တာအိုနန်းတော် ကျင့်ကြံသူများ အသုံးပြုထားသည့် မန္တန်အစီအရင်ကြီးမှာ ပင့်ကူအိမ်ကြီး တစ်ခုကဲ့သို့ ဗုဒ္ဓဟူးဂြိုဟ်၏ မှောင်မိုက်နေသော ကောင်းကင်ယံကြီးအား လွှမ်းခြုံထားသည်။ ၎င်းမှာ ပျားအုံတစ်ခုကဲ့သို့ အကွက်အကွက်များဖြင့် ပြည့်နှက်နေ၏။ ဝမ်ပေါင်လဲ့နှင့် ဖုန့်ချိုးရန်တို့မှာ ထို ပင့်ကူအိမ်ကြီးထဲတွင် ပိတ်မိနေကြသော ပုရွက်ဆိတ်လေးများကဲ့သို့ပင်။ သို့သော် ယခုတွင်မူ ထိုပုရွက်ဆိတ်ကဲ့သို့သော သတ္တဝါလေးများမှာ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးကိုပင် တုန်ရီသွားစေသည့် စွမ်းအားတစ်မျိုးကို ထုတ်လွှတ်လိုက်ပြီ ဖြစ်သည်။
ဝမ်ပေါင်လဲ့ ခန္ဓာကိုယ်ထဲရှိ ယွမ်ယင်ဝိညာဉ် မျက်လုံးများပွင့်လာသောအခါ ကောင်းကင်နှင့် မြေပြင်ကြီးတို့မှာ အပြင်းအထန် တုန်ရီသွားရ၏။ ထို့နောက် ဂြိုဟ်ကြီးတစ်ခုလုံး သိမ့်သိမ့်တုန်သွားပြီး ၎င်းဆီမှ ရုတ်တရက်ဆိုသလို ထွက်ပေါ်လာသည့် အလင်းရောင်များမှာ ဝမ်ပေါင်လဲ့၏ စွမ်းအားများကို မြှင့်တင်ပေးလိုက်သကဲ့သို့ပင်။ သူ၏ တိုက်ကွက်ကြီးကြောင့် တာအိုနန်းတော် မန္တန်အစီအရင်ကြီးထဲတွင် အက်ကွဲကြောင်းကြီးတစ်ခု ပေါ်ပေါက်လာ၏။ ထို့ကြောင့် ကောင်းကင်ယံထဲ၌ ပါးစပ်ပေါက်ကြီး တစ်ပေါက် ပေါ်ပေါက်လာသကဲ့သို့ပင်။
သူတို့အားလုံး၏ ပတ်ပတ်လည်တွင် မိုးခြိမ်းသံများထက်ပင် ပို၍ကျယ်လောင်သော ထစ်ချုန်းသံများဖြင့် ဆူညံနေ၏။ ထိုအချိန်တွင် တစ်ကိုယ်လုံး စွမ်းအားများဖြင့် ပြည့်နှက်နေသော ဝမ်ပေါင်လဲ့မှာ ထိုအက်ကွဲကြောင်းကြီးထဲမှ ပြေးထွက်လာသည်။ သူ၏ နောက်တွင်မူ ဖုန့်ချိုးရန်မှာ သူငယ်အိမ်များကျဉ်းမြောင်းကာ အံ့ဩမှင်တက်နေသည့် အမူအရာဖြင့် လိုက်ပါလာ၏။ သူမသည် စိတ်ကို အဆင်သင့် ပြင်ထားသည့်တိုင်အောင် ဝမ်ပေါင်လဲ့ ထုတ်ပြလိုက်သည့် စွမ်းအားများကြောင့် ကြက်သေသေသွားရဆဲပင်။
” သူ ဘာကြောင့်များ ဒီလောက်အထိ ပြောင်းလဲသွားရတာလဲ ” သူမသည် အသက်ရှူသံများ မြန်ဆန်နေပြီး နားမလည်နိုင်လောက်အောင် ဖြစ်နေရ၏။ ဝမ်ပေါင်လဲ့မှာ ဗုဒ္ဓဟူးဂြိုဟ်ပေါ်သို့ ရောက်ရှိလာပြီးနောက် ကြောက်မက်ဖွယ်ရာ စွမ်းအားများကို ထုတ်သုံးပြခဲ့သည် မဟုတ်ပါလေ။
သို့သော် သူမသည် အတွေးလွန်နေရန် အချိန်မရှိကြောင်း နားလည်ထား၏။ ထို့ကြောင့် သူမသည် ဝမ်ပေါင်လဲ့၏ နောက်သို့ ချက်ချင်း ပြေးလိုက်သွားပြီး မန္တန်အစီအရင်ကြီး၏ အက်ကွဲကြောင်းထဲမှတစ်ဆင့် အပြင်သို့ ထွက်သွားလိုက်တော့သည်။ သူတို့မှာ ဗုဒ္ဓဟူးဂြိုဟ်မှ ထွက်ခွာကာ အာကာသထဲသို့ သွားရောက်ကြတော့မည်ဖြစ်သည်။
ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ သူ၏ အသံလွှင့်လက်စွပ်ကို ထုတ်ယူလိုက်ပြီးနောက် လီရှင်းဝမ်ဆီသို့ အကြောင်းကြားစာတစ်စောင် ပေးပို့လိုက်၏။
” အဘိုးကြီးရေ။ ပေါင်လဲ့ပြန်လာပြီနော်။ အဘိုးကြီးရဲ့ ဇနီးကိုပါ ကျနော်နဲ့တူတူ ခေါ်လာတယ် ”
ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် ချက်ချင်းဆိုသလိုပင် မျက်နှာအမူအရာ ပြောင်းလဲသွား၏။ ဖုန့်ချိုးရန်မှာလည်း ထိုနည်းတူပင်။ သူတို့၏အောက်ဘက်ရှိ ပင့်ကူအိမ်ပုံစံ မန္တန်အစီအရင်ကြီးထဲတွင် ဟင်းလင်းပြင်ကြီးမှာ တွန့်လိမ်ပုံပျက်သွား၏။ ထို့နောက် ဘေးပတ်ပတ်လည်တွင် ထစ်ချုန်းသံများ အဆက်မပြတ် ပေါ်ထွက်လာပြီး မန္တန်အစီအရင်ကြီးမှာ မှုန်ဝါးဝါး ဖြစ်သွားသည်။
ခဏအကြာတွင် ၎င်း၏ ပုံစံမှာ လုံးဝပြောင်းလဲသွား၏။ ထို မန္တန်အစီအရင်ကြီး၏ အလယ်တွင် ဧရာမမျက်နှာကြီးတစ်ခု ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ၎င်းမှာ ပေတစ်သိန်းကျော် ရှည်လျားပြီး ရီဝေဝေဖြစ်နေသော မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့နှင့် ဖုန့်ချိုးရန်တို့အား စိုက်ကြည့်နေသည်။
၎င်း၏ အငွေ့အသက်မှာ ယွမ်ယင်အဆင့် ကျင့်ကြံသူတစ်ယောက်ကိုပင် ဖိနှိပ်ချုပ်တည်းနိုင်စွမ်းရှိပေသည်။ ၎င်းမှာ ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ စွမ်းအား ဖြစ်ပေသည်။
” မြဲ့လျဲ့ကျိ ” ဝမ်ပေါင်လဲ့မှာ မျက်စိမျက်နှာ ပျက်သွားပြီး ဖုန့်ချိုးရန်မှာမူ မျက်ဝန်းများထဲ၌ ခံစားချက်မျိုးစုံဖြင့် ပြည့်နှက်သွား၏။ ထို့နောက် မြဲ့လျဲ့ကျိ၏ မျက်နှာကြီးမှာ မန္တန်အစီအရင်ကြီးထဲမှ အရှိန်အဟုန်ဖြင့် ထိုးထွက်လာ၏။ ထို ပုံရိပ်ယောင် မျက်နှာကြီးမှာ ဝမ်ပေါင်လဲ့နှင့် ဖုန့်ချိုးရန်တို့အား လွှမ်းခြုံပစ်တော့မည့်အလား သူတို့ဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာတော့သည်။
ထို မျက်နှာကြီး၏ အရွယ်အစားမှာ သူတို့၏ အောက်ဘက်ရှိ မြေပြင်ကြီးနီးပါး ကြီးမားခြင်း မရှိပါသော်လည်း ဧရာမ ကျွန်းကြီးတစ်ကျွန်းနီးပါး ရှိနေဆဲပင်။ ထို့အပြင် ၎င်းမှာ အလွန်အင်မတန်မှ မြန်ဆန်နေသည်ဖြစ်ရာ သူတို့အား အချိန်မရွေး ဝင်တိုက်သွားတော့မည့်ပုံပင်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ မျက်လုံးများ အရောင်လက်သွားပြီး အသက်ပြင်းပြင်း ရှူသွင်းလိုက်၏။
ထိုအခါ ဗုဒ္ဓဟူးဂြိုဟ်မှာ သိမ့်သိမ့်တုန်သွားရသည်။ သူသည် ထိုသို့အသက်ရှူသွင်းရင်း ထူးဆန်းထွေလာ စွမ်းအားများကိုပါ စုပ်ယူလိုက်သကဲ့သို့ပင်။ သူ၏ ယွမ်ယင်ဝိညာဉ်မှာ ခြေလက်များဆန့်ကာ ၎င်း၏ စွမ်းအားများ အားလုံးကို ထုတ်လွှတ်လိုက်တော့သည်။ ထို့ကြောင့် ၎င်း၏ ခန္ဓာကိုယ်ထဲတွင် ကြယ်အလင်းရောင်များဖြင့် ပြည့်လျှံသွား၏။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာမူ ကြယ်တစ်လုံးအဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ပင်။
” ငါ့ရှေ့က ဖယ်စမ်း ” သူသည် ထိုသို့အော်ဟစ်လိုက်ပြီးနောက် ညာဘက်လက်ကို မြှောက်လိုက်သောအခါ သူ၏ ကျင့်ကြံခြင်းစွမ်းအားများမှာ နတ်ဘုရားလက်နက် လက်ကြီးထဲသို့ စီးဝင်သွားကြ၏။ ထို့နောက် သူသည် ဂြိုဟ်တစ်လုံး၏ စွမ်းအားများ ကိန်းအောင်းနေသော လက်သီးဖြင့် ထို ဧရာမ မျက်နှာကြီးအား ထိုးနှက်ပစ်လိုက်တော့သည်။
ထိုလက်သီးချက်ထဲ၌ ကြယ်တစ်လုံး၏ စွမ်းအားများ ကိန်းအောင်နေသောကြောင့် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့မှာ တုန်ရီသွားရ၏။ ထို့ကြောင့် ဂြိုဟ်ကြီးတစ်လုံးမှာ အသက်မပါသည့် မြဲ့လျဲ့ကျိ၏ မျက်နှာကြီးအား အရှိန်အဟုန်ဖြင့် ဝင်တိုက်သွားသကဲ့သို့ပင်။
ဗုဒ္ဓဟူးဂြိုဟ် တစ်ခွင်လုံးတွင် ပေါက်ကွဲသံများ ပဲ့တင်ထပ်သွားပြီး မြဲ့လျဲ့ကျိ၏ ပုံရိပ်ယောင် မျက်နှာကြီးမှာ စတင် ကွဲအက်စပြုလာတော့သည်။ ထို အက်ကွဲကြောင်းများမှာ ဝမ်ပေါင်လဲ့၏ လက်သီးချက် ကျရောက်သွားသည့်နေရာမှ စတင်ပေါ်ပေါက်လာခြင်းဖြစ်၏။ နောက်ဆုံးတွင် ၎င်းတို့မှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသဖြင့် အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီးနောက် ထိုမျက်နှာကြီးမှာ အစိတ်စိတ်အမြွှာမြွှာ ကြေမွပျက်စီးသွားတော့သည်။ ထို့နောက် ထိုအစိတ်အပိုင်းများမှာ ပေါက်ကွဲသွားကြပြီး လူရိပ်တစ်ခုမှာ အဝေးသို့ ပေထောင်ပေါင်းများစွာ လွင့်ထွက်သွား၏။ ထိုပုဂ္ဂိုလ်မှာ မျက်နှာအမူအရာ ပြောင်းလဲသွားခြင်း မရှိပါသော်လည်း အသက်ရှူသံများ မြန်ဆန်နေ၏။ ၎င်းမှာ မြဲ့လျဲ့ကျိ ဖြစ်ပြီး သူသည် ဝမ်ပေါင်လဲ့၏ လက်သီးချက်ကြောင့် ကြောက်ရွံ့တုန်လှုပ်နေရခြင်း ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာလည်း အခြေအနေ ကောင်းနေသည်တော့ မဟုတ်ပေ။ သူ၏ ကျင့်ကြံချင်းအဆင့်မှာ အလယ်အလတ် ယွမ်ယင်အဆင့်တွင်သာ ရှိနေသေးသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးနှင့် ဂြိုဟ်တစ်လုံးတို့၏ စွမ်းအားများကို ပိုင်ဆိုင်ထားသည့်တိုင်အောင် ဝိညာဉ်ကြားခံနယ်အဆင့်တွက် ရှိနေသည့် ကျင့်ကြံသူအစစ်တစ်ယောက်အား ယှဉ်နိုင်စွမ်းမရှိသေးပေ။ ထို့ကြောင့် သူ၏ နှုတ်မှ ညည်းတွားသံတစ်သံ ထွက်ပေါ်လာ၏။ လက်ရှိတွင် သူသည် သွေးများ အန်ထွက်လာခြင်း မရှိသလို အတွင်းကလီစာများ ပျက်စီးသွားခြင်း မရှိပါသော်လည်း ထို ရိုက်ခတ်မှုမှ ပေါ်ထွက်လာသည့် တုန်ခါမှုလှိုင်းများကြောင့် နောက်သို့ တွန်းထုတ်ခံလိုက်ရဆဲပင်။
ဖုန့်ချိုးရန်မှာ ထိုအခြေအနေကို အခွင့်ကောင်းယူကာ တိုက်ခိုက်ရန်ပြင်လိုက်၏။ ထိုအချိန်တွင် မြဲ့လျဲ့ကျိမှာ ရုတ်တရက်ဆိုသလို မျက်လုံးများမှေးသွားပြီး အော်ဟစ်အမိန့်ပေးလိုက်တော့သည်။
” တာအိုနန်းတော် ကျင့်ကြံသူများ နေရာယူကြ။ အကြီးအကဲ ချိုးရန် ပြန်ရောက် လာတာကို ကြိုဆိုနိုင်ဖို့အတွက် မန္တန်အစီအရင်တစ်ခု ဖန်တီးလိုက်ကြစမ်း ”
ထိုအခါ ဂြိုဟ်ပေါ်ရှိ တာအိုနန်းတော် ကျင့်ကြံသူတိုင်းမှာ သူတို့၏ ကျင့်ကြံခြင်းစွမ်းအားများ အားလုံးကို ထုတ်လွှတ်လိုက်ကြသဖြင့် ကောင်းကင်ယံထဲ၌ လျှပ်စီးတန်းများဖြင့် ပြည့်နှက်သွားတော့သည်။
ဗုဒ္ဓဟူးဂြိုဟ်၏ မန္တန်အစီအရင်ကြီးမှာ ဆုံမှတ် တစ်ထောင်ကျော်ရှိပြီး ၎င်းတို့ တစ်ခုချင်းစီအား ကျင့်ကြံသူအယောက်တစ်ရာစီ ကာကွယ်စောင့်ရှောက်နေကြ၏။ လက်ရှိတွင် ထို မန္တန်အစီအရင်အား ကာကွယ်စောင့်ရှောက်ကာ လည်ပတ်အောင်လုပ်နေကြသည့် ကျင့်ကြံသူပေါင်း တစ်သိန်းတိတိ ရှိနေပြီး ၎င်းတို့၏ စွမ်းအားများမှာ မြဲ့လျဲ့ကျိ၏ အမိန့်အတိုင်း ထို မန္တန်အစီအရင်ကြီးထဲသို့ စီးဝင်သွားကြသည်။ နောက်ဆုံးတွင် ထို ဂြိုဟ် မန္တန်အစီအရင်ကြီးမှာ မျက်စိကျိန်းစရာကောင်းလောက်အောင် တောက်ပလာပြီးနောက် ဒုဓလီပန်းပွင့်များကဲ့သို့ အလင်းရောင် အစက်အပြောက်လေးများ ပေါ်ပေါက်လာကြတော့သည်။ ထို အစက်အပြောက်လေးမှာမူ အတူတကွ စုစည်းသွားကြပြီးနောက် တလက်လက် တောက်ပပြီး ပေတစ်ထောင်ခန့် မြင့်မားသော လူကြီးတစ်ယောက်အဖြစ် ပြောင်းလဲသွားတော့သည်။
၎င်းမှာ ထို မန္တန်အစီအရင်ကြီး၏ ပုံသဏ္ဍာန်အစစ်အမှန် ဖြစ်သည့်ပုံပင်။ ထို့အပြင် ၎င်းအား တာအိုနန်းတော်ကျင့်ကြံသူ တစ်သိန်း၏ စိတ်ဆန္ဒများ စုပေါင်းသွားရာမှ ပေါ်ပေါက်လာသော အရာကြီးဟုလည်း သတ်မှတ်နိုင်ပေသည်။ ၎င်းမှာ လက်နှစ်ဖက်ကို ဆန့်တန်း၍ ခေါင်းမော့ကာ အသံကုန် အော်ဟစ်လိုက်ပြီးနောက် မြဲ့လျဲ့ကျိ၏ အနီးသို့ သွားရန် ကြိုးစားနေသည့် ဖုန့်ချိုးရန်ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးလာတော့သည်။
” တာအိုဘုန်းတော်ကြီးယိုရန်က အသက်ရှင်ကျန်ရစ်နေခဲ့တဲ့ အဆုံးမဲ့ မျိုးနွယ်စုဝင် တစ်ယောက်ပဲ။ သူက မြဲ့လျဲ့ကျိကို စိတ်ညှို့ထားတာ။ ငါပြောမယ့်စကားက နင်တို့တွေအတွက် ယုံရခက်နေမယ်ဆိုတာ ငါ သိပေမဲ့ နင်တို့တွေ လမ်းမှားကိုသာ ရွေးချယ်လိုက်မယ်ဆိုရင် မကောင်းမှုကို အားပေးအားမြှောက် လုပ်နေတာနဲ့ အတူတူပဲဆိုတာ သိထားလိုက်။ အခုချက်ချင်း လက်နက်ချပြီးတော့ အညံ့ခံလိုက်ပါ။ အဲတာမှ မဟုတ်ရင် နှစ်ဖက်စလုံးကို အကူအညီ မပေးဘဲ ဘေးဖယ်နေလို့ လည်းရပါတယ် ” ဖုန့်ချိုးရန်မှာ စိုးရိမ်စိတ်များဖြင့် ပြည့်နှက်နေသည့် မျက်ဝန်းတစ်စုံဖြင့် အော်ပြောလိုက်၏။ မြဲ့လျဲ့ကျိ၏ မျက်ဝန်းများမှာမူ ရီဝေဝေ ဖြစ်နေဆဲပင်။ ကျင့်ကြံသူအယောက်တစ်သိန်း၏ စိတ်ဆန္ဒများ ပေါင်းစည်းသွားရာမှ ပေါ်ပေါက်လာသည့် အရောင်တလက်လက် တောက်ပနေသော လူကြီးမှာမူ တစ်ခဏမျှ ရပ်တန့်သွားပြီး ခေါင်းသွား၏။ ၎င်းမှာ ထို မန္တန်အစီအရင်အား ထိန်းချုပ်နေကြသည့် ကျင့်ကြံသူများကဲ့သို့ ဇဝေဇဝါ ဖြစ်သွားသည့်ပုံပင်။
ထိုအချိန်တွင် ထို မန္တန်အစီအရင်ကြီး၏ စွမ်းအားများ ကိန်းအောင်းနေသော တာအိုဘုန်းတော်ကြီးယိုရန်၏ စကားသံမှာ လေထဲ၌ ပဲ့တင်ထပ်သွားတော့သည်။
” အကြီးအကဲ ချိုးရန် ပြန်ရောက်လာတာကို ကြိုဆိုကြတာပေါ့။ သူ့ကို ကြိုဆိုပေးမယ့်လူတိုင်းကို တိုက်ပွဲရမှတ် သုံးရာတိတိ ပေးမယ်။ တကယ်လို့ အောင်မြင်သွားခဲ့မယ်ဆိုရင် တိုက်ပွဲရမှတ် တစ်သောင်းတိတိ ဆုချမယ် ”
လေထဲ၌ ထိုစကားသံများ ပဲ့တင်ထပ်သွားသောအခါ အရောင်တလက်လက် တောက်ပနေသည့် လူကြီးမှာ တစ်ကိုယ်လုံးတုန်ရီသွားပြီး ခေါင်းပြန်မော့လာတော့သည်။ ၎င်း၏ မျက်ဝန်းများမှာ စူးရှတောက်ပနေ၏။ နောက်ဆုံးတွင် ထိုလူကြီးအား ထိန်းချုပ်ထားသည့် ကျင့်ကြံသူအယောက်တစ်သိန်း၏ အသိစိတ်များထဲ၌ တိုက်ပွဲရမှတ်များ ရယူပိုင်ဆိုင်လိုသည့် ဆန္ဒများက အနိုင်ရရှိသွားသည့်ပုံပင်။ ထို့ကြောင့် ၎င်းမှာ ဖုန့်ချိုးရန်ဆီသို့ ထပ်၍ ဦးတည်လာနေတော့သည်။
၎င်းမှာ ရှေ့သို့ပြေးထွက်လာသဖြင့် တရွှီးရွီးမြည်သံများ ထွက်ပေါ်လာ၏။ ထို့နောက် ၎င်းမှာ ဝိညာဉ်ကြားခံနယ်အဆင့် စွမ်းအားများကို ထုတ်လွှတ်ကာ ဖုန့်ချိုးရန်အား ဝင်တိုက်လိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာ ထို အရောင်တလက်လက်တောက်ပနေသည့် လူကြီးဖြင့် တိုက်ခိုက်နေရသည့် ဖုန့်ချိုးရန်အား လှမ်းကြည့်လိုက်၏။ သူသည် သူမ၏ မျက်ဝန်းများထဲရှိ ဝမ်းနည်းမှု အရိပ်အယောင်များကို အထင်းသားမြင်နေရသည်။ သို့သော်ငြားလည်း သူမသည် အစွမ်းထက်တိုက်ကွက်များကို ထုတ်သုံးခြင်းမရှိဘဲ သူမကိုယ်သူမ ကာကွယ်နိုင်ရုံလောက်သာ ကြိုးစားနေ၏။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ စိုးရိမ်စိတ်များကြီးထွားလာရပြီး မျက်မှောင်ကြုတ်သွားတော့သည်။ သူသည် ဗုဒ္ဓဟူးဂြိုဟ်ပေါ်မှ အမြန်ဆုံး ထွက်ခွာရန် လိုအပ်နေသည် မဟုတ်ပါလော။ သူ့ဘက်မှ နှောင့်နှေးကြန့်ကြာနေပါက အဆုံးမဲ့မျိုးနွယ်စုဝင်များအား အခြား တာအိုနန်းတော်ဂိုဏ်းသားများနှင့် ပေါင်းစည်းနိုင်ရန် အခွင့်အရေး ပေးနေသကဲ့သို့ ဖြစ်သွားမည်ဖြစ်သည်။ ထိုသို့သာဆိုပါက သူသည် ထိုနေရာမှ ထွက်ပြေးလွတ်မြောက်နိုင်တော့မည် မဟုတ်သည့်အပြင် မလွဲဧကန် အသက်ဆုံးရှုံးသွားရနိုင်ပေသည်။
” အကြီးအကဲ ချိုးရန်။ ကျွန်တော်တို့တွေ ဒီနေရာကနေ မြန်မြန်လေး ထွက်ခွာဖို့လိုတယ် ” ဝမ်ပေါင်လဲ့မှာ ထိုသို့အော်ပြောလိုက်၏။ ထိုအချိန်တွင် မြဲ့လျဲ့ကျိမှာ သူ၏ ကျင့်ကြံခြင်းစွမ်းအားများအားလုံးကို ထုတ်လွှတ်ကာ ကြယ်ပျံတစ်လုံးကဲ့သို့ ဝမ်ပေါင်လဲ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာတော့သည်။
သို့ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ ဖုန့်ချိုးရန်အား သူတို့ ရင်ဆိုင်ကြုံတွေ့နေရသည့် အခြေအနေကြီးအကြောင်း သတိပေးနေရန် အချိန်မရှိတော့ပေ။ သူသည် ညာဘက်လက်အားမြှောက်ကာ မန္တန်လက်ကွက်များ ဖော်လိုက်၏။ ထိုအခါ သူ၏ သိုလှောင်လက်ကောက်လေးမှာ တုန်ရီသွားပြီး အနက်ရောင် လှံရှည်ကြီးတစ်ချောင်း ပျံထွက်လာ၏။ ထို့နောက် ၎င်းမှာ လေကိုပင် ထက်ခြမ်းခွဲပစ်နိုင်စွမ်းရှိသည့် အမြန်နှုန်းမျိုးဖြင့် မြဲ့လျဲ့ကျိဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားတော့သည်။ ထိုအချိန်တွင် သူ၏ပုံစံတူ ကိုယ်ပွားတစ်ခုလည်း ပေါ်ပေါက်လာပြီး သူ၏ခန္ဓာကိုယ်ထဲမှ ခွဲထွက်လာ၏။
ထို့နောက် သူ၏ ကိုယ်ပွားမှာ ကောင်းကင်ပေါ်သို့ ပျံတက်သွားသည်။ သူ၏ ခန္ဓာကိုယ်အစစ်မှာမူ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်၏။ ထိုအခါ သူ၏ ယွမ်ယင်ဝိညာဉ်နှင့် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးတို့၏ စွမ်းအားများမှာ သူ၏ လက်သီးထဲ၌ စုဝေးသွားကြသည်။ ထို့နောက် သူ၏ ဆွေ့ရှင်းပေါင် လက်သီးချက်ကြီးမှာ သူ၏ နတ်ဘုရားလက်နက် လက်ကြီးနှင့်အတူ မြဲ့လျဲ့ကျိဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားတော့သည်။
ထိုသို့ဖြင့် သူတို့နှစ်ယောက်မှာ တစ်ယောက်နှင့်တစ်ယောက် ဝင်တိုက်မိသွားကြ၏။ အနက်ရောင် လှံရှည်ကြီးမှာ အစွမ်းထက် အဆောင်ပစ္စည်းတစ်ခုဖြစ်ပြီး ဝမ်ပေါင်လဲ့မှာ သူ၏ စွမ်းအားများဖြင့် ၎င်းအား အားဖြည့်ပေးထားသည် မဟုတ်ပါလော။ ထို့ကြောင့် ၎င်းမှာ အနက်ရောင်အလင်းတန်းကြီး တစ်ခုကဲ့သို့ ဖြစ်နေပြီး ချွန်ထက်လွန်းလှသောကြောင့် ဟင်းလင်းပြင်ကြီးကိုပင် ဆုတ်ဖြဲပစ်နိုင်စွမ်း ရှိပေသည်။ ထို့အပြင် ၎င်းမှာ နဝမအဆင့် ဓမ္မလက်နက် စွမ်းအားများကိုလည်း ထုတ်လွှတ်နေသေးသည်။ ထိုကဲ့သို့သော စွမ်းအားမျိုးနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်ရသောအခါ မြဲ့လျဲ့ကျိပင်လျှင် အနည်းငယ်ခန့် အံ့ဩတုန်လှုပ်သွားရပြီး သူငယ်အိမ်များ ကျဉ်းမြောင်းသွားရတော့သည်။
ဝမ်ပေါင်လဲ့၏ ဆွေ့ရှင်းပေါင်မှာ သူ၏ ကျင့်ကြံခြင်းစွမ်းအားများနှင့် အပြင်ခန္ဓာကိုယ် စွမ်းအားများကို ပေါင်းစည်းထားခြင်းဖြစ်သည်။ ထို့အပြင် သူ၏ ခန္ဓာကိုယ်ထဲ၌ စုဝေးနေကြသည့် ဝိညာဉ်အဆီများထဲရှိ ဝိညာဉ်ချီများမှာလည်း ၎င်းအား အားဖြည့်ပေးထားသေးသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ခြေထောက်ပေါက်နေသည့် ဝိညာဉ်ကျောက်တုံးကြီးတစ်တုံးကဲ့သို့ပင် ဖြစ်နေတော့သည်။
” ဒါကို မြည်းကြည့်လိုက်စမ်း။ ငါ့ဆီမှာ ဝိညာဉ်စွမ်းအင်တွေ အများကြီးကျန်သေးတယ်ကွ ” ဝမ်ပေါင်လဲ့မှာ ထိုသို့အော်ဟစ်လိုက်ပြီးနောက် လက်သီးချက်ဆယ်ချက်အား အဆက်မပြတ် ထုတ်လွှတ်လိုက်တော့သည်။ ထို လက်သီးချက်များမှာ မြဲ့လျဲ့ကျိဆီသို့ ဦးတည်သွားကြ၏။
ထိုလက်သီးချက်များ လေထဲ၌ ပေါက်ကွဲသွားကြသောအခါ ကောင်းကင်ယံထဲ၌ ပေါက်ကွဲသံများဖြင့် ပဲ့တင်ထပ်သွား၏။ ထိုသို့ဖြင့် သူတို့နှစ်ယောက်မှာ စတင်တိုက်ခိုက်နေကြပြီဖြစ်သည်။ အနက်ရောင် လှံရှည်ကြီးမှာ မြဲ့လျဲ့ကျိအား အရင်ဆုံး ထိသွား၏။ ထိုအခါ ဝမ်ပေါင်လဲ့မှာ အံကြိတ်လိုက်ပြီးနောက် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ၎င်းအား ဖောက်ခွဲပစ်လိုက်တော့သည်။
ထို့ကြောင့် လေထဲ၌ မိုးခြိမ်းသံကဲ့သို့သော ပေါက်ကွဲသံများဖြင့် ဆူညံသွား၏။
ထိုဓမ္မလက်နက်၏ ပေါက်ကွဲမှုကြောင့် ထွက်ပေါ်လာသည့် စွမ်းအားများမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားပြီး တုန်ခါမှုလှိုင်းတစ်ခုအဖြစ် ပြောင်းလဲသွား၏။ ထို့နောက် ၎င်းမှာ ဝမ်ပေါင်လဲ့၏ ဆွေ့ရှင်းပေါင်နှင့် ပေါင်းစည်းသွားသောကြောင့် အံ့ဩမှင်တက်ဖွယ်ရာ စွမ်းအားကြီးတစ်မျိုး ထွက်ပေါ်လာတော့သည်။ ဝမ်ပေါင်လဲ့မှာ အစွမ်းကုန်ထုတ်ကာ ထို ဆွေ့ရှင်းပေါင်လက်သီးချက်များကို ထုတ်လွှတ်ခဲ့သည် မဟုတ်ပါလော။ သို့ဖြစ်ရာ မြဲ့လျဲ့ကျိမှာ တစ်ကိုယ်လုံးအပြင်းအထန် တုန်ရီသွားရပြီး နောက်သို့တွန်းထုတ်ခံလိုက်ရတော့သည်။
မြဲ့လျဲ့ကျိတစ်ယောက် နောက်သို့ဆုတ်ခွာသွားစဉ် ဝမ်ပေါင်လဲ့မှာ အသံကုန်အော်ဟစ်လိုက်၏။
” ဖုန့်ချိုးရန်။ ဘာလို့ ဘာမှမလုပ်ဘဲ ရပ်နေတာလဲ ” ဝမ်ပေါင်လဲ့မှာ ထိုသို့အော်ပြောကာ ဖုန့်ချိုးရန်အား လှမ်းကြည့်လိုက်ပြီးနောက် သူမနှင့် တိုက်ခိုက်နေသည့် အရောင်တလက်လက် တောက်ပနေသောလူကြီး ရှိရာသို့ ဆွေ့ရှင်းပေါင် လက်သီးချက်ဆယ်ချက် ထုတ်လွှတ်လိုက်တော့သည်။
ထို လက်သီးချက်များကြောင့် ကောင်းကင်ကြီးမှာ သိမ့်သိမ့်တုန်သွား၏။ ထို့နောက် လေပြင်းများ စတင်တိုက်ခတ်လာသဖြင့် တိမ်တိုက်များမှာ လွင့်ပါးပျောက်ကွယ်သွားတော့သည်။ ဝမ်ပေါင်လဲ့၏ တိုက်ကွက်များကြောင့် ထို အရောင်တလက်လက် တောက်ပနေသည့် လူကြီးမှာ နောက်သို့ဆုတ်သွားရသဖြင့် ဖုန့်ချိုးရန်မှာ အသာစီးရရှိသွား၏။
ထိုအချိန်တွင် ဖုန့်ချိုးရန်၏ မျက်ဝန်းများထဲ၌ စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များ ပေါ်ပေါက်လာသည်။ ထို့နောက် သူမသည် စွမ်းအားများထုတ်လွှတ်ကာ ထိုလူကြီးအား အားပါပါ တွန်းထုတ်လိုက်ပြီးနောက် အရှိမြှင့်တင်၍ ကောင်းကင်ပေါ်သို့ ပျံတက်သွားလိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာလည်း အသက်ရှူသံများ မြန်ဆန်လာပြီး ကောင်းကင်ထဲသို့ ရောက်ရှိနေပြီဖြစ်သော သူ၏ ကိုယ်ပွားနှင့် ချက်ချင်းဆိုသလိုပင် နေရာချင်းလဲလိုက်၏။
သူသည် မြဲ့လျဲ့ကျိနှင့် အရောင်တလက်လက်တောက်ပနေသော လူကြီးတို့အား သူတို့နောက်သို့ လိုက်လာခွင့်ပြုမည် မဟုတ်ပေ။ ထို့ကြောင့် သူသည် ကောင်းကင်ထဲသို့ ရောက်သွားသည်နှင့် မျက်ဝန်းများထဲတွင် ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ ဖျတ်ခနဲ တောက်ပသွား၏။ ထို့နောက် သူသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ သူ၏ကိုယ်ပွားအား ဖောက်ခွဲပစ်လိုက်တော့သည်။