အပိုင်း (၁၇၀)

ရှေးဟောင်းနယ်မြေအတွင်းသို့ ဝင်ရောက်ခြင်း

လူများစွာက နန်းတော်၏ စစ်ရေးပြကွင်းပြင်တွင် စုစည်းနေကြသည်။ ကြီးမားသော စစ်ရေးပြကွင်းပြင်တွင် အင်းကွက်တစ်ခု ရှိသည်။ ထိုအရာက မြူများဖြင့် ဖုံးလွှမ်းနေပြီး ဘေးတွင် စည်တော်ကြီးများ တည်ထားသည်။ ချပ်ဝတ်စစ်သည်များက စည်တော်ကြီးမျာကို တီးခတ်လျှင် အင်းကွက်ကြီးအား ကြောက်မက်ဖွယ် စစ်မြေပြင်အလား ခံစားရစေသည်။ ရှေးဟောင်း လို့လန်အနေဖြင့် ဤနေရာတွင် သူတို့၏ စမ်းသပ်စစ်ဆေးမှု ရှိနေသည်။ သူတို့က စစ်မြေပြင် တစ်ခုလုံးကို ဖြတ်ကျော်နိုင်လျှင် စမ်းသပ်မှု အောင်မြင်မည် ဖြစ်သည်။

သမီးတော် လို့လန်ရွှီ ရောက်လာသည်နှင့် မျက်လုံးပေါင်းများစွာကို သူမထံသို့ ဆွဲငင်ယူသွားသည်။ သူမ၏ ငွေရောင်ဆံပင်၊ ငွေရောင်မျက်လုံးများနှင့် ထူးခြားသော ကိုယ်ရောင်ကိုယ်ဝါက ထိတ်လန့်ဖွယ် ဆွဲဆောင်အား ကောင်းသည်။ ဤကဲ့သို့ ထူးခြားသော ကိုယ်ရောင်ကိုယ်ဝါနှင့် လှပချောမောသော မိန်းကလေးမျိုး သူတို့ မမြင်ဖူးပေ။ သို့သော်လည်း မည်သူမှ အနားကပ်နိုင်စွမ်း မရှိအောင် သူမကား အေးစက်လွန်းလှသည်။

သမီးတော်က စစ်ရေးပြကွင်းရှေ့တွင် ရပ်လိုက်ကာ အောက်ကို ငုံ့ကြည့်လိုက်သည်။ ချက်ချင်းပင် လူအများက သူမ၏ရှေ့တွင် စွမ်းရည်ပြသချင်သည့် သဘောဖြင့် စစ်ရေးပြ ကွင်းပြင်သို့ ဝင်ရောက် လာနေကြ၏။

“ဒါက စိတ်ကူးယဉ် စစ်မြေပြင်နဲ့ တူတယ်…” ရီဖူရှင်းက မြူများ ဖုံးအုပ်နေသော အင်းကွက်နေရာအား ကြည့်ကာ ပြောသည်။

“လို့လန်ရှေးဟောင်း နယ်မြေကလည်း စစ်မြေပြင်တစ်ခုပဲ… ငါတို့ကို အသားကျအောင် လုပ်ပေးနေတာနဲ့ တူတယ်…” ယွန်ရှင်းမိုက ဘေးမှပြောသည်။

“နင် သွားစမ်းကြည့်မလား…” လင်းယွီယိုက ပြုံးလျက် မေးသည်။

“ငါတို့က ရှေးဟောင်းနယ်မြေကို တစ်ခါတည်း သွားနိုင်တာပဲ… အချိန်ဖြုန်းနေစရာ မလိုဘူး…” ရီဖူရှင်းက ပြောသည်။

“နင်က သမီးတော်ရဲ့ရှေ့မှာ စွမ်းရည်ပြလို့ရတယ်…” လင်းယွီယိုက ပြုံးလျက် ပြောသည်။

ရီဖူရှင်းက သူမအား ဒေါသတကြီး ကြည့်ကာ ထပ်မပြောတော့ပေ။

သူတို့၏ဘေးတွင်လည်း စားပွဲမှ ရောက်လာကြသော တခြားဒေသမှ လူများရှိနေသည်။ ထိုအချိန်တွင် တစ်ယောက်က ပြောလိုက်သည်… “ငါကြားတာကတော့ ရှေးဟောင်းနယ်မြေက စစ်မြေပြင် တစ်ခုဖြစ်ပြီးတော့ ဒီစမ်းသပ်မှုက ပုံစံတူသဘောမျိုး လုပ်ထားတာ… တစ်ယောက်ယောက် စမ်းကြည့်ဖို့ စိတ်ကူး မရှိဘူးလား…”

စကားပြောလိုက်သူကား ရှေးဟောင်းမြေရိုင်း ဒေသတွင်ရှိသော ယန်မြို့မှလူငယ် ဖြစ်သည်။ ယန်ကလန်ကား အလွန်အမင်း အားကောင်းသော အဖွဲ့အစည်း တစ်ခုဖြစ်ပြီး မီးဓာတ်တွင် ကြောက်မက်ဖွယ် ကောင်းအောင် ထူးချွန်ကြသည်။ ရောက်ရှိလာသူများထဲတွင် ယန်ကလန်ကား အင်အား အကောင်းဆုံး ဖြစ်သည်။ တခြားနှစ်ဖွဲ့မှာ ယွန်ရှောင်မြို့နှင့် ကျို့ထျန်မြို့မှ လာကြခြင်း ဖြစ်သည်။

ယွန်ရှောင်မြို့၏ အဓိက အင်အားစုမှာ ယွန်ရှောင်တောင်ကလန် ဖြစ်သည်။ ထိုမြို့တွင် သူတို့ကား အာဏာအပြည့်အဝ ရှိသည်။ ပြင်ပလောကတွင် ယွန်ရှောင်တောင်ကား အထွတ်အမြတ်နေရာ တစ်ခုဖြစ်သည်။ မရေမတွက်နိုင်သော သူများက ထိုနေရာကို သစ္စာခံကြသည်။

ကျို့ထျန်မြို့၏ အဓိကအင်အားစုမှာ ကျို့ထျန်အိမ်တော် ဖြစ်သည်။ ပြင်ပလောကတွင် ကျို့ထျန်အိမ်တော်က နိုင်ငံပေါင်းများစွာကို အုပ်ချုပ်သည်။ ထိုနေရာများတွင် ဘုရင်များက သူတို့ကို မနာခံဘဲ မနေရဲကြပေ။ ရှေးဟောင်းနယ်မြေမှ မြို့များအားလုံးမှာ ပြင်ပလောကမှ တကယ့်ထိပ်သီး အင်အားစုများကို ကိုယ်စားပြုကြသည်။ နယ်မြေတစ်ရာက သူတို့ကို ယှဉ်ပြိုင်နိုင်စွမ်း မရှိပေ။

“ယန်ကလန်က မီးကို လေ့ကျင့်တယ်… ရှေးဟောင်းလို့လန်က ရေကို လေ့ကျင့်တယ်… မီးနဲ့ရေက ရောနှောလို့မရဘူး… ယန်ကလန်က ရှေးဟောင်းနယ်မြေကို သွားရာမှာ ခက်ခဲလိမ့်မယ်…” ယွန်ရှောင်ကလန်မှ တစ်ယောက်က ရယ်စရာ ပြောသည်။

“မီးနဲ့ရေက ပိုပြီး လိုက်လျောညီထွေ ရှိတာ မဟုတ်ဘူးလား…” ယန်ကလန်မှ တစ်ယောက်က ရယ်မောလျက် ပြောသည်။

“ဒီအင်းကွက်က စိတ်အင်အားကို စမ်းသပ်တဲ့ စစ်အင်းကွက်ပဲ… ခင်ဗျားတို့ စိတ်ဝင်စားရင် ကြိုးစားကြည့်လို့ ရတယ်…” သမီးတော် လို့လန်ရွှီ၏ဘေးမှ ထက်ရှသော မျက်လုံးနှင့် လူငယ်က စင်မြင့်ပေါ်မှ ပြောသည်။

လူတိုင်း၏ မျက်လုံးများ အရောင်လင်းလက် သွားသည်။ ကျို့ထျန်မြို့အုပ်စုမှ ခေါင်းဆောင်က ပြောသည်… “ကျုပ်တို့ တစ်ဖွဲ့ကို သုံးယောက်လွှတ်ရင် ဘယ်လိုလဲ…”

“ကောင်းပြီ…” ယန်မြို့နှင့် ယွန်ရှောင်မြို့မှ လူများက သဘောတူကြသည်။

“သေချာတာပေါ့…” ချန်ယန်က ခေါင်းညိတ်သည်။ သူက ရီဖူရှင်းကို ကြည့်လျက် ပြောသည်… “မင်းတို့ သုံးယောက်က နိုဘယ်လိုဏ်ဂူမှာ စွမ်းဆောင်ရည် ကောင်းခဲ့တယ်… ဒီအင်းကွက်က တူညီတဲ့ နည်းစနစ်ကို အခြေခံထားတာပဲ… မင်းတို့က ဒီအခွင့်အရေးကိုယူပြီး စမ်းသပ်ရင် မကောင်းဘူလား…”

“မလိုဘူး… ကျုပ်တို့ စိတ်မဝင်စားဘူး…” ရီဖူရှင်းက ပြုံးလျက် သူ၏ ခေါင်းကို ယမ်းပြသည်။

ချန်ယန်က သူတို့အား တစ်ချက်ကြည့်သည်။ သူက လျင်မြန်စွာ ခေါင်းညိတ်လျက် ပြောသည်… “ပြဿနာမရှိဘူး… ဒီလိုဆိုတော့ မင်းတို့ သွားစမ်းကြည့်ကြ…” သူ၏နောက်မှ ရှီတောင်၊ ယွီလင်းလောင်နှင့် ကျောက်ဟန်တို့က ခေါင်းညိတ်ကာ စစ်ရေးပြကွင်းထဲသို့ ဝင်ရောက် သွားကြသည်။

“မင်းက ဒီလိုကောင်းတဲ့ အခွင့်အရေးကို လက်လွှတ်ခံမလို့လား… ” ချန်ယန်က ရီဖူရှင်းကို ရယ်မောလျက် ပြောသည်။

“မင်းကလည်း တူတူပဲ မလား…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။

ချန်ယန်၏ မျက်လုံးများ အရောင်တစ်ချက် လက်သွားကာ ထပ်မပြောတော့ပေ။

မကြာမီ အဖွဲ့လေးခုမှ လူများက စစ်ရေးပြကွင်းထဲကို စမ်းသပ်ခံရန် ဝင်ရောက်ကြသည်။ ရှီတောင်၏ စွမ်းဆောင်ရည်ကား အလွန် ကောင်းမွန်သည်။ သူ၏ ပုဆိန်ဖြင့် သူက လမ်းကြောင်းများကို ရှင်းလင်းကာ အတားအဆီးများအား ကိုယ်တိုင် ဖြတ်ကျော်နိုင်သည်။ ယွီလင်းလောင်က ကျောက်ဟန်နှင့် ပူးပေါင်းကာ ကျော်ဖြတ်သည်။ ယန်ကလန်တွင်ကား ကြောက်မက်ဖွယ် မီးဓာတ်သဘာဝကို ပိုင်ဆိုင်သည်။ ယွန်ရှောင်တောင်ကလန်မှ လူများကမူ မိုးကြိုးလျှပ်စီးများ လွှမ်းခြုံနေသည်။ ကျို့ထျန်တန်ခိုးရှင်များမူကား ကွဲပြားခြားနားသော နည်းစနစ်များကို ပိုင်ဆိုင်ကြသည်။ သူတို့အားလုံးမှာ ထူးခြားထက်မြက်သော သူများဖြစ်ကြပြီး အင်းကွက်ထံသို့ အရောက် သွားနိုင်ကြသည်။ သူတို့က သတ်မှတ်ထားသော နေရာကို ရောက်ရှိသောအခါ လို့လန်သမီးတော်ကို ကြည့်လိုက်ကြသည်။

လို့လန်ရွှီက အနည်းငယ် ခေါင်းညိတ်ပြသည့်တိုင် သူမ၏ အမူအရာမှာကား ယခင်လို အေးစက်နေဆဲ ဖြစ်သည်။ သူမက နောက်ထပ် မည်သို့မှ မပြောတော့ပေ။ ကြည့်ရသည်မှာ သူမ၏ အမူအကျင့်များမှာ မွေးရာပါ အေးစက်သော ပုံစံရှိဟန်တူသည်။

လူတိုင်းက မိမိတို့နေရာသို့ ပြန်သွားကြသည်။ ယွီလင်းလောင်က ပြုံးလျက် ပြောသည်… “သမီးတော်က အရမ်းအေးစက်တယ်… ဒါပေမဲ့ တော်တော် ချောမောလှပတယ်…”

“အမှန်ပဲ…” ရှီတောင်က ခေါင်းညိတ်သည်။

ချန်ယန်က မည်သို့မှ မပြောပေ။ သူက ရေခဲတမျှ အေးစက်သော ထိုမိန်းကလေးအား သူ၏ နက်ရှိုင်းသော မျက်လုံးများဖြင့် လေ့လာ ဆန်းစစ်နေသည်။

“ငါ့ကို စောင့်နေ…” ရီဖူရှင်းက ယူချင်းနှင့် တခြားလူများကို ရုတ်တရက် ပြောသည်။ ထို့နောက် သူက တခြားတစ်ဖက်သို့ လှမ်းသွားလိုက်သည်။

“သူ ဘယ်ကို သွားတာလဲ…” လင်းယွီယိုက သူ့အား ကြည့်လိုက်သည်။ လူတိုင်းက ရီဖူရှင်းကို ကြည့်နေကြစဉ်မှာပင် သူက စင်မြင့်ပေါ်သို့ ထူးဆန်းသော အမူအရာဖြင့် လှမ်းသွားသည်ကို မြင်ကြရသည်။ ချန်ယန်တို့ လူစုကပင်လျှင် သူ၏နောက်ကျောကို ကြည့်ကာ အနည်းငယ် အံ့အားသင့် သွားကြသည်။

“သူ ဘယ်သူလဲ…” ယန်ကလန်မှ တစ်ယောက်က မေးလိုက်သည်။ လူအများအပြားက သူ့အား စိတ်ဝင်စားစွာ ကြည့်လိုက်ကြ၏။ ရီဖူရှင်းကား အဖြူရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး အလွန်ချောမောသော သူ့ရုပ်ရည်ကြောင့် လူအများ အလယ်တွင် အလွယ်တကူ ထင်ရှားသော ပုံစံဖြစ်နေသည်။  သူက လို့လန်သမီးတော် ထိုင်နေရာသို့ အေးအေးလူလူ လျှောက်လှမ်း သွားသည်ကို မြင်ကြရသည်။

လင်းယွီယို မျက်လုံးပြူး သွားသည်။ သူတကယ် လုပ်နိုင်မည်လော။

ထိုအခိုက်တွင် သမီးတော်၏ ဘေးမှ ထက်ရှသော မျက်လုံးနှင့် လူငယ်က သူက အလွန် အရေးပါသောသူ ပုံစံဖြင့် တည်ငြိမ်စွာ ရီဖူရှင်းကို ကြည့်လျက် ပြောသည်… “ဘာကူညီရမလဲ…”

“ကျုပ်မှာ သမီးတော်ကို မေးစရာတွေ ရှိတယ်…” ရီဖူရှင်းက တည်ငြိမ်စွာ ပြောသည်။  ထက်ရှသော မျက်လုံးနှင့် လူငယ်က မျက်မှောင်ကြုတ် သွားသော်လည်း လို့လန်သမီးတော်က ရီဖူရှင်းကို ကြည့်လိုက်သည်။

သူမက ပြောသည်… “သူ့ကို လာခိုင်းလိုက်…”

ထို့ကြောင့် လူငယ်က ရီဖူရှင်းကို ဖြတ်ကျော်ခွင့် ပေးလိုက်သည်။ ရီဖူရှင်းက လို့လန်ရွှီထံသို့ လျှောက်သွားကာ ပြုံးလျက် ပြောလိုက်သည်… “မင်းက ရေခဲဓာတ်ကို ကျင့်ပြီးတော့ စိတ်ဝိညာဉ် စွမ်းအားကို အထူးပြုတယ်… ဟုတ်တယ်မလား…”

လို့လန်ရွှီက သူ့အား ထိတ်လန့်တကြား ကြည့်ကာ အေးစက်စွာ ပြောသည်… “ရှင် ဘယ်လို သိတာလဲ…”

“တစ်စုံတစ်ယောက်ရဲ့ ကျင့်ကြံမှုကို သူတို့ရဲ့ အမူအရာတွေကနေ သိနိုင်တယ်… သမီးတော်… မင်းက အရမ်း အေးစက်တယ် ဆိုတော့ ပုံမှန်အားဖြင့် ရေခဲဓာတ်ကို ကျင့်ကြံတယ် ဆိုတာ သိတာတယ်…” ရီဖူရှင်းက တည်ငြိမ်စွာ ပြောသည်။ သူက သမီးတော်၏ ဘေးကို လျှောက်သွားလိုက်ကာ ရှေ့မှ စစ်ရေးပြကွင်းကို ကြည့်လိုက်သည်။

အင်အားစုတိုင်းက ရီဖူရှင်းအား ထိတ်လန့်စွာ ကြည့်လိုက်ကြသည်။ ယခုကား သူက သမီးတော်နှင့် ဘေးချင်း ယှဉ်ရပ်နေသည်။ သူ၏ ဟန်ပန်က တခြားလူများ နှိုင်းယှဉ် မရနိုင်လောက်အောင် ထူးခြားသော ပုံစံရှိနေသည်။

“သူ ဘယ်သူလဲ…” ယန်ကလန်နှင့် ယွန်ရှောင်တောင်ကလန်မှ လူများက မေးသည်။ သူတို့က ချန်းမုန်ဒေသမှ လူငယ်ခေါင်းဆောင် ချန်ယန်ကို ကြည့်ကာ မေးကြသည်။ သမီးတော်၏ ဘေးမှ ရီဖူရှင်း၏ ကိုယ်ရောင်ကိုယ်ဝါကို ကြည့်လျှင် သူသည်လည်း အလွန်အရေးပါသောသူ ဖြစ်ဟန်ရနေသည်။

ချန်ယန်၏ အမူအရာကား သိပ်မကောင်း လှတော့သလို လင်းယွီယိုကလည်း ရီဖူရှင်းကို ဆွံ့အစွာ ကြည့်လျက် ပြောသည်… “အရမ်း အရှက်မဲ့တာပဲ…”

“သူမက လို့လန်သမီးတော်ပဲ မဟုတ်ဘူးလား…” ယူချင်းက အေးစက်စွာပြောသည်။ သူမက မည်သို့ ထူးခြားနေသနည်း။ နောင်တွင် ယခု ထိုကြီးမြတ်သော သူများ အားလုံးမှာ ရီဖူရှင်း၏ ဘေးတွင် ရပ်ရန်ပင် တတ်နိုင်မည် မဟုတ်တော့ပေ။

လင်းယွီယိုက ယူချင်းအား ဆွံ့အစွာ ကြည့်လိုက်ပြန်သည်။ ဤနှစ်ယောက်က ရှေးဟောင်းလို့လန်၏ သမီးတော်ကိုပင်လျှင် ဂရုမစိုက်ပါလား။

ယခုကား လို့လန်ရွှီပင်လျှင် ရီဖူရှင်းကို အံ့အားသင့်စွာ ကြည့်နေသည်။ ထိပ်သီးအင်အားစုများ အားလုံးက အမြဲတမ်း သူမရှေ့တွင် မျက်နှာရရန် ကြိုးစားကြသော်လည်း တစ်စုံတစ်ယောက်က သူမအား ယခုကဲ့သို့ ချဉ်းကပ်လာမည်ဟု လုံးဝ မမျှော်လင့်ထားပေ။

“စားပွဲမှာတုန်းက မင်းက ရှေးဟောင်းနယ်မြေမှာ ရှေးဟောင်းလို့လန် လိုချင်တဲ့ ရတနာရှိတယ်လို့ ပြောတယ်…” ရီဖူရှင်းက သူမအား ပြောသည်…“တကယ်လို့ အဲဒီရတနာရဲ့ ထူးခြားချက် တစ်ခုခုကို ပြောရင် ရှာရတာ ပိုလွယ်လိမ့်မယ်…”

လို့လန်ရွှီက သူ့အား သူမ၏ ငွေရောင် မျက်လုံးများဖြင့် ကြည့်လိုက်သည်။ “တကယ်လို့ အဲဒီမှာ ရတနာစာအုပ်တွေကို တွေ့ရင် အာရုံစိုက်ပေးပါ…”

“နားလည်ပြီ…” ရီဖူရှင်းက ခေါင်းညိတ်လျက် ပြောသည်… “ကျုပ်က တန်ခိုး အဆင့်နိမ့်တယ်… ပြီးတော့ ကျုပ်အနားက လူတွေကိုလည်း လုံးဝ ယုံလို့မရဘူး… တကယ်လို့ ကျုပ်က ရတနာကို ရခဲ့တယ်ဆိုရင် ကျုပ်က ရှေးဟောင်းလို့လန်ကို ပေးမယ်… ဒါပေမဲ့ သမီးတော်က ကျုပ် ရှေးဟောင်းနယ်မြေက ထွက်ခွာပြီးတဲ့အချိန်မှာ ကာကွယ်ပေးဖို့ လိုတယ်… မဟုတ်ရင် လူတွေက ကျုပ်ဆီက လုယူမှာက စိုးရိမ်ရတယ်…”

လို့လန်ရွှီက သူ့အား ကြည့်လိုက်သည်။ သူကား တန်ခိုး အဆင့်နိမ့်သည့်ဟန် ရှိနေသော်လည်း သူ့တွင် ဤမျှယုံကြည်မှု ရှိနေသည်။ သူမက ခေါင်းညိတ်လျက် ပြောသည်… “ကျွန်မလည်း ရှေးဟောင်းနယ်မြေထဲကို ဝင်မှာ … တကယ်လို့ ရှင်က တစ်စုံတစ်ခုကို ရှာတွေ့ရင် ကျွန်မဆီ လာလို့ရတယ်…”

“ကျေးဇူးပဲ…” ရီဖူရှင်းက ပြုံးလိုက်ကာ သူ့လူများထံ ပြန်လာသည်။

“သမီးတော်ကို မင်းဘာတွေ ပြောခဲ့လဲ…” ချန်ယန်က လာမေးသည်။

“သမီးတော်က ဘယ်လို ယောက်ျားမျိုး သဘောကျလဲ မေးကြည့်တယ်…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။ “သခင်လေးချန်… ပြန်သွားကြစို့…”

ရီဖူရှင်း ထွက်သွားသည်ကို မြင်လျှင် ချန်ယန် မျက်မှောင်ကြုတ် သွားသည်။ သည်ကောင် ရယ်စရာ ပြောနေသည်လား။ သမီးတော်ကို ထိုသို့စကားများကို အဘယ်ကြောင့် သွားပြောရသနည်း။

ကျောက်ဟန်က ရီဖူရှင်းအား နက်မှောင်စွာ ကြည့်လိုက်သည်။ ဤခွေးကောင်ကား မည်သည့်အခါကမှ ရိုးရိုးလမ်းကို မရွေးပေ။ တခြားလူများ အားလုံးက သမီးတော်ရှေ့တွင် စွမ်းရည်ပြရန် ကြိုးစားနေကြချိန်တွင် သူက သမီးတော်နှင့် သွားရောက် စကားပြောနေသည်။

ရီဖူရှင်းကား ထိုအတွေးမျာကို လိုက်လံ ဂရုစိုက်ရန် ပျင်းရိသည်။ သူက ချန်ယန်က မယုံပေ။ သူက ရှေးဟောင်းနယ်မြေမှ သတင်း အချက်အလက်များကို သူ့ကို လုံးဝ မပြောပေ။ ချန်ယန်က သူ့အား အသုံးချရန် သက်သက်ဖြင့် ခေါ်လာသည်ကို သူသိသည်။ သူက မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့လျှင် အဆင်ပြေသည်။ သို့သော် တကယ်လို့ သူက ရတနာကို ရှာတွေ့ခဲ့လျှင်ကော မည်သို့လုပ်မည်နည်း။ ကြိုတင်ပြင်ဆင် ထားခြင်းက မမှားပေ။

သုံးရက်ကြာလျှင် လူအများအပြားက နန်းတော်အတွင်း တစ်နေရာတွင် စုစည်းနေကြသည်။

ရီဖူရှင်းတို့အုပ်စု၊ ယန်မြို့မှအုပ်စု၊ ကျို့ထျန်မြို့အုပ်စု၊ ယွန်ရှောင်မြို့မှ အုပ်စုနှင့် လို့လန်မြို့အုပ်စု အပြင် စစ်ရေးပြကွင်းကို မလိုက်လာသော အုပ်စုလည်း ရောက်ရှိနေသည်။

လို့လန်ရွှီလည်း ထိုနေရာတွင် ရှိနေသည်။ သူမက ထိုလူများ အားလုံးကို ကိုယ်တိုင်ခေါ်လာခြင်း ဖြစ်သည်။ သူမ၏နောက်တွင် သက်တော်စောင့် အများအပြား ရှိသည်။ သူတို့အားလုံးမှာ သေသေချာချာ လေ့ကျင့်ပေးထားသူများ ဖြစ်ဟန်တူကာ အားလုံးမှာ ဓမ္မအဆင့်အမြင့်ဆုံးတန်ခိုးရှင်များ ဖြစ်ကြသည်။

ရီဖူရှင်းက သူတို့အားလုံးကို လေ့လာကြည့်ကာ မည်သည့်နေရာမှ လာမှန်းမသိသော ထိုလူများကိုလည်း ကြည့်လိုက်သည်။ သူတို့အားလုံးမှာ လေးယောက်ဖြစ်ပြီး အားလုံးက ငြိမ်သက်စွာ ရပ်နေကြသော်လည်း သူတို့၏ ကိုယ်ရောင်ကိုယ်ဝါများအရ အလွန် အန္တရာယ်ရှိကြောင်း သူခံစားရသည်။

သူတို့၏ရှေ့တွင် ဂိတ်တံခါးပေါက်တစ်ခု ရှိသည်။ ထိုနောက်တွင်ကား မြူခိုးများဖြင့် ဖုံးလွှမ်းနေကာ ရေရေရာရာ မမြင်ရသော်လည်း အလွန်ကြီးမားသော အဆောက်အဦများကို ဝေဝါးစွာ မြင်နေရသည်။ ထိုနေရာကား ရှေးဟောင်းနယ်မြေ ဖြစ်ရပေမည်။

လို့လန်နန်းတော်ကား လို့လန်ရှေးဟောင်း နယ်မြေကို ကာကွယ်ရန် ထိုနယ်မြေ၏ ရှေ့တွင် ဆောက်လုပ်ထားသည်။

“စထွက်ရအောင်…” လို့လန်ရွှီ၏ဘေးမှ လူငယ်လေးက ပြောသည်။ လူတိုင်းက ခေါင်းညိတ်လျက် ရှေ့ကို လျှောက်သွားလိုက်ကြသည်။

“သွားစို့…” ချန်ယန်က ပြောသည်။ ရီဖူရှင်းတို့ အုပ်စုကလည်း ဂိတ်ကို ဖြတ်လျက် မြူများ ဖုံးလွှမ်းနေသာ နေရာကို ဝင်ရောက်လာကြသည်။

ထူးဆန်းသော ခံစားမှုက လေထုထဲတွင် ပျံ့နှံ့နေသည်။ သူတို့က မြူခိုးများအကြား လျှောက်လာကြရာ သူတို့၏ အမြင်အာရုံထဲတွင် မြို့ဟောင်းက ပိုမိုထင်ရှားလာသည်။

“ရှေးဟောင်းနယ်မြေက ဂိတ်တံခါးနောက်မှာ… အားလုံး ဂရုစိုက်ပါ…” လို့လန်ရွှီဘေးမှ လူငယ်က ပြောသည်။ လူတိုင်းက ပိုမိုသတိထားကာ ရှေးဟောင်း မြို့ရိုး ဂိတ်တံခါးထံသို့ လျှောက်လာကြသည်။

ရီဖူရှင်းက သူ၏ လွတ်လပ်ခြင်း ကျင့်စဉ်ကို အသက်သွင်းလိုက်ကာ မြူခိုးများကို ဖြတ်ကျော်လျက် ရှေ့ကို ကြည့်လိုက်သည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset