အပိုင်း (၁၆၂)

သုံးယောက်

ရီဖူရှင်းက ကျောက်ဟန်ကို ကြည့်လိုက်သည်။ သူကား ချောမောကာ သန့်ပြန့်သော ပုံစံရှိသည်။ ထိုနေရာတွင် ရပ်နေသော သူ့ပုံစံက ထူးခြားလေးနက်သော ကိုယ်ရောင်ကိုယ်ဝါကို ပြသည်။ ယွန်ရှင်းမို၏ ကျောက်ဟန်အပေါ် ဆက်ဆံမှုက ရန်ဇီကျီနှင့် ကွဲပြား ခြားနားကြောင်း ရီဖူရှင်းလည်း သတိထားမိသည်။ ကြည့်ရသည်မှာ ကျောက်ဟန်က ဓားကလန်တွင် မြင့်မားသော အဆင့်တွင်ရှိကြောင်း သိသာစေသည်။ ထို့ကြောင့်လည်း သူ့တွင် အေးစက်ကာ မောက်မာဝင့်ကြွားသော ပုံဟန်ရှိနေခြင်း ဖြစ်သည်။ ရီဖူရှင်းက သူ့အား အနိုင်ယူနိုင်လျှင် ယွန်ရှင်းမို၏ ကိစ္စကို သူအလေး မထားတော့ကြောင်း ပြောသည်။ အကယ်၍ သူရှုံးနိမ့်ပါက သေရမည်။ သို့သော် ယွန်ရှင်းမို အစေခံဖြစ်ခြင်းက သူနှင့် မည်သို့ သက်ဆိုင်သနည်း။ ရီဖူရှင်းက အနိုင်ရလျှင် အနိုင်ရသည်။ ကျောက်ဟန် အနိုင်ရလျှင် ရီဖူရှင်း သေရမည်။ မည်မျှ လွန်ကဲသော စကားဖြစ်သနည်း။

“မင်းစကားကို ပြန်ရုပ်သိမ်းဖို့ စိတ်ကူး မရှိဘူးလား…” ရီဖူရှင်းက ကျောက်ဟန်အား ပြောသည်။

ကျောက်ဟန်က ရီဖူရှင်းအား ကြည့်လိုက်သည်။ သူ၏ မျက်လုံးများက ဓားအားလှိုင်းများ စီးဆင်းနေသည့်အလား ထက်ရှလှသည်။ သူက အေးစက်စွာ ပြောသည်… “ကျုပ်ရဲ့ စကားကို ဘယ်တော့မှ ပြန်မရုပ်သိမ်းဘူး… မင်းက လက်မခံရင်လည်း သေရမယ်…” ကောင်းကင် အဆင့်မျှဖြင့် သူနှင့် ညှိနှိုင်းရန် အဆင့်မမီပေ။ အထူးသဖြင့် နယ်မြေတစ်ရာမှ လူများကို သူအထင်မကြီးပေ။

ရီဖူရှင်းက ပြုံးလိုက်သည်။ ငြင်းခုံနေမည့်အစား သူက နိုဘယ်လိုဏ်ဂူထံသို့ လှမ်းသွားလိုက်သည်။ ယူချင်းက ကျောက်ဟန်အား အေးစက်စွာ ကြည့်ကာ ရီဖူရှင်း နောက်ကို လိုက်သွားသည်။ သူတို့အုပ်စုကလည်း လိုဏ်ဂူရှိရာသို့ လျှောက်သွားကြ၏။

ကျောက်ဟန်က မည်သို့မှ ထူးခြားဟန် မပြပေ။ သူကလည်း ယန်ဇီကျီနှင့်အတူ နိုဘယ်လိုဏ်ဂူထံသို့ လှမ်းသွားလိုက်သည်။ ထိုနေရာ ပတ်ဝန်းကျင်မှ လူများ အားလုံးကလည်း ထိုလူများနည်းတူ လိုဏ်ဂူသို့ လျှောက်သွားလိုက်ကြ၏။ ကျောက်ဟန်က တစ်ကြိမ်တစ်ခါက သေမင်းခြေလှမ်း ဆယ်လှမ်းအထိ လျှောက်လှမ်းနိုင်ခဲ့သည်။ သိသာစွာပင် နောက်ဆုံး သုံးလှမ်းမှာ အလွန်ကြောက်မက်ဖွယ် ကောင်းလှကာ တစ်စုံတစ်ယောက်အား အမှန်ပင် သေစေနိုင်သည်။

သူတို့အားလုံးက ရီဖူရှင်းအား အနည်းငယ် သနားကရုဏာ သက်မိကြသည်။ နယ်မြေတစ်ရာဒေသမှ ပါရမီရှင်မှာ အလွန် ထူးခြား ကောင်းမွန်သော ဆင်ခြင်နိုင်စွမ်း ရှိသော်လည်း ယနေ့တွင် သေရတော့မည် ဖြစ်သည်။

နိုဘယ်လိုဏ်ဂူ တစ်ဝိုက်ကား ကြီးမားကျယ်ပြန့်သည်။ ပတ်ဝန်းကျင် တစ်ခုလုံးမှ လူများက လိုဏ်ဂူရှိရာသို့ လျှောက်လှမ်း နေကြသည်။ သူတို့အားလုံးက လျှို့ဝှက်စွာ ယှဉ်ပြိုင်နေကြ၏။ ပြိုင်ဆိုင်ခြင်းဖြင့် သူတို့၏ စိတ်ကို ပိုမိုတက်ကြွစေကာ လိုဏ်ဂူရှိရာသို့ ပိုမိုသွားလိုစိတ် ပြင်းပြစေသည်။

အလွန် ထက်မြက်ဟန်ရှိသော ပါရမီရှင် အများအပြားက လိုဏ်ဂူအရှေ့တွင် ရပ်လိုက်ကြသည်။ သူတို့၏ နောက်မှ လူများက ထိုမြင်ကွင်းကို ကြည့်ကာ အံ့အားသင့်ကြရသည်။ ပါရမီရှင်များ အားလုံးက အတူတူ လိုဏ်ဂူသို့ သွားကြတော့မည် ဖြစ်သည်။ သည်မြင်ကွင်းက ရှားပါးကာ စိတ်ဝင်စားဖွယ် ကောင်းလှသည်။

ကျောက်ဟန်ကား ဓားကလန်၏ လူငယ်မျိုးဆက်မှ အတော်ဆုံးဖြစ်သည်။ သူကား အလွန်ပါရမီ ကောင်းမွန်ကာ ယခင်ကလည်း သေမင်းခြေလှမ်း ဆယ်လှမ်းအထိ ရောက်ရှိပြီး ဖြစ်သည်။ တခြားလူများက သူ့အား ကျော်ဖြတ်နိုင်မည့်ပုံ မပေါ်ပေ။

လီလီယန်ရီသည်လည်း အလွန်ထူးခြားသော ပါရမီရှင် မိန်းကလေးဖြစ်ကာ သူမထံမှ အလွန် ကောင်းမွန်သော စွမ်းဆောင်ရည်ကို မြင်တွေ့ရနိုင်သည်။

ယွန်ရှင်းမိုက ရီဖူရှင်း၏ အစေခံလုပ်ရန် သဘောတူခဲ့သော်လည်း သူမသည်လည်း အားနည်းသည်တော့ မဟုတ်ပေ။ ကောလာဟလများအရ ကန်တောင်ကုန်းတွင် ယွန်ရှင်းမိုက လျိုယွန်အား အနိုင်ယူခဲ့သည်။ သို့သော် သူမက ကျောက်နံရံပေါ်မှ ဓားအားလှိုင်းများကို အမှီပြုပြီး အနိုင်ရခဲ့ခြင်း ဖြစ်သည်။ ယခု မည်သူက ပိုမို စွမ်းမည်နည်း လူအများ စိတ်ဝင်စားမိကြသည်။ ထို့အပြင် ယန်ဇီကျီနှင့် နယ်မြေတစ်ရာမှ ပါရမီရှင်များ မည်သို့ စွမ်းဆောင်နိုင်မည်နည်း။

မှန်သည်… ရီဖူရှင်းက ရှေ့ကို မည်မျှ လှမ်းနိုင်မည်ကို သူတို့အားလုံး စိတ်ဝင်စားကြသည်။ သူကား ကန်တောင်ကုန်းပေါ်မှ ကျောက်နံရံလေးခုလုံးကို နားလည်နိုင်သော တစ်ဦးတည်းသော သူဖြစ်သည်။ သူ၏ အဆုံးသတ်မှာ ဆုံးဖြတ်ထားပြီးသား ဖြစ်သော်လည်း ရီဖူရှင်းက သေမင်းခြေလှမ်း မည်မျှ လှမ်းနိုင်မည်ကို သူတို့ သိလိုကြသည်။ အကယ်၍ ဆယ့်သုံးလှမ်းမှ ခုနစ်လှမ်းမျှ လှမ်းနိုင်လျှင်ပင် ထိုစွမ်းဆောင်ရည်က အလွန် ကောင်းမွန်သည်ဟု သတ်မှတ်နိုင်သည်။ ချင်းမုန်ဒေသတွင် ထိုခြေလှမ်း ခုနစ်လှမ်းအထိ လှမ်းနိုင်သူများ အားလုံးမှာ နာမည်ကျော်ကြားသော ပါရမီရှင်များ ဖြစ်ကြသည်။

ရီရှောင်က ရီဖူရှင်းတို့အုပ်စုကို တစ်ချက်ကြည့်ကာ ရှေ့ကို လှမ်းသွားလိုက်သည်။ သူကလည်း ဆက်လက် ကြိုးစားလိုသည်။ သူက ခြေလှမ်း သုံးလှမ်းမျှသာ လှမ်းနိုင်ရာ ထိုစွမ်းဆောင်ရည်က ကျေနပ်စရာ မကောင်းလှပေ။

ချူခွန်ယမ်နှင့် ယွန်ချူနိုင်ငံမှ လူများကလည်း လိုဏ်ဂူထံ လျှောက်ကြမည်ဖြစ်သည်။ တန်ဖန်းပွဲတော်တွင် သူက ယှဉ်ပြိုင်ရန်ပင် အခွင့်အရေး မရခဲ့ပေ။ ထိုအချိန်က ရီဝူချင်း၏ စွမ်းအားက သူ့ကို တုန်လှုပ်စေကာ မတိုက်ခိုက်ရဲတော့ဘဲ ရှောင်ဖယ်စေခဲ့သည်။ ယခုအချိန်တွင်ကား သူက ရီဝူချင်းကို တိတ်ဆိတ်စွာ ယှဉ်ပြိုင်ရန် အခွင့်အရေး ရလာပြီဖြစ်သည်။

ရီဖူရှင်းက တခြားလူများ၏ အတွေးများကို သိရှိခြင်း မရှိပေ။ သူက ထူးခြားသော အားလှိုင်းများကို ခံစားလျက် လိုဏ်ဂူ၏ အရှေ့တွင် ရပ်လိုက်သည်။ နိုဘယ်လိုဏ်ဂူ၏ ထူးခြားသော အားလှိုင်းများကို သူက စိတ်ထဲမှနေ၍ ချီးကျူးလိုက်သည်။ ဖိအားကား ကောင်းကင်ဘုံမှ ဆင်းသက်လာသည့်အလား ကြီးမား ပြင်းထန်လှသည်။ သို့သော် ယခု ရီဖူရှင်းက ထိုဖိအားကို အန်တုမည်ဖြစ်သည်။

ရီဖူရှင်းက လိုဏ်ဂူထံ စတင် လှမ်းသွားလိုက်သည်။ သူက မိမိကိုယ်ကို ကာကွယ်ရန် မည်သည့် ဓာတ်စွမ်းအင်ကိုမျှ မသုံးဘဲ သာမန်အတိုင်း လျှောက်သွားလိုက်သည်။ သူ့မျက်လုံးထဲတွင် နိုဘယ်လိုဏ်ဂူမှ ကျောက်ဂူများက ပိုမိုအရောင်အဝါများ လင်းလက်လာသည်ဟု ခံစားရသည်။ ထူးဆန်းသော ဖိအားများက ထိုရုပ်တုများမှ ထွက်ပေါ်လာကြကာ သူ့အား လာရောက် ရိုက်ခတ်ကြသည်။ သို့သော်လည်း ထိုဖိအားက သူ့အား မည်သို့မှ ထိခိုက်ဟန်မရှိဘဲ ရီဖူရှင်းက ဥယျာဉ်ထဲ အပျော်လမ်းလျှောက်သလိုပင် လျှောက်သွားလိုက်သည်။ သူက သေမင်းခြေလှမ်း ဆယ့်သုံးလှမ်းသို့ လျင်မြန်စွာပင် ရောက်ရှိလာသည်။ နောက်ထပ် ခြေလှမ်း ဆယ့်သုံးလှမ်းမှာ တကယ့် စမ်းသပ်မှု ဖြစ်သည်။

ရုပ်တုများမှ ဖိအားများက ပိုမိုပြင်းထန်လာကာ သူ့ခန္ဓာကိုယ်အား လာရောက် ရိုက်ခတ်သည်သာမက ရီဖူရှင်း၏ စိတ်နယ်ပယ်အထိပါ ဝင်ရောက် လာကြလေသည်။

ဓားကလန်မှ ကျောက်ဟန်ကလည်း စတင်လှုပ်ရှားလိုက်သည်။ သူက ရီဖူရှင်း၏ ဘယ်ဘက်တွင် ဖြစ်သည်။ ရီဖူရှင်း၏ ညာဘက်တွင်ကား ယူချင်းနှင့် ယွန်ရှင်းမိုတို့ အုပ်စုဖြစ်သည်။ လူတိုင်းက သေမင်းခြေလှမ်း ဆယ့်သုံးလှမ်း နေရာသို့ ရောက်လာကြသည်။

ရီဖူရှင်းဘေးမှ ကျောက်ဟန်က ရှေ့ကို စလှမ်းလိုက်သည်။ သူက ခြေလှမ်းသုံးလှမ်း ဆက်တိုက် လှမ်းလိုက်ကာ တစ်ချက်ရပ်လျက် ရီဖူရှင်းအား ကြည့်လိုက်သည်။ သူကား အလွန်စွမ်းရည် မြင့်လှသည်။ ထို့နောက် သူက ယွန်ရှင်းမိုအား ပြောလိုက်သည်… “သူက သိပ်စိတ်ပျက်ဖို့ မကောင်းဖို့ ကျုပ်မျှော်လင့်တယ်… မဟုတ်ရင် မင်းက အရမ်း ဈေးပေါသွားလိမ့်မယ်…” ထို့နောက် သူက နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်သည်။ ကြမ်းတမ်းသော ဓားစွမ်းအင် အားလှိုင်းများက သူ့အား ရစ်ပတ်ထားကြ၏။ ခြေလှမ်းလေးလှမ်းအား အဆက်မပြတ် လှမ်းလျက် လူအများအား နောက်ကောက်ချလိုက်ရာ သူမည်မျှ အားကောင်းသည်ကို သိသာစေသည်။

ရီဖူရှင်းက စိတ်ကွက်ပုံ မရပေ။ သူက ခြေတစ်လှမ်း စလှမ်းလိုက်သည်။ မမြင်ရသော အားလှိုင်းတစ်ခုက ရီဖူရှင်းထံမှ ဖြာထွက်လာသည်။ သူ၏ ခြေလှမ်းကား အလွန်တည်ငြိမ်သည်။ သူ့ခန္ဓာကိုယ်ကလည်း အနည်းငယ်မျှ တုန်ခါခြင်း မရှိပေ။ သူ့မျက်လုံးထဲတွင် ရုပ်တုများထံတွင် အလွန် အားကောင်းသော ဖိအားများ သူ့ထံ လာရောက် ရိုက်ခတ်သည်ကို မြင်ရသည်။ တခြား ပါရမီရှင်များကလည်း စတင် လှမ်းလိုက်ကြသည်။ ထိုပါရမီရှင်များ အတွက် ပထမ ခြေလှမ်းက မည်သို့မှ ထူးခြားဟန် မရှိပေ။

ရီဖူရှင်းက တိတ်ဆိတ်စွာ ထိုဖိအားကို လေ့လာ ဆင်ခြင်သည်။ တခြားလူများကို ကြည့်မည့်အစား သူက ရှေ့မှ လိုဏ်ဂူအား အာရုံစိုက်ထားကာ အရှေ့ကို ဆက်လှမ်းလိုက်သည်။ သူက မည်သည့် ဓာတ်စွမ်းအင်ကိုမှ ထုတ်ဖော်ခြင်း မရှိသေးပေ။

ထိုကြီးမားလှသော လိုဏ်ဂူကြီးကား ထူးခြားသော စွမ်းအင်ရှိသည်။ သူ့ထံမှ ရိုက်ခတ်လာသော အားလှိုင်းများက လှိုင်းလုံးများအလား ရှေ့တိုးလေလေ ဖိအားက ပိုမို အားပြင်းလေလေ ဖြစ်သည်။ ထိုအားလှိုင်းက တစ်စုံတစ်ယောက်၏ စိတ်အသိအား ဖျက်ဆီးရန် လုံလောက်ပေသည်။

ထိုအားလှိုင်းများက လေမုန်တိုင်းအလား လာရောက် ရိုက်ခတ်နေကြသော်လည်း ရီဖူရှင်းကား အလွန်တည်ငြိမ်သည်။ ထို့နောက် ရီဖူရှင်းက တတိယ ခြေလှမ်းကို လှမ်းလိုက်သည်။ နောက်ထပ် ပိုမိုအားကောင်းသော ဖိအားများ ရိုက်ခတ်လာသည့်တိုင် ရီဖူရှင်းကား အေးဆေး တည်ငြိမ်စွာ ရပ်နေဆဲဖြစ်သည်။

ယူချင်းလည်း ရီဖူရှင်း၏ ဘေးတွင်ဖြစ်သည်။ သူက ရီဖူရှင်းနှင့်အတူ သုံးလှမ်း လှမ်းထားပြီးဖြစ်ကာ မည်သည့် ဓာတ်စွမ်းအားကိုမှ ထုတ်လွှတ်ခြင်း မရှိသေးပေ။ သူက သူ၏ ကြံ့ခိုင်မှု သတ်သတ်ကို အားပြုကာ လှမ်းနေခြင်း ဖြစ်သည်။ သူ့တွင် သဘာဝအားဖြင့် နတ်ဆိုးကဲ့သို့ အားကောင်းသော စွမ်းအားကို ပိုင်ဆိုင်ရာ သူ့အတွက် သက်သောင့်သက်သာ အခြေအနေတွင်သာ ရှိနေသေး၏။ သို့သော် လိုဏ်ဂူကလည်း တူညီသော စွမ်းအားဖြင့် တုံ့ပြန်သည်။

“ဒါက တတိယ ခြေလှမ်းပဲ…” လိုဏ်ဂူအဝေးမှ လူများ အားလုံးက ထိုအုပ်စုများကို ကြည့်နေကြသည်။ ရီဖူရှင်း၊ ရီဝူချင်း၊ ယွန်ရှင်းမိုနှင့် တခြားလူများ အားလုံးက ခြေလှမ်းသုံးလှမ်း ရောက်ရှိနေပြီး ဖြစ်သည်။ ကြည့်ရသည်မှာ အများအပြားက ရှေ့ကို ဆက်သွားနိုင်စွမ်း ရှိနေပေသေးသည်။ အနည်းဆုံး ခြေလှမ်း လေးလှမ်းက သူတို့အတွက် ပြဿနာမဟုတ်ပေ။

ရီရှောင်ကလည်း တတိယ ခြေလှမ်းကို ရောက်နေပြီဖြစ်သည်။ သည်မတိုင်မီက သူက ဤနေရာတွင် ရပ်တန့်နေခဲ့သည်။ ယခုတစ်ကြိမ်တွင် သူက ဆက်လက် လှမ်းရန် လိုအပ်သည်။ မျက်လုံးအား မှိတ်လိုက်လျှင် ဓားအရှိန်အဝါက သူ့တစ်ကိုယ်လုံးအား လွှမ်းခြုံသွားသည်။ စိတ်ဝိညာဉ် စွမ်းအားကလည်း ဓားအရှိန်အဝါများအား ပိုမိုအားကောင်းစေကာ သူ့ထံ ရောက်လာသော နိုဘယ်လိုဏ်ဂူမှ အားလှိုင်းကို ရင်ဆိုင်လျှင် နောက်တစ်လှမ်း လှမ်းလိုက်သည်။ သူလုံးဝ မလှုပ်ရှားပေ။ ထိုအားလှိုင်းနှစ်ခုကို ရင်ဆိုင်စေလျှင် နောက်ဆုံးတွင် သူ လေးလှမ်းမြောက်တွင် တည်ငြိမ်စွာ ရပ်နိုင်သွားသည်။ ထိုအခိုက်တွင် သူ့ကံစွမ်းအားများ ပိုမိုအားကောင်း လာသည်ဟု ရီရှောင် ခံစားရသည်။

လိုဏ်ဂူရှေ့တွင် တချို့က ဆက်မလှမ်းနိုင်ဘဲ ရပ်တန့်နေရပြီ ဖြစ်သည်။ ထိုကြီးမားလှသော လိုဏ်ဂူ၏ ဖိအားကား ပြင်းထန်လွန်းလှကာ သူတို့ဆက်လက် ဖြတ်ကျော်နိုင်စွမ်း မရှိတော့ပေ။ ယခုကား ရှေ့ဆုံးမှ သွားနေသူမှာ ကျောက်ဟန်ဖြစ်သည်။ သူက ခြေလှမ်း ခုနစ်လှမ်းအထိ လှမ်းထားပြီး ဖြစ်ကာ ရီဖူရှင်းနှင့် တခြားလူများကို ပြန်ကြည့်လျက် ရပ်တန့်လိုက်သည်။

ကျောက်ဟန်က ရီဖူရှင်းကို စောင့်နေသည်များလား။ လူအများအပြားက တွေးလိုက်ကြသည်။ သူက ခြေလှမ်းခုနစ်လှမ်းကို လှမ်းရာတွင် အားစိုက်ရပုံပင် မပေါ်ပေ။ သူက ဓားကလန်၏ နံပါတ်တစ် ပါရမီရှင် ဖြစ်နေသည်မှာ မထူးဆန်းတော့ပေ။

“မင်း အရမ်းနှေးတယ်…” သူက ရီဖူရှင်းအား ပြောလိုက်သည်။ “ကန်တောင်ကုန်းမှာ ပြခဲ့တဲ့ မင်းရဲ့ပါရမီက ဘယ်မှာလဲ…”

ရီဖူရှင်းက ကျောက်ဟန်ကို တစ်ချက် ကြည့်လိုက်ကာ သူ၏ အကြည့်အား လွှဲလိုက်သည်။ သူက ရှေ့ကို ကြည့်လျက် သူ၏ခြေအား မြှောက်လိုက်သည်။ သူက ခြေလှမ်းလေးလှမ်း မြှောက်ကို လှမ်းလိုက်သည်။ လူတိုင်းက အနည်းငယ် အံ့အားသင့် သွားကြသည်။ ချက်ချင်းပင် ရီဖူရှင်းက သူ့ခြေအား ထပ်မံ မြှောက်လိုက်ပြီး ငါးလှမ်းမြောက်ကို လှမ်းလိုက်သည်။ မကြာမီ ရီဖူရှင်းက ခြောက်လှမ်းမြောက်ကို လှမ်းလိုက်သည်ကို သူတို့ မြင်ကြရ၏။ သူက ရပ်တန့်လိုက်လျှင် လူတိုင်းက ရီဖူရှင်းထံမှ လွင့်ပျံ့လာသော ကြောက်မက်ဖွယ် အားလှိုင်းကို ခံစားကြရသည်။

ဒါ… လူတိုင်း၏ ရင်ဘတ်များ တုန်ခါသွားကြသည်။ ရီဖူရှင်းက ခြေလှမ်း ခြောက်လှမ်းအထိ လှမ်းနိုင်သောကြောင့် မဟုတ်ဘဲ သူ၏ အလွန်တည်ငြိမ်သော ကိုယ်နေဟန်ထားကြောင့် ဖြစ်သည်။ ကြည့်ရသည်မှာ သူက ဆက်လက် သွားနိုင်သေးသည်။ သူ၏ ကိုယ်ရောင်ကိုယ်ဝါမှာလည်း လိုဏ်ဂူနှင့် ယှဉ်နိုင်လောက်အောင် ပိုမိုအားကောင်း လာသည်ကို မြင်ကြရသည်။

ဘုန်း… မြေကြီးက အဆက်မပြတ် တုန်ခါသွားကာ ယူချင်းက ရီဖူရှင်း၏ ဘေးသို့ တည်ငြိမ်သော ခြေလှမ်းများဖြင့် လှမ်းလာသည်ကို သူတို့ မြင်ကြရသည်။ သူကလည်း ခြေလှမ်း ခြောက်လှမ်းကို လှမ်းထားပြီး သူ့ခန္ဓာကိုယ်တွင် အလွန်ကြမ်းတမ်းသော ရွှေအိုရောင် စွမ်းအင်များ ရစ်ပတ်နေသည်ကို မြင်ကြရသည်။

ရီဝူချင်း၏ ဓားအားလှိုင်းက လေပွေမုန်တိုင်းကဲ့သို့ သူ့အား ရစ်ပတ်လျက်ကပင် ရီဝူချင်းက သူ့လက်ညှိုးအား ရှေ့ကို ညွှန်လိုက်လျှင် ထိုအားလှိုင်းများက ဓားသွားများအလား ပြောင်းလဲသွားပြီး လိုဏ်ဂူမှလာသော ဒီရေလှိုင်းအလား လှိုင်းလုံးများကို ထွင်းဖောက်လျက် လမ်းဖွင့်ပေးကြသည်။ သူကလည်း  တည်ငြိမ်စွာပင် ခြေလှမ်း ခြောက်လှမ်းအထိ ရောက်လာသည်။

သူတို့ သုံးယောက်လုံးက ခြေလှမ်း ခြောက်လှမ်းကို ရောက်လာသည်။ ထိုအဖြစ်က လူအများအပြားအား ရင်ဘတ်များ တုန်ခါသွားစေအောင်ပင် အံ့အားသင့်စေ၏။

ရီရှောင်က ထိုမြင်ကွင်းကို ကြည့်ကာ အလွန် အရှက်ရသည်။ သူ့မျက်လုံးတွင် အလေးမထားသော သူများက ခြေလှမ်းခြောက်လှမ်းကို တည်ငြိမ်စွာ လှမ်းပြီးသော အချိန်တွင် သူကား လေးလှမ်းမျှသော နေရာကို ခက်ခဲစွာ ကြိုးစားခဲ့ရသည်။ ယခုကား သူတို့အကြား နှိုင်းယှဉ်စရာပင် မလိုတော့ပေ။ လင်းယွီယိုပင်လျှင် လေးလှမ်းကို ကျော်လျက် ငါးလှမ်းမြောက်ကို ရောက်နေပြီ ဖြစ်သည်။

ချူခွန်ယမ်ကလည်း အရှုံးမပေးလိုပေ။ သူက ခြေလှမ်း ခြောက်လှမ်းမြောက်ကို ရောက်လာသော်လည်း သူကား ရုန်းကန်နေရဆဲ ဖြစ်သည်။ သူ၏ စွမ်းအင်များအားလုံး ကုန်ခန်းသွားသလို ခံစားနေရကာ တစ်ကိုယ်လုံး အလွန်အမင်း နာကျင်နေသည်။

ထိုအခိုက်တွင်ပင် ရီဖူရှင်းက ထပ်မံ ရွေ့လျားလိုက်သည်။ သူက နောက်ထပ် တစ်လှမ်း လှမ်းလိုက်ရာ နိုဘယ်လိုဏ်ဂူမှ ပိုမိုအားကောင်းသော ဖိအားများ ရောက်ရှိလာသော်လည်း သူအား မည်သို့မှ မှုပုံ မရသေးပေ။

ဘုန်း… နောက်ထပ် ကျယ်လောင်သော ခြေလှမ်းသံနှင့်အတူ ယူချင်းက ရီဖူရှင်း၏ ဘေးကို ရောက်လာပြန်သည်။ သူက ကျောက်ဟန်အာ အေးစက်စွာ ကြည့်လိုက်သည်။

ရီဝူချင်းက သူ့လက်အား ရှေ့ကို ညွှန်လိုက်လျှင် မဆုံးနိုင်သော ဓားအားလှိုင်းများက သူ့ကိုယ်မှ ထွက်ပေါ်လာကာ ထိုလေပွေမုန်တိုင်းအလား ဓားစွမ်းအားများ ရစ်ပတ်လျက်  ခြေလှမ်းခုနစ်လှမ်းကို တည်ငြိမ်စွာ လှမ်းလိုက်သည်။

ဝုန်း… ကျယ်လောင်သော အသံနှင့်အတူ နောက်ထပ် ခြေလှမ်းကို လှမ်းရန်ကြိုးစားသော ချူခွန်ယမ် အဝေးသို့ လွင့်စဉ်သွားသည်ကို အားလုံး မြင်လိုက်ရသည်။ သူက မြေပြင်ပေါ်သို့ လွင့်စဉ်သွားကာ မျက်နှာများ ပြာနှမ်းလျက် ပြန်ထလာသည်။ ထို့နောက် သူက သွေးတစ်ပွက် အန်လိုက်သည်။ ချူခွန်ယမ် ဒဏ်ရာရသွားသည်မှာ သိသာလှသည်။

ရီရှောင်က သူ့ရှေ့မှ သေမင်း ခြေလှမ်း ခုနစ်လှမ်းအထိ လှမ်းထားသော သုံးယောက်ကို ကြည့်လိုက်သည်။ ရီရှောင် နောက်ထပ် ရှေ့ကို ထပ်လှမ်းရန် စိတ်မဝင်စားတော့ပေ။ သူက ငါးလှမ်းမြောက်ကို လှမ်းလိုက်လျှင်ကော အဘယ်အရေးနည်း။ ထိုလူများနှင့် သူနှင့် ကွာဟချက်ကား အလွန် ကြီးမားနေပြီဖြစ်ကာ သူ့တွင် ရီဖူရှင်းတို့ကို ကျော်ဖြတ်ရန် ယုံကြည်မှု မရှိတာ့ပေ။

***


Comment

Leave a Reply

Options

not work with dark mode
Reset