ဒူဂူလင်းမှာ အလွန်အင်မတန်မှ ဉာဏ်ကောင်းသော လူတစ်ယောက်ဖြစ်ပေသည်။ လက်ရှိစစ်ပွဲကြီးထဲတွင် အဆုံးမဲ့မျိုးနွယ်စုမှာ အသာစီးရနေသည်ဖြစ်ကြောင်း သူက သိထား၏။ တာအိုဘုန်းတော်ကြီးယိုရန်မှာ တာအိုနန်းတော်ဂိုဏ်းသားများ၏ လောဘစိတ်များကို အခွင့်ကောင်းယူကာ ကိုယ်ကျိုးရှာနေခြင်း ဖြစ်ပြီး ယခုတွင် ထို ဂိုဏ်းသားများမှာလည်း သူ၏ဆန္ဒအတိုင်း လိုလိုလျားလျား စစ်တိုက်ပေးနေကြပြီဖြစ်သည်။
သို့ဖြစ်ရာ သူ၏ ကျင့်ကြံခြင်းလမ်းစဉ်အတွက် အကောင်းဆုံးမှာ သူတို့နှင့် ပူးပေါင်း၍ စစ်ပွဲထဲ၌ ဝင်ရောက်တိုက်ခိုက်ကာ အောင်မြင်မှုများ ဆွတ်ခူးရန် ဖြစ်ပေသည်။
သို့သော် သူသည် ယတိပြတ် ဆုံးဖြတ်ချက် မချနိုင်သေးဘဲ ဖြစ်နေရ၏။ သူ ထိုသို့ဖြစ်နေရခြင်းမှာ ပြည်ထောင်စုကြီးနှင့် ဂိုဏ်းအတွက် မဟုတ်ဘဲ သူ၏ ဆရာကြောင့်သာ ဖြစ်ပေသည်။ သူ၏ ဆရာမှာ အဆိုးမြင်တတ်သူတစ်ယောက်ဖြစ်ပြီး ရက်စက်ကြမ်းကြုတ်ပါသော်လည်း သူ့အား ကာကွယ်စောင့်ရှောက်ကာ လိုလေသေးမရှိ ပြုစုပျိုးထောင်ပေးခဲ့သည်ကို ဒူဂူလင်းမှာ မမေ့န်ိုင်သေးပေ။
သူ၏ ဆရာအား ကယ်တင်နိုင်မည့် နည်းလမ်းမှာ တစ်ခုတည်းသာ ရှိပေသည်။ ၎င်းမှာ တာအိုဘုန်းတော်ကြီးယိုရန်အား သတ်ဖြတ်ပစ်ရန် ဖြစ်သည်။
ထို့ကြောင့်လည်း ဒူဂူလင်းမှာ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးထဲ၌ ဖုန့်ချိုးရန် ပေါ်ပေါက်လာသည်ကို အာရုံခံမိလိုက်သောအခါ အံ့ဩတုန်လှုပ်သွားရခြင်းဖြစ်သည်။ အစပိုင်းတွင် သူသည် ဖုန့်ချိုးရန်မှာ သူ၏ဆရာကဲ့သို့ စိတ်ညို့ခံထားရခြင်း ရှိမရှိ သိမထားသောကြောင့် တွေဝေတုံ့ဆိုင်းနေခဲ့ပြီး မစွန့်စားရဲခဲ့ပေ။
ထို့နောက် သူသည် ဖုန့်ချိုးရန်၏ဘေး၌ ဝကစ်ကစ် လူရိပ်ကြီးတစ်ခု ပေါ်ပေါက်လာပြီး ၎င်းနှင့်အတူ သူ ရင်းရင်းနှီးနှီးသိနေသော အနီရောင် စွမ်းအင်စီးဆင်းမှုလမ်းကြောင်းများ ထွက်ပေါ်လာသည်ကို မြင်လိုက်ရ၏။ ထိုအခါမှသာ သူသည် ဝမ်ပေါင်လဲ့အား မှတ်မိသွားသဖြင့် အံကြိတ်ကာ ဆုံးဖြစ်ချက်ချလိုက်ခြင်းဖြစ်သည်။
သူသည် လိုရမယ်ရ အခြားသူများအား လှည့်ဖြားကာ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးဆီသို့ ချဉ်းကပ်သွားစေလိုက်၏။ ထို့နောက် သူသည် အချက်ပေးခေါင်းလောင်းအား တီးခတ်နိုင်မည့် ကျောက်စိမ်းပေလွှာကို ထုတ်ယူထားလိုက်သည်။ သူသည် တည်ကြည်မှုအပြည့်ရှိသော လေသံဖြင့် ဂါရဝပြုလိုက်ပြီးနောက် မန္တန်အစီအရင်ကြီးထဲမှ ထွက်လာသည့် လူနှစ်ယောက်အား အရောင်တလက်လက် တောက်ပနေသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်နေလိုက်တော့သည်။
ဖုန့်ချိုးရန်မှာ မျက်လုံးများအရောင်တောက်နေပြီး ဝမ်ပေါင်လဲ့၏ မျက်နှာအမူအရာမှာမူ ခန့်မှန်းရခက်သည့်ပုံ ပေါက်နေ၏။ သို့သော် သူ၏ နှလုံးသားထဲတွင်မူ ခံစားချက်မျိုးစုံဖြင့် ဗြောင်းဆန်နေရပြီဖြစ်သည်။ သူတို့နှစ်ယောက်စလုံးမှာ မန္တန်အစီအရင်ကြီးထဲမှ ထွက်လာပြီးနောက် ထိုနေရာတစ်ခုလုံးအား ကြည့်ရှုစစ်ဆေးလိုက်ကြ၏။ ဒူဂူလင်းတစ်ယောက်သာ အသက်ရှင်ကျန်ရစ်ခဲ့သည်ဖြစ်ပြီး အခြားသူများအားလုံး သေဆုံးသွားပြီဖြစ်ကြောင်း သေချာသွားသောအခါမှ သူတို့မှာ ဒူဂူလင်းဘက်သို့ လှည့်ကြည့်လိုက်ကြတော့သည်။
သူတို့မှာ ဒူဂူလင်း၏ လက်ထဲမှ ကျောက်စိမ်းပေလွှာအား စိုက်ကြည့်နေကြ၏။
” တာအိုရောင်းရင်း ဒူဂူလင်း။ မတွေ့ရတာတောင် ကြာသွားပြီ ” ဝမ်ပေါင်လဲ့မှာ သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးအား ဆင်မြန်းထားဆဲဖြစ်သောကြောင့် အနီရောင် အမျှင်အတန်းများမှာ လေထဲတွင်ယိမ်းနွဲ့နေ၏။ ထိုအချိန်တွင် သူ၏ ချပ်ဝတ်တန်ဆာကြီး၏ ခေါင်းဆောင်းမှာ ပျောက်ကွယ်သွားသဖြင့် သူ၏မျက်နှာ ပေါ်ပေါက်လာသည်။
ဒူဂူလင်းမှာ မျက်လုံးများမှေးသွားပြီး ဝမ်ပေါင်လဲ့နှင့် ဖုန့်ချိုးရန်တို့အား အကဲခတ်လိုက်၏။ ထို့နောက် ဖုန့်ချိုးရန်၏ မျက်ဝန်းများမှာ ရီဝေဝေဖြစ်နေခြင်းမရှိဘဲ ကြည်လင်ပြတ်သားနေသည်ဖြစ်ကြောင်း မြင်လိုက်ရသောအခါမှ သူသည် စိတ်အေးသွားရပြီး သက်ပြင်းချလိုက်တော့သည်။ သူသည် ချက်ချင်းဆိုသလို လျှောက်တင်လိုက်၏။
” ပြည်ထောင်စုကြီးက သောကြာဂြိုဟ်ဆီကို ဆုတ်ခွာသွားပါပြီ။ အဆုံးမဲ့မျိုးနွယ်စုဆီမှာ စစ်သင်္ဘောကြီးကို ပြန်ပြင်ဖို့ ပစ္စည်းအလုံအလောက် မရှိသေးတာမလို့ လောလောဆယ် အသုံးပြုလို့မရဘဲ ဖြစ်နေတာ။ တာအိုဘုန်းတော်ကြီးယိုရန်က စစ်သင်္ဘောကြီးထဲမှာပါ။ ကျွန်တော် သိထားသလောက်ဆိုရင် စစ်သင်္ဘောကြီး အကောင်းပတိအတိုင်း ပြန်ဖြစ်မလာသေးသရွေ့ သူက တခြားကိစ္စတွေကို အာရုံစိုက်နိုင်ဦးမှာ မဟုတ်ပါဘူး ”
” ကျွန်တော့်ဆရာ မြဲ့လျဲ့ကျိက စိတ်ညှို့ခံထားရတာပါ။ ဒါပေမဲ့ ကျွန်တော် သူ့ကို စောင့်ကြည့်နေခဲ့တာ နည်းနည်းကြာသွားပါပြီ။ တစ်ခါတလေကျရင် သူက အာရုံစူးစိုက်နိုင်စွမ်း မရှိတော့တဲ့ပုံစံ ဖြစ်ဖြစ်သွားတာပါ။ ကြည့်ရတာ သူ့ရဲ့ဝိညာဉ်က လုံးဝပျက်စီးမသွားသေးဘူး ထင်ပါတယ် ”
” ကျွန်တော်မျိုး ဒီမှာပဲ နေခဲ့ပြီးတော့ ရန်သူ အခြေအနေတွေကို စောင့်ကြည့်ပြီး အကြီးအကဲတို့ နှစ်ယောက်စလုံးဆီကို သတင်းအချက်အလက်တွေ ပြန်ပို့ပေးပါ့မယ်။ တကယ်လို့ အခွင့်ကြုံမယ်ဆိုရင်… ကျွန်တော့်ဆရာကို ကယ်တင်ပေးဖို့ပဲ ကျွန်တော် တောင်းဆိုချင်ပါတယ်။ ကျေးဇူးပြုပြီး ဒီနေရာကနေ ချက်ချင်းထွက်ခွာသွားလိုက်ပါတော့။ အဆုံးမဲ့မျိုးနွယ်စုက ဒီနေရာကို မိနစ်သုံးဆယ်တစ်ခါ ဝိညာဉ်အာရုံခံနိုင်စွမ်းတွေနဲ့ ကြည့်ရှုစစ်ဆေးလေ့ရှိတာမလို့ အချိန်သိပ်မကျန်တော့လို့ပါ… ” ဒူဂူလင်းမှာ အလောတကြီး ဆိုလိုက်ပြီး ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ဦးညွှတ်လိုက်တော့သည်။
ထို့နောက် ဝမ်ပေါင်လဲ့နှင့် ဖုန့်ချိုးရန်တို့ စကားမပြောနိုင်ခင်မှာပင် ဒူဂူလင်းမှာ သူ၏ ဘယ်ဘက်လက်ကိုမြှောက်ကာ ရင်ဘတ်အား အားပါပါ ထုနှက်လိုက်၏။ ထိုအခါ အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာကာ သူသည် တစ်ကိုယ်လုံး တုန်ရီသွားရပြီးနောက် သွေးတစ်ပွက် အန်ထွက်လာတော့သည်။
ထို ရိုက်ချက်ကြီးမှာ အားပြင်းလွန်လှသောကြောင့် သူ၏ စွမ်းအင်စီးဆင်းမှုလမ်းကြောင်းများပင်လျှင် ပေါက်ကွဲပျက်စီးသွားလုမတတ် ဖြစ်သွားရ၏။ ထို့နောက် ထိုဒဏ်ရာကြီးမှာ ပြင်းထန်လွန်းလှသဖြင့် သူသည် နောက်သို့ ဒယိမ်းဒယိုင် ဆုတ်ခွာသွားပြီးနောက် သတိလစ်သွားတော့သည်။ သူ၏လက်ထဲ၌ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည့် ကျောက်စိမ်းပေလွှာလေးမှာမူ သူ အချက်ပေးခေါင်းလောင်းအား မတီးနိုင်ခင် အပြင်းအထန် ဒဏ်ရာရသွားခဲ့ပြီး သတိလစ်သွားခဲ့သည်ဆိုသည့် အချက်အား သက်သေပြနေသကဲ့သို့ပင်။
” အကြီးအကဲ ချိုးရန်။ သွားကြစို့ ” ဝမ်ပေါင်လဲ့မှာ သတိလစ်သွားသော ဒူဂူလင်းအား အချိန်အကြာကြီး အဓိပ္ပါယ်ပါပါစိုက် ကြည့်နေလိုက်ပြီးနောက် အကြည့်လွှဲကာ ကောင်းကင်ပေါ်သို့ ပျံတက်သွားလိုက်တော့သည်။ ဖုန့်ချိုးရန်မှာ တွေဝေတုံ့ဆိုင်းနေသည့် အမူအရာဖြင့် သူ၏ဘေးမှ လိုက်ပါလာပြီးနောက် လေသံတိုးတိုးဖြင့် ဆိုလိုက်၏။
” တာအိုနန်းတော်ထဲမှာ ဒူဂူလင်းလို ဂိုဏ်းသားမျိုးတွေ ရှိနေဦးမှာပါ။ ငါတို့တွေ တာအိုနန်းတော် ဂိုဏ်းသားတွေအားလုံးကို အမှန်အတိုင်းသိသွားအောင် ပြောပြနိုင်မယ်ဆိုရင် ပြည်ထောင်စုကြီးဆီကို ထွက်ပြေးတဲ့ နည်းလမ်းထက် ပိုပြီးတော့ အကျိုးရှိလောက်တယ် ”
” တကယ်ပဲ အမှန်တရားကိုမြတ်နိုးတဲ့ တာအိုနန်းတော်ဂိုဏ်းသားတွေ ရှိနေဦးမယ်ဆိုရင် သူတို့တွေက အခုထိ အဖြစ်မှန်ကို မသိသေးလောက်အောင် တုံးအနေလိမ့်မယ်လို့ အကြီးအကဲက ထင်နေတာလားဗျ ” ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အေးစက်စွာ အရောင်လက်သွားပြီး လေသံတိုးတိုးဖြင့် ပြန်မေးလိုက်၏။
ထိုအခါ ဖုန့်ချိုးရန်မှာ ငြိမ်ကျသွားတော့သည်။ သူမသည် သူမ၏ ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုလိုက်ပြီးနောက် မျက်ဝန်းများထဲ၌ ခံစားချက်မျိုးစုံ ပေါ်ပေါက်လာ၏။ ထို့နောက် သူမသည် လေသံတိုးတိုးဖြင့် သက်ပြင်းချကာ ဝမ်ပေါင်လဲ့၏နောက်သို့ လိုက်သွားလိုက်တော့သည်။ သူတို့မှာ သက်တံ့နှစ်ခုအသွင် ပြောင်းလဲသွားပြီး မှောင်မိုက်နေသည့် ကောင်းကင်ယံကြီးအား ထိုးခွင်းသွားကြ၏။
သူတို့မှာ မည်မျှပင် မြန်ဆန်နေစေကာမူ လက်ရှိတွင် ဗုဒ္ဓဟူးဂြိုဟ်မှာ အဆုံးမဲ့မျိုးနွယ်စု၏ စခန်းဖြစ်နေပြီမဟုတ်ပါလော။ သို့ဖြစ်ရာ နောက်ဆုံးတွင် သူတို့မှာ ဝမ်ပေါင်လဲ့တို့ ရောက်ရှိနေသည့်အချက်ကို သိသွားကြဆဲပင်။ သူတို့နှစ်ယောက် ဗုဒ္ဓဟူးဂြိုဟ်၏ မန္တန်အစီအရင်အား မထိုးဖောက်နိုင်ခင်မှာပင် စစ်သင်္ဘောကြီးထဲ၌ တရားထိုင်နေသည့် တာအိုဘုန်းတော်ကြီးယိုရန်မှာ သူတို့၏ အငွေ့အသက်များကို အာရုံခံမိသွား၏။
ဝမ်ပေါင်လဲ့ သူ့ကိုယ်သူ ဖောက်ခွဲပစ်ခဲ့စဉ်တုန်းက ပျက်စီးသွားခဲ့သည့် စစ်သင်္ဘောကြီးထဲရှိ တတိယထပ်အား တစ်ထပ်လုံးနီးပါး ပြန်လည်ပြုပြင်ပြီးသွားပြီ ဖြစ်သည်။ အသွေးအသားများဖြင့် တည်ဆောက်ထားသည့် တိုင်လုံးကြီးနှင့် ရေကန်ကြီးတို့မှာ ယခင်အတိုင်း ပြန်ဖြစ်သွားကြပြီဖြစ်သည်။ တစ်ခုတည်းသော ပြောင်းလဲမှုမှာ… ရေကန်ကြီး၏ အလယ်တွင် တိုက်ပွဲဝတ်ရုံကြီး ရှိမနေတော့ခြင်းပင်။ ထိုနေရာတွင် တာအိုဘုန်းတော်ကြီးယိုရန် ရောက်ရှိနေပြီဖြစ်သည်။
တာအိုဘုန်းတော်ကြီးယိုရန်မှာ မျက်လုံးများမှိတ်ကာ တရားထိုင်နေပြီး အသက်ရှူသံများ တည်ငြိမ်နေ၏။ ထိုအချိန်တွင် သူသည် တစ်စုံတစ်ခုအား သတိထားမိလိုက်သဖြင့် အသက်ရှူသံများ မြန်ဆန်လာပြီး မျက်လုံးများပွင့်လာတော့သည်။
” ဝမ်ပေါင်လဲ့။ ဖုန့်ချိုးရန် ” တာအိုဘုန်းတော်ကြီးယိုရန်မှာ မျက်ဝန်းများထဲ၌ ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ ဖျတ်ခနဲ တောက်ပသွား၏။ သူသည် သူ သေဆုံးသွားခဲ့ပြီး ပြန်လည်မွေးဖွားလာသည့်အချက်ကို လုံးဝ မသိထားပေ။ သူ၏ စကားသံထဲတွင် အမုန်းတရားများ ကိန်းအောင်နေဆဲ ဖြစ်သည့်တိုင်အောင် ၎င်းတို့မှာ ဝမ်ပေါင်လဲ့ စစ်သင်္ဘောကြီးအား ဖျက်ဆီးခဲ့သည့် အချက်ကြောင့်သာ ဖြစ်ပေသည်။
” တာအိုနန်းတော် ဂိုဏ်းသားတွေအားလုံးကို ဆင့်ခေါ်လိုက်တယ်။ ဝမ်ပေါင်လဲ့က အကြီးအကဲ ဖုန့်ချိုးရန်ကို မကောင်းကြံခဲ့ပြီးတော့ စိတ်ညှို့ခဲ့တာမလို့ အခု အကြီးအကဲ ဖုန့်ချိုးရန်က သူ့ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်သွားရပြီ။ မင်းတို့တွေ အစွမ်းကုန် ကြိုးစားပြီးတော့ ဝမ်ပေါင်လဲ့ကို သတ်ပြီး အကြီးအကဲ ဖုန့်ချိုးရန်ကို ကယ်တင်ကြပါ ”
သူ၏ အမိန့်ပေးသံကြီးမှာ စစ်သင်္ဘောကြီးထဲ၌ ကျယ်လောင်စွာ ပဲ့တင်ထပ်သွား၏။ ထို့အပြင် သူ၏ စိတ်ဆန္ဒမှာလည်း စစ်သင်္ဘောကြီးအပြင်ဘက်သို့ ထိုးထွက်သွားပြီး ဗုဒ္ဓဟူးဂြိုဟ်၏ မန္တန်အစီအရင်ထဲအထိ ရောက်ရှိသွားသည်။ ထို့နောက် ၎င်းမှာ ဂြိုဟ်တစ်ခုလုံးအား ဖုံးလွှမ်းသွားတော့သည်။ ထို့ကြောင့် ဗုဒ္ဓဟူးဂြိုဟ်ပေါ်ရှိ တာအိုနန်းတော်ဂိုဏ်းသားများ အားလုံးမှာ သူ၏အမိန့်ကို ကြားလိုက်ရပြီနောက် တစ်ကိုယ်လုံး တုန်ရီသွားကြ၏။ ဗုဒ္ဓဟူးဂြိုဟ်၏ မန္တန်အစီအရင်ကြီးမှာလည်း ဝမ်ပေါင်လဲ့နှင့် ဖုန့်ချိုးရန်တို့ ရှိနေသည့် တည်နေရာအား ညွှန်ပြလိုက်တော့သည်။
တာအိုဘုန်းတော်ကြီးယိုရန်မှာ စစ်သင်္ဘောကြီးထဲမှ ထွက်ခွာ၍ မရသေးသောကြောင့် မျက်လုံးများမှေးသွားပြီး နောက်ထပ်အမိန့်တစ်ခု ထပ်၍ ပေးလိုက်ပြန်သည်။
” မြဲ့လျဲ့ကျိ။ ဖုန့်ချိုးရန်ကို ဖမ်းပြီးတော့ ဝမ်ပေါင်လဲ့ကို သတ်ခဲ့ ”
သူ၏ အမိန့်ပေးသံမှာ စခန်းထဲ၌ တရားထိုင်နေသည့် မြဲ့လျဲ့ကျိ၏ အသိစိတ်ထဲ၌ ကျယ်လောင်စွာ ပဲ့တင်ထပ်သွား၏။
မြဲ့လျဲ့ကျိမှာ မှောင်မိုက်နေသော လျှို့ဝှက်အခန်းတစ်ခန်းထဲ၌ ရှိနေခြင်းဖြစ်သည်။ သူသည် တာအိုဘုန်းတော်ကြီးယိုရန်၏ အမိန့်အား လက်ခံရရှိလိုက်ပြီးနောက် ဖြည်းညင်းစွာ ခေါင်းမော့လာ၏။ သူ၏ မျက်နှာအမူအရာမှာ ရီဝေဝေ ဖြစ်နေသည့်ပုံ ပေါက်နေသည်။ သူသည် မတ်တတ်ထကာ ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်ပြီးနောက် လျှို့ဝှက်အခန်းထဲမှ ပျောက်ကွယ်သွားပြီး လေထဲ၌ ပြန်လည်ပေါ်ပေါက်လာ၏။ ထို့နောက် သူသည် ဗုဒ္ဓဟူးဂြိုဟ်၏ မန္တန်အစီအရင်ကြီး၏ အကူအညီဖြင့် ဝမ်ပေါင်လဲ့နှင့် ဖုန့်ချိုးရန်တို့၏ တည်နေရာအား ရှာတွေ့သွားတော့သည်။ ထိုအခါ သူ၏ ခန္ဓာကိုယ်ထဲမှ ကျင့်ကြံခြင်းစွမ်းအားများ စတင်လည်ပတ်လာပြီး ဝိညာဉ်ကြားခံနယ်အဆင့် ဝိညာဉ်ချီလှိုင်းများ ထွက်ပေါ်လာတော့သည်။ ထို့ကြောင့် သူ၏ ဘေးပတ်ပတ်လည်ရှိ လေထုကြီးမှာ တွန့်လိမ်ပုံပျက်သွားရ၏။ ထို့နောက် သူသည် ရှေ့သို့ နောက်ထပ်ခြေတစ်လှမ်း ထပ်လှမ်းလိုက်ပြီး သူ၏ ပစ်မှတ်ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်ပျံသန်းသွားလိုက်တော့သည်။
ဝမ်ပေါင်လဲ့နှင့် ဖုန့်ချိုးရန်တို့မှာ ဗုဒ္ဓဟူးဂြိုဟ် ကောင်းကင်ယံထဲ၌ ပျံသန်းနေကြဆဲဖြစ်ပြီး ၎င်း၏ လေထုထဲမှ ဖောက်ထွက်ကာ အာကာသထဲသို့ ဝင်ရောက်သွားတော့မည် ဖြစ်သည်။ သို့သော် ထိုအချိန်တွင် သူတို့မှာ စွမ်းအားတစ်မျိုး သူ့တို့ဆီသို့ အရှိန်အဟုန်ဖြင့် ရောက်ရှိလာပြီး သူတို့အား လွှမ်းခြုံသွားသည်ကို ခံစားလိုက်ရ၏။ ထို့နောက် မျက်လုံးဖြင့် မမြင်နိုင်သော ဖိအားတစ်မျိုးမှာ သူတို့၏ ကိုယ်ပေါ်သို့ ကျရောက်လာပြီး သူတို့အား ဖမ်းဆီးချုပ်နှောင်ရန် ကြိုးပမ်းနေကြသည့် ပုံပင်။ ထိုဖိအားကြောင့် သူတို့မှာ အရှိန်လျော့ကျသွားရပြီး ထွက်ပြေးနိုင်စွမ်းမရှိတော့ပေ။
” ငါတို့ကို ရှာတွေ့သွားကြပြီ။ ဒါ တာအိုနန်းတော်ရဲ့ ဒေသတွင်းသုံး မန္တန်အစီအရင်ကြီးပဲ။ တော်တော်လေးကို အစွမ်းထက်တယ်။ အဲဒီ မန္တန်အစီအရင်ကြီးကို ဖယ်ရှားပစ်ဖို့ဆိုရင် မိနစ်သုံးဆယ်လောက် လိုတယ်… ” ဖုန့်ချိုးရန်မှာ မျက်နှာအမူအရာများ ပြောင်းလဲသွား၏။ သူမ ထိုသို့ဆိုလိုက်သည်နှင့် တစ်ပြိုင်နက် ဝမ်ပေါင်လဲ့မှာ စကားတစ်ခွန်းမှ မပြောဘဲ သူ၏ ညာဘက်လက်အား မြှောက်လိုက်၏။ သူသည် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးအား ဆင်မြန်းထားသည်ဖြစ်ရာ စစ်ပွဲနတ်ဘုရားတစ်ပါးနှင့်ပင် တူနေတော့သည်။
သူသည် သူ၏ အသံလွှင့်လက်စွပ်ဖြင့် လီရှင်းဝမ်နှင့် အခြားသူများအား ဆက်သွယ်နိုင်ရန် တစ်ချိန်လုံး ကြိုးပမ်းနေခဲ့၏။ သို့သော် သူ ဗုဒ္ဓဟူးဂြိုဟ်ပေါ်တွင် ရှိနေသရွေ့ သူ၏ အသံလွှင့်လက်စွပ်မှာ အလုပ်လုပ်မည့်ပုံ မပေါ်ပေ။ သူသည် ၎င်း၏ လေထုထဲမှ ဖောက်ထွက်နိုင်ရန် လိုအပ်ပေသည်။
ထို့ကြောင့် သူသည် ထိုအသံလွှင့်လက်စွပ်အား အသုံးပြုနိုင်ရန် ကြိုးစားမနေတော့ဘဲ ညာဘက်လက်ကိုမြှောက်ကာ အသံကုန်အော်ဟစ်လိုက်ပြီးနောက် ကျင့်ကြံခြင်းစွမ်းအားများကို ထုတ်လွှတ်လိုက်၏။ ထိုအခါ သူ၏ ယွမ်ယင်ဝိညာဉ်မှာ တုန်ရီသွားပြီး သူ ရှေးဟောင်းဓားကြီးပေါ်တွင် ရှိနေတဲ့စဉ်တုန်းက ထုတ်သုံးခဲ့သည့် ဝိညာဉ်စွမ်းအင်များထက်ပင် ပို၍အားကောင်းသော စွမ်းအင်လှိုင်းများ ထွက်ပေါ်လာတော့သည်။
သူသည် တည့်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးထဲက ထွက်လာခဲ့စဉ်ကတည်းက သူ၏ ယွမ်ယင်ဝိညာဉ် ပြောင်းလဲသွားခဲ့သည်ကို အာရုံခံမိခဲ့၏။ သူသည် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့မှာ သူ့အား အားဖြည့်ပေးနေသကဲ့သို့ ခံစားနေခဲ့ရခြင်း ဖြစ်သည်။ ထို့အပြင် သူ၏ခြေထောက်အောက်ရှိ ဂြိုဟ်ကြီးမှာလည်း သူ့ရောက်ရှိလာသည့်အတွက် ပျော်ရွှင်မြူးထူးနေသည့်ပုံ ပေါက်နေသည်။
ထိုစဥ်တုန်းက သူသည် ထိုခံစားချက်များကို အသေးစိတ် အကဲမခတ်နိုင်ခဲ့ပါသော်လည်း ယခုတွင်မူ ဂြိုဟ်ကြီး၏ မန္တန်အစီအရင်ကြီးမှာ သူတို့အား ဖိနှိပ်ချုပ်တည်းနေပြီဖြစ်ရာ ဝမ်ပေါင်လဲ့မှာ သူ၏ ယွမ်ယင်ဝိညာဉ်အား ထုတ်လွှတ်လိုက်တော့သည်။ ထိုအခါ သူ၏ ယွမ်ယင်ဝိညာဉ်နှင့် ဂြိုဟ်ကြီးတစ်ခုလုံးမှာ တစ်သားတည်း ထပ်တူကျသွားသကဲ့သို့ပင်။ သူ၏ ဝိညာဉ်ချီများမှာ အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်ပေါ်လာပြီး ကောင်းကင်ပေါ်သို့ မြင့်တက်သွား၏။
ထို့ကြောင့် ဂြိုဟ်ကြီးတစ်ခုလုံးကိုပင် တုန်ရီသွားစေနိုင်သည့် ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းကြီးတစ်ခုမှာ ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာတော့သည်။ ၎င်းမှာ ထိုသို့ပေါ်ပေါက်လာပြီးနောက် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ကို ချိတ်ဆက်ပေးထားသည့်ပုံ ပေါ်နေသည့် လေမုန်တိုင်းကြီး တစ်ခုအသွင် ပြောင်းလဲသွား၏။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ အသံကုန်အော်ဟစ်လိုက်သဖြင့် မိုးကောင်းကင်ကြီးမှာ တုန်ရီသွားရတော့သည်။
” လွင့်ပြယ်ပပျောက်စေ ”
ထို့နောက် သူသည် နတ်ဘုရားလက်နက် လက်ကြီးဖြင့် ရှေ့သို့ အားပါပါ ထိုးနှက်လိုက်တော့သည်။
ထိုအခါ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့မှာ အသွင်ပြောင်းလဲသွားပြီး လေပြင်းများ စတင်တိုက်ခတ်လာတော့သည်။ မကြာသေးမီတုန်းက ဝမ်ပေါင်လဲ့နှင့် ဖုန့်ချိုးရန်တို့အား ဖိနှိပ်ချုပ်တည်းနေခဲ့သည့် တာအိုနန်းတော် ဒေသတွင်းသုံး မန္တန်အစီအရင်ကြီးမှာလည်း မှုန်ဝါးဝါး ပင့်ကူအိမ်ကြီးတစ်ခုအဖြစ် ပေါ်ပေါက်လာ၏။ ၎င်းမှာ ဝမ်ပေါင်လဲ့ ထုတ်လွှတ်လိုက်သည့် အံ့ဩမှင်တက်ဖွယ်ရာ စွမ်းအားများကို တောင့်ခံနိုင်စွမ်းမရှိတော့သည့် ပုံပင်။ ထို့ကြောင့် ၎င်းမှာ ချက်ချင်းဆိုသလိုပင် တစ်လွှာပြီးတစ်လွှာ တစ်စစီ စုတ်ပြဲသွားကြပြီး ပျက်စီးပျောက်ကွယ်သွားတော့သည်။