နေဝင်ဆည်းဆာအချိန်တွင် ကျင့်ကြံသူငါးဦးသည် တိမ်ဖြူ စီးကာ ရွာတံခါးအပြင်မှနေ၍ ပင်လယ်ဆီသို့ အလျင်စလို သွားနေကြသည်။
ထိုကျင့်ကြံသူငါးဦးအနက် ရှေ့မှနှစ်ယောက်သည် အလင်းတန်းများ ထွက်နေသော ရွှံ့ရုပ်တုကို အဝတ်တစ်ခုဖြင့် ဖုံးကာ ကိုင်ထားကြ၏။
တာအိုရသေ့အိုကြီးနှင့် ငယ်ရွယ်သော ကျင့်ကြံသူတစ်ဦးသည် အနောက်မှနေ၍ ခြေထောက်များ တဆတ်ဆတ် တုန်နေသော ဝမ်ချိုင်းကို တွဲပေးထားရသည်။
ဝမ်ချိုင်း၏ ရင်ဘတ်တွင် ထင်ရှားသော လက်သီးရာကြီးရှိနေပြီး သုံးလက်မခန့်ချိုင့်ဝင်နေ၏။ သူ၏ ဓမ္မတန်ခိုးများသည်လည်း ဒီရေလှိုင်းများသဖွယ် အတက်အကျဖြစ်နေပြီး တည်ငြိမ်အောင် မလုပ်နိုင်ပေ။ သူတို့ပျံသန်းနေစဉ်မှာပင် သူသည် ပါးစပ်ထဲမှ သွေးများကို မကြာခဏ ဘေးသို့ အန်ထုတ်နေရသည်။
တော်သေးသည်မှာ သူသည် ဝိညာဉ်အခြေတည်အဆင့်သို့ ရောက်နေခြင်းပင်။ ထိုကဲ့သို့သော ဒဏ်ရာများကြောင့် သူ…
ဝေါ့…
သူ အမှန်ပင် သေချင်လည်းသေသွားနိုင်ပေသည်။
တာအိုရသေ့အိုကြီးက စိုးရိမ်တကြီး ခေါ်လိုက်သည်။
“ ဝမ်ချိုင်း…ဝမ်ချိုင်း… ”
ပါးစပ်တွင် သွေးများပေနေသော ဝမ်ချိုင်းသည် ခေါင်းလှည့်ကြည့်ကာ သူ၏ဆရာကို အားတင်း၍ ပြုံးပြလိုက်သည်။ သူသည် တုန်တုန်ချိချိဖြင့် ပြောလိုက်၏။
“ ဆရာ … ကျွန်တော်ဘာမှ မဖြစ်ပါဘူး… ကျွန်တော်တို့က ကျင့်ကြံသူတွေ… ”
“ ဆရာ.. နောက်ဒီရွာကို ဘယ်တော့မှ ပြန်မလာရအောင်နော်… ဟုတ်လား… ”
“ မလာတော့ပါဘူးကွာ။ ဆရာတို့ ဘယ်တော့မှ ထပ်မလာတော့ပါဘူး… ”
တာအိုရသေ့အိုကြီးသည် စိုးရိမ်ပူပန်နေသည်။
“ မြန်မြန်… ဆရာတို့ တိတ်ဆိတ်တဲ့နေရာတစ်ခုကို ရှာရမယ်… မင်း အမြန် တရားထိုင်ဖို့လိုတယ် ”
“ ပြီးတော့ နောက်တစ်ခါ သွေးအန်ရင် မင်းရဲ့ ဆရာတူအစ်ကိုဘက်ကို လှည့်အန်နော်… ဆရာ့ရဲ့ ဒီတာအိုဝတ်ရုံက အသစ်ကြီး… ”
ဝမ်ချိုင်းသည် ဖျော့တော့စွာ ပြန်ဖြေလိုက်သည်။
“ ဟုတ်ကဲ့ပါ ဆရာ… ကျွန်တော့်ကို ဆေးလုံးနောက်တစ်လုံးလောက် တိုက်လို့ရမလား…”
တာအိုရသေ့အိုကြီးသည် သက်ပြင်းချ၍ ပြန်ဖြေလိုက်၏။
“ ဆရာ့မှာ ဒဏ်ရာကုတဲ့ ဆေးပဲရှိတယ်။ ချီလှည့်ပတ်မှုကို အထောက်အကူပြုတဲ့ ဆေးမရှိဘူး။ မင်း တရားထိုင်လိုက်ရင် ကောင်းသွားမှာပါ… ”
ရွာတံခါးထိပ်တွင် ရွာသားများ ပြေးထွက်လာကြသည်။
ရွာသားများသည် မကြာသေးခင်ကပင် စိတ်ပျက်ရွံရှာနေကြသော်လည်း ယခုတွင်မူ ကျင့်ကြံသူငါးဦးတို့၏ နောက်ကျောပြင်ကို မျက်လုံးအဝိုင်းသားဖြင့် ကြည့်နေကြ၏။
မိန်းမကြီးတစ်ယောက်သည် လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ သူတို့က ပျံနိုင်တယ်လား ”
“ သူတို့က ငါတို့ကို ကယ်တင်ဖို့ နတ်မင်းကြီးတစ်ပါးက စေလွှတ်လိုက်တဲ့ တမန်တော်အစစ်အမှန်တွေလား ”
“ ဟေး နတ်မင်းကြီးရဲ့ တမန်တော်တို့… မသွားပါနဲ့ ”
“ သူတို့နောက်ကိုလိုက်… သူတို့နောက်ကိုလိုက်… ”
မုဆိုးအလုပ်လုပ်ကိုင်သော ယောက်ျားကြီးတစ်ဦးက အော်ပြောလိုက်ရာ လူအုပ်ကြီးသည် ရွာတံခါးမှ အတင်းတိုးထွက်ကြသဖြင့် ထိုတံခါးသည် ယိမ်းထိုးပြိုကျသွားလေသည်။
လေထဲမှ လူငါးဦးသည် ခေါင်းလှည့်ကြည့်လိုက်ကြရာ ကွက်ခနဲ မျက်နှာပျက်သွားကြသည်။
သူတို့သည် တုတ်ခိုင်သန်မာသော ယောက်ျား၊ မိန်းမ အုပ်ကြီးသည် အနောက်မှ ပြေးလိုက်နေသဖြင့် ဖုန်လုံးကြီးများ တထောင်းထောင်းထနေသည်ကို တွေ့လိုက်ရသည်။
ထိုအခြင်းအရာသည် ကြီးမားသော လူတပ်၊ မြင်းတပ် အင်အား(၁၀၀၀)ကျော် ချီတက်လာသကဲ့သို့ပင်။ ထိုရွာသားများသည် တစ်စုံတစ်ခုကို အော်ဟစ်နေကြ၏။
“ မသွားပါနဲ့… ”
“ ရပ်လိုက်… ”
သူတို့၏ အသံများသည်လည်း စူးရှကျယ်လောာင်လှပေသည်။
တာအိုရသေ့ကြီး၏ မျက်နှာသည် ဆီးရွက်ခန့်သာ ရှိတော့၏။ သူသည် အဆောင်စက္ကူနှစ်ရွက်ကို ထုတ်၍ ပစ်လွှတ်လိုက်ရာ လေပြင်းများတိုက်သွားပြီး တိမ်ဖြူနှစ်ခုသည် ကောင်းကင်သို့ ထိုးတက်သွားလေတော့သည်။ သူတို့နောက်သို့ ပြေးလိုက်နေသော ရွာသူရွာသားများသည် နောက်တွင် ပြတ်၍ ကျန်ခဲ့လေ၏။
“ ဆရာ… သူတို့က ကျွန်တော်တို့ကို ဘာလို့ပြေးလိုက်နေရတာလဲ။ ကျွန်တော်တို့ အဆောင်တွေလည်း လိမ်မရောင်းရသေးပါဘူး ”
တာအိုရသေ့အိုကြိးသည် ဒေါသတကြီး ဆဲဆိုလိုက်သည်။
“ မင်းတို့ ရွာထဲက ကောင်မလေးတွေကို ကပြက်ကရက် သွားလုပ်ပြန်ပြီလား ”
“ ဆရာ.. ကျွန်တော်တို့ တစ်နေကုန်ကနေရတာ ဆရာလည်းအမြင်ပဲ… ပြီးတော့ ဆရာကြီးလည်း ရောက်မလာဘူး။ ကျွန်တော်တို့ ကပြက်ကရက်လုပ်ချင်ရင်တောင် လုပ်ဖို့အခွင့်အရေးမရှိပါဘူး ”
“ အဟွတ်..အဟွတ်…အဟွတ်…. ”
ဝမ်ချိုင်းသည် တုန်ချိချိဖြင့် ပြောလိုက်သည်။
“ ကျွန်တော်တို့ ဘယ်သူ့ကိုမှ ဆက်လိမ်လို့ရမှာ မဟုတ်တော့ဘူး။ ကျွန်တော်တို့…သေကုန်တောမှာ… ဝေါ့.. ”
“ ဟိုဘက်လှည့် အန်နော်… ”
“ ကျွန်တော်ပြန် မျိုချလိုက်ပါပြီ ဆရာ ”
“ လိမ္မာတဲ့တပည့်လေးပဲ ”
“ သွားစို့.. ဆရာဓမ္မတန်ခိုးတွေ ထပ်ထုတ်လိုက်မယ် ”
တာအိုရသေ့အိုကြီးသည် တန်ခိုးများ ထပ်ထုတ်လိုက်သည်။
“ ဒီနေရာက ထူးဆန်းတာတွေနဲ့ ပြည့်နေတယ်။ ဘာမှမလုပ်သေးခင် ဆရာကြီးနဲ့ အရင်စုံကြတာပေါ့ ”
ထို့နောက် ၎င်းတိမ်ဖြူနှစ်ခုသည် ကောင်းကင်တွင် ဝေးသထက်ဝေးဝေးသို့ ပျံသန်းသွားလေတော့သည်။
ရှုံးရွာလေးမှ ရွာသူရွာသားများသည်လည်း လိုက်မမီသဖြင့် စိတ်ပျက်လက်ပျက်ဖြင့် လှည့်ပြန်ခဲ့ရ၏။ သူတို့သည် ခေါင်းများစိုက်ကာ စွန့်ပစ်ခြင်းခံလိုက်ရသကဲ့သို့ ခံစားနေကြရလေသည်။
ရှေးဦးစွာ သူတို့ထံမှ ပင်လယ်စောင့်နတ်မင်း ထွက်ပြေးသွားခဲ့သည်။ ထို့နောက် မြေစောင့်နတ်လည်း ထွက်ပြေးသွားပြန်၏။ ညနေပိုင်းတွင် သူတို့သည် စိတ်ပျက်လက်ပျက်နှင့်ပင် အစည်းအဝေးလုပ်ကြ၏။
သူတို့၏ ရွာလေးကို နတ်မင်းများက မနှစ်သက်ခြင်းပေလော။
သူတို့သည် စွမ်းအားမရှိသော သေမျိုးလေးများသာဖြစ်ရာ ကာကွယ်ပေးမည့်သူ လိုအပ်လေသည်။
ထိုအဖြစ်အပျက်နှစ်ခုလုံး၏ အဓိကဇာတ်ဆောင်ဖြစ်သော ရှုံးလင်လိသည် အဆူမခံရတော့ပေ။ ရွာရှိ သက်ကြီးဝါကြီးများကို လက်ဖက်ရည် ဧည့်ခံပေးရန်သာ အပြစ်ပေးခံရသည်။
ရွာသူကြီးသည် လူတိုင်း စိတ်အားငယ်နေကြကြောင်း တွေ့လိုက်၏။ လီချန်ရှို့ ချန်ထားပေးခဲ့သော ေရွှဆွဲကြိုးကြီးကို ဝတ်ဆင်ထားသော ရွာသူကြီးအဘိုးအိုသည် ခေါင်းထဲတွင် အကြံတစ်ခုလက်သွား၏။
“ ပျော်ပျော်နေကြပါ… ငါတို့မှာ ပင်လယ်စောင့်နတ်မင်းရှိသေးတာပဲ ”
“ ဒီနှစ်တွေထဲမှာ ပင်လယ်ထဲငါးဖမ်းထွက်ရင် သဘာဝဘေးတွေကို သိပ်မကြုံရဘူးမလား။ ပြီးတော့ အမဲလိုက်ရင်းလည်း ဘာမတော်တဆမှုမှ သိပ်မဖြစ်ခဲ့ဘူးလေ ”
“ ငါ့အမြင်အရတော့ ပင်လယ်စောင့်နတ်မင်းရုပ်တု ထုလုပ်ပြီး အချိန်မှန် ကိုးကွယ်ပူဇော်ကြရင် ကောင်းမယ်။ အဲဒါဆို ငါတို့တွေ ကောင်းချီးပေးခံရမှာပဲ ”
ရှုံးရွာကလေးရှိ ကျင့်ကြံသူအနည်းငယ်နှင့် ရှုံးလင်လိ၏ ဖခင်သည် စကားဝင်ပြောရန် ဟန်ပြင်လိုက်သည်။ သို့သော် ထိုရွာတွင် မြင်ရခဲသော ကိုယ်လုံးကိုယ်ပေါက်ရှိသည့် ကျက်သရေရှိသော အမျိုးသမီးတစ်ယောက်သည် စကားဝင်မပြောရန် တားမြစ်သည့်အနေဖြင့် သူ၏သန်မာသော လက်မောင်းကြီးကို ဖျစ်လိုက်သည်။
မကြာခင် ရှုံးရွာမှ ရွာသူရွာသားများသည် ပင်လယ်စောင့်နတ်မင်းကို မည်သို့ပူဇော်၍ မည်သို့ လှူဖွယ်ဆက်သရမည်ကို ဆွေးနွေးနေကြလေတော့သည်။
ရှုံးလင်လိ၏ မိခင်ဖြစ်သော ကျက်သရေရှိသည့် အမျိုးသမီးသည် ပင်လယ်စောင့်နတ်မင်း အိပ်ပျော်နေစဉ် သားရေချပ်ပေါ်၌ဆွဲထားသော ပုံတူပန်းချီကားကို ထုတ်ပြလိုက်ရာ ရွာသူရွာသားများသည် စိတ်လှုပ်ရှားသွားကြသည်။ ထိုညတွင် သူတို့သည် ပင်လယ်စောင့်နတ်မင်းရုပ်တု ထုရန် ကျောက်တုံးများ လိုက်ရှာကြပြီး ကျောက်တုံးကြီးများနှင့်အတူ ရွာသို့ ပြန်လာကြ၏။
ညသန်းခေါင်ယံတွင် ရှုံးလင်လိသည် လီချန်ရှို့ လဲလျောင်းခဲ့သော ကုတင်ပေါ်တွင် အိပ်ပျော်နေပေပြီ။
ဘေးခန်းရှိ စုံတွဲသည် ကုတင်အစွန်းတွင် ဖက်၍လှဲလျောင်းနေကြသည်။
ရှုံးလောင်စန်းသည် အသံဩဩဖြင့် ပြောလိုက်သည်။
“ ရှင်မ … ခုနက အဲဒီလူက ပင်လယ်စောင့်နတ်မင်းမဟုတ်ဘဲ နတ်ဝိဇ္ဇာတစ်ယောက်ဆိုပြီး ရွာသူရွာသားတွေကို အစ်ကို ပြောပြမှာကို ဘာလို့ တားရတာလဲ ”
“ ရွာသူရွာသားတွေရဲ့ ရင်ထဲမှာ နည်းနည်းသက်သာရာ ရအောင်လို့ မပြောခိုင်းလိုက်တာပါ။ နတ်ဝိဇ္ဇာက ကျမတို့ကို ဂရုစိုက်မှာမှ မဟုတ်တာ ”
အမျိုးသမီးသည် သက်ပြင်းဖွဖွချလိုက်သည်။
“ ကျမထင်တာက လင်လိတော့ အဲဒီနတ်ဝိဇ္ဇာရဲ့ တပည့်ဖြစ်လာနိုင်ပြီး ပြောင်မြောက်တဲ့ ကျင့်ကြံခြင်းအတတ်တွေကို သင်ကြားရတော့မယ်ပေါ့လေ။ ဒါပေမဲ့ နတ်ဝိဇ္ဇာက နိုးနိုးချင်း တန်းထွက်သွားလိမ့်မယ်လို့ မထင်ခဲ့ဘူး ”
“ ရှင်မလည်း အစ်ကို့ကို ကျင့်ကြံခြင်းအတတ်တွေ သင်ပေးခဲ့တယ် မဟုတ်ဘူးလား ”
ရှုံးလောင်စန်းသည် ရယ်မော၍ ပြောလိုက်သည်။
“ အဲဒါတွေကိုပဲ လင်လိကို သင်ပေးလိုက်လို့ရတာပဲ ”
“ အဲဒါက သာမန် ချီသန့်စင်အတတ်ကလေးပါ။ အဲ့ နတ်ဝိဇ္ဇာတွေရဲ့ အတတ်နဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ ”
အမျိုးသမီးသည် ခေတ္တမျှ တွေးတောပြီးနောက် ဆက်ပြောလိုက်သည်။
“ ကျမ လင်အယ်ကို နတ်ဝိဇ္ဇာဂိုဏ်းတစ်ဂိုဏ်းမှာ တပည့်ခံဖို့ ပို့ချင်နေတာ။ ဒါပေမဲ့ အလယ်ကျွန်းက ဝေးလွန်းတယ်။ ပြီးတော့ သူလမ်းခရီးမှာ ပင်ပန်းမှာကိုလည်း ကျမ မလိုချင်ဘူး ”
“ အဲဒါဆို အစ်ကိုတို့ ကလေးနောက်တစ်ယောက် ယူကြမလား ”
ရှုံးလောင်စန်းက ရယ်လိုက်သည်။
“ နောက်ကလေးတစ်ယောက်ရရင် ကလေးအကြီးကို အိမ်ကထွက်ပြီး လောကအနှံ့ ခြေဆန့်ခိုင်းလိုက်မယ်လေ ”
“ ရှင်တော်တော်ကဲနေ.. ကျမတို့သမီးက ဘေးခန်းမှာ အိပ်နေတာနော်… ”
“ အစ်ကို သူ့ကို မေ့သွားအောင် သွားလုပ်လိုက်မယ်လေ ”
“ လုပ်မနေပါနဲ့… တိုးတိုးတိတ်တိတ်ဆိုရပါပြီ ”
“ ဟဲ ဟဲ ”
ခေတ္တမျှကြာသောအခါ နှစ်ခြိုက်စွာ အိပ်ပျော်နေသော ရှုံးလင်လိသည် ကြားဖူးနေကျ အသံတချို့ကို ကြားလိုက်ရသည်။ သူမသည် တစ်ဖက်သို့ လှိမ့်ကာ ဆက်၍အိပ်နေလိုက်တော့လေသည်။
သူမသည် နေ့လယ်က အဆူခံထားရခြင်းကို ပြန်၍ အိပ်မက်မက်နေသည့်အလား အိပ်ပျော်နေစဉ်မှာပင် အနည်းငယ် ငိုရှိုက်နေ၏။
******
လအနည်းငယ်ကြာပြီးနောက် မြက်ခင်းပြင်ဒေသတစ်ခု၌
ခွေးပြေးဝက်ပြေး ပြေးလာသော လီချန်ရှို့သည် အနောက်ကျောင်းတော်မှ လူများသည် သူ့အနောက်သို့ လိုက်မလာကြောင်း သိလိုက်ရသည်။ သူသည် သေမျိုးလောကကို တစ်ပတ်ပတ်ပြေးပြီးနောက် ဤနေရာသို့ ပြန်ရောက်လာခြင်း ဖြစ်သည်။
လီချန်ရှို့သည် သူ့မိဘများ၏ အုတ်ဂူနံဘေးတွင် ရိုးရှင်းသော မြေသားဂူတစ်ဂူ ပြုလုပ်လိုက်ပြီး အထဲတွင် ယာယီနေထိုင်နေလေ၏။
သေမျိုးလောကတွင် ညစ်ညမ်းချီများ ပေါများသော်လည်း သူသည် ကျင့်ကြံခြင်းအဆင့်ကို တိုးတက်အောင်လုပ်ရန် အစီအစဉ်မရှိသဖြင့် ထိုနေရာတွင် ယာယီနေထိုင်ခြင်းသည် အန္တရာယ်ဖြစ်စေမည် မဟုတ်ပေ။
သူသည် လှပခံ့ညားသော နေရာများရှိသည် သေမျိုးလောကတွင် အေးအေးလူလူလှည့်၍ သွားသင့်သော်လည်း သူ့နောက်ကို အနောက်ကျောင်းတော်မှသူများ လိုက်လာမည်ဆိုးသဖြင့် ခွေးပြေးဝက်ပြေး ပြေးခဲ့ရခြင်း ဖြစ်သည်။
တောင်ကျွန်းရှိ တောင်များသည် ကြီးမားကာ ၎င်းတို့ကို ဖြတ်သန်းစီးဆင်းနေသော မြစ်များဖြင့် လှပပေသည်။ သို့သော် သူ၏ကိုယ်ယောက်ဖျောက်အတတ်ကို ရပ်၍ ကြည့်ရှုရလောက်အောင် လှပသောနေရာမျိုးကိုတော့ မတွေ့ခဲ့ချေ။
မရေမတွက်နိုင်လောက်အောင်များပြားသော မြို့ကြီးများမှ မျိုးနွယ်များသည် နှစ်ပေါင်းများစွာအတွင်း မရေမတွက်နိုင်လောက်သော ရှုခင်းများကို လူသားဆန်ဆန်ပြင်ဆင်ထားခဲ့ကြသော်လည်း ၎င်းတို့သည် သူ့အား ခေတ္တမျှ လှည့်၍ကြည့်ရန်ပင် မစွဲဆောင်နိုင်ခဲ့ချေ။
‘ ငါက အမတလမ်းကို လျှောက်တဲ့သူပဲ။ သေမျိုးလောက,က ရှုခင်းတွေကို အားကျနေမှာမဟုတ်ဘူး ’
မြေဂူအတွင်း တင်ပျဉ်ခွေထိုင်နေသော လီချန်ရှို့၏ စိတ်သည် ဗလာကျင်းနေ၏။ သူသည် သူ၏တာအိုကို စူးစမ်းလေ့လာရင်း သမာဓိမီးတောက်၏ အစွမ်းအား လျှော့ချနိုင်မည့် နည်းလမ်းကို တွေးတောနေသည်။
သမာဓိမီးတောက်သည် မူလ ချီနှင့် မူလဝိညာဉ်တို့ကို ရှို့၍ ရယူရသော မီးတောက်ဖြစ်သည်။ ထို့ကြောင့် သဘောတရားအရဆိုလျှင် သမာဓိမီးတောက်၏ အစွမ်းကို လျှော့ချ၍ မဖြစ်နိုင်ပေ။
သို့သော် သူ၏ တွေးတောသည့် ပုံစံကို ပြောင်းလိုက်၍ရ၏။
ဥပမာအားဖြင့် သူ တောင်သို့ ပြန်ရောက်လျှင် လင်းအယ်ကို သူမ၏ မူလ ချီနှင့် မူလဝိညာဉ်မီးတောက် နည်းနည်းကို ထုတ်ပေးရန်ပြော၍ ၎င်းတို့ကို သူက စုပေါင်းပြီး မီးစာအနေဖြင့် သူ့ခန္ဓာကိုယ်ထဲတွင် သိမ်းထားနိုင်သည်။
သို့သော် လန်လင်းအယ်၏ ကျင့်ကြံခြင်းအဆင့်သည် ဗလာနတ္ထိအဆင့်သို့ပင် မရောက်သေးရာ ထိုမီးစာသည် အနည်းငယ် အားနည်းပေလိမ့်မည်။
အားပြင်းလွန်းခြင်းသည် မကောင်းသလို အားနည်းလွန်းခြင်းသည်လည်း မကောင်းချေ။
ထို့ပြင် ထိုသို့လုပ်ခိုင်းလျှင် လန်လင်းအယ်၏ ကျန်းမာရေးကို ထိခိုက်နိုင်သည်။
လီချန်ရှို့သည် လက်ချောင်းလေးများကို လှုပ်လိုက်ရာ သူ့လက်ဖဝါးအတွင်း သမာဓီမီးတောက်တချို့ ပေါ်ပေါက်လာသည်။ သူသည် အခြားနည်းလမ်းများကို ဆက်တွေးတောနေ၏။
ပြဿနာတိုင်းတွင် အဖြေရှိပေသည်။ လီချန်ရှို့သည် ရက်အတန်ကြာစဉ်းစားပြီးနောက် အဖြေကိုသိသွားသည်။
သူ သမာဓိမီးတောက်ကို မသုံးရုံသာဖြစ်သည်။
‘ အဟမ်း…ငါ ချီမီးတောက်ကိုပဲ သုံးလိုက်မယ် ’
သူသည် ၎င်း၏ ချီမီးတောက်အတွင်းရှိ မူလဝိညာဉ်၏ အစွမ်းကိုသုံး၍ ဝိညာဉ်မီးတောက်နှင့် မူလမီးတောက်တို့၏ အစွမ်းကို ထိန်းညှိနိုင်လေသည်။ ထိုအချိန်တွင် သူ၏ချီမီးတောက်သည် အတော်အတန် စွမ်းအားကြီးနေပြီ ဖြစ်သော်လည်း အရမ်းတော့ ချွန်းမထွက်နေသေးပေ။
ဘဝသည် ထိုကဲ့သို့ပင်ဖြစ်သည်။ အမြဲ ပြီးပြည့်စုံ၍ မနေနိုင်ပေ။
သူ၏ အားဖြည့်နည်းလမ်း၊ ကိုယ်ရောင်ကိုယ်ဝါကို ဖုံးကွယ်သည့် နည်းလမ်းနှင့် ကိုယ်အလိုရှိသလို ကိုယ်ရောင်ကိုယ်ဝါကို ပြသနိုင်သည့်နည်လမ်းများသည် ကျင့်ကြံခြင်းအဆင့်မြင့်မားသည့် အကြီးအကဲများကို လှည့်စားနိုင်ပေလိမ့်မည်။ သို့သော် သမာဓိမီးတောက်၏ အစွမ်းကိုလျှော့ချနိုင်မည့် နည်းလမ်းကိုတော့ သူ မရှာနိုင်ခဲ့ချေ။
ဂိုဏ်းသို့ပြန်ရောက်လျှင် ထိုကိစ္စကို အမြဲသတိထားရပေမည်။
ယခုအခါတွင် အတုမဲ့နတ်ဝိဇ္ဇာတစ်ပါးသည် သူ့လက်ကောက်ဝတ်ကို စမ်းလိုက်လျှင်ပင် သေသေချာချာ စမ်းသပ်မှုမဟုတ်လျှင် သူ၏ကျင့်ကြံခြင်းအဆင့် အစစ်အမှန်ကို မြင်ရန် ခက်ခဲပေလိမ့်မည်။
ထို့ကြောင့် အမျိုးသမီးများနှင့် ထိမိလျှင် အကြောဆွဲသွားသည့် ရောဂါလည်း ပျောက်ချိန်တန်လေပြီ။
သေမျိုးလောကသို့ ဤတစ်ခေါက်ခရီးတွင် လီချန်ရှို့သည် အကျိုးကျေးဇူးတချို့ ရခဲ့လေသည်။
‘ ကုသိုလ်အကြောင်းပြောရရင် လူသားမျိုးနွယ်တွေအတွက် ပစ္စည်းေတွ ဖန်တီးတဲ့နေရာမှာ ဝင်ကူပေးရင်လည်း ကုသိုလ်ရနိုင်တဲ့ ပုံပဲ ’
သူသည် မေးစေ့ပွတ်၍ ခေတ္တမျှတွေးတောပြီးနောက် ထိုအတွေးများကို ခေါင်းထဲမှ ထုတ်ပစ်လိုက်သည်။
လူသားများအတွက် ဆေးများနှင့် ထုတ်လုပ်ရေးကိရိယာများ ထုတ်လုပ်ရာတွင် ကူညီပေးလျှင် ကုသိုလ်ရရန် အခွင့်အရေးများလေသည်။ သို့သော် ထိုသို့ပြုလုပ်ရန် သူသည် လုံလောက်အောင် စွမ်းအားကြီးမှရပေမည်။
အကယ်၍ ကောင်းကင်တာအို ချီးမြှင့်သော ကုသိုလ်များကို သူ့အစွမ်းအစနှင့် ယူနိုင်ခဲ့လျှင် တန်ခိုးရှင်ခြောက်ပါး၏ အာရုံစိုက်မှုကို ခံရပေလိမ့်မည်။
သူ့အတွက် ဖြစ်လာနိုင်သော အခြေအနေမှာ တန်ခိုးရှင်များသည် သူ၏ဖုံးကွယ်ထားမှုများကို ဖောက်မြင်သွားမည့် အခြေအနေသာရှိသည်။ ထို့နောက် သူတို့သည် သူ၏ ဝိညာဉ်ကို ဆွဲထုတ်၍ ဖျက်ဆီးပစ်ကြမည် ဖြစ်၏။
‘ ငါ ရိုးရိုးသားသားပဲ ကျင့်ကြံသင့်တယ် ’
လီချန်ရှို့သည် ရင်ထဲတွင် ခပ်ဖွဖွရယ်လိုက်ပြီး ထိုအတွေးများကို မောင်းထုတ်လိုက်လေတော့သည်။
သူသည် တည်တည်ငြိမ်ငြိမ်ထိုင်နေရင်း စိတ်အေးလက်အေးထားနိုင်တော့မည်အပြု …
‘ လုပ်လိုက်ရတော့မလား ’
ဒါက ဘာကြီးတုန်း …
လီချန်ရှို့၏ နှလုံးသားထဲတွင် မပီမပြင် ပုံရိပ်တချို့နှင့် မဖော်ပြနိုင်သော ခံစားချက်အချို့သည် ကြိုတင်သတိပေးချက်မရှိဘဲ ပေါ်ပေါက်လာလေ၏။
ထိုပုံရိပ်အတွင်း၌ တုတ်ခိုင်သန်မာသော ယောက်ျား၊ မိန်းမတစ်စုသည် သူ၏ခြေရင်းတွင် ဒူးထောက်၍ ကောင်းချီးပေးရန် ဆုတောင်းနေကြသည်။
သူသည် လက်ချောင်းများကို ထိ၍ နိမိတ်ဖတ်လိုက်ရာ ငိုအားထက် ရယ်အားသန်သွားတော့၏။
မည်သည်တို့ ဖြစ်ပျက်နေသနည်း။
ရှုံးရွာသည် သူနှင့်ပုံစံတူ ရုပ်တုကို ထုလုပ်ကာ ပင်လယ်စောင့်နတ်မင်းအဖြစ် ကိုးကွယ်နေကြခြင်းလော။
ကောင်းကင်တာအိုသည် အဆက်မပြတ်တည်တံ့၏။ သူသည် ယခုတွင် အမွှေးတိုင်ပူဇော်မှုများကို ရနေပြီလော။ ဤအရာသည် အတင်းအကြပ် လုပ်ခိုင်းသကဲ့သို့ ဖြစ်မနေပေလော။
လီချန်ရှို့သည် ခေါင်းခါလိုက်ပြီး ခါးသက်သက်ပြုံးလိုက်သည်။ သူသည် ထိုကိစ္စကို သိပ်၍ စိတ်မပူချေ။
ထိုရွာလေးသည် လူ(၁၀၀၀)ခန့်သာ ရှိသော ရွာအသေးလေးဖြစ်သည်။ သူတို့သည် သူတို့ကိုးကွယ်နေသော ပင်လယ်စောင့်နတ်မင်းသည် အတုဖြစ်ပြီး မည်သည့်အကျိုးမှမရှိကြောင်း သိသွားလျှင် လပိုင်းအတွင်း ဆက်၍ကိုးကွယ်တော့မည် မဟုတ်ပေ။
သူသည် ထိုကိစ္စမှ ကြမ္မာနှောင်ကြိုးများ သိပ်၍ တွယ်မည် မဟုတ်ချေ။
သိုသော် မကြာမီမှာပင် ကိစ္စများသည် ထိုမျှမရိုးရှင်းကြောင်း လီချန်ရှို့ သဘောပေါက်သွားသည်။
သူသည် အနောက်ကျောင်းတော်နှင့် တစ်ကိုယ်တော်ပြိုင်၍ အမွှေးတိုင်ပူဇော်မှုကို လုသလို ဖြစ်နေလေ၏။
အကယ်၍ အနောက်ကျောင်းတော်မှ တန်ခိုးရှင်များသည် ဤအကြောင်းကို အာရုံခံမိ၍ လက်ချောင်းထိပြီး နိမိတ်ဖတ်လိုက်လျှင်…
‘ မဟုတ်သေးဘူး… ငါ အရှင်ထိုက်စန့်လောင်ကျွင်းရဲ့နယ်မြေဖြစ်တဲ့ တုနတ်ဝိဇ္ဇာဂိုဏ်းကို အမြန်ပြန်သွားမှ ရမယ် ’
ကောင်းကင်မှ တန်ခိုးရှင်၏ အကာအကွယ်အောက်တွင် ရှိနေလျှင် လူများကို ဦးနှောက်ဆေး၍ လှည့်ဖျားတတ်သည့် ထိုအနောက်ကျောင်းတော်မှ အမည်ခံတပည့်သာသာ တန်ခိုးရှင်နှစ်ပါးကို ကြောက်ရန်မလိုပေ။
တန်ခိုးရှင်ခြောက်ပါးထဲတွင် ကျောင်းတော်သုံးကျောင်း၏ တည်ထောင်သူ တန်ခိုးရှင်သုံးပါးနှင့် နွီဝါးနတ်ဘုရားမသည်သာ တာအိုတရား၏ ဘိုးဘေးဘီဘင်အစစ်အမှန်များ ဖြစ်ကြသည်။
အရှင်ထိုက်စန့်လောင်ကျွင်းသည် တုနတ်ဝိဇ္ဇာဂိုဏ်းကို ကိုယ်တိုင်လာ၍ သူ့ကို ကာကွယ်ပေးမည်တော့ မဟုတ်ပေ။
သို့သော် အနောက်ကျောင်းတော်သည် အရှင်ထိုက်စန့်လောင်ကျွင်း၏ အရှိန်အဝါကို ကြောက်လျှင် ရပေပြီ။
လီချန်ရှို့သည် ရုတ်ချည်း ပြဿနာနှင့်ကြုံလိုက်ရသဖြင့် မြေဂူအတွင်းမှ နေ၍ အရှေ့ကျွန်းဆီသို့ ချက်ချင်းသွားလိုက်လေတော့သည်။
အပြန်ခရီးသည် အလာခရီးထက် ပိုမြန်ကာ ပိုချောမွေ့လေ၏။
မကြာခဏပင် သူသည် ဝိညာဉ်သားရဲများကိုတွေ့ခဲ့ရပြီး ကလေးများ၏ ကလေးကဗျာရွတ်သံများကို ကြားခဲ့ရကာ ပစ္စည်းများကို ထုပ်ပိုး၍ ခိုးပြေးကျသော စုံတွဲတစ်တွဲ၏ နောက်သို့ လိုက်နေကြသော ရွာသားများကိုလည်း တွေ့ခဲ့ရလေသည်။ ထိုအဖြစ်အပျက်သည် သွေးမြေကျခြင်းနှင့်သာ အဆုံးသတ်ခဲ့လေသည်။
လီချန်ရှို့သည် တောင်ကျွန်းကိုကျော်၍ အရှေ့ကျွန်းသို့ ဝင်ရောက်လာပေပြီ။ သူသည် အခြေအနေကိုလေ့လာ၍ တုနတ်ဝိဇ္ဇာဂိုဏ်းဆီသို့ အလျင်အမြန်သွားလိုက်သည်။
နှစ်ရက်ကြာပြီးနောက် တုနတ်ဝိဇ္ဇာဂိုဏ်းနှင့် လီ(၂၀,၀၀၀)အကွာသို့ ရောက်သွားသောအခါ သူသည် မြေကိုယ်ရောင်ဖျောက်အတတ်၏ အစွမ်းကို ဗလာနတ္ထိ တတိယအဆင့် သို့မဟုတ် စတုတ္ထအဆင့်ရှိသူ တစ်ယောက်၏ အစွမ်းနှင့်ညီအောင် လျှော့ချလိုက်၏။
တုနတ်ဝိဇ္ဇာဂိုဏ်းနှင့် လီ(၂၀၀၀) အကွာသို့ရောက်သွားသောအခါ လီချန်ရှို့သည် စိတ်အေးသွားသည့်နှယ် သက်ပြင်းချလိုက်လေသည်။
တုနတ်ဝိဇ္ဇာဂိုဏ်း၏ ကာကွယ်မှုအောက်တွင် နေရသည်မှာ သူ့ဘဝ၏ ကံကောင်းမှုတစ်ခုဖြစ်သည်။
သို့သော် သူသည် မိဘများ၏ အုတ်ဂူကို အရိုအသေပြုရန် သွားမည်ဟု ပြော၍ထွက်ခဲ့ခြင်းဖြစ်သည်။ အကယ်၍ သူသည် သုံးနှစ်ပြည့်အောင် မနေခဲ့ဘဲ ဂိုဏ်းသို့စော၍ ပြန်ရောက်သွားလျှင် အခြားသူများ၏ အာရုံစိုက်မှုကို ခံရပေလိမ့်မည်။
မတူကွဲပြားနေခြင်းသည် မကောင်းပေ။ တပည့်အများစုသည် သေမျိုးလောကတွင် နှစ်နှစ်ကျော် သုံးနှစ်နေကာ ပျော်ပါးတတ်ကြသည်။
တုနတ်ဝိဇ္ဇာဂိုဏ်း နယ်နမိတ်သည် အေးချမ်း၏။
လီချန်ရှို့သည် တုနတ်ဝိဇ္ဇာဂိုဏ်မှ ပိုင်သည့် ဝိညာဉ်ကြောအနီးရှိ တောင်တစ်လုံးတွင် ပုန်းအောင်း၍ နှစ်နှစ်ခန့် ကျင့်ကြံပြီးမှ ဂိုဏ်းအတွင်း ပြန်ဝင်မည် ဖြစ်သည်။
အာဒိကပ္ပလောကသည် အမှန်ပင် အန္တရာယ်များလှသည်။
လူသားတို့၏ နှလုံးသားသည် သပွတ်အူသဖွယ် ရှုပ်ထွေးလှပေသည်။
သူသည် ရှုံးရွာလေးအတွက် မည်သည့်အရာမှ မလုပ်ပေးခဲ့သော်လည်း ရွာသူရွာသားများသည် သူ့ကို ကိုးကွယ်နေကြပြီး အနောက်ကျောင်းတော်နှင့် ပြိုင်၍ အမွှေးတိုင်ပူဇော်မှုကို လုသလိုဖြစ်အောင် လုပ်ခဲ့မိလေသည်။
ယခု သူသည် ကောင်းကင်ပြစ်ဒဏ်ကို ခံခဲ့ပြီးပြီဖြစ်၍ နောင်တွင် အပြင်သို့ထပ်ထွက်ရန် မလိုတော့ဘဲ တောင်ပေါ်၌သာ သိုသိုသိပ်သိပ် နေထိုင်နိုင်ပြီဖြစ်သည် ။
သေမျိုးလောကသည် အန္တရာယ်များသော နေရာဖြစ်၏။ အပြင်လောကတွင် အေးငြိမ်းမှုမရှိချေ။
သူသာ ထပ်၍ လျှောက်သွားခဲ့လျှင် သူအမှန်ပင်…
အာဒိကပ္ပလောကရှိ ကျမ်းသစ္စာသည် အမှန်ပင်တိကျ၏။ သူစိတ်ထဲတွင် ပြောချင်သည်များကို စိတ်ကြိုက်ပြော၍ မရပေ။
*****
“ ဆရာတူအစ်ကို… ”
ခပ်ပွပွ ဝတ်စုံလေးကိုဝတ်၍ ရေကန်ဘေးရှိ မိုးမခပင်အောက်တွင် တရားထိုင်နေသော လန်လင်းအယ်သည် သူမ၏ မျက်လုံးများကို ဖွင့်လိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။
“ အိပ်မက် မက်နေတာပဲ ”
လန်လင်းအယ်သည် နူးနူးညံ့ညံ့ အသက်ရှူထုတ်လိုက်၏။ သူမသည် တရားထိုင်ရင်း အိပ်ပျော်သွားပြီး သူမ၏ ဆရာတူအစ်ကိုသည် ထူးဆန်း၍ ခွန်အားကြီးမားသော လူများ၏ ထောင်ချောက်အတွင်းသို့ ကျရောက်သွားကြောင်း အိပ်မက်မက်ခဲ့ခြင်း ဖြစ်သည်။ ထိုဖြစ်စဉ်သည် အလွန်ပရမ်းပတာ ဖြစ်နေပြီး သူမ၏ ဆရာတူအစ်ကိုသည် မြေပြင်သို့ လဲကျတော့မည်ဖြစ်၏။
ကံအားလျှော်စွာ အပြင်မှ တစ်ယောက်ယောက် ရောက်လာသည်ကို အာရုံခံမိလိုက်၍ အိပ်မက်မှ နိုးလာခြင်းဖြစ်သည်။
‘ အမ် … ’
လန်လင်းအယ်သည် သူမအာရုံခံမိခဲ့သော ပုံရိပ်ကို မော့ကြည့်လိုက်သည်။ ထိုလူရိပ်ကို သူမ သိသော်လည်း မရင်းနှီးသည့် ဂိုဏ်းတူအစ်မတစ်ယောက်ဖြစ်ပြီး ထိုအစ်မသည် တိမ်စီး၍ ချုံတောင်လေးထိပ်တွင် ဝေ့ဝိုက်ပျံသန်းနေကာ ချုံတောင်လေးကို ကာရံထားသော မန္တန်အစီအရင်အတွင်းသို့ ဝင်လာရန် ချီတုံချတုံ ဖြစ်နေလေသည်။