လူတိုင်းက သူမအား ကြည့်နေကြသည်ကို မြင်လျှင် ယွန်ရှင်းမို၏ အမူအရာက ပို၍ အေးစက်လာသည်။ သူမက ရီဖူရှင်းအား ကြည့်လိုက်ပြီးမှ အနည်းငယ် တည်ငြိမ်သွားသည်။ သူမက ဆုံးဖြတ်ပြီးကတည်းက တခြားလူများက ပြောဆိုကြမည်ကို သိနားလည်သည်။ ယွန်ရှင်းမိုက ထိုအရာများအားလုံးကို ကြိုတွက်ပြီး ဖြစ်သည်။ သူမက ဂရုစိုက်နေလျှင် ရီဖူရှင်း၏ ကမ်းလှမ်းချက်ကို သဘောတူခဲ့မည် မဟုတ်ပေ။
“သူက မင်းကို အရင်က ချဉ်းကပ်ခဲ့တာလား…” ရီဖူရှင်းက ရယ်မောလျက် မေးသည်။ ရန်ဇီကျီ၏ အပြုအမူများက အလွန် စိတ်ကူးယဉ် ဆန်လှသည်။
ယွန်ရှင်းမိုက သူ့အားကြည့်ကာ အသာအယာ ခေါင်းညိတ်သည်။
“နောက်ဆို သူက မင်းအတွက် အရမ်း နိမ့်ကျသွားလိမ့်မယ်…” ရီဖူရှင်းက ပြောသည်… “မနက်ဖြန်… မင်းပြောတဲ့ နေရာကို သွားကြတာပေါ့…”
“ကောင်းပြီ…” ယွန်ရှင်းမိုက ခေါင်းညိတ်လိုက်လျှင် သူတို့က မိမိတို့ အဆောင်ကိုယ်စီသို့ ပြန်သွားကြသည်။
ယူချင်းက လျှောက်လာရင်းက ပြောသည်… “ဒီရက်ပိုင်း ငါကျင့်နေရင်းက သတိထားမိတာက ကံစွမ်းအားက မင်းရဲ့ စွမ်းရည်တွေကိုပဲ အားကောင်းစေတာ မဟုတ်ဘူး… ဒါက တန်ခိုးကျင့်တဲ့ နေရာမှာလည်း အကူအညီဖြစ်တယ်…”
“မင်းက တူညီတဲ့ ဓာတ်သဘာဝ ကံစွမ်းအားကို လေ့လာ ဆင်ခြင်ရင် ဒါက အတိအကျ အကူအညီဖြစ်တယ်…” ရီဖူရှင်းက ခေါင်းညိတ်လျက် ပြောသည်။ ကံစွမ်းအားကား စိတ်အသိ၏ အင်အားဖြစ်ကာ နိုဘယ်များတွင်ရှိသော အင်အားဖြစ်သည်။ ထိုအရာက တန်ခိုးကျင့်ရာတွင် အမှန်ပင် အထောက်အကူ ပြုသည်။ ဥပမာ ဓားစိတ်စွမ်းအားက ဓားကလန်မှ လူများ၏အနာဂတ် တန်ခိုးကျင့်ရာတွင် အများအပြား အထောက်အကူ ပြုသည်။
“ငါတို့က အခု ဓမ္မအဆင့်ကို ရောက်ခါနီးနေပြီ… ငါ့မှာ အကြံတစ်ခုရှိတယ်…”ယူချင်းက ရီဖူရှင်းအား ကြည့်လိုက်သည်။
“ငါတို့က ဓမ္မကို တည်ဆောက်တဲ့အခါ ကံစွမ်းအားရဲ့ အားလှိုင်းတွေကို ပေါင်းစည်းလို့ရမယ် ထင်တယ်…” ရီဖူရှင်းက အကြံပေးသည်။
“အင်း…” ယူချင်းက ခေါင်းညိတ်သည်။ “ဒါက အလုပ်ဖြစ်မလား ငါမသိဘူး…”
“ငါတို့ ကြိုးစား ကြည့်လို့ရတယ်…” ရီဖူရှင်းတွင် ယခင်တည်းက ထိုအကြံများ ရှိနေသည်။
သူတို့အုပ်စုက အဆောင်ကို ပြန်သွားကြကာ ဆက်လက်၍ ကျင့်ကြံကြသည်။ ဒုတိယနေ့တွင် ရီဖူရှင်းက ယွန်ရှင်းမိုအား အားလုံးကို စုစည်းစေပြီး သိမ်းငှက်နက်နှင့်အတူ စတင် ထွက်ခွာကြသည်။ လေထဲတွင် ပျံသန်းနေရင်းက လေဓာတ်အသိအား အလွန်နက်ရှိုင်းစွာ နားလည်ထားသော သိမ်းငှက်နက်၏ အလျင်ကား မယုံကြည်နိုင် လောက်အောင် မြန်ဆန်လှသည်။ သူက လေဓာတ်စွမ်းအင်များကို သုံးစွဲရာတွင် ယခင်ကထက် ပိုမိုချောမွေ့လာကာ ထိုအဖြစ်ကာ သိမ်းငှက်နက်အား အလွန်စိတ်လှုပ်ရှား ပျော်ရွှင်စေသည်။ ယခင်က ရီဖူရှင်းက သိမ်းငှက်နက်အား အင်အားသုံး၍ ထိန်းချုပ်ခဲ့သည်။ ရီဖူရှင်းက အားနည်းသော်လည်း လူဝံကြီး၏ အကူအညီကြောင့် သိမ်းငှက်နက်ကြီးက မလွန်ဆန်နိုင်ဘဲ ရီဖူရှင်း၏ စိတ်ချင်းဆက်နွှယ် ထိန်းချုပ်မှုကို လက်ခံခဲ့ရသည်။ ယခု ရီဖူရှင်း၏ တိုးတက်မှုကြောင့် သူကိုယ်တိုင်လည်း ပိုမို ဆင့်ကဲ တိုးတက်လာမည့် အရိပ်အယောင်ကို မြင်ရရာ သိမ်းငှက်နက်အား ပိုမို၍ လိုလိုလားလား ရီဖူရှင်း၏ ထိန်းချုပ်မှုကို လက်ခံလာစေသည်။ ယွန်ရှင်းမိုက လမ်းညွှန်လျက် သူတို့က ခရီးနှင်လာကြရာ အမှန်တကယ်ပင်လျှင် သူတို့ လာရာအရပ်မှာ ချင်းမုန်မြို့ပြင်ပသို့ မဟုတ်ဘဲ မြို့အလယ်တည့်တည့်ကို သွားနေကြခြင်း ဖြစ်ကြောင်း ရီဖူရှင်း သတိထားမိသည်။
“ငါတို့ ဘယ်ကို သွားနေကြတာလဲ…” ရီဖူရှင်းက မေးလိုက်သည်။ သူက ယွန်ရှင်းမိုအား ကံစွမ်းအား အမြင့်ဆုံး ရနိုင်သော နေရာကို သွားရန်သာ ပြောခဲ့ပြီး ယွန်ရှင်းမိုကလည်း သူ့အား တိကျသော နာမည်ကို ရည်ညွှန်းပြောဆိုခြင်း မရှိခဲ့ပေ။
“နိုဘယ်လိုဏ်ဂူ…” ယွန်ရှင်းမိုက ပြောသည်။ “ဒီနေရာက မြို့ထဲမှာ ရှိနေပြီး နင်ပြောသလိုပဲ ချင်းမုန်မြို့မှာ ကံစွမ်းအား အများဆုံး ရနိုင်တဲ့ နေရာပဲ… ဒါက ကန်တောင်ကုန်းထက် အများကြီး အားကောင်းတယ်…”
ရီဖူရှင်း၏ မျက်လုံးများ ဝင်းလက်သွားသည်။ “ယန်လူက ဒီနေရာအစား ဘာလို့ ကန်တောင်ကုန်းကို သွားရတာလဲ…”
“ကံစွမ်းအားက အားကောင်းပေမဲ့ အလွယ်တကူ မရနိုင်ဘူး… နိုဘယ်လိုဏ်ဂူက တကယ့် ထိပ်တန်း ပါရမီရှင်တွေကမှ အကောင်းတကာ အကောင်းဆုံးတွေ စုနေရာ နေရာပဲ… ယန်လူရဲ့ ပါရမီနဲ့ သူက နိုဘယ်လိုဏ်ဂူကို သွားရင်တောင် ဘာမှ မရနိုင်ဘူး…”
ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ သူကား နိုဘယ်လိုဏ်ဂူကို သွားရန် အလွန် တက်ကြွနေပြီ ဖြစ်သည်။ သူတို့က မြို့အလယ်နှင့် နီးလာသည်နှင့်အမျှ တခြား သတ္တဝါဆန်းများကို စီးနင်းလာသော သူများကလည်း တူညီသော အရပ်ဆီကို သွားနေကြသည်ကို မြင်ရသည်။
“ငါတို့ ရောက်ခါနီးပြီ… အများစုကတော့ အပျော်တမ်းအနေနဲ့ သွားကြတာ များတယ်…” ယွန်ရှင်းမိုက ကောင်းကင်မှ ထိုလူများကို ကြည့်လျက် ပြောသည်။
ရီဖူရှင်းက ရယ်မောလိုက်သည်။ အတန်ကြာလျှင် လူအုပ်က ပိုမို သိပ်သည်းလာသည်။ ရှေ့မှ လူတချို့က အောက်ကို ဆင်းသက်နေသည်ကိုလည်း မြင်ရသည်။ မကြာမီ အလွန်ကြီးမားသော လိုဏ်ဂူကြီးတစ်ခုက သူ၏မြင်ကွင်းကို ဝင်လာသည်။ ထိုနေရာက အလွန်ကျယ်ပြန့်သော မြေနေရာကိုလည်း ယူထားသည်။ ထိုပတ်ဝန်းကျင် တစ်ခုလုံးလည်း ကံစွမ်းအားများကြောင့် အလင်းများ ဟိုမှဒီမှ ဖြာထွက်နေကြသည်။ ထိုအလင်းများက ကောင်းကင်ကို ဖြန့်ကြက်ထားလျှင် နိုဘယ်လိုဏ်ဂူအား ပိုမို ထူဆန်းအံ့ဖွယ် ဖြစ်စေသည်။ သူတို့ကလည်း အနီးကိုရောက်လျှင် သိမ်းငှက်နက်ကြီးအား မြေပြင်ပေါ်သို့ ဆင်းသက်စေသည်။
ရီဖူရှင်းက အလွန်ကြီးမားသော လိုဏ်ဂူကြီးအား မော်ကြည့်လိုက်သည်။ အလွန်ဝေးကွာသော နေရာမှပင် သူအား တစ်စုံတစ်ခုက ဖိနှိပ်ထားသလို ခံစားရသည်။ ထိုအရာကား သူ့ကို ဖိနှိပ်ထားသော နိုဘယ်စိတ် အသိဖြစ်သည်။
လိုဏ်ဂူ၏ အမြင့်ပိုင်း နေရာတွင် ရုပ်တုများ အများအပြား ထုလုပ်ထားသည်ကိုလည်း တွေ့ရသည်။ သူတို့က လိုဏ်ဂူနှင့်နီးလာလေ ဖိအားကို ပိုမို ကြီးလာလေ ဖြစ်သည်။ အကယ်၍ သူတို့က လိုဏ်ဂူ၏ အထဲကိုဝင်ရလျှင် ဖိအားကား သည်းမခံနိုင်လောက်အာင် ကြီးမားမည်မှာ သေချာလှသည်။
“ဒါက ကန်တောင်ကုန်း ရှေးဟောင်း ကျောက်နံရံတွေထက် အများကြီး ပိုအားကောင်းတယ်…” ရီဖူရှင်းက ပြောသည်။ သူက ထိုနေရာတွင် ရပ်နေလျက်ကပင် နိုဘယ်လိုဏ်ဂူတွင် ရှိနေသော ကံစွမ်းအားမှာ ကန်တောင်ကုန်း ကျောက်နံရံများထက် အဆမတန် များပြားသည်ကို ခံစား၍ ရသည်။ ဤနေရာတွင် လူကလည်း ပိုမို များပြားပြီး သူတို့အားလုံးမှာ ထူးခြားသော ကိုယ်ရောင်ကိုယ်ဝါများ ရှိနေကြသည်။ အများအပြားက နိုဘယ်လိုဏ်ဂူမှ ဖြာထွက်နေသာ အားလှိုင်းများအား ခံစားလျက် လေ့လာ ဆန်းစစ်နေကြသည်။
သိပ်မဝေးသော တစ်နေရာမှ လူတစ်ယောက်က သူတို့ထံ လျှောက်လာသည်။ သူ့မျက်လုံးတွင် အေးစက်သော အငွေ့အသက်များ ဖုံးလွှမ်းနေပြီး ရယ်မောလျက် ပြောသည်… “အာ… ဒါက ယွန်ရှင်းမို ပါလား…” သူက ကန်တောင်ကုန်းပေါ်တွင် ယွန်ရှင်းမိုက ဒဏ်ရာရအောင် တိုက်ခိုက်လိုက်သော လျိုယွန်ဖြစ်သည်။ သူ၏အသံက လူအများ၏ အာရုံကို ဖမ်းစားစေသည်။ ဤနေရာကို ရောက်ရှိလာကြသူများ အားလုံးမှာ ချင်းမုန်ဒေသမှ အားကောင်းသော အဖွဲ့အစည်းများမှ ဖြစ်ကြသည်။ သူတို့အားလုံးက ဓားကလန်မှ ယွန်ရှင်းမို၏ နာမည်ကို သိကြသည်။
လူအများအပြားက စိတ်ဝင်တစား ကြည့်လိုက်ကြသည်။ လျိုယွန်က ပြုံးလျက် ပြောသည်… “အစေခံလုပ်ရတာ ဘယ်လိုနေလဲ…”
ယွန်ရှင်းမို၏ မျက်လုံးများ အေးစက်သွားသည်။ သူမ၏ ဓားအရှိန်အဝါက ရုတ်တရက် ထွက်ပေါ်လာ၏။ လျိုယွန်အတွက်မူ သိပ်ထူးခြားဟန် မရှိပေ။ ကျောက်နံရံမှ အနုပညာရသသိ၏ အားလှိုင်းများ အကူအညီမပါဘဲ ကန်တောင်ကုန်းပေါ်တွင် ကဲ့သို့ သူက ရှုံးနိမ့်လိမ့်မည်ဟု သူ မထင်ပေ။ လွန်ခဲ့သော ရက်ပိုင်းအတွင်းက တိုက်ပွဲက သူ့အား အလွန် အရှက်ရစေသည်။
“ယွန်ရှင်းမို…” ထိုအခိုက်တွင် တခြား အသံတစ်သံ ထွက်ပေါ်လာသည်။ အလွန် လင်းလက်သော ကိုယ်ရောင်ကိုယ်ဝါရှိသော လူငယ်တစ်ယောက်က ပြုံးလျက် ပြောသည်… “ယွန်ရှင်းမို… မင်းက ဓားကလန်ရဲ့ ဂုဏ်ဆောင်ပဲ… အခု တခြားတစ်ယောက်ရဲ့ အစေခံဖြစ်ရတာ သိက္ခာ မကျဘူးလား…” သူကား ချင်းမုန်ဒေသမှ တခြား အားကောင်းသော ကလန်မှ ဖြစ်သည်။
“ကျုပ်က သူ့ကို အစေခံဖြစ်အောင် လုပ်ထားတဲ့ လူကို ပိုစိတ်ဝင်စားတယ်… သူက ကောင်းကင်အဆင့်ပဲ ရှိတယ် ပြောကြတယ်…” တစ်စုံတစ်ယောက် ရီဖူရှင်းတို့ အုပ်စုကို ကြည့်ကာ သရော်လိုက်သည်။
“သူတို့က ဘယ်သူတွေလဲ…” နောက်တစ်ယောက်က မေးသည်။
ရီဖူရှင်းက စိတ်အနှောင့်အယှက် ဖြစ်သွားသည်။ ယွန်ရှင်းမိုက သည်လောက်ပင် နာမည်ကြီးသလော။ ကန်တောင်ကုန်းမှ သတင်းကား ပျံ့နှံ့သည်မှာ လျင်မြန်လွန်းလှသည်။
“မင်းတို့မှာ ဒါနဲ့ ပတ်သက်ပြီး ပြဿနာတစ်ခုခု ရှိနေလား…” ရီဖူရှင်းက မေးလိုက်သည်။ မျက်လုံးပေါင်း များစွာက ချက်ချင်း သူ့ထံကို ရောက်လာသည်။ တချို့က စိတ်ဝင်စားရုံမျှသာ ဖြစ်သော်လည်း တချို့က သရော်သော အပြုံးများ ရှိနေသည်။
“မင်းက ကောင်းကင်အဆင့်ပဲ ရှိတယ်လို့ကြားတယ်… ဒါပေမဲ့ ကန်တောင်ကုန်းပေါ်က ကျောက်နံရံတွေကို နားလည်တယ်တဲ့… ဒါ ဟုတ်လား…” တစ်ယောက်က မေးလိုက်သည်။
“ကျုပ်က ကံကောင်းသွားတာ…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။
“ဒီနှိမ့်ချမှုက ကောလာဟလတွေနဲ့တော့ ဆန့်ကျင်ဘက်ပဲ… ငါကြားတာကတော့ နင်က ကန်တောင်ကုန်းမှာ တော်တော် မောက်မာတယ်တဲ့…” မိန်းကလေး တစ်ယောက်က ပြုံးလျက် ပြောသည်။ ကောလာဟလက ပြောသည်မှာ ရီဖူရှင်းကား ကန်တောင်ကုန်းတွင် အလွန်မောက်မာပြီး လူအများကို လွှမ်းမိုးစေနိုင်ကာ သူက ယွန်ရှင်းမိုကိုပင်လျှင် အစေခံဖြစ်စေသည် ဟူ၍ပင်။
“ကျုပ်က မောက်မာတဲ့ ပုံပေါ်နေလို့လား…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။ သူကား အလွန်ချောမောကာ သူ့မျက်လုံးများက အလွန်ကြည်လင်သည်။ ထိုမိန်းကလေးက ရီဖူရှင်း၏ အပြစ်ကင်းပုံရသော မျက်လုံးများကို ကြည့်ကာ ပြုံးလျက် ခေါင်းယမ်းသည်။
“မတူဘူး…” သူမက ယွန်ရှင်းမိုအား ကြည့်လျက် မေးလိုက်သည်… “ယွန်ရှင်းမို… နင်က ဒီဆုံးဖြတ်ချက်ကို ဘာလို့ ချလိုက်လဲဆိုတာ ငါတကယ် စိတ်ဝင်စားတယ်…”
“ဒါက နင်နဲ့ မဆိုင်ဘူး…” သူမက အေးစက်စွာ ပြန်ပြောသည်။ သူမကား တခြား ထိပ်တန်း ကလန်တစ်ခုမှဖြစ်ပြီး သူမ၏နာမည်မှာ လီလီယန်ရီ ဖြစ်သည်။
“ငါက စိတ်ဝင်စားရုံပါပဲ…” လီလီယန်ယီက ပြုံးလျက် ပြောသည်။
“သွားကြစို့…” ယွန်ရှင်းမိုက ရီဖူရှင်းအား ပြောသည်။ ရီဖူရှင်းက ခေါင်းညိတ်လိုက်ကာ သူတို့က ရှေ့ကို ဆက်သွားကြသည်။ လူအများအပြားက သူတို့အား ရယ်ရွှင်ဖွယ်ရာ အမူအရာများဖြင့် ကြည့်ကြသည်။ ထို့နောက် လူအများအပြားကလည်း သူတို့ နောက်မှ လိုက်လာကြသည်။ ရီဖူရှင်းက ကန်တောင်ကုန်းပေါ်မှ အနုပညာရသသိကို ဆင်ခြင်ကာ နားလည်နိုင်စွမ်း ရှိသည်။ ယခုကော သူက ထိုသို့ လုပ်နိုင်ပါ့မလား။ သူက အမှန်တကယ် ကံကောင်းခြင်းလော သူ၏ ပါရမီ အစစ်အမှန်လော သူတို့ သိလိုကြသည်။
ခြေလှမ်းအနည်းငယ် လှမ်းလိုက်လျှင် ရီဖူရှင်းတို့ အုပ်စုက ရပ်လိုက်ကြပြန်သည်။ သူတို့၏ရှေ့တွင် ရင်းနှီးသော မျက်နှာများကို တွေ့ရသည်။
ယွန်ချူနိုင်ငံမှ မင်းသား ချူခွန်ယန်က ရီဖူရှင်းတို့ အုပ်စုအား အေးစက်စွာ ကြည့်နေသည်။ မထင်မှတ်စွာသူတို့က သည်နေရာတွင် လာရောက် ဆုံစည်းကြသည်။
ချူခွန်ယမ်က တခြား အရပ်တစ်ခုကို ကြည့်လိုက်သည်။ ရီဖူရှင်းက သူ၏ အကြည့်နောက်ကို လိုက်ကြည့်လျှင် လူအများအပြားက သူတို့အား ကြည့်နေသည်ကို မြင်ရသည်။ ကန်ယီကျောင်းတော်မှ ကျောက်ချင်းဖန်၊ ယူဂျန်နှင့် တခြား ကန်ယီကျောင်းတော် ကျောင်းသားများလည်း ရှိနေသည်။ သူတို့လည်း ရှိနေလျှင် ကန်ယီနိုင်ငံ၏ အကြီးဆုံး မင်းသား ရီရှောင်လည်း ရှိနေမည်သာ။
ရီရှောင်က သူ့လက်များအား နောက်တွင် ထားလျက် ရပ်နေသည်။ သူက လိုဏ်ဂူအား ကြည့်နေပြီး တစ်စုံတစ်ခုအား နားလည်ရန် ကြိုးပမ်းနေပုံရကာ အတန်ကြာလျှင် သူက ရီဖူရှင်း ဘက်သို့ လှည့်လိုက်သည်။
သူက ရီဝူချင်းနှင့် လင်းယွီယိုကိုလည်း မြင်ကာ ထူးဆန်းသလို ခံစားရသည်။ သူတို့က ရီဖူရှင်းနှင့် အတူသွားလာ နေကြသည်လား။
“အရှင့်သား…” ရီရှောင်က လှမ်းကြည့်သည်ကို မြင်လျှင် ရီဖူရှင်းက ပြုံးလျက် ခေါင်းညိတ်သည်။ သူ၏အမူအကျင့်က မည်သို့ ဖြစ်နေပါစေ သူက စည်းမျဉ်း စည်းကမ်းများကို လိုက်နာသင့်ပေသည်။ မည်သို့ပင်ဖြစ်စေ သူကား ကန်ယီနိုင်ငံ၏ မင်းသားတစ်ပါး ဖြစ်သည်။
ရီရှောင်က သူ့အား အေးစက်စွာ ကြည့်လိုက်သည်။ ရီဖူရှင်းက ချန်းမုန်မြို့သို့အထိ အသက်ရှင်လျက် ရောက်ရှိလာသည်ကို မြင်ကာ သူက အံ့အားသင့်ရသည်။ သူက ကန်တောင်ကုန်းပေါ်မှ အဖြစ်အပျက်များအား ကြားသိခြင်း မရှိသေးပေ။ လူအများအပြားက ထိုအဖြစ်အပျက်များကို သိကြသော်လည်း သူတို့အားလုံးက ယွန်ရှင်းမိုထံတွင်သာ အာရုံရောက်နေကြရာ သူမ၏နာမည်ကိုသာ ထည့်ပြောကြသည်။ ရီဖူရှင်း၏နာမည်မှာကား တစ်ခါတစ်ရံမှသာ ထည့်သွင်း ပြောဆိုခြင်း ခံရ၏။ ထို့အပြင် ရီရှောင်က ယွန်ရှင်းမိုအား မသိရာ သူက ထိုအဖြစ်အပျက်အား စိတ်ဝင်စားခြင်း မရှိပေ။
“ဝူချင်း… လင်းယွီယို… မင်းတို့ ဘယ်လိုနေကြလဲ…” ရီရှောင်က ရီဖူရှင်းအား ထပ်မံ၍ မကြည့်တော့ပေ။ သူက တခြားလူများကိုသာ မေးသည်။
“ကျုပ် အဆင်ပြေတယ်…” ရီဝူချင်းက အေးစက်စွာ ပြောသည်။
“ကျွန်မလည်းပဲ…” လင်းယွီယိုက ပြုံးလျက် ပြောသည်။ အခြေအနေ မဟန်သည်ကို သူမခံစားမိသည်။ ရှေးဟောင်း မြေရိုင်းဒေသကို ရောက်ရောက်ချင်း ရီရှောင်က ရီဖူရှင်းအား မည်သို့ ပြုမူခဲ့သည်ကို သူမသိသည်။ တစ်ယောက်မှာ ဧကရာဇ်ရီက အလွန်အလေးပေးသော ပါရမီရှင်ဖြစ်ပြီး နောက်တစ်ယောက်မှာ ဧကရာဇ်ရီ၏ အကြီးဆုံးသား ဖြစ်သည်။
“အခုကစပြီး ကျုပ်နဲ့ လိုက်ခဲ့တော့…” ရီရှောင်က သူတို့အား ပြောသည်။ ရီဝူချင်းကား သူ့ဝမ်းကွဲညီဖြစ်ပြီး အလွန်ပါရမီ ကောင်းမွန်သည်။ သူကား အလေးပေးရန် ထိုက်တန်သည်။ အကယ်၍ သူက ရီဖူရှင်းနှင့် အလွန် နီးကပ်သွားပါက ရီဒန်ချန်းကဲ့သို့ ရီဖူရှင်းနှင့် အလွန် ရင်းနှီးသောသူများ ဖြစ်သွားမည်ကို သူ စိုးရိမ်သည်။
လင်းယွီယို အတွက်မူကား သူမက လင်းမိသားစု၏ တစ်ဦးတည်းသော သမီးဖြစ်သည်။ သူမ၏ အလွန်လှပေသာ ဂုဏ်သတင်းအရ ရီရှောင်ကိုယ်တိုင်က အလေးထားရန် ထိုက်တန်ပေသည်။ ရီရှောင်က သူမ၏ အလှနှင့် ပါရမီအရ သူသာ ကန်ယီနိုင်ငံ၏ ဘုရင်သစ်ဖြစ်ခဲ့လျှင် လင်းယွီယိုအား ဘုရင်မအဖြစ် တင်မြှောက်ရန် စဉ်းစားထားပေသည်။
ရီရှောင်၏စကားကို ကြားလျှင် ရီဖူရှင်း အနည်းငယ် အံ့အားသင့် သွားသည်။ ထိုအရာက သူ့အား လူအများရှေ့တွင် သူ့လူများအား မောင်ပိုင်စီးခြင်းနှင့် တူလှသည်။ သူ့အတွက် ဂုဏ်သိက္ခာကိုပင်လျှင် ရီရှောင်က လုံးဝ ထည့်တွက်ဟန် မတူပေ။
ရီရှောင်၏နောက်မှ ကျောက်ချင်းဖန်နှင့် ယူဂျန်တို့က ရယ်မောလိုက်ကြသည်။ မင်းသားကိုယ်တိုင်က မေးလာမှတော့ ရီဝူချင်းနှင့် လင်းယွီယိုတို့က မှန်ကန်သော ရွေးချယ်မှုကို လုပ်ရမည် ဖြစ်ပေတော့သည်။ ရီရှောင်ကား ကန်ယီနိုင်ငံ၏ အိမ်ရှေ့စံမင်းသားဖြစ်ရန် တစ်ပေးခံထားရသူ ဖြစ်သည်။ အကယ်၍ သူကသာ ရှေးဟောင်း မြေရိုင်းဒေသမှ နိုဘယ်ကံစွမ်းအားကို ရရှိခဲ့လျှင် သူအတွက် ထီးနန်းရရှိရန် မည်သည့်ပြိုင်ဘက်မှ ရှိတော့မည် မဟုတ်ပေ။
***