ဝမ်ပေါင်လဲ့မှာ အချုပ်အနှောင်များဖြင့် ပြည့်နှက်နေသည့် ရှေးဟောင်းဓားကြီးပေါ်၌ သုန်မှုန်နေသည့် မျက်နှာအမူအရာဖြင့် မတ်တတ်ရပ်နေ၏။ သူသည် တာအိုဘုန်းတော်ကြီးယိုရန် မည်သို့မည်ဖုံ အသက်ပြန်ရှင်လာသည်ကို နားမလည်နိုင်လောက်အောင် ဖြစ်နေရသည်။
” ကိုယ်ပွားတစ်ခုများလား ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးမိလိုက်ပြီးနောက် နှုတ်ဆိတ်သွား၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်ထဲမှ အေးစက်စက် ကျင့်ကြံခြင်းစွမ်းအားလှိုင်းများ ထွက်ပေါ်လာတော့သည်။ ၎င်းတို့ထဲ၌ ရက်စက်ကြမ်းကြုတ်မှု အငွေ့အသက်များ ကိန်းအောင်းနေ၏။
” အချိန်သိပ်မကျန်တော့ဘူး… ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှိတ်ကာ အကြိမ်အနည်းငယ်ခန့် အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် မျက်လုံးများပြန်ပွင့်လာ၏။ ထို့နောက် သူသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ အဆုံးမဲ့မျိုးနွယ်စုဝင်များ၏ သိုလှောင်အိတ်များကို ဖွင့်ကြည့်လိုက်သောအခါ ဖမ်းဆီးချုပ်နှောင်ခံထားရသည့် ဖုန့်ချိုးရန်အား ရှာတွေ့သွားတော့သည်။
ဖုန့်ချိုးရန်မှာ သတိလစ်နေပြီး ဒဏ်ရာအပြင်းထန်ရထားသလို သူမ၏ သက်စောင့်စွမ်းအင်များနှင့် ဝိညာဉ်စွမ်းအင်များအားလုံးမှာ ကုန်ခန်းနေပြီ ဖြစ်သည်။ သူမ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း ယွမ်ယင်အဆင့်သို့ ကျဆင်းသွားရပြီဖြစ်သည်။
ဖုန့်ချိုးရန်မှာ ဝမ်ပေါင်လဲ့ဘက်မှ ရပ်တည်ပေးခဲ့ပြီး သူ့အား ကာကွယ်ပေးခဲ့သည် မဟုတ်ပါလော။ ထို့အပြင် ပြည်ထောင်စုကြီးအပေါ် ထားရှိသည့် သူမ၏ သဘောထားများကြောင့် ဝမ်ပေါင်လဲ့မှာ သူမအား ကယ်တင်ပေးရန် ဆန္ဒရှိပေသည်။ ထို့ကြောင့် သူသည် နှလုံးသားထဲ၌ စိုးရိမ်စိတ်များဖြင့် ဗြောင်းဆန်နေရသည့်တိုင်အောင် စိတ်ကို တည်ငြိမ်အောင်ထားလိုက်ပြီး ပုလင်းတစ်လုံး ထုတ်ယူကာ အထဲမှ ဝိညာဉ်အရည်များကို အပြင်ဘက်သို့ ထုတ်လိုက်၏။ ထို့နောက် သူသည် မန္တန်လက်ကွက်များ ဖော်ကာ ထို ဝိညာဉ်အရည်များအား ဖုန့်ချိုးရန်၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပေးလိုက်တော့သည်။
ထို ဝိညာဉ်အရည်များမှာ သာမန်အရည်များ မဟုတ်သောကြောင့် ပုလင်းတစ်လုံးတည်းနှင့် အံ့သြဖွယ်ရာရလဒ်များကို ပေးစွမ်းနိုင်ပေသည်။ ဖုန့်ချိုးရန်တစ်ယောက် ထို ဝိညာဉ်အရည်များကို စုပ်ယူပြီးသွားသည်နှင့် သူမ၏ မွဲပြာခြောက်ကပ်နေသော အသားအရေမှာ ပြန်လည်စိုပြည်လာ၏။ ထို့နောက် သူမသည် တစ်ကိုယ်လုံးတုန်ရီသွားပြီး သတိပြန်ရလာတော့သည်။
သူမသည် ဝမ်ပေါင်လဲ့အား မြင်လိုက်ရသောအခါ သူငယ်အိမ်များ ကျဉ်းမြောင်းသွားရ၏။ ဝမ်ပေါင်လဲ့၏ ရှင်းပြချက်များကို နားထောင်လိုက်ပြီးနောက် သူမသည် ဝမ်ပေါင်လဲ့အား အပြည့်အဝ ယုံကြည်သွားတော့သည်။ သူမသည် ဝမ်ပေါင်လဲ့ ယွမ်ယင်အဆင့်သို့ ဖောက်ထွက်သွားနိုင်ခဲ့သည့် အချက်အား အံ့အားသင့်နေခြင်းမရှိပေ။ မည်သို့ပင်ဆိုစေကာမူ သူတို့၏ ပတ်ပတ်လည်ရှိ အဆုံးမဲ့မျိုးနွယ်စုဝင်များ၏ ရုပ်အလောင်းများကို မြင်လိုက်သောအခါ သူမသည် အံ့သြတုန်လှုပ်သွားရဆဲပင်။
ထို့အပြင် သူမသည် ဝမ်ပေါင်လဲ့၏ ဖောက်ထွက်မှုမှာ ပုံမှန်မဟုတ်ဘဲ ထူးဆန်းနေသည်ကို အာရုံခံမိနေ၏။ သို့သော်လည်း လက်ရှိတွင် ထိုကိစ္စနှင့်ပတ်သက်၍ အသေးစိတ်မေးမြန်းနေရန် အချိန်မရှိပေ။ ထို့ကြောင့် သူတို့မှာ အချိန်ဖြုန်းမနေကြတော့ဘဲ ချက်ချင်းဆိုသလိုပင် လေပေါ်သို့ ပျံတက်သွားကြပြီး ဓားရိုးပိုင်းထဲရှိ ကျယ်ပြန့်တာအိုနန်းတော်ဆီသို့ ဦးတည်သွားလိုက်ကြတော့သည်။
တာအိုနန်းတော်ထဲရှိ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်မှာ ရှေးဟောင်းဓားကြီးပေါ်မှ ထွက်ခွာနိုင်အောင် ကူညီပေးနိုင်မည့် တစ်ခုတည်းသောအရာ ဖြစ်ပေသည်။ သူတို့မှာ ထို တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီး၏ အခြားတစ်ဖက်ရှိ ဗုဒ္ဓဟူးဂြိုဟ်ပေါ်၌ ပြန်လည်ပေါ်ပေါက်လာချိန်တွင် အန္တရာယ်များနှင့် ရင်ဆိုင်ရနိုင်ကြောင်း သိထား၏။ သို့သော်ငြားလည်း သူတို့မှာ ပြည်ထောင်စုကြီးဆီသို့ ပြန်ရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။
” ပေါင်လဲ့။ ဒီ ပုလင်းထဲက ဝိညာဉ်အရည်တွေက တော်တော်လေးကို အစွမ်းထက်တယ်။ ငါ တွေ့ဖူးသမျှ ဝိညာဉ်အရည်တွေထဲမှာ အရည်အသွေးအကောင်းဆုံးပဲ။ နင် ဒီလို ပုလင်းမျိုးကို ရှာတွေ့ခဲ့တာ တော်တော်ကံကောင်းတယ်။ ငါ့အတွက်နဲ့ ဖြုန်းတီးမပစ်ပါနဲ့။ သိမ်းထားလိုက်။ ပြည်ထောင်စုကြီးဆီကို ပြန်ရောက်တဲ့အချိန် နင်… ” ဖုန့်ချိုးရန်မှာ ဝမ်ပေါင်လဲ့ သူမအား ပေးခဲ့သည့် ဝိညာဉ်အရည်များ၏ အကူအညီဖြင့် သူမ၏ ဒဏ်ရာများအား အခြေအနေ ဆိုးမသွားအောင် ထိန်းချုပ်နိုင်ခဲ့၏။ ထို့ကြောင့် သူမသည် ထိုပုလင်းအား ဝမ်ပေါင်လဲ့ဆီသို့ ပြန်ပေးလိုက်ခြင်းဖြစ်သည်။ သူမသည် သူမ၏ ဒဏ်ရာအခြေအနေများကို ကောင်းကောင်းကြီးနားလည်ထားသောကြောင့် လက်ရှိတွင် အပြည့်အဝ ပြန်လည်သက်သာလာရန် မဖြစ်နိုင်ကြောင်း သိထား၏။ ထို ဝိညာဉ်အရည်ပုလင်းမှာ သူမ၏ ကျင့်ကြံခြင်းအဆင့်အား ယွမ်ယင်အဆင့်၌ တည်ငြိမ်နေအောင် ထိန်းသိမ်းပေးထားနိုင်စွမ်းသာ ရှိပေသည်။
ထို ဝိညာဉ်အရည်မှာ အလွန်အင်မတန်မှ အဖိုးတန်သည်ဖြစ်ရာ ဝမ်ပေါင်လဲ့အတွက် ပို၍ အသုံးဝင်လောက်ပေးသည်။ သူတို့၏ ပတ်ပတ်လည်ရှိ အဆုံးမဲ့မျိုးနွယ်စုဝင်များ၏ ရုပ်အလောင်းများကို ကြည့်ပါက လက်ရှိတွင် ဝမ်ပေါင်လဲ့မှာ သူမထက် ပို၍ အစွမ်းထက်နေသည်ကို အထင်အရှား သိမြင်နိုင်သည် မဟုတ်ပါလော။
” အကြီးအကဲ ဖုန့်ချိုးရန်။ အကြီးအကဲ ဝိညာဉ်ကြားခံနယ်အဆင့်ကို ပြန်ရောက်နိုင်ဖို့ဆိုရင် ဒီလို ဝိညာဉ်အရည်တွေ ဘယ်လောက်အထိ လိုလဲ ” ဝမ်ပေါင်လဲ့မှာ ထိုပုလင်းအား လှမ်းမယူလိုက်ဘဲ ကောင်းကင်ပေါ်တွင် ပျံသန်းနေရင်း မေးလိုက်၏။
ထိုအခါ ဖုန့်ချိုးရန်မှာ မှင်တက်သွားရပြီး မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရတော့သည်။ ထို့နောက် သူမသည် မျက်လုံးများအရောင်လက်သွားကာ အသက်ရှူသံများပင် အနည်းငယ်ခန့် မြန်ဆန်လာရ၏။
” ငါးပုလင်း…. အဲ…သုံးပုလင်းဆို ရပြီ ”
ဝမ်ပေါင်လဲ့မှာမူ စကားတစ်ခွန်းမှ ပြန်မပြောဘဲ ညာဘက်လက်ကိုဝှေ့ယမ်းကာ သူ၏ သိုလှောင်အိတ်အား ပုတ်လိုက်၏။ ထို့နောက် သူသည် ပုလင်းခြောက်လုံးကို ဆွဲထုတ်ကာ ဖုန့်ချိုးရန်ဆီသို့ လှမ်းပစ်ပေးလိုက်တော့သည်။ ထို ပုလင်းတစ်လုံးချင်းစီထဲတွင် ဝိညာဉ်အရည်များ အပြည့်ပါ၏။ ထို ပုလင်းများ ပေါ်ပေါက်လာသောအခါ ဘေးပတ်ပတ်လည်ရှိ လေထုထဲ၌ပင် အားကောင်းသော ဝိညာဉ်ချီများဖြင့် ပြည့်နှက်သွား၏။
” ဒါ… ” ဖုန့်ချိုးရန်မှာ ထိုပုလင်းများကို ငေးကြည့်ရင်း အံ့သြတုန်လှုပ်သွားရတော့သည်။ သူမသည် မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည့် အမူအရာဖြင့် ထိုပုလင်းများအား သိမ်းဆည်းလိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား အဓိပ္ပါယ်ပါပါ ကြည့်ကာ ဆိုလိုက်၏။
” ပေါင်လဲ့။ ငါ့ကို အချိန်နှစ်ပတ်ပဲပေး။ ငါ… ‘
” နှစ်ပတ်က များလွန်းတယ်ဗျ အကြီးအကဲ ဖုန့်ချိုးရန်ရ။ အကြီးအကဲ ဝိညာဉ်ကြားခံနယ်အဆင့်ကို သုံးရက်အတွင်း ပြန်ရောက်အောင်လုပ်နိုင်မလား ” ဝမ်ပေါင်လဲ့မှာ ထိုသို့ပြန်ပြောကာ သူ၏ ညာဘက်လက်အား ဝှေ့ယမ်းလိုက်ပြီး သူ၏ သိုလှောင်အိတ်ထဲရှိ ရာပေါင်းများစွာသော ပုလင်းများထဲမှ နောက်ထပ် ပုလင်း အလုံးနှစ်ဆယ်ကျော်ကို ထပ်၍ ထုတ်ယူလိုက်ပြန်သည်။ ထို့နောက် သူသည် ၎င်းတို့အား ဖုန့်ချိုးရန်ဆီသို့ လှမ်းပစ်လိုက်၏။
” လုပ်နိုင်တယ် ” ဖုန့်ချိုးရန်မှာ မျက်လုံးများပြူးကာ ပင့်သက်များပင် ရှိုက်မိသွား၏။ သူမ၏ မျက်ဝန်းများမှာ တလက်လက် တောက်ပနေပြီဖြစ်သည်။ ထိုအချိန်တွင် သူမသည် တစ်စုံတစ်ခုအား သတိရသွားသဖြင့် သူမ၏ ညာဘက်လက်ကိုမြှောက်ကာ သိုလှောင်လက်ကောင်တစ်ခုအား ဝမ်ပေါင်လဲ့ဆီသို့ ပြန်အပ်လိုက်၏။
” ဒါ နင့်ရဲ့ လက်ကောက်မလား။ စစ်သင်္ဘောကြီး ထွက်သွားကတည်းက ငါ နင့်အတွက် သိမ်းပေးထားတာ ”
ဝမ်ပေါင်လဲ့မှာ ထို သိုလှောင်လက်ကောက်အား မြင်လိုက်ရသောအခါ မျက်နှာအမူအရာ ဝင်းလက်သွား၏။ ၎င်းမှာ အမှန်တကယ်ပင် သူ၏ လက်ကောက်ဖြစ်ပေသည်။ သူသည် ၎င်းအား သူ၏ကိုယ်ပွားနှင့်အတူ ချန်ရစ်ခဲ့သောကြောင့် သူ၏ ကိုယ်ပွား ပျက်စီးသွားချိန်တွင် ၎င်းအား ဆုံးရှုံးလိုက်ရခြင်းဖြစ်သည်။ ထို လက်ကောက်ထဲ၌ သူ၏ ဓမ္မလက်နက်များနှင့် ရတနာအများစုကို သိမ်းဆည်းထားသည်။
သူသည် တာအိုဘုန်းတော်ကြီးယိုရန်နှင့် အသေအကျေ တိုက်ခိုက်ခဲ့ပြီးနောက် သတိလစ်သွားခဲ့၏။ ထို့နောက် သူသည် အဆက်မပြတ် ဖောက်ထွက်နေခဲ့သဖြင့် ထိုလက်ကောက်လေးအား ဆုံးရှုံးလိုက်ရသည့်အချက်ကို ဝမ်းနည်းနေရန် အချိန်မရှိခဲ့ပေ။ သူသည် အခြေအနေများ ပြန်လည်တည်ငြိမ်သွားပြီးမှ ၎င်းအား လိုက်လံရှာဖွေရန် ကြံရွယ်ထားခဲ့၏။ သို့သော် ယခုတွင်မူ ၎င်းမှာ သူ့ဆီသို့ပြန်ရောက်လာပြီ ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ထို လက်ကောက်ထဲရှိ ပစ္စည်းများကို စစ်ဆေးကြည့်လိုက်ပြီးနောက် ဖုန့်ချိုးရန်အား ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် သူတို့မှာ လေးဖင့်နေခြင်းမရှိဘဲ အဝေးသို့ ပျံသန်းထွက်ခွာသွားကြတော့သည်။
သူတို့မှာ ကျယ်ပြန့်တာအိုနန်းတော်၏ ပင်မကျွန်းနှင့် အတော်အသင့် ဝေးကွာနေဆဲပင်။ အကယ်၍ ပုံမှန်အမြန်နှုန်းဖြင့်သာ သွားလာနေမည်ဆိုပါက ထိုကျွန်းဆီသို့ ရောက်ရန် နှစ်ပတ်တိတိ အချိန်ပေးရမည် ဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့မှာ ထာဝရစင်မြင့်များကို အသုံးပြုနိုင်စွမ်း ရှိနေပြီဖြစ်သောကြောင့် ဝေးလံသော ခရီးစဉ်များမှာ သူ့အတွက် ပြဿနာတစ်ခု မဟုတ်တော့ပေ။
ထို့ကြောင့် သူသည် ဖုန့်ချိုးရန်အား ခေါ်သွားလိုက်ပြီးနောက် ထာဝရစင်မြင့်တစ်ခုအား ချက်ချင်းဆိုသလိုပင် ရှာတွေ့သွား၏။ ထို့နောက် သူတို့မှာ မီးခိုးငွေ့များနှင့်အတူ ပေါင်းစည်းသွားကြပြီး ဓားရိုးပိုင်းပေါ်ရှိ ပင်မကျွန်းဆီသို့ ဦးတည်သွားကြတော့သည်။ ဖုန့်ချိုးရန်မှာ ထာဝရစင်မြင့်များအကြောင်း လုံးဝသိမထားသည့် လူတစ်ယောက် မဟုတ်ပါသော်လည်း သူမသည် ၎င်းတို့အား အသုံးပြုခွင့် မရှိသလို မည်သို့မည်ဖုံ အသုံးပြုရမည်ကိုလည်း သိရှိထားခြင်းမရှိပေ။ တာအိုနန်းတော် ဘုန်းမီးနေလ တောက်ပခဲ့သည့် အချိန်ကာလများတုန်းကပင်လျှင် တပည့်ရင်းဂိုဏ်းသားများသာလျှင် ထာဝရစင်မြင့်များကို အသုံးပြုနိုင်စွမ်း ရှိခဲ့၏။
ဖုန့်ချိုးရန်မှာ ဝမ်ပေါင်လဲ့တစ်ယောက် ထို ထာဝရစင်မြင့်အား အလွယ်တကူ အသုံးပြုနိုင်စွမ်း ရှိနေသည်ကို မြင်လိုက်ရသောအခါ သူသည် မွေးစားဂိုဏ်းသားတစ်ယောက် ဖြစ်နေသည့်အချက်ကို သိထားသည့်တိုင်အောင် စိတ်ထဲ၌ သံသယစိတ်များ ပေါ်ပေါက်လာရတော့သည်။ ထို့အပြင် သူမသည် ဝမ်ပေါင်လဲ့ ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်သွားနိုင်ခဲ့သည်ကိုလည်း အာရုံခံမိနေ၏။ သို့ဖြစ်ရာ သူသည် ရှားပါးအခွင့်အရေးကြီး တစ်ခုခုနှင့် ကြုံခဲ့ရခြင်း ဖြစ်ရပေမည်။
ဝမ်ပေါင်လဲ့မှာမူ ထိုအကြောင်းများကို ပြောပြခြင်းမရှိပေ။ ဖုန့်ချိုးရန်မှာလည်း စိတ်ထဲတွင် အမျိုးမျိုး ခန့်မှန်းနေပါသော်လည်း ထုတ်မပြောခဲ့ပေ။ လက်ရှိတွင် ဝမ်ပေါင်လဲ့မှာ ပြည်ထောင်စုကြီးဆီသို့ ပြန်နိုင်ရန်အတွက်သာ အာရုံစိုက်ထားသည်ဖြစ်ကြောင်း သူမက နားလည်ထား၏။ သူသည် ပြည်ထောင်စုကြီးနှင့် ကျယ်ပြန့်တာအိုနန်းတော်တို့၏ စစ်ပွဲအား သူမထက်ပင် ပို၍ စိုးရိမ်နေလောက်ပေသည်။
သို့ဖြစ်ရာ သူ စကားတစ်ခွန်းမှ ထုတ်မပြောပါက သူ ကြုံတွေ့ခဲ့ရသည့် အခွင့်အရေးကြီးနှင့် သူ သိရှိခဲ့ရသည့် အချက်အလက်များမှာ စစ်ပွဲကြီးအတွက် အကျိုးမရှိသောကြောင့်သာ ဖြစ်ရပေမည်။ ဝမ်ပေါင်လဲ့မှာ တာအိုဘုန်းတော်ကြီးယိုရန် အသက်ရှင်နေသေးကြောင်း သိခဲ့ရပြီးနောက် တတိယနန်းတော်ကြီးဆီသို့ပြန်၍ ခေါင်းဆောင်ကြီးများအား နှိုးကာ စစ်ပွဲထဲ၌ ကူညီပေးဖို့ တောင်းဆိုရန် ကြံရွယ်မိခဲ့သေးသည်။
သို့သော်လည်း နောက်ဆုံးတွင် သူသည် ထိုအစီအစဉ်အား မေ့ထားလိုက်ရ၏။
ထိုကဲ့သို့ အကူအညီတောင်းခြင်းမှာ သူတို့အတွက် ကောင်းမွန်သည့်အရာတစ်ခု ဖြစ်လိမ့်မည်ဟု မည်သူကမှ အာမမခံနိုင်ပေ။ အကယ်၍ အခန့်မသင့်ပါက ကျားကြောက်လို့ရှင်ကြီးကိုး၊ ရှင်ကြီးကျားထက်ဆိုးအဖြစ်နှင့် ကြုံရနိုင်ပေသည်။
လက်ရှိပြည်ထောင်စုကြီးမှာ အခြေခိုင်မာသည့် အခြေခံအုတ်မြစ်တစ်ခု လိုအပ်နေရုံသာမက ကျင့်ကြံခြင်း လူမှုအဖွဲ့အစည်းတစ်ခုအနေနှင့် ဝါနုနေသေးသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူတို့မှာ ဤ ပြဿနာကြီးအား ကိုယ့်အားကိုယ်ကိုး၍ ဖြေရှင်းနိုင်ပါမှ အတွေ့အကြုံများ ရင့်သန်လာနိုင်မည် ဖြစ်သည်။ ထို့အပြင် သူတို့ လုံးဝရင်ဆိုင်နိုင်စွမ်းမရှိမည့် အခြေအနေများနှင့် ကြုံတွေ့ရမည်ဆိုပါက ဝမ်ပေါင်လဲ့မှာ အကြောင်းမသိသေးသော ကျယ်ပြန့်တာအိုနန်းတော် ခေါင်းဆောင်ကြီများထက် သူ၏ ဂိုဏ်းတူအစ်ကိုကိုသာ အကူအညီတောင်းရန် ရွေးချယ်လိုက်မည်ဖြစ်သည်။
” ကျယ်ပြန့်တာအိုနန်းတော်က… သူစိမ်းအဆင့်မှာပဲ ရှိပါသေးတယ်… ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးသွားပြီနောက် စိတ်ထဲ၌ ရေရွတ်လိုက်သည်။ သူသည် ဖုန့်ချိုးရန်ကိုပင် သတိကြီးကြီးထားနေ၏။ သို့သော် သူ၏ အမူအရာများမှာ ပိရိနေသောကြောင့် ဖုန့်ချိုးရန်မှာ သတိထားမိခဲ့ခြင်းမရှိပေ။ ထိုသို့ဖြင့် သူတို့မှာ ကျယ်ပြန့်တာအိုနန်းတော် ပင်မကျွန်းဆီသို့ ဦးတည်ပျံသန်းသွားကြတော့သည်။
ထိုသို့ဖြင့် အချိန်များ လှစ်ခနဲ ကုန်လွန်သွားပြီး နှစ်ရက်တိတိ ကုန်ဆုံးသွား၏။ ထိုအချိန်တွင် သူတို့မှာ ကျယ်ပြန့်တာအိုနန်းတော် ပင်မကျွန်းဆီသို့ ပြန်ရောက်လာတော့သည်။ ဖုန့်ချိုးရန်၏ ကျင့်ကြံခြင်းစွမ်းအားများမှာလည်း တစ်ရာရာခိုင်နှုန်းနီးပါး အကောင်းပတိအတိုင်း ပြန်ဖြစ်သွားပြီဖြစ်သည်။
ထိုကျွန်းပေါ်တွင် အစောင့်အနေနှင့်သာ ကျန်ရစ်ခဲ့သည် အဆုံးမဲ့မျိုးနွယ်စုဝင် အနည်းငယ်ခန့်သာ ရှိပေသည်။ သူတို့မှာ ဝမ်ပေါင်လဲ့နှင့် ဖုန့်ချိုးရန်တို့အား မယှဉ်နိုင်ကြပေ။ သူတို့နှစ်ယောက်မှာ သနားငဲ့ညှာနေခြင်းမရှိဘဲ ချက်ချင်းဆိုသလိုပင် တိုက်ခိုက်လိုက်ကြ၏။
ထိုတိုက်ပွဲကြီးတစ်ခုလုံးမှာ နာရီဝက်မျှသာ ကြာမြင့်လိုက်၏။ ထိုကျွန်းပေါ်တွင် ရှိနေသည့် အဆုံးမဲ့မျိုးနွယ်စုဝင် ခုနစ်ယောက်၊ ရှစ်ယောက်ခန့်မှာ သေဆုံးသွားကြပြီ ဖြစ်သည်။ သူတို့မှာ အချက်ပေးခေါင်းလောင်းအား မတီးနိုင်ခဲ့သဖြင့် ဝမ်ပေါင်လဲ့နှင့် ဖုန့်ချိုးရန်တို့ ပြန်ရောက်လာသည်ကို မည်သူကမှ သတိထားမိကြခြင်းမရှိပေ။ သူတို့နှစ်ယောက်မှာ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးဆီသို့ သွားလိုက်ကြပြီးနောက် လိုအပ်သည်များကို ကြည့်ရှုစစ်ဆေးလိုက်ကြ၏။ ထို့နောက် သူတို့မှာ တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်အား စတင်လိုက်တော့သည်။
ထိုအခါ အလင်းရောင်များ ပေါ်ထွက်လာပြီး ကောင်းကင်ပေါ်သို့ တိုးတက်သွား၏။ မြေပြင်ကြီးမှာလည်း တုန်ရီနေပြီဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ဖုန့်ချိုးရန်အား ကြည့်ကာ ဆိုလိုက်၏။
” အကြီးအကဲ ချိုးရန်။ ကျွန်တော်တို့တွေ ပြန်ပေါ်လာတဲ့အချိန်ကျရင် လူစုမခွဲဘဲ တူတူပဲ ရှိနေသင့်တယ်။ ကျွန်တော့်နောက်ကသာ လိုက်ခဲ့ ”
” ငါတို့တွေ နောက်တစ်ရက်လောက် ထပ်စောင့်လို့ မဖြစ်ဘူးလား။ ငါ့ရဲ့ ကျင့်ကြံခြင်းစွမ်းအားတွေ ပုံမှန်အခြေအနေကို ပြန်ရောက်ဖို့ တစ်ရက်လောက်ပဲ လိုတော့တာ။ အခုလောလောဆယ်က ငါက ဝိညာဉ်ကြားခံနယ်အဆင့်မှာ ရှိတယ်ဆိုရုံလေးပဲ ရှိသေးတာ ” ဖုန့်ချိုးရန်မှာ တစ်ခဏမျှ နှုတ်ဆိတ်သွားပြီးနောက် ဝမ်ပေါင်လဲ့အား မေးလိုက်၏။
ဝမ်ပေါင်လဲ့မှာမူ စကားတစ်ခွန်းမှ မပြောဘဲ ဖုန့်ချိုးရန်ဘက်သို့ လှည့်ကာ တရိုတသေ ဦးညွှတ်ပြလိုက်၏။
ထိုအခါ ဖုန့်ချိုးရန်မှာ ဝမ်ပေါင်လဲ့အား ကြည့်လိုက်သည််။ သူမသည် သူခံစားနေရသည့် ဖိအားများကို နားလည်သောကြောင့် စကားတစ်ခွန်းမှ မပြောတော့ဘဲ သူမ၏ ကျင့်ကြံခြင်းစွမ်းအားများကိုသာ ထုတ်လွှတ်လိုက်၏။ ထိုအခါ သူမ၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံခြင်းစွမ်းအားများ ထွက်ပေါ်လာပြီး သူမသည် တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးထဲသို့ ဝင်ရောက်သွားလိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာလည်း အသက်ပြင်းပြင်းရှူလိုက်၏။ ထိုအခါ သူ၏ခန္ဓာကိုယ်ပေါ်၌ သွေးနီရောင် စွမ်းအင်စီးဆင်းမှုလမ်းကြောင်းများ ပေါ်ပေါက်လာပြီးနောက် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် ကြောက်မက်ဖွယ်ရာကောင်းပြီး တိုက်ခိုက်လိုစိတ် အငွေ့အသက်များ ထုတ်လွှတ်နေသည့် မိုးထိုးလုမတတ် မြင့်မားနေသော လူရိပ်ကြီးတစ်ခု ပေါ်ပေါက်လာ၏။ နောက်ဆုံးတွင် သူသည်လည်း တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ထဲသို့ ဝင်သွားလိုက်တော့သည်။
ထိုအခါ ထို တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးမှာ ချက်ချင်းဆိုသလိုပင် လည်ပတ်သွား၏။ ထို့နောက် ဝိညာဉ်စွမ်းအင်များ အရပ်မျက်နှာအနှံသို့ ပြန့်ထွက်သွားပြီး မျက်စိကျိန်းစရာကောင်းသော အလင်းတန်းများ ကောင်းကင်ပေါ်သို့ ထိုးတက်သွားတော့သည်။ ထို့ကြောင့် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့မှာ အပြင်းအထန် တုန်ရီသွားကာ လေပြင်းများ စတင်တိုက်ခတ်လာပြီးနောက် တိမ်တိုက်များ တလိပ်လိပ် ထလာ၏။ ထို့နောက် သူတို့နှစ်ယောက်မှာ ပျောက်ကွယ်သွားတော့သည်။