ဝမ်ပေါင်လဲ့မှာ အထဲသို့ ဝင်သွားလိုက်သည်နှင့် တစ်ပြိုင်နက် ပထမဦးစွာ အမှောင်ထုကြီးကိုသာ မြင်လိုက်ရပြီးနောက် တဖြည်းဖြည်းနှင့် အမြင်အာရုံများ ပြန်လည်ကြည်လင်ပြတ်သားလာ၏။ ထို့နောက် သူသည် ကြက်သေသေသွားပြီး ကြက်သီးမွေးညင်းများ ထသွားရတော့သည်။ သူသည် မလှုပ်မယှက် ရပ်နေပြီး သူ၏အသိစိတ်မှာ သူ့အား ထိုနေရာမှထွက်ခွာသွားရန် သတိပေးနေသကဲ့သို့ပင်။
တတိယ နန်းတော်ကြီး၏ အတွင်းပိုင်းမှာ ရှေ့ဆုံး နန်းတော်ကြီးနှစ်ခုနှင့် လုံးဝမတူပေ။ သူ့အား အရည်အချင်းစစ်ဆေးရန် စောင့်ဆိုင်းနေသည့်လူ တစ်ယောက်မှမရှိပေ။ ထို့အပြင် ထိုနေရာကြီးမှာ ပို၍ကျယ်ဝန်းနေ၏။
ဝမ်ပေါင်လဲ့အား ရင်ခုန်နှုန်းများ မြန်ဆန်သွားစေခဲ့သည်မှာ ထိုအရာများသာ မဟုတ်ပေ။ နန်းတော်ကြီးထဲတွင် ပေတစ်ထောင်ခန့် ကျယ်ဝန်းသည့် ရေကန်ကြီးတစ်ကန်လည်း ရှိနေသေးသည်။ ထိုရေကန်ထဲတွင် နွားနို့များနှင့်တူသည့် အဖြူရောင်ရေများဖြင့် ပြည့်နှက်နေ၏။ ၎င်းတို့ဆီမှ ထူးဆန်းသည့် မွှေးရနံ့တစ်ခု ထွက်ပေါ်နေသောကြောင့် ထိုရနံ့အား ရှုရှိုက်မိလိုက်သည့်လူတိုင်းမှာ ထိုရေကန်ထဲမှ ရေများအား သောက်သုံးချင်စိတ်များ တဖွားဖွား ပေါ်လာမည်သာဖြစ်သည်။
ထိုနေရာကြီး တစ်ခုလုံးကို ပါးလွှာသည့် မြူခိုးများက ဖုံးလွှမ်းထား၏။ ထို့အပြင် ဝိညာဉ်စွမ်းအင်လှိုင်းများမှာလည်း နန်းတော်ကြီးတစ်ခုလုံးကို လွှမ်းခြုံထားသောကြောင့် လေထုထဲတွင် ထူးဆန်းသော ဖိအားတစ်မျိုး ရှိနေသကဲ့သို့ ဖြစ်နေတော့သည်။
ထိုဖိအားများမှာ နန်းတော်ကြီး၏ အလယ်ရှိ အဖြူရောင်ရေကန်ကြီးထဲမှ ထွက်ပေါ်လာနေခြင်းဖြစ်သည်။
ထို ရေကန်ထဲတွင် ကြာရွက်ဆယ့်တစ်ရွက် ရှိနေ၏။ လူဆယ်ယောက်မှာ ကြာရွက်ဆယ်ရွက်ပေါ်တွင် ထိုင်နေကြသောကြောင့် သတ္တမမြောက် ကြာရွက်တစ်ရွက်သာလျှင် လူလွတ်နေသည်။
ထို လူဆယ်ယောက်ထဲတွင် ကျားမ မရွေး ပါဝင်ပေသည်။ သူတို့အားလုံးမှာ အရိုးပေါ်အရေတင်နေသကဲ့သို့ ပိန်လှီနေကြပြီး မလှုပ်မယှက် ထိုင်နေကြသည်ကို ဝမ်ပေါင်လဲ့က မြင်နေရသည်။ ထို လူဆယ်ယောက်ဆီမှ သေဆုံးခြင်း အငွေ့အသက်များ ထွက်ပေါ်နေသည်။ ထို့ကြောင့် သူတို့မှာ… ရုပ်အလောင်းများကဲ့သို့ ဖြစ်နေတော့သည်။
သူတို့၏ အဝတ်အစားများမှာ သွေးပင်လယ်ကြီးထဲရှိ ရုပ်အလောင်းကြီး၏ အဝတ်အစားများနှင့် ဆင်တူနေ၏။ သို့ဖြစ်ရာ သူတို့မှာလည်း ကျယ်ပြန့်တာအိုနန်းတော်၏ အဆင့်မြင့် အကြီးအကဲများ ဖြစ်ရပေမည်။ သူတို့တစ်ယောက်ချင်းစီတိုင်းမှာ အလွန်အင်မတန်မှ အစွမ်းထက်သော စွမ်းအားများကို ထုတ်လွှတ်နေကြ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီလာရတော့သည်။
” ဒီ နန်းတော်ကြီးက ဘာလဲဟ။ ရှေ့က နန်းတော်ကြီးနှစ်ခုနဲ့ မတူတဲ့အပြင် ရုပ်အလောင်းတွေပါ အများကြီး ရှိနေရတယ်လို့ ” ဝမ်ပေါင်လဲ့မှာ ကြောက်စိတ်များကြောင့် သွားများပင် အချင်းချင်း ရိုက်နေ၏။ သူသည် တစ်ခဏမျှ အသက်ရှူရပ်သွားသဖြင့် သူ၏ နှလုံးခုန်သံများကိုပင် ရှင်းလင်းပြတ်သားစွာ ကြားနေရတော့သည်။ ရုပ်အလောင်းကြီးများ၏ အငွေ့အသက်များနှင့် ပတ်ဝန်းကျင် အခြေအနေကြီးကြောင့် သူသည် စိတ်ထဲ၌ မရိုးမရွဖြစ်ကာ နေမထိထိုင်မသာ ဖြစ်လာတော့သည်။
သူသည် ထိုနေရာမှထွက်ခွာသွားရန် စိတ်ကူးမိလိုက်ပါသော်လည်း နောက်သို့ ခြေတစ်လှမ်းမျှသာ ဆုတ်လိုက်ပြီးနောက် ရပ်တန့်သွား၏။ ထို့နောက်သူသည် မျက်လုံးများမှေးသွားပြီး ရုတ်တရက်ဆိုသလို ပြန်၍ ပြူးကျယ်သွားတော့သည်။
” မြူခိုးတွေထဲမှာ ဝိညာဉ်ချီတွေ ရှိနေတာပဲ။ တော်တော်လေးကို များတယ်ဟ… ” သူသည် မကြာသေးမီတုန်းက စိုးရိမ်စိတ်များ လွန်ကဲနေခဲ့သောကြောင့် ထိုအချက်အား သတိမထားမိခဲ့ပေ။ ယခုတွင်မူ သူသည် သူ၏စိတ်ကို ဖြေလျှော့ကာ သူ၏ ပတ်ပတ်လည်ရှိ မြူခိုးများကို အနည်းငယ်ခန့် စုပ်ယူကြည့်လိုက်သောအခါ တစ်ကိုယ်လုံး တုန်ရီသွားရတော့သည်။
ထို မြူခိုးများမှာ သူ၏ခန္ဓာကိုယ်ထဲသို့ စီးဝင်လာပြီး ချက်ချင်းဆိုသလိုပင် တစ်ကိုယ်လုံး ပျံ့နှံ့သွား၏။ ထို့နောက် ဝမ်ပေါင်လဲ့မှာ သူ၏ ဘဝတွင် တစ်ခါမှ မခံစားဖူးသည့် ကိုယ်စိတ်ချမ်းသာမှုတစ်ခုကို ခံစားလိုက်ရတော့သည်။ သူသည် အာဟာရဓာတ်များဖြင့် ပြည့်နှက်သွားသောကြောင့် ကျေနပ်အားရနေ၏။
” ဒီ ဝိညာဉ်ချီတွေက… ပြည်ထောင်စုကြီးနဲ့ တာအိုနန်းတော်ထဲမှာရှိတဲ့ ဝိညာဉ်ချီတွေနဲ့ မတူဘူးဘဲကွ။ ပိုပြီးတော့ လျက်မြန်သွက်လက်တဲ့အပြင် အရည်အသွေးလည်း ပိုကောင်းတယ် ” ဝမ်ပေါင်လဲ့မှာ သူ၏နှုတ်ခမ်းအား လျှာဖြင့်လျက်မိလိုက်၏။ ထို့နောက် သူသည် မြူခိုးများ လွှမ်းခြုံထားသည့် ရေကန်ကြီးနှင့် ထိုရေကန်ထဲရှိ အဖြူရောင်ရေများကို စိုက်ကြည့်နေလိုက်တော့သည်။ သူသည် ထိုရေများ မည်ကဲ့သို့ ပေါ်ပေါက်လာမှန်း မသိပါသော်လည်း ၎င်းတို့မှာ အသွင်ပြောင်းနိုင်စွမ်းရှိသည့် အရည်တစ်မျိုး ဖြစ်ကြောင်း သိသာထင်ရှားပေသည်။ ထိုရေများထဲမှ ထွက်ပေါ်လာသည့် မြူခိုးများထဲတွင် ဝိညာဉ်ချီများ ကိန်းအောင်းနေသည်ဖြစ်ရာ ထိုရေများမှာလည်း တမူထူးခြားနေရပေမည်။
ဝမ်ပေါင်လဲ့မှာ ရေကန်ထဲရှိ ရုပ်အလောင်းကြီးများကြောင့် အနည်းငယ်ခန့် စိုးရိမ်နေရဆဲပင်။ သို့သော် သူသည် ခဏအကြာတွင် သူ၏ စိုးရိမ်စိတ်များကို မေ့ထားလိုက်ပြီးနောက် မြူခိုးများထဲသို့ ဝင်သွားလိုက်၏။ သူသည် အဆင့်အခြင်မဲ့စွာ ပြုမူနေသည့်ပုံ ပေါ်ပါသော်လည်း သတိဝီရိယအပြည့် ရှိနေဆဲပင်။ သူသည် ရေကန်ထဲသို့ ချက်ချင်းဝင်ရောက်သွားခြင်းမရှိဘဲ အပြင်ဘက်ရှိ မြူခိုးများထဲတွင် ထိုင်ကာ ဝိညာဉ်ချီများအား စုပ်ယူနိုင်ရန် ကြိုးစားကြည့်လိုက်၏။
ထိုအခါ ဝိညာဉ်ချီ အမြောက်အမြားမှာ သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာကြ၏။ ထို့ကြောင့် အက်ကွဲသံများ ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ အလွန်အင်မတန်မှ သက်တောင့်သက်သာ ရှိသွားတော့သည်။ သူသည် လက်သေးသေးကလေးများဖြင့် နှိပ်နယ်ခံနေရသကဲ့သို့ ခံစားနေရသောကြောင့် မောပန်းနွမ်းနယ်မှုအားလုံး ပျောက်ကင်းသွားရပြီး နှုတ်မှ ညည်းသံများပင် ထွက်ပေါ်လာလုမတတ် ဖြစ်သွားရ၏။ ကံကောင်းစွာဖြင့် သူသည် သတိပြန်ကပ်သွားပြီး သူ့ကိုယ်သူ အချိန်မီ ထိန်းသိမ်းနိုင်လိုက်သောကြောင့် မည်သည့် အသံမှ ထွက်ပေါ်လာခဲ့ခြင်း မရှိပေ။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံး အကြောအခြင်များ ပြေလျော့သွားပြီး အာဟာရဓာတ်များ ပြည့်ဝလာစဉ် သူ၏ ဆံပင်များမှာလည်း ပြန်ရှည်လာ၏။ သူ၏ အသွေးအသားများနှင့် အရိုးများမှာလည်း ပြောင်းလဲသွားကြပြီ ဖြစ်သည်။ သူသည် ယွမ်ယင်အဆင့်သို့ ဖောက်ထွက်သွားခဲ့ပြီးနောက် ပပ်ကြားအက်နေသည့် မြေပြင်ကြီးကဲ့သို့ ဖြစ်နေခဲ့၏။ ယခုတွင်မူ မိုးများ ရွာကျလာပြီး သူ့အား အားအင်ဖြည့်တင်းပေးလိုက်သကဲ့သို့ပင်။
သူသည် တဖြည်းဖြည်းနှင့် ပို၍ သန်မာလာပြီး သူ၏ ခန္ဓာကိုယ်ထဲ၌ သက်စောင့်စွမ်းအားများ ပြည့်နှက်လာနေသည်ကို ခံစားမိနေပြီဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းစွမ်းအားများမှာလည်း ပို၍ အားကောင်းလာသည့်ပုံပင်။
ထိုသို့ဖြင့် ဝမ်ပေါင်လဲ့တစ်ယောက် စိတ်လှုပ်တရှား ဖြစ်နေစဉ်မှာပင် နာရီဝက်တိတိ ကုန်ဆုံးသွား၏။ ထိုအချိန်တွင် သူသည် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ သိသိသာသာ တိုးတက်သွားပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် မျက်ဝန်းများ အရောင်တောက်ပလာတော့သည်။
” ဒါ ဒဏ္ဍာရီလာ အစွမ်းထက်ဝိညာဉ်အရည်တွေပဲ ဖြစ်ရမယ်။ ဒီနေရာမှာ ရှိနေတာ ဖြုန်းတီးရာကျတယ်ကွာ။ အကြီးအကဲကြီးတွေရဲ့ ရုပ်အလောင်းတွေက ဒါတွေကို စုပ်ယူနိုင်မှာမှ မဟုတ်ပဲ… ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ မျက်စိပေကလပ် ပေကလပ် ဖြစ်သွား၏။ ထို့နောက် သူသည် ရုပ်တိ ရုတ်တရက်ဆိုသလို မတ်တတ်ထလာပြီး ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ သူ၏ရှေ့တွင်ရှိနေသော ရေကန်ကြီးအား အရိုအသေပေးလိုက်တော့သည်။
” ကျွန်တော် ခေါင်းဆောင်ကြီးတို့ အနားယူနေတာကို နှောင့်ယှက်မိသလို ဖြစ်သွားပါပြီ။ ကျွန်တော့်ရဲ့ လုပ်ရပ်ကို ဗွေမယူဖို့ အကြီးအကဲကြီးတွေကို တောင်းဆိုချင်ပါတယ်။ လောလောဆယ်မှာ ကျယ်ပြန့်တာအိုနန်းတော်ရဲ့အခြေအနေက မတည်မငြိမ်ဖြစ်နေတာပါ။ ကျွန်တော် တာအိုနန်းတော်ကို ကယ်တင်နိုင်ဖို့အတွက် ကျင့်ကြံခြင်းအဆင့် မြှင့်တင်ဖို့ လိုအပ်တာမလို့ ဒီနေရာမှာ ဖောက်ထွက်နိုင်အောင် ကြိုးစားနေရတာပါ ”
” အဲတာမလို့ ကျွန်တော့်ကို ဒီ ရေကန်ထဲက ဝိညာဉ်အရည်တွေကို ယူခွင့်ပေးဖို့ တောင်းဆိုချင်ပါတယ်။ တကယ်လို့ အကြီးအကဲတွေဘက်က သဘောမတူဘူးဆိုရင် အချက်ပြပါ ” ဝမ်ပေါင်လဲ့မှာ တည်ကြည်မှုအပြည့်ရှိသော မျက်နှာအမူအရာဖြင့် ဆိုလိုက်၏။ ထို့နောက် သူသည် ညာလက်သီးပေါ် ဘယ်လက်ဝါး ထပ်တင်ကာ နောက်ထပ်တစ်ကြိမ် ထပ်၍ ဦးညွှတ်လိုက်ပြီးနောက် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် စောင့်ဆိုင်းနေလိုက်တော့သည်။
ထိုသို့ဖြင့် ဆယ်စက္ကန့်ကျော် ကုန်ဆုံးသွားပြီးနောက် ဝမ်ပေါင်လဲ့မှာ တည်ကြည်မှုအပြည့်ရှိသော မျက်နှာအမူအရာဖြင့် ခေါင်းပြန်မော့လာ၏။ ထို့နောက် သူသည် စိတ်နှလုံး လှုပ်ရှားသွားရသည့် အမူအရာဖြင့် ဆိုလိုက်တော့သည်။
” ဂုဏ်ကျက်သရေ ကြီးမြတ်လှတဲ့ ခေါင်းဆောင်ကြီးတွေက တကယ့်ကို တရားမျှတပြီး သမာဓိရှိလှပါပေတယ်။ ကျွန်တော့်ရဲ့ တောင်းဆိုမှုကို မကန့်ကွက်ခဲ့တဲ့အတွက် ကျွန်တော်မျိုး ကျေးဇူးတင်ပါရစေ ”
သူသည် အလွန်အင်မတန်မှ စိတ်ကျေနပ်သွား၏။ သူ၏အမြင်တွင် သူ ထိုနေရာရှိ ဝိညာဉ်ချီအချို့အား စုပ်ယူခြင်းမှာ အပြစ်တစ်ခု မဟုတ်ပေ။ သူသည် ကျယ်ပြန့်တာအိုနန်းတော်၏ မွေးစားဂိုဏ်းသားတစ်ယောက် ဖြစ်နေပြီး မမလေးမှာလည်း သူနှင့်အတူ ရှိနေသည်မဟုတ်ပါလော။ ထို့ကြောင့် ဤနေရာမှာ သူ၏ အိမ်ကဲ့သို့ပင်။ ထို့အပြင် သူသည် ခွင့်မတောင်းဘဲ ပြုမူနေသည်လည်း မဟုတ်ပေ။
” ခေါင်းဆောင်ကြီးတွေက ငါ့ရဲ့ တောင်းဆိုမှုကို မကန့်ကွက်ဘူးဆိုမှတော့ သူတို့က ငါ့ကို ထောက်ခံနေတာပဲဖြစ်ရမယ် ” ဝမ်ပေါင်လဲ့မှာ ထိုအကြီးအကဲများ စကားပြန်မပြောနိုင်သည့် အချက်ကို လျစ်လျူရှုကာ သူ၏လုပ်ရပ်များမှာ ဖြောင့်မတ်မှန်ကန်ကြောင်း အပြည့်အဝ ယုံကြည်နေတော့သည်။ ထို့ကြောင့် သူသည် ခေါင်းမော့ရင်ကော့ကာ လေထဲရှိ ဝိညာဉ်ချီများကို အဆက်မပြတ် စုပ်ယူနေရင်း ရှေ့သို့ ခြေလှမ်းအနည်းငယ်ခန့် လှမ်းသွားလိုက်၏။ သူသည် ရှေ့သို့လှမ်းသွားရင်း ဝိညာဉ်ချီများ စုပ်ယူလိုက်၊ ထို ဝိညာဉ်ချီများအား ချေဖျက်နိုင်ရန် မကြာခဏ အနားယူလိုက် လုပ်နေတော့သည်။ ထိုသို့ဖြင့် လေးနာရီတိတိ ကုန်ဆုံးသွားပြီးနောက် လေထဲရှိ မြူခိုးများမှာ သိသိသာသာ လျော့နည်းသွားကြပြီဖြစ်သည်။ ဝမ်ပေါင်လဲ့မှာမူ ဝိညာဉ်ချီများအား အဆက်မပြတ်စုပ်ယူကာ သူ့ကိုယ်သူ အာဟာရဓာတ်များဖြင့် ဖြည့်တင်းနေခဲ့သောကြောင့် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ တိုးတက်လာခဲ့၏။ သူသည် အစောပိုင်း ယွမ်ယင်အဆင့်၏ ထိပ်ဆုံးနားသို့ ရောက်နေပြီဖြစ်သည်
သူသည် ဝိညာဉ်ချီများကို စုပ်ယူရင်း ရေကန်ကြီးဆီသို့ တက်လှမ်းချင်းစီ လှမ်းသွားနေဆဲပင်။ နောက်ဆုံးတွင် သူသည် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ တောက်ပနေသည့် မျက်ဝန်းတစ်စုံဖြင့် ရေကန်ကြီး၏ ရှေ့၌ ရပ်လိုက်၏။ သူသည် ရေများကို စိုက်ကြည့်ကာ တစ်ခဏမျှ တွေဝေတုံ့ဆိုင်းနေပြီးနောက် စကားလုံးအချို့အား တိုးတိုးလေး ရေရွတ်ကာ သူ၏စိတ်ကို တည်ငြိမ်အောင်လုပ်လိုက်သည်။ ထို့နောက် သူသည် မန္တန်လက်ကွက်များ ဖော်လိုက်ပြီးနောက် လက်ညှိုးထိုးကာ ရေကန်ထဲမှ အဖြူရောင်အရည်တစ်စက်အား ထုတ်ယူလိုက်တော့သည်။
ထို ရေစက်လေးမှာ စွဲမက်ဖွယ်ရာ ရနံ့တစ်မျိုးကို ထုတ်လွှတ်နေသောကြောင့် ဝမ်ပေါင်လဲ့မှာ ၎င်းအား မျိုချပစ်ချင်စိတ်များ ပေါက်လာ၏။ သို့သော် သူသည် အနည်းငယ်ခန့် အသန့်ကြိုက်သူဖြစ်ရာ သူ၏ဆန္ဒများကို ချုပ်တည်းနိုင်လိုက်ဆဲပင်။ ထိုအချိန်တွင် သူ၏ ခန္ဓာကိုယ်ထဲမှ ဝါးမျိုခြင်းသစ်စေ့မှာ စတင်လည်ပတ်လာသဖြင့် သူ၏ကိုယ်ထဲမှ စုပ်ယူအားတစ်မျိုး ပေါက်ကွဲထွက်ပေါ်လာ၏။ ထိုစုပ်ယူအားများမှာ သူ၏ လက်ညှိုးဆီသို့ ရောက်ရှိသွားပြီး စတင်စုပ်ယူနေလိုက်တော့သည်။ ထို့ကြောင့် ထိုရေစက်လေးမှာ ချက်ချင်းပျောက်ကွယ်သွား၏။ ၎င်းမှာ အဖြူရောင် အခိုးအငွေ့များအသွင် ပြောင်းလဲကာ ဝမ်ပေါင်လဲ့၏ လက်ညှိုးထဲသို့ ဝင်ရောက်သွားပြီးနောက် သူ၏ ခန္ဓာကိုယ်အနှံ့အပြားသို့ ပျံ့နှံ့သွားတော့သည်။
ထိုအခါ ဝမ်ပေါင်လဲ့မှာ ခေါင်းထဲ၌ ပေါက်ကွဲမှုတစ်ခု ပေါ်ပေါက်လာသကဲ့သို့ ခံစားလိုက်သဖြင့် မျက်လုံးများ မှိတ်လိုက်၏။ အလွန်အင်မတန်မှ အားကောင်းသော ဝိညာဉ်ချီများမှာ သူ၏ ခန္ဓာကိုယ်ထဲ၌ ဆူနာမီလှိုင်းလုံးကြီးတစ်ခုကဲ့သို့ ပြည့်နှက်နေပြီ ဖြစ်သည်။ ထိုအချိန်တွင် သူ၏ ယွမ်ယင်ဝိညာဉ်မှာ မျက်လုံးများပွင့်လာပြီး အသက်ပြင်းပြင်းရှူကာ ထို ဝိညာဉ်ချီများကို စတင်စုပ်ယူနေလိုက်တော့သည်။ တစ်ခဏမျှ ကြာပြီးနောက် ဝမ်ပေါင်လဲ့မှာ မျက်လုံးများပွင့်လာ၏။ သူ၏ မျက်ဝန်းများထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များကို အထင်အရှားမြင်နိုင်ပေသည်။
” ပွတာပဲဟေ့ ” သူသည် သူ၏ ကျင့်ကြံခြင်းအဆင့် တိုးတက်လာသည်ကို အာရုံခံမိလိုက်တော့ကြောင့် နှုတ်ခမ်းအား လျှာဖြင့်လျက်လိုက်၏။ ထို့နောက် ထိုအရည်မှာ သူ၏ ခန္ဓာကိုယ်အတွက် ဆိုးကျိုးမရှိကြောင်း သေချာသွားသဖြင့် ဝမ်ပေါင်လဲ့မှာ တွေဝေတုံ့ဆိုင်းမနေတော့ဘဲ ရှေ့သို့လှမ်းကာ ရေကန်၏ အစွန်းတွင် ထိုင်ချလိုက်ပြီး သူ၏ ဝါးမျိုခြင်းသစ်စေ့၏ စွမ်းအားများ အားလုံးကို ထုတ်လွှတ်လိုက်တော့သည်။
ထိုအခါ သူ၏ခေါင်းထဲတွင် ထစ်ချုန်းသံများ ပဲ့တင်ထပ်သွား၏။ ထို့နောက် ရေကန်ထဲမှ ရေအမြောက်အမြား လေပေါ်သို့မြင့်တက်လာပြီးနောက် မြူခိုးများအဖြစ် ပြောင်းလဲသွားကြသည်။ ၎င်းတို့မှာ ဝမ်ပေါင်လဲ့၏ ချွေးပေါက်များထဲမှတစ်ဆင့် သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာကြသဖြင့် သူသည် တစ်ကိုယ်လုံး တုန်ရီသွားရတော့သည်။ သူ၏ ယွမ်ယင်ဝိညာဉ်မှာလည်း ဝိညာဉ်ချီများအား အငမ်းမရ စုပ်ယူနေဆဲပင်။ ထို့ကြောင့် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲ၌ ဝိညာဉ်စွမ်းအင်လှိုင်းများဖြင့် ပြည့်နှက်လာပြီး ၎င်းတို့မှာ တဖြည်းဖြည်းနှင့် အားကောင်းလာကြတော့သည်။
ထိုကဲ့သို့သော အာဟာရဓာတ်များကြောင့် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ အစောပိုင်းအမြုတေအဆင့်၏ ထိပ်ဆုံးသို့ ရောက်ရှိသွားတော့သည်။
” ငါ ထပ်ပြီးတော့ စုပ်ယူလို့ ရပါသေးတယ်။ လုပ်စမ်းပါ ” ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ မြန်ဆန်လာပြီး တစ်ကိုယ်တည်း ရေရွတ်လိုက်၏။ ထို့နောက် သူသည် သူ၏ ဝါးမျိုခြင်းသစ်စေ့အား ထပ်၍ အလုပ်ပေးလိုက်ပြန်သည်။ သူ၏ ယွမ်ယင်ဝိညာဉ်မှာဆိုလျှင် သူ၏ ခန္ဓာကိုယ်ထဲမှ ထိုးထွက်လာပြီး သူ၏ ဦးခေါင်းအထက်တွင် ရစ်ဝဲကာ မန္တန်လက်ကွက်များဖော်ရင်း ရေကန်ထဲမှ ရေများကို ထပ်၍ စုပ်ယူနေပြီ ဖြစ်သည်။
ထို့ကြောင့် မြူခိုးများ အဆက်မပြတ် ထွက်ပေါ်လာကာ ဝိညာဉ်ချီခြုံလွှာကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဝမ်ပေါင်လဲ့အား လွှမ်းခြုံသွား၏။ ၎င်းမှာ ဧရာမဝဲကြီးတစ်ခုနှင့်ပင် ဆင်တူနေသည်။ ဝမ်ပေါင်လဲ့မှာ ထို ဝဲကြီး၏ အလယ်တွင် ထိုင်နေရင်း… ရေကန်ကြီး၏ အလယ်ရှိ ကြာရွက်များပေါ်မှ ရုပ်အလောင်းကြီးတစ်ခု ရုတ်တရက်ဆိုသလို တုန်ရီသွားသည်ကို သတိမထားမိလိုက်ပေ။ ထို ရုပ်အလောင်းကြီးမှာ မျက်တောင်မွေးများ ဖျပ်ခနဲ လှုပ်ရှားသွားပြီးနောက် မျက်လုံးများ ပွင့်လာတော့မည်ဖြစ်သည်။