ရှေးဟောင်းလို့လန်ကား ရှေးဟောင်း မြေရိုင်းဒေသမှ လို့လန်မြို့ အတွင်းတွင် တည်ရှိသည်။ နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် ရှေးဟောင်းလို့လန်က ဤမြို့အား ထိန်းချုပ်ခဲ့ကြသည်။ သူတို့က မြို့ထဲတွင် နန်းတော်ကိုပင်လျှင် တည်ဆောက်ခဲ့ကြသည်။ ထိုနန်းတော်က ပြင်ပလောကမှ တကယ့် လို့လန်နန်းတော်နှင့် ဆက်သွယ်ထားသည်။ မြေရိုင်းမြို့မှ ထိပ်သီးအင်အားစုများပင်လျှင် လို့လန်မြို့တွင် ရှေးဟောင်းလို့လန်၏ အာဏာအား ကိုင်လှုပ်နိုင်စွမ်း မရှိပေ။ ကောလာဟလများအရ ရှေးဟောင်းလို့လန်က ဤမြို့ကို ထိန်းချုပ်ထားသည်မှာ ရည်ရွယ်ချက်တစ်ခုသာ ရှိသည်။ ၎င်းမှာ မည်သူ့ကိုမှ လို့လန်ရှေးဟောင်း နယ်မြေအတွင်းသို့ ဝင်ရောက် ရှာဖွေခွင့် မပေးရန် ဖြစ်သည်။
လို့လန် ရှေးဟောင်းနယ်မြေကား လို့လန်မြို့တွင် အထင်ရှားဆုံးသော နေရာဖြစ်သည်။ ထိုနယ်မြေတွင် ရှိနေသော ရတနာပစ္စည်းများမှာ ရှေးဟောင်းလို့လန်ပင်လျှင် မပိုင်ဆိုင်သော ပစ္စည်းများစွာ ရှိနေသည်။ ထို့ကြောင့် နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် ရှေးဟောင်းလို့လန်က သူတို့၏ စွမ်းအားမြင့် တန်ခိုးရှင်များအား လို့လန်ရှေးဟောင်း နယ်မြေသို့ စေလွှတ်ကာ ရယူနိုင်သမျှသော ရတနာများကို ရှာဖွေယူကြသည်။ ထိုနယ်မြေအား ဝင်ရောက်ရန် မည်သူမဆို ရှေးဟောင်းလို့လန်ထံမှ ခွင့်ပြုချက် ယူရမည်ဖြစ်သည်။ ထို့ကြောင့် လို့လန်မြို့ကို ရောက်ရောက်ချင်း ချန်ယန်က လို့လန်နန်းတော်သို့ တိုက်ရိုက်သွားရန် စီစဉ်ထားခြင်း ဖြစ်သည်။
နန်းတော်ကား လို့လန်မြို့တွင် ထည်ဝါခန့်ညားမှု အရှိဆုံးသော အဆောက်အဦ ဖြစ်သည်။ လို့လန်နန်းတော်ကား ရှေးဟောင်းဆန်သော အငွေ့အသက်များ ဖုံးလွှမ်းနေသည်။ ရီဖူရှင်းတို့ အုပ်စု ရောက်ရှိသွားသောအခါ သိမ်းငှက်နက်နှင့် သတ္တဝါဆန်းတို့က မြေပြင်ပေါ်သို့ ဆင်းသက် လိုက်ကြသည်။ လူအများအပြားက နန်းတော်အပြင်တွင် ရှိနေကြကာ နန်းတော်ရှေ့မှ ဂိတ်တံခါးနှင့် လှေကား ထစ်များကို ကြည့်နေကြသည်။ ထိုနေရာတွင်ကား အစောင့်အများအပြား ရှိနေသည်။
“ချင်းမုန်ဒေသရဲ့ သခင်လေး ချန်ယန်က လို့လန်နန်းတော်ကို ရောက်ရှိလာပါတယ်…” ရှီတောင်က ရှေ့ကို ထွက်ကာ နန်းတော်ဘက်သို့ လှည့်လျက် အော်ပြောလိုက်သည်။
“ကြိုဆိုပါတယ် သခင်လေး…” အစောင့်ခေါင်းဆောင်က သူ၏ လှံအား မြှောက်လျက် ပြောသည်။ သူက ချန်ယန် ရောက်လာမည်ကို ကြိုသိနေဟန်တူကာ သူတို့အား ဖြတ်ကျော်ခွင့် ပေးသည်။
ချန်ယန်က ရှေ့ကို လျှောက်သွားလိုက်သည်။ တခြားလူများက သူ့နောက်ကိုလိုက်ကာ လို့လန်နန်းတော်သို့ ဝင်ရောက်လာကြသည်။ နန်းတော်မှ လူအများအပြားက သူတို့ကို ထူးဆန်းသည့်ပုံစံဖြင့် ကြည့်ကြသည်။ ဤလူများမှာ ချင်းမုန်ဒေသမှ လာသူများ ဖြစ်ကြဟန်တူသည်။ ချန်းမုန်ဒေသမှလူငယ် ခေါင်းဆောင်ကိုယ်တိုင် သူ၏လူများနှင့် ရောက်လာသည်။ သိသိသာသာပင် သူတို့က လို့လန်ရှေးဟောင်း နယ်မြေသို့ ဝင်ရောက်ရန် ရောက်ရှိလာကြခြင်း ဖြစ်သည်။ သို့သော် သူတို့သာမဟုတ် ရှေးဟောင်း မြေရိုင်းဒေသမှ တခြား ထိပ်သီး အင်အားစုများလည်း ရောက်ရှိလာကြသည်။ အခြေအနေကား ပိုမို စိတ်ဝင်စားဖွယ် ကောင်းလာပြီ ဖြစ်သည်။
သူတို့အုပ်စုအား တိတ်ဆိတ် အေးဆေးသော နေရာတစ်နေရာသို့ ခေါ်လာသည်။ ထိုနေရာတွင် အဆောင်ငယ်များစွာ ရှိနေပြီး သူတို့က ကိုယ်စီအဆောင်များ ရွေးချယ်လိုက်ကြသည်။
“ရီဖူရှင်း… မင်းရဲ့ အဆောင်မှာ အရင် သွားနားလိုက်ဦး… တစ်ခုခုထူးခြားရင် ငါမင်းကို လာရှာမယ်…” ချန်ယန်က ပြောသည်။
ရီဖူရှင်း၏ မျက်လုံးများ အရောင်လက်သွားသည်။ လမ်းတစ်လျှောက်တွင် ရီဖူရှင်းက ယွန်ရှင်းမိုကို မေးခွန်း အများအပြား မေးခဲ့သော်လည်း သူမက သိပ်မသိပေ။ ယခုခရီးမှာ လို့လန်ရှေးဟောင်း နယ်မြေအတွက်သာ ဖြစ်သည်ဆိုသော တစ်ချက်သာ သူမသိသည်။
“သခင်လေး… ကျုပ်တို့ကို ဒီခရီးနဲ့ ပတ်သက်လို့ ရှင်းပြလို့ ရမလား…” ရီဖူရှင်းက မေးလိုက်သည်။
“ရှင်က ဘာလို့ ဒီလောက် အရင်လိုနေတာလဲ…” ချန်ယန်၏ဘေးမှ ယွီလင်းလောင်က ရီဖူရှင်းကို ပြုံးလျက် ပြောသည်။ သူမ၏ ခန္ဓာကသာ မဟုတ် မျက်လုံးများကလည်း တစ်ဖက်လူကို ဆွဲဆောင်နိုင်စွမ်း ရှိနေသည်။ “သခင်လေးချန်က ရှင့်ကို ဒီနေရာအထိ ခေါ်လာမှတော့ သူက ရှင်တို့ကို ရှေးဟောင်းနယ်မြေကို ခေါ်သွားမှာ သေချာတယ်…”
“ကျုပ်က တချို့အရာတွေကို နားမလည်သေးဘူး…” ရီဖူရှင်းက ပြန်ပြောသည်။ ချန်ယန်က သူ့အား စိတ်သဘော ကောင်းစွာဖြင့် ခေါ်ဆောင်လာမည်ဟု ရီဖူရှင်း မယုံကြည်ပေ။ သူ့တွင် တခြား ရည်ရွယ်ချက် ရှိရပေမည်။
“မင်း သိစရာ မလိုဘူး…” ရှီတောင်က ထူးမခြားနားစွာ ပြောသည်။
“ရီဖူရှင်း…” ချန်ယန်က ရှီတောင်အား လက်ကာပြကာ ရီဖူရှင်းကို ပြောသည်… “ငါ မင်းရဲ့ သံသယကို နားလည်တယ်… လို့လန်ရှေးဟောင်း နယ်မြေက ထူးဆန်းအံ့ဖွယ်နေရာပဲ… မင်းက တန်ခိုးအဆင့်မြင့်ရုံနဲ့ ဘာတစ်ခုမှ မရနိုင်ဘူး… ငါက မင်းရဲ့ပါရမီကို လိုအပ်လို့ မင်းနဲ့ ပူးပေါင်းတာပဲ… ငါတို့က အကျိုးအမြတ် တစ်ခုခုရခဲ့ရင် ဘယ်လို ခွဲယူမလဲ ဆွေးနွေးကြတာပေါ့… မင်းက တခြားအရာတွေကို စိတ်ပူစရာ မလိုဘူး…”
“ကောင်းပြီ…” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ ရီဖူရှင်းတို့က အဆောင်ငယ်လေး တစ်ခုထံသို့ လျှောက်လာကြသည်။
အဆောင်ငယ်လေးထဲကို ရောက်သည်နှင့် လင်းယွီယို၏ မျက်လုံးများက အရောင်တစ်ချက် လက်သွားသည်။ “သူအရမ်း ရက်ရောမယ်လို့ ငါတော့ မထင်ဘူး…” သူမက ပြောသည်။ “သူတို့နဲ့ ပူးပေါင်းတာက ပြဿနာမဟုတ်ပေမဲ့ ရှေးဟောင်းနယ်မြေမှာ ငါတို့က တစ်စုံတစ်ခုရလာရင် သူတို့နဲ့ ဘယ်လို ခွဲယူကြမလဲ…”
ချန်ယန်တို့အုပ်စုက လူငါးယောက်မျှသာ ရှိသော်လည်း သူတို့အားလုံးမှာ ဓမ္မအဆင့်အမြင့်ဆုံးတွင် ရှိနေကြသည်။ အထူးသဖြင့် နိုဘယ်ကံစွမ်းအားကို ပိုင်ဆိုင်သော ချန်ယန်ကား ပိုမို အန္တရာယ်ရှိပေသည်။ နှစ်ဖက်စွမ်းရည်ကား ကွာဟချက် ကြီးမားလွန်းလှသည်။ ထိုအချိန် ရောက်လာခဲ့လျှင် ရီဖူရှင်း၏ ဆုံးဖြတ်ချက်ကို သူတို့ အလေးထားကြပါမည်လော။
“သူတို့က တစ်ဆင့်ချင်း ငါတို့ကို လှည့်စားနေသလို ငါခံစားရတယ်…” ယူချင်းက မျက်မှောင်ကုတ်လျက် ပြောသည်။
“ဒါပေမဲ့ ပြဿနာ ဖြစ်နိုင်တယ်ဆိုတာ သိပေမဲ့ ငါတို့ လာတာပဲမလား…” ရီဖူရှင်းက ရယ်မောလျက် ပြောသည်။ “ငါတို့က ဒီကို ရောက်လာပြီးမှာတော့ ချန်ယန်မရှိရင်တောင် ငါတို့က တခြားလူတွေကို ရင်ဆိုင်ရမှာ သေချာတယ်… အခြေအနေကို ကြည့်ရတာ ရှေးဟောင်းနယ်မြေထဲကို ဝင်မှာက ငါတို့ အုပ်စုတစ်ခုတည်း မဟုတ်ဘူး…”
“အင်း…” ယူချင်းက ခေါင်းညိတ်ကာ ထပ်မပြောတော့ပေ။ သူတို့က လို့လန်ရှေးဟောင်း နယ်မြေသို့ အနှေးနှင့်အမြန် ရောက်လာမည်ဖြစ်သည်။
သည်ရက်ပိုင်းအတွင်း လို့လန်နန်းတော်ကား လှုပ်ရှားမှုများ အများအပြား ရှိနေသည်။ သို့သော် ရီဖူရှင်းတို့ အုပ်စုမူကား မိမိတို့ အဆောင်ငယ်များထဲတွင် တိတ်ဆိတ်စွာ နေထိုင်ကြသည်။ ချန်ယန်တို့အုပ်စု ဘာလုပ်နေသည်ကိုပင် သူတို့ မသိပေ။ နောက်ဆုံးတွင် ယွီလင်းလောင်က ရီဖူရှင်းအား လာရှာသည်။
“အဆင်သင့်လုပ်ကြတော့… ရှေးဟောင်းလို့လန်က လူတိုင်းအတွက် စားပွဲတစ်ခု ပြင်ဆင်နေတယ်… တိုင်းပြည်ရဲ့ သမီးတော်ကလည်း အဲဒီနေရာမှာ ရှိနေမယ်…” ယွီလင်းလောင်က ပြုံးလျက်ပြောသည်။
“ရှေးဟောင်းလို့လန်ရဲ့ သမီးတော်…” ရီဖူရှင်းက သူမအား တစ်ချက်ကြည့်ကာ မေးသည်… “ဘာလို့ မင်းသမီး မဟုတ်ရတာလဲ…”
“ရှင့်ရဲ့အစေခံက မပြောပြဘူးလား… ရှေးဟောင်းလို့လန်မှာ မင်းသမီးဆိုတာ မရှိဘူး… သမီးတော်တစ်ပါးပဲ ရှိတယ်… သခင်လေးချန်က အပြင်မှာ စောင့်နေပြီ… အမြန်လုပ်ကြတော့…” ယွီလင်းလောင်က ပြုံးလျက် ပြောကာ ထွက်ခွာသွားသည်။
ရီဖူရှင်းက များများစားစား မတွေးတော့ပေ။ သူက တခြားလူများကို ခေါ်ကာ ချန်းယန်တို့အုပ်စု ရှိနေရာသို့ ထွက်လာသည်။
“သွားစို့…” ချန်ယန်က ပြုံးလျက် ပြောသည်။ သူတို့က တစ်နေရာကို ဦးတည်လျက် သွားနေကြသည်။ နောက်ဆုံး သူတို့က နန်းတော်လှေကားထစ် နေရာသို့ ရောက်လာကြ၏။ စားပွဲကား ပြင်ဆင်ပြီးဖြစ်ကာ ထိုနေရာတွင် လူအများအပြား ရှိနေသည်။ ပတ်ဝန်းကျင်မှာလည်း သာယာရှုပျော်ဖွယ် ကောင်းအောင် ပြင်ဆင်ထားသည်ကို တွေ့ရသည်။ လူအများအပြားမှာ ကွဲပြားခြားနားသော နေရာများမှ လာကြခြင်း ဖြစ်သည်။
ချင်ယန်တို့က တစ်နေရာတွင်ထိုင်ကာ ရီဖူရှင်းတို့ အုပ်စုက တစ်နေရာတွင် ထိုင်ကြသည်။ ကြည့်ရသည်မှာ ဤနေရာတွင် အင်အားစုများအားလုံး ရောက်ရှိနေကြဟန် တူသည်။ အုပ်စုအတော်များများကို တွေ့ရသည်။ ထိုစဉ်မှာပင် နန်းတော်ထဲမှ လူတစ်စု လျှောက်လာသည်ကို မြင်ကြရသည်။ လူတိုင်းက ထိုအုပ်စုကို ကြည့်လိုက်ကြသည်။
ကောလာဟလများအရ ရှေ့ဆုံးမှာ လျှောက်လာသော မိန်းကလေးမှာ ရှေးဟောင်းလို့လန်၏ သမီးတော် လို့လန်ရွှီ ဖြစ်ဟန်တူသည်။ သူမ၏ ဆံပင်ရှည်များမှာ ငွေရောင်များဖြစ်ကာ သူမ၏ ကိုယ်ရောင်ကိုယ်ဝါကား အေးစက်သော အငွေ့အသက်များ ဖုံးလွှမ်းနေသည်။ သူမ၏ မျက်လုံးများပင်လျှင် ငွေရောင်များဖြင့် လင်းလက်နေသည်။ သူမကား ထူးခြားသော အရှိန်အဝါရှိကာ နတ်သမီးတစ်ပါးလိုပင် အသက်ရှူမှားလောက်အောင် လှပချောမောသည်။
“ဘာလဲ… နင့်ရဲ့မျက်လုံးကို ရွှေ့မရတော့ဘူးလား…” လင်းယွီယိုက ရီဖူရှင်းကို ပြုံးလျက်ပြောသည်။
ရီဖူရှင်းက သူမအား ကြည့်လျက် ပြောသည်… “နောက်တစ်ယောက်က မင်းကို အနိုင်ယူသွားပြန်ပြီ… မင်းမပျော်ဘူးလား…”
“သူမက နင့်ချစ်သူလောက် လှလား…” လင်းယွီယိုက ပြုံးလျက် ပြောသည်။
“မလှဘူး…” ရီဖူရှင်းက ပြန်ပြောသည်… “သူမက အရမ်း အေးစက်ပြီးတော့ ဂျီယူနဲ့ အရမ်းကွဲပြားတယ်…”
“ကွဲပြားခြားနားတဲ့ ဟန်ပန်နဲ့ အေးစက်တဲ့ မိန်းမလှက သိပ်မဆိုးဘူးမလား…” လင်းယွီယိုက အနည်းငယ် ပြုံးလျက် ပြောသည်။ သူတို့က လှေကားထစ်နှင့် အတော်ဝေးသော နေရာတွင် ထိုင်ကာ တီးတိုးပြောနေကြခြင်း ဖြစ်ရာ တခြားလူများ ကြားနိုင်ရန် မလွယ်ပေ။
“ငါက ဒီလိုလူမဟုတ်ဘူး…” ရီဖူရှင်းက လေးနက်စွာ ပြောသည်။
လင်းယွီယိုက ရီဖူရှင်းအား သေချာ ကြည့်လိုက်သည်။ သူက အမှန်ကို ပြောနေခြင်းလော လိမ်နေခြင်းလော သူမ မသိပေ။
လူအများအပြားက လို့လန်ရွှီအား စိတ်ဝင်စားစွာ ကြည့်လိုက်ကြသည်။ အမှန်တကယ်အားဖြင့် လင်းယွီယိုသည်လည်း အလွန်အမင်း ချောမောပေသည်။ သူမ၏ ရုပ်ရည်သွင်ပြင်မှာ လို့လန်ရွှီနှင့် နှိုင်းယှဉ်၍ ရသော်လည်း လို့လန်ရွှီ၏ လှုပ်ရှားဟန်များက ပိုမို နူးညံ့ညင်သာကာ ထူးခြားသော သဘာဝရှိနေသည်။
လို့လန်ရွှီ၏ ဘေးတွင် လူငယ်တစ်ယောက် ရပ်နေသည်။ သူ၏ မျက်လုံးများက အလွန်ထက်ရှကာ လူအများအား တစ်ချက်ဝှေ့ကြည့်လျက် ပြောသည်… “ခင်ဗျားတို့အားလုံးက အဝေးကြီးကာ ခရီးနှင်လာရပြီ… ဒါကြောင့် သမီးတော်ကိုယ်တိုင် စားပွဲကျင်းပပြီး ကြိုဆိုတာပဲ… ပြီးတော့ လို့လန်ရှေးဟောင်း နယ်မြေကို မသွားမီ ပြောစရာတွေလည်း ရှိတယ်…”
အားလုံးက တိတ်ဆိတ်စွာ နားထောင်နေကြသည်။ “ခင်ဗျားတို့ အားလုံးက လို့လန်နယ်မြေက မဟုတ်ဘူး… ဒါပေမဲ့ ခင်ဗျားတို့ကို ဖိတ်ခေါ်ခဲ့တယ်… အမှန်က ကျုပ်တို့က နေရာပေါင်းစုံက လူတွေရဲ့ စွမ်းရည်တွေကို အသုံးပြုလိုတယ်… ဒီနေရာကို ရောက်လာတဲ့လူတွေ အကုန်လုံးက တကယ့်ထိပ်သီး ပါရမီရှင်တွေမို့လို့ ထပ်ပြီး မစမ်းသပ်တော့ဘူး… ခင်ဗျားတို့ အားလုံးက လို့လန်ရှေးဟောင်း နယ်မြေကို ဝင်ရမယ်…”
“ဒါပေမဲ့ လို့လန်ရှေးဟောင်း နယ်မြေက ကျုပ်တို့ တိုင်းပြည်က ပိုင်ဆိုင်တာပဲ… ရှားပါးတဲ့ ပစ္စည်းတွေ အများအပြားကလည်း ကျုပ်တို့ တိုင်းပြည်က ပိုင်တယ်… ဒါကြောင့် တကယ်လို့ ခင်ဗျားတို့က သဒ္ဓိဝင်ပစ္စည်းတွေကို ရရှိခဲ့ရင် ယူသွားလို့ရတယ်… ဒါပေမဲ့ အရမ်းထူးခြားတဲ့ ရတနာပစ္စည်း တစ်ခုခုကို ရခဲ့ရင်တော့ ကျုပ်တို့က တူညီတဲ့ တန်ဖိုးနဲ့ လဲလှယ်ပေးမယ်… ခင်ဗျားတို့ သဘောတူရင် ဝင်လို့ရမယ်… သဘောမတူဘူးဆိုရင် အခုတည်းက ထွက်သွားလို့ရတယ်… ကျုပ်တို့က အတင်းအကြပ် မစေခိုင်းဘူး…”
ရီဖူရှင်းက ထိုစကားကို ကြားလျှင် သူ၏မျက်လုံးက အရောင်တစ်ချက် လင်းလက်သွားသည်။ ရှေးဟောင်းလို့လန်က ထိုရတနာပစ္စည်းအား အမှန်တကယ် လိုချင်နေပုံရသည်။ မဟုတ်လျှင် သူတို့က တခြားဒေသမှ လူများအား ဝင်ရောက်ခွင့်ပြုမည် မဟုတ်ပေ။ ထိုအရာက ဘယ်အရာနည်း။
သူကား အနည်းငယ် စိတ်လှုပ်ရှားနေသည်။ ချန်းယန်၏ ပြောစကားအရ လို့လန်ရှေးဟောင်း နယ်မြေအတွင်းမှ သဒ္ဓိဝင်ပစ္စည်းများမှာ နိုဘယ်ကံစွမ်းအားများ ရှိနေသည်။ နယ်မြေတစ်ရာ ဒေသတွင်မူကား ထိုအဆင့်ရှိသော ပစ္စည်းများကို ရှာဖွေရန် အလွန်အမင်း ခက်ခဲမည်ဖြစ်သည်။
လူအားလုံး တိတ်ဆိတ်နေသည်။ သူတို့က ဤအချက်အား ယခင်ကတည်းက သိပြီးဖြစ်သည်။
“ခင်ဗျားတို့က ဘာမှမပြောဘူးဆိုရင် ဒါကို သဘောတူတယ်လို့ သဘောထားလိုက်တော့မယ်… ရှေးဟောင်းနယ်မြေက အန္တရာယ်တွေကတော့ ခင်ဗျားတို့အားလုံး တွေ့ပြီးဖြစ်မှာပဲ… ကျုပ်ထပ်ပြီး အချိန်မဖြုန်းတော့ဘူး…” လူငယ်က ပြောသည်… “စားပွဲစရအောင်…”
လူတိုင်း၏ အမူအရာများကား မျှော်လင့်ချက်များကြောင့် လေးနက်သော ဟန်ပန်ရှိနေကြသည်။ သူတို့အားလုံးတွင် ကွဲပြားခြားနားသော အတွေးများ ရှိနေကြကာ လို့လန်ရွှီကို ကြည့်နေကြသည်။ ထိုစဉ်မှာပင် သူမက ထရပ်ကာ သူတို့အားလုံးကို ပြောသည်… “အားလုံး ဝအောင်စားကြပါ… ကျွန်မမှာ ကိစ္စတွေရှိသေးလို့ သွားခွင့်ပြုပါဦး…”
“သမီးတော်… ခင်ဗျားက ရှေးဟောင်းလို့လန်က လူတွေကို စစ်ဆေးမလို့မလား…” တစ်စုံတစ်ယောက်က သူမအား မေးသည်။
လို့လန်ရွှီက ရပ်တန့်လိုက်သည်။ သူမက ပြန်ကြည့်လျက် ခေါင်းညိတ်သည်။
“စားပွဲက မလိုအပ်ဘူး… ကျုပ်က သမီးတော်နဲ့လိုက်ပြီး လို့လန်က ပါရမီရှင်တွေကို ကြည့်လို့ရမလား…” ထိုလူက ပြုံးလျက်ပြောသည်။
လို့လန်ရွှီက ထိုလူငယ်အား လေ့လာ ကြည့်လိုက်သည်။ သူမက တစ်စုံတစ်ခု ရေရွတ်လိုက်ကာ ထွက်ခွာသွားသည်။ သူမ၏ဘေးမှ လူငယ်က လူတိုင်းအား ကြည့်ကာ ပြောသည်… “ခင်ဗျားတို့အားလုံး သွားကြည့်ချင်ကြလား…”
“ဒီမှာ စားရတာ စိတ်ဝင်စားစရာ မကောင်းဘူး… ကျုပ်တို့က သွားပြီး လေ့လာ ကြည့်ရအောင်…” နောက်တစ်ယောက်က ပြောသည်။
“ကောင်းပြီ… စိတ်ဝင်စားတဲ့လူတွေ ကျုပ်နောက်က လိုက်နိုင်တယ်… တခြားလူတွေက စားပွဲမှာ ဆက်လက်နေနိုင်တယ်… ထွက်သွားချင်ရင်လည်း ရတယ်…” လူငယ်က တည်ငြိမ်စွာ ပြောသည်။ ထို့နောက် သူက ထိုနေရာမှ လှည့်ထွက် သွားသည်။
“ငါတို့လည်း သွားကြည့်ရအောင်…” ချန်ယန်က ပြောသည်။ သူက ထရပ်ကာ လူငယ်နောက်မှ လိုက်သွားသည်။
လူတိုင်းက လို့လန်လူငယ် နောက်ကို လိုက်သွားကြသော်လည်း အုပ်စုတစ်စု ကျန်နေရစ်သည်။ သူတို့က လို့လန်ပါရမီရှင်များ၏ စမ်းသပ်မှုများကို စိတ်ဝင်စားပုံမရပေ။
ချန်ယန်က မျက်မှောင်ကြုတ်လျက် ထိုအုပ်စုကို ကြည့်လိုက်သည်။ သူတို့က အခြားတစ်နေရာမှ လာခြင်းဖြစ်ပုံရ၏။ ထိုနေရာမှ လာသော သူများကသာ လို့လန်ရှေးဟောင်း နယ်မြေမှ ရတနာကို စိတ်ဝင်စားသည် ဆိုပါက အကျိုးဆက်မှာ မတွေးရဲစရာဖြစ်သည်။
***