Switch Mode

အခန်း (၆၇၇)

ပွင့်စမ်းလို့ ငါပြောနေတယ်

ထို သွေးနီရောင် ပုစဉ်းကြီး ပေါ်ပေါက်လာသောအခါ ဝမ်ပေါင်လဲ့မှာ သူငယ်အိမ်များ ကျဉ်းမြောင်းသွားရ၏။ ထို့နောက် သူသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ အနီရင့်ရောင် သွေးစက်လေးအား ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ ပျောက်ကွယ်သွားတော့သည်။

ထိုအခါ ကြက်သွေးရောင် လေဓားနှစ်လက်မှာ ဝမ်ပေါင်လဲ့ ရှိနေခဲ့သည့်နေရာအား အရှိန်အဟုန်ဖြင့် ခုတ်ထစ်လိုက်သောကြောင့် ထိုနေရာရှိ ဟင်းလင်းပြင်ကြီးမှာ ဆုတ်ပြဲသွားရတော့သည်။ ထို့ကြောင့် ကောင်းကင်ယံထဲတွင် ဧရာမ ကြက်ခြေခတ်ကြီးတစ်ခု ပေါ်ပေါက်လာ၏။

ဝမ်ပေါင်လဲ့မှာ အဝေးတစ်နေရာတွင် ပြန်လည် ပေါ်ပေါက်လာပြီးနောက် ထိုမြင်ကွင်းအား မြင်လိုက်ရသောအခါ ဦးရေခွံများ ထုံကျဉ်သွားရ၏။ သူသည် ထို ပုစဉ်းကြီးမှ ထွက်ပေါ်နေသည့် စွမ်းအားများကို အာရုံခံမိနေသည်။ ၎င်းတို့မှာ ယွမ်ယင်အဆင့် ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားများထက်ပင် ပို၍အားကောင်းနေပြီး ဝိညာဉ်ကြားခံနယ်အဆင့် သို့မဟုတ် ထို့အဆင့်၏ အထက်တွင် ရှိနေနိုင်ပေသည်။

” ကြီးလိုက်တဲ့ သားရဲကြီး ” ဝမ်ပေါင်လဲ့မှာ စိတ်ထဲ၌ ရေရွတ်မိလိုက်၏။ ထို ပုစဉ်းကြီးမှာ သွေးပင်လယ်ကြီးထဲမှ အုန်းခနဲ ထွက်ပေါ်လာကာ လေပေါ်သို့ ပျံတက်လာပြီးနောက် ချက်ချင်း တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ လေထဲ၌ ပဲ့တင်ထပ်နေသည့် ဆူညံသံများ မည်သည့်နေရာမှ ထွက်ပေါ်လာမှန်း ဝေခွဲမရ ဖြစ်နေစဉ်မှာပင် ထိုသားရဲကြီးမှာ သူ့ဆီသို့ တန်းတန်းမတ်မတ် ဦးတည်ပျံသန်းလာတော့သည်။

၎င်းမှာ မျက်စိတစ်မှိတ်အတွင်းတွင် ဝမ်ပေါင်လဲ့၏ ရှေ့၌ ပေါ်ပေါက်လာပြီး သူ့အား တစ်စစီဆုတ်ဖြဲကာ ဝါးမျိုပစ်ရန် ပြင်လိုက်၏။ ဝမ်ပေါင်လဲ့မှာ ယွမ်ယင်အဆင့်သို့ မရောက်သေးပါက ထိုတိုက်ကွက်အား လုံးဝ ရှောင်တိမ်းနိုင်မည် မဟုတ်ပေ။ သူသည် ထို ပုစဉ်းကြီး ရွေ့လျားသွားသည်ကိုပင် မြင်လိုက်ရမည် မဟုတ်ဘဲ ချက်ချင်း သေဆုံးသွားရမည်သာ ဖြစ်သည်။ သို့သော် ယခုတွင်မူ သူသည် ကြယ်တာရာယွမ်ယင်ဝိညာဉ်အား ပိုင်ဆိုင်ထားသည် မဟုတ်ပါလော။ ထို့အပြင် သူသည် ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်သွားခဲ့သောကြောင့် အဘက်ဘက်မှ တိုးတက်လာပြီ ဖြစ်သည်။ သို့ဖြစ်ရာ သူသည် ချက်ချင်းဆိုသလိုပင် လှုပ်ရှားလိုက်သဖြင့် ထို တိုက်ကွက်ကြီးအား ရှောင်တိမ်းနိုင်သွားတော့သည်။

မည်သို့ပင် ဆိုစေကာမူ ပုစဉ်းကြီးမှာ သူ့ထက် အများကြီးပို၍ အစွမ်းထက်နေဆဲပင်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အောင်မြင်စွာ ရှောင်တိမ်းနိုင်လိုက်သည့်တိုင်အောင် သူ၏ ဆံပင်တစ်ခွေမှာ ထိုတိုက်ကွက်ကြီးနှင့် ထိသွားဆဲပင်။ ထိုအခါ ထိုဆံပင်များမှာ တိခနဲ ပြတ်တောက်သွားပြီး လေထဲ၌ မျောလွင့်သွားကြ၏။

ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ ရင်ခုန်နှုန်းများ မြန်ဆန်သွားရ၏။ ထို့နောက် သူသည် ချက်ချင်းဆိုသလိုပင် သူ၏ ညာဘက်လက်အား မြှောက်ကာ စိတ်ထဲ၌ တာအိုဂါထာတော်အား အလျင်အမြန် ရွတ်ဖတ်လိုက်တော့သည်။

” သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ရာကို အာရုံပြုပါ ”

၎င်းမှာ ဂါထာတော်၏ စတုတ္ထစာကြောင်း ဖြစ်ပေသည်။

ထို့နောက် သူသည် ပုစဉ်းကြီးအား စိုက်ကြည့်ကာ အသံကုန်အော်ဟစ်လိုက်၏။

” အရိုင်းအစိုင်း သားရဲကြီး ”

ထိုအခါ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့မှာ တုန်ရီသွားပြီး လျှို့ဝှက်ဆန်းကြယ် အငွေ့အသက်ကြီးမှာ ထပ်၍ ပေါ်ပေါက်လာပြန်သည်။ ၎င်းမှာ ယခင်အကြိမ်များတုန်းကထက် ပို၍ပင် အစွမ်းထက်နေ၏။ ၎င်းမှာ မျက်လုံးဖြင့် မမြင်နိုင်သည့် ဧရာမလက်ကြီး တစ်ဖက်ကဲ့သို့ ကောင်းကင်ပေါ်မှ ကျဆင်းလာပြီး ဝမ်ပေါင်လဲ့ဆီသို့ ဦးတည်လာနေသည့် ပုစဉ်းကြီးအား ဖိနှိပ်ချုပ်တည်းလိုက်တော့သည်။

ထိုစွမ်အားကြီးမှာ ဒြပ်ထုမရှိပေ။ သို့သော်ငြားလည်း ပုစဉ်းကြီးမှာ ကြောက်လန့်တကြား အော်ဟစ်လိုက်ပြီးနောက် ချက်ချင်းဆိုသလိုပင် နောက်သို့ ဆုတ်ခွာသွားပြီး ငြိမ်ဝပ်ပိပြားသွားရဆဲပင်။ ဝမ်ပေါင်လဲ့မှာ ဂါထာတော်ကြီး၏ အစွမ်းအား မြင်လိုက်ရသဖြင့် သူ ထွက်ပြေးလွတ်မြောက်နိုင်ရန် အခွင့်အရေးတစ်ခု ရသွားပြီဖြစ်ကြောင်း သိလိုက်၏။ ထို့ကြောင့် သူသည် အလျင်အမြန် ထပ်၍ လှုပ်ရှားကာ ပျောက်ကွယ်သွားပြီးနောက် အတော်အသင့် ဝေးကွာသော နေရာတစ်ခု၌ ပြန်လည်ပေါ်ပေါက်လာပြန်သည်။ ထို့နောက် သူသည် ခြေကုန်သုတ်ကာ သွေးပင်လယ်ကြီးထဲမှ ထွက်ခွာသွားရန် ကြိုးစားလိုက်တော့သည်။

ပုစဉ်းကြီးမှာ ဝမ်ပေါင်လဲ့တစ်ယောက် ထွက်ပြေးရန်ကြိုးစားနေသည်ကို အာရုံခံမိလိုက်သောအခါ အမျက်ချောင်းချောင်း ထွက်သွား၏။ ထို့နောက် ၎င်းမှာ အားမာန်အပြည့်ဖြင့် တောင်ပံများခတ်ကာ မျက်ဝန်းများထဲ၌ ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ ပြည့်နှက်သွားတော့သည်။ ဝမ်ပေါင်လဲ့မှာမူ ထိုပုစဉ်းကြီး၏ ခေါင်းထဲမှ အတွေးများကို မသိနိုင်ပေ။ ၎င်းမှာ နောက်ထပ်တစ်ကြိမ် ထပ်၍ အော်ဟစ်မြည်တမ်းကာ တောင်ပံများအား ထပ်၍ ခတ်လိုက်ပြီးနောက် ကြောက်စိတ်များကို ချုပ်တည်း၍ ဝမ်ပေါင်လဲ့နောက်သို့ လိုက်သွားတော့သည်။

” ခေါင်းမာလိုက်တဲ့ သတ္တဝါကြီးပါလား ” ဝမ်ပေါင်လဲ့မှာ ထိတ်ထိတ်ပျာပျာ ဖြစ်သွားရ၏။ သူသည် စဉ်းစားတွေးတောနေရန် အချိန်မရှိတော့သောကြောင့် ဟန်ဆောင်မနေတော့ဘဲ နောက်သို့လှည့်ကာ အော်ဟစ်လိုက်တော့သည်။

” ကျင့်ကြံ…. ”

၎င်းမှာ ‌နောက်ဆုံးစာကြောင်း၏ အစဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ထိုစာကြောင်းအား အဆုံးအထိ မရွတ်နိုင်ခဲ့ပေ။ သူသည် ထိုစာကြောင်းတစ်ကြောင်းလုံးကို ရွတ်ရန် ကြံရွယ်ထားခဲ့ပါသော်လည်း နောက်ဆုံးအခိုက်အတန့်တွင် မည်သည့်အကြောင်းကြောင့်မှန်းမသိ မရွတ်ရဲတော့ဘဲ ဖြစ်သွားရ၏။

သူသည် ထိုစာကြောင်း၏ အစကိုသာ ရေရွတ်ရသေးပါသော်လည်း လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးမှာ ယခင်တုန်းကနှင့် မတူလောက်အောင် အရှိန်အဟုန်ပြင်းစွာ ပေါက်ကွဲထွက်ပေါ်လာတော့သည်။ ၎င်းတို့မှာ ဆူနာမီလှိုင်းလုံးကြီးကဲ့သို့ အရာအားလုံးကို လွှမ်းခြုံသွားပြီး ဖိနှိပ်ချုပ်တည်းထားလိုက်၏။ ထို့ကြောင့် ထိုနေရာကြီးတစ်ခုလုံးမှာ အပြင်အထန် တုန်ရီလာရတော့သည်။

ပုစဉ်းကြီးမှာမူ သွေးပျက်လုမတတ် ထိတ်လန့်ကြောက်ရွံ့သွား၏။ ထို့ကြောင့် ၎င်းမှာ အသံကုန်အော်ဟစ်ကာ နောက်သို့ အလောတကြီး ဆုတ်ခွာသွားပြီးနောက် အနီရောင် အရိပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲကာ ပင်လယ်ထဲသို့ ပြန်ဝင်သွားတော့သည်။

ရေအောက်သို့ ရောက်သွားသည့်တိုင် ၎င်းမှာ အပြင်းအထန် တုန်ရီနေဆဲဖြစ်သောကြောင့် ပင်လယ်ရေ မျက်နှာပြင်ပေါ်တွင် လှိုင်းများထလာရ၏။ ၎င်း၏ ဖောင်းကားနေသော မျက်လုံးကြီးများမှာမူ ရေမျက်နှာပြင်အထက်တွင် ရှိနေဆဲဖြစ်ပြီး ဝမ်ပေါင်လဲ့အား ကြောက်ရွံ့ထိတ်လန့်နေသည့် အကြည့်ဖြင့် စိုက်ကြည့်နေတော့သည်။

ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်အေးသွားရ၏။ ထိုအနီးနားတစ်ဝိုက်တွင် အခြားမည်သူမှ ရှိမနေသောကြောင့် ဝမ်ပေါင်လဲ့မှာ အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ပုံစံ ဟန်ဆောင်မနေတော့ဘဲ ခြေကုန်သုတ်ကာ ‌အဝေးသို့ ပြေးထွက်သွားလိုက်တော့သည်။

ပုစဉ်းကြီးမှာမူ သူ့အား မလွှတ်ပေးချင်ပါသော်လည်း သူ၏ နှလုံးသားထဲမှ ကြောက်စိတ်များကို ဖြေဖျောက်နိုင်စွမ်းမရှိသေးပေ။ ထို့ကြောင့် ၎င်းမှာ ဝမ်ပေါင်လဲ့တစ်ယောက် အဝေးသို့ပြေးထွက်သွားသည်ကို ကြည့်ရင်း သူ့အား လိုက်လံဖမ်းဆီးလိုသည့် အတွေးများကို မေ့ပျောက်ထားလိုက်ရတော့သည်။

အချိန်အတော်အတန်ကြာ‌အောင် ကုန်ဆုံးသွားပြီးနောက် ထိုနေရာကြီးတစ်ခုလုံး ပြန်လည်ငြိမ်သက်သွားသောအခါမှ ပုစဉ်းကြီးမှာ ပင်လယ်ထဲမှ ပြန်ထွက်လာ၏။ ၎င်းမှာ ရုပ်အလောင်းကြီးအား တစ်ပတ်ပတ်လိုက်ပြီးနောက် အော်ဟစ်မြည်တမ်းကာ ဒေါသထွက်နေသည့် အမူအရာဖြင့် တောင်ပံများအား တဖျပ်ဖျပ် ခတ်နေတော့သည်။ ထို့ကြောင့် ၎င်း၏ ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်ကြီးမှာ ချက်ချင်းဆိုသလိုပင် ဆုတ်ပြဲသွားရ၏။ ရုပ်အလောင်းကြီးပေါ်မှ အစိမ်းရောင်မြွေများမှာမူ ထိန်လန့်တုန်လှုပ်နေကြရပြီ ဖြစ်သည်။ သို့သော် ပုစဉ်းကြီးမှာ ရပ်တန့်သွားခြင်းမရှိသေးပေ။ ၎င်းမှာ ၎င်း၏ တောင်ပံများကို နောက်ထပ်တစ်ကြိမ်ထပ်၍ ခတ်လိုက်သောအခါ သွေးပင်လယ်ကြီးထဲ၌ လှိုင်းလုံးကြီးများ ထလာတော့သည်။ ထို့နောက် သွေးများမှာ ကောင်းကင်ပေါ်သို့ ထိုးတက်သွားပြီးနောက် တွန့်လိမ်ပုံပျက်ကာ လူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွား၏။

၎င်းမှာ တစ်ကိုယ်လုံး နီရဲနေပြီး ဝမ်ပေါင်လဲ့နှင့် တထေရာတည်း တူနေသည်။

ပုစဉ်းကြီးမှာ ၎င်းအား စိုက်ကြည့်ကာ အသံကုန်အော်ဟစ်လိုက်ပြီးနောက် ရှေ့သို့ ပျံထွက်သွားပြီး ၎င်း၏ လက်တစ်ဖက်နှင့် ခြေထောက်တစ်ဖက်အား တောင်ပံများဖြင့် ဖြတ်တောက်ပစ်လိုက်တော့သည်။ ထို့နောက် ၎င်းမှာ ပါးစပ်ဟကာ သွေးများဖြင့် ဖွဲ့စည်းထားသည့် ထိုခန္ဓာကိုယ်ကြီးအား ကိုက်လိုက်၏။ ပုစဉ်းကြီးမှာ ထိုခန္ဓာကိုယ်တစ်ခုလုံး အပိုင်းပိုင်းပြတ်ကာ ရစရာမရှိတော့သည့် အနေအထားသို့ ရောက်သောအခါမှ ဒေါသစိတ်များ အနည်းငယ်ခန့် ပြေပျောက်သွားသည့် အမူအရာဖြင့် နှာမှုတ်လိုက်၏။ ထို့နောက် ၎င်းမှာ ထိုကဲ့သို့သော ခန္ဓာကိုယ်များကို အနည်းငယ်ခန့်ထပ်၍ ဖန်တီးလိုက်ပြီးနောက် ၎င်းတို့အား ထပ်ခါတလဲလဲ ဖျက်ဆီးချေမှုန်းနေလိုက်တော့သည်။ ထိုသို့ဖြင့် ၎င်းမှာ ‌ဒေါသစိတ်များအားလုံး ပြေပျောက်သွားပြီး စိတ်ကျေနပ်မှု ရသွားသောအခါမှ သွေးပင်လယ်ကြီးထဲသို့ ပြန်ဝင်သွားကာ အစအန ရှာ၍မရအောင် ပျောက်ကွယ်သွားတော့သည်။

ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းအား မမြင်လိုက်ရပေ။ အကယ်၍ သူသာ မြင်လိုက်ရမည်ဆိုပါက တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွားရမည်သာ ဖြစ်သည်။ သူသည် ထို ပုစဉ်းကြီးအား ထပ်၍ ရန်စတော့မည်မဟုတ်ပေ။ ၎င်းမှာ အလွန်အင်မတန်မှ သဘောထားသေးသိမ်ပြီး အငြိုးကြီးကြောင်း အထင်အရှား သိမြင်နိုင်ပေသည်။

ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ အကြိမ်အနည်းငယ်ခန့် တည်နေရာပြောင်းရွှေ့ခဲ့ပြီးနောက် ထာဝရစင်မြင့်တစ်ခုအား ရှာတွေ့သွား၏။ ထို့နောက် သူသည် မီးခိုးငွေ့များကို အသုံးပြုကာ ဓားထိပ်ပိုင်းဆီသို့ ပြန်သွားလိုက်တော့သည်။

အခြားသူများမှာဆိုလျှင် အခက်တွေ့နေရမည် ဖြစ်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ ထာဝရစင်မြင့်များအား အသုံးပြုနိုင်သည့်နည်းလမ်းကို တတ်မြောက်ထားသည့်အပြင် မကြာသေးမီကမှ ဓားထိပ်ပိုင်းထဲမှ ထွက်ခွာလာခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် အပြန်လမ်း၌ ဘေးကင်းသော လမ်းကြောင်းများကိုသာ ‌ရွေးချယ်ခဲ့၏။ ထိုသို့ဖြင့် သိပ်မကြာခင်တွင် သူသည် နန်းတော်ကြီးသုံးခု ရှိနေသည့်နေရာသို့ ပြန်ရောက်လာတော့သည်။

ဝမ်ပေါင်လဲ့မှာ တတိယနန်းတော်ကြီး၏ ရှေ့တွင်ရပ်ရင်း ၎င်းအား လွှမ်းခြုံထားသည့် ရေခဲထုကြီးအား မျှော်လင့်တကြီးဖြင့် စိုက်ကြည့်နေလိုက်၏။ သူသည် ခန့်မှန်းနေစရာပင် မလိုပေ။ ထို နန်းတော်ကြီးထဲရှိ ရှိနေမည့် အရာများသည် ပထမဆုံး နန်းတော်နှစ်ခုထဲမှ သူရရှိခဲ့သည့် အရာများထက် ပို၍ သာလွန်နေမည်မှာ အသေအချာပင်။ ထို့ကြောင့် သူသည် စောင့်ဆိုင်းမနေတော့ဘဲ အသက်ပြင်းပြင်းရှူကာ ညာဘက်လက်ကို မြှောက်လိုက်၏။ ထို့နောက် သူသည် အသိအမှတ်ပြု တံဆိပ်ပြားကို ဆွဲထုတ်ကာ အော်ဟစ်လိုက်တော့သည်။

” ပွင့်စမ်းလို့ ငါပြောနေတယ် ”

သူ၏စကားသံ လေထဲ၌ ပဲ့တင်ထပ်သွားသောအခါ တတိယနန်းတော်ကြီးမှာ စတင်တုန်ရီလာ၏။ ထို့နောက် မျက်လုံးဖြင့် မမြင်နိုင်သောစွမ်းအားတစ်မျိုးမှာ လေထဲသို့ ပျံ့လွင့်လာပြီးနောက် ဝမ်ပေါင်လဲ့၏ လက်ထဲမှ အသိအမှတ်ပြု တံဆိပ်ပြားအား လက်ခံလိုက်သည့်ပုံပင်။ ထို့ကြောင့် တတိယနန်းတော်ကြီးအား လွှမ်းခြုံထားသည့် ရေခဲထုကြီးမှာ စတင်တုန်ရီလာပြီးနောက် တစ်စစီ ကွဲအက်သွားတော့မည့် အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်ရှားသွားရပြီး မျှော်လင့်တကြီးဖြင့် စောင့်ဆိုင်းနေမိတော့သည်။ သို့သော် အချိန်များ တရွေ့ရွေ့နှင့် ကုန်ဆုံးလာပါသော်လည်း ရေခဲထုကြီးမှာ တုန်ရီနေရုံမှလွဲ၍ ဘာမှဆက်မဖြစ်လာကြောင်း သူက သတိထားမိလိုက်၏။ ၎င်းမှာ ကွဲအက်သွားခြင်း မရှိသေးဘဲ တစ်စုံတစ်ခုအား လိုအပ်နေသေးသည့်ပုံပင်…

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားပြီး ဘယ်ဘက်လက်ဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်သောကြောင့် သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးထဲမှ စွမ်းအားများ ထွက်ပေါ်လာတော့သည်။ သူသည် သူ၏ ပထမဆုံး ချပ်ဝတ်တန်ဆာကြီးအား ဖျက်ဆီးခဲ့ပြီးနောက် ၎င်းအား ပထမအဆင့်သို့သာ ပြန်လည်မြှင့်တင်နိုင်သေးသည်။

သို့သော်လည်း ထိုမျှလောက်နှင့် လုံလောက်ပေသည်။

ဝမ်ပေါင်လဲ့၏ ဘယ်ဘက်လက်ထဲမှနေ၍ ပုံရိပ်ယောင် စွမ်းအင်စီးဆင်းမှုလမ်းကြောင်းများ ထွက်ပေါ်လာပြီးနောက် ၎င်းတို့မှာ လေထဲ၌ ယိမ်းထိုးကာ သူ၏ခန္ဓာကိုယ် အနှံ့အပြားသို့ ပျံ့နှံ့သွား၏။ ထို့ကြောင့် ခဏအကြာတွင် အနီရောင် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးမှာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးအား ဖုံးအုပ်သွားတော့သည်။ ထိုအခါ သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် အနီရင့်ရောင်သွေးစက်အား ထုတ်ယူလိုက်၏။

သူ ထိုသို့ ထုတ်ယူလိုက်သည်နှင့် တတိယ နန်းတော်ကြီးမှာ ပို၍ပင် ပြင်းထန်စွာ တုန်ရီလာတော့သည်။ ဝမ်ပေါင်လဲ့မှာမူ အရောင်တလက်လက် တောက်ပနေသည့် မျက်ဝန်းများဖြင့် ထိုသွေးစက်အား သူ၏ ချပ်ဝတ်တန်ဆာကြီးထဲသို့ ထည့်သွင်းလိုက်၏။ ထို့နောက် သူသည် အစွမ်းကုန် ထုတ်သုံးလိုက်သဖြင့် ‌ထိုသွေးစက်ပိုင်ရှင်၏ အငွေ့အသက်များမှာ ရုတ်တရက်ဆိုသလို ထွက်ပေါ်လာတော့သည်။ ဝမ်ပေါင်လဲ့မှာမူ အသိအမှတ်အပြုတံဆိပ်ပြားအား လေပေါ်သို့ ‌မြှောက်ကာ ထပ်၍ အော်ဟစ်လိုက်ပြန်သည်။

” ပွင့်စမ်းလို့ ငါပြောနေတယ်လေ ”

သူ၏ စကားသံကြီး လေထဲ၌ ပဲ့တင်ထပ်သွားစဉ် တတိယနန်းတော်ကြီးထဲမှ ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာ၏။ ထို့နောက် ၎င်းအား လွှမ်းခြုံထားသည့် ရေခဲထုကြီးမှာ တစ်စစီ‌ကြေမွပျက်စီးကာ မြေကြီးပေါ်သို့ ပြုတ်ကျသွားတော့သည်။ ထိုအခါ နန်းတော်ကြီးထဲမှ အားကောင်းသော အငွေ့အသက်တစ်ခု ထွက်ပေါ်လာပြီး ဝမ်ပေါင်လဲ့နှင့် သူ၏ဘေးနားတစ်ဝိုက်တွင် ရှိနေသော နေရာကြီးအား လွှမ်းခြုံသွား၏။ ၎င်းမှာ ခွင့်ပြုချက် ပေးလိုက်သည့်ပုံပင်။ ဝမ်ပေါင်လဲ့တစ်ယောက် ရင်တထိတ်ထိတ်နှင့် အသက်ရှူသံများ မြန်ဆန်လာစဉ်မှာပင် စကားသံတစ်သံ ထွက်ပေါ်လာ၏။

” သင်က အကြီးအကဲတစ်ယောက် ဖြစ်တာမလို့ တာအိုနန်းတော်ကို ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်ကို ထမ်းရွက်ခွင့် ရှိပါတယ်။ အဲတာကြောင့်မလို့ တတိယ ဝိညာဉ်နန်းတော်ထဲဝင်ပြီး ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်နိုင်အောင် ကြိုးစားခွင့် ရှိပါမယ် ”

ထိုအသံကြီးမှာ မိုးခြိမ်းသံကဲ့သို့ ကောင်းကင်ယံထဲ၌ ပြည့်နှက်သွား၏။ ထို့နောက် တတိယ နန်းတော်ကြီး၏ တံခါးများမှာ ပွင့်သွားသဖြင့် ၎င်းတို့၏ နောက်တွင် ရှိနေသည့် လျှို့ဝှက်ဆန်းကြယ်နေရာကြီး ပေါ်ပေါက်လာတော့သည်။

ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ စိတ်လှုပ်ရှားနေရပြီ ဖြစ်သည်။ သူသည် ပထမ နန်းတော်ကြီးနှင့် ဒုတိယ နန်းတော်ကြီးထဲသို့ ဝင်ဖူးထားပြီးသားဖြစ်ရာ ဆက်လုပ်ရမည့် အရာများကို သိထားပြီး ဖြစ်၏။ ထို့ကြောင့် သူသည် ရှေ့သို့ ပြေးထွက်သွားလိုက်ပြီး နန်းတော်ကြီးထဲသို့ ချက်ချင်း ဝင်ရောက်သွားလိုက်တော့သည်။

Comment

  1. mathakhin040 says:

    ရလားမရလား

Leave a Reply

Options

not work with dark mode
Reset