Switch Mode

အခန်း (၆၈၁)

အခန်း (၆၈၁) - ငါးမန်းတစ်ကောင် ဖမ်းမိဖူးလား

ပြည်ထောင်စုကြီး စစ်ပွဲထဲသို့ ရောက်နေသည့်အချက်ကို သိရှိထားခြင်းမရှိသေးသော ဝမ်ပေါင်လဲ့မှာ ဓားကိုယ်ထည်ပိုင်းထဲ၌ ရှိနေဆဲပင်။ သူသည် ကောင်းကင်ထဲ၌ အလျင်အမြန် ပျံသန်းကာ ဟင်းလင်းပြင်အက်ကွဲကြောင်းများ၊ အချုပ်အနှောင်များ၊ ရုတ်တရက်ဆိုသလို ပြောင်းလဲသွားသည့် နယ်မြေများနှင့် ဓားကိုယ်ထည်ပိုင်းထဲ၌ နေထိုင်ကျက်စားနေကြသည့် သားရဲကြီးများကို အထိအခိုက်မရှိ ကျော်ဖြတ်လာခဲ့၏။

မိုးကောင်းကင်ထဲ၌ ပျံသန်းနေသည့် မီးခိုးငွေ့များကို မည်သည့်အရာကမှ တားဆီးနိုင်စွမ်းမရှိသည့်ပုံပင်။ ထိုမီးခိုးငွေ့များမှာ အံ့သြဖွယ်ရာကောင်းလွန်းသောကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏ ကြောက်မက်ဖွယ်ရာ ခန္ဓာကိုယ်ကြီးကိုပင် အများသိအောင် ထုတ်မပြနိုင်ဘဲဖြစ်နေရ၏။

” ဝိတ်ချဖို့ကြိုးစားတာ ဒီတစ်ခေါက် နောက်ဆုံးပဲ ” ဝမ်ပေါင်လဲ့မှာ မီးခိုးငွေ့များထဲတွင် ရှိနေရင်း ရေရွတ်လိုက်၏။ သူသည် စိတ်ပိုင်းဖြတ်ပြီးသွားပြီဖြစ်သည်။ သူ ပြည်ထောင်စုကြီးဆီသို့ ပြန်ရောက်ပြီး ပြည်ထောင်စုဥက္ကဋ္ဌကြီး ဖြစ်သွားသည့်အချိန်သို့ ရောက်လျှင် ကြေညာချက်တစ်ခု ထုတ်ပြန်လိုက်မည်ဖြစ်သည်။ သူသည် ဝဖြိုးခြင်းအား အလှစံနှုန်းအသစ်အဖြစ် သတ်မှတ်ရန် ကြံရွယ်ထား၏။

” လူတိုင်း သူတို့ကိုယ်သူတို့ ဝလာအောင် လုပ်မှဖြစ်မယ်။ အဲတာမှ ကမ္ဘာကြီးက တိုးတက်လာမှာ။ အဲတာမှ တခြားဂြိုဟ်ပေါ်က လူမှုအဖွဲ့အစည်းတွေ ငါတို့ကို မြင်လိုက်တဲ့အချိန်ကျရင် ဖိန့်ဖိန့်တုန်အောင် ကြောက်သွားကြမှာ ” သူသည် ထိုသို့တွေးတောရင်း သူ၏အယူအဆများမှာ ယုတ္တိရှိပေသည်ဟု ပို၍ ခံစားလာရတော့သည်။ ကြီးမားသောခန္ဓာကိုယ်တစ်ခုအား ပိုင်ဆိုင်ထားပါက အခြားသူများကို ခြိမ်းခြောက်နိုင်စွမ်းရှိသည် မဟုတ်ပါလော။

ထိုသို့ဖြင့် တစ်နာရီတိတိ ကုန်ဆုံးသွား၏။ သူ၏ လက်ရှိအမြန်နှုန်းအတိုင်းသာဆိုလျှင် သူသည် ဓားကိုယ်ထည်ပိုင်းထဲမှ နောက်ထပ်တစ်နာရီအတွင်းတွင် ထွက်ခွာသွားနိုင်လိမ့်မည်ဟု ဝမ်ပေါင်လဲ့က ယုံကြည်နေသည်။ သူသည် သူ၏ အနာဂတ်အကြောင်း ထပ်၍ စိတ်ကူးယဉ်နေရင်း ရှေ့သို့ ဆက်လက် ပျံသန်းလာနေစဉ် ရုတ်တရက်ဆိုသလို တစ်စုံတစ်ခုအား သတိထားမိသွားတော့သည်။ မီးခိုးငွေ့များမှာလည်း လေထဲ၌ ရပ်တန့်သွားကာ ပုံစံပြောင်းလဲသွားပြီး ဝမ်ပေါင်လဲ့၏ မျက်နှာကြီးပေါ်ပေါက်လာ၏။

” ငါ ဝိညာဉ်ကြားခံနယ်အဆင့် နတ်ဘုရားစွမ်းရည်တွေကို အာရုံခံမိနေတယ် ” သူသည် အနောက်မြောက်ဖက်သို့ လှည့်ကာ အဝေးသို့ လှမ်းကြည့်နေလိုက်၏။ သူ၏ မျက်ဝန်းများထဲတွင် မည်သည့်အရာကမှ အထူးတဆန်း ဖြစ်မနေပါသော်လည်း သူသည် ယွမ်ယင်အဆင့်သို့ ဖောက်ထွက်သွားနိုင်ခဲ့ပြီဖြစ်ရာ သူ၏ ဝိညာဉ်အာရုံခံနိုင်စွမ်းများမှာ သိသိသာသာတိုးတက်လာပြီ ဖြစ်သည်။ ယခုတွင် သူ၏ အာရုံခံနိုင်စွမ်းများမှာ ထိုနေရာတွင် တစ်စုံတစ်ခု ရှိနေကြောင်း ညွှန်ပြနေ၏။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးသွားရသည်။ သူသည် တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် မီးခိုးငွေ့များကို ထိန်းချုပ်ကာ အနောက်မြောက်အရပ်သို့ ဦးတည်သွားလိုက်တော့သည်။

ထိုနေရာကြီးမှာ မှောင်မိုက်နေပြီး အချုပ်အနှောင်များဖြင့် ပြည့်နှက်နေ၏။ ကောင်းကင်ယံထဲတွင်လည်း ဟင်းလင်းပြင်အက်ကွဲကြောင်းများမှာ ကျုံရာကျပန်း ပေါ်ပေါက်လာတတ်သေးသည်။ ထိုအချိန်တွင် ကောင်းကင်ထဲ၌ မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော်ဖြစ်ကာ ဆံပင်များ ဖွာလန်ကျဲနေသည့် သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက်မှာ အသက်လုကာ ထွက်ပြေးနေ၏။

သူမသည် အပြင်းအထန်ဒဏ်ရာရထားပြီး အရှိန်အဟုန်ဖြင့် ပျံသန်းနေရသဖြင့် ထိုဒဏ်ရာများမှာ ပို၍ပင်ဆိုးရွားလာသောကြောင့် ပါးစပ်ထဲမှ သွေးများ အဆက်မပြတ် စီးကျနေသည်။ သူမ၏နောက်တွင်မူ အေးစက်စက် အငွေ့အသက်များ ထုတ်လွှတ်နေကြသည့် လူရိပ်ပေါင်း မြောက်မြားစွာမှာ သူမအား လိုက်ဖမ်းနေကြသည်။ သူတို့မှာ အရပ်မျက်နှာအနှံ့မှ ရောက်ရှိလာကြပြီး ထို အမျိုးသမီးအား ဝိုင်းထားလိုက်သဖြင့် သူမသည် ပြေးပေါက်ပိတ်သွားရတော့သည်။

ထိုကဲ့သို့ လိုက်လံဖမ်းဆီးနေသူများမှာ တာအိုနန်းတော် ကျင့်ကြံသူများ မဟုတ်ကြပေ။ သူတို့မှာ ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက် ရှိနေကြသောကြောင့် အဆုံးမဲ့မျိုးနွယ်စုဝင်များဖြစ်ကြောင်း သိနိုင်ပေသည်။

ထိုအမျိုးသမီးမှာ တာအိုနန်းတော်မှ မည်သူမဆို ချက်ချင်းမှတ်မိသွားကြမည့် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ပေသည်။ သူမသည်… ကျယ်ပြန့်တာအိုနန်းတော်၏ မဟာထိပ်သီး အကြီးအကဲကြီး လေးယောက်ထဲမှ တစ်ယောက်ဖြစ်သူ ဖုန့်ချိုးရန်ပင် ဖြစ်သည်။

ဝမ်ပေါင်လဲ့တစ်ယောက် အဆုံးမဲ့မျိုးနွယ်စု စစ်သင်္ဘောကြီးထဲ၌ သူ၏ ချပ်ဝတ်တန်ဆာကြီးအား ဖောက်ခွဲပစ်ခဲ့ပြီး ၎င်း၏ အနှောင့်အယှက်စွမ်းအင်များကို ဖျက်ဆီးပစ်ခဲ့စဉ်တုန်းက ကျောက်ယမုန့်တစ်ယောက်သာ ထွက်ပြေးလွတ်မြောက်သွားနိုင်ခဲ့သည် မဟုတ်ပေ။ ဖုန့်ချိုးရန်မှာလည်း လွတ်မြောက်သွားခဲ့၏။

သို့သော် ကျောက်ယမုန့်နှင့် မတူသည်မှာ ဖုန့်ချိုးရန်သည် တာအိုဘုန်းတော်ကြီးယိုရန်၏ အဓိကပစ်မှတ်ထားခြင်းကို ခံခဲ့ရခြင်းပင်။ သူသည် ဒေါသစိတ်များကြောင့် ဝမ်ပေါင်လဲ့၏နောက်သို့ လိုက်သွားခဲ့ပါသော်လည်း အဆုံးမဲ့မျိုးနွယ်စုဝင်များအား ဖုန့်ချိုးရန်နောက်သို့ လိုက်သွားရန် အမိန့်ပေးခဲ့ဆဲပင်။

တာအိုဘုန်းတော်ကြီးယိုရန်မှာ အသက်ပြန်ရှင်လာခဲ့ပြီးနောက် မြဲ့လျဲ့ကျိနှင့် အဆုံးမဲ့မျိုးနွယ်စု စစ်သင်္ဘောကြီးတို့ကို ထိန်းချုပ်ကာ ရှေးဟောင်းဓားကြီးပေါ်မှ ထွက်ခွာသွားပြီး ပြည်ထောင်စုကြီးဆီသို့ ဦးတည်သွားခဲ့၏။ သို့သော်ငြားလည်း ဖုန့်ချိုးရန်အား လိုက်လံရှာဖွေကာ သတ်ဖြတ်ခိုင်းထားသည့် သူ၏ အမိန့်များမှာ အသက်ဝင်နေဆဲပင်။

ဖုန့်ချိုးရန်မှာ သေမင်းခံတွင်းဝမှ သီသီကလေး လွတ်မြောက်လာခဲ့ပြီးနောက် တစ်ချိန်လုံး ပုန်းကွယ်နေခဲ့၏။ အကယ်၍ သူမသာ ဝိညာဉ်ကြားခံနယ်အဆင့်တွင် ရှိမနေဘဲ အသက်ကယ်ပညာရပ်အချို့အား တတ်မြောက်ထားခြင်း မရှိပါက ယခုတွင် အသက်မရှိလောက်တော့ပေ။

မည်သို့ပင်ဆိုစေကာမူ.. လက်ရှိတွင် ဖုန့်ချိုးရန်မှာ မျှော်လင့်ချက်များအားလုံး ပျက်သုဉ်းသွားရပြီ ဖြစ်သည်။ သူမ၏ ကျင့်ကြံခြင်းအဆင့်မှာ ဝိညာဉ်ကြားခံနယ်အဆင့်မှ ယွမ်ယင်အဆင့်သို့ ပြန်၍ ကျရောက်သွားပြီဖြစ်သလို သူမ ပုန်းနေခဲ့သည့် နေရာမှာလည်း ပေါ်သွားခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် သူမသည် ထိုနေရာမှ ထွက်ပြေးလာရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိခဲ့ပေ။ သို့သော် သူမသည် ဒဏ်ရာအပြင်းအထန် ရထားပြီး အားအင်ကုန်ခန်းလုမတတ် မောပန်းနွမ်းနယ်နေသည့်အပြင် နှလုံးသားထဲ၌ အပြစ်ရှိသလို ခံစားနေရသောကြောင့် စိတ်ထောင်းကိုယ်ကြေ ဖြစ်နေ၏။

သူမသည် မျှော်လင့်ချက်များ မရှိတော့သလို ဤအခြေအနေကြီးအား အသက်ရှင်လျက် ကျော်ဖြတ်နိုင်မည်ဟုလည်း ယုံကြည်မှုမရှိတော့ပေ။ သူမ စစ်သင်္ဘောကြီးပေါ်သို့ တက်သွားခဲ့စဉ်ကတည်းက သူမ၏ ကံကြမ္မာမှာ ပြောင်းလဲ၍ မရနိုင်တော့ပေ။

” ဒါ ငါ့ရဲ့ အဆုံးသတ်ပဲလား… ” ဖုန့်ချိုးရန်မှာ နာကြည်းစွာပြုံးလိုက်၏။ ထို့နောက် သူမသည် သူမ၏ ဒဏ်ရာများကို ထိန်းချုပ်နိုင်စွမ်းမရှိတော့သဖြင့် သွေးတစ်ပွက် အန်ထွက်လာတော့သည်။ ထိုဒဏ်ရာများကြောင့် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ချုံးချုံးကျနေရပြီဖြစ်သည်။ သူမ၏ အတွင်းကလီစာများမှာ ပေါက်ပြဲကာ သွေးများထွက်နေကြပြီး သူမ၏ စွမ်းအင်စီးဆင်းမှု လမ်းကြောင်းများမှာလည်း နေရာအနှံ့အပြားတွင် ပျက်စီးသွားကြပြီဖြစ်သည်။ ထို့ကြောင့် သူမသည် တဖြည်းဖြည်းနှင့် အသက်ထွက်သွားတော့မည့်အလား ခံစားနေရသဖြင့် စိတ်ပျက်အားငယ်ကာ လက်မှိုင်ချလိုက်ရုံမှတစ်ပါး အခြား ဘာမှ မတတ်နိုင်တော့ပေ။

အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူ သုံးယောက် သူမအား ဘယ်ညာနှစ်ဖက်မှ ဝိုင်း၍ တိုက်ခိုက်လိုက်ကြသည့် အချိန်တွင် သူမ၏ အမြင်အာရုံများမှာ ဝေဝါးနေပြီ ဖြစ်သည်။ ထို ကျင့်ကြံသူများမှာ လေးထဲမှ ပစ်လွှတ်လိုက်သည့် မြားများကဲ့သို့ သူမဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်ပျံသန်းလာကြ၏။ သူမ၏နောက်တွင် ရှိနေသည့် အခြား အဆုံးမဲ့မျိုးနွယ်စုဝင် တစ်ယောက်မှာလည်း ထိုနည်းတူပင် လှုပ်ရှားလိုက်ပြီးနောက် သူမဆီသို့ တန်တန်းမတ်မတ် ပြေးလာနေပြီ ဖြစ်သည်။ ထို့အပြင် ဖုန့်ချိုးရန်၏ ရှေ့တွင်လည်း နောက်ထပ် အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူတစ်ယောက်မှာ သူမ၏ ညာဘက်မှနေ၍ သူမဆီသို့ တန်းတန်းမတ်မတ် ပြေးလာပြန်သည်။

သူတို့မှာ စုစုပေါင်း ငါးယောက်ရှိကြပြီး အချို့မှာ ရက်စက်ကြမ်းကြုတ်စွာ ပြုံးနေကြသလို အချို့မှာ ခံစားချက်မပါသည့် မျက်နှာအမူအရာများကို ပိုင်ဆိုင်ထားကြပြီး အချို့မှာမူ စိတ်လှုပ်ရှားနေကြသည့်ပုံ ပေါက်နေ၏။ သူတို့မှာ ဒဏ်ရာဟောင်းများမှ အပြည့်အဝ ပြန်လည်သက်သာလာခြင်း မရှိသေးဘဲ ယွမ်ယင်အဆင့် ကျင့်ကြံခြင်းအဆင့်တွင်သာ ရှိနေသေးသည်။ သို့သော် သူတို့ငါး‌ယောက်သာ ပူးပေါင်းလိုက်မည်ဆိုပါက ဒဏ်ရာအပြင်းအထန်ရထားသည့် ဖုန့်ချိုးရန်အား ရင်ဆိုင်တိုက်ခိုက်နိုင်လောက်ပေသည်။ သူတို့မှာ ဖုန့်ချိုးရန်တစ်ယောက် အသက်သေမသွားခင် နောက်ဆုံးတိုက်ကွက်ကြီးတစ်ခုအား ထုတ်သုံးလိုက်မည်ကို စိုးရိမ်နေခဲ့သောကြောင့်သာ သူမသည် ယခုအထိ အသက်ရှင်နေသေးခြင်း ဖြစ်ပေသည်။

သူတို့ သူမအား မသတ်ဘဲထားထားရသည့် နောက်ထပ် အကြောင်းအရင်းတစ်ခု ရှိနေသေးသည်။ တာအိုဘုန်းတော်ကြီးယိုရန်မှာ ဖြစ်နိုင်ပါက သူမအား အရှင်လက်လက် ဖမ်းဆီးပေးရန် အမိန့်ပေးထားခဲ့ခြင်းဖြစ်သည်။ အကယ်၍ ဖုန့်ချိုးရန်သာ သူမအား ထိန်းချုပ်သွားနိုင်မည်ဆိုပါက သူ၏လက်အောက်တွင် နောက်ထပ် ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူတစ်ယောက် ပေါ်ပေါက်လာမည်ဖြစ်သည်။ ထို့အပြင် ဖုန့်ချိုးရန်မှာ တာအိုနန်းတော်ထဲတွင် ရာထူးအဆင့်အတန်း မြင့်မားသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူမသည် တာအိုဘုန်းတော်ကြီးယိုရန်အား တာအိုနန်းတော်၏ အုပ်ချုပ်ရေးပိုင်းတွင် ကူညီပေးနိုင်ပေသည်။

ထို့ကြောင့်လည်း ဖုန့်ချိုးရန်မှာ ယခုအထိ အသက်ရှိနေသေးခြင်း ဖြစ်ပေသည်။ မည်သို့ပင်ဆိုစေကာမူ လက်ရှိတွင် သူမသည် အကြံကုန်နေရပြီဖြစ်၏။ သူမသည် ထောင်ချောက်ထဲတွင်ပိတ်မိနေသော သားကောင်တစ်ကောင်ကဲ့သို့ ခိုကိုးရာမဲ့သလို ခံစားနေရသည်။ နောက်ဆုံးတွင် ထို အဆုံးမဲ့မျိုးနွယ်စုဝင်ငါးယောက်မှာ သူမအား ဖမ်းဆီးရန် အနားသို့ ချဉ်းကပ်လာကြတော့သည်။

ထိုအချိန်တွင် ကောင်းကင်ထဲ၌ ထစ်ချုန်းသံများ မြည်ဟည်းသွားပြီး အလင်းရောင်အကာအရံတစ်ခုမှာ ဖုန့်ချိုးရန်၏ ပတ်ပတ်လည်၌ ပေါ်ပေါက်လာသည်။ ထို့ကြောင့် သူမဆီသို့ ပြေးလာနေကြသည့် အဆုံးမဲ့မျိုးနွယ်စုဝင်များ၏ မန္တန်များမှာ တားဆီးခံလိုက်ရ၏။ ထိုသို့ တားဆီးခံလိုက်ရာမှ ပေါ်ပေါက်လာသည့် တန်ပြန်အားများကြောင့် သူမ၏ ရန်သူများမှာ နောက်သို့ တွန်းထုတ်ခံလိုက်ရတော့သည်။ သူတို့မှာ ဒဏ်ရာရသွားခြင်းမရှိပေ။ သို့သော် ဖုန့်ချိုးရန်မှာမူ ပါးစပ်ထဲမှ သွေးတစ်ပွက် အန်ထွက်လာပြီးနောက် ပျံသန်းနိုင်စွမ်းမရှိတော့သဖြင့် မြေကြီးပေါ်သို့ ပြုတ်ကျသွားတော့သည်။

ထိုအခါ အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူငါးယောက်မှာ ဖုန့်ချိုးရန်ဆီသို့ ချက်ချင်း ပြေးသွားလိုက်ကြ၏။ သူတို့ထဲမှ နှစ်ယောက်မှာ မန္တန်လက်ကွက်များ‌ ဖော်ကာ ကျိန်စာတစ်ခုအား ရေရွတ်လိုက်၏။

” မိကျန်း ”

ထိုအခါ ဝိညာဉ်များကို ချုပ်နှောင်နိုင်စွမ်းရှိသည့် အလွန်အင်မတန်မှ အားကောင်းသော စွမ်းအားတစ်မျိုးမှာ ကောင်းကင်ပေါ်မှ ဆင်းသက်လာ၏။ ကျန်အဆုံးမဲ့မျိုးနွယ်စုဝင် သုံးယောက်မှာမူ ကြေးမုံသုံးချပ်အား တစ်ယောက်တစ်ချပ်စီ ထုတ်ယူလိုက်ကြသည်။ ထိုကြေးမုံများမှ ရောင်ပြန်ဟပ်လာသည့် အလင်းတန်းများမှာ ပုံရိပ်ယောင် ကွန်ရက်ကြီးတစ်ခုအသွင် ပြောင်းလဲသွားကြ၏။ ထို့နောက် သူတို့မှာ ဖုန့်ချိုးရန်ဆီသို့ ပြေးလာကြသဖြင့် ထိုကွန်ရက်ကြီးမှာ သူမအား လွှမ်းခြုံသွားတော့သည်။

ထိုအချင်းအရာ အားလုံးမှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့၏။ ကျင့်ကြံသူငါးယောက်မှာ သူတို့၏ တိုက်ကွက်များကို အတိုင်အဖောက်ညီညီ ထုတ်သုံးခဲ့ကြသည်ဖြစ်ရာ ဖုန့်ချိုးရန်မှာ သူမ၏ လက်ရှိအနေအထားနှင့် သူတို့အား လုံးဝမယှဉ်နိုင်ခဲ့ပေ။ ထို့ကြောင့် အရောင်တလက်လက် တောက်ပနေသည့် ကွန်ရက်ကြီးမှာ သူမအား ချက်ချင်းဆိုသလို လွှမ်းခြုံသွားပြီးနောက် သူမ၏ တစ်ကိုယ်လုံးအား တင်းကျပ်စွာ တုပ်နှောင်ထားလိုက်တော့သည်။ ထိုအချိန်တွင် ထိုကွန်ရက်ကြီးထဲ၌ လျှပ်စီးများ ဖြတ်သန်းစီးဆင်းသွားသောကြောင့် ဖုန့်ချိုးရန်မှာ နောက်ထပ်သွေးတစ်ပွက် အန်ထွက်လာရတော့သည်။

” သွားကြစို့ ” အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူငါးယောက်မှာ တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ သက်တံ့ငါးခုအဖြစ် ပြောင်းလဲသွားကြပြီးနောက် အဝေးသို့ ပျံထွက်သွားကြ၏။ သူတို့မှာ ထိုနေရာမှ ထွက်ခွာသွားပြီး ဖုန့်ချိုးရန်အား အောင်မြင်စွာ ဖမ်းဆီးနိုင်ခဲ့ပြီဖြစ်ကြောင်း သတင်းသွားပို့ရန် ကြံရွယ်ထားသည်။

သို့သော် သူတို့ ထိုနေရာမှထွက်ခွာသွားရန် ပြင်လိုက်စဉ်မှာပင် ခပ်လှမ်းလှမ်းရှိ ကောင်းကင်ယံထဲ၌ မီးခိုးငွေ့များ ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာ၏။ အစတွင် ၎င်းတို့မှာ သာမန်မြူခိုးများဟုသာ ထင်ရပေသည်။ သို့သော် ၎င်းမှာ ထို အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူ ငါးယောက်အား သတိထားမိသွားသောအခါ ပုံစံပြောင်းလဲသွား၏။ ၎င်းမှာ ရုတ်တရက်ဆိုသလို အရွယ်အစား ကြီးမားလာပြီးနောက် ထစ်ချုန်းသံများ ထုတ်လွှတ်ရင်း ဧရာမမျက်နှာကြီးတစ်ခုအသွင် ပြောင်းလဲသွားတော့သည်။

၎င်းမှာ ဝမ်ပေါင်လဲ့၏ မျက်နှာကြီးပင်ဖြစ်သည်။

သူသည် အဆုံးမဲ့မျိုးနွယ်စုဝင်များနှင့် အလင်းရောင်ကွန်ရက်ထဲတွင် ဖမ်းဆီးချုပ်နှောင်ခံထားရပြီး သတိလစ်နေသည့် ဖုန့်ချိုးရန်အား မြင်လိုက်ရသည်။

အဆုံးမဲ့မျိုးနွယ်စုဝင် ငါးယောက်မှာ ဝမ်ပေါင်လဲ့ ပေါ်ပေါက်လာသည်နှင့် သူ့အား စိုက်ကြည့်လိုက်ကြ၏။ သူတို့၏မျက်ဝန်းများမှာ အရောင်တလက်လက် တောက်ပနေပြီဖြစ်သည်။ သူတို့မှာ ထိုနေရာမှ ထွက်ခွာသွားခြင်း မရှိသည့်အပြင် ရပ်တန့်သွားကြ၏။ သူတို့ထဲမှ တစ်ယောက်ဆိုလျှင် အထင်သေးသည့်အမူအရာဖြင့် ရက်စက်ကြမ်းကြုတ်စွာ ပြုံးလိုက်၏။ ထို့နောက် သူသည် ဖုန့်ချိုးရန်အား သူ၏ သိုလှောင်အိတ်ထဲသို့ ထည့်လိုက်ပြီးနောက် သူ၏ မိတ်ဆွေများအား အဆုံးမဲ့မျိုးနွယ်စုဝင် ဘာသာစကားဖြင့် လှမ်းပြောလိုက်သည်။

” မင်းလောင်းတာ ရှုံးသွားပြီနော်။ ဖုန့်ချိုးရန်ကို အလောတကြီး ဖမ်းဖို့မလိုဘူးလို့ ငါ ပြောခဲ့တယ်လေ။ ငါတို့တွေ သူ့ကို အေးအေးဆေးဆေးလေးပဲ လိုက်ဖမ်းနေမယ်ဆိုရင် တခြား ကံမကောင်းတဲ့ ကောင်လေးတွေပါ ထွက်လာမှာလို့ ငါ မပြောခဲ့ဘူးလား။ အခုပဲကြည့်လိုက်။ ငါတို့ရဲ့ ငါးစာကို ဘယ်သူ လာဟပ်တာလဲဆိုတာ ”

ဝမ်ပေါင်လဲ့မှာမူ လေထဲတွင်ရစ်ဝဲနေရင်း မျက်လုံးများ အရောင်လက်သွား၏။ သူသည် အဆုံးမဲ့မျိုးနွယ်စုဝင်များ စကားပြန်မပြောနိုင်ခင်မှာပင် သူ၏စိတ်ထဲ၌ တာအိုဂါထာတော်အား စတင် ရွတ်ဖတ်နေပြီးသားဖြစ်သည်။ ထို့နောက် ကောင်းကင်ပေါ်မှ အစွမ်းထက်အငွေ့အသက်ကြီးတစ်ခု ကျဆင်းလာချိန်တွင် သူသည် အမှောင်ဂိုဏ်းဘာသာစကားဖြင့် တည်ကြည်စွာဆိုလိုက်တော့သည်။

” မင်းတို့‌တွေ ငါးမန်းတစ်ကောင်ကို ဖမ်းမိဖူးလား ”

သူ ထိုသို့ဆိုလိုက်သည်နှင့် ဂါထာတော်ကြီး၏ ကြောက်မက်ဖွယ်ရာ စွမ်းအားကြီးမှာ ကောင်းကင်ပေါ်မှာ ကျဆင်းလာပြီး ထိုနေရာကြီးတစ်ခုလုံးအား လွှမ်းခြုံသွားတော့သည်။

ဝမ်ပေါင်လဲ့၏ မျက်နှာကြီးအဖြစ် အသွင်ပြောင်းလဲသွားခဲ့သည့် မီးခိုးငွေ့များမှာလည်း တလိပ်လိပ်ထလာပြီး အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူငါးယောက်ဆီသို့ ဆူနာမီလှိုင်းလုံးကြီး တစ်လုံး၏ အရှိန်အဟုန်ဖြင့် ဦးတည်လာတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset