Switch Mode

အပိုင်း (၁၆၈)

မင်းမှာ ခံနိုင်ရည် မရှိဘူး

လိုဏ်ဂူထဲတွင် ရီဖူရှင်းကား တိတ်ဆိတ်စွာ တန်ခိုးကျင့်နေဆဲ ဖြစ်သည်။ ဤသို့ဖြင့် ရက်ပေါင်းများစွာ ကြာမြင့်လာခဲ့သည်။ ယွန်ရှင်းမိုကား ဂူသွယ်လေး၏ အဝတွင် ထိုင်စောင့်နေဆဲဖြစ်သည်။ ထိတ်လန့်ဖွယ် သဘာဝစွမ်းအားလှိုင်းများက ဂူသွယ်ထဲကို စီးဆင်းနေကြသည်ကို သူမ ခံစားမိသည်။ အပြင်မှ ထိုင်နေသည့်တိုင် အလွန်ပူပြင်းသော ခံစားမှုကို သူမ ရနေသည်။

“သူ ထပ်လုပ်နေတာလား…” ယွန်ရှင်းမို၏ မျက်လုံး အရောင်တစ်ချက် လက်သွားသည်။ ရီဖူရှင်းက အမှန်တကယ် ဘာလုပ်နေသည်ကို သူမ သိလိုသည်။ ယခင် ရက်များစွာ အကြာက ရီဖူရှင်းက သူ၏ဓမ္မကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ပြီ မဟုတ်ပေဘူးလား။ သူက နောက်ထပ် ဓမ္မတစ်ခု ဖန်တီးနေခြင်းလော။

အတန်ကြာလျှင် ကြောက်မက်ဖွယ် သစ်သားဓာတ် သဘာဝစွမ်းအင်များ လှုပ်ခတ်မှုကို ခံစားရပြန်သည်။ သူမ သိသလောက် ရီဖူရှင်းက ဓာတ်စွမ်းအင် ခုနစ်ခုမှ ခြောက်မျိုးကို ထုတ်လွှတ်ပြီး ဖြစ်သည်။ သူက မှော်ဂီတပညာတွင် ထူးချွန်သည်ကို ကြည့်လျှင် ရီဖူရှင်းက ဓာတ်စွမ်းအင်မျိုးစုံ သုံးနိုင်သော မှော်ထိန်းချုပ်သူ ဖြစ်ရပေမည်။

ရီဖူရှင်းက သူ၏ပင်ကိုစွမ်းရည်များကို အမှန်တကယ်အားဖြင့် နှစ်ကြိမ်သာ ထုတ်ပြခဲ့သေးပေသည်။ တစ်ကြိမ်ကား ကန်တောင်ကုန်းပေါ်တွင် ဖြစ်ကာ နောက်တစ်ကြိမ်မှာ နိုဘယ်လိုဏ်ဂူတွင် ဖြစ်သည်။ နှစ်ကြိမ်လုံးမှာ အံ့သြထိတ်လန့်ဖွယ် ကောင်းလှသည်။ သို့တိုင်အောင် ရီဖူရှင်းက သူ၏ တကယ့်စွမ်းရည်များကို အမှန်တကယ်အားဖြင့် ထုတ်ပြခြင်း မရှိသေးကြောင်း ယွန်ရှင်းမို ခံစားရသည်။ သူ၏တန်ခိုးအဆင့်က အလွန် နိမ့်လှသည်။ ပထမက သူ၏တန်ခိုးအဆင့်မှာ ကောင်းကင်အဆင့်ဖြစ်ပြီး ယခုမှသာလျှင် ဓမ္မအဆင့်တစ်ကို ရောက်ရှိသည်။ ထို့ကြောင့် မည်သူကမှ သူ၏စွမ်းရည်များကို အာရုံမစိုက်ကြပေ။ သို့သော် ရီဖူရှင်း၏ တန်ခိုးကျင့်သည့် ပါရမီမှာ ကြောက်မက်ဖွယ်ကောင်းပြီး သူ၏ တိုက်ခိုက်ရေး စွမ်းရည်မှာလည်း ထိတ်လန့်ဖွယ် အားကောင်းမည်ဟု သူမ ခံစားရသည်။

ကြောက်မက်ဖွယ်ကောင်းသော သဘာဝစွမ်းအင်များက ဂူသွယ်ထဲကို အားကောင်းစွာ စီးဝင်နေကြပြီး ဂူသွယ်ထဲမှလည်း အလွန်အမင်း ပူပြင်းသော အရာတစ်ခုကို ခံစားရသည်။ ထိုစဉ်မှာပင် ဂူသွယ်ထဲမှ ဝေဝါးသော အလွန်လင်းလက် တောက်ပသော မီးလုံးပုံစံတစ်ခု လူအများက မြင်ကြရသည်။

ဂူသွယ်ထဲတွင်ကား ရီဖူရှင်းက သူ၏ ခြေထောက်များအား တင်ပလ္လင်ပုံစံခွေလျက် ထိုင်နေသည်။ သူ့နောက်တွင်ကား နောက်ထပ် အလွန်ကြောက်မက်ဖွယ် ကောင်းသော ဓမ္မတစ်ခု ဖြစ်ပေါ်နေသည်။ ထိုအရာကား အလွန်ကြီးမားသော သစ်ပင်ကြီးတစ်ပင်ဖြစ်ပြီး ကောင်းကင်တွင် နေမင်းတစ်စင်း ထွန်းလင်းနေသည်။ နေမင်း၏ အောက်ခြေတွင်ကား ထိုအရာက ဖိုအိုးနှင့် ဆင်တူသည်။ မီးလျှံများက သစ်ပင်ကြီးအား တဖြည်းဖြည်း လှည့်ပတ်လာနေကြသည်။ တဖြည်းဖြည်း မီးလျှံများက ပိုမိုအားကောင်းလာကာ သစ်ပင်ကြီးက နေမင်းကြီးထံသို့ စတင် ပျော်ဝင်သွားသည်။ နောက်ဆုံးတွင် နေမင်းကြီး၏နောက်တွင် သစ်ပင်ကြီး၏ အရိပ်ပုံသဏ္ဌာန်မျှသာ မြင်ရပြီး ကောင်းကင်တွင် မီးလျှံများ အလျှံညီးညီး တောက်လောင်ကာ ကျန်နေရစ်သည်။ နေမင်းကြီး၏ အောက်တွင်လည်း မီးပင်လယ်ကြီးကက ဝဲဂယက်လို ဖြစ်ပေါ်နေသည်။

ထိုအခြေအနေက အချိန် အတော်ကြာခဲ့သည်။ ဓမ္မက ပျောက်ကွယ်သွားပြီး ဖြစ်သည့်တိုင် ရီဖူရှင်းက အပြင်ကို မထွက်သေးပေ။ သူက ဂူသွယ်ထဲတွင် ဆက်လက်၍ ကျင့်ကြံသည်။ ယခု သူကား ဓမ္မအဆင့်ကို ရောက်ရှိသွားကာ သူ၏ဓမ္မကို ဖန်တီးနိုင်ခဲ့သည်။ နောက်တစ်ဆင့်အနေဖြင့် သူ၏ အခြေအနေအား တည်ငြိမ်အောင် ပြုလုပ်ရန် လိုအပ်ပေသည်။

အချိန်များ လျင်မြန်စွာ ကုန်လွန်သွားသည်။ နိုဘယ်လိုဏ်ဂူကိုလည်း လူသစ်များ ရောက်လာပြီး လူဟောင်းများ ပြန်လည် ထွက်ခွာ သွားကြသည်မှာလည်း အကြိမ်ပေါင်းများစွာပင်။ သူတို့က လိုဏ်ဂူထဲတွင် တန်ခိုးကျင့်နေသော သူများနှင့် သိမ်းငှက်နက်ကို ကြည့်ကာ ထူးဆန်း အံ့အားသင့်ကြရသည်။

ဤသို့ဖြင့် သုံးလကုန်လွန်ခဲ့သည်။ ယနေ့တွင် နိုဘယ်လိုဏ်ဂူသို့ အားကောင်းသော တန်ခိုးရှင်အုပ်စုတစ်ခု ရောက်လာခဲ့ကြသည်။ ထိုလူစုအား ဦးဆောင်လာသူမှာ လူအများက “သခင်လေးချန်” ဟု လေးစားစွာ ခေါ်ရသောသူဖြစ်သည်။ ထိုလူငယ်ကား ရီဖူရှင်းနှင့် လွန်ခဲ့သော သုံးလက အချိန်းအချက် ပြုလုပ်ခဲ့သောသူ ဖြစ်သည်။ သူရောက်လာသောအခါ ရီဖူရှင်းနှင့် ယူချင်းတို့နှစ်ယောက်က လိုဏ်ဂူထဲတွင် တစ်စုံတစ်ခုကို ပြောဆိုနေသည်ကို သူမြင်ရသည်။

ထိုလူများကို မြင်လျှင် ရီဖူရှင်းတို့အုပ်စုကလည်း အပြင်ကို ထွက်လာကြသည်။ သူတို့၏ ကိုယ်ရောင်ကိုယ်ဝါများကား အများအပြား ပြောင်းလဲသွားကြသည်။ ရီဝူချင်းက လိုဏ်ဂူတွင် တန်ခိုးကျင့်နေရင်းက ဓမ္မအဆင့်လေးသို့ တက်ရောက်သွားသည်။ သူ၏ ဓားအသိမှာလည်း ပိုမို အားကောင်းလာသည်။ သေမင်းခြေလှမ်းကို အတင်းအကြပ် လျှောက်လှမ်းခြင်းက သူ့အတွက် အပြောင်းအလဲများစွာ ဖြစ်ခဲ့သည်။

သခင်လေးချန်၏ နောက်တွင်လည်း လူအနည်းငယ် လိုက်ပါလာကြသည်။ ရီဖူရှင်းက ထိုလူများထဲတွင် ကျောက်ဟန်ကို မြင်သည်။ ထို့အပြင် ပုဆိန်တစ်လက်အား ကိုင်ဆောင်ထားသော အလွန်ကြံ့ခိုင် သန်စွမ်းသော ခန္ဓာကိုယ်နှင့် လူငယ်တစ်ယောက်အားလည်း သူတွေ့ရသည်။

ချင်းမုန်ဒေသမှ လူများက သူ့အား ထိတ်လန့်စွာ ကြည့်ကြသည်။ ကြောက်မက်ဖွယ် ကောင်းအောင် ပါရမီပါသော ချင်းမုန်ဒေသ သိုင်းကလန်မှ ရှီတောင်ကား ယခု သခင်လေးချန်၏ နောက်ကို လိုက်ပါလာသည်။ ကောလာဟလများအရ သူက နောင်တွင် သိုင်းကလန်၏ ခေါင်းဆောင် ဖြစ်လာမည်ဖြစ်ပြီး သခင်လေးချန်၏ ချင်းမုန်ဒေသကို ကာကွယ်ပေးမည် ဟူ၍ပင်။

ရှီတောင်နှင့် ကျောက်ဟန်တို့အပြင် နောက်ထပ် မိန်းကလေး တစ်ယောက်အားလည်း တွေ့ရသည်။ သူမက ပါးလွှာသော ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး လှပသော ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားသည်။ တချို့နေရာများကား အလွန်ပြည့်ဖြိုးနေကာ အသားအရေမှာလည်း ပုလဲဥလေးများလို ဖြူဖွေးဝင်းမွတ်နေသည်။ သူမ၏ လှပသော မျက်လုံးများက မမြင်ရသော ဆွဲဆောင်မှုအား တစ်ခုကို ပေးသည်။ သူမကားရှားပါးသော အလှပိုင်ရှင်လေးပင်။ သူမ၏ ရုပ်ရည်က လင်းယွီယိုနှင့်ယှဉ်လျှင် နိမ့်ကျသည့်တိုင် ဆွဲဆောင်မှု အလွန်အားကောင်းသော မိန်းကလေးဟု သတ်မှတ်၍ ရသည်။ သူမကလည်း သခင်လေးချန်၏နောက်လိုက် ဖြစ်လာသည်လား။

ထိုအချိန်တွင် လိုဏ်ဂူတစ်နေရာတွင် ရီဖူရှင်းတို့ မရောက်မီကတည်းက ထိုင်လျက် တန်ခိုးကျင့်နေသော လူငယ်လေးလည်း ထလာကာ သူတို့ထံ လျှောက်လာသည်။ သူကား ချင်းမုန်ဒေသ၏ ဂုဏ်ဆောင် ဒူဂူလန်ဖြစ်သည်။ သူကား မိဘမဲ့တစ်ယောက်ဖြစ်ကာ ချင်းမုန်ဒေသတွင် မိမိကိုယ်ကို အားကိုးရင်း နာမည်ကျော်ကြားလာသော ထိတ်လန့်ဖွယ်ပါရမီကို ပိုင်ဆိုင်ထားသောသူ တစ်ယောက်ဖြစ်သည်။ ယခုကား သူက ချင်းမုန်ဒေသခေါင်းဆောင်၏ တပည့်တစ်ယောက် ဖြစ်နေလေပြီ။

သခင်လေးချန်တွင် ဒူဂူလန်၊ ရှီတောင်၊ ကျောက်ဟန်နှင့် ယွီလင်းလောင်တို့ လေးယောက်ရှိသည်။ ထိုအထဲတွင် ဓားကလန်မှ ကျောက်ဟန်ကား အရည်အချင်း အနိမ့်ဆုံးဖြစ်ဟန်တူသည်။ တခြားလူများအားလုံးက နိုဘယ်လိုဏ်ဂူတွင် သူ့ထက် စွမ်းဆောင်ရည် မြင့်သူများချည်း ဖြစ်သည်။

ရီဖူရှင်းတို့အုပ်စုကား တန်ခိုးအဆင့်တွင် အလွန်နိမ့်ကျသောသူ ဖြစ်သော်လည်း သူတို့၏ ပါရမီကား ငြင်းပယ်၍ မရနိုင်အောင် ကောင်းမွန်လှသည်။ မိန်းကလေးနှစ်ယောက် ဖြစ်သော လင်းယွီယိုနှင့် ယွန်ရှင်းမိုတို့ကမူ အားနည်းသော်လည်း သခင်လေးချန်က ရီဖူရှင်းတို့ သုံးယောက်ကို အဓိကထား၍ ဖိတ်ခေါ်ထားခြင်း ဖြစ်သည်။ ထိုသုံးယောက်ကို သူ အလေးထား၏။

“ကျုပ်ကိုယ်ကျုပ် အရင် မိတ်ဆက်ပေးရဦးမယ်… ကျုပ်နာမည်… ချန်ယန်… သူတို့က ဒူဂူလန်၊ ရှီတောင်နဲ့ ယွီလင်းလောင်… မင်းက ကျောက်ဟန်ကို သိပြီးသား ဖြစ်လိမ့်မယ်… အတိတ်က ပြဿနာတွေကို မေ့ထားလိုက်ကြရအောင်… ကျုပ်တို့အားလုံးက ချင်းမုန်ဒေသက ဓမ္မအဆင့်အမြင့်ဆုံး တန်ခိုးရှင်တွေပဲ…” ချန်ယန်က ပြုံးလျက် ပြောသည်။

“ရီဖူရှင်း၊ ယူချင်း၊ ရီဝူချင်း၊ လင်းယွီယိုနဲ့ ယွန်ရှင်းမို…” ရီဖူရှင်းက သူ့လူများအား မိတ်ဆက်ပေးလိုက်သည်။

“အားလုံး အဆင်သင့် ဖြစ်ကြပြီဆိုတော့ သွားရအောင်…” ချန်ယန်က ပြုံးလျက် ပြောကာ ထွက်သွားသည်။

သိမ်းငှက်နက်က သူ၏ အတောင်ပံများအား ဖြန့်လိုက်သည်။ ရီဖူရှင်းတို့ အုပ်စုက သိမ်းငှက်နက် အပေါ်သို့ တက်လိုက်ကြလျှင် သူက ကောင်းကင်သို့ ပျံတက်လိုက်သည်။

“ရီဖူရှင်း…” အသံတစ်သံ ရုတ်တရက် ထွက်လာသည်။ ရီဖူရှင်းက လှည့်ကြည့်လိုက်လျှင် ချူခွန်ယမ်အား မြင်သည်။ သူ၏မျက်လုံးက သိမ်းငှက်နက်ပေါ်မှ ရီဖူရှင်းတို့ အုပ်စုထံသို့ ရောက်နေသည်။ သူကား နန်ဒူနိုင်ငံ တန်ဖန်းပွဲတော်တွင် တခြားလူများ အားလုံးကို အထင်သေးကာ အလွန်အမင်း မာနကြီးသည်။ သူက ရီဖူရှင်းနှင့် ရီဝူချင်းတို့အား အကြိမ်များစွာ ရန်စသော်လည်း သူတို့က အမှန်တကယ်အားဖြင့် တစ်ကြမ်တစ်ခါမှ မတိုက်ခိုက်ရသေးပေ။ ယခု ရီဖူရှင်းတို့ သုံးယောက်၏ နိုဘယ်လိုဏ်ဂူတွင် စွမ်းဆောင်နိုင်မှုက သူ့အား အလွန်အမင်း မပျော်မရွှင် ဖြစ်စေသည်။ ယွန်ချူနိုင်ငံ၏ အတော်ဆုံး ပါရမီရှင်က ဤမျှညံ့သည်ကို သူလက်မခံနိုင်ပေ။

“မင်းက ဓမ္မအဆင့်ကို ရောက်သွားပြီဆိုတော့ မင်းရဲ့ဓမ္မကို ဖန်တီးပြီးသွားပြီ… ဟုတ်တယ်မလား…” ချူခွန်ယမ်က မေးသည်… “မင်းရဲ့ဓမ္မကို ကြည့်ရအောင်…” သူက ကြည့်မည် ပြောသော်လည်း အမှန်တကယ်အားဖြင့် သူက တိုက်ခိုက်ရန် ဖိတ်ခေါ်ခြင်း ဖြစ်သည်။ တစ်ချိန်က ကောင်းကင်အဆင့် တန်ခိုးရှင်က သူ့အား အမှန်တကယ် ကျော်ဖြတ်သွားပြီလား သူသိလိုသည်။

ရီဖူရှင်း၏ မျက်လုံးများက အရောင်တစ်ချက် လက်သွားကာ ပြောသည်… “မင်းမှာ ခံနိုင်ရည် မရှိဘူး…”

ဘုန်း…။ ချူခွန်ယမ်ထံမှ အားကောင်းသော စွမ်းအင်လှိုင်းများ ပေါက်ကွဲထွက်လာကာ ရီဖူရှင်းထံသို့ ရိုက်ခတ်လာသည်။

ယူချင်းက ရှေ့ကို တက်လိုက်သည်။ သူက တိုက်ခိုက်ရန် ဟန်ပြင်လိုက်စဉ်မှာပင် ရီဖူရှင်းက သူ့အား တားလျက် ပြောလိုက်သည်… “ဒီလိုဆိုမှတော့ မျှော်လင့်ချက်မဲ့ပြီး နေပေတော့…” သူက ထိုသို့ ပြောပြီးသည်နှင့် ရီဖူရှင်း၏နောက်တွင် နေတစ်စင်း ဖြစ်ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်မှာလည်း နှိုင်းဆမဲ့ မီးလျှံများဖြင့် လွှမ်းခြုံနေသည်။ ရုတ်တရက် ထွက်ပေါ်လာသော နေမင်းကား အလျှံညီးညီး တောက်လောင်နေကာ တောက်ပသော နေအလင်းရောင်များ ဖြာထွက်နေသည်။ ချူခွန်ယမ်က ရီဖူရှင်း၏ဓမ္မကို ကြည့်လိုက်လျှင် ရုတ်တရက် နေမင်းမှ ရောင်ခြည်များ ဆင်းသက်လာပြီး ချူခွန်ယမ်၏မျက်လုံးထဲတွင် နေအမှတ်အသားတစ်ခု ဖြစ်ပေါ်လာသည်။

“အား…” အော်သံတစ်ခုနှင့်အတူ ချူခွန်ယမ်က နာကျင်လွန်းသောကြောင့် မျက်လုံးကို မှိတ်လိုက်သည်။

ယွန်ချူနိုင်ငံမှ လူများက ရှေ့ကို ပြေးဝင်လာကြသော်လည်း သိမ်းငှက်နက်က ကောင်းကင်သို့ ပျံတက်သွားပြီ ဖြစ်သည်။ ရီဖူရှင်း၏ ဓမ္မလည်း ပျောက်ကွယ်သွားသည်။

ရီဖူရှင်းတို့အုပ်စု ကောင်းကင်သို့ ပျံတက်သွားမှ ချူခွန်ယမ်က သူ၏မျက်လုံးများကို ဖွင့်နိုင်တော့သည်။ သူ၏ မျက်လုံးများမှ သွေးများစီးကျနေပြီး အမြင်အာရုံပင်လျှင် အတန်ကြာ ဝေဝါးနေခဲ့သည်။ ချူခွန်ယမ်က ကောင်းကင်သို့ ပျံတက် ပျောက်ကွယ်လုနီးပါး ပုံသဏ္ဌာန်အား ကြည့်လိုက်သည်။ ရီဖူရှင်းပြောသလိုပင် သူ၏ မျက်လုံးများကား ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။

သူကား တစ်ကြိမ်တစ်ခါက ရီဖူရှင်းကို သင်ခန်းစာ ပေးမည်ဟု ပြောခဲ့သူဖြစ်သည်။

သူ၏ နာမည်ပြောင်မှာ “ကျားရိုင်း…” ဖြစ်ပြီး သူ၏ စိတ်သဘောထားမှာ သိသာစွာပင် ကြမ်းတမ်း မောက်မာသည်။ သို့သော် တချို့လူများမှာ တန်ခိုးအဆင့် နိမ့်နေသော အချိန်တွင် မထင်ရှားသော်လည်း တစ်နေ့တွင် သူကျော်ဖြတ်နိုင်ရန် မစွမ်းသော တစ်စုံတစ်ယောက် ဖြစ်လာတတ်သည်ကို သူနားလည်လိုက်သည်။ သူကား မျှော်လင့်ချက် မရှိပေ။ သူ အချိန်ကြာမြင့်စွာ ဂုဏ်ယူခဲ့ရသော သူ၏ ပါရမီမှာ ယခုကား ဟာသ တစ်ခုထက် မပိုပေ။ သူက ရီဖူရှင်း၏ ဓမ္မကို ကြည့်လိုက်သော်လည်း ရီဖူရှင်းက သူ့တွင် ခံနိုင်ရည်မရှိဟု ပြောခဲ့သည်။ သူ အမှန်တကယ်ပင် သူ၏ ဓမ္မကို ကြည့်ရှုရန် ခံနိုင်ရည်အား မရှိပေ။

ချန်ယန်တို့ လူငါးယောက်က လေထဲတွင် တခြား သတ္တဝါဆန်းတစ်ကောင်ပေါ်တွင် ထိုင်နေကြသည်။ သိမ်းငှက်နက်က သူတို့အနီကို ရောက်လာသောအခါ ချန်ယန်က ရယ်မောလျက် ပြောသည်… “မင်းရဲ့ဓမ္မက တော်တော် ကောင်းတယ်… ဒါက မှော်သိုင်းကွက်နဲ့ သဘာဝစွမ်းအင်နဲ့ ပေါင်းစပ်ပြီး ဖန်တီးထားတာလား…”

“အင်း… ဒီအတိုင်းပဲ…” ရီဖူရှင်းက သာမန်သဘောဖြင့် ပြောလိုက်သည်။ သူ၏ဓမ္မတွင် သက်စောင့်ဝိညာဉ်နှင့် စိတ်ဝိညာဉ်စွမ်းအား ပါဝင်နေကြောင်း ရီဖူရှင်းက ချန်ယန်ကို ပြောပြမည် မဟုတ်ပေ။ မဟုတ်လျှင် ချူခွန်ယမ်က တစ်ချက်ကြည့်ရုံမျှဖြင့် အဘယ်ကြောင့် ဒဏ်ရာရမည်နည်း။

“မင်းက တော်တော် နှိမ့်ချတာပဲ… ငါတို့က အခု လို့လန်မြို့ကို သွားနေတယ်… အဲဒီမှာ ပိုပြီးထူးချွန်တဲ့ လူတွေကို မင်းတွေ့ကောင်း တွေ့နိုင်တယ်…” ချန်ယန်က ပြုံးလျက် ပြောသည်။ ရီဖူရှင်းက ခေါင်းညိတ်လျက် စကား ထပ်မပြောတော့ပေ။

“ယွန်ရှင်းမို…” ချန်ယန်က ရီဖူရှင်း၏နောက်မှ မိန်းကလေးကို ခေါ်လိုက်ည်။ ယွန်ရှင်းမိုက ကြည့်လိုက်သည်။ “ဒီလိုဆုံးဖြတ်ဖို့ မင်းအတွက် တော်တော်ခက်ခဲမှာပဲ… မင်းက တော်တော် ရဲတင်းတာပဲ… ဒါပေမဲ့ ကျောက်ဟန်ကလည်း နည်းနည်းလွန်တယ်… သူ့ကို ဒီကိစ္စကို လျစ်လျူရှုထားဖို့ ပြောပြီးပြီ… ဒါကို စိတ်မပူနဲ့တော့…” ချန်ယန်က ပြောသည်။

“ကျေးဇူးတင်ပါတယ်… သခင်လေးချန်…” ယွန်ရှင်းမိုက အနည်းငယ် စိတ်အေးသွားပုံ ရသည်။

သူတို့အုပ်စု ဆက်လက် ခရီးနှင်ကြသည်။ ချန်ယန်၏ သတ္တဝါဆန်းကား အလွန် လျင်မြန်သည်။ သိမ်းငှက်နက်ကလည်း အားကျမခံပေ။  ထိုသတ္တဝါဆန်းနှင့် ယှဉ်ကာ သူကလည်း လျင်မြန်စွာ ပျံသန်းနေသည်။

ရက်အနည်းငယ် ကြာလျှင် သူတို့၏ မြင်ကွင်းထဲကို ချန်းမုန်မြို့ထက် ပိုမိုကြီးကျယ် ခမ်းနားသော မြို့ကြီးတစ်မြို့ ပေါ်လာသည်။

သူတို့က လို့လန်မြို့ကို ရောက်လာပြီ ဖြစ်သည်။

“ရှေးဟောင်းလို့လန်မြို့က သမိုင်းရှည်လျားတဲ့ မြို့ကြီးပဲ… ဒီမြို့ကို ရှေးဟောင်းလို့လန်က ရှေးဟောင်းမြေရိုင်း ဒေသမှာ နှစ်ပေါင်းများစွာ အကြာက တည်ထားခဲ့တာ… ဒီမြို့မှာတော့ ရှေးဟောင်းလို့လန်က အာဏာ အပြည့်အဝရှိတယ်…” ယွန်ရှင်းမိုက ရီဖူရှင်းအား ပြောပြသည်။

ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ သိမ်းငှက်နက်က အရှိန်မြှင့်လိုက်ကာ ရှေ့မှ ပျံသန်းနေသော သတ္တဝါဆန်းကို မီလာသည်။ ရီဖူရှင်းက မေးလိုက်သည်… “ငါတို့ အခု ဘယ်ကို သွားကြမလဲ…”

ချန်ယန်က ရီဖူရှင်းကို ကြည့်ကာ ပြုံးလျက် ပြောသည်… “ငါတို့က အခု ရှေးဟောင်း မြေရိုင်းဒေသက လို့လန်နန်းတော်ကို သွားမယ်…”

***

Comment

Leave a Reply

Options

not work with dark mode
Reset