Switch Mode

အပိုင်း (၁၆၄)

ဘယ်လောက် အတင့်ရဲလိုက်သလဲ

ရီဖူရှင်းက သူ၏ နောက်ဆုံး ခြေလှမ်းကို လှမ်းလိုက်သောအခါ လိုဏ်ဂူတစ်ခုလုံးက သူ့စိတ်နယ်ပယ်ထဲကို ဝင်ရောက်လာသလို ခံစားရသည်။ နိုဘယ်တန်ခိုးရှင် ကိုယ်တိုင် သူ့စိတ်အင်အားကို လာရောက် ဖျက်ဆီးသည့်အလား ရုပ်တုများစွာထဲမှ ရုပ်တုတစ်ခုစီက ပုံရိပ်များ ဖြစ်ပေါ်စေကာ ကြောက်မက်ဖွယ် အားလှိုင်းများ ထုတ်လွှတ်နေကြသည်။ ဤမတိုင်မီက ရီဖူရှင်းက ရုပ်တု၏ အားလှိုင်းများကို ခုခံမှုသာ ရှိခဲ့သော်လည်း ယခုကား သူ၏ အားအကောင်းဆုံးသော တန်ပြန်တိုက်ခိုက်မှုကို ပြုလုပ်နေဟန် တူသည်။ တစ်ချိန်တည်းမှာပင် သူက သူ့ခန္ဓာကိုယ်အား လာရောက် ဖိအားပေးထားသော မယုံကြည်နိုင်ဖွယ် ဖိအားများကိုလည်း ခံစားရသည်။ ခန္ဓာကိုယ်နှင့် စိတ်ကို ပူးတွဲ တိုက်ခိုက်ခြင်းက ထိုလူအား အလွန်ခက်ခဲသော အခြေအနေကို ရောက်ရှိစေသည်။

ရီဖူရှင်း၏ ခန္ဓာကိုယ်ထဲမှ သွေးများ ဆူပွက်လာပြီး မယုံကြည်နိုင်ဖွယ် ကောင်းသော စွမ်းအင်များ ရုတ်တရက် မွေးဖွားလာသည်။ ဘုံးကိုးဆင့်နည်းစနစ်က လောကသုံးပါးမှ စွမ်းအားများကို စုစည်းသည်။ ထိုနေရာတွင် ရပ်လျက်ပင် သူ၏ ကိုယ်ရောင်ကိုယ်ဝါက ဆင့်ကဲပြောင်းလဲကာ ပိုမို အားကောင်းလာသည်။ သူ့စိတ်နယ်ပယ်ထဲတွင် နိုဘယ်ရုပ်တုများက ပိုမို အားကောင်းလာသည်။ သူတို့က ဤကမ္ဘာမှ ရီဖူရှင်း၏ တည်ရှိမှုကို ဖယ်ထုတ်ပစ်လိုကြဟန် တူသည်။

ထိုအခိုက်တွင် ရီဖူရှင်း၏အတွေးထဲကို အကြောင်းအရာ အများပြား ဝင်ရောက်လာသည်။ သူက ထိုစဉ်းလဲ ယုတ်မာသော ရှာဖန်၊ သူလွန်ဆန်ရန် မတတ်နိုင်သော ဧကရာဇ်လျို၏ အမိန့်တော်… သူတို့က ရီဖူရှင်း၏ ကံကြမ္မာအား လက်ထဲတွင် ဆုပ်ကိုင်ထားလို ကြသည်လား။ သူ့ကံကြမ္မာအား သူကိုယ်တိုင် ဖန်တီးမည် ဖြစ်သည်။ သူ့ကံကြမ္မာအား ပြောင်းလဲလိုသူ ထိန်းချုပ်လိုသူများ အားလုံး သေရမည်။

ကြောက်မက်ဖွယ် အားလှိုင်းတစ်ခု မွေးဖွားလာသည်။ ထိုအရာက သူ့စိတ်နယ်ပယ်ထဲမှ နိုဘယ်ရုပ်တုများ အားလုံးကို ဖုန်မှုန့်များအား လှည်းကျင်းပစ်သကဲ့သို့ အစအနမကျန် ကွယ်ပျောက် သွားစေသည်။ ရီဖူရှင်းက သူ၏ မျက်လုံးများအား ဖွင့်လိုက်လျှင် သူ့မျက်လုံးများထဲတွင် ဂုဏ်ယူဝင့်ကြွားသော အငွေ့အသက်များ ပြည့်နှက်နေသည်။ သူက နောက်ထပ် ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ကာ ထိုနေရာတွင်ပင် ရင်ကော့၍ ရပ်နေသည်။ ထိုအခိုက်တွင် သူ၏ အဖြူရောင်ဝတ်စုံနှင့် ဆံပင်ရှည်များက လေပြင်းများကြောင့် တဖျတ်ဖျတ်လွင့်ကာ ဧကရာဇ်ငယ်တစ်ပါး၏ ဟန်ပန်နှင့် ကိုယ်ရောင်ကိုယ်ဝါနှင့် ကြီးမြတ်မှုကို ပေးသည်။

မျက်လုံးပေါင်းများစွာက ထိုဝင့်ကြွားစွာ ရပ်နေသော လူငယ်၏ နောက်ကျောကို ကြည့်ကာ ရင်ဘတ်များ တုန်ခါနေကြသည်။ ရီဖူရှင်းက သေမင်းခြေလှမ်း ဆယ့်သုံးလှမ်းကို လှမ်းနိုင်ပြီဖြစ်သည်။ သူသာ နောက်တစ်လှမ်း လျှောက်လိုက်လျှင် သူက လိုဏ်ဂူ၏ အနုပညာရသသိအား အနီးကပ် လေ့လာ ဆင်ခြင်နိုင်တော့မည် ဖြစ်သည်။ သူက ထိုလိုဏ်ဂူထဲမှ လူနှစ်ဦးကဲ့သို့ တူညီသော ပါရမီရှင်လည်း ဖြစ်လာပေတော့မည်။

ကျောက်ဟန်အား ပြန်လှည့်ကြည့်လိုက်လျှင် သူကား ခြေလှမ်း ဆယ့်တစ်လှမ်းတွင်သာ ရှိနေသေးသည်။ သူ၏ ဤမတိုင်မီက စကားဖြစ်သော “မင်းရှုံးရင် သေရမယ်…” ဟူသော စကားကို ပြန်တွေးကြည့်လျှင် လွန်ကဲလွန်းလှသည်။

ရီဖူရှင်းကား ကောင်းကင်အဆင့်တွင်သာ ရှိကာ သေမင်းခြေလှမ်းအား ယခုမှသာ စတင်လှမ်းဖူးခြင်း ဖြစ်သည်။ ချန်းမုန်ဒေသမှ တခြား ပါရမီရှင်းများက ခုနစ်လှမ်းမျှလှမ်းရန် အပြင်းအထန် ရုန်းကန်နေရချိန်တွင် ရီဖူရှင်းက နောက်ဆုံး ခြေလှမ်းအထိ လှမ်းနိုင်ခဲ့သည်။ ကျောက်ဟန်တစ်ယောက်သာ ဆယ်လှမ်းအထိ လှမ်းနိုင်ခဲ့သည်။ ယခုကား သရော်ခြင်းများနှင့် သံသယများ အားလုံးက မြူမှုန်များအလား လွင့်စဉ်သွားပြီဖြစ်သည်။

ရီဖူရှင်း၏ ပါရမီဖြင့် သူက ယွန်ရှင်းမိုအား အစေခံလုပ်ရန် အခွင့်အရေး အပြည့်အဝ ရှိပေသည်။ သူမက ကောင်းကင် အဆင့်ကတည်းက ရီဖူရှင်း၏နောက်ကို လိုက်ခြင်းကြောင့်သာ ထိုအဖြစ်ကာ ထူးဆန်းသလို ဖြစ်နေခြင်းဖြစ်သည်။

ရန်ဇီကျီက သူ၏ စီနီယာအစ်ကိုအား တစ်ချက်ကြည့်ကာ ရီဖူရှင်းအား ကြည့်လိုက်သည်။ သူ၏ အမူအရာကား လုံးဝ မကောင်းတော့ပေ။ တခြားတစ်ဖက်တွင် ယွန်ရှင်းမိုက ရီဖူရှင်းအား ထိတ်လန့်စွာ ကြည့်လိုက်သည်။ သူမကား ယခု ခြေလှမ်းခုနစ်လှမ်းကို ရောက်နေပြီဖြစ်ကာ ထပ်လှမ်းရန် မတတ်နိုင်တော့ပေ။

ရီဖူရှင်းက တစ်ကြိမ်တည်းဖြင့် အောင်မြင်ခဲ့သည်။

ဘုန်း… ကျယ်လောင်သော ပေါက်ကွဲသံတစ်ချက်က လူတိုင်း၏ အတွေးကြောများအား ပြတ်တောက်စေကာ သတိပြန်ဝင် လာကြသည်။ တစ်စုံတစ်ခုကို ဟစ်ကြွေးနေသည့်အလား ကမ္ဘာမြေက တုန်ခါနေသည်ကို လူတိုင်းက ခံစားရသည်။ ထိုအခိုက်တွင် လူတိုင်း၏ မျက်လုံးက ရီဖူရှင်းနှင့် သိပ်မဝေးသောနေရာမှ  ယူချင်းထံ ရောက်လာသည်။ လူတိုင်းက ကြည့်နေစဉ်မှာပင် ယူချင်းက ဆယ်လှမ်းမြောက်ကို လှမ်းလိုက်သည်။ ယခု သူက နောက်ဆုံး ခြေလှမ်း သုံးလှမ်းကို စိန်ခေါ်တော့မည် ဖြစ်သည်။ သူက ဆယ့်တစ်လှမ်းမြောက်အား လှမ်းလိုက်သည်။ ထိုအခိုက်တွင် ယူချင်း၏ ကြီးမား သန်စွမ်းသော ခန္ဓာကိုယ်က ကောင်းကင်နှင့် မြေပြင်ကို ထမ်းပိုးထားသလို ခံစားရသည်။ သူကား ဖျက်ဆီးမရနိုင်သောသူ ဖြစ်သည်။ သူက ရုပ်တုများကို ကြည့်ကာ မာန်သွင်းလိုက်သည်။ မည်သူကမှ သူ၏ ယုံကြည်ချက်များကို ယိုင်လဲအောင် မတတ်နိုင်ပေ။ သူ၏ ခြေထောက်က မြဲမြံစွာဖြင့် မြေပြင်ကို ကျသည်။ ထိုရုပ်တုများမှ အားလှိုင်းများ၏ တိုက်ခိုက်မှုကို အန်တုရင်း ယူချင်းက ထိုနေရာတွင်ပင် စစ်နတ်ဘုရား တစ်ပါးလို ဝင့်ကြွားစွာ ရပ်နေသည်။

သူတစ်ယောက်တည်း မဟုတ်ပေ။ ရီဝူချင်းကလည်း ဆယ့်တစ်လှမ်းမြောက်ကို စိန်ခေါ်နေသည်။ သူ၏ မျက်လုံးနှစ်လုံးကြားမှ ဓားအရှိန်အဝါတစ်ခု ထွက်ပေါ်လာကာ ငွေရောင်အလင်းတစ်ခု ဖြစ်ပေါ်လာသည်။ သေးငယ်သော ငွေရောင်ဓားငယ်တစ်လက် ထွက်ပေါ်လာသည်။ ထိုအရာက အရာအားလုံးကို ဖျက်ဆီးသွားကာ ထိုအခိုက်တွင်ပင် မဆုံးနိုင်သော ဓားအားလှိုင်းများ ထွက်ပေါ်လာတော့သည်။ အားလှိုင်းများကို အန်တုရင်း ရီဝူချင်း ဆယ့်တစ်လှမ်းမြောက်ကို ရောက်လာပြီ ဖြစ်သည်။

လူအများအပြားက ထိုမြင်ကွင်းကို အံ့အားသင့်စွာ ကြည့်ကြသည် ယနေ့တွင် လူလေးယောက်က သေမင်းခြေလှမ်း ဆယ့်တစ်လှမ်းအထိ ရောက်လာသည်။

ရီဖူရှင်းက ဆယ့်သုံးလှမ်း အထိပင်လျှင် ရောက်လာသည်။ ရီဖူရှင်းတို့အုပ်စုမှာ ယခုမှ သေမင်းခြေလှမ်းကို စတင်လှမ်းဖူးခြင်း ဖြစ်သည်။ ကျောက်ဟန်က ထိုလူများ အားလုံးကို ရှုံးနိမ့်တော့မည်လော။

ယူချင်း၏မောက်မာသော အကြည့်က ကျောက်ဟန်ဘက်ကို ရောက်လာကာ အေးစက်စွာ ပြောလိုက်သည်… “မင်းက ကိုယ့်ကိုယ်ကိုယ် ဘာထင်နေလဲ… မင်းက သူ့ဖိနပ်ကို နမ်းဖို့တောင် မတန်ဘူး…” သူက အလွန် စွမ်းရည်မြင့်သည်ဟု ကျောက်ဟန် ထင်နေသည်လော။

ယူချင်း၏ ထိုးနှက်သော စကားကို ကြားလျှင် လူအများက တိတ်ဆိတ်သွားကြသည်။ ဓားကလန်၏ အတော်ဆုံး ပါရမီရှင်ကား လူမြင်ကွင်းတွင် အရှက်ခွဲခံနေရပြီ ဖြစ်သည်။ အမှန်တရားကား လူအများ၏ မျက်လုံးအောက်တွင် တည်ရှိသည်။

ယူချင်း၏ စကားကို ကြားလျှင် ကျောက်ဟန်၏ မျက်နှာက ပျက်ယွင်းသွားသည်။ ပထမအဆုံးအကြိမ် စတင်လှမ်းသော အချိန်မှာပင် သေမင်းခြေလှမ်း ဆယ့်သုံးလှမ်းကို အောင်မြင်စွာ လှမ်းနိုင်သောသူနှင့် ယှဉ်လျှင် သူ၏ ပါရမီအား သာမန်မျှသာ ဖြစ်သည်။ ယခုထိတိုင် သူကား ဆယ့်နှစ်လှမ်းကို မလှမ်းနိုင်သေးပေ။

ယခု သူ ထို ဆယ့်နှစ်လှမ်းမြောက်ကို ဆက်လှမ်းသင့်သလား ကျောက်ဟန် စဉ်းစားနေသည်။

သူစဉ်းစားနေသော အချိန်တွင်ပင် ယူချင်းက ရှေ့ကို ကြည့်လိုက်ကာ ဆယ့်နှစ်လှမ်းမြောက်ကို စတင် လှမ်းလိုက်သည်။ သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အားလှိုင်းများမှာ အလွန်ကြမ်းတမ်း အားကောင်းပြီး  အပေါ်မှ ရုပ်တုများကိုပင်လျှင် လွှမ်းမိုးနိုင်စွမ်း ရှိသည်။ သူက နိုဘယ်အလား ရုပ်တုများကို ကြည့်ကာ မာန်သွင်း အော်ဟစ်လိုက်လျှင် သူ၏ ခန္ဓာကိုယ်မှ ကိုယ်ရောင်ကိုယ်ဝါက တစ်ဖန် ပိုမို သိပ်သည်းလာသည်။ ဤနေရာက နိုဘယ်လိုဏ်ဂူ ဆိုလျှင်ကော အဘယ်အရေးနည်း။ ထိုအရာက ယူချင်းအား ဖျက်ဆီးနိုင်စွမ်း မရှိပေ။

ခြေလှမ်းချသံနှင့်အတူ အားကောင်းသော လေပြင်းတစ်ချက်က ယူချင်းကို လာရောက် တိုက်ခတ်သည်။ ယူချင်းက ဆယ့်နှစ်လှမ်းမြောက်ကို လှမ်းပြီး ကျောက်ဟန်အား ကျော်ဖြတ်သွားသည်။ ကျောက်ဟန်က အမှန်ပင် စွမ်းရည်မြင့်ပါသလော။ သူ၏ ပါရမီမှာ ထူးခြား ကောင်းမွန်သည်လား။ သူ့ဘေးမှ ကောင်းကင်အဆင့် တန်ခိုးရှင်နှစ်ယောက်က ပထမဆုံးအကြိမ် ကြိုးစားမှုတွင်ပင် သူ့အား ကျော်ဖြတ် သွားကြသည်။

ရီဖူရှင်း၏ ဆယ့်သုံးလှမ်းမြောက် ခြေလှမ်းနှင့် ယူချင်း၏ ဆယ့်နှစ်လှမ်းမြောက် ခြေလှမ်းကို မြင်လျှင် ရီဝူချင်း၏ မျက်လုံးများက ဓားသွင်းတစ်စင်း ဖြတ်သွားသလို ထက်ရှသွားသည်။ သူ၏ ဆုံးဖြတ်ချက်က ပိုမိုခိုင်မာလာသည်။ လူတစ်ယောက်က သူ့ဘေးတွင် ပိုမိုအားကောင်းသော သူများ ရှိလျှင် ပိုမိုစိတ်အား တက်ကြွစေနိုင်ပေသည်။ ထိုလူများကို စိန်ခေါ်ခြင်းဖြင့် မိမိကိုယ်ကို ဖိအားပေးကာ ပိုမိုအားကောင်း စေနိုင်သည်။ ထို့ကြောင့်ပင်လျှင် ရီဝူချင်းက ရီဖူရှင်း၏နောက်ကို လိုက်လိုခြင်း ဖြစ်သည်။ ထိုအလွန် ထူးခြား ထက်မြက်သောသူကို ဘေးတွင် ရှိနေစေခြင်းဖြင့် သူ၏ စိတ်ခွန်အားကို ပိုမိုအားကောင်း စေနိုင်သည်။

သို့သော် သူ့ဘေးတွင် ထိုထူးခြား ထက်မြက်သော သူတစ်ယောက်တည်းသာ ရှိသည်မဟုတ်ပေ။ ရီဖူရှင်းနှင့် ယူချင်းတို့၏ နောက်တွင် သူ မကျန်ရစ်လိုပေ။ မည်သည့် အကျိုးအပြစ်ကိုမှ မတွေးတော့ဘဲ သူ၏ ဆယ့်နှစ်လှမ်းမြောက် ခြေလှမ်းကို ရီဝူချင်း လှမ်းလိုက်သည်။ ဓားတစ်လက်လိုပင် သူက အကြောက်တရားကို မေ့ထားသည်။

သူကား ရူးသွပ်နေလေပြီ။

လူတိုင်းက ထိတ်လန့် သွားကြပြန်သည်။ သည်လူသုံးယောက်က သာမန် မဟုတ်တော့သည်ကို လူတိုင်းက သတိထားမိလာကြသည်။ တစ်ကြိမ်တည်းတွင် သေမင်း ခြေလှမ်း ဆယ့်နှစ်လမ်းအထိ လျှောက်နိုင်သော လူသုံးယောက်ကို သူတို့ တစ်ခါမှ မကြားဖူးပေ။ ယခင်က နိုဘယ်လိုဏ်ဂူတွင် ဤကဲ့သို့ အံ့အားသင့် ထိတ်လန့်ဖွယ် ကောင်းသော အဖြစ်မျိုး ရှိဖူးသလော သူတို့မသိပေ။ သို့သော် ယခု အဖြစ်က သူတို့၏ စိတ်အား အထိန်းအချုပ် ကင်းလွတ်စေအောင်ပင် ထူးခြားလွန်းလှသည်။

ရီဝူချင်းကလည်း ဆယ့်နှစ်လှမ်းမြောက် ခြေလှမ်းကို လှမ်းလိုက်ပြီးဖြစ်သည်။ သူတို့သုံးယောက်က ကျောက်ဟန်အား နောက်တွင် ချန်ထားရစ်ကြသည်။ မည်သူက ပြိုင်ဘက်ကင်းသနည်း။ ယခုကား နောက်တွင် တစ်ယောက်တည်း ကျန်နေရစ်သည်။ ထိုအဖြစ်က စကားဖြင့် သရော်ခြင်းထက် ခံစားရခက်သည်။ အမှန်က သူကား မောက်မာဝင့်ကြွားရန်ပင် မထိုက်တန်ပေ။

နယ်မြေတစ်ရာမှ နိမ့်ကျသော တန်ခိုးအဆင့်မှ လူများက ချင်းမုန်ဒေသ ဓားကလန်မှ အတော်ဆုံး တပည့်အား နောက်ကောက် ချခဲ့ကြသည်။ ရှုံးနိမ့်သူက သေရမည်ဟု သူ့တွင် ပြောရန် အခွင့်အရေး ရှိသလော။ သူက အနိုင်ရမှာ သေချာသည်ဟု တွေးခဲ့သော်လည်း ယခုမှသူက ထိုလူငယ်၏ဘေးမှ နှစ်ယောက်လောက်ပင် မစွမ်းသည်ကို သိလိုက်ရသည်။

သူတို့၏နောက်မှ လင်းယွီယိုက မျက်တောင်မခတ်ဘဲ ကြည့်နေသည်။ သူမ၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။ ထိုသုံးယောက်မှာ ဖန်းဟွာအဆင့်မှ ထိပ်ဆုံး သုံးယောက် ဖြစ်သည်ကို သူမ သတိရမိလျှင် ဧကရာဇ်ရီ၏ အမြော်အမြင်အား ကျိတ်၍ ချီးကျူးမိသည်။ ထိုလူငယ်သုံးယောက်က ယခု ရှေးဟောင်း မြေရိုင်းဒေသတွင်ပင်လျှင် ချင်းမုန်ဒေသမှ ပါရမီရှင်ပေါင်း များစွာကို အနိုင်ယူခဲ့ကြသည်။

ယွန်ရှင်းမိုကလည်း ဆွံ့အသွားသလို ခံစားရသည်။ ယခင်က ရီဖူရှင်းက အလွန်ပါရမီ ကောင်းမွန်သည်ဟုသာ သူမ ထင်ခဲ့သည်။ သို့သော် ယူချင်းနှင့် ရီဝူချင်းတို့ကလည်း ထိုသို့ ပါရမီကောင်းမွန်မည်ဟု လုံးဝ မထင်မှတ်ခဲ့ပေ။ ယခု ရီဖူရှင်းက သူမအား အစေခံအဖြစ် အဘယ်ကြောင့် သဘောထားရဲသည်ကို အနည်းငယ် နားလည်လာသည်။

တိတ်ဆိတ်နေသည်။ တစ်လောကလုံးတွင် ထိုလူငယ်သုံးယောက်သာ ကျန်နေရစ်သလိုပင်။ လူတိုင်း၏အာရုံက သူတို့သုံးယောက်ထံတွင် ရှိနေသည်။ ထိုစဉ်မှာပင် ရုတ်တရက် ရှေ့ဆုံးမှ ရီဖူရှင်းက အလွန်ပြင်းထန်သော အားလှိုင်းများကြောင့် နောက်ကို ဆုတ်သွားရသည်ကို မြင်ကြရသည်။

သူက နောက်ဆုံး ထိုအင်အားကို အန်မတုနိုင်တော့ပြီလား။ လူတိုင်း၏ မျက်လုံးများ အရောင်လက်သွားသည်။ သူက ဂူထဲကို အဘယ်ကြောင့် မဝင်ရောက်ခဲ့သနည်း။ ရီဖူရှင်းက ဆယ့်သုံးလှမ်းမြောက်တွင် ရပ်တန့်ခဲ့သည်ကို လူတိုင်းက နားမလည်နိုင်ကြပေ။

သူက ခေါင်းမော့လျက် လိုဏ်ဂူကို ကြည့်ကာ ပြောလိုက်သည်… “နောက်တစ်ခေါက်…”

လူတိုင်းက ထူးဆန်းသလို ကြည့်လိုက်ကြသည်။ နောက်တစ်ခါက်။ သူက ဘာကို ဆိုလိုသနည်း။

လူတိုင်းက နားမလည်စွာ ကြည့်နေစဉ်မှာပင် ရီဖူရှင်းက ရှေ့ကို လှမ်းလိုက်ပြန်သည်။ ဤတစ်ကြိမ်တွင် ရီဖူရှင်းက သူ၏ ဓာတ်စွမ်းအင်အား ထုတ်လွှတ်လိုက်သည်။ သူ့ကိုယ်မှ ကြမ်းတမ်းသော စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်။ အဝေးမှ လူများက ရီဖူရှင်းထံမှ ပြင်းထန်သော လျှပ်စီးအား၊ မြေဓာတ်၏ အားကောင်းသော အရှိန်အဝါနှင့် ထက်ရှသော သတ္တုဓာတ် ကိုယ်ရောင်ကိုယ်ဝါအား ခံစားကြရသည်။

ထိုအခိုက်တွင် လိုဏ်ဂူမှ ပိုမိုသော ရုပ်တုများ ကြွတက်လာကြသည်။ ယခင်ထက် ပိုမို အားကောင်းသော စိတ်အားလှိုင်းများက သူ့စိတ်နယ်ပယ်ထဲကို လာရောက် တိုက်ခိုက်ကြသည်။

ဝူး… ဝူး… ဝူး…။ ကြမ်းတမ်းသော အားလှိုင်းများက သူ့အား လာရောက် ရိုက်ခတ်ကြသော်လည်း ရီဖူရှင်းက ရှေ့ကို အေးဆေးစွာ လှမ်းသွားလိုက်သည်။ တစ်လှမ်း… နှစ်လှမ်း… သူက ခုနစ်လှမ်းကို လျင်မြန်စွာ လှမ်းလိုက်သည်။ တခြားလူများက ခက်ခဲပင်ပန်းစွာ ကြိုးစားရသော ခြေလှမ်းများမှာ သူ့အတွက် လွယ်ကူလွန်းလှသည်။

ထိုအခိုက်တွင် ရီဖူရှင်း ဘာလုပ်နေသည်ကို လူအများက နားလည်လိုက်ကြသည်။ သူက လိုဏ်ဂူထဲကို ဝင်ကာ အနုပညာရသသိအား ဆင်ခြင်ရန် မရွေးချယ်ခဲ့ပေ။ ထိုအစား သူက သေမင်းခြေလှမ်းအား တစ်ဖန် လှမ်းရန် ကြိုးစားလိုက်သည်။ တွန့်ဆုတ်ခြင်း မရှိဘဲ သူက တခြားလူများက စိန်ခေါ်ရန် မတတ်နိုင်သည်ကို လွယ်ကူစွာဖြင့် လုပ်ပြနိုင်သည်။ သူကား သေမင်းခြေလှမ်း ဆယ့်သုံးလှမ်းကို မည်သည့် အချိန်တွင်မဆို လွယ်ကူစွာ လှမ်းနိုင်သည့်ပုံစံပင်။

ခြေလှမ်း ရှစ်လှမ်းတွင် ရီဖူရှင်း၏ ခန္ဓာကိုယ်ကား နတ်နဂါးလိုပင်။ လျှပ်စီးနှင့် မိုးကြိုးစွမ်းအင်များက သူ့ကိုယ်တွင် ရစ်ပတ်လွှမ်းခြုံ နေကြသည်။

ကိုးလှမ်းမြောက်တွင် သူ၏ အရိပ်သဏ္ဌာန်က နတ်ငှက်အလား မယုံကြည်နိုင် လောက်အာင် ထက်ရှသည်။

ဆယ်လှမ်းမြောက်တွင် သူကား အလွန်ကြီးမား သန်စွမ်းသော လူဝံကြီးကဲ့သို့ လောကအား တုန်ခါစေသည်။

တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ် ဖိအားများက သူ၏ ခန္ဓာကိုယ်အား အဆက်မပြတ် လာရောက် ဖိအားပေးနေကြကာ ရီဖူရှင်း၏ ခန္ဓာကိုယ်ထဲမှ အရိုးများ အဆစ်များ ကျိုးအက်သံများ အဆက်မပြတ် ထွက်ပေါ်လာနေသည်။

သူက နောက်ဆုံး သုံးလှမ်းကို စတင် လှမ်းလိုက်ပြန်သည်။ ဆယ့်တစ်လှမ်းမြောက်တွင် သူ၏ သွေးများ ဆူပွက်လာပြီး လေထုပေါက်ကွဲသံနှင့်အတူ သိုင်းပညာ အားလှိုင်းများ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် လိုဏ်ဂူထံမှ ပိုမိုပြင်းထန်သော သိုင်းပညာ အားလှိုင်းများက ရီဖူရှင်းကို လာရောက် တိုက်ခိုက်ကြသည်။ ဤတစ်ကြိမ်တွင်ကား ရီဖူရှင်းက ပြန်လည် တိုက်ခိုက်မည့်အစား ထိုအားလှိုင်းများအား သူ့ခန္ဓာကိုယ်ကို လာရောက် တိုက်ခိုက်သည်ကို ခွင့်ပြုလိုက်သည်။ သူက ထိုအလွန် ပြင်းထန်လှသော အားလှိုင်းများအား ထိုအတိုင်း တောင့်ခံနေစဉ်မှာပင် သူ့တစ်ကိုယ်လုံးမှလည်း အက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာနေသည်။ သူ၏ခန္ဓာကိုယ်က ဆင့်ကဲ ပြောင်းလဲနေပုံရ၏။

ဘုန်း…။ ပိုပိုကြမ်းတမ်းသော ကိုယ်ရောင်ကိုယ်ဝါက ရီဖူရှင်းထံမှ ဖြာထွက်လာပြန်သည်။ သူ၏ သိုင်းပညာ အရှိန်အဝါက ပိုမိုသိပ်သည်းသော အလင်းရောင်အဖြစ် ပြောင်းလဲသွားပြီး စစ်မှန်သော နဂါးတစ်ကောင်အလား မွေးဖွားလာသည်။ မဆုံးနိုင်သော စွမ်းအင်များက သူ့ကိုယ်အား အဆက်မပြတ် စီးဆင်းလာကြကာ အလင်းရောင်များက သူ့ပတ်ဝန်းကျင် တစ်ခုလုံးကို ထွန်းလင်း တောက်ပသွားစေသည်။

သူ၏ ရုပ်ခန္ဓာက အဆင့်တက်သွားကာ သူ၏ သိုင်းပညာမှာ စွမ်းအားမြင့်သွားသည်။

သူက ဓမ္မအဆင့်ကို တက်ရောက် သွားလေပြီ။

သူက နောက်တစ်ဖန် စတင်သည်။ သူက မည်မျှ တော်သည်ကို သက်သေပြရန် ထိုသို့လုပ်သည် မဟုတ်ပေ။ နိုဘယ်လိုဏ်ဂူ၏ စွမ်းအင်များကို အားပြုလျက် ရီဖူရှင်းက တန်ခိုးအဆင့် တက်ရန် ကြိုးစားနေခြင်းသာ ဖြစ်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset