ဝိညာဉ်ချီများမှာ ထိုနေရာတစ်ခုလုံးအား မြူခိုးများကဲ့သို့ ဖုံးအုပ်ထား၏။ ဝမ်ပေါင်လဲ့မှာ ဝိညာဉ်ချီများကို စုပ်ယူနေရင်း အလုပ်ရှုပ်နေပြီး သူ၏ ကျင့်ကြံခြင်းအဆင့်အား ထပ်၍မြှင့်တင်နိုင်ရန် ကြိုးပမ်းနေသည်။ ထို့ကြောင့် သူသည် နိုးထလာတော့မည့်ပုံ ပေါ်နေသည့် ရုပ်အလောင်းကြီးအား သတိမထားမိပေ။
ထိုသို့သတိမထားမိခြင်းမှာ သူ့အတွက် ကောင်းပေသည်။ အကယ်၍ ထို ရုပ်အလောင်းကြီး မျက်လုံးများပွင့်လာသည်ကိုသာ မြင်လိုက်ရမည်ဆိုပါက မည်သူမဆို လိပ်ပြာလွင့်လုမတတ် ကြောက်ရွံ့တုန်လှုပ်သွားကြမည်သာဖြစ်သည်။ ကံကောင်းပါက ကျင့်ကြံခြင်းအပိုင်းတွင် အနည်းငယ်မျှသာ အနှောင့်အယှက် ဖြစ်သွားနိုင်ပါသော်လည်း ကံမကောင်းလျှင်မူ သူတို့၏ ဝိညာဉ်ချီများမှာ အထိန်းအကွပ် မဲ့သွားနိုင်ပေသည်။
ထို ရုပ်အလောင်းကြီးမှာ အပြည့်အဝ ပြန်လည်နိုးထလာခြင်း မရှိသေးဘဲ မျက်တောင်မွေးများသာ လှုပ်ကာ ပြန်၍ အိပ်မောကျသွား၏။ ဝမ်ပေါင်လဲ့မှာမူ မည်သည့်အရာကိုမှ သတိမထားမိဘဲ လေထဲမှ ဝိညာဉ်ချီများကို အငမ်းမရ စုပ်ယူနေဆဲပင်။
သူသည် သူ၏ ကျင့်ကြံခြင်းအဆင့် အလယ်အလတ် ယွမ်ယင်အဆင့်သို့ ရောက်သွားသည့်အထိ ဆက်လက်စုပ်ယူနေရန် ကြံရွယ်ထားသည်။ ယွမ်ယင်အဆင့် ကျင့်ကြံခြင်းပညာရပ် တစ်ခုခုအား ကျွမ်းကျင်တတ်မြောက်ထားခြင်းမရှိသော သာမန် ကျင့်ကြံသူတစ်ယောက်အတွက်ဆိုလျှင် ထိုသို့ ကျင့်ကြံခြင်းအဆင့် မြှင့်တင်နိုင်ရန်မှာ အလွန်အင်မတန်မှ ခက်ခဲနေမည်ဖြစ်သည်။ ထို့အပြင် ပြင်ဆင်မှု အမြောက်အမြား ကြိုတင်ပြုလုပ်ထားရန်လည်း လိုအပ်ပေသည်။ မည်သည့် ကျင့်ကြံခြင်းအဆင့်တွင်မဆို ကျင့်ကြံခြင်းပညာရပ်များမှာ အလွန်အင်မတန်မှ အရေးပါ၏။ သို့သော် ဝမ်ပေါင်လဲ့မှာ ကြယ်တာရာ ယွမ်ယင်ဝ်ိညာဉ်တစ်ခုအား ပိုင်ဆိုင်ထားသည်ဖြစ်ရာ အခြားသူများနှင့် မတူပေ။
သူသည် မည်သည့် ကျင့်ကြံခြင်းပညာရပ်ကိုမှ ကျွမ်းကျင်တတ်မြောက်ထားခြင်း မရှိသည့်တိုင်အောင် ဝိညာဉ်ချီများအား စုပ်ယူနေရုံဖြင့် သူ၏ ကျင့်ကြံခြင်းအဆင့်အား မြှင့်တင်နိုင်စွမ်းရှိနေဆဲပင်။ သူ့ဆီတွင် မည်သည့် ယွမ်ယင်အဆင့် ကျင့်ကြံခြင်းပညာရပ်မှ ရှိမနေသောကြောင့် သူ၏ ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်မှုများအား ဖောက်ထွက်မှု အစစ်များအဖြစ် သတ်မှတ်နိုင်ဦးမည် မဟုတ်ပေ။ သို့သော် သူ ကျင့်ကြံခြင်းပညာရပ်တစ်ခုအား ကျွမ်းကျင်တတ်မြောက်သွားသည်နှင့် တစ်ပြိုင်နက် မည်သည့် ဘေးထွက်ဆိုးကျိုးမှမရှိဘဲ ဖောက်ထွက်နိုင်သွားမည်ဖြစ်သည်။
ဝမ်ပေါင်လဲ့အတွက် ကျင့်ကြံခြင်းပညာရပ်များမှာ မရှားပေ။ အမှောင်အိပ်မက်၊ ကျယ်ပြန့်တာအိုနန်းတော်နှင့် အဆုံးမဲ့ပညာရပ်မျက်လုံးနယ်မြေတို့ထဲမှ လေ့လာသိရှိခဲ့ရသည့် အချက်အလက်များကြောင့် သူသည် ယွမ်ယင်အဆင့်သို့ရောက်ပါက သူ့ကိုယ်သူ တိုးတက်အောင် လုပ်နိုင်သည့် နည်းလမ်းများကို သိရှိထားပြီးသားဖြစ်သည်။
သို့ဖြစ်ရာ ဤကိစ္စနှင့်ပတ်သက်၍ မမလေးအား မေးခွန်းများမေးကာ စိတ်အနှောင့်အယှက် ပေးနေစရာမလိုပေ။ သူသည် ခေါင်းထဲ၌ အစီအစဉ် ခုနစ်ခု၊ ရှစ်ခုခန့် ရေးဆွဲထားပြီးသားဖြစ်ပြီး ၎င်းတို့မှာ အားသာချက်၊ အားနည်းချက်ကိုယ်စီ ရှိကြပေသည်။ သူသည် ရွေးချယ်စရာမြောက်အမြား ရှိနေသောကြောင့် ချက်ချင်းဆုံးဖြတ်ချက်ချလိုက်ခြင်းမရှိပေ။ သူသည် ပြည်ထောင်စုကြီးဆီသို့ ပြန်ရောက်ပြီးမှ ၎င်းတို့အား အသေးစိတ် ချင့်ချိန်သုံးသပ်ရန် ကြံရွယ်ထား၏။
ယွမ်ယင်အဆင့် ကျင့်ကြံခြင်းပညာရပ်တစ်ခုမှာ ကျင့်ကြံသူတစ်ယောက်၏ အနာဂတ်ကို အဆုံးအဖြတ်ပေးနိုင်သည်။ သူရေးဆွဲထားသည့် အစီအစဉ်အားလုံးမှာ အလားအလာရှိကြပြီး ၎င်းတို့အား အုပ်စုသုံးခု ခွဲ၍ ရပေသည်။
ပထမ အစီအစဉ်မှာ သူ၏ အပြင်ခန္ဓာကိုယ်အား အဓိကထား လေ့ကျင့်ကာ သူ၏ ဝိညာဉ်ချီများကို အရံအဖြစ် ထားရန် ဖြစ်သည်။ ထိုသို့သာဆိုလျှင် သူသည် သူ၏ အပြင်ခန္ဓာကိုယ်ဖြင့် တောင်တန်းများကို ဖျက်ဆီးကာ မြေပြင်များကို ထက်ခြမ်းခွဲပြီး မြစ်များစီးဆင်းလာအောင် လုပ်နိုင်စွမ်း ရှိမည်ဖြစ်သည်။ သူသည် ကောင်းကင်ယံထဲမှ ကြယ်များကိုလည်း ဆွတ်ခူးနိုင်ဦးမည်ဖြစ်သည်။ အကယ်၍ သူသည် ထိုအစီအစဉ်အား ရွေးချယ်လိုက်မည်ဆိုပါက ရွေးချယ်စရာ ကျင့်ကြံခြင်းပညာရပ် သုံးခုရှိပေသည်။ ထိုသုံးခုစလုံးမှာ အစွမ်းထက်ပညာရပ်များဖြစ်ကြ၏။
ဒုတိယအစီအစဉ်မှာ နတ်ဘုရားစွမ်းရည်များကို အဓိကထား၍ လေ့ကျင့်ရန်ဖြစ်သည်။ ထိုသို့သာဆိုပါက သူသည် စကြဝဠာကြီး၏ ထူးဆန်းထွေလာ ဥပဒေသများကို ပို၍နားလည်လာမည်ဖြစ်ရာ သူ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း ပို၍လျင်မြန်စွာ တိုးတက်လာမည် ဖြစ်သည်။ သူသည် ပဲစေ့လေးများကိုပင် စစ်သည်တော်များအဖြစ် ပြောင်းလဲကာ လေမုန်တိုင်းများကိုပင် ဆင့်ခေါ်နိုင်စွမ်း ရှိသွားမည်ဖြစ်သည်။ သူသည် ကြယ်တာရာယွမ်ယင်ဝိညာဉ်အား ပိုင်ဆိုင်ထားသောကြောင့် သူနှင့် ကျင့်ကြံခြင်းအဆင့် အတူတူတွင်ရှိသော အခြားသူများထက် ပို၍ အစွမ်းထက်နေမည်ဖြစ်ရာ သူ၏ အငွေ့အသက်တစ်ခုတည်းနှင့်ပင် သူတို့အား ဖိနှိပ်ချုပ်တည်းပစ်နိုင်စွမ်း ရှိနေမည်လည်း ဖြစ်သည်။ ထိုအစီအစဉ်တွင်လည်း သူ ရွေးချယ်နိုင်သည့် ကျင့်ကြံခြင်းပညာရပ်သုံးခု ရှိပေသည်။ သူသည် ထိုပညာရပ်များကို အသေးစိတ်လေ့လာရန် လိုအပ်သေးသည်။
နောက်ဆုံးအစီအစဉ်မှာမူ ဝမ်ပေါင်လဲ့အား ချီတုံချတုံ ဖြစ်သွားစေခဲ့၏။ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ အပြင်ခန္ဓာကိုယ်စွမ်းအားနှင့် စကြဝဠာကြီး၏ ဥပဒေသများကို အသားပေးခြင်း မဟုတ်ဘဲ… သတ်ဖြတ်ခြင်းအား အသားပေးနေသောကြောင့်ပင်။
သူသည် ထိပ်ဆုံးအဆင့်သို့ ရောက်သည်အထိ သတ်ဖြတ်နေရမည် ဖြစ်သည်။ အကယ်၍ သူသာ ထိုအစီအစဉ်အား ရွေးချယ်လိုက်မည်ဆိုပါက သက်ရှိများအားလုံး၏ ယမမင်းအဖြစ်သို့ ရောက်ရှိသွားမည်ဖြစ်သည်။
ထိုလမ်းစဉ်ပေါ်တွင်မူ သူ ရွေးချယ်နိုင်မည့် ကျင့်ကြံခြင်းပညာရပ် တစ်ခုတည်းသာရှိပေသည်။ ၎င်းမှာ… နတ်ဆိုးမျက်လုံးပညာရပ်ပင် ဖြစ်သည်။
ထိုပညာရပ်မှာ သူ၏ ပတ်ပတ်လည်တွင် ရစ်ဝဲနေမည့် အဖြူရောင် မျက်လုံးတစ်လုံးကို ဖန်တီးပေးမည်ဖြစ်ပြီး ထိုမျက်လုံးမှာ သူ၏ ကျင့်ကြံခြင်းပညာရပ်အား ကိုယ်စားပြုနေမည် ဖြစ်သည်။ ထို ကျင့်ကြံခြင်းပညာရပ်အား လေ့ကျင့်ရမည့်နည်းလမ်းမှာ အခြား ကျင့်ကြံခြင်းပညာရပ်များနှင့် လုံးဝမတူပေ။ ၎င်းအား ကျင့်ကြံလိုပါက ဆောင်ရွက်ရမည့်တာဝန် တစ်ခုတည်းသာ ရှိပေသည်။ ၎င်းမှာ… သတ်ဖြတ်ရန်ဖြစ်သည်။
သူ လူတစ်ယောက် သတ်ဖြတ်ပြီးသွားတိုင်း နတ်ဆိုးမျက်လုံးတစ်လုံး ပေါ်ပေါက်လာမည်ဖြစ်သည်။ ထို နတ်ဆိုးမျက်လုံးမှာ သူ၏ ကျင့်ကြံခြင်းအဆင့်အား မြှင့်တင်ပေးနိုင်စွမ်းရှိ၏။
သို့ဖြစ်ရာ လူပေါင်းမြောက်မြားစွာ သတ်ဖြတ်ပြီးသွားပါက သူ၏ ကျင့်ကြံခြင်းအဆင့်မှာ အဆပေါင်းများစွာ တိုးတက်သွားမည် ဖြစ်သည်။ ထိုအခါ သူသည် မျက်လုံးပေါင်း မြောက်မြားစွာကို ဆင့်ခေါ်နိုင်စွမ်း ရှိနေမည်ဖြစ်ရာ ၎င်းတို့မှာ သူ၏ ပတ်ပတ်လည်၌ ဝန်းရံနေကြမည် ဖြစ်သည်။
ထို နတ်ဆိုးမျက်လုံး တစ်လုံးချင်းစီတိုင်းမှာ မန္တန်များကို ခုခံတွန်းလှန်ကာ အားကောင်းသော အငွေ့အသက်များကို ထုတ်လွှတ်နိုင်စွမ်း ရှိပေသည်။ ထို နတ်ဆိုးမျက်လုံးများ ပေါက်ကွဲသွားပါက ထွက်ပေါ်လာမည့် အဖျက်စွမ်းအားမှာ ထို မျက်လုံးအား ဖန်တီးနိုင်ရန် သူ သတ်ဖြတ်ခဲ့သည့် ကျင့်ကြံသူ၏ ခန္ဓာကိုယ် ပေါက်ကွဲမှုပြင်းအားနှင့် အတူတူ ဖြစ်နေမည် ဖြစ်သည်။
၎င်းမှာ အခြားသူများကို သတ်ဖြန်ရန် ဖန်တီးထားသည့် ကျင့်ကြံခြင်းပညာရပ်တစ်ခု ဖြစ်ပေသည်။ ထို့ကြောင့် လူပိုသတ်နိုင်လေလေ ပို၍ အစွမ်းထက်လာလေလေ၊ ပို၍ အသိစိတ်ပျောက်လာလေလေ ဖြစ်သွားမည် ဖြစ်သည်။
သူသည် ထိုပညာရပ်အား အဆုံးမဲ့ပညာရပ်မျက်လုံးနယ်မြေနှင့် ကျယ်ပြန့်တာအိုနန်းတော်၏ မှတ်တမ်းများထဲတွင် ရှာတွေ့ခဲ့ခြင်းမဟုတ်ပေ။ မမလေးပင်လျှင် ထို ပညာရပ်အကြောင်းကို မကြားဖူးပေ။ ၎င်းမှာ ဝမ်ပေါင်လဲ့ အမှောင်အိပ်မက်ထဲတွင် ရှိနေခဲ့စဉ်တုန်းက အမှောင်ဂိုဏ်း၏ မှတ်တမ်းများထဲ၌ ဖတ်ရှုခဲ့ဖူးသည့် ပညာရပ်တစ်ခု ဖြစ်ပေသည်။
ဝမ်ပေါင်လဲ့မှာ ထိုပညာရပ်အား ကောင်းကောင်းကြီး မှတ်မိနေ၏။ ၎င်းမှာ မျိုးသုဉ်းပျောက်ကွယ်သွားပြီဖြစ်သော ရှေးဟောင်းလူမှုအဖွဲ့အစည်းတစ်ခုထဲမှ စတင်ပေါ်ပေါက်လာခဲ့သည့် လျှို့ဝှက်ဆန်းကြယ် ပညာရပ်တစ်ခု ဖြစ်ပေသည်။ ထို ပညာရပ်၏ ယွမ်ယင်အဆင့် ကျင့်ကြံခြင်းနည်းလမ်းတစ်ခုသာလျှင် ကျန်ရစ်ခဲ့ပြီး အခြားအရာအားလုံးမှာ ပျက်စီးပျောက်ကွယ်သွားကြပြီဖြစ်သည်။ ထို့ကြောင့်လည်း ၎င်းမှာ အလွန်အင်မတန်မှ အစွမ်းထက်သည့်တိုင်အောင် ပြီးပြည့်စုံခြင်းမရှိသော ပညာရပ်တစ်ခုအဖြစ် သတ်မှတ်ခံထားရခြင်းပင်။
” အဲဒီအကြောင်းတွေ နောက်မှတွေးတာပေါ့ ” ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် ထိုအတွေးများအား ဘေးချိတ်ထားလိုက်၏။ ထို့နောက် သူသည် ရေကန်ထဲမှ ဝိညာဉ်အရည်များကို စုပ်ယူနိုင်ရန်ကိုသာ အာရုံစိုက်ထားလိုက်တော့သည်။ သူ နောက်ဆုံးတွင် မည်သည့် လမ်းစဉ်အား ရွေးချယ်စေကာမူ လက်ရှိတွင် အရေးအကြီးဆုံးမှာ ရေကန်ထဲမှ ဝိညာဉ်ချီများကို စုပ်ယူကာ အလယ်အလတ် ယွမ်ယင်အဆင့်သို့ တက်လှမ်းနိုင်ရန်ဖြစ်ပေသည်။ သို့မှသာ သူ မည်သည့်လမ်းစဉ်အား ရွေးချယ်ရွေးချယ် ခိုင်ခံ့သော အခြေခံအုတ်မြစ်တစ်ခုကို ပိုင်ဆိုင်ထားမည်ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးလိုက်ပြီးနောက် သူ၏ ဝါးမျိုခြင်းသစ်စေ့ထဲမှ စုပ်ယူအားများမှ ပို၍ပင် အားကောင်းလာတော့သည်။ သူ၏ ဦးခေါင်းအထက်တွင် ရှိနေသည့် ဝကစ်ကစ် ယွမ်ယင်ဝိညာဉ်လေးမှာ မန္တန်လက်ကွက်များ ဖော်လိုက်၏။ ထိုအခါ သူသည် ဧရာမ ဝေလငါးကြီးတစ်ကောင်ကဲ့သို့ ဝိညာဉ်အရည် အမြောက်အမြားကို စတင်စုပ်ယူနေတော့သည်။ ထို ဝိညာဉ်အရည်များမှာ သူ၏ ခန္ဓာကိုယ်ထဲ၌ အဆက်မပြတ် ပေါက်ကွဲကာ ဝိညာဉ်ချီများအဖြစ် ပြောင်းလဲသွားကြပြီးနောက် သူ၏ ကျင့်ကြံခြင်းအဆင့်အား မြှင့်တင်ပေးနေ၏။
ဆယ်မိနစ်အတွင်းတွင် ဝမ်ပေါင်လဲ့၏ ကိုယ်ထဲမှ အက်ကွဲသံများ ထပ်၍ ထွက်ပေါ်လာပြန်သည်။ ၎င်းမှာ သူ အလွန်အကျူး စုပ်ယူမိလိုက်သည့် လက္ခဏာတစ်ခု ဖြစ်ပေသည်။ သူ၏ ခန္ဓာကိုယ်ထဲတွင် ကိန်းအောင်းနေကြသည့် ဝိညာဉ်ချီများမှာလည်း အစောပိုင်း ယွမ်ယင်အဆင့် ကျင့်ကြံသူတစ်ယောက် ထိန်းသိမ်းထားနိုင်သည့် ပမာဏအား ကျော်လွန်သွားပြီး အလယ်အလတ် ယွမ်ယင်အဆင့် ကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်ချီများလောက် ဖြစ်နေပြီ ဖြစ်သည်။
သူ၏ ယွမ်ယင်ဝိညာဉ်မှာလည်း ဝကစ်ကစ် ဖက်တီးလေးတစ်ယောက် မဟုတ်တော့ဘဲ အသားလုံးကြီးတစ်လုံးကဲ့သို့ ဖြစ်နေ၏။ သို့ဖြစ်ရာ ၎င်းမှာ ယွမ်ယင်ဝိညာဉ်တစ်ခုနှင့်ပင် မတူတော့ပေ…
ဝမ်ပေါင်လဲ့မှာ စိတ်ရောကိုယ်ပါ ဆက်လက်တောင်ခံနိုင်စွမ်း မရှိတော့ပေ။ သူသည် အသက်ရှူသံများ လေးလံနေပြီ ဖြစ်ပါသော်လည်း ရပ်တန့်ပစ်ရန် စိတ်ကူးမရှိသေးပေ။
” ငါ ဒီနေရာကို ရောက်လာနိုင်အောင် အများကြီးကြိုးစားခဲ့ရတာ။ ဒီလောက် ဝိညာဉ်ချီနည်းနည်းလေးနဲ့ ထွက်သွားလို့ ဘယ်ဖြစ်ပါ့မလဲ ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများပွင့်လာပြီး သူ၏ရှေ့တွင်ရှိနေသော ရေကန်ကြီးအား စိုက်ကြည့်နေလိုက်၏။ သူ စုပ်ယူခဲ့သည့်ပမာဏမှာ ရေကန်ကြီး၏ တစ်ထောင်ပုံပုံ တစ်ပုံပင် မရှိသေးပေ။ ထို့ကြောင့် သူသည် စိတ်ပိုင်းဖြတ်လိုက်ပြီး သူ့ကိုသူ ညှာမနေရန် ဆုံးဖြတ်လိုက်တော့သည်။
” ငါ ဝလာတော့ရော ဘယ်သူ့ကို ဂရုစိုက်နေရမှာလဲ။ ဒါတွေကို ဆက်ပြီး စုပ်ယူဦးမယ်ကွာ ” သူသည် စိတ်ထဲတွင် ထိုသို့ကြိမ်းဝါးကာ အသက်ပြင်းပြင်းရှူလိုက်၏။ ထိုအခါ သူ၏ ဝါးမျိုခြင်းသစ်စေ့မှာ ၎င်း၏ စွမ်းအားများကို အကုန်လုံး ထုတ်လွှတ်လိုက်ပြန်သည်။ ထို့ကြောင့် ကြောက်ခမန်းလိလိ များပြားသော ဝိညာဉ်ချီများမှာ သူ၏ ခန္ဓာကိုယ်ထဲသို့ ထပ်၍ စီးဆင်းဝင်ရောက်လာကြပြီး တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားတော့သည်။
သူ၏ ယွမ်ယင်ဝိညာဉ်နှင့် အပြင်ခန္ဓာကိုယ်တို့မှာ ဆက်လက်စုပ်ယူနိုင်စွမ်း မရှိတော့သောကြောင့် ဝမ်ပေါင်လဲ့မှာ သူ သုံးနေကျ ပညာရပ်တစ်ခုအား ထုတ်သုံးလိုက်၏။ သူသည် ဝိညာဉ်ချီများအား ဝိညာဉ်အဆီအဖြစ် ပြောင်းလဲကာ သူ၏ ခန္ဓာကိုယ်ထဲ၌ သိမ်းဆည်းထားလိုက်ခြင်းဖြစ်သည်။
အခြားသူများမှာဆိုလျှင် ထိုသို့လုပ်နိုင်ရန် အခက်တွေ့နေရမည် ဖြစ်ပါသော်လည်း ဝါးမျိုခြင်းသစ်စေ့အား ပိုင်ဆိုင်ထားသည့် ဝမ်ပေါင်လဲ့အတွက်မူ ၎င်းမှာ စာမဖွဲ့လောက်ပေ။ ထို့ကြောင့် သူသည် သူ၏ ခန္ဓာကိုယ်ကြီး ပေါက်ကွဲမသွားခင်အထိ ဝိညာဉ်ချီများအား ဆက်လက်စုပ်ယူနိုင်စွမ်း ရှိပေသည်။
ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ကြီးမှာ ဖောင်းကားလာပြီဖြစ်ပြီး သူ၏ ကိုယ်ထဲမှ ထွက်ပေါ်နေသည့် ဝိညာဉ်စွမ်းအင်လှိုင်းများမှာလည်း တဖြည်းဖြည်းနှင့်ပို၍ အားကောင်းလာနေသည်။ အခြား ယွမ်ယင်အဆင့် ကျင့်ကြံသူများမှာဆိုလျှင် ထိုမြင်ကွင်းကြောင့် အံ့ဩတုန်လှုပ်သွားရမည်သာဖြစ်သည်။ သူ ထုတ်လွှတ်နေသည့် အငွေ့အသက်များမှာ သာမန် ယွမ်ယင်အဆင့် ကျင့်ကြံသူများအားလုံးကို ဖိန့်ဖိန့်တုန်သွားအောင် ခြောက်လှန့်ပစ်နိုင်စွမ်းရှိပေသည်။
ထိုသို့ဖြင့် နာရီဝက်တိတိ ကုန်ဆုံးသွားပြီးနောက် သူသည် အသက်ပင် ကောင်းကောင်းမရှုနိုင်တော့ပေ။ ယခုတွင် သူသည် သူ၏ ယွမ်ယင်ဝိညာဉ်ကဲ့သို့ အသားလုံကြီးတစ်လုံးနှင့် တူနေပြီဖြစ်သည်။ သူနှင့် ခင်မင်ရင်းနှီးသူများပင်လျှင် သူ့အား မှတ်မိကြတော့မည် မဟုတ်ပေ။ သူသည် စိတ်ဆန္ဒပြင်းပြနေဆဲ ဖြစ်ပါသော်လည်း ခန္ဓာကိုယ်မှာ တောင့်ခံနိုင်စွမ်း မရှိတော့သောကြောင့် ရပ်တန့်လိုက်ရတော့သည်။
” ငါ ရပ်မှဖြစ်တော့မယ်။ ဆက်ပြီးတော့ စုပ်ယူနေမယ်ဆိုရင် လေပေါ်ကိုတောင် ပျံတက်လို့ရမှာ မဟုတ်တော့ဘူး ” ဝမ်ပေါင်လဲ့မှာ အပြင်းအထန် ကြိုးစားကာ မျက်လုံးများဖွင့်၍ သူ၏ ဝမ်းဗိုက်အား စိုက်ကြည့်နေလိုက်ပြီးနောက် ရေကန်ကြီးအား လှမ်းကြည့်လိုက်၏။ ထို့နောက် သူသည် အံကြိတ်ကာ ဝိညာဉ်ချီအနည်းငယ်ခန့် ထပ်၍ စုပ်ယူလိုက်ပြန်သည်။ တစ်အောင့်ခန့် ကြာပြီးမှသာ သူသည် လုံးဝရပ်တန့်သွား၏။ ထို့နောက် သူသည် သူ၏ သိုလှောင်အိတ်ထဲမှ ရုပ်သေးရုပ်များကို ထုတ်ယူလိုက်တော့သည်။
” ငါက ထပ်ပြီးတော့ မစုပ်ယူနိုင်တော့ပေမဲ့ ငါ့ရဲ့ ရုပ်သေးရုပ်တွေ ကျန်ပါသေးတယ် ” သူသည် စိတ်ဓာတ်ပြတ်သားမှုအပြည့်ဖြင့် မန္တန်လက်ကွက်များဖော်ကာ ရုပ်သေးရုပ်များအား ရေကန်ထဲသို့ စေလွှတ်လိုက်ပြီးနောက် ၎င်းတို့၏ ဝိညာဉ်အမြုတေများကို ဖွင့်လိုက်တော့သည်။ ထိုအခါ ၎င်းတို့မှာ ရေကန်ထဲမှ ဝိညာဉ်အရည်များကို သိုလှောင်နိုင်စွမ်းရှိသွား၏။
ထို့နောက် သူသည် အရွယ်အစားမျိုးစုံရှိသော ဘူးခွံအလွတ်များကို ထုတ်ယူကာ ၎င်းတို့အား ဝိညာဉ်အရည်များဖြင့် အပြည့်ဖြည့်လိုက်၏။ ထိုသို့ ဖြည့်ပြီးသွားသည့်တိုင်အောင် ကန်ထဲ၌ ဝိညာဉ်အရည် အမြောက်အမြား ကျန်ရှိနေဆဲပင်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ဝေခွဲမရဖြစ်သွားရပြီး အတွေးများထဲတွင် နစ်မျောသွားရတော့သည်။ ထိုအချိန်တွင် ခပ်လှမ်းလှမ်းရှိ ကြာရွက်တစ်ရွက်ပေါ်မှ ရုပ်အလောင်းကြီးတစ်ခု၏ မျက်ခွံများမှာ ရုတ်တရက်ဆိုသလို ဆတ်ခနဲ တုန်ရီသွား၏။ ၎င်းမှာ မကြာသေးမီတုန်းက မျက်တောင်မွေးများ လှုပ်နေခဲ့သည့် ရုပ်အလောင်းကြီး ဖြစ်ပေသည်။ ယခုတွင် ၎င်းမှာ အနည်းငယ်ခန့် မျက်လုံးပွင့်လာသောကြောင့် ၎င်း၏ မျက်ဝန်းများထဲမှ ခပ်မှိန်မှိန် အဖြူရောင်အလင်းရောင်များ ထွက်ပေါ်လာသည်။
ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ သူ၏ ဝမ်းဗိုက်အား လက်ဝါးဖြင့်ရိုက်ကာ ရေရွတ်လိုက်၏။
” ဘယ်လိုလုပ်ပြီးတော့ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးကို မေ့နေရတာပါလိမ့်ကွာ ” ဝမ်ပေါင်လဲ့မှာ ချက်ချင်းဆိုသလိုပင် စိတ်ဓာတ်များ တက်ကြွသွားပြီး မန္တန်လက်ကွက်များ ဖော်လိုက်၏။ ထိုအခါ သူ၏ ခန္ဓာကိုယ်ထဲမှ အနီရောင် စွမ်းအင်စီးဆင်းမှုလမ်းကြောင်းများ ချက်ချင်းထွက်ပေါ်လာပြီး သူ၏ ပတ်ပတ်လည်တွင် ရစ်ပတ်ကာ အနီရောင် ချပ်ဝတ်တန်ဆာကြီးတစ်ခုအဖြစ် ပြောင်းလဲသွား၏။ ထို့နောက် ဝမ်ပေါင်လဲ့မှာ ကျူးသိုပညာရပ်အား ချက်ချင်းထုတ်သုံးလိုက်တော့သည်။
ကျူးသိုပညာရပ်မှာ စုပ်ယူဝါးမျိုးခြင်းအား အသားပေးသော ပညာရပ်တစ်ခုဖြစ်ပြီး နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးမှာမူ အခွံလွတ်တစ်ခုကဲ့သို့ပင်။ ၎င်းတို့နှစ်ခုမှာ အလွန်အင်မတန်မှ လိုက်ဖက်ညီပြီး ယခုတွင် ဤ တတိယ နန်းတော်ကြီး၌ သူတို့၏ စုပေါင်းစွမ်းအားများကို ထုတ်လွှတ်လိုက်ကြတော့သည်။ ထိုအခါ ဝိညာဉ်အရည် အမြောက်အမြားမှာ ထို ချပ်ဝတ်တန်ဆာကြီးထဲသို့ အရှိန်အဟုန်ဖြင့် စီးဝင်လာကြသဖြင့် ၎င်း၏ ပုံပန်းသွင်ပြင်မှာ သိသိသာသာ ပြောင်းလဲသွားတော့သည်။ အနီရောင်စွမ်းအင်စီးဆင်းမှုလမ်းကြောင်းများ ထပ်၍ ထွက်ပေါ်လာပြီးနောက် တစ်ခုနှင့်တစ်ခု ရစ်ပတ်သွားကြ၏။ ထို့ကြောင့် ချပ်ဝတ်တန်ဆာကြီးမှာ ပို၍ပင် အရွယ်အစားကြီးမားလာတော့သည်။ ထိုမြင်ကွင်းကြီးမှာ ကြောက်မက်ဖွယ်ရာ ကောင်းလှပေသည်။
ဝိညာဉ်ချီများမှာ ထိခိုက်ပျက်စီးနေသော ချပ်ဝတ်တန်ဆာကြီးအား အကောင်းပတိအတိုင်း ပြန်ဖြစ်သွားအောင် ပြင်ဆင်ပေးလိုက်၏။ ထို့ကြောင့် ၎င်း၏ ဒုတိယအဆင့်ဖြစ်သော အရိုးစုဖွဲ့စည်းတည်းဆောက်ပုံတစ်ခုမှာ ပြန်လည်ပေါ်ပေါက်လာတော့သည်။ ထို့နောက် အနီရောင် ချပ်ဝတ်တန်ဆာကြီးထဲတွင် အဖြူရောင် အမျှင်အတန်းလေးများ ပေါ်ပေါက်လာသည်ကို မြင်နိုင်ပေသည်။ ၎င်းတို့မှာ တဖြည်းဖြည်းနှင့် ပို၍များပြားလာကြပြီး ဝမ်ပေါင်လဲ့နှင့် တာအိုဘုန်းတော်ကြီးယိုရန်တို့ တိုက်ခိုက်ခဲ့စဉ်တုန်းက ရှိနေခဲ့သည့် ပမာဏထက်ပင် ကျော်လွန်သွား၏။ နောက်ဆုံးတွင် ၎င်းတို့မှာ အတူတကွ စုဝေးသွားကြပြီး အရိုးများအဖြစ် ပြောင်းလဲသွားတော့သည်။
အရိုက်ခံရတော့မှာ