Switch Mode

အခန်း (၆၈၂)

ကြောက်မက်ဖွယ်ရာ ဧရာမသတ္တဝါကြီး

ဝမ်ပေါင်လဲ့မှာ စိတ်ထဲ၌ တာအိုဂါထာတော်အား ရွတ်ဖတ်နေရင်း နှုတ်မှ လုံးဝမတူသည့် စကားတစ်ခွန်းကို အော်ပြောကာ သူ၏ရန်သူများကို တိုက်ခိုက်လိုက်ခြင်း ဖြစ်၏။ သူသည် ထိုကဲ့သို့ ကြိမ်ဖန်များစွာ တိုက်ခိုက်ခဲ့ဖူးသည်ဖြစ်ရာ အကျင့်တစ်ခုကဲ့သို့ပင် ဖြစ်နေပြီ ဖြစ်သည်။

ဂါထာတော်၏ စွမ်းအားများမှာ ကောင်းကင်ပေါ်မှ ကျဆင်းလာကြသောကြောင့် အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူငါးယောက်မှာ အသိစိတ်ပျောက်လုမတတ် ကြောက်ရွံ့တုန်လှုပ်သွားကြတော့သည်။ သူတို့မှာ တိုက်ပွဲအတွေ့အကြုံ ရင့်သန်နေသည့် စစ်သည်တော်များ ဖြစ်ကြသည့်တိုင်အောင် ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာသည့် စွမ်းအားကြီးကြောင့် တုန်လှုပ်ချောက်ချားသွားရဆဲပင်။ ထို့ကြောင့် သူတို့ထဲမှ နှစ်ယောက်သာလျှင် အချိန်မီ ဆုတ်ခွာသွားနိုင်လိုက်၏။ အခြား ကျင့်ကြံသူသုံးယောက်မှာမူ နှေးကွေးလွန်းနေသောကြောင့် ဝမ်ပေါင်လဲ့မှာ တလိပ်လိပ်ထနေသော မီးခိုးငွေ့များနှင့်အတူ သူတို့၏ရှေ့၌ ချက်ချင်းဆိုသလိုပင် ပေါပေါက်လာတော့သည်။

ထိုအခါ ကောင်းကင်ယံထဲ၌ ထစ်ချုန်းသံကြီးတစ်သံ ထွက်ပေါ်လာပြီး ထိုမီးခိုးငွေ့များမှာ ပေါက်ကွဲသွား၏။ ထိုပေါက်ကွဲမှုကြောင့် ထွက်ပေါ်လာသည့် တုန်ခါမှုလှိုင်းများကြောင့် အဆုံးမဲ့မျိုးနွယ်စုဝင် သုံးယောက်မှာ ပါးစပ်ထဲမှ သွေးများ ပန်းထွက်လာကြတော့သည်။ မကြာသေးမီတုန်းက စကားပြောနေခဲ့သည့် တစ်ယောက်မှာဆိုလျှင် ပေါက်ကွဲမှု၏ ရှေ့တည့်တည့်တွင် ရှိနေ၏။ ထိုအချိန်တွင် အလွန်အင်မတန်မှ တုတ်ခိုင်သော ဧရာမ လက်ကြီးတစ်ဖက်မှာ ရုတ်တရက်ဆိုသလို ရှေ့သို့ ဆန့်ထွက်လာပြီး သူ၏ဦးခေါင်းအား လှမ်း၍ ဖမ်းဆုပ်လိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာ ပေါ်ပေါက်လာပြီးနောက် ထို အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူ၏ ဦးခေါင်းအား သူ၏လက်ဝါးဖြင့် အားပါးပါးဆုပ်ကိုင်ကာ သူ့အား မြေကြီးပေါ်သို့ အရှိန်ဖြင့် တွန်းချလိုက်၏။ ထိုအချင်းအရာ အားလုံးမှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ခဏအကြာတွင် မိုးခြိမ်းသံကဲ့သို့သော အုန်းခနဲ မြည်သံကြီးတစ်သံ ထွက်ပေါ်လာပြီး မြေပြင်ပေါ်၌ ဧရာမချိုင့်ခွက်ကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။

ထိုကျင့်ကြံသူကြီး၏ နာကြည်းဖွယ်ရာ အော်ဟစ်သံများမှာ အုန်းခနဲမြည်သံကြီး၏ အောက်တွင် တိမ်မြုပ်ပျောက်ကွယ်သွားရ၏။ လေပေါ်တွင် ကျန်ရစ်နေခဲ့သည့် အခြား အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူလေးယောက်မှာမူ မျက်နှာအမူအရာများ ပြောင်းလဲသွားကြပြီဖြစ်သည်။ သူတို့မှာ ဝမ်ပေါင်လဲ့တစ်ယောက် ချိုင့်ခွက်ကြီးထဲမှ ထွက်လာသည်ကို မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်နေကြ၏။

သူသည် မိုးထိုးလုမတတ် မြင့်မားနေသော အသားလုံးကြီးတစ်လုံးနှင့် တူနေသောကြောင့် အလွန်အင်မတန်မှ ကြောက်မက်ဖွယ်ရာကောင်းနေတော့သည်။ သူသည် လူတစ်ယောက်နှင့်ပင် မတူတော့ဘဲ အသိစိတ်ပျောက်နေသည့် ရှေးဟောင်းသားရဲကြီးတစ်ကောင်နှင့်ပင် ပို၍ဆင်တူနေ၏။ သူ့ဆီမှ ထွက်ပေါ်နေသည့် စွမ်းအင်များမှာ လေထဲတွင် ပြည့်နှက်နေသောကြောင့် အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူများမှာ ကြောက်ရွံ့တုန်လှုပ်နေကြရတော့သည်။

ထိုမြင်ကွင်းအား ပို၍ ကြောက်မက်ဖွယ်ရာကောင်းသွားစေသည့် အရာမှာ… ထို အသားလုံးကြီး၏ ဘေးပတ်ပတ်လည်တွင် ရေဘဝဲလက်တံများကဲ့သို့ ယိမ်းနွဲ့နေကြသည့် အနီရောင် စွမ်းအင်စီးဆင်းမှု လမ်းကြောင်းများ ဖြစ်ကြပေသည်။ ဝမ်ပေါင်လဲ့တစ်ယောက် ချိုင့်ခွက်ကြီးထဲမှ ထွက်လာချိန်တွင် ၎င်းတို့မှာ တစ်ခုနှင့်တစ်ခု ရစ်ပတ်သွားကြပြီး စက်ဆုပ်ဖွယ်ရာကောင်းသည့် ချပ်ဝတ်တန်ဆာကြီး တစ်ခုအသွင် ပြောင်းလဲသွားကြသဖြင့် သူ၏ ပုံစံမှာ ပို၍ပင် ရက်စက်ကြမ်းကြုတ်သည်ပုံ ပေါက်နေတော့သည်။ သူသည် အဝလွန်နေသည့် ဧရာမ စစ်ပွဲနတ်ဘုရားကြီးတစ်ပါးနှင့် တူနေ၏။

သူ၏ ညာဘက်လက်ထဲတွင်မူ ရုပ်အလောင်းတစ်ခုအား ဆွဲလာ၏။ ၎င်း၏ ဦးခေါင်းသုံးလုံးစလုံးမှာ တစ်စစီ ပေါက်ကွဲသွားကြပြီဖြစ်ရာ သူ၏နောက်ဘက်ရှိ မြေပြင်ပေါ်တွင် သွေးရာများ အတန်းလိုက် ကျန်ရစ်ခဲ့သည်။ ထိုမြင်ကွင်းကြောင့် လူတိုင်းမှာ ကျောချမ်းသွားရတော့သည်။

” မင်းက ဘယ်လူမှုအဖွဲ့အစည်းကလဲကွ ”

” ဒါ အဆုံးမဲ့မျိုးနွယ်စုရဲ့ ပိုင်နက်ပဲ။ မင်း နားလည်မှုလွဲနေတာ ဖြစ်မယ် ” ကျန်ရစ်နေသေးသည့် ကျင့်ကြံသူလေးယောက်မှာ ထိုမြင်ကွင်းကြီးအားကြည့်ကာ ဝမ်ပေါင်လဲ့အား စကားလှမ်းပြောလိုက်ကြပြီးနောက် သူတို့အချင်းချင်း လေသံတိုးတိုးဖြင့် ဆွေးနွေးနေကြ၏။

” အဲတာ ဘယ်လို သတ္တဝါကြီးလဲဟ ”

” ဘီလူးလူမူအဖွဲ့အစည်းလို့ခေါ်တဲ့ မျိုးနွယ်စုတစ်ခုအကြောင်းကို ငါ ကြားဖူးထားတယ်။ အဲဒီ လူမှုအဖွဲ့အစည်းထဲက လူတိုင်းက မွေးကတည်းက အသားလုံးကြီးတွေပုံစံနဲ့ မွေးလာကြတာတဲ့။ သူတို့တွေ ကျင့်ကြံခြင်းအဆင့် တိုးတက်လာတိုင်း အဲဒီ အသားလုံးကြီးက ပိုပြီးတော့ကြီးလာတာ။ နောက်ဆုံး ဂြိုဟ်တစ်ခုလုံးကိုပါ ဝါးမျိုပစ်နိုင်တဲ့ အရွယ်အစားအထိ ရောက်အောင် ဆက်ပြီးတော့ ကြီးသွားနိုင်စွမ်း ရှိတယ်တဲ့ ”

” ဒီကောင်က ယွမ်ယင်အဆင့်မှာပဲ ရှိနေသေးတာကို စောစောတုန်းက ဝိညာဉ်ကြားခံနယ်အဆင့် စွမ်းအားတွေကို ထုတ်ပြခဲ့တာ။ သူက အဲဒီ ဘီလူး လူမှုအဖွဲ့အစည်းကများ ဖြစ်နေမလား ” အဆုံးမဲ့မျိုးနွယ်စုဝင် လေးယောက်မှာ စိုးရိမ်စိတ်များကြောင့် အသက်ရှူသံများ မြန်ဆန်လာကြ၏။ ဝမ်ပေါင်လဲ့ ထုတ်လွှတ်ခဲ့သည့် ဝိညာဉ်စွမ်းအင်များနှင့် ယုံနိုင်ဖွယ် မရှိလောက်အောင် ကြီးမားနေသော သူ၏ ခန္ဓာကိုယ်ကြီးတို့ကြောင့် သူတို့မှာ ကြောက်ဒူးတုန်နေကြရပြီဖြစ်သည်။

ဝမ်ပေါင်လဲ့မှာမူ သူတို့၏ပြောစကားများကို ဂရုစိုက်နေခြင်းမရှိဘဲ အေးစက်စက်မျက်ဝန်းများဖြင့် ရုပ်အလောင်းကြီးအား တရွတ်တိုက် ဆွဲလာ၏။ ထို့နောက် သူသည် ရုတ်တရက်ဆိုသလို အရှိန်မြှင့်တင်လိုက်ပြီး လေထဲတွင် ရှိနေသည့် အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူများဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားလိုက်တော့သည်။ ထိုမြင်ကွင်းမှာ ဧရာမ အသားလုံးကြီးတစ်လုံး လိမ့်သွားသကဲ့သို့ပင်။

ထိုအခါ သူ၏ ရန်သူများမှာ မျက်နှာအမူအရာများ ပြောင်းလဲသွားကြပြီး ချက်ချင်းဆိုသလိုပင် နောက်သို့ဆုတ်ခွာသွားကြ၏။ ထိုအချိန်တွင် ဂါထာတော်ကြီး၏ စွမ်းအားများမှာ ပြန်လည်ပေါ်ပေါက်လာကာ မိုးကောင်းကင်ပေါ်မှ ကျဆင်းလာပြီးနောက် တိတ်တဆိတ် ပေါက်ကွဲသွားတော့သည်။ ထို့ကြောင့် ထို ကျင့်ကြံသူလေးယောက်မှာ တစ်ကိုယ်လုံးတုန်ရီသွားကြပြီး ဆွံ့အမှင်တက်ကာ မူးဝေသွားကြ၏။ ဝမ်ပေါင်လဲ့မှာ သူတို့၏အနီးသို့ ရောက်လာပြီးနောက် လက်သီးဖြင့် ထိုးနှက်ခြင်းမရှိဘဲ သူ၏ ဧရာမ ခန္ဓာကိုယ်ကြီးဖြင့် ကျင့်ကြံသူတစ်ယောက်အား ဝင်တိုက်ပစ်လိုက်တော့သည်။

ထို့ကြောင့် လေထဲတွင် ထစ်ချုန်းသံများ ပဲ့တင်ထပ်သွား၏။ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးနှင့် ဝမ်ပေါင်လဲ့၏ အပြင်ခန္ဓာကိုယ် နှစ်ခုစလုံးဆီမှ ထွက်ပေါ်နေသည့် စွမ်းအားများမှာ ပေါင်းစည်းသွားကြသောကြောင့် ထိုတိုက်ကွက်ကြီးမှာ ကြောက်မက်ဖွယ်ရာ ကောင်းလှပေသည်။ ထို ကျင့်ကြံသူမှာ အ‌သေးစား ဥက္ကာခဲတစ်လုံး၏ ဝင်တိုက်ခြင်းကို ခံလိုက်ရသည့်အလား ခံစားလိုက်ရသဖြင့် တဂျွတ်ဂျွတ်မြည်သံများနှင့် နာကြည်းစွာ အော်ဟစ်မြည်တမ်းသံများ ထွက်ပေါ်လာတော့သည်။ ထို့နောက် သူသည် ထိုတိုက်ကွက်အား တောင့်ခံနိုင်စွမ်း မရှိတော့သဖြင့် သူ၏ ခန္ဓာကိုယ်မှာ ချက်ချင်းဆိုသလိုပင် ပေါက်ကွဲထွက်သွားပြီး လေထဲ၌ သွေးများဖြင့် ပြည့်နှက်သွား၏။ သူ၏ ယွမ်ယင်ဝိညာဉ်မှာ ထွက်ပြေးရန် ကြိုးစားလိုက်ပါသော်လည်း ဝမ်ပေါင်လဲ့၏ ဝါးမျိုခြင်းသစ်စေ့နှင့် ကျူးသိုပညာရပ်တို့အား ရှောင်တိမ်းနိုင်စွမ်းမရှိပေ။

ထို ယွမ်ယင်ဝိညာဉ်မှာ အစွမ်းကုန် ကြိုးစားရုန်းကန်နေပါသော်လည်း ရုတ်တရက်ဆိုသလို ပေါ်ထွက်လာသည့် စုပ်ယူအားများဆီမှ ထွက်ပြေးလွတ်မြောက်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ၎င်းမှာ ဝမ်ပေါင်လဲ့ရှိရာသို့ ဆွဲငင်ခံလိုက်ရပြီးနောက် သူ၏ ကျူးသိုပညာရပ်မှာ ၎င်းအား ချက်ချင်းဆိုသလိုပင် ဝါးမျိုပစ်လိုက်တော့သည်။ ဝမ်ပေါင်လဲ့မှာမူ လေချဉ်တက်ကာ နှုတ်ခမ်းအား လျှာဖြင့် လျက်လိုက်ပြီးနောက် ကျန်ရှိနေသေးသည့် အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူသုံးယောက်အား လှမ်း၍ကြည့်လိုက်၏။ သူတို့မှာ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ရီနေကြပြီး ဦးရေခွံများ ထုံကျဉ်နေကြပြီ ဖြစ်သည်။ ထို့ကြောင့် သူတို့မှာ တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ လူစုခွဲကာ အဝေးသို့ ထွက်ပြေးသွားကြတော့သည်။

” ထွက်ပြေးဖို့ ကြိုးစားနေတယ်ပေါ့ ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးသွားကာ သူ၏ ညာဘက်လက်ထဲမှ ရုပ်အလောင်းအား ရှေ့သို့ အားပါပါ လှမ်းပစ်လိုက်၏။ ထိုအခါ ထိုရုပ်အလောင်းကြီးမှာ သူ၏ညာဘက်သို့ ပြေးထွက်သွားနေသည့် အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူဆီသို့ လွင့်ထွက်သွားသည်။ သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးမှာမူ တွန့်လိမ်ပုံပျက်ကာ အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားပြီးနောက် အနီရောင် စွမ်းအင်စီးဆင်းမှု လမ်းကြောင်းများအသွင် ပြောင်းလဲသွားကြပြီး အခြား အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူတစ်ယောက်၏ နောက်သို့ ပြေးလိုက်သွားကြ၏။ ၎င်းတို့မှာ သူ့အား ချက်ချင်းဆိုသလိုပင် လိုက်မီသွားကြသည်။ ထို ကျင့်ကြံသူမှာ အသံကုန်အော်ဟစ်မြည်တမ်းကာ ရုန်းကန်နေပါသော်လည်း အချည်းနှီးပင်။ ထို စွမ်းအင်စီးဆင်းမှု လမ်းကြောင်းများမှာ သူ၏ ခန္ဓာကိုယ်အား လွှမ်းခြုံသွား၏။ ထို့ကြောင့် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးမှာ သူ့အား ချုပ်နှောင်ထားလိုက်တော့သည်။

သူ၏ ကြောက်လန့်တကြား အော်ဟစ်သံများမှာလည်း ချက်ချင်းဆိုသလိုပင် ရပ်တန့်သွား၏။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ ရှေ့သို့ပြေးထွက်သွားလိုက်ပြီးနောက် လေထဲတွင် ပြန်လည်ပေါ်ပေါက်လာသည်။ သူသည် နောက်ထပ် အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူတစ်ယောက်၏ နောက်သို့‌ ပြေးလိုက်သွားခြင်းဖြစ်သည်။

သူ၏ ခန္ဓာကိုယ်ပေါ်တွင် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီး ရှိမနေတော့သောကြောင့် သူ၏ တိုက်ရည်ခိုက်ရည်စွမ်းအားများမှာ ဝိညာဉ်ကြားခံနယ်အဆင့်မှ လျော့ကျသွားပြီဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သူသည် တောင့်တင်းခိုင်မာသည့် အပြင်ခန္ဓာကိုယ်တစ်ခုနှင့် ယွမ်ယင်အဆင့် ကျင့်ကြံခြင်းစွမ်းအားများကို ပိုင်ဆိုင်ထားဆဲဖြစ်သလို သူ၏ ကိုယ်ထဲ၌ ဝိညာဉ်ချီ အမြောက်အမြား ကိန်းအောင်းနေဆဲဖြစ်ရာ သူ၏ စွမ်းအားများမှာ ကြောက်မက်ဖွယ်ရာ ကောင်းနေဆဲပင်။ ထို အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူမှာ ထိုစွမ်းအားများဖြင့် ရင်ဆိုင်နေရသည်ဖြစ်ရာ အသက်ရှူကြိမ် အနည်းငယ်မျှသာ တောင့်ခံနိုင်လိုက်၏။ ဝမ်ပေါင်လဲ့မှာ သူ့အား ဆွေ့ရှင်းပေါင် လက်သီးချက်ဖြင့် ဆက်ချက်တိတိ အဆက်မပြတ် ထိုးနှက်လိုက်သဖြင့် သူသည် မြေကြီးပေါ်သို့ တလိမ့်ခေါက်ကွေး ပြုတ်ကျသွားကာ ဒဏ်ရာအပြင်းထန်ရသွားပြီး ပါးစပ်ထဲမှ သွေးများစီးကျလာတော့သည်။

ထို့နောက် ဝမ်ပေါင်လဲ့မှာ သူ၏လက်အား ဝှေ့ယမ်းလိုက်သောအခါ ရုပ်သေးရုပ်မြောက်များစွာ ပျံထွက်လာကြပြီး ထို အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူအား ဖမ်းဆီးချုပ်နှောင်ထားလိုက်ကြ၏။ ထို့နောက် သူသည် ထို ကျင့်ကြံသူ၏ ယွမ်ယင်ဝိညာဉ် အဝေးသို့ ထွက်မပြေးနိုင်စေရန် သူ၏ ဝမ်းဗိုက်တည့်တည့်အား အားပါပါ ကန်ကျောက်လိုက်သေးသည်။ ထိုကန်ချက်ကြောင့် ထို ကျင့်ကြံသူ၏ ခန္ဓာကိုယ်ထဲသို့ ဝိညာဉ်စွမ်းအင်လှိုင်းများ ဝင်ရောက်သွားပြီး သူ၏ ယွမ်ယင်ဝိညာဉ်အား ဖမ်းဆီးချုပ်နှောင်ထားလိုက်တော့သည်။

ထိုအဖြစ်အပျက်အားလုံးမှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့၏။ သူ၏ညာဘက်သို့ ထွက်ပြေးသွားခဲ့သည့် အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူမှာ ဝမ်ပေါင်လဲ့တစ်ယောက် သူ၏ နောက်ဆုံးမိတ်ဆွေနှစ်ယောက်အား အလွယ်တကူ ဖမ်းဆီးချုပ်နှောင်လိုက်သည်ကို ကြည့်ရင်း ကြက်သေသေသွားရတော့သည်။ သူသည် ဝမ်ပေါင်လဲ့ သူ့ဆီသို့ လှမ်းပစ်လိုက်သည့် ရုပ်အလောင်းကြီးအား ရှောင်တိမ်းလိုက်ပြီးနောက် ခြေကုန်သုတ်ကာ အဝေးသို့ထွက်ပြေးရန် ပြင်လိုက်၏။

ထိုအချိန်တွင် ဦးခေါင်းများမရှိတော့သော ထို ရုပ်အလောင်းကြီးမှာ ရုတ်တရက်ဆိုသလို ပေါက်ကွဲသွား၏။ ထို့နောက် တစ်စစီ ပေါက်ကွဲသွားသည့် ထိုအသားစများထဲမှ အနက်ရောင် အမျှင်အတန်း မြောက်မြားစွာ ထိုးထွက်လာပြီးနောက် လူရိပ်တစ်ခုအဖြစ် ပေါင်းစည်းသွားကြ၏။ ၎င်းမှာ ဝမ်ပေါင်လဲ့၏ ကိုယ်ပွား ဖြစ်ပေသည်။

ထိုကိုယ်ပွားမှာ ရှေ့သို့ပြေးထွက်လာပြီး ထိုကျင့်ကြံသူအား ထွက်မပြေးနိုင်အောင် တားဆီးလိုက်၏။ သို့သော် ၎င်းမှာ ထိုကိုယ်ပွား၏ အဓိကတာဝန်မဟုတ်ပေ။ ထိုကိုယ်ပွားတွင် တာဝန်တစ်ခုသာ ရှိပေသည်။ ၎င်းမှာ ဝမ်ပေါင်လဲ့နှင့် နေရာချင်းလဲရန် ဖြစ်၏။

ဝမ်ပေါင်လဲ့မှာ သူ၏ကိုယ်ပွားနှင့် ချက်ချင်းဆိုသလိုပင် နေရာချင်းလဲလိုက်သည်။ ထိုလုပ်ငန်းစဉ်မှာ မြန်ဆန်လွန်းနေ၏။ နောက်ဆုံး ကျန်ရစ်နေသည့် အဆုံမဲ့မျိုးနွယ်စုဝင်မှာ ကြောက်စိတ်များကြောင့် ရင်ခုန်နှုန်းများ မြန်ဆန်နေရပြီဖြစ်သည်။ သူ အရှိန်မြှင့်တင်နိုင်စွမ်း မရှိခင်မှာပင် ဝမ်ပေါင်လဲ့မှာ သူ့အား ချက်ချင်းဖမ်းဆီးလိုက်၏။ ထို့နောက် ဝမ်ပေါင်လဲ့၏ ဝိညာဉ်စွမ်းအင်များနှင့် ဂါထာတော်ကြီး၏ စွမ်းအားများမှာ အရှိန်အဟုန်ဖြင့် ကျဆင်းလာသောကြောင့် သနားဖွယ်ရာ အော်ဟစ်မြည်တမ်းသံများ ပဲ့တင်ထပ်သွားတော့သည်။ ထို အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူ၏ ဦးခေါင်းနှစ်လုံးမှာမူ ချက်ချင်းဆိုသလိုပင် တစ်စစီ ကြေမွသွား၏။ ထို့နောက် သူသည် မြေကြီးပေါ်သို့ ဘိုင်းခနဲ ပြုတ်ကျသွားပြီး သတိလစ်သွားတော့သည်။

အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူငါးယောက်ထဲမှ နှစ်ယောက်မှာ သေဆုံးသွားကာ နှစ်ယောက်မှာ အပြင်းအထန် ဒဏ်ရာရသွားပြီဖြစ်ပြီး ကျန်တစ်ယောက်မှာ အချိန်တိုလေးအတွင်း ဖမ်းဆီးချုပ်နှောင်ခံလိုက်ရ၏။

ထိုတိုက်ပွဲကြီးအား မြင်လိုက်ရသည့် လူတိုင်းမှာ စကားလုံးများနှင့် ဖော်ပြ၍မရလောက်အောင် အံ့ဩတုန်လှုပ်သွားကြမည်သာ ဖြစ်သည်။

ပုံမှန်ဆိုလျှင် ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူ ဂုဏ်ယူမိနေမည် ဖြစ်ပါသော်လည်း လက်ရှိတွင်မူ သူသည် မပျော်နိုင်သေးပေ။ ဖုန့်ချိုးရန်မှာ သားကောင်တစ်ကောင်ကဲ့သို့ အမဲလိုက်ခံနေခဲ့ရပြီး အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူများမှာ သောင်းကျန်းနေခဲ့သည် မဟုတ်ပါလော။ သူသည် ထိုသို့ ဖြစ်နေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

” ဒီကိစ္စကြီးတစ်ခုလုံးရဲ့ ကြိုးကိုင်ရှင်က တာအိုဘုန်းတော်ကြီးယိုရန် တစ်ယောက်တည်း မဟုတ်တာလား ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ မျက်လုံးများမှေးသွား၏။ ထို့နောက် သူသည် သတိလစ်နေသည့် အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူအား လှမ်းဆွဲကာ ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီးနောက် သူ၏ ရုပ်သေးရုပ်များဖြင့် ချုပ်နှောင်ခံထားရသည့် အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူ၏ ရှေ့တွင် ပြန်လည်ပေါ်ပေါက်လာသည်။

ထို အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူ၏ ဝမ်းဗိုက်မှာ အားပါပါ ကန်ကျောက်ခံထားရသည် မဟုတ်ပါလော။ ထို့ကြောင့် သူ၏ ကျင့်ကြံခြင်းစွမ်းအားများမှာ ဗြောင်းဆန်နေပြီး သူ၏ ယွမ်ယင်ဝိညာဉ်မှာလည်း ထွက်ပြေးလွတ်မြောက်နိုင်စွမ်းမရှိဘဲ ဖြစ်နေရသည်။ ထို့အပြင် သူသည် ရုပ်သေးရုပ်များ၏ ချုပ်နှောင်ခြင်းကိုလည်း ခံထားရသေးသည်ဖြစ်ရာ ဝမ်ပေါင်လဲ့ သူ့ဆီသို့ လျှောက်လှမ်းလာနေသည်ကို စိုက်ကြည့်နေရုံမှတစ်ပါး အခြားမတတ်နိုင်ပေ။ ထို့ကြောင့် သူသည် မျက်ဝန်းများထဲ၌ ရန်လိုနေသည့် အရိပ်အယောင်များ ပြည့်နှက်သွားပြီးနောက် အသံကွဲကြီးဖြင့် ဆိုလိုက်တော့သည်။

” မင်း ဘာကောင်ကြီးဖြစ်နေဖြစ်နေ ငါ ဂရုမစိုက်ဘူး။ မင်းက အဆုံးမဲ့မျိုးနွယ်စုအပေါ် အပြစ်ကျူးလွန်မိသွားပြီကွ။ မင်းကို… ”

” တော်တော်စကားများတဲ့ ကောင်ပဲ ” ဝမ်ပေါင်လဲ့မှာ တည်ကြည်စွာဆိုလိုက်ပြီးနောက် သူ၏ ဘယ်ဘက်လက်အား ထို အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူ၏ ဦးခေါင်းပေါ်သို့ တင်ကာ ဝိညာဉ်ရှာဖွေခြင်း မန္တန်အား သုံးပြုလိုက်တော့သည်။ ယခင်တုန်းက သူသည် ထိုမန္တန်အား ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်စွမ်း မရှိခဲ့ပါသော်လည်း ယခုတွင်မူ သူသည် ယွမ်ယင်အဆင့်သို့ ရောက်နေပြီဖြစ်ရာ ၎င်းမှာ အတော်အသင့် လွယ်ကူလာပြီဖြစ်သည်။

ထို အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူမှာမူ တစ်ကိုယ်လုံး တုန်ရီသွားပြီးနောက် နာကြည်းစွာ အော်ဟစ်မြည်တမ်းလိုက်၏။ ခဏအကြာတွင် ဝမ်ပေါင်လဲ့မှာ မျက်စိမျက်နှာ ပျက်သွားရသည်။ အသက်ရှူကြိမ် ဆယ့်နှစ်ကြိမ်တိတိ ကုန်ဆုံးသွားပြီးနောက် သူသည် ရုတ်တရက်ဆိုသလို ခေါင်းမော့လာပြီး အသက်ရှူသံများ မြန်ဆန်လာတော့သည်။ သူသည် မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည့်ပုံ ပေါက်နေ၏။ ထို့ကြောင့် သူသည် သတိလစ်နေသည့် အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူဘက်သို့ လှည့်ကာ ဝိညာဉ်ရှာဖွေခြင်း မန္တန်အား ထပ်၍ အသုံးပြုလိုက်ပြန်သည်။

သူသည် ထို မန္တန်အား ဒုတိယအကြိမ် အသုံးပြုခဲ့ရာမှ ရရှိခဲ့သည့် အချက်အလက်များကိုလည်း မယုံကြည်နိုင်လောက်အောင် ဖြစ်နေရဆဲပင်။ ထို့ကြောင့် သူသည် သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီး ရှိနေသည့်နေရာသို့ ပျံသန်းသွားလိုက်ပြီးနောက် သူ၏ ချပ်ဝတ်တန်ဆာထဲ၌ ပိတ်မိနေသည့် အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူအား ဆွဲထုတ်လိုက်၏။ ထို့နောက် သူသည် ဝိညာဉ်ရှာဖွေခြင်းမန္တန်အား တတိယအကြိမ်အဖြစ် ထပ်၍ အသုံးပြုလိုက်ပြန်သည်။

ထို သုံးကြိမ်စလုံးမှ သူ ရရှိခဲ့သည့် အချက်အလက်များမှာ အတူတူပင်ဖြစ်သည်။

တာအိုဘုန်းတော်ကြီးယိုရန်မှာ အသက်မသေသေးပေ။ ကျယ်ပြန့်တာအိုနန်းတော်နှင့် ပြည်ထောင်စုကြီးတို့မှာ စစ်မက်ဖြစ်ပွားနေကြပြီ ဖြစ်သည်။

Comment

Leave a Reply

Options

not work with dark mode
Reset