ရီဖူရှင်း၏ အကြည့်က အလွန်ထူထပ်သော မြူခိုးများအကြားသို့ ထွင်းဖောက် သွားဟန်ရသည်။ မြူခိုးများကို ဖြတ်ကျော်လျက် ကြည့်လိုက်လျှင် မြင်ကွင်းတစ်ခုက သူ၏ အမူအရာများအား ပြောင်းလဲသွားစေကာ ရီဖူရှင်းက ရုတ်တရက် အော်ဟစ်လိုက်သည်… “သတိထား…”။ သူက ပြောနေစဉ်မှာပင် ထောင်ပေါင်းများစွာသော မြားများက ကောင်းကင်တစ်ခွင် ပြည့်နှက်နေအောင် လေတိုးသံများ တဝီဝီပေးလျက် သူတို့ထံ ဆင်းသက်လာနေသည်။ ချက်ချင်းပင် တစ်ယောက်ပြီး တစ်ယောက် ကောင်းကင်သို့ ပျံတက်သွားကြသည်။
ချန်ယန်၏ဘေးမှ ကျောက်ဟန်၊ ရှီတောင်နှင့် တခြားလူများ အားလုံးက ရှေ့ကို ခုန်လွှား သွားကြသည်။ ဓားအားလှိုင်းတစ်ခုက လေထုကို ခွင်းသွားချိန်တွင် ကြီးမားသော ပုဆိန်က သူတို့ထံ ရောက်လာသော မြားများအား ဖြတ်တောက်သွားသည်။
ရီဖူရှင်း၏ရှေ့တွင် သိမ်းငှက်နက်ကြီးက သူ၏ အတောင်ပံများကို ဖြန့်ကာ ခတ်လိုက်လျှင် လေထုအားလှိုင်းများ ဖြစ်ပေါ်လာကာ ရောက်ရှိလာသော မြားများကို ရပ်တန့်စေသည်။ တစ်ချိန်တည်းမှာပင် သိမ်းငှက်နက်က သူတို့အား ရှေ့မှ ဂိတ်တံခါးထံသို့ ခေါ်ဆောင်သွားသည်။ သူတို့က မြူခိုးများကို ကျော်ဖြတ်သွားလျှင် ရှေးဟောင်းနယ်မြေ အတွင်းသို့ စတင် ဝင်ရောက်မိပြီဖြစ်သည်။ သူတို့၏ ရှေ့တွင်မူကား မဆုံးနိုင်သော ချပ်ဝတ် စစ်သည်များကိုတွေ့ရသည်။
“စစ်သည်တောင်ကုန်းကို သွားရအောင်…” အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအသံက သမီးတော်၏ဘေးမှ ထက်ရှသော မျက်လုံးနှင့် လူငယ်က ပြောခြင်း ဖြစ်သည်။ ရီဖူရှင်း၏ မျက်ခုံးများ မြင့်တက်သွားကာ သိမ်းငှက်နက်အား သမီးတော်တို့ အုပ်စုနောက်ကို လိုက်ရန် အမိန့်ပေးလိုက်သည်။ ကြည့်ရသည်မှာ သမီးတော်တို့က ရှေးဟောင်းနယ်မြေကို ရောက်ရှိလာသည်မှာ တစ်ကြိမ်ထက် မကတော့ပေ။
စစ်သည်တောင်ကုန်း ဆိုသည်မှာ ဘာကို ဆိုလိုသနည်း။ သူတို့ ရင်ဆိုင်နေရသော မရေမတွက်နိုင်သော စစ်တပ်ကြီးမှာ တကယ့်စစ်သည်များ ဟုတ်ပုံမရသော်လည်း သူတို့က တကယ့် သက်ရှိများကဲ့သို့ တိုက်ခိုက်နိုင်သည်။
ဘုန်း… ကြောက်မက်ဖွယ် ကောင်းသော စွမ်းအင်ပေါက်ကွဲမှုက တစ်နေရာမှ ထွက်ပေါ်လာသည်။ သူတို့၏ အောက်ခြေမှ စစ်သည်များက အမှန်ပင် မှော်ပညာကို သုံးစွဲနိုင်သည်။ သူတို့၏ တိုက်ခိုက်မှုများက ကောင်းကင်မှ လူများထံသို့ ရောက်လာသည်။ သမီးတော် လို့လန်ရွှီက သူမ၏ ငွေရောင်မျက်လုံးများဖြင့် ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများမှ အလင်းရောင်များ ဝင်းလက် တောက်ပသွားကာ တိုးဝင်လာသော မြားများ အားလုံးကို အေးခဲသွားစေလျက် သူတို့က ကောင်းကင်သို့ ဆက်လက် ပျံတက်သွားကြသည်။
ရီဖူရှင်းတို့ဘက်တွင်လည်း သိမ်းငှက်နက်ကြီးက ထိုစစ်သည်များထံသို့ သူ၏ လေဓားချက်များကို အတောင်ပံများ တဖျတ်ဖျတ်ခတ်လျက် ပစ်လွှတ်သည်။ သို့သော်လည်း ထိုစစ်သည်များမှာ မဆုံးနိုင်သော မြားများ ရှိနေပုံရသည်။ ယွန်ရှင်းမိုက ကောင်းကင်သို့ ပျံဝဲတက်ကာ သူမ၏ ဓားအားလှိုင်းများကို ထုတ်လွှတ်လိုက်သည်။ ဓားချက်များအလိုက် ကောင်းကင်မှ မဆုံးနိုင်သော ဓားမိုးစက်များ ဆင်းသက်လာကာ သိမ်းငှက်နက်ကြီး၏ ပတ်ဝန်းကျင် တစ်ခုလုံးကို အရံအတား သဘောမျိုးဖြစ်စေသည်။
“ရှေးဟောင်းမြို့ တစ်မြို့ပဲ…” ရီဖူရှင်းက ရှေ့ကို မျှော်ကြည့်လျက် ပြောသည်။ ရှေးဟောင်းနယ်မြေကား အမှန်ပင် ထူးဆန်းသော ရှေးဟောင်းမြို့ တစ်မြို့ဖြစ်သည်။ ထို့အပြင် ကြည့်ရသည်မှာ တစ်မြို့လုံးက အလွန်အားကောင်းသော မှော်အစီအရင်တစ်ခု ပြုလုပ်ထားပုံရသည်။ ရှေ့တည့်တည့်ကို ခရီးသွားလိုက်လျှင် မြို့ထဲတွင် လူများ ပြည့်နှက်နေသည်ကို မြင်ရသည်။ စွမ်းအားမြင့် တန်ခိုးရှင်များကား နေရာတိုင်းတွင်ရှိသည်။
“ဒါက အစီအရင်တစ်ခုပဲ … အရမ်း အားကောင်းတဲ့ အစီအရင်ပဲ…” အစီအရင်က တစ်မြို့လုံးကို ဖုံးလွှမ်းထားသည်။ သူတို့က မြို့ထဲကို ဝင်ရောက်လျှင် အစီအရင်ထဲကို ဝင်ရောက်ခြင်းနှင့် တူညီသည်။
ရီဖူရှင်းက အောက်ခြေမှ လူအုပ်ကြီးအား လေ့လာလိုက်သည်။ ငွေရောင်ချပ်ဝတ်များ ဝတ်ဆင်ထားသော စစ်သည်များမှာ အဆင့်နိမ့်ဓမ္မ တန်ခိုးရှင်များ ဖြစ်သည်။ သို့သော်လည်း ငွေရောင်ချပ်ဝတ် စစ်သည်များ အကြားတွင် ရွှေရောင် ချပ်ဝတ်စစ်သည်များ ရှိသည်။ သူတို့မှာ အလယ်အလတ်အဆင့် ဓမ္မတန်ခိုးရှင်များ၏ ကိုယ်ရောင်ကိုယ်ဝါများ ရှိသည်။ ကြီးမားသော အစီအရင်က ရှေးဟောင်းမြို့မှ တန်ခိုးရှင်များ၏ တန်ခိုးအဆင့်အလိုက် ခွဲခြားပေးထားပုံရသည်။
လို့လန်ရွှီက ရှေ့မှ ဦးဆောင်ကာ တခြားလူများက နောက်မှ လိုက်ကြသည်။ သူတို့က လျင်မြန်စွာ ရွေ့လျားနေကြကာ အောက်မှ စစ်သည်များက ကောင်းကင်သို့ လာရောက် တိုက်ခိုက်ကြသည့်တိုင် သူတို့အား ရပ်တန့်နိုင်ခြင်း မရှိပေ။ သို့သော်လည်း ရှေးဟောင်းနယ်မြေသို့ ဝင်ရောက်လာသော လူများထဲတွင် ရီဖူရှင်းနှင့် သူ့လူများသာလျှင် အဆင့်နိမ့် ဓမ္မတန်ခိုးရှင်များ ဖြစ်ကြသည်။ တခြားလူများ အားလုံးမှာ ဓမ္မအဆင့် အမြင့်ဆုံးဖြစ်သည်။ ပုံမှန်အားဖြင့် အောက်ခြေမှ ဓမ္မတန်ခိုးရှင်များက သူတို့ကို တားဆီးနိုင်ခြင်း မရှိသော်လည်း ဤနေရာတွင် တခြား အလွန် အားကောင်းသော တန်ခိုးရှင်များ ရှိနိုင်သည်ဟု ရီဖူရှင်း ခန့်မှန်းမိသည်။
မကြာမီ သူတို့က ရွှေရောင်ချပ်ဝတ် စစ်သည်များ စောင့်ကြပ်နေသော နေရာတစ်ခုသို့ ရောက်လာသည်။ ထိုနေရာတွင် ရွှေနှင်းဆီရောင် ချပ်ဝတ်စစ်သည်များကိုပင်လျှင် တွေ့ရသည်။ သူတို့၏ ကိုယ်ရောင်ကိုယ်ဝါများအရ အဆင့်မြင့် ဓမ္မတန်ခိုးရှင်များ ဖြစ်ကြောင်း သိရသည်။
“သူတို့ကို သတ်…” လို့လန်ရွှီ၏ဘေးမှ ထက်ရှသော မျက်လုံးနှင့် လူငယ်က သူ့လူများကို ဦးဆောင်လျက် ရှေ့ကို ခုန်ဝင်သွားသည်။ သူ့နောက်တွင် ဓမ္မတစ်ခု ဖြစ်ပေါ်လာကာ လေပွေများ ပြင်းထန်စွာ တိုက်ခတ်ကြသည်။ ထိုလေပွေမှ များစွာသော လှံတံရှည်များ ထွက်ပေါ်လာကာ ရွှေရောင်ချပ်ဝတ် စစ်သည်များကို သတ်ဖြတ် ဖျက်ဆီးကြသည်။ တခြားလူများကလည်း ပူးပေါင်း တိုက်ခိုက်ကြရာ မျက်လုံး တစ်မှိတ်အတွင်းမှာပင် သူတို့က ထိုနေရာကို စောင့်ကြပ်နေသော အစောင့်များအားလုံးကို သတ်လိုက်နိုင်သည်။
ရှေ့တွင်ကား ထီးထီးတည်း တည်ထားသော မျှော်စင်တစ်ခုကို တွေ့ရသည်။ သဒ္ဓိဝင်ပစ္စည်းများက ထိုမျှော်စင်အနီးတစ်ဝိုက် လေထဲတွင် ပေါလောပေါ်နေကြသည်။
စစ်သည်တောင်ကုန်း။ ရီဖူရှင်း၏ မျက်လုံးများ အရောင်ဝင်းလက် လာသည်။ သည်မျှော်စင်က စစ်သည် တောင်ကုန်းလား။
“ရှင်တို့က သဒ္ဓိဝင်ပစ္စည်းတွေကို ရယူနိုင်သရွေ့တော့ ဒါတွေက ရှင်တို့ အပိုင်ပဲ …” လို့လန်ရွှီက ပြောသည်။ ထိုနေရာကား များစွာသော သဒ္ဓိဝင်ပစ္စည်းများ ပြန့်ကျဲနေသော ကျယ်ပြန့်သော နေရာကြီး ဖြစ်သည်။ လူတိုင်းက လင်းလက် တောက်ပနေသော ပစ္စည်းများကို ကြည့်နေကြကာ ရယူရန် အဆင်သင့် ဖြစ်နေကြသည်။ ကောလာဟလများအရ လို့လန်ရှေးဟောင်း နယ်မြေမှ သဒ္ဓိဝင်ပစ္စည်းများမှာ ရယူရန် အလွန်ခက်ခဲလှသည်။ ထိုအရာက သင့်မျက်လုံး အောက်တွင် ရှိနေသည့်တိုင် ယူဆောင်သွားရန် မဖြစ်နိုင်ပေ။
ထိုပစ္စည်းများတွင် နိုဘယ်စိတ်အသိများ လှည့်ပတ်နေကာ ထိုအရာများကို ရယူရန် တစ်စုံတစ်ယောက်က လုံလောက်သော စိတ်အင်အားများ ရှိရန် လိုအပ်ပေသည်။
ကျောက်ဟန်က ဓားတစ်လက် ရှိနေရာသို့ ဦးတည် သွားလိုက်သည်။ ထိုဓားက ရွှေရောင်များ ဝင်းလက်နေကာ သူ၏ အသွားကား အလွန်ထက်ရှဟန် တူသည်။ ထိုဓားသွားတွင် တစ်စုံတစ်ယောက်က သူ၏ ပုံရိပ်များကိုပင် မြင်တွေ့နိုင်သည်။
“ငါ့ဓား….” ကျောက်ဟန်က ပြောသည်။ ကြောက်မက်ဖွယ် ကောင်းသော ဓားအရှိန်အဝါအား ထုတ်လွှတ်လျက် သူက ဓားထံသို့ လျှောက်သွားသည်။ သူက လက်ကို ဆန့်ထုတ်ကာ ဓားကို ဆုပ်ကိုင်လိုက်သည်။ ထိုစဉ်မှာပင် ဓားထံမှ အားလှိုင်းတစ်ခု ပေါက်ကွဲထွက်လာကာ စက္ကန့်ပိုင်းအတွင်းမှာပင် နာကျင်သောကြောင့် မျက်နှာရှုံ့မဲ့လျက် ကျောက်ဟန်က နောက်ဆုတ်လိုက်သည်။ သူ့နှုတ်ခမ်းမှ သွေးများ စီးကျလာကာ မျက်နှာများ ပြာနှမ်းသွားသည်။
လူတိုင်း၏ မျက်လုံးက သူ့ထံ ရောက်လာသည်။ လို့လန် ရှေးဟောင်းနယ်မြေမှ သဒ္ဓိဝင်ပစ္စည်းများမှာ ရယူရန် မလွယ်ကူပေ။ ထိုမျှရိုးရှင်းလျှင် ဤနေရာမှ ပစ္စည်းများမှာ ယခင်တည်းက ရယူသွားပြီး ဖြစ်ရပေမည်။
“ဘာဖြစ်တာလဲ…” ချန်ယန်က ကျောက်ဟန်ကို မေးလိုက်သည်။ သူက ယခင်တည်းက လေ့လာစူးစမ်းမှုများ ရှိသော်လည်း ယခုတစ်ကြိမ် ရောက်လာခြင်းမှာ သူ့အတွက် ပထမဆုံး အကြိမ်ဖြစ်သည်။
“ဓားက ကိုယ်ပိုင် အသိရှိသလိုပဲ… သူက ကျုပ်ကို ငြင်းပယ်တယ်…” မျက်နှာများ ပြာနှမ်းလျက် ကျောက်ဟန်က ပြောသည်။
သူတို့၏နောက်မှ ရီဖူရှင်း၏ မျက်လုံးက သဒ္ဓိဝင်ပစ္စည်း တစ်ခုချင်းစီကို လေ့လာကြည့်နေသည်။ လွတ်လပ်ခြင်းကျင့်စဉ်က အသက်ဝင်နေရာ သူက ပစ္စည်းတစ်ခုစီ၏ ကြောက်မက်ဖွယ် စိတ်အင်အားများကို မြင်နေရသည်။ သူ့အမြင်အရ ထိုစိတ်အင်အားများမှာ ထိုပစ္စည်းများ၏ အထဲတွင် ပိတ်လှောင်ခံထားရသည်။ သူတို့၏ စွမ်းအားများမှာလည်း နိုဘယ်စိတ်အင်အားများ ဖြစ်ပုံရသည်။
နောက်တစ်ယောက်က ရှေ့ကို တိုးသွားသည်။ သူကား ယွန်ရှောင်တောင်ကလန်မှ တန်ခိုးရှင်တစ်ယောက် ဖြစ်သည်။ သူက ရှေ့ကို တိုးသွားလိုက်လျှင် သူ့ခန္ဓာကိုယ်က လျှပ်စီးဓာတ်များဖြင့် ဖုံးလွှမ်းသွားသည်။ ကြောက်မက်ဖွယ် လျှပ်စီးအားများကို သယ်ဆောင်လျက် သူ့လက်များကို ဆန့်ထုတ်လိုက်ကာ ရွှေရောင်အလင်းများ ဖြာထွက်နေသော တူကြီးတစ်လက်အား လှမ်းယူလိုက်သည်။
လေထဲတွင် လျှပ်စီးဓာတ်များ ဖုံးလွှမ်းသွားသည်။ ထိုတန်ခိုးရှင်၏ လျှပ်စီးဓာတ်များက ထိုသဒ္ဓိဝင်ပစ္စည်းမှ အားလှိုင်းများကို ဖိနှိပ်ထားပုံရသည်။
ထိုစဉ်မှာပင် ထိုပစ္စည်းထံမှ အားလှိုင်းတစ်ခုက ထိုတန်ခိုးရှင်၏ လက်မှတစ်ဆင့် သူ့ခန္ဓာကိုယ်ကို အရူးအမူး စီးဆင်းလာသည်။ ထိုကြောက်မက်ဖွယ် စိတ်အင်အားက ထိုတန်ခိုးရှင်၏ စိတ်အင်အားနှင့် ရင်ဆိုင်မိလျှင် နာကျင်စွာ အော်ဟစ်လျက် ထိုလူငယ်သည်လည်း အဝေးသို့ လွင့်စဉ်သွားသည်ကို မြင်ကြရသည်။ ယွန်ရှောင်တောင်ကလန်မှ တန်ခိုးရှင်မှာလည်း ဆိုးရွားသော ရလဒ်နှင့် ကြုံရကာ ကောင်းကင်မှ နေ၍ မြေပြင်သို့ ကျလေသည်။
လူများက တစ်ယောက်ပြီး တစ်ယောက် ရှေ့ကို တိုးကာ ကြိုးစားကြသော်လည်း မည်သူမှ မအောင်မြင်ပေ။
ဤရှေးဟောင်းနယ်မြေကား နှစ်ပေါင်းများစွာ ကြာအောင် တည်ရှိနေခဲ့သော်လည်း လက်ရှိ သိဒ္ဓိဝင်ပစ္စည်းများမှာ မည်သူမှ ရယူနိုင်စွမ်း မရှိသောကြောင့်သာ ကျန်ရစ်နေခြင်း ဖြစ်သည်။ အမှန်က ဤကျန်ရစ်သော သဒ္ဓိဝင်ပစ္စည်းများကို ရယူရန်ကား မဖြစ်နိုင်သော အရာပင်။
လို့လန်ရွှီက ထိုအရာများကို တိတ်ဆိတ်စွာ ကြည့်နေသည်။ ထိုပိတ်လှောင် ခံထားရသော နိုဘယ်စိတ် အသိများမှာ သူတို့၏ ဆက်ခံသူများကို ယခုထက်ထိ ရှာဖွေ တွေ့ကြသေးဟန် မတူပေ။
“ရီဖူရှင်း… မင်း မစမ်းကြည့်ဘူးလား…” ချန်ယန်က ရီဖူရှင်းကို ကြည့်လျက် မေးသည်။
“သခင်လေးချန်ပြီးမှ ကျုပ်စမ်းကြည့်မယ်…” ရီဖူရှင်းက ထိုသို့ပြောလျှင် ချန်ယန်က ရှေ့ကို လှမ်းထွက်လိုက်သည်။ သူ၏ခန္ဓာကိုယ်မှ ကံစွမ်းအား ဖြာထွက်လာသည်။ သူ၏ နိုဘယ်ကံစွမ်းအားက ပတ်ဝန်းကျင်မှ လူအများ၏ အာရုံများကို ဆွဲငင်ယူသွားသည်။
“သခင်လေးချန်က ဒီသဒ္ဓိဝင်ပစ္စည်းတွေထဲက တစ်ခုကို ရယူနိုင်မှာ အသေအချာပဲ…” ကျောက်ဟန်က ပြောသည်။
“ကျုပ်အရင် စမ်းကြည့်မယ်…” ချန်ယန်က ပြောလိုက်သည်။ သူက ကျောက်ဟန်တစ်ကြိမ် စမ်းကြည့်သော ရွှေရောင်ဓားရှိရာသို့ ချဉ်းကပ်သွားသည်။ နိုဘယ်ကံစွမ်းအားက နဂါးတစ်ကောင်အလား ဖြစ်ပေါ်လာကာ သူ၏ခန္ဓာကိုယ်တွင် လှည့်ပတ်နေပြီး သူ၏ ထက်ရှသော ခြေသည်းများက ရွှေဓားကို လာရောက်ကုပ်ဆွဲသည်။
ကြောက်မက်ဖွယ် ကောင်းသော ဓားအားလှိုင်းတစ်ခုက ရွှေဓားထံမှ ထွက်ပေါ်လာကာ ကံစွမ်းအားကို ချေဖျက်လျက် ချန်ယန်၏ စိတ်နယ်ပယ်ထဲကို ဝင်ရောက်လာသည်။ သူ၏ကံစွမ်းအားကလည်း သူ၏ခန္ဓာကိုယ်ထဲကို ပြန်လည် ဝင်ရောက်သွားသည်။ သူ၏ နိုဘယ်ကံစွမ်းအားဖြင့် ပေါင်းစပ်ထားသော စိတ်အင်အားက အလွန်အမင်း အားကောင်းရာ သူ၏ စိတ်နယ်ပယ်မှ ဓားအားလှိုင်းနှင့် တိုက်ခိုက်ကြသည်။
ကျောက်ဟန်နှင့် တခြားလူများက ချန်ယန်ကို မျက်တောင်မခတ်တမ်း ကြည့်နေကြသည်။ အတန်ကြာလျှင် ချန်ယန်၏ နဖူးမှ ချွေးစေးများ ထွက်လာသည်ကို မြင်ရသည်။
ဝှီး…။ သူ့ခန္ဓာကိုယ်မှ ဓားအားလှိုင်းတစ်ခု ပေါက်ကွဲထွက်လာကာ ချန်ယန်နောက်ကို လွင့်စဉ်သွားသည်။ ဓားအားလှိုင်းက အသိရှိသည့်အလား ရွှေဓားထံသို့ ပြန်လည် ဝင်ရောက် ပျောက်ကွယ် သွားသည်။ ထိုစဉ် စကားသံတစ်ခု ထွက်ပေါ်လာသည်… “တစ်ခုခု လိုနေသေးတယ်…”
ထိုအသံကို ကြားလျှင် လူတိုင်း၏ မျက်လုံးများ ပြူးကျယ်လျက် ထိုရွှေဓားကို ကြည့်လိုက်ကြသည်။ သူက အသံလည်း ပေးသည်လား။ မည်သူက စကားပြောနေသနည်း။
ချန်ယန်၏ မျက်နှာကား ချွေးများပြန်နေပြီး သူ၏ မျက်နှာမှာလည်း ပြာနှမ်းနေသည်။ သူအမှန်ပင် ကျဆုံးခဲ့သည်။ “ငါက ဓားရဲ့ နိုဘယ်စိတ်အင်အားကို အနိုင်မယူနိုင်ဘူး… စစ်သည်တောင်ကုန်းက သဒ္ဓိဝင်ပစ္စည်းတွေက သူတို့ရဲ့ ဆက်ခံသူတွေကို ကိုယ်တိုင် ရွေးချယ်တယ်…” ချန်ယန်က လေးလံသော အမူအရာဖြင့် ပြောသည်။ ထိုသဒ္ဓိဝင်ပစ္စည်းများတွင် မူလပိုင်ရှင်များ၏ စိတ်အသိများရှိသည်။ သူတို့၏ နိုဘယ်စိတ် အင်အားများမှာလည်း ပျက်စီးခြင်း မရှိဘဲ ထိုသိဒ္ဓိဝင် ပစ္စည်းများတွင် ခိုအောင်းလျက် ဆက်လက် အသက်ရှင်နေကြသည်။
ဓားနှင့် နိုဘယ်စိတ် အင်အားက တစ်သားတည်း ဖြစ်နေသည်။ စိတ်အင်အားက မည်သည့်အခါမှ ဖျက်ဆီးခံရမည် မဟုတ်ပေ။ ထို့ကြောင့် ထိုသိဒ္ဓိဝင်ပစ္စည်းကို ပိုင်ဆိုင်ရန် မူလပိုင်ရှင်၏ အသိအမှတ်ပြုမှုကို ရရှိရန် လိုအပ်ပေသည်။
ရီဖူရှင်းက တိတ်ဆိတ်စွာ လေ့လာနေသည်။ စစ်သည်တောင်ကုန်းမှ သဒ္ဓိဝင် ပစ္စည်းများက သူတို့၏ ဆက်ခံသူများကို ရွေးချယ်သည်ကို သူခန့်မှန်းမိပြီး ဖြစ်သည်။
“ကျုပ်တစ်ခေါက် စမ်းကြည့်မယ်…” ရီဖူရှင်းက ပြောသည်။ သူက ရှေ့ကို လျှောက်သွားလိုက်ကာ မီးနှင်တံတစ်ခုကို ကြည့်လိုက်သည်။ အနီးကပ်ရောက်လျှင် သူ၏ လက်မှ မီးလျှံများ ထွက်ပေါ်လာကာ မီးနှင်တံထံသို့ လှမ်း၍ ဆုပ်ကိုင်လိုက်သည်။
ဓမ္မအဆင့်တစ် တန်ခိုးရှင်။ လူတိုင်းက ရီဖူရှင်းကို ထိတ်လန့်စွာ ကြည့်ကြသည်။ ယမန်နေ့က သမီးတော်နှင့် ဘေးချင်းကပ် စကားပြောခဲ့သည် ကောင်ကား ဓမ္မအဆင့်တစ်မျှသာ ရှိသေးသည်။ သူ၏ တန်ခိုးအဆင့်က ဤမျှ နိမ့်ကျမည်ဟု မည်သူမှ မထင်ထားပေ။
ရီဖူရှင်း၏ လက်ဝါးက မီးနှင်တံကို ဆုပ်ကိုင်မိသော ခဏမှာပင် ကြမ်းတမ်းသော မီးစိတ်အား တစ်ခုက သူ၏ စိတ်နယ်ပယ်ထဲကို ဝင်ရောက်လာသည်။ ထိုကြောက်မက်ဖွယ် ကောင်းသော စိတ်အင်အားက သူ့အား လောင်ကျွမ်းလုနီးပါးပင်။ ရီဖူရှင်းက ချက်ချင်း နောက်ဆုတ်လိုက်သည်။ သူက ရှေ့မှ မီးနှင်တံအား စိုက်ကြည့်လိုက်သည်။
“လို့လန် သမီးတော် ဘယ်မှာလဲ…” အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။ လို့လန်ရွှီက ရှေ့ကိုတိုးလာကာ ပြောသည်… “ဒီမှာ…”။ ထိုစဉ်မှာပင် စိတ်အင်အားမှ ဖန်တီးလိုက်သော လူပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။ သူ၏ တစ်ကိုယ်လုံးကား မီးလျှံများဖြင့် လွှမ်းခြုံထားသည်။ သူ၏ ရုတ်တရက် ထွက်ပေါ်လာမှုက လူတိုင်းအား ထိတ်လန့်စေသည်။
“ဒီလောက်တောင် ဂရုမထားနိုင်ဘူလား… မင်းတို့က ဓမ္မအဆင့်တစ် တန်ခိုးရှင်ကိုတောင် သဒ္ဓိဝင်ပစ္စည်းတွေကို ယူဆောင်ဖို့ ခွင့်ပြုရလား…” မီးလျှံပုံရိပ်က လို့လန်သမီးတော်ကို မေးသည်။ သူကား အလွန် မပျော်မရွှင် ဖြစ်နေဟန်တူသည်။
လို့လန်ရွှီက ရီဖူရှင်းကို တစ်ချက် ကြည့်လိုက်သည်။ သူ့တွင် ဤမျှ နိမ့်ကျသော တန်ခိုးအဆင့်ရှိမည်ဟု သူမ မထင်ထားပေ။
“နောက်ပိုင်း မျိုးဆက်တွေက ဒီလောက်တောင် နိမ့်ကျသွားကြပြီလား… နောက်ထပ် စမ်းကြည့်ချင်တဲ့လူတွေ ရှိသေးလား….” ထိုပုံရိပ်က အနီးမှ လူများကို ကြည့်ကာ မေးသည်။ ဓမ္မအဆင့်တစ်မျှဖြင့် သူ၏စိတ်အင်အားကို ပိုင်ဆိုင်နိုင်မည် မဟုတ်ပေ။ ဓမ္မအဆင့်အမြင့်ဆုံး တန်ခိုးရှင်များပင်လျှင် အနည်းငယ်မျှသာ အခွင့်အရေး ရှိပေသည်။
***