ရီဝူချင်း၏ မျက်တောင်များ ကွေးသွားသည်။ သူ့မျက်လုံးတွင် ဆုံးဖြတ်ချက်တစ်ခု ချပြီးဟန် ပေါ်လာ၏။ ရီရှောင်ကား သူ၏ဝမ်းကွဲအစ်ကို ဖြစ်သည်။ သို့သော် သူတို့က တစ်ခါတစ်ရံမှသာ ပတ်သက်ဆက်နွှယ်မှု ရှိကြသည်။ ရီဝူချင်းက တန်ခိုးကျင့်ရာတွင်သာ အာရုံစိုက်လေ့ရှိသည်။ အာဏာက သူ့အတွက် မည်သို့မှ အရေးမပါပေ။ အထူးသဖြင့် ရှေးဟောင်း မြေရိုင်းဒေသသို့ ဝင်ရာ ဂိတ်ပေါက်မှာ နယ်မြေတစ်ရာအတွက် ဖွင့်ထားပြီးဖြစ်ရာ အရာအားလုံးမှာ မကြာမီ ပြောင်းလဲ သွားတော့မည် ဖြစ်သည်။ အကယ်၍ သူတို့က ထီးနန်းမှာ တကယ့် အာဏာအစစ်အမှန်ဟု တွေးထင်ထားလျှင် မကြာမီ အန္တရာယ်နှင့် ရင်ဆိုင်ကြရမည် ဖြစ်သည်။
ရှေးဟောင်း မြေရိုင်းဒေသက အမြဲတမ်းအတွက် ဖွင့်လှစ်ထားပြီးဖြစ်ရာ မကြာမီ နိုဘယ် တန်ခိုးရှင်များစွာ ပေါ်ထွက်လာတော့မည် ဖြစ်သည်။
ရီရှောင်ကား ထိုဘုရင့်အာဏာ၏လွှမ်းမိုးမှုကို များစွာ ခံထားရဟန်တူသည်။ ထိုအရာက သူ၏ ထီးနန်းကို ဆက်ခံရန် အဖြစ်နိုင်ဆုံး အခြေအနေကြောင့်လည်း ဖြစ်ဟန်တူသည်။
“ကျေးဇူးတင်ပါတယ် အရှင့်သား… ဒါပေမဲ့ ကျုပ်က တစ်ယောက်တည်း သွားရတာ အသားကျနေပါပြီ… အရှင့်သားနဲ့ မလိုက်တော့ပါဘူး…” ရီဝူချင်းက ပညာသားပါပါ ငြင်းပယ်လိုက်သည်။ သည်နည်းဖြင့် ရီရှောင်လည်း အရှက်ရမည့် အခြေအနေသို့ မရောက်တော့ပေ။ သို့သော်လည်း ရီရှောင်နှင့် တခြားလူများက ထိတ်လန့် အံ့အားသင့် သွားကြသည်။ သူတို့က ရီဝူချင်းအား စိုက်ကြည့် လိုက်ကြသည်။ သူကား သိသာစွာပင် ရီဖူရှင်းတို့ အုပ်စုနှင့် သွားနေခြင်း ဖြစ်သည်။ သူက တစ်ယောက်တည်းဟု အဘယ်ကြောင့် ပြောရသနည်း။
ရီရှောင်၏ မျက်လုံးများ အေးစက်သွားသည်။ ရီဝူချင်းက သူ့အား ရယ်စရာ သဘောထား နေသည်လား။
“ကောင်းပြီလေ…” ရီရှောင်က ပြုံးလျက် ပြောသည်။ ရီဝူချင်းက ထိုဆုံးဖြတ်ချက်အား ပြုလုပ်ပြီးပြီ ဆိုလျှင် သူက မည်သို့ မှ မတတ်နိုင်တော့ပေ။
“ယွီယို… မင်းကရော…” ရီရှောင်က လင်းယွီယိုအား ကြည့်လျက် ပြောသည်။ သူက သူမနှင့် ပိုမိုရင်းနှီးသော အခြေအနေသို့ ရောက်လိုသောကြောင့် လင်းယွီယို၏ မျိုးရိုး နာမည်ကိုပင်လျှင် ဖယ်ထုတ်၍ ခေါ်လိုက်သည်။
လင်းယွီယို၏ မျက်လုံးများက တစ်ချက် လင်းလက်သွားသည်။ သူမက အနည်းငယ် ကသိကအောက် ခံစားရကာ အသာအယာ ပြောသည်… “အရှင့်သား… ဒါက ပြောရခက်ပါတယ်…”
ထို့နောက် လင်းယွီယိုက ရီဖူရှင်းအား ထပ်မံ၍ ကြည့်လိုက်သည်။ သူမက အဖြေမပေးသော်လည်း ထိုစကားကား သံသယ ရှိစရာ မလိုအောင်ပင် ငြင်းပယ်ခြင်း ဖြစ်သည်။ သူမ၏မျက်လုံး အကြည့်ကလည်း လူအများအား အတွေးများစွာ ဖြစ်ပေါ်စေသည်။ သူမအတွက် ပြောရခက်သည်တဲ့လား။
ရီရှောင်၏အပြုံး လုံးဝ ကွယ်ပျောက် သွားသည်။ ရီဖူရှင်းနှင့် လင်းယွီယိုတို့အား ကြည့်ကာ ကန်ယီကျောင်းတော်မှ လူများ၏ မျက်လုံးများ စူးရှသွားသည်။ ကန်ယီနိုင်ငံ၏ နံပါတ်တစ် အလှမယ်က သူ့အား…။
လင်းယွီယိုက သူ့အား ကြည့်လျက် ထိုသို့ ပြောလျှင် ရီဖူရှင်းလည်း အံ့အားသင့် သွားသည်။ လင်းယွီယိုကား သူ့အား ခုတုံး လုပ်လျက် ရီရှောင်ထံမှ ရှောင်ထွက်ခြင်းပင်။
“ကောင်းတယ်…” ရီရှောင်၏အသံကား အေးစက်နေသည်။ အကြောင်းပြချက် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ရီဝူချင်းနှင့် လင်းယွီယိုက သူ့အား ငြင်းပယ်ခဲ့ကြခြင်းပင်။ ဤမတိုင်မီက သူ၏ ယုံကြည်မှုရှိသော စကားများမှာ ဟာသတစ်ခုထက် မပိုတော့ပေ။
ကန်ယီနိုင်ငံ မင်းသားတစ်ပါး အနေဖြင့် သူက အသက်ဆယ့်ခုနစ်နှစ်အရွယ် ပါရမီရှင်ထက် ပို၍ သူ့နိုင်ငံသားများအပေါ် လွှမ်းမိုးမှု မရှိပေ။ ရီဖူရှင်းက မည်မျှ ပါရမီ ကောင်းမွန်ပါစေ ရီရှောင်ကား ကန်ယီနိုင်ငံ၏ အနာဂတ် ဘုရင်ဖြစ်သည်။ သူက ရီဖူရှင်းအား မကြည့်တော့ဘဲ နိုဘယ်လိုဏ်ဂူထံသို့ လျှောက်သွားတော့သည်။
ရီဖူရှင်းက ရီရှောင်၏ အပြုအမူများအား အမှန်တကယ် စိတ်ဆိုးခြင်း မရှိပေ။ ဧကရာဇ်ရီက သူ့အား ကယ်တင်ခဲ့ရာ ထိုကျေးဇူးအား သူက သေချာပေါက် အမှတ်ရနေမည် ဖြစ်သည်။ အကယ်၍ ရီရှောင်က သူနှင့် ရင်းနှီးလိုလျှင် ရီဖူရှင်းက ရီရှောင်အား အတတ်နိုင်ဆုံး ကူညီမည်ဖြစ်သည်။ ရီရှောင်နှင့် ရီဒန်ချန်းတို့ နှစ်ယောက်လုံးမှာ ရီဖူရှင်းအတွက် အတူတူသာဖြစ်သည်။ သူတို့နှစ်ယောက်လုံးမှာ ဧကရာဇ်ရီ၏ သားများဖြစ်ကြပြီး သူကလည်း ထီးနန်းရေးရာ ကိစ္စများတွင် ဝင်ပါလိုခြင်း မရှိပေ။
သို့သော် ရီရှောင်ကား စစချင်းပင် ရီဖူရှင်းအား ရီဒန်ချန်းနှင့် ပိုမိုရင်းနှီးသည်ဟု ယူဆကာ ရီဖူရှင်း၏ ရပ်တည်ချက်အား ရှင်းလင်းစေခဲ့သည်။ သူကား အလွန်တရာ တွက်ချက် တတ်လွန်းသည်။ သူက တော်ဝင်မိသားစုမှာ မွေးဖွားလျက် ထီးနန်းအား လိုချင်တပ်မက်စိတ် များနေခြင်းကြောင့်လည်း ဖြစ်နိုင်သည်။
“မင်း ဘာကို ဆိုလိုတာလဲ…” ရီဖူရှင်းက လင်းယွီယိုအား ကြည့်လျက် မေးလိုက်သည်… “ဒါက ကျုပ်နဲ့ ဘာဆိုင်လို့လဲ…”
လင်းယွီယိုက အပြစ်ရှိသလို ခံစားရကာ ခေါင်းငုံ့လျက် တိုးတိုးလေး ပြောသည်… “ဒါဆို နင်က ငါ့ကို ဘယ်လို ပြောစေချင်လဲ…”
ယခုအချိန် လင်းယွီယို၏ မျက်လုံးများမှာ အလွန် အားကောင်းလှသည်ဟု ရီဖူရှင်းထင်သည်။ သူမက သူ့အား စိတ်ဝင်စားနေသည်လား။
“အရမ်းပါရမီ ကောင်းလွန်းတာလည်း သိပ်မကောင်းဘူး…” ရီဖူရှင်းက သက်ပြင်းချလျက် အဝေးကို မျှော်ကြည့်လိုက်သည်။ လင်းယွီယိုက သူ့အား မျက်လုံးပြူးလျက် ကြည့်လိုက်သည်။ သည်ကောင်စုတ်ကား မျက်နှာ ပြောင်လွန်းလှသည်။
“နိုဘယ်လိုဏ်ဂူက ဘာထူးခြားတာလဲ…” ရီဖူရှင်းက ယွန်ရှင်းမိုအား မေးလိုက်သည်။ သူက ရီရှောင်၏ နာမည်အား ထပ်မပြောတော့ပေ။ ထိုအရာကား သာမန်ကိစ္စ အသေးအမွှားသာ ဖြစ်သည်။
“နိုဘယ်လိုဏ်ဂူမှာ ရှိနေတဲ့ အားလှိုင်းက လိုဏ်ဂူအနီးကို ကပ်လာသမျှ လူတွေကို ဖိအားပေးလိမ့်မယ်… အနီးကို ကပ်လေလေ ဖိအား ပိုများလေပဲ… တကယ်လို့ နင်က ဒါက ခုခံဖို့ စွမ်းအားကို ထုတ်သုံးရင် လိုဏ်ဂူက တူညီတဲ့ ဓာတ်စွမ်းအားနဲ့ ပြန်ပြီး ဖိအားပေးလိမ့်မယ်…” ထိုထူးဆန်း အံ့ဖွယ်ကောင်းသော လိုဏ်ဂူကို ကြည့်ကာ ယွန်ရှင်းမိုက ပြောသည်။ “တကယ်လို့ နင်က နိုဘယ်လိုဏ်ဂူက ပေးတဲ့ ဖိအားကို ခံနိုင်ရည်ရှိရင် သူ့ဆီက အားလှိုင်းတွေကို ကံစွမ်းအားအနေနဲ့ ပြောင်းလဲပြီး လက်ခံရနိုင်တယ်… ပြီးရင် နင်က လိုဏ်ဂူထဲကို ဝင်ပြီး သူ့ရဲ့ အနုပညာရသကို ခံစားလို့ရပြီ…”
ထိုစကားကို ကြားလျှင် ရီဖူရှင်းက ဂူထဲကို မျှော်ကြည့်လိုက်သည်။ ထိုနေရာတွင် လူနှစ်ယောက်က မျက်လုံး မှိတ်လျက် တင်ပလ္လင်ခွေ ထိုင်ကာ နိုဘယ် အရှိန်အဝါအား လေ့လာ ဆင်ခြင်နေကြသည်။ ထိုကြီးမားသော လိုဏ်ဂူကြီး တစ်ခုလုံးတွင် လူနှစ်ယောက်သာ ရှိသည်။ သူတို့ကား အလွန်အမင်း ထူးချွန်ပုံရ၏။ သူတို့နှစ်ယောက်၏ ကံစွမ်းအားမှာလည်း လူအများမြင်သာ အောင် တောက်ပ ထွန်းလင်း နေလေသည်။
ထိုအခိုက်တွင် ရီရှောင်က နိုဘယ်လိုဏ်ဂူထံသို့ လျှောက်သွားလိုက်သည်။ ချက်ချင်းပင် လိုဏ်ဂူမှ အလင်းစက်များက ကြောက်မက်ဖွယ် အားလှိုင်းများအဖြစ် ရီရှောင်ထံသို့ ပြေးဝင်လာကြသည်။ ကြောက်မက်ဖွယ် ကောင်းသော ဓားအားလှိုင်းက ရီရှောင်ထံမှ ကွဲထွက်သွားသည်။ ထိုအားလှိုင်းများက သူ့အား ရစ်ပတ်သွားကြကာ ရီရှောင်အား ရှေ့ကို ခြေလှမ်း ထပ်လှမ်းရာတွင် ကာကွယ်ပေးသည်။ ထိုအခိုက်တွင် ရီဖူရှင်းက လိုဏ်ဂူအတွင်းမှ လာသော ထူးဆန်းသော ဖိအားကို ရှင်းလင်းစွာ ခံစားရသည်။ ထိုအရာကား နတ်ဘုရား၏ စွမ်းအားများ ကဲ့သို့ပင်။ ထိုအရာက ဓားအားလှိုင်းများ အဖြစ် ရီရှောင်ထံသို့ တိုးဝင်လာကြကာ သူ့အား ဖိနှိပ်ကြသည်။
ရီဖူရှင်း ချက်ချင်း လွတ်လပ်ခြင်း ကျင့်စဉ်ကို အသက်သွင်းလိုက်သည်။ ထိုဖိအားများက လိုဏ်ဂူအပေါ်မှ ရုပ်တုများမှ လာခြင်း ဖြစ်ကြောင်း သူ သတိထားမိသည်။ ထိုရုပ်တုများတွင် ယွန်ရှင်းမို ပြောသကဲ့သို့ တူညီသော ဓာတ်သဘောဖြစ်သော ဓားစွမ်းအင်များ ရှိနေသည်။
ကန်ယီနိုင်ငံ၏ အကြီးဆုံး မင်းသားတစ်ပါး အနေဖြင့် သူကား တခြားလူများထက် ပိုမို၍ ပါရမီ ကောင်းမွန်ပေသည်။ သူက ဓားပညာကို လေ့ကျင့်သည်သာမက စိတ်ဝိညာဉ် စွမ်းအားတွင်လည်း လေ့ကျင့်သည်။ ကန်ယီနန်းတော်တွင် တော်ဝင်မိသားစုတိုင်းက စိတ်ဝိညာဉ် စွမ်းအားကို အထူးပြု လေ့ကျင့်ကြပြီး ရီဝူချင်းပင်လျှင် စိတ်ဝိညာဉ် စွမ်းအားကို အထူးပြုကာ ဓားပညာကို ဒုတိယ ဦးစားပေးအနေဖြင့် လေ့ကျင့်သည်။ သူတို့အားလုံးက အလွန် စွမ်းအားမြင့်သည်။
ဓားစွမ်းအင် ဖိအားကို အန်တုလျက် သူက ရှေ့ကို လှမ်းနေသည်။ ရီရှောင်က လိုဏ်ဂူရှိရာသို့ ရောက်ရန် ခြေလှမ်း ဆယ့်သုံးလှမ်း အလိုတွင်ပင် သူ ရပ်တန့်သွားသည်။
“အဲဒါကို သေမင်း ခြေလှမ်း ဆယ့်သုံးလှမ်း ဆိုပြီး နာမည်ကြီးတယ်…” ယွန်ရှင်းမိုက ပြောသည်။ “အဲဒီနေရာကို ရောက်ရင် အားလှိုင်းတွေက လူကို ဒဏ်ရာရစေနိုင်ပြီး ရှေ့ကို တိုးတဲ့ ခြေလှမ်း တစ်လှမ်းတိုင်းက မူလကထက် တစ်ဆပိုမိုတဲ့ ဖိအားကို ခံစားရတယ်… ပါရမီရှင်တွေ အားလုံးက အဲဒီ ခြေလှမ်း ဆယ့်သုံးလှမ်း အတွင်းမှာ ရပ်တန့်သွားကြတာ များတယ်… အမှန်တကယ်က နင်က ဒီခြေလှမ်းတွေကပဲ တစ်စုံတစ်ခုကို ရရှိနိုင်တယ်…”
ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ လွတ်လပ်ခြင်း ကျင့်စဉ်က အသက်ဝင်နေရာ လိုဏ်ဂူ၏ စွမ်းအားများက ရီရှောင်ကို တိုက်ခိုက် နေကြသည်ကို သူမြင်ရသည်။
ဘုန်း… ရီရှောင်က ရှေ့ကို တစ်လှမ်း အားသုံး၍ စလှမ်းလိုက်သည်။ သူ၏ ဓားအရှိန်အဝါက အရာအားလုံးကို ဖြတ်တောက် သွားသည်။ သို့သော် ရုပ်တုများထံမှ အားလှိုင်းများက လှိုင်းလုံးများအလား ဆင့်ကဲ ထွက်ပေါ်လာကြပြန်သည်။ ပထမဆုံး လှိုင်းလုံးများမှာ နောက်ဆုတ်စေရန် ရည်ရွယ်ပုံရသည်။ ထိုအရာက တဖြည်းဖြည်း အားကောင်း လာသည်ကို မြင်ရသည်။
သိုင်းပညာ သက်သက်ကိုသာ လေ့ကျင့်သော သူက နိုဘယ်လိုဏ်ဂူကို ဝင်ရောက်ရန် အလွန် ခက်ခဲဟန်တူသည်။ ထိုလူက စိတ်ဝိညာဉ်စွမ်းအား အလွန် အားကောင်းရန်လည်း လိုအပ်ပေသေးသည်။ ရီရှောင်က ဒုတိယ ခြေလှမ်းကို စလှမ်းလိုက်လျှင် ဖိအားက ထပ်မံ မြင့်တက် လာပြန်သည်။
တတိယ ခြေလှမ်းတွင် ဓားအရှိန်အဝါက ကောင်းကင်တစ်ခုလုံး ဖုံးလွှမ်းသွားတော့သည်။ ရီရှောင် ရပ်လိုက်သည်။ သူ၏ ဓားအရှိန်အဝါ တစ်ဖန် သူ့ထံမှ ဖြာထွက်လာကြကာ အရံအတားအဖြစ် သူ့အား ကာကွယ်လျက် နောက်ထပ်ခြေလှမ်း တစ်လှမ်းအား လှမ်းရန် ကြိုးစားလိုက်ပြန်သည်။ သို့သော် တူညီသော ဖိအားက ဓားတစ်လက်အသွင် ပြောင်းသွားကာ သူ့ထံသို့ အလွန် လျင်မြန်သော အရှိန်ဖြင့် တိုးဝင်လာကြသည်။ ထိုအရာက အရံအတားအား ဖြတ်ကျော်လျက် ရီရှောက်ကို ထိမိလျှင် သူကနောက် လွင့်စဉ်သွားကာ အဆက်မပြတ် နောက်ဆုတ်လိုက်သည်။ သူ့ကိုယ်မှ သွေးများပင် စိမ့်ထွက်နေသည်ကို တွေ့ရ၏။
“မင်းသား…” ကန်ယီနိုင်ငံမှ လူများက ပြေးလာကြသော်လည်း ရီရှောင်က လက်ကာပြသည်။ သူ က ခြေလှမ်း သုံးလှမ်းမျှသာ လှမ်းနိုင်ခဲ့ရာ အလွန် အရှက်ရသွားသည်။
“ခြေလှမ်းတိုင်းက အကန့်အသတ်တစ်ခုပဲ… မင်းက ကိုယ့်ရဲ့ အကန့်အသတ်ကို ကျော်ဖြတ်ဖို့ လိုတယ်…” ရီဖူရှင်းက ရေရွတ်လိုက်သည်။
“ပါရမီရှင်လေး… နင်က စမ်းကြည့်တော့မလို့လား…” တစ်ယောက် လှမ်း၍ စနောက်သည်။ သူမကား သိပ်မဝေးသော နေရာမှ လီလီယန်ရီ ဖြစ်သည်။
“နိုဘယ်လိုဏ်ဂူက ကန်တောင်ကုန်း ရှေးဟောင်းနံရံနဲ့ ကွဲပြားတယ်…” လျိုယွန်က ပြောသည်။
ပါရမီရှင် အများအပြားက လိုဏ်ဂူကို ရောက်လာကြသော်လည်း လူနှစ်ယောက်ကသာလျှင် လိုဏ်ဂူထဲကို ရောက်ရှိခဲ့ကြသည်။
“ကန်တောင်ကုန်းက ဉာဏ်အလင်းရတာနဲ့ သက်ဆိုင်ပေမဲ့ နိုဘယ်လိုဏ်ဂူက မင်းရဲ့ ကိုယ်ပိုင်အသိ အားလှိုင်းနှင့် စွမ်းအားမြင့် တန်ခိုးအဆင့်နဲ့ပဲ သက်ဆိုင်တယ်…” ချင်းမုန်ဒေသမှ ပါရမီရှင် မိုဖန်ကလည်း လျှေက်လာကာ ပြောသည်။
သေမင်းခြေလှမ်း ဆယ့်သုံးလှမ်းကို ကျော်ဖြတ်လျက် လိုဏ်ဂူထဲတွင် ထိုင်နေသော လူနှစ်ယောက်မှာ ချင်းမုန်ဒေသ၏ ထပ်သီးပါရမီရှင် နှစ်ယောက်ဖြစ်သည်။ ထိုအခိုက်တွင် လေထဲတွင် လူနှစ်ယောက်က ထပ်မံ ရောက်ရှိလာသည်ကို တွေ့ရ၏။
“ယွန်ရှင်းမို…” တစ်ယောက် ခေါ်လိုက်သည်။ သူမက မျှော်ကြည့်လိုက်လျှင် ယမန်နေ့က သူမအား အရှက်ခွဲခဲ့သော ရန်ဇီကျီကို မြင်သည်။
ယန်ဇီကျီ၏ဘေးမှ တစ်ယောက်ကား ဆံပင်ရှည်ကို နောက်တွင် စည်းထားကာ အလွန်ထက်ရှသော ကိုယ်ရောင်ကိုယ်ဝါကို ပိုင်ဆိုင်ထားသည်။ သူ့အားမြင်လျှင် ယွန်ရှင်းမိုက လှမ်းခေါ်လိုက်သည်… “စီနီယာအစ်ကို ကျောက်…”
ကျောက်ဟန်။ လူတိုင်းက သူ့အား လှမ်းကြည့်လိုက်ကြသည်။ ကျောက်ဟန်ကား ဓားကလန်၏ နံပါတ်တစ် ပါရမီရှင်ဖြစ်သည်။ သူ၏ ပါရမီမှာ အလွန်မြင့်မားပြီး တစ်ချိန်တစ်ခါက သူက နိုဘယ်လိုဏ်ဂူတွင် သေမင်းခြေလှမ်းအား ဆယ်လှမ်းအထိ သူလှမ်းနိုင်ခဲ့သည်။ သူက ဂူထဲကို ရောက်ရန် ခြေလှမ်းသုံးလှမ်းမျှသာ လိုအပ်တော့ရာ သူမည်မျှ စွမ်းသည်ကို သိသာစေသည်။
ကျောက်ဟန်က ယွန်ရှင်းမိုအား ကြည့်လျက် ပြောသည်… “ဂျူနီယာ ညီမယွန်… ကျုပ်တကယ် စိတ်ပျက်တယ်…”
မည်သို့ပင်ဖြစ်စေ ယွန်ရှင်းမို၏ အမူအရာက ဓားကလန်အား သိက္ခာကျစေသည်။ ယွန်ရှင်းမိုကား သူတို့ကလန်၏ ထိပ်တန်းပါရမီရှင် ဖြစ်သည်။
“စီနီယာ အစ်ကို… ကျွန်မ…” ယွန်ရှင်းမိုကား ကျောက်ဟန် အပေါ်တွင် ယန်ဇီကျီကဲ့သို့သော အေးစက်နိုင်ပုံ မရပေ။ သူကား သူမ အလွန် လေးစားရသော ဓားကလန်၏ ထိပ်သီး ပါရမီရှင်ဖြစ်သည်။ သူကား ဓားကလန်၏ လူငယ်မျိုးဆက် ခေါင်းဆောင်ဖြစ်သည်။ လူတိုင်းက သူ့အား လေးစားကြသည်။
ကျောက်ဟန်က ပြန်မပြောပေ။ သူက ရီဖူရှင်းအား ကြည့်လိုက်သည်။
“မင်းက ကန်တောင်ကုန်းပေါ်က ကျောက်နံရံလေးခုလုံးကို နားလည်လောက်အောင် မြင့်မားတဲ့ ဆင်ခြင်နိုင်စွမ်းရှိတယ်… ဓားကလန်က မင်းကို ပထမဆုံး ရန်စပြီးတော့ ဒါကြောင့်ပဲ မင်းက ယွန်ရှင်းမိုကို အစေခံ လုပ်စေတယ်လို့ ကျုပ်ကြားတယ်…” ကျောက်ဟန်က ပြောသည်။
သူက ဆက်ပြောသည်… “သူမက လက်ခံတယ် ဆိုမှတော့ ကျုပ်က မင်းကို အခွင့်အရေး တစ်ခုပေးမယ်… မင်းက ကျုပ်ကို နိုဘယ်လိုဏ်ဂူမှာ အနိုင်ယူနိုင်ခဲ့ရင် ယွန်ရှင်းမိုကို မင်းနဲ့ ဆက်ပြီး တန်ခိုးကျင့်စေမယ်… တကယ်လို့ မင်းရှုံးရင် မင်းက ဓားကလန်ရဲ့ တပည့်ကို အစေခံအနေနဲ့ သဘောထားရဲမှတော့…” ကျောက်ဟန်က အေးစက်စွာ ပြောသည် … “ဒီလိုဆို မင်းသေရမယ်…”
ထိုအေးစက်သော စကားလုံးများက ငြင်းပယ်မရနိုင်သော အားအင်များ ပါဝင်နေသည်။ သူ့ဘေးမှ ရန်ဇီကျီက နှာခေါင်းရှုံ့လိုက်သည်။ ကျောက်ဟန်ကား အလွန်ပါရမီ မြင့်သည်။ တစ်ချိန်က သူက သေမင်းခြေလှမ်း ဆယ်လှမ်းအထိ သူလှမ်းနိုင်ခဲ့သည်။ သူတို့မျိုးဆက်တွင် ထိုသို့ လုပ်နိုင်သူ လက်ချိုးရေ၍ ရသည်။
ရီဖူရှင်းက ယနေ့တွင် သေကို သေရမည်ဖြစ်သည်။
လူတိုင်းက ကျောက်ဟန်၏စကားကို ကြားကာ အခြေအနေကို ပိုမို စိတ်ဝင်စားလာကြသည်။ ကျောက်ဟန်၏ စွမ်းရည်များဖြင့် သူက ထိုစကားကို ပြောရန် အဆင့်မီပေသည်။ သူက ရီဖူရှင်းအား အခွင့်အရေးပေးသည်။ အကယ်၍ ရီဖူရှင်းသာ အနိုင်ရခဲ့လျှင် သူက ဓားကလန်၏ တပည့်အား အစေခံအဖြစ် သဘောထားပိုင်ခွင့် ရှိသည်။ အကယ်၍ သူရှုံးနိမ့်ခဲ့လျှင် သူသေရမည်ဖြစ်သည်။
***