Switch Mode

အခန်း (၆၈၀)

လီဝူချန်းက လူလည်တစ်ယောက်ပဲ

ဝမ်ပေါင်လဲ့မှာ အဝလွန်နေသည့် စစ်နတ်ဘုရားကြီး တစ်ပါးကဲ့သို့ ရေကန်ကြီးအလယ်တွင် ထိုင်ရင်း ကြောက်မက်ဖွယ်ရာ သားရဲကြီးတစ်ကောင်၏ အငွေ့အသက်များကို ထုတ်လွှတ်နေတော့သည်။

သူ၏ ညာဘက်လက်တွင် နတ်ဘုရားလက်နက် လက်ကြီး ရှိနေပြီး ၎င်းမှာ ဝိညာဉ်ချီများ၏ အာဟာရ ဖြည့်တင်းမှုကြောင့် ပို၍ပင် အားကောင်းလာ၏။ ၎င်းမှာ ဝမ်ပေါင်လဲ့၏ ချပ်ဝတ်တန်ဆာကြီးနှင့် တစ်သားတည်း ပေါင်းစည်းသွားပြီ ဖြစ်သည်။ ယခုတွင် ၎င်းဆီမှ ထွက်ပေါ်နေသည့် စွမ်းအားများမှာ ယွမ်ယင်အဆင့်တွင် မဟုတ်တော့ဘဲ ဝိညာဉ်ကြားခံနယ်အဆင့်အထိ ရောက်နေ၏။

အကယ်၍ ဝမ်ပေါင်လဲ့သာ အစွမ်းကုန်ထုတ်၍ တိုက်ခိုက်လိုက်မည်ဆိုပါက သူ၏ တိုက်ရည်ခိုက်ရည်များမှာ စိတ်ကူးနှင့် မမှန်းဆနိုင်လောက်အောင် မြင့်မားနေလောက်ပြီ ဖြစ်သည်။ သူသည် တာအိုဘုန်းတော်ကြီးယိုရန်နှင့် ထပ်၍ ကြုံတွေ့လိုက်ရပါက သူ့အား ယှဉ်ပြိုင်တိုက်ခိုက်နိုင်ရန် လှည့်ကွက်များ ထုတ်သုံးနေစရာ လိုတော့မည် မဟုတ်ပေ။

နောက်ဆုံးတွင် ကန်ထဲမှ ရေမျက်နှာပြင်မှာ အနည်းငယ်ခန့် နိမ့်သွားသည့်ပုံ ပေါက်လာတော့သည်။ ကျူးသို နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးမှာ ဆက်လက်စုပ်ယူနိုင်စွမ်း မရှိတော့သောကြောင့် အချိန်မရွေးပေါက်ကွဲသွားနိုင်သည့် အနေအထားသို့ ရောက်နေပြီဖြစ်သည်။ သို့သော်ငြားလည်း ဝမ်ပေါင်လဲ့မှာ ထပ်၍စုပ်ယူနိုင်ဦးမည်ဟု ယုံကြည်နေဆဲပင်။ ထို့ကြောင့် သူသည် ဆက်လက်စုပ်ယူရန် ပြင်လိုက်စဉ်မှာပင်…

ခပ်လှမ်းလှမ်းရှိ ကြာပွင့်ပေါ်တွင်ထိုင်နေသည့် မျက်ခွံများလှုပ်နေသော ရုပ်အလောင်းကြီးမှာ မျက်လုံးများပွင့်လာတော့သည်။ ၎င်း၏ မျက်ဝန်းများမှာ ရီဝေဝေ ဖြစ်နေပြီး အဖြူရောင်သန်းနေ၏။ ထို ရုပ်အလောင်းကြီးမှာ ရုတ်တရက်ဆိုသလို ညာဘက်လက်မှာ မြှောက်လိုက်ပြီးနောက် လက်ညှိုးအား အသာအယာ ဝှေ့ယမ်းလိုက်တော့သည်။

ထိုအခါ စကားလုံးများနှင့် ဖော်ပြ၍မရသော စွမ်းအားတစ်မျိုးမှာ ဝမ်ပေါင်လဲ့၏ရှေ့၌ ပေါက်ကွဲထွက်ပေါ်လာ၏။ ထို့ကြောင့် သူသည် အံ့ဩမှင်တက်သွားရသည်။ သို့သော် သူ ထို တိုက်ကွက်ကြီးအား မခုခံနိုင်ခင်မှာပင် သူ၏ခန္ဓာကိုယ်မှာ ရေကန်အပြင်ဘက်သို့ လွင့်ထွက်သွား၏။ ထို့နောက် သူသည် နန်းတော်ကြီး၏ အပြင်ဘက်သို့ ပြန်ရောက်သွားတော့သည်။

” ဘာလဲဟ ” ဝမ်ပေါင်လဲ့၏ တအံ့တဩ ဖြစ်နေသော အော်ဟစ်သံကြီးမှာ နန်းတော်ကြီးထဲ၌ ပဲ့တင်ထပ်ကာ ကျန်ရစ်ခဲ့ပြီးနောက် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့သည်။ ထိုအချိန်တွင် ထို ရုပ်အလောင်းကြီး၏ မျက်ဝန်းများထဲရှိ အဖြူရောင် အလင်း‌ရောင်များမှာ လွင့်ပါးပျောက်ကွယ်သွားပြီး ကြည်လင်ပြတ်သားသွား၏။

ထိုအခါမှသာ ၎င်းမှာ အပြည့်အဝ နိုးထလာသည့်ပုံပင်။ ထို ရုပ်အလောင်းကြီးမှာ မူးဝေနေသည့် အမူအရာဖြင့် ၎င်း၏ ဘေးဘီဝဲယာအား အကဲခတ်ကြည့်ရှုလိုက်၏။ ထို့နောက် ၎င်းမှာ ၎င်း၏ ပတ်ပတ်လည်တွင် ရှိနေသော ဝိညာဉ်စွမ်းအင်များကို အာရုံခံမိလိုက်သဖြင့် မျက်မှောင်ကြုတ်သွားရတော့သည်။

” လီဝူချန်းရဲ့ အငွေ့အသက်ပါလား… မဟုတ်သေးပါဘူး… အပြင်လူတစ်ယောက်လည်း ရှိနေသေးတယ်… ” ၎င်းမှာ ထိုသို့ရေရွတ်ကာ ခေါင်းငုံ့၍ ရေကန်ကြီးအား စိုက်ကြည့်လိုက်၏။ ထို့နောက် ၎င်းမှာ အချိန်အတော်အတန်ကြာအောင် နှုတ်ဆိတ်နေလိုက်ပြီးမှ ခေါင်းယမ်းလိုက်တော့သည်။

” အဲဒီ လီဝူချန်းဆိုတဲ့ ကောင်စုတ်လေးက ဉာဏ်များတဲ့ လူတစ်ယောက်ဆိုတာ ငါ ဟိုးအရင်ကတည်းက သံသယဝင်နေခဲ့ပြီးသား။ အခုတော့ ငါ့ရဲ့ သံသယတွေက တကယ်ကို မှန်နေတာပဲ။ လောဘကြီးလိုက်တဲ့ကောင် ” ၎င်းမှာ ထိုသို့ရေရွတ်လိုက်၏။ သို့သော် ၎င်းမှာ ယခုလေးတင်မှ သတိပြန်ရလာသောကြောင့်လား သို့မဟုတ် ဒဏ်ရာအပြင်းထန် ရထားသဖြင့် ရေကန်ထဲမှ ထွက်ခွာ၍ မရသောကြောင့်လားတော့ မသိပေ။ ၎င်းမှာ ဘာမှဆက်လုပ်ခဲ့ခြင်းမရှိဘဲ မျက်လုံးများ ပြန်မှိတ်သွားပြီး ပြန်၍ အိပ်မောကျသွားတော့သည်။

ဝမ်ပေါင်လဲ့မှာမူ ပေါက်ကွဲအားကောင်းသော တိုက်ကွက်ကြီးတစ်ခုဖြင့် နန်းတော်ထဲမှ နှင်ထုတ်ခံလိုက်ရသည့်အလား ခံစားလိုက်ရ၏။ သူသည် မည်မျှပင် ကြိုးစားစေကာမူ နောက်သို့ လွင့်ထွက်သွားနေသည့် သူ၏ ခန္ဓာကိုယ်အား ရပ်တန့်သွားအောင် ထိန်းသိမ်းနိုင်စွမ်းမရှိဘဲ ဖြစ်နေရသည်။ ထို့ကြောင့် နောက်ဆုံးတွင် သူသည် နန်းတော်ကြီးနှင့် ပေငါးသောင်းအကွာအထိ ရောက်ရှိသွားပြီးနောက် တစ်ခေါင်းလုံး မူးဝေကာ အမြင်အာရုံများ ဝေဝါးသွားရတော့သည်။

သူ၏ ခန္ဓာကိုယ်မှာမူ တောင်တစ်လုံးအား အရှိန်ပြင်းစွာ ဝင်ဆောင့်သွားကြောင့် အုန်းခနဲ အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာ၏။ အချိန်အတော်အတန် ကြာပြီးမှ သူသည် ထိုတောင်ထဲ၌ ပေါ်ပေါက်လာသည့် ချိုင့်ခွက်ကြီးထဲမှ ဒယိမ်းဒယိုင်နှင့် ပြန်ထွက်လာတော့သည်။ သူ သည် ဆံပင်များရှုပ်ပွနေပြီး သနားစရာကောင်းသည့်ပုံ ပေါက်နေ၏။

သူသည် ဒဏ်ရာအပြင်းအထန် ရသွားခြင်းမရှိပါသော်လည်း တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေဆဲပင်။ ထို့ကြောင် သူသည် မျက်နှာရှုံ့မဲ့မဲ့နှင့် ဒေါသတကြီး ညည်းတွားလိုက်၏။

” ကပ်စေးနှဲလိုက်တာ။ ငါ ‌ကန်ထဲက ရေတွေကို ယူသုံးဖို့ ခွင့်တောင်းခဲ့တယ်လေ။ အဲတုန်းကကျ မကန့်ကွက်ခဲ့ဘဲနဲ့။ ပြီးတော့ ငါက ရေတွေအကုန်လုံးကို ယူသုံးဖို့လည်း အစီအစဉ်မရှိပါဘူး။ နည်းနည်းလေးပဲ စုပ်ယူရသေးတာကို ” ဝမ်ပေါင်လဲ့မှာ နန်းတော်ကြီးထဲ၌ ဖြစ်ပျက်ခဲ့သည့်အရာကို ပြန်လည်တွေးတောလိုက်ပြီးနောက် ဖြစ်ကြောင်းကုန်စင် အားနားလည်သွားတော့သည်။ သူသည် အပြင်ဘက်သို့ လွင့်ထွက်မသွားခင် ကြာရွက်တစ်ရွက်ပေါ်မှ လူရိပ်ကြီး ၎င်း၏လက်အား မြှောက်လိုက်သည်ကို မြင်ခဲ့ရသည် မဟုတ်ပါလော။ ထို့ကြောင့် ထို နန်းတော်ကြီးထဲမှ တာအိုနန်းတော် အကြီးအကဲများမှာ အသက်ရှိနေလောက်သေးသည်ဟု သူက မှတ်ယူလိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာ သက်ပြင်းချကာ ကြိုးစားရုန်းကန်၍ မတ်တတ်ထလာ၏။ ထို့နောက် သူသည် သူ၏ ဝမ်းဗိုက် အထက်ပိုင်းအား ငုံ့ကြည့်လိုက်ပြီးနောက် သူ၏ ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုနိုင်ရန် မနည်း ကြိုးစားလိုက်ရသည်။ သူသည် ဓားထိပ်ပိုင်းနှင့် ဓားကိုယ်ထည်ပိုင်း၏ ကြားရှိ တစ်နေရာတွင် ရောက်နေခြင်း ဖြစ်ပေသည်။ သူသည် နန်းတော်ကြီး ရှိသည့်ဘက်သို့ မျှော်လင့်တကြီးဖြင့် လှမ်းကြည့်နေလိုက်ပါသော်လည်း တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် ၎င်းအား မေ့ထားရန် ဆုံးဖြတ်လိုက်တော့သည်။

” ရှိပါစေတော့။ အဲဒီ နန်းတော်ကြီးက ငါ့ကို အလိုမရှိတော့ရော ငါက ဘာလုပ်ရမှာလဲ။ ငါ့ကို ကြိုဆိုမယ့် တခြားနေရာတွေ အများကြီး ရှိနေဦးမှာပါ။ ဒီနေရာမှာ မနေတော့ဘူး။ ပြည်ထောင်စုကြီးဆီ ပြန်ပြီးတော့ ဥက္ကဋ္ဌရာထူးကို သွားယူတော့မယ် ” ဝမ်ပေါင်လဲ့မှာ ထိုသို့ရေရွတ်လိုက်၏။ သူသည် ပြည်ထောင်စုကြီးအား အများကြီး ကူညီထောက်ပံ့ပေးခဲ့သည်ဖြစ်ပြီး တာအိုဘုန်းတော်ကြီးယိုရန်အား သတ်ဖြတ်ချေမှုန်းနိုင်ခဲ့သောကြောင့် ပြည်ထောင်စုကြီးအပေါ် ကျရောက်လာနိုင်သည့် ဘေးအန္တရာယ် တစ်ခုကိုလည်း နှိမ်နင်းနိုင်ခဲ့သည် မဟုတ်ပါလော။ ၎င်းမှာ အလွန်အင်မတန်မှ ကြီးမားသော အောင်မြင်မှုကြီးတစ်ခု ဖြစ်ပေသည်။ ထို့အပြင် သူသည် ပြည်ထောင်စုကြီးဆီသို့ ကျင့်ကြံခြင်းပညာရပ် အမြောက်အမြား ပြန်လည်ပေးပို့ထားပြီးသားလည်း ဖြစ်သည်။ သို့ဖြစ်ရာ သွမ့်မုလေးမှာ သူ့အား ဥက္ကဋ္ဌကြီးအဖြစ် မဖြစ်မနေ တင်မြှောက်မှ ရတော့မည်ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတော့ရင်း စိတ်လှုပ်ရှားလာ၏။ ထို့ကြောင့် သူသည် သူ၏ နာကျင်မှုများကိုပင် မေ့ပျောက်သွားပြီး ထာဝရစင်မြင့်တစ်ခုအား ရှာဖွေရန်အလို့ငှာ လေပေါ်သို့ ပျံတက်သွားလိုက်တော့သည်။

သို့သော် သူသည် အဝလွန်နေ၏။ ဝိညာဉ်အဆီများမှာ အလွန်အင်မတန်မှ လေးလံသောကြောင့် သူ၏ ကိုယ်အလေးချိန်မှာ အဆမတန် များပြားနေရပြီဖြစ်သည်။ ထို့ကြောင့် အဝေးမှ ကြည့်လိုက်ပါက သူသည် ဧရာမ အသားလုံးကြီးတစ်လုံးနှင့် တူနေ၏။

သူ့အား မြင်လိုက်ရသည့် လူတိုင်းမှာ ချက်ချင်းဆိုသလိုပင် ကြောက်ရွံ့တုန်လှုပ်သွားရမည်သာ ဖြစ်သည်။ သူတို့မှာ ကြောက်မက်ဖွယ်ရာ သားရဲကြီးတစ်ကောင်နှင့် ရင်ဆိုင်ကြုံတွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရမည်မှာ မလွဲဧကန်ပင်။

ဝမ်ပေါင်လဲ့မှာ ‌စိတ်ဓာတ်တက်ကြွစွာဖြင့် လေပေါ်သို့ ပျံတက်သွားလိုက်ပါသော်လည်း ခဏအကြာတွင် မြေကြီးပေါ်သို့ ဇောက်ထိုး ပြန်၍ပြုတ်ကျလာ၏။ သူသည် သူ၏ နောက်ကျောပေါ်တွင် ဧရာမ တောင်ကြီးတစ်လုံးကို ထမ်းတင်ထားရသကဲ့သို့ ခံစားနေရသည်။ ထို့ကြောင့် သူသည် မတ်တပ်ပြန်ရပ်နိုင်ပင် မနည်းကြိုးစားလိုက်ရ၏။ သူ၏ ခန္ဓာကိုယ် ပုံမှန်အနေအထားသို့ ပြန်ရောက်သွားသည့်အချိန်တွင် သူသည် တစ်ကိုယ်လုံး ဇောချွေးများ ပြန်နေရပြီဖြစ်သည်။

“မဖြစ်ဘူး။ ဒီပုံစံနဲ့ ပြည်ထောင်စုကြီးဆီ ပြန်လို့ ရမှာမဟုတ်ဘူး။ ကျယ်ပြန့်တာအိုနန်းတော် ပင်မကျွန်းဆီ သွားပြီးတော့ အရင်ဆုံး ဝိတ်ကျအောင် လုပ်မှဖြစ်မယ် ” ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူကာ ရေရွတ်လိုက်၏။ သူသည် ထိုသို့ စိတ်ပိုင်းဖြတ်လိုက်ပြီးနောက် သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို အကုန်လုံးထုတ်သုံးကာ အဝေးသို့ ပြေးထွက်သွားလိုက်တော့သည်။ ခဏအကြာတွင် သူသည် ထာဝရစင်မြင့်တစ်ခုအား ရှာတွေ့သွား၏။ ထို့ကြောင့် သူသည့် ဧရာမ မီးခိုးလုံးကြီးတစ်လုံးအသွင် ပြောင်းလဲသွားပြီး ဓားကိုယ်ထည်ပိုင်းအား ဖြတ်သန်းသွားလိုက်တော့သည်။

လက်ရှိတွင် ဝမ်ပေါင်လဲ့မှာ တာအိုဘုန်းတော်ကြီးယိုရန် ပြန်လည်ပေါ်ပေါက်လာသည့်အချက်ကို မသိသေးပေ။ ထို့အပြင် သူသည် အဆုံးမဲ့မျိုးနွယ်စု စစ်သင်္ဘောကြီးထဲတွင် ကြယ်သန္ဓေတာအို ကျင့်ကြံသူကြီး ရှိနေသည့် အကြောင်းကိုလည်း လုံးဝ သတိမထားမိသေးပေ။ သူ၏ အတွေးထဲတွင် တာအိုဘုန်းတော်ကြီးယိုရန်မှာ သေဆုံးသွားပြီဖြစ်သောကြောင့် စစ်ပွဲပေါ်ပေါက်လာနိုင်သည် အန္တရာယ်ကြီးအား ရှောင်တိမ်းနိုင်ခဲ့ပြီဟု မှတ်ယူထား၏။

ထို့ကြောင့်လည်း သူသည် နန်းတော်ကြီးသုံးခုထဲ၌ အချိန်အကြာကြီးနေရစ်ခဲ့ပြီး ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်နိုင်ရန် ကြိုးစားနေခဲ့ခြင်း ဖြစ်သည်။ ထိုကြောင့်လည်း… သူသည် လက်ရှိတွင် ပြည်ထောင်စုကြီးမှာ အဆုံးမဲ့မျိုးနွယ်စု၏ ထိန်းချုပ်မှုအောက်တွင်ရှိနေသော ကျယ်ပြန့်တာအိုနန်းတော် ကျင့်ကြံသူများနှင့် စစ်မက်ဖြစ်ပွားနေသည့်အချက်ကို လုံးဝ သိမထားပေ။

ထိုစစ်ပွဲကြီးမှာ လွန်ခဲ့သောတစ်လခန့်က စတင်ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

ကံကောင်းစွာဖြင့် ကျောက်ယမုန့်မှာ ပြည်ထောင်စုကြီးအား အချိန်မီ သတိပေးနိုင်ခဲ့၏။ ထို့အပြင် သွမ့်မုချွယ်၊ လီရှင်းဝမ်နှင့် ပြည်ထောင်စုကြီးထဲရှိ အခြား ထိပ်သီးအဆင့်ကျင့်ကြံသူများမှာ ကျယ်ပြန့်တာအိုနန်းတော်အား သူတို့၏ ရန်သူများဖြစ်လာနိုင်သည်ဟု အမြဲတမ်း သဘောထားခဲ့ကြသဖြင့် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ထားကြပြီးသား ဖြစ်သည်။ သို့ဖြစ်ရာ စစ်ပွဲကြီးကြောင့် ပြည်ထောင်စုကြီးမှာ အထိနာနေရသည့်တိုင်အောင် ပြည်ထောင်စုကြီး၏ ပြန်လည်တုံ့ပြန်တိုက်ခိုက်မှုကြောင့် တာအိုဘုန်းတော်ကြီးယိုရန်နှင့် ကျယ်ပြန့်တာအိုနန်းတော်တို့မှာ အံ့ဩတုန်လှုပ်သွားရဆဲပင်။

သို့သော် ထိုအချက်မှာ အလွန်အမင်း အံ့အားသင့်စရာတော့ မဟုတ်ပေ။ ပြည်ထောင်စုကြီးမှာ မဟာဗျူဟာများ ချမှတ်ရာတွင် တစ်ဖက်ကမ်းခပ် ကျွမ်းကျင်သည်မဟုတ်ပါလော။ သူတို့၏ အဓိကအားသာချက်မှာ လူပေါင်းမြောက်မြားစွာ ပူးပေါင်းကာ စီစဉ်ရေးဆွဲထားသည့် စစ်ပွဲသုံး နည်းဗျူဟာများ ဖြစ်ကြပေသည်။

ပြည်ထောင်စုပျိုးပင်တစ်ရာ အစီအစဉ်မှာ သူတို့၏ အစီအစဉ်များထဲမှ တစ်ခုသာဖြစ်သည်။ အကယ်၍ ထိုအစီအစဉ်သာ အောင်မြင်သွားခဲ့မည်ဆိုပါက သူတို့မှာ ကျယ်ပြန့်တာအိုနန်းတော်နှင့် အတူတကွ ယှဉ်တွဲနေထိုင်နိုင်မည် ဖြစ်သည်။ သို့သော် ကျရှုံးသွားခဲ့လျှင်မူ… သူတို့မှာ ဗုဒ္ဓဟူးဂြိုဟ် မဟာမန္တန်အစီအရင်ကြီးနှင့် ဝိညာဥ်ဆန့်ကျင်‌ဗုံးများကို အချိန်မရွေး အသုံးချနိုင်စွမ်း ရှိနေဆဲပင်။

အမှန်အတိုင်းဆိုရလျှင် ပြည်ထောင်စုကြီးမှာ ဖြစ်နိုင်ခြေ အမျိုးမျိုးကို ကြိုတင်စဉ်းစားထားပြီးသား ဖြစ်သည်။ ထို့နောက် သူတို့မှာ ဝမ်ပေါင်လဲ့နှင့် အခြားသူများ ပြန်လည်ပေးပို့ခဲ့သည့် အချက်အလက်များအပေါ် မူတည်၍ ထို ဖြစ်နိုင်ခြေများကို လိုသလို ပြုပြင်ခဲ့၏။ ထို့ကြောင့် သူတို့မှာ သူတို့၏ လူမှုအဖွဲ့အစည်းအား ကာကွယ်ရန် စစ်ခင်းရမည်ဆိုပါက စစ်ပွဲကြီးအတွက် လိုအပ်သည့် ပြင်ဆင်မှုများအားလုံးကို လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက ကြိုတင်ဆောင်ရွက်ထားပြီးသား ဖြစ်သည်။ ထို့ကြောင့် ယခုတွင် သူတို့မှာ ခံစစ်ကြောင်း သုံးခုအား ဖန်တီးထားပြီး ဖြစ်သည်။

ပထမဆုံး ခံစစ်ကြောင်းမှာ ‌ဗုဒ္ဓဟူးဂြိုဟ်ဖြစ်၏။

ဒုတိယ ခံစစ်ကြောင်းမှာ သောကြာဂြိုဟ်ဖြစ်ပြီး တတိယ ခံစစ်ကြောင်းမှာ အင်္ဂါဂြိုဟ် ဖြစ်ပေသည်။

ထို ခံစစ်ကြောင်းသုံးခုစလုံး ကျသွားမည် ဆိုပါက ကမ္ဘာကြီးမှာလည်း မျှော်လင့်ချက်များအားလုံး ပျက်သုဉ်းသွားမည်ဖြစ်သည်။

ပြည်ထောင်စုကြီး၏ အစီအစဉ်များမှာ မည်မျှပင် ပြီးပြည့်စုံနေစေကာမူ မတော်တဆများ အချိန်မရွေး ပေါ်ပေါက်လာနိုင်သည် မဟုတ်ပါလော။ သူတို့၏ အစီအစဉ်မှာ ပထမဆုံး ခံစစ်ကြောင်းဖြစ်သည့် ဗုဒ္ဓဟူးဂြိုဟ်ပေါ်တွင် ဝိညာဉ်ဆန့်ကျင်ဗုံး အမြောက်အမြား မြှုပ်ထားရန် ဖြစ်သည်။ ပြည်ထောင်စုကြီးဘက်မှ တစ်စုံတစ်ခုလွဲနေကြောင်း အာရုံခံမိလိုက်သည်နှင့် ဗုဒ္ဓဟူးဂြိုဟ်အား ဖောက်ခွဲပစ်မည် ဖြစ်သည်။ ထိုအစီအစဉ်မှာ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်များကိုပါ ဖောက်ခွဲပစ်မည်ဖြစ်ရာ ကျယ်ပြန့်တာအိုနန်းတော်ကိုလည်း အထိနာသွားစေမည် ဖြစ်သည်။

သို့သော် သွမ့်မုချွယ်မှာ အမှားတစ်ခု ကျူးလွန်မိခဲ့၏။ သူသည် ကျယ်ပြန့်တာအိုနန်းတော်၏ စစ်တပ် ရောက်ရှိလာသည်ကို စောင့်ဆိုင်းပြီးမှ ထိုဂြိုဟ်အား ဖောက်ခွဲပစ်ရန် ကြံရွယ်ထားခဲ့သည်။ သူသည် တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးကို ဖျက်ဆီးရုံသာမက ကျူးကျော်လာမည့် စစ်တပ်များကိုပါ အထိနာသွားအောင်လုပ်ရန် ကြံရွယ်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော် ကျယ်ပြန့်တာအိုနန်းတော်၏ စစ်တပ်မှာ ချက်ချင်းဆိုသလို ရောက်ရှိလာခဲ့သောကြောင့် သူ့ဘက်မှ အချိန်မီ မလှုပ်ရှားနိုင်ခဲ့ပေ။ အဆုံးမဲ့မျိုးနွယ်စု စစ်သင်္ဘောကြီးဆီမှ ထွက်ပေါ်နေသည့် စွမ်းအားများမှာ ဗုဒ္ဓဟူးဂြိုဟ်၏ ပေါက်ကွဲမှုအား ဖိနှိပ်ချုပ်တည်းခဲ့သဖြင့် ပြည်ထောင်စုကြီး၏ အစီအစဉ်မှာ ပျက်ပြားသွားခဲ့ရသည်။ ထို့ကြောင့် သူတို့မှာ သူတို့၏ ပထမဆုံး ခံစစ်ကြောင်းအား စွန့်ခွာခဲ့ရပြီးနောက် ဒုတိယ ခံစစ်ကြောင်းဖြစ်သည့် သောကြာဂြိုဟ်ဆီသို့ ပြန်လည်ဆုတ်ခွာလာရတော့သည်။

သို့သော် ပြည်ထောင်စုကြီးမှာ နှစ်ပေါင်းများစွာ ကြိုတင်ပြင်ဆင်ထားခဲ့သည် မဟုတ်ပါလော။ ဗုဒ္ဓဟူးဂြိုဟ်အား ဖောက်ခွဲရန် ကြိုးပမ်းခဲ့စဉ်တုန်းက ဝိညာဉ်ဆန့်ကျင်ဗုံးများမှာ ဖိနှိပ်ချုပ်တည်းခံခဲ့ရပါသော်လည်း ၎င်းတို့ ပေါက်ကွဲသွားရာမှ ထွက်ပေါ်လာသည့် စွမ်းအားများမှာ အဆုံးမဲ့မျိုးနွယ်စု စစ်သင်္ဘောကြီးအား ထိခိုက်သွားအောင် လုပ်နိုင်ခဲ့ဆဲပင်။ ထို့ကြောင့် တာအိုဘုန်းတော်ကြီးယိုရန်နှင့် ကျယ်ပြန့်တာအိုနန်းတော်တို့မှာ အံ့သြတုန်လှုပ်သွားခဲ့ရ၏။ ထိုစစ်သင်္ဘောကြီးမှာ ဝမ်ပေါင်လဲ့ကြောင့် အများကြီး ထိခိုက်ပျက်စီးခဲ့ရသည် မဟုတ်ပါလော။ ထို့ကြောင့် ယခုကဲ့သို့ ပေါက်ကွဲမှုဒဏ်များနှင့် ကြုံတွေ့လိုက်ရသောအခါ ပို၍ပင် ဆိုးသွားတော့သည်။ သို့ဖြစ်ရာ ကျယ်ပြန့်တာအိုနန်းတော်မှာ ၎င်းအား ပြန်လည်ပြုပြင်နိုင်ရန် အချိန်ပေးခဲ့ရ၏။

ထိုသို့ဖြင့် စစ်ပွဲကြီးမှာလည်း ပိုနေမြဲ ကျားနေမြဲ အနေအထားသို့ ရောက်သွားရတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset