Switch Mode

အပိုင်း (၁၆၆)

နိုဘယ်ကံစွမ်းအားနှင့် တစ်ယောက်

ထိုအသံက ရီဖူရှင်းထံမှ လာခြင်းဖြစ်သည်။ လူတိုင်း၏ အကြည့်က ရီဖူရှင်းထံ ရောက်လာသည်။ သူ ရူးနေသည်လား။ သူက ကျောက်ဟန်အား အနိုင်ရပြီးပြီဖြစ်ကာ ကျောက်ဟန်ကလည်း ယွန်ရှင်းမိုအား တစ်လအတွင်း ပြန်လာရန်သာ ပြောပြီး နောက်ဆုတ်ရန် ဟန်ပြန်နေပြီ ဖြစ်သည်။ သူ၏စကားက အထက်စီးဆန်လှသော်လည်း ရီဖူရှင်းတွင် အလွန် ထူးခြား ထက်မြက်သော ပါရမီရှိသည့်တိုင် ကျောက်ဟန်ကား အဆင့် ပိုမိုမြင့်မားသော ဓမ္မတန်ခိုးရှင် ဖြစ်ပေသည်။ ကျောက်ဟန်က သူ၏စကားကို ပြန်မရုပ်သိမ်းခြင်းကပင် အလွန် ကောင်းမွန်နေပြီဟု ပြော၍ ရသော်လည်း ရီဖူရှင်းက သူ့အား အဘယ်ကြောင့် ထပ်မံ၍ စိန်ခေါ်ရသနည်း။ ကျောက်ဟန်အား ရီဖူရှင်းကို တိုက်ခိုက်ရန် အခွင့်အရေး ပေးလိုက်ခြင်းပင် မဟုတ်ပေဘူးလား။

“မင်းက ငါ့ကို ပြောနေတာလား…” ကျောက်ဟန်၏ မျက်လုံးများထဲတွင် သရော်ဟန်များ ပါဝင်နေသည်။

“ငါစိတ်ဆိုးနေချိန်မှာ ခြေတစ်လှမ်းတောင် မရွေ့မိစေနဲ့…” ရီဖူရှင်းက သူ၏ မေးခွန်းကို ဖြေမည့်အစား ထပ်ပြောလိုက်သည်… “ရွေ့ရင် သေမယ်…”

ကျောက်ဟန်၏ အမူအရာ ထူးဆန်းသလို ဖြစ်သွားသည်။ ရွေ့လျှင် သေမည်တဲ့လား။ သူက ရီဖူရှင်းအား ကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။ အကယ်၍ သူက သေချင်နေမှတော့ ဆန္ဒဖြည့်ဆည်း ပေးရတာပေါ့။

“မင်းက ဘယ်လို ပုံစံမျိုးနဲ့ သေချင်လဲ…” ကျောက်ဟန်က အေးစက်စွာ ပြောသည်။ သူက ထိုသို့ပြောပြီးသည်နှင့် အလွန်ထက်ရှသော အလင်းတစ်ချက် သူ့မျက်လုံးများတွင် ဖျတ်ခနဲ လက်သွားသည်။ မျက်လုံးတစ်မှိတ် အတွင်းမှာပင် အလွန် ကြောက်မက်ဖွယ် ကောင်းသော အားလှိုင်းတစ်ခုက ကျောက်ဟန်ထံ တိုးဝင်လာသည်။ ဤတစ်ကြိမ်တွင်ကား ယွန်ရှင်းမို၏ စိတ်နယ်ပယ်ထဲကို ဝင်ရောက်လာသော အားလှိုင်းကဲ့သို့ ညင်သာခြင်း မရှိပေ။ ထိုအစား ထိုအားလှိုင်းက လူသတ်လိုသော အငွေ့အသက်များ လွှမ်းခြုံနေသည်။

ထိုအခိုက်တွင်ပင် ထိုအားလှိုင်းမှာ ရီဖူရှင်းထံမှ မဟုတ်ဘဲ နိုဘယ်ရုပ်တုထံမှ အားကောင်းသော စွမ်းအားဖြစ်ကြောင်း သူခံစားရသည်။ ထက်ရှသော အသံတစ်သံနှင့်အတူ ထိတ်လန့်ဖွယ် ဓားစွမ်းအင်တစ်ခု ကျောက်ဟန်ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော်လည်း နိုဘယ်အားလှိုင်းက အရာအားလုံးကို ဖြတ်ကျော်လျက် သူ၏ စိတ်နယ်ပယ်ထဲကို ဝင်ရောက်သွားသည်။

အက်ကွဲသံတစ်သံနှင့်အတူ အလွန်နာကျင်စွာ အော်ဟစ်လိုက်သော အသံတစ်ခုကို လူတိုင်း ကြားလိုက်ကြရသည်။ ကျောက်ဟန်၏ ခန္ဓာကိုယ် တုန်ခါသွားကာ သူ့ကိုယ်မှ သွေးများ စီးကျလာသည်။ သူ၏ မျက်လုံးများပင်လျှင် သွေးများ ထွက်လာနေသည်။

ထိုအခိုက်တွင် လူတိုင်း၏ မျက်လုံးက ထိုပုံသဏ္ဌာန်နှစ်ခုထံ ရောက်နေသည်။

“ရုပ်တု ကြွတက်လာတယ်…” တစ်စုံတစ်ယောက်က လိုဏ်ဂူပေါ်မှ ဓားရုပ်တုအား ကြည့်ကာ ပြောသည်။ ထိုရုပ်တုများက အရောင်အဝါများ ထွန်းလင်း တောက်ပနေသည်။

“ကန်တောင်ကုန်းမှာလိုပဲလား…” ထိုမြင်ကွင်းကို ကြည့်ကာ လျိုယွန်၏ အမူအရာ မည်းမှောင်သွားသည်။ ရီဖူရှင်းက ထိုအချိန်က သူ၏ မှော်ဂီတသံစဉ်ကို အသုံးပြုလျက် ကျောက်နံရံမှ အနုပညာရသသိအား အသက်ဝင်စေလျက် ကျောက်နံရံမှ အားလှိုင်းများအား အသုံးပြုနိုင်သည်။ ယခုသူက မှော်ဂီတပညာကိုပင် သုံးစရာမလိုဘဲ နိုဘယ်ရုပ်တုများကို သုံးလျက် တိုက်ရိုက် တိုက်ခိုက်နိုင်သည်။ သူက လူကော ဟုတ်ပါသလော။

သူ့အားတိုက်ခိုက်သော အားလှိုင်း ပျောက်ကွယ်သွားသောအခါ ကျောက်ဟန်၏ခန္ဓာ တုန်ယင်နေသည်။ ထိုအခိုက်တွင် သူက သေခြင်းတရားကို ခံစားမိသည်။

“ကျုပ်က ဟာသ ပြောနေတယ် မင်းထင်လား….” ရီဖူရှင်းက ကျောက်ဟန်ကို ပြုံးလျက် ပြောသည်။ သူကား ချောမောကာ ချိုသာသော အပြုံးတစ်ခု ရှိနေတတ်သည်။ ထိုလူငယ်ကို ကြည့်ရသည်မှာ အန္တရာယ်ပေးနိုင်သည့်ပုံ မရှိသော်လည်း ယခုကျောက်ဟန်၏ မျက်လုံးတွင် သူကား မိစ္ဆာတစ်ကောင်အလားပင်။ လူတိုင်းက ထိုအေးစက်မှုများ နောက်ကွယ်မှ အန္တရာယ်ကို ခံစားရသည်။ ဤမတိုင်မီက ကျောက်ဟန်ကား အလွန် အထက်စီးဆန်လှကာ ရီဖူရှင်းသာ ရှုံးပါက သေရမည်ဟု စည်းကမ်းသတ်မှတ်ခဲ့သည်။ ထိုအချိန်က ရီဖူရှင်းက မည်သို့မှ မပြောတော့ဘဲ လိုဏ်ဂူထဲသို့ လျှောက်လာခဲ့သည်။ ထိုအချိန်က သူက ကျောက်ဟန်ကို ပြန်လည် တိုက်ခိုက်နိုင်စွမ်း မရှိသေးပေ။

ယခုကား သူက လိုဏ်ဂူ၏ စွမ်းအားကို သုံး၍ ကျောက်ဟန်ကို အနိုင်ယူနိုင်ပြီဖြစ်သည်။ အရာအားလုံးက ပြောင်းပြန် ဖြစ်သွားပြီဖြစ်သည်။ အကယ်၍ ကျောက်ဟန်က ရွေ့လျားလျှင် သူသေရမည်။

အကြောင်းပြချက် မလိုတော့ပေ။ ယခု ရီဖူရှင်းက စည်းကမ်း သတ်မှတ်သည်။

ကျောက်ဟန်၏ မျက်မှောင်များ ကွေးကောက်သွားသည်။ သူကား ဓားကလန်၏ အတော်ဆုံး ပါရမီရှင်ဖြစ်သည်။ သူ၏ မောက်မာသော စကားက လတ်ဆတ်နေဆဲ ဖြစ်သော်လည်း ယခုကား သူ၏အခြေအနေက သိပ်မကောင်းလှပေ။ ဤအဖြစ်က ရှက်ရွံ့ဖွယ် ကောင်းလှသည်။ သူရွေ့လျားလျှင် သေရမည်။ ဆိုလိုသည်က တခြားလူများ မေးငေါ့လှောင်ပြောင်ရန် သူက ဤနေရာတွင် ဆက်နေရမည်။ ဤသို့ဆိုလျှင် နောင်တွင် ချင်းမုန်ဒေသ လူငယ်မျိုးဆက်များအကြား သူမည်သို့ မျက်နှာပြရမည်နည်း။ ဤအဖြစ်က အလွန်ရှက်စရာ ကောင်းလှ၏။

“မင်းမယုံရင် စမ်းကြည့်လို့ရတယ်…” ရီဖူရှင်းက ကျောက်ဟန်ကို ထပ်မကြည့်တော့ပေ။ သူ၏ မျက်လုံးက ယွန်ရှင်းမိုဘက်သို့ လှည့်သွားသည်။

ယခုတွင်ကား ယွန်ရှင်းမို၏ မျက်နှာအမူအရာက သိပ်မကောင်းလှပေ။ ကျောက်ဟန်ကား ဓားကလန်မှ သူမ၏ စီနီယာဖြစ်သည်။ အကယ်၍ ရီဖူရှင်းက သူ့အား ဤကဲ့သို့ ဆက်ဆံလိုက်ပါက ရီဖူရှင်းက နိုဘယ်လိုဏ်ဂူမှ ထွက်ခွာခဲ့လျှင် မည်သို့ လုပ်မည်နည်း။ သူမကကော မည်သို့ လုပ်ရမည်နည်း။ သူမက ရီဖူရှင်း၏ အစေခံဖြစ်ရန် တချို့အရာများကို စွန့်လွှတ်ခဲ့ရသော်လည်း ဓားကလန်ကို သစ္စာဖောက်ကာ ကျောက်ဟန်၏ ရန်သူဖြစ်ရန်မူကား ခက်ခဲလှသော အခြေအနေဖြစ်သည်။

“ယွန်ရှင်းမို… ဆက်ပြီး ဆင်ခြင်…” ရီဖူရှင်းက ရုပ်တုမှ အနုပညာရသသိအား ယွန်ရှင်းမိုထံသို့ ထုတ်လွှင့်စေကာ သူမအား ဆင်ခြင်စေသည်။ ထို့နောက် လင်းယွီယိုအား ကြည့်ကာ ယွန်ရှင်းမိုကဲ့သို့ လုပ်ပေးသည်။

ထိုအချိန်တွင် သိမ်းငှက်နက်ကလည်း လိုဏ်ဂူထံသို့ လျှောက်သွားသည်ကို လူတိုင်းက မြင်ကြရသည်။ သူက သေမင်းခြေလှမ်း လေးလှမ်းကိုပင် လှမ်းပြီးဖြစ်သည်။ ထို့နောက် သူက ရီဖူရှင်း၏ အကူအညီဖြင့် လိုဏ်ဂူ၏ အနုပညာရသသိအား ဆင်ခြင်လေ၏။

“ငါ တန်ခိုးကျင့်တော့မယ်…” ယူချင်းက ရီဖူရှင်းကို ပြောသည်။

“ကောင်းပြီ…” ရီဖူရှင်းက ခေါင်းညိတ်သည်။ ယူချင်းက လိုဏ်ဂူ၏ ထောင့်တစ်နေရာသို့ လျှောက်သွားလိုက်ကာ ရုပ်တုများထံမှ နိုဘယ်အသိများအား လေ့လာဆင်ခြင်နေသည်။

ရီဝူချင်းကလည်း ထောင့်တစ်နေရာတွင် စတင်၍ တန်ခိုးကျင့်သည်။ သူက သေမင်းခြေလှမ်း ဆယ့်သုံးလှမ်းကို အသက်ဖြင့်ရင်း၍ပင် လှမ်းခဲ့ရရာ သူ၏ ခန္ဓာကိုယ်တွင် အပြောင်းအလဲတချို့ ဖြစ်ပျက်ခဲ့သည်။ ထို့ကြောင့် သူက စိတ်ကို ဖြေလျှော့ရန် လိုအပ်ပြီး အသားကျရန် အားထုတ်ရပေမည်။ နိုဘယ်လိုဏ်ဂူက သူ့အတွက် အချိန်အတန်ကြာ ပေးရမည်ဆိုလျှင်ပင် ထိုက်တန်မှု ရှိပေသည်။

ရီဖူရှင်းနှင့် ကျောက်ဟန်တို့သာ လိုဏ်ဂူရှေ့တွင် ရပ်လျက် ရှိပေသည်။ ရီဖူရှင်းက သူ၏ ရှေ့မှ ရုပ်တုများအား လေ့လာဆင်ခြင်နေရင်းက သူ၏ ကံစွမ်းအားမှာလည်းပိုမို တိုးပွားလာနေသည်။

ကျောက်ဟန်ကား ကောင်းမွန်သော အခြေအနေတွင် မရှိပေ။ သူကား ထိုနေရာတွင် ခြေလှမ်းတစ်လှမ်းမျှ မလှမ်းနိုင်ဘဲ ရပ်နေရသည်။ သူက ရီဖူရှင်းအား စူးရှစွာ ကြည့်နေသော်လည်း မစွန့်စားရဲပေ။ သူ၏နောက်တွင်ကား ချင်းမုန်ဒေသမှ ပါရမီရှင်များ ဖြစ်ကြသည်။ မိုဖန်၊ လီလီယန်ရီနှင့် တခြားလူများကလည်း မျက်နှာများ သိပ်မကောင်းကြပေ။ ယနေ့ ရီဖူရှင်းတို့ သုံးဦး၏ စွမ်းဆောင်ရည်က လွန်ကဲလွန်းလှသည်။

ရီရှောင်၊ ချူခွန်ယမ်နှင့် တခြားလူများကား ပိုမို၍ပင် ဆွံ့အနေကြသည်။

အထူးသဖြင့် ရီရှောင်၏ မျက်လုံးများတွင် ရှုပ်ထွေးမှုများ ရှိနေသည်။

အချိန်များ တဖြည်းဖြည်းနှင့် ကုန်လွန်သွားပြီး အတန်ကြာလျှင် ယွန်ရှင်းမိုက စတင်ရွေ့လျားသည်ကို မြင်ကြရသည်။ သူမက ရှေ့ကို ရွေ့လျားရန် စတင် ကြိုးပမ်းလိုက်သည်။ လူတိုင်း၏ ထိတ်လန့်နေသော မျက်လုံးများအောက်တွင် သူမက ဆယ်လှမ်းအထိ လှမ်းသွားသည်ကို မြင်ကြရသည်။ ထို့နောက် သူမက ဆယ့်တစ်လှမ်းမြောက်ကို လှမ်းပြီး အောင်မြင်သွားသည်ကို မြင်ရ၏။ လူအများအပြားက အံ့အားသင့်စိတ်ကို မချုပ်တည်းနိုင်ဘဲ ရီဖူရှင်းကို ကြည့်ကြသည်။ ကြည့်ရသည်မှာ ယွန်ရှင်းမိုက ရီဖူရှင်း၏ အကူအညီကြောင့်သာ ဤကဲ့သို့ စွမ်းဆောင်နိုင်ခြင်း ဖြစ်သည်။ သူက နိုဘယ်ရုပ်တု၏ အနုပညာရသသိများအား ယွန်ရှင်းမို နားလည်စေရန် ပို့လွှတ်ခဲ့သည်။

ခဏကြာလျှင် ယွန်ရှင်းမိုက ဆယ့်နှစ်လှမ်းမြောက်ကိုလှမ်းပြီး ထို့နောက် ဆယ့်သုံးလှမ်းမြောက်ကို လှမ်းနိုင်ခဲ့သည်။ ထို့နောက် သူမက လိုဏ်ဂူထဲကို ဝင်ရောက်ပြီး တိတ်ဆိတ်သော တစ်နေရာတွင် ထိုင်နေသည်။ ထိုအဖြစ်ကာ ကျောက်ဟန်၏ အခြေအနေကို ပိုမိုဆိုးရွားစေသည်။ ယန်ဇီကျီနှင့် လျိုယွန်တို့၏ မျက်နှာများလည်း ပျက်ယွင်းနေသည်။

ယွန်ရှင်းမို တစ်ယောက်တည်းသာ မဟုတ်ပေ။ နောက်ထပ် လင်းယွီယို၊ သူမ၏ သက်တော်စောင့်များ၊ သိမ်းငှက်နက်ပင်လျှင် ရီဖူရှင်း၏ အကူအညီဖြင့် သေမင်းခြေလှမ်းများကို ဖြတ်ကျော်နိုင်ခဲ့ကြသည်။ သူတို့ကလည်း လိုဏ်ဂူထဲသို့ ဝင်ရောက်နိုင်ခဲ့ကြသည်။

မှန်သည်။ သူတို့က ရီဖူရှင်း၏ အကူအညီဖြင့်သာ လိုဏ်ဂူထဲကို ရောက်ရှိခဲ့ကြခြင်းဖြစ်ရာ သူတို့ လက်ခံရရှိသော ကံစွမ်းအားများမှာ ကိုယ်တိုင် အတားအဆီးများအား အန်တု၍ကျော်ဖြတ်ခဲ့သော ရီဝူချင်းနှင့် ယူချင်းတို့လောက် များပြားခြင်း မရှိပေ။ သို့တိုင်အောင် သူတို့က များစွာသော ကံစွမ်းအားများကို ရရှိခဲ့ကြသည်။ ထို့နောက် သူတို့က လိုဏ်ဂူထဲတွင် အေးဆေးစွာဖြင့် လိုဏ်ဂူ၏ အနုပညာရသများကို ဆက်လက် ဆင်ခြင်နိုင်ပြီဖြစ်သည်။ လူတိုင်းက ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အနေကြသည်။ ဒါက အမှန်တကယ် ဖြစ်နိုင်ပါသည်လော။

ရီရှောင်က ရီဖူရှင်းအား အနည်းငယ်သော တွန့်ဆုတ်မှုဖြင့် ကြည့်လိုက်သည်။ လင်းယွီယိုနှင့် တခြားလူများက လိုဏ်ဂူထဲတွင် တန်ခိုးကျင့်နေသည်ကို မြင်လျှင် သူက တစ်စုံတစ်ခုကို ဆုံးဖြတ်လိုက်ဟန်တူသည်။ ရီရှောင်က လှမ်းခေါ်လိုက်သည်… “ရီဖူရှင်း…”

ရီဖူရှင်းက နိုဘယ်ရုပ်တုများကို ကြည့်နေရင်းက ရီရှောင်ဘက်ကို လှည့်လိုက်သည်… “ပြောပါ…အရှင့်သား…”

“ငါတို့ကို လိုဏ်ဂူထဲကို ခေါ်ယူပေး…” သူက တည်ငြိမ်စွာ ပြောသည်။

ရီရှောင်က “ငါ့ကို…” ဟု ပြောမည့်အစား “ငါတို့ကို…” ဟု ပြောသည်။ သူက ကန်ယီကျောင်းတော်မှ လူများကိုပါ ထည့်သွင်းလိုက်ခြင်း ဖြစ်သည်။ သိသာစွာပင် မိမိတစ်ယောက်တည်းအား ခေါ်ယူခိုင်းရန် ရှက်ရွံ့နေခြင်းပင်။

ရီဖူရှင်းကို တောင်းဆိုခြင်းက သိက္ခာကျဆင်းသည်ကို ရီရှောင်သိသည်။ သို့သော် သူက ခြေလှမ်း လေးလှမ်းမျှသာ လှမ်းနိုင်ခဲ့သည်။ အကယ်၍ သည်နှုန်းအတိုင်းသာဆို သူကား နိုဘယ်ကံစွမ်းအားကို ရရှိရင် ခက်ခဲပေသည်။ သူက နိုဘယ်ကံစွမ်းအားကို လိုအပ်သည်။ အကယ်၍ သူ့တွင် နိုဘယ်ကံစွမ်းအားရှိလျှင် ထီးနန်းက သူ့အပိုင်ဖြစ်ပေမည်။ သူက လျိုဂျင်လန်ကဲ့သို့ပင် အခွင့်အရေးရနိုင်သည်။ ကန်ယီနိုင်ငံထီးနန်းက ဒုတိယ ရွေးချယ်မှုသာ ဖြစ်သည်။ ထို့ကြောင့် သူက မိမိကိုယ်ကို နှိမ့်ချလျက် တောင်းဆိုလိုက်ခြင်းပင်။ သို့တိုင်အောင် သူ၏ လေသံက အေးစက်နေကာ ရီဖူရှင်းကို တောင်းဆိုနေသည့်အစား စေခိုင်းနေသည်နှင့် တူပေသည်။

ရီရှောင်၏ စကားကို ကြားလျှင် ရီဖူရှင်းက ပြုံးလိုက်သည်။ “ဧကရာဇ်က ကျုပ်တို့ကိုယ် ကျုပ်တို့ အားကိုးရမယ် ပြောမှတော့ ကျွန်တော်တို့က တခြားလူတွေအပေါ် အားမကိုးသင့်ဘူး… အရှင့်သားက ဒါကို နားလည်ပြီး ကိုယ့်ကိုယ်ကိုယ် အားကိုးမယ်လို့ ကျုပ်ယုံတယ်…” ထိုစကားကား ရှေးဟောင်းမြေရိုင်းဒေသကို ခြေချမိချင်း ရီရှောင်က ရီဖူရှင်းကို ပြောခဲ့ခြင်း ဖြစ်သော်လည်း ယခု ရီဖူရှင်းက သူ့အား ထိုစကားကို ပြန်ပြောလိုက်သည်။

ရီဖူရှင်းက ဧကရာဇ်ရီ၏ ကျေးဇူးကို မမေ့ပေ။ အကယ်၍ ရီရှောင်ကသာ သူ့အား ကောင်းမွန်စွာ ဆက်ဆံခဲ့လျှင် သူက လိုလိုလားလား ကူညီမည်ဖြစ်သည်။ သို့သော် ရီရှောင်က ရီဖူရှင်း၏ ရပ်တည်ချက်ကို တစ်ဖက်သတ်အမြင်ဖြင့် ဆုံးဖြတ်ပြီးမှတော့ ရီဖူရှင်းက ထိုအစီအစဉ်အတိုင်း သွားရုံသာ ရှိတော့သည်။

ထိုစကားများကို ကြားလျှင် ရီရှောင်၏ မျက်နှာ မည်းမှောင်သွားသည်။ သူက မာနအား နှိမ့်ချလျက် တောင်းဆိုခဲ့သည့်တိုင် ငြင်းပယ်ခံရသည်။ ရီဖူရှင်းက သူ့အား လုံးဝ အရှက်ခွဲခဲ့ခြင်းဖြစ်သည်။ သူက ရီဖူရှင်းအား အေးစက်စွာ ကြည့်ကာ မည်သို့မှ ထပ်မပြောတော့ပေ။ ရီဖူရှင်းက ဆက်လက်၍ တန်ခိုးကျင့်သည်။ သူက ရုပ်တုများကို လေ့လာဆင်ခြင်ကာ သူ၏ ဓမ္မကို အခြေခိုင်အောင် တည်ဆောက်လိုသည်။

ထိုအချိန်တွင် လိုဏ်ဂူအတွင်းတွင် မူလတည်းက ထိုင်ကာ တန်ခိုးကျင့်နေသောသူ နှစ်ဦးထဲမှ တစ်ယောက်က စတင် ရွေ့လျားလာသည်။ စက္ကန့်ပိုင်းအတွင်း အကြည့် အတော်များများက သူ့ထံ ရောက်လာသည်။ သူတို့အားလုံး ထိုလူငယ်ကို သိကြသည်။

ထိုလူငယ်က လိုဏ်ဂူအတွင်းမှနေ၍ ကျောက်ဟန်ရှိရာသို့ လျှောက်လာသည်။ သူ၏ ရုပ်ရည်မှာ အလွန်ချောမောပြီး သူ၏ ကိုယ်ရောင်ကိုယ်ဝါက ထူးခြားသော ခံစားမှုကို ပေးသည်။ သူ၏ မျက်လုံး အကြည့်များက လေးနက်ပြီး တစ်စုံတစ်ယောက်အား မမြင်ရသော ဖိအားများ ပိုပေးစွမ်းစေနိုင်သည်။

ကျောက်ဟန်က သူ့ကိုမြင်လျှင် ချက်ချင်း နှုတ်ဆက်သည်… “သခင်လေးချန်…”

“တောင်တစ်တောင်ထက် ပိုမြင့်တဲ့တောင်ရှိတယ်… ကောင်းကင်ထက် ပိုမြင့်တဲ့ ကောင်းကင်ရှိတယ်… အခု ဒီစကားကို မင်း နားလည်ပြီလား…” လူငယ်က တည်ငြိမ်စွာ ပြောသည်။ ကျောက်ဟန်က ခေါင်းညိတ်သည်။ ရီဖူရှင်းက သူ၏ပါရမီထက် များစွာ သာလွန်သည်ကို ဝန်ခံရမည် ဖြစ်သော်လည်း သူကား လက်ခံရန် ခက်ခဲနေဆဲ ဖြစ်သည်။

“သွားတော့ …” လူငယ်က ပြောသည်။ ကျောက်ဟန်က ရီဖူရှင်းက တစ်ချက်ကြည့်ကာ ခေါင်းညိတ်လျက် ထိုနေရာမှ ထွက်သွားရန် ဟန်ပြင်လိုက်သည်။ ထိုလူငယ်၏ စကားက ရီဖူရှင်းထံမှ ပေးစွမ်းနိုင်သော အန္တရာယ်ထက်ပိုမို လွှမ်းမိုးမှု ရှိပုံရသည်။

လိုဏ်ဂူထဲတွင် ထိုင်လျက် တန်ခိုးကျင့်နေသော ရီဖူရှင်း မျက်မှောင်ကုတ် သွားသည်။ သူက တစ်ချက် ကြည့်လိုက်လျှင် မမြင်ရသော အားလှိုင်းတစ်ခုက ကျောက်ဟန်ထံ တိုးဝင်သွားသည်။

တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ် ကောင်းသော အားလှိုင်းတစ်ခုက လူငယ်ထံမှ ကွဲထွက်လာသည်။ ထိုအရာက နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားကာ ကျောက်ဟန်အား ရစ်ပတ် ကာကွယ်ထားသည်။ သူက ချက်ချင်း နောက်ဆုတ်ကာ လိုဏ်ဂူနှင့် အနည်းငယ်ဝေးသို့ နေရာသို့ ခုန်လွှားသွားသည်။

နဂါးက လူငယ်ထံသို့ ပြန်လည် ဝင်ရောက် ပျောက်ကွယ်သွားသည်။ လူငယ်၏ ခန္ဓာကိုယ်က အလွန် စူးရှတောက်ပသော ကိုယ်ရောင်ကိုယ်ဝါများ တောက်ပနေသည်။

နိုဘယ်ကံစွမ်းအား။ လူတိုင်းက ထိတ်လန့်စွာ ကြည့်လိုက်ကြသည်။ သူကား ချင်းမုန်ဒေသမှ ကြောက်မက်ဖွယ် ကောင်းသော ပါရမီကို ပိုင်ဆိုင်ထားသော လူငယ်တစ်ဦး ဖြစ်သည်။

“ဒါက အသေးအမွှား ကိစ္စတစ်ခုပဲ… အဆုံးသတ်လိုက်တော့…” လူငယ်က ရီဖူရှင်းကို ပြောသည်။ သူ၏ စကားတွင် နားထောင်သူအား အမိန့်နာခံစေနိုင်သော မမြင်ရသော အားအင်တစ်ခု ရှိသည်။

ချင်းမုန်ဒေသရှိ လူငယ်မျိုးဆက်များထဲတွင် ထိုလူငယ်၏ စကားမှာ လူငယ်များအားလုံး နာခံရသော အမိန့်ပင်ဖြစ်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset