ဗုဒ္ဓဟူးဂြိုဟ်မှာ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးအား တည်ဆောက်ရန် ရည်ရွယ်ထားခဲ့သည့် နေရာဖြစ်သောကြောင့် ပြည်ထောင်စုကြီးမှာ ထိုဂြိုဟ်အား ပြုပြင်မွမ်းမံမှုများစွာ ပြုလုပ်ထားခဲ့၏။ ၎င်းမှာ အတုအယောင် နေမင်းတစ်စင်းနှင့် နေအဖွဲ့အစည်းတို့၏ ကာကွယ်စောင့်ရှောက်မှုကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် လွန်ခဲ့သည့် နှစ်ပေါင်းများစွာတွင် ဗုဒ္ဓဟူးဂြိုဟ်မှာ ပြည်ထောင်စုကြီး၏ စခန်းတစ်ခုအဖြစ် ဖြည်းဖြည်းချင်း ပြောင်းလဲလာခဲ့ပေသည်။
သို့သော် ယခုတွင်မူ ထိုစခန်းမှာ အပျက်အဆီးများအဖြစ်သို့ ရောက်သွားပြီဖြစ်သည်။ အတုအယောင် နေမင်းကြီးမှလွဲ၍ အခြား အလင်းထုတ်လွှတ်နိုင်သည့် အရာများမှာ ဖျက်ဆီးခံလိုက်ရပြီ ဖြစ်သည်။ နေရာအနှံ့အပြားတွင် အက်ကွဲကြောင်းကြီးများဖြင့် ပြည့်နှက်နေပြီး ပြည်ထောင်စုကျင့်ကြံသူဟူ၍ တစ်ယောက်တလေပင် မရှိကြတော့ပေ။
ထိုဂြိုဟ်ကြီးမှာ တာအိုဘုန်းတော်ကြီးယိုရန်၏ လက်အောက်တွင်ရှိနေသော ကျယ်ပြန့်တာအိုနန်းတော် စစ်တပ်၏ စခန်းတစ်ခုအဖြစ်သို့ ရောက်ရှိသွားပြီဖြစ်သည်။
မြေကြီးအောက်မှ ဝိညာဉ်ဆန့်ကျင်ဗုံးများကို တူးထုတ်ထားပြီးသားဖြစ်ပြီး မန္တန်အစီအရင်များကိုလည်း တပ်ဆင်ပြီးသွားပြီဖြစ်သည်။ သို့ဖြစ်ရာ သူတို့မှာ ဗုဒ္ဓဟူးဂြိုဟ်အား ပြန်လည်တည်ဆောက်နေကြသည်ဖြစ်ကြောင်း သိနိုင်ပေသည်။ ယခုတွင် အပျက်အစီးများနှင့် အက်ကွဲကြောင်းကြီးများအပြင် ဧရာမ အသားလုံးကြီးများကိုပါ မြင်နိုင်ပေသည်။
ထို အသားလုံး တစ်လုံးချင်းစီတိုင်းမှာ ပေတစ်ထောင်ခန့် ရှည်လျား၏။ ၎င်းတို့မှာ ဗုဒ္ဓဟူးဂြိုဟ်ပေါ်တွင် ပေါက်နေသည့် အသားပိုများနှင့် တူပြီး လူးလွန့်လှုပ်ရှားနေကြသောကြောင့် ၎င်းတို့ထဲရှိ တစ်စုံတစ်ခုမှာ အပြင်ဘက်သို့ ဖောက်ထွက်နိုင်ရန် ကြိုးစားနေသကဲ့သို့ပင်။ ၎င်းတို့မှာ ဝိညာဉ်စွမ်းအင်များ ထုတ်လွှတ်နေကြပြီး ပိုက်ကွန်ကြီးတစ်ခုနှင့်တူသော အရာတစ်ခုအား ဖန်တီးထားကြသည်။ ထိုအရာကြီးမှာ ဗုဒ္ဓဟူးဂြိုဟ်၏ မျက်နှာပြင်တစ်ခုလုံးကို လွှမ်းခြုံထား၏။
ဗုဒ္ဓဟူးဂြိုဟ်၏ ပတ်ပတ်လည်ရှိ အာကာသထဲတွင်မူ အနက်ရောင်အတုံးကြီးများ ရှိနေကြသည်။ ၎င်းတို့မှာ အာကာသထဲ၌ သွားလာနိုင်စွမ်းရှိသည့် ကျယ်ပြန့်တာအိုနန်းတော်၏ ဧရာမ စစ်သင်္ဘောကြီးများ ဖြစ်ကြပေသည်။
ရှေးဟောင်းဓားကြီး ချုပ်နှောင်ခံခဲ့ရပြီးနောက် ကျယ်ပြန့်တာအိုနန်းတော်မှာ ထို စစ်သင်္ဘောကြီးများကို အသုံးမပြုတော့ဘဲ သိမ်းဆည်းထားခဲ့၏။ သို့သော် တာအိုဘုန်းတော်ကြီးယိုရန်မှာ ပြည်ထောင်စုကြီးအား စစ်ကြေညာခဲ့ပြီးနောက် ၎င်းတို့အား ထုတ်သုံးရန် အမိန့်ပေးခဲ့ခြင်းဖြစ်သည်။
ထို စစ်သင်္ဘောကြီးများမှာ အတူတကွ စုဝေးနေကြပြီး အနည်းဆုံး အစီးရေ တစ်သိန်းခန့် ရှိကြပေသည်။ ၎င်းတို့ထဲမှ အချို့မှာ ဗုဒ္ဓဟူးဂြိုဟ်အား ဝန်းရံထားကြပြီး အခြား စစ်သင်္ဘောကြီးများမှာမူ အာကာသထဲ၌ အဖွဲ့လိုက် လှည့်လည်သွားလာနေကြ၏။
သို့သော် ကြယ်တာရာများနှင့် ကျယ်ပြန့်တာအိုနန်းတော် ကျင့်ကြံသူများအား အမှန်တကယ် တုန်လှုပ်ချောက်ချားသွားစေသည့် အရာကြီးမှာ… အဆုံးမဲ့မျိုးနွယ်စု စစ်သင်္ဘောကြီးပင်ဖြစ်ပေသည်။
ဧရာမ ချပ်ပြားဝိုင်းသုံးခုဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့် ဧရာမ စစ်သင်္ဘောကြီးမှာ ဗုဒ္ဓဟူးဂြိုဟ်၏ ကောင်းကင်ယံထဲ၌ ရစ်ဝဲနေ၏။ ထို စစ်သင်္ဘောကြီးအလယ်ရှိ ပင်မယဇ်ပလ္လင် ရှိနေသည့်နေရာတွင် ပေထောင်ပေါင်းများစွာ ရှည်လျားသော အလင်းတန်းကြီးတစ်ခုမှာ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးအား ချိတ်ဆက်ပေးထားသကဲ့သို့ ဖြစ်နေသည်။
မိုးခြိမ်းသံကဲ့သို့သော ပေါက်ကွဲသံများ အဆက်မပြတ် မြည်ဟည်းနေပြီး ဗုဒ္ဓဟူးဂြိုဟ်မှာ စွမ်းအင်များ စုပ်ယူခံနေရသည့်အလား တုန်ရီနေ၏။ အဆုံးမဲ့မျိုးနွယ်စု စစ်သင်္ဘောကြီးမှာမူ တဖြည်းဖြည်းနှင့် ဝင်းလက်တောက်ပလာနေသောကြောင့် အားအင်များ ပြန်လည်ပြည့်ဖြိုးလာနေသည့်ပုံပင်။
ထိုအလင်းတန်းကြီးမှာ မျက်စိကျိန်းစရာကောင်းလောက်အောင် တောက်ပနေသောကြောင့် ၎င်း၏ အတွင်းပိုင်းထဲ၌ ဖြစ်ပျက်နေသည့်အရာများကို မည်သူကမှ ရှင်းလင်းပြတ်သားစွာ မမြင်နိုင်ကြပေ။ ဝိညာဉ်စွမ်းအင်လှိုင်းများမှာမူ အရပ်မျက်နှာအနှံ့သို့ ပြန့်ထွက်နေကြဆဲဖြစ်ပြီး ပေတစ်သိန်းပတ်လည်အား လွှမ်းခြုံထားသောကြောင့် မည်သူကမှ ကျူးကျော်ဝင်ရောက်နိုင်စွမ်း ရှိမည်မဟုတ်ပေ။
ထို အဆုံးမဲ့မျိုးနွယ်စု စစ်သင်္ဘောကြီး၊ အလင်းတန်းကြီးနှင့် အပြင်းအထန် တုန်ရီနေသော မြေပြင်ကြီးတို့ကို ကြည့်မိလိုက်သည့်လူတိုင်း ဖိနှိပ်ချုပ်တည်းခံလိုက်ရသကဲ့သို့ ခံစားလိုက်ရမည်သာ ဖြစ်သည်။
စစ်ပွဲကြီးမှာ တစ်လကျော် ကြာနေပြီဖြစ်ပြီး ထိုအတောအတွင်းတွင် ပြည်ထောင်စုကြီးမှာ ဆက်တိုက်ဆိုသလို ရှုံးနိမ့်ခဲ့ရ၏။ ဥပမာပြရလျှင် ဗုဒ္ဓဟူးဂြိုဟ်အား ဖောက်ခွဲမည့် အစီအစဉ်မှာ ရပ်တန့်ခံလိုက်ရသည် မဟုတ်ပါလော။ မည်သို့ပင်ဆိုစေကာမူ ပြည်ထောင်စုကြီးဘက်မှ အတတ်နိုင်ဆုံး ပြန်လည်တုံ့ပြန်ခဲ့ပြီး ဝိညာဉ်ဆန့်ကျင်ဗုံးအချို့အား ဖောက်ခွဲပစ်နိုင်ခဲ့သဖြင့် ကျယ်ပြန့်တာအိုနန်းတော် ကျင့်ကြံသူများ၏ ယုံကြည်မှုများမှာ ယိမ်းယိုင်သွားရဆဲပင်။ ထို့အပြင် ပြည်ထောင်စုကြီးအပေါ် ထားရှိသော သူတို့၏ သဘောထားများမှာလည်း သိသိသာသာ ပြောင်းလဲသွားခဲ့၏။
သူတို့ထဲတွင် တစ်ခုခု လွဲနေကြောင်း ရိပ်မိခဲ့သည့် လူအချို့ ရှိနေဆဲပင်။ သို့သော်ငြားလည်း အစွမ်းထက်သော မြဲ့လျဲ့ကျိနှင့် ကြောက်မက်ဖွယ်ရာ အဆုံးမဲ့မျိုးနွယ်စု စစ်သင်္ဘောကြီးတို့ ရှိနေကြသည်ဖြစ်ရာ ထိုကဲ့သို့ မယုံသင်္ကာ ဖြစ်လာကြသည့် လူများမှာ အသတ်ခံရလျှင်ခံရ သို့မဟုတ် နှုတ်ဆိတ်ကာ အမိန့်နာခံလိုက်ရသည်သာ ဖြစ်သည်။
ဒူဂူလင်းမှာလည်း ထိုကဲ့သို့သော လူများထဲမှ တစ်ယောက်ဖြစ်ပေသည်။
ကျယ်ပြန့်တာအိုနန်းတော် ဂိုဏ်းသားအများစုမှာ စစ်ပွဲကြီးအား လက်ခံလိုက်ကြပြီဖြစ်သည်။ သူတို့မှာ စစ်ပွဲကြီးထဲ၌ တိုက်ခိုက်ရသည့်အတွက် သူတို့ကိုယ်သူတို့ တန်ဖိုးရှိနေသကဲ့သို့ ခံစားနေရ၏။ ထို့ကြောင့် သူတို့မှာ သတ်ဖြတ်လုယက်မှုများ ကျူးလွန်ရင်း အစွမ်းများ ထက်လာကြသည်ကို အရသာတွေ့လာကြတော့သည်။ သူတို့ ကြုံတွေ့ခဲ့ရသမျှ အရာများထဲတွင် ဝိညာဉ်ဆန့်ကျင်ဗုံးများသာလျှင် ကြောက်မက်ဖွယ်ရာ ကောင်းနေသည် မဟုတ်ပါလော။ ပြည်ထောင်စု ကျင့်ကြံသူများမှာမူ အားအင်ချည့်နဲ့နေကြသောကြောင့် သူတို့မှာ အလွယ်တကူ အနိုင်ယူနိုင်ကြပေသည်။
မီးရှို့ဖျက်ဆီးခြင်း၊ အဓမ္မပြုကျင့်ခြင်း၊ လုယက်ခြင်း အစရှိသော မကောင်းမှုအားလုံးကို ခွင့်ပြုထားသည်ဖြစ်ရာ လူတိုင်း၏ နှလုံးသားထဲ၌ ကိန်းအောင်းနေကြသည့် မိစ္ဆာစိတ်များမှာ နိုးထလာကြတော့သည်။ ထို့ကြောင့် တစ်လကျော်ကြာမြင့်နေပြီဖြစ်သော စစ်ပွဲကြီးကြောင့် လူတိုင်း၏ လောဘ၊ဒေါသ၊ မောဟ မီးတောက်များမှာ ပို၍ပင် အားကောင်းစွာ တောက်တောင်နေကြပြီဖြစ်သည်။
တာအိုဘုန်းတော်ကြီးယိုရန်မှာလည်း ထိုအခြေအနေအား အားပေးအားမြှောက်လုပ်နေသည်။ သူသည် တိုက်ပွဲများ ပေးအပ်ကာ ထို ရမှတ်များနှင့် ရတနာများ လဲလှယ်နိုင်သည့် စနစ်အား အသေးစိတ် ဖန်တီးရေးဆွဲထားခဲ့၏။ ထို့အပြင် သူသည် ကျယ်ပြန့်တာအိုနန်းတော်၏ ဈေးဆိုင်များကို ဖွင့်လှစ်ခဲ့ပြီးနောက် အဆုံးမဲ့မျိုးနွယ်စု၏ ရတနာများကို လဲလှယ်ရောင်းချနေခဲ့သေးသည်။ ထို့ကြောင့် ကျယ်ပြန့်တာအိုနန်းတော် ကျင့်ကြံသူများမှာ ပို၍ပင် လောဘတက်လာကြတော့သည်။
ထို့ကြောင့် လက်ရှိတွင် တာအိုဘုန်းတော်ကြီးယိုရန်မှာ မီးလောင်ရာ လေ့ပင့်ပေးရန်ပင် မလိုတော့သလို သူ၏ နောက်လိုက်များအား လိမ်လည်လှည့်ဖျားနေရန်လည်း မလိုတော့ပေ။ သို့ဖြစ်ရာ သူသည် လုယက်တိုက်ခိုက်ရာမှ ရရှိခဲ့သော ပစ္စည်းများအားလုံးကို အသုံးပြုကာ အဆုံးမဲ့မျိုးနွယ်စု စစ်သင်္ဘောကြီးအား အကောင်းပတိအတိုင်း ပြန်ဖြစ်လာအောင် ပြုပြင်ရန် အာရုံစိုက်ထားတော့သည်။
ဝမ်ပေါင်လဲ့ သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးအား ဖောက်ခွဲပစ်ခဲ့စဉ်တုန်းက နောက်ဆက်တွဲ အကျိုးဆက်ပေါင်းများစွာ ပေါ်ပေါက်လာခဲ့၏။ ရေကန်ကြီးနှင့် ဧရာမ တိုင်လုံးကြီးတို့မှာ ပျက်စီးသွားခဲ့သည်ဖြစ်ရာ စစ်သင်္ဘောကြီးမှာလည်း ထိခိုက်ပျက်စီးမှုများစွာနှင့် ကြုံတွေ့ခဲ့ရသည်။ ဝိညာဉ်ဆန့်ကျင်ဗုံးများ ပေါက်ကွဲသွားခဲ့စဉ်တုန်းကလည်း အလားတူဖြစ်ရပ်မျိုးနှင့် ထပ်၍ ကြုံတွေ့ခဲ့ရသည်ဖြစ်ရာ တာအိုဘုန်းတော်ကြီးယိုရန်မှာ ဗုဒ္ဓဟူးဂြိုဟ်ပေါ်မှ ထွက်ပြေးသွားကြသည့် ပြည်ထောင်စုကျင့်ကြံသူများ၏ နောက်သို့ လိုက်မသွားခဲ့ပေ။ သူသည် ဤအခွင့်အရေးအား အသုံးချကာ စစ်သင်္ဘောကြီးအား ပြုပြင်ရန် ကြံရွယ်ထားသည်။
သူသည် စစ်သင်္ဘောကြီးအား အတိုင်းအတာတစ်ခုအထိ ပြန်လည််ပြင်ဆင်ပြီးသည့်အချိန်အထိ မြဲ့လျဲ့ကျိအား လုပ်ပိုင်ခွင့်အာဏာအားလုံး လွှဲပေးထားခဲ့သည်။ မြဲ့လျဲ့ကျိမှာ သူ၏ထိန်းချုပ်မှုအောက်တွင် အပြည့်အဝရှိနေသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် တာအိုဘုန်းတော်ကြီးယိုရန်၏ အမိန့်များကို တဝေမသိမ်းနာခံနေ၏။
တာအိုနန်းတော် ကျင့်ကြံသူများအဖြစ် ရုပ်ဖျက်ထားကြသည့် အခြား အဆုံးမဲ့မျိုးနွယ်စုဝင်များမှာလည်း ခေါင်းဆောင်ရာထူးများကို ရယူထားကြ၏။ သူတို့မှာ သူတို့၏ သက်ဆိုင်ရာအဖွဲ့များကို ဦးဆောင်ကာ စစ်ပွဲကြီးအား ရပ်တန့်မသွားအောင် ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့၏။ ဗုဒ္ဓဟူးဂြိုဟ်မှာ ကျယ်ပြန့်တာအိုနန်းတော်၏ စခန်းအဖြစ်သို့ ရောက်သွားရုံသာမက ကျယ်ပြန့်တာအိုနန်းတော်ဘက်မှ သောကြာဂြိုဟ်အား ဆက်လက်တိုက်ခိုက်ရန် လူစုနေကြသည့် နေရာတစ်ခုအဖြစ်သို့လည်း ရောက်ရှိသွားပြီဖြစ်သည်။
ထိုအခြင်းအရာများ ဖြစ်ပျက်နေစဉ် စခန်း၏ အနောက်မြောက်ဘက်ရှိ ရှေးဟောင်းဓားကြီးနှင့် ချိတ်ဆက်ထားသော တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီး၏ အပြင်ဘက်တွင် တာအိုနန်းတော်ကျင့်ကြံသူ ဆယ်ယောက်ကျော်မှာ တင်ပျဉ်ခွေထိုင်နေကြသည်။
သူတို့ထဲမှ အများစုမှာ အမြုတေအဆင့်တွင်သာ ရှိကြသေးသည်။ သို့သော် အခြားသူများနှင့် အဝေးဆုံးတွင် ထိုင်နေပြီး အနက်ရောင်ချပ်ဝတ်တန်ဆာများ ဆင်မြန်းထားသည့် ပုဂ္ဂိုလ်မှာမူ ယွမ်ယင်အဆင့်၌ ရှိနေ၏။ သူတို့မှာ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးအား ကာကွယ်စောင့်ရှောက်ရန် တာဝန်ယူထားရသည့် ကျင့်ကြံသူများ ဖြစ်ကြပေသည်။
ထို အနက်ရောင် ချပ်ဝတ်တန်ဆာနှင့် ကျင့်ကြံသူကြီးမှာ မျက်လုံးများမှိတ်ထား၏။ အခြားသူများမှာမူ ပူးကပ်စွာ ထိုင်နေကြပြီး တရားထိုင်နေကြသည့်ပုံ ပေါက်နေပါသော်လည်း အမှန်တွင်မူ အချင်းချင်း တီးတိုးစကားပြောနေကြခြင်းဖြစ်သည်။ သူတို့ထဲမှ အများစု၏ မျက်ဝန်းများထဲတွင် မကျေမနပ်ဖြစ်နေသည့် အရိပ်အယောင်များကို အထင်းသားမြင်နိုင်ပေသည်။
” တစ်ယောက်ဆိုရင် မနေ့က ဝိညာဉ်ဖွဲ့စည်းခြင်းဆေးလုံးတစ်လုံး ဝယ်နိုင်လောက်တဲ့ထိ တိုက်ပွဲရမှတ်တွေ စုဆောင်းနိုင်ခဲ့တာလို့ ငါ ကြားထားတယ် ”
” ဒီလထဲမှာ ဝိညာဉ်ဖွဲ့စည်းခြင်းဆေးလုံးတွေ ဝယ်ပြီးတဲ့လူ စုစုပေါင်း သုံးဆယ့်ခုနစ်ယောက်အထိ ရှိနေပြီ။ ဘယ်တော့မှများ ငါတို့အလှည့် ရောက်လာမလဲမသိဘူး။ ငါ ဟိုနေ့တုန်းကပဲ ချန်းလူကျစ်ကို တွေ့လိုက်သေးတယ်။ သူဆိုရင် မှော်ဆေးရည်ဒယ်အိုးတွေ အများကြီးဝယ်ပြီးသွားပြီ။ ပြီးရင် အဲဒီ ဒယ်အိုးတွေ အကုန်လုံးက အကောင်းစားတွေ ချည်းပဲ ”
” တောက်ကွာ။ ငါတို့ကျတော့ အဆင့်နိမ့် ပြည်ထောင်စုကျင့်ကြံသူတွေကို မသတ်ရဘဲ တစ်နေကုန် အစောင့်တာဝန် ကျနေရတယ်လို့။ ဒီလိုနည်းနဲ့ဆိုရင် ငါတို့တွေ တိုက်ပွဲရမှတ်တွေ စုဆောင်းနိုင်မှာမဟုတ်ဘူး။ တခြားလူတွေ တစ်ဆင့်ပြီးတစ်ဆင့် တက်သွားတာကိုပဲ ထိုင်ကြည့်နေရမှာ။ ပြည်ထောင်စုကြီးထဲက အဆင့်နိမ့် ကျင့်ကြံသူတွေကို သတ်ရတာလည်း တော်တော်ကိုလွယ်တာကွ။ မသိရင် တိုက်ပွဲရမှတ်တွေ အလကားရနေတဲ့အတိုင်းပဲ ”
တာအိုနန်းတော် ကျင့်ကြံသူများမှာ ထိုကဲ့သို့ တီးတိုးပြောနေကြပြီး အနက်ရောင်ချပ်ဝတ်တန်ဆာနှင့် ကျင့်ကြံသူကြီး သူတို့၏ စကားများအား နားစွန်နားဖျား ကြားမိသွားမည်ကိုလည်း စိုးရိမ်နေခြင်း မရှိသည့်ပုံပင်။ ထို့အပြင် သူတို့မှာ ထို ကျင့်ကြံသူကြီး သူတို့၏ မကျေနပ်ချက်များကို သိသွားအောင် ထုတ်ပြောနေသည့်ပုံပင် ပေါက်နေ၏။
ယခင်တုန်းကဆိုလျှင် ထိုကဲ့သို့သော မြင်ကွင်းမျိုးကို မြင်ရမည် မဟုတ်ပါသော်လည်း လက်ရှိတွင်မူ ၎င်းမှာ သာမန်မြင်ကွင်းတစ်ခုကဲ့သို့ ဖြစ်နေပြီ ဖြစ်သည်။
ထို အနက်ရောင်ချပ်ဝတ်တန်ဆာနှင့် ကျင့်ကြံသူကြီးမှာ ထိုစကားများကို ကြားလိုက်ရသောအခါ ဖြည်းဖြည်းချင်း မျက်လုံးများပွင့်လာ၏။ သူ၏ မျက်ဝန်းများထဲတွင် ဖျော့တော့တော့ အလင်းရောင်တစ်ခု တောက်ပနေသည်။
အကယ်၍ ဝမ်ပေါင်လဲ့သာ ထိုနေရာတွင်ရှိနေမည်ဆိုပါက သူသည် ထို အနက်ရောင်ချပ်ဝတ်တန်ဆာနှင့် ကျင့်ကြံသူကြီးအား ချက်ချင်းပင် မှတ်မိသွားမည်ဖြစ်သည်။ သူသည် မြဲ့လျဲ့ကျိ၏ တန်ဖိုးအထားရဆုံး တပည့်ဖြစ်သူ… ဒူဂူလင်း ဖြစ်ပေသည်။
ဒူဂူလင်းမှာ သူ၏ လက်အောက်ငယ်သားများ၏ စကားကို ကြားနေရပါသော်လည်း စကားတစ်ခွန်းမှ ပြန်မပြောခဲ့ပေ။ သူသည် အခြေအနေများကို အနည်းငယ်ခန့် ရိပ်စားမိနေပြီဖြစ်ပါသော်လည်း ပြန်လည်တုံ့ပြန်နိုင်စွမ်းမရှိဘဲ ဖြစ်နေရသည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် လတ်တလောအတွင်းတွင် သိသိသာသာ စကားနည်းသွားခဲ့၏။ သူသည် မြဲ့လျဲ့ကျိ၏ တပည့်ရင်းဖြစ်နေဆဲဖြစ်ရာ မည်သူကမှ သူ၏ ရှေ့တန်းမထွက်လိုသော ဆုံးဖြတ်ချက်အား မေးခွန်းထုတ်ခဲ့ခြင်းမရှိပေ။ ထို့သို့ဖြင့် သူသည် ပြဿနာများအားလုံးကို ရှောင်ရှားနိုင်ခဲ့ပြီး တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးအား ကာကွယ်စောင့်ရှောက်ရမည့် တာဝန်ကိုသာ ယူခဲ့၏။
” အကြီးအကဲ ချိုးရန်။ အကြီးအကဲ တကယ်ပဲ သေသွားပြီလား။ ခေါင်းဆောင်ဟောင်းကြီးတွေရော ရှိနေတုန်းပဲလား။ သူတို့တွေ အချိန်မီ နိုးထလာပြီးတော့ ဂိုဏ်းကို ကယ်တင်နိုင်ပါ့မလား။ ပြီးတော့ ဝမ်ပေါင်လဲ့…. တကယ်ပဲ ကျယ်ပြန့်တာအိုနန်းတော်ရဲ့ ကံကြမ္မာကို ပြောင်းလဲနိုင်စွမ်းမရှိတော့ဘူးလား ” ဒူဂူလင်း၏ နှလုံးသားထဲ၌ နာကကြည်းချက်များဖြင့် ပြည့်နေပြီး သူသည် ဖြည်းဖြည်းချင်း ခေါင်းပြန်ငုံ့သွားတော့သည်။ ထိုအချိန်တွင် သူသည် မျက်ဝန်းများ အရောင်လက်သွားပြီး တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးအား လှမ်းကြည့်မိလိုက်၏။
တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးထဲတွင် အလင်းတန်းတစ်ခု ပေါ်ပေါက်လာခြင်းဖြစ်သည်။ အစတွင် ၎င်းမှာ မှေးမှိန်နေပါသော်လည်း ချက်ချင်းဆိုသလိုပင် လင်းလက်တောက်ပလာပြီး ထိုနေရာကြီးတစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။
ဒူဂူလင်းမှာ တစ်စုံတစ်ခုအား မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရသဖြင့် မယုံကြည်နိုင်လောက်အောင်ဖြစ်ကာ မျက်လုံးများ ပြူးသွားရတော့သည်။ သူ၏ လက်အောက်ငယ်သားများမှာလည်း တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးထဲမှ ဆူညံသံများကို သတိထားမိသွားကြသောကြောင့် အပြေးရောက်လာကြ၏။
လွန်ခဲ့သည့်တစ်လအတွင်း ထို တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးအား လုံးဝအသုံးမပြုခဲ့သဖြင့် တာအိုနန်းတော် ကျင့်ကြံသူများမှာ ယခုလို အထူးတဆန်း ဖြစ်နေရခြင်းဖြစ်သည်။
သူတို့မှာ ကျင့်ကြံခြင်းအဆင့်များ နိမ့်နေသောကြောင့် အလင်းရောင်ထဲ၌ ပေါ်ပေါက်လာသည့် လူရိပ်များကို ရှင်းလင်းပြတ်သားစွာ မမြင်နိုင်ဘဲဖြစ်နေရ၏။ သို့သော် ဒူဂူလင်းမှာမူ မျက်လုံးများပြူးသွားရပြီးနောက် ချက်ချင်းဆိုသလိုပင် ပြန်မှေးသွား၏။ ထို့နောက် သူ၏ ခေါင်းထဲ၌ အတွေးမျိုးစုံ ပေါ်ပေါက်လာပြီး သူသည် အော်ဟစ်အမိန့်ပေးလိုက်တော့သည်။
” တာအိုနန်းတော်ထဲမှာ တာဝန်ကျနေခဲ့တဲ့ ယွမ်ယင်အဆင့် အကြီးအကဲကြီးတွေ ရောက်လာပြီ။ မင်းတို့တွေ တိုက်ပွဲရမှတ်လိုချင်လို့ ဆိုပြီးတော့ ရှေ့တန်းမှာသွားတိုက်ချင်တယ်လို့ ပြောနေကြတာ မဟုတ်ဘူးလား။ သူတို့ဆီကို မြန်မြန်လေးသွားပြီးတော့ ဂါရဝပြုပြီး ပူဆာကြည့်ကြ။ တကယ်လို့ သူတို့တွေ မင်းတို့ကို ခေါ်သွားပေးမယ်ဆိုရင် ငါ မင်းတို့ကို မတားတော့ဘူး ”
အမြုတေအဆင့် ကျင့်ကြံသူများမှာ ထိုစကားကို ကြားလိုက်ရသောအခါ အမူအရာများ ပြောင်းလဲသွားကြ၏။ သူတို့ထဲမှ နှစ်ယောက်မှာမူ အနည်းငယ်ခန့် စဉ်းစားဆင်ခြင်ဉာဏ် ရှိသောကြောင့် တွေဝေတုံ့ဆိုင်းနေခဲ့သဖြင့် နောက်တွင် ကျန်ရစ်ခဲ့သည်။ အခြားသူများမှာမူ ဒူဂူလင်း၏ စကားကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီး၏ အစွန်းနားသို့ ပြေးသွားလိုက်ကြ၏။ ထို့နောက် သူတို့မှာ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးထဲ၌ ပေါ်ပေါက်လာသည့် လူရိပ်နှစ်ခုအား မျက်နှာမူကာ ညာလက်သီးပေါ်ဘယ်လက်ဝါးတင်၍ တရိုတသေ ဦးညွှတ်လိုက်ကြတော့သည်။
” မင်္ဂလာ… ”
သို့သော် သူတို့ စကားမဆုံးခင်မှာပင် တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးထဲ၌ အနီရောင် အလင်းတန်းတစ်ခု ရုတ်တရက်ဆိုသလို ဖျတ်ခနဲ လက်သွား၏။ ထို့နောက် ကြက်သွေးရောင် စွမ်းအင်စီးဆင်းမှု လမ်းကြောင်းများမှာ မြားများကဲ့သို့ ထိုးထွက်လာကြပြီး တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီး၏ ဘေးပတ်ပတ်လည်တွင် ပေါက်ကွဲသွားကြတော့သည်။ ထို အခြင်းအရာအားလုံးမှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်၏။ ထို့ကြောင့် တရိုတသေ ဦးညွှတ်ကာ ဂါရဝပြုနေကြသည့် ကျင့်ကြံသူများမှာ ထိုတိုက်ကွက်ကြီးအား အချိန်မီ ရှောင်တိမ်းနိုင်ခဲ့ခြင်း မရှိပေ။ သို့ဖြစ်ရာ ထိုစွမ်းအင်စီးဆင်းမှု လမ်းကြောင်းများမှာ သူတို့၏ နဖူးများကို ထုတ်ချင်းပေါက် ထိုးဖောက်သွားကြတော့သည်။
ထို ကျင့်ကြံသူ ဆယ်ယောက်ဝန်းကျင်ခန့်မှာ အော်ဟစ်နိုင်စွမ်းပင် မရှိဘဲ ချက်ချင်းဆိုသလို သေဆုံးသွားကြတော့သည်။
နောက်တွင်ကျန်ရစ်ခဲ့သည့် ကျင့်ကြံသူ နှစ်ယောက်မှာမူ ဆွံ့အမှင်တက်သွားရပြီး ထွက်ပြေးရန် ကြိုးစားလိုက်ကြပါသော်လည်း နောက်ကျသွားပြီဖြစ်သည်။ ဒူဂူလင်းမှာ မျက်လုံးများ အရောင်လက်သွားပြီး လျှို့ဝှက်ဆန်းကြယ် ပညာရပ်တစ်ခုအား ထုတ်သုံးလိုက်၏။ ထို့ကြောင့် ထို ကျင့်ကြံသူနှစ်ယောက်မှာ ရုတ်တရက်ဆိုသလို တစ်ကိုယ်လုံး တုန်ရီသွားကြပြီး ရပ်တန့်သွားကြတော့သည်။ ထိုအချိန်တွင် တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးထဲမှ စွမ်းအင်စီးဆင်းမှုလမ်းကြောင်းနှစ်ခု ထိုးထွက်လာပြီး သူတို့၏ နဖူးများအား ထိုးဖောက်သွားကြ၏။
ဒူဂူလင်းမှာ သူ၏ ဘေးဘီဝဲယာမှ ရုပ်အလောင်းများကို တစ်ချက်ပင်မကြည့်ဘဲ သူ ရင်းရင်းနှီးနှီးသိနေပြီး ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ဖူးသည့် အနီရောင် စွမ်းအင်စီးဆင်းမှုလမ်းကြောင်းများကို သေသေချာချာ အကဲခတ်လိုက်ပြီးနောက် ဖြည်းဖြည်းချင်း မတ်တတ်ထလာသည်။ ထို့နောက် သူသည် အခြားသူများအား သတိပေးနိုင်သည့် ကျောက်စိမ်းပေလွှာကို သူ၏ညာဘက်လက်ထဲတွင် ကိုင်ရုံမျှသာ ကိုင်ထားလိုက်၏။ သူ၏ မျက်ဝန်းများမှာမူ တလက်လက် တောက်ပနေပြီ ဖြစ်သည်။ နောက်ဆုံးတွင် သူသည် တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးထဲ၌ ရုပ်လုံးပေါ်လာသည့် လူရိပ်နှစ်ခုအား စိုက်ကြည့်လိုက်ပြီးနောက် ဖြည်းဖြည်းချင်း ဆိုလိုက်တော့သည်။
” ဂိုဏ်းသား ဒူဂူလင်း အကြီးအကဲဝမ်နဲ့ အကြီးအကဲချိုးရန်တို့ကို ဂါရဝပြုပါတယ် “