တန်အစီအရင်မှ ထွက်ပေါ်နေသည့် အနှောင့်အယှက် စွမ်းအင်များကြောင့် သူတို့မှာ ထိုဂြိုဟ်ပေါ်ရှိ အခြေအနေများကို မသိနိုင်ဘဲ ဖြစ်နေရသည်။
ထိုဂြိုဟ်ကြီး၏ ဘေးပတ်ပတ်လည်မှာ လွန်ခဲ့သော မိနစ်သုံးဆယ်မတိုင်ခင်အထိ တစ်ချိန်လုံး မှောင်မိုက်နေခဲ့၏။ ထို့နောက် ထိုအမှောင်ထုကြီးထဲတွင် မှုန်ဝါးဝါး ပုံရိပ်တစ်ခု ပေါ်ပေါက်လာသည်။ သို့ဖြစ်ရာ တစ်စုံတစ်ခုကြောင့် ထိုနေရာရှိ အနှောင့်အယှက် စွမ်းအင်များမှာ အားလျှော့သွားခဲ့သည့် အလားပင်။
” ဗုဒ္ဓဟူးဂြိုဟ် မန္တန်အစီအရင်ကြီးက တစ်ခုခုဖြစ်နေပြီ။ အမည်မသိ စွမ်းအားတစ်မျိုးက အဲဒီ မန္တန်အစီအရင်ကြီးကို ထိခိုက်ပျက်စီးသွားအောင် လုပ်နေတာပဲ ”
” နေအဖွဲ့အစည်း မန္တန်အစီအရင်ကြီးကနေ ရတဲ့ အချက်အလက်တွေအရဆိုရင် ဂြိုဟ်အပြင်ဘက်မှာ ရှိနေတဲ့ တာအိုနန်းတော် စစ်သင်္ဘောကြီးတွေက နေရာပြောင်းသွားတာ… ”
” ဂြိုဟ်ရဲ့ အပြင်ဘက်မှာ တပ်စွဲထားတဲ့ တာအိုနန်းတော် စစ်သင်္ဘောကြီးတွေက နောက်ကိုဆုတ်ခွာသွားပြီဆိုပြီးတော့ ရှေ့တန်းကနေ သတင်းပို့လာတယ်… သူတို့ တစ်ခုခုကို ပိတ်ဆို့နိုင်ဖို့ ကြိုးစားနေတဲ့ပုံပဲ ”
” ငါတို့ သိထားသမျှ အချက်အလက်တွေ အရဆိုရင် တာအိုနန်းတော်ထဲမှာ တစ်ခုခုဖြစ်နေတာ သေချာသွားပြီ။ တစ်ယောက်ယောက်က ထွက်ပြေးဖို့ ကြိုးစားနေတာပဲဖြစ်ရမယ်။ သူတို့ရဲ့စစ်သင်္ဘောကြီးတွေ နေရာပြောင်းသွားတဲ့ ပုံစံကိုကြည့်ရင် အဲဒီ အမည်မသိ ပုဂ္ဂိလ်ကြီးက ဗုဒ္ဓဟူးဂြိုဟ်ထဲကနေ ထွက်ပြေးပြီးတော့ အာကာသထဲကို ဝင်ရောက်နိုင်ဖို့ ကြိုးစားနေတာဖြစ်ရမယ် ”
ပြည်ထောင်စုကြီး၏ စစ်ဗျူဟာအပိုင်းအား တာဝန်ယူထားရသည့် ဌာနမှ ကျင့်ကြံသူများမှာ စစ်ရေးပိုင်းတွင် တစ်ဖက်ကမ်းခပ် ကျွမ်းကျင်ကြသည် မဟုတ်ပါလော။ ယခုတွင် သူတို့မှာ ထိုဖန်သားပြင်ကြီး၏ ရှေ့တွင်ရပ်ရင်း သူတို့၏ သုံးသပ်ချက်များကို ပြန်လည်ဝေမျှနေ၏။
အခြားလူများအားလုံးမှာ သူတို့၏ ပြောစကားများကို နားထောင်ရင်း အံ့အားသင့်သွားကြ၏။ သူတို့မှာ ထိုကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးနေရန် အချိန်မရှိပေ။ ထိုအချိန်တွင် မှုန်ကုပ်ကုပ် မျက်နှာထားဖြင့် ရပ်နေသည့် သွမ့်မုချွယ်၏ ဘေးတွင် ရှိနေသော လီရှင်းဝမ်မှာ ချောင်းဟန့်ကာ ဆိုလိုက်၏။
” ခင်ဗျားတို့အားလုံး မြင်တဲ့အတိုင်း ဒါ ကျုပ်တို့ရဲ့ လက်ရှိ အခြေအနေကြီးပဲ။ အချိန်က အသက်တမျှ အရေးကြီးနေပြီ။ ကျွန်တော် ခဗျားတို့အားလုံးကို ဒီ အသံလွှင့်အကြောင်းကြားစာကို နာထောင်ပေးစေချင်ပါတယ် ” လီရှင်းဝမ်မှာ ထိုသို့ဆိုလိုက်ပြီးနောက် သူ၏ အသံလွှင့်လက်စွပ်ကို ထုတ်ယူကာ ဝမ်ပေါင်လဲ့၏ အကြောင်းကြားစာအား ဖွင့်ပြလိုက်၏။
” အဘိုးကြီးရေ။ ပေါင်လဲ့ပြန်လာပြီနော်။ အဘိုးကြီးရဲ့ ဇနီးကိုပါ ကျနော်နဲ့တူတူ ခေါ်လာတယ် ”
ထိုစကားသံမှာ နွေးထွေးမှုအပြည့်ရှိပြီး စိတ်လှုပ်ရှားမှု အငွေ့အသက်များဖြင့် ပြည့်နှက်နေ၏။ ၎င်းမှာ ထိပ်တန်းအဆင့် အရာရှိကြီးများ ထိုင်နေသော ခန်းမကြီးထဲတွင် ပဲ့တင်ထပ်သွားသည်။ ထိုအခါ သူတို့မှာ မျက်လုံးများပြူးသွားကြပြီး အချို့မှာဆိုလျှင် တအံ့တဩ ပင့်သက်ရှိုက်မိသွားကြ၏။
” ဝမ်ပေါင်လဲ့လား ”
” တာအိုနန်းတော်ရဲ့ မဟာထိသီးအကြီးအကဲကြီး ဖြစ်လာတဲ့ တစ်ယောက်လား ”
” သူပြောတဲ့ ဇနီးဆိုတဲ့လူက…. ”
လူအုပ်ကြီးမှာ ဝမ်ပေါင်လဲ့၏ စကားသံကို မှတ်မိသွားကြသောအခါ သူတို့၏ နှလုံးသားထဲ၌ ခံစားချက်မျိုးစုံ ဗြောင်းဆန်သွားရတော့သည်။ သူတို့မှာ ဝမ်ပေါင်လဲ့ နောက်ဆုံးပြောခဲ့သည့်စကားအပေါ် အာရုံရောက်သွားကြပြီး ခဏအကြာတွင် သူသည် လီရှင်းဝမ်၏ ဇနီးအကြောင်း ပြောနေခြင်းဖြစ်ကြောင်း သဘောပေါက်သွားကြတော့သည်။
” တာအိုနန်းတော်ရဲ့ မဟာထိပ်သီး အကြီးအကဲကြီး ဖုန့်ချိုးရန်လား ”
လီရှင်းဝမ်မှာမူ ရှက်ကိုးရှက်ကန်း ဖြစ်နေသည့်ပုံ မပေါ်သည့်အပြင် သူ့ကိုယ်သူ ကျေနပ်နေသည့်ပုံပင် ပေါက်နေ၏။ သွမ့်မုချွယ်မှာမူ မျက်နှာအမူအရာ မှုန်ကုပ်ကုပ် ဖြစ်နေဆဲပင်။
” ကဲ တာအိုရောင်းရင်းတို့။ ကျုပ်တို့တွေ ဝမ်ပေါင်လဲ့နဲ့ ဖုန့်ချိုးရန်ကို ဘေးကင်းရာကို ချက်ချင်းပြန်ခေါ်ဖို့ ကျုပ် အကြံပေးချင်တယ်။ သူတို့တွေက အစစ် ဟုတ်မဟုတ် ခဗျားတို့တွေ သံသယဝင်နေမှာ ကျုပ်သိပါတယ်။ ကျုပ်တို့တွေ ရထားတဲ့ သတင်းအချက်အလက်တွေအရဆိုရင် လက်ရှိမှာ မြဲ့လျဲ့ကျိက စိတ်ညှို့ခံထားရတာ။ ပြီးတော့ လက်ခံကောင်တွေရဲ့ ခန္ဓာကိုယ်တွေထဲမှာ ပုန်းနေကြတဲ့ အဆုံးမဲ့မျိုးနွယ်စုဝင်တွေလည်း ရှိနေသေးတယ်။ ဒါပေမဲ့ အဲဒီလို သံသယစိတ်တွေကြောင့်နဲ့တော့ သူတို့ကို ပစ်ပယ်လိုက်လို့ ဘယ်ဖြစ်ပါ့မလဲ။ အဲတာမလို့ သူတို့ နှစ်ယောက်ကို အရင်ဆုံးကယ်ပြီးတော့မှ ဘာဆက်လုပ်ကြမလဲဆိုတာ ဆုံးဖြတ်ကြတာပေါ့ ” လီရှင်းဝမ်မှာ ပြတ်သားမှုအပြည့်ရှိသော လေသံဖြင့် ဆိုလိုက်၏။ အပေါ်ယံ သူသည် တောင်းဆိုနေသည့်ပုံသာ ပေါက်ပါသော်လည်း လူတိုင်းမှာ သူ၏ မျက်ဝန်းများထဲရှိ စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များကို အထင်းသားမြင်နေရ၏။
” ကျုပ် သဘောတူတယ် ”
” ကျုပ်လည်း သံသယတွေရှိနေတာ မှန်ပေမဲ့ ဝမ်ပေါင်လဲ့က ပြည်ထောင်စုကြီးအတွက် အများကြီးပေးဆပ်ထားတဲ့ လူတစ်ယောက်ပါ။ အဲတာမလို့ ထောင်ချောက်တစ်ခု ဖြစ်နေနိုင်ရင်တောင် ကျုပ်တို့ဘက်က ကြိုးစားကြည့်ရမှာပဲ ”
လက်ရှိတွင် ပြည်ထောင်စုကြီးမှာ သူတို့၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် စစ်ပွဲကြီးထဲသို့ ရောက်နေသည်ဖြစ်ရာ လူသားများ၏ ရုပ်ဆိုးအကျည်းတန်သော အတွင်းစိတ်များ ပေါ်ပေါက်လာမည်မှာ မလွဲဧကန်ပင်။ သို့သော်ငြားလည်း ဘုံရန်သူတစ်ယောက် ရှိနေခြင်းကြောင့် သူတို့အားလုံးမှာ အတိတ်တုန်းက ပဋိပက္ခများအားလုံးကို မေ့ထားကာ စည်းလုံးညီညွတ်နေကြ၏။ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုပင်လျှင် လီရှင်းဝမ်၏ ထုတ်ဖြတ်ချက်အား သဘောတူလိုက်သည်။
သွမ့်မုချွယ်မှာ ပြည်ထောင်စုဥက္ကဋ္ဌရာထူး၏ လုပ်ပိုင်ခွင့်အာဏာများကို အသုံးပြု၍ အမိန့်များထုတ်ပြန်ကာ ပြည်ထောင်စုသင်္ဘောပျံကြီးများကို တပ်ဖြန့်ထားလိုက်၏။ ထိုသို့ဖြင့် သောကြာဂြိုဟ်ခံစစ်ကြောင်း ပေါ်ပေါက်လာတော့သည်။ ယခုအကြိမ်တွင် ပြည်ထောင်စုကြီးမှာ ထိုးစစ်ဆင်မည့်ပုံပင်။ နေအဖွဲ့အစည်း မန္တန်အစီအရင်ကြီးကိုလည်း အသုံးပြုလိုက်သောကြောင့် အနှောင့်အယှက် စွမ်းအင်လှိုင်းများမှာ ဗုဒ္ဓဟူးဂြိုဟ်အထိ ပျံ့နှံ့သွား၏။ ထို့ကြောင့် တာအိုနန်းတော်နှင့် အဆုံးမဲ့မျိုးနွယ်တို့၏ ပိတ်ဆို့မှုလုပ်ငန်းစဉ်မှာ နှောင့်နှေးကြန့်ကြာသွားရသည်။
ထိုကဲ့သို့ တပ်ဖြန့်လိုက်ပြီးနောက် လီရှင်းဝမ်မှာ သူ၏ကိုယ်ပိုင်တပ်ဖွဲ့အား ဗုဒ္ဓဟူးဂြိုဟ်ဆီသို့ တိတ်တိတ်ကလေး ဦးဆောင်သွား၏။ သူသည် နေအဖွဲ့အစည်း မန္တန်အစီအရင်ကြီးကို အသုံးပြုကာ ထိုနေရာသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားသည်။
ထိုအဖွဲ့ထဲတွင် ဧရာမသစ်ပင်ကြီးနှင့် ဆည်းဆာကြယ်စင်စုဂိုဏ်းမှ ဂိုဏ်းချုပ်ကြီးရှုတို့ ပါဝင်သည်။ ထို့အပြင် နိုင်ငံရေးအင်အားစုအသီးသီးမှ အမြုတေအဆင့် ကျင့်ကြံသူများလည်း ပါပေသည်။ သူတို့ချည်းသာ ဆိုပါက ရန်သူအား ယှဥ်နိုင်မည် မဟုတ်ပါသော်လည်း သူတို့မှာ ပြည်ထောင်စုကြီး၏ နည်းပညာများကို ပိုင်ဆိုင်ထားကြသည် မဟုတ်ပါလော။ သူတို့၏ ထူးဆန်းထွေလာ လက်နက်များထဲတွင် ဝိညာဉ်ဆန့်ကျင်ဗုံးလည်း အပါအဝင် ဖြစ်သည်။
ပြည်ထောင်စုကြီး၏ စစ်တပ်မှာ သောကြာဂြိုဟ်ပေါ်၌ လှုပ်ရှားနေကြစဉ် လီရှင်းဝမ်မှာ လျှို့ဝှက်ကယ်ဆယ်ရေးလုပ်ငန်းအား ဆောင်ရွက်နေ၏။ ထိုအချိန်တွင် ဗုဒ္ဓဟူးဂြိုဟ် အထက်ရှိ ကောင်းကင်ယံထဲ၌ ဝမ်ပေါင်လဲ့နှင့် ဖုန့်ချိုးရန်တို့မှာ သူတို့အား မြေပြင်ပေါ်သို့ ပြန်ရောက်အောင် ဆွဲငင်နေသည့် ဂြိုဟ်ကြီးကို အံတုရင်း ထွက်ပြေးလွတ်မြောက်နိုင်အောင် ကြိုးစားနေကြသည်။
ဝမ်ပေါင်လဲ့မှာ အနက်ရောင်လှံရှည်ကြီးအား ဆုံးရှုံးလိုက်ရသဖြင့် နှမြောတသ ဖြစ်နေဆဲပင်။ သို့သော် သူသည် သူ၏ကိုယ်ပွားအတွက် အထူးတလည် ဝမ်းနည်းနေခြင်းတော့ မရှိပေ။ လှံရှည်ကြီးမှာ တမူထူးခြားသော အဆောင်ပစ္စည်းတစ်ခုဖြစ်ပြီး သူ၏ကိုယ်ပွားမှာမူ သူ၏ ခန္ဓာကိုယ်ထဲ၌ သိုလှောင်ထားသည့် မြောက်မြားစွာသော ဝိညာဉ်အဆီများမှ ပေါ်ပေါက်လာသည့် အရာတစ်ခုသာ မဟုတ်ပါလော။
ဝမ်ပေါင်လဲ့မှာ သူ၏ကိုယ်ပွားနှင့် နေရာချင်းလဲကာ အာကာသထဲသို့ ထွက်ပြေးနိုင်ရန် ကြိုးစားခဲ့စဉ်ကတည်းက သူ၏ စိတ်ထဲ၌ ထပ်ခါတလဲလဲ တွေးနေမိခဲ့သည့် အရာတစ်ခု ရှိနေ၏။
” ငါ့ကိုယ်ပွားရဲ့ ပေါက်ကွဲမှုအားက တော်တော်လေးကို အားပြင်းတာပဲ။ အဲဒီ နည်းလမ်းနဲ့ အဆုံးမဲ့မျိုးနွယ်စု စစ်သင်္ဘောကြီးကို တိုက်ခိုက်လိုက်မယ်ဆိုရင်ရော။ အဲတာဆိုရင် ငါ တာအိုဘုန်းတော်ကြီးယိုရန်ကို ထပ်ပြီး သတ်နိုင်သွားမှာ သေချာတယ်။ အဲလိုသာဆိုရင် စစ်ပွဲကြီးကို ငါ့ရဲ့လက်နဲ့ အဆုံးသတ်နိုင်မှာပဲ။ အဲဒီအခါကျရင် ငါ သူရဲကောင်းကြီးဖြစ်သွားမှာ ”
ထိုအကြံမှာ အလွန်အင်မတန်မှ စိတ်လှုပ်ရှားစရာကောင်းသောကြောင့် ဝမ်ပေါင်လဲ့မှာ တွေးမိလိုက်ရုံနှင့် ရင်ခုန်နှုန်းများ မြန်ဆန်လာရ၏။ သို့သော်လည်း သူသည် ထိုအတွေးများကို ချက်ချင်းပင် မေ့ပျောက်ထားလိုက်ရသည်။ တာအိုဘုန်းတော်ကြီးယိုရန် အသက်ပြန်ရှင်လာသည့်ပုံမှာ ထူးဆန်းလွန်းနေသည် မဟုတ်ပါလော။ ထို့အပြင် သူသည် ဖုန့်ချိုးရန်၏ အကျင့်စရိုက်ကို သိထားသောကြောင့် သူမအား ယုံကြည်အားကိုး၍မဖြစ်ကြောင်း သိထား၏။ ထို့အပြင် သူသည် သူ စစ်သင်္ဘောကြီးထဲ၌ ရှာတွေ့ခဲ့သည့် အိပ်မောကျကာ ဒဏ်ရာများမှ ပြန်လည်သက်သာလာနေသော အဆုံးမဲ့မျိုးနွယ်စုဝင်များကိုလည်း ပြန်၍ သတိရသွားသည်။ သူတို့ဆီမှ ထွက်ပေါ်နေသည့် အငွေ့အသက်များကို ကြည့်လျှင် သူတို့မှာ မည်မျှအထိ အစွမ်းထက်ကြောင်း သိနိုင်ပေသည်။
သို့ဖြစ်ရာ သူသည် လက်ရှိအခြေအနေကြီးထဲမှ သူရဲ့ကောင်းတစ်ယောက်အဖြစ် အသက်ရှင်လျက် ပြန်ထွက်လာနိုင်ရန်မှာ လုံးဝနီးပါး မဖြစ်နိုင်ပေ။ သူ အသက်ဆုံးရှုံးကာ အာဇာနည် တစ်ယောက်အဖြစ်သို့ ရောက်သွားနိုင်ခြေမှာ ပို၍ပင် များနေသေးသည်။
ထို့အပြင် သူသည် ထိုတိုက်ကွက်အား လက်လွတ်စပယ် အသုံးမပြုသင့်ကြောင်း မှတ်ယူလိုက်၏။ ၎င်းမှာ သူ့အတွက် အကျိုးမရှိရုံသာမက အန္တရာယ်ပြုနိုင်ခြေပင် ရှိပေသည်။ သို့ဖြစ်ရာ သူသည် သူရဲကောင်းမလုပ်ရန် ဆုံးဖြတ်လိုက်တော့သည်။
” ပြီးတော့ အဲဒီ အကျင့်က စွဲသွားလို့ ကောင်းတဲ့အရာ မဟုတ်ဘူး။ တကယ်လို့ ငါ အဲလို ဖောက်ခွဲရတာကို ကျင့်သားရသွားပြီတော့ တစ်ရက်ရက်မှာ ငါ့ရဲ့ ခန္ဓာကိုယ်အစစ်ကို မှားပြီး ဖောက်ခွဲမိလိုက်ရင် ဘယ်လိုလုပ်မလဲ ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးမိလိုက်ရုံနှင့် တစ်ကိုယ်လုံး တုန်ရီသွားရ၏။ ထို့နောက် သူသည် အရှိန်မြှင့်တင်ကာ ဗုဒ္ဓဟူးဂြိုဟ်ထဲမှ ထွက်ခွာ၍ အာကာသထဲသို့ ဝင်ရောက်နိုင်ရန် ထပ်၍ ကြိုးစားလိုက်ပြန်သည်။
ခဏအကြာတွင် သူ့အား ဆွဲငင်နေသည့် ဆွဲငင်အားများမှာ ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွား၏။ ထို့ကြောင့် သူသည် အပေါ်သို့ ခုန်တက်လိုက်သောအခါ ပေထောင်ပေါင်းများစွာအထိ မြင့်တက်သွား၏။ ထိုအချိန်တွင် သူ၏ ကြယ်တာရာယွမ်ယင်ဝိညာဉ်ထဲမှ ထူးဆန်သော ခံစားချက်တစ်မျိုး ထွက်ပေါ်လာတော့သည်။
အမြုတေအဆင့်သို့ ရောက်နေသည့် ကျင့်ကြံသူတစ်ယောက်မှာ အာကာသထဲတွင် ယာယီမျှသာ အသက်ရှင်နိုင်စွမ်း ရှိပေသည်။ ယွမ်ယင်အဆင့်တွင် ရှိနေသည့်လူများမှာမူ အာကာသထဲ၌ ဂြိုဟ်များကဲ့သို့ ရှင်သန်နေထိုင်နိုင်စွမ်း မရှိပါသော်လည်း မန္တန်များအသုံးပြုခြင်းနှင့် ပျံသန်းခြင်းတို့ကဲ့သို့သော အလုပ်များကို အခက်အခဲမရှိ ဆောင်ရွက်နိုင်ဆဲပင်။ ဝိညာဉ်ကြားခံနယ်အဆင့်သို့ ရောက်နေသည့် ကျင့်ကြံသူများမှာမူ မည်သည့်အချက်ကိုမှ စိုးရိမ်ပူပန်နေစရာမရှိပေ။
သူတို့မှာ ဝိညာဉ်ချီ အလုံအလောက်ပိုင်ဆိုင်ထားရုံနှင့် မည်သည့်ပြဿနာကိုမဆို ဖြေရှင်းနိုင်ပေးသည်။
သာမန်ကျင့်ကြံသူများအတွက် အချုပ်အနှောင်များ ရှိနေဆဲဖြစ်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ အခြားသူများနှင့် မတူပေ။ သူ ဗုဒ္ဓဟူးဂြိုဟ်၏ လေထုထဲမှနေ၍ အာကာသထဲသို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ အပြင်းအထန် တုန်ရီသွား၏။ သူသည် ကြယ်များဖြင့် ပြည့်နှက်နေသည် သမုဒ္ဒရာကြီးတစ်စင်းထဲသို့ ပြုတ်ကျသွားသည့်အလား ခံစားလိုက်ရခြင်းဖြစ်သည်။ သူ၏ ကြယ်တာရာ ယွမ်ယင်ဝိညာဉ်မှာမူ ထိုသမုဒ္ဒရာကြီးထဲမှ ငါးတစ်ကောင်ကဲ့သို့ပင်။
” ငါက ပြည်ထောင်စုဥက္ကဋ္ဌကြီး ဖြစ်လာပြီးရင် ပြည်ထောင်စုကြီးကို ဦးဆောင်ပြီး ကြယ်စင်စုတစ်ခုလုံးကို သိမ်းပိုက်အုပ်ချုပ်ဖို့ ကံပါလာတဲ့လူတစ်ယောက်လို့ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း ယုံကြည်နေခဲ့တာ။ အခု ငါ့ရဲ့ ယွမ်ယင်ဝိညာဉ်က ငါက တခြားလူတွေနဲ့ လုံးဝမတူဘူးဆိုတာ သက်သေပြနေတဲ့ပုံပဲ ” ဝမ်ပေါင်လဲ့မှာ သူ၏ ယွမ်ယင်ဝိညာဉ်၏ တမူထူးခြားမှုကြောင့် စိတ်ဓာတ်များ တက်ကြွသွားရ၏။ သူသည် သူ၏နောက်မှနေ၍ အာကာသထဲသို့ ရောက်ရှိလာသော ဖုန့်ချိုးရန်အား လှမ်းကြည့်လိုက်သည်။ ထို့နောက် သူသည် ခပ်လှမ်းလှမ်းရှိ ကြယ်တာရာများကို လှမ်းကြည့်ကာ အရှိန်မြှင့်တင်လိုက်ပြီးနောက် အဝေးသို့ ပျံထွက်သွားလိုက်တော့သည်။