ဝမ်ပေါင်လဲ့မှာ မီးခိုးငွေ့များထဲတွင် ရှိနေသည့်တိုင်အောင် ၎င်း၏ စွမ်းအားများကို အာရုံခံမိနေဆဲပင်။ သူ၏အမြင်တွင် ထို ရုပ်အလောင်းကြီးမှာ သူ၏ တစ်ကိုယ်လုံးကို ဝါးမျိုးပစ်နိုင်သည့် ကြောက်မက်ဖွယ်ရာ ပါးစပ်ပေါက်ကြီး တစ်ပေါက်ကဲ့သို့ ဖြစ်နေ၏။
သူသည် ထို ရုပ်အလောင်းကြီးအား ပထမဆုံးအကြိမ် ကြုံတွေ့ခဲ့ရစဉ်တုန်းက ယွမ်ယင်အဆင့်တွင် ရှိမနေသေးသောကြောင့် ယခုကဲ့သို့ မခံစားခဲ့ရပေ။ သို့သော် ယခုတွင်မူ အခြေအနေများမှာ ပြောင်းလဲသွားပြီဖြစ်သည်။ သူသည် ထိုနေရာမှ အလျင်အမြန် ထွက်ခွာသွားခြင်းမရှိဘဲ ထို ရုပ်အလောင်းကြီး၏ အထက်ရှိ လေထဲတွင် ရစ်ဝဲနေသည် မဟုတ်ပါလော။ ယခုတွင် သူ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း တိုးတက်လာပြီဖြစ်သလို သူ၏ အာရုံခံနိုင်စွမ်းများမှာလည်း ပို၍အားကောင်းလာပြီဖြစ်သည်။ သို့ဖြစ်ရာ သူသည် အရာအားလုံးကို ပို၍ ရှင်းလင်းပြတ်သားစွာ အာရုံခံနိုင်စွမ်း ရှိနေပြီဖြစ်သည်။
” ငါ အန္တရာယ်ကြီးတစ်ခုကို ခံစားမိနေတယ် ” ဝမ်ပေါင်လဲ့မှာ ငြိမ်ကျသွားပြီး ချီတုံချတုံ ဖြစ်သွားရ၏။ ထို့နောက် သူသည် တတိယ နန်းတော်ကြီးထဲ၌ သူ့အား စောင့်ဆိုင်နေသည့် အကျိုးအမြတ်များကို တွေးမိသွားသောအခါ အံကြိတ်လိုက်တော့သည်။
” တစ်ခါတလေ ရှားပါးအခွင့်အရေးတွေနဲ့ ကြုံရတဲ့အချိန် ကိုယ့်ဘက်က အနာခံမှ အသာစံနိုင်မှာ။ ကိုယ့်ရဲ့ အသက်ကိုတောင် စတေးသင့်ရင် စတေးရဲဖို့ လိုတယ်။ ဒါပေမဲ့ အသက်အန္တရာယ်နဲ့ ကြုံလာတဲ့အချိန်ကျ ဘေးမသီရန်မခ လွတ်မြောက်နိုင်ဖို့အတွက် နောက်ချန် အစီအစဉ်တွေ ရှိနေဖို့တော့လိုလိမ့်မယ် ” ဝမ်ပေါင်လဲ့မှာ ထိုသို့ရေရွတ်လိုက်၏။ ထို့နောက် သူသည် မျက်ဝန်းများ အရောင်တောက်ပသွားပြီး… တာအိုဂါထာတော်အား စတင်ရွတ်ဖတ်လိုက်တော့သည်။
” ဉာဏ်အလင်းပွင့်စေသော်… ”
သူ ထိုကဲ့သို့ စတင်ရွတ်ဖတ်လိုက်သည်နှင့် စကြဝဠာကြီး၏ အနက်ရှိုင်းဆုံးသော နေရာတစ်ခုမှ ထွက်ပေါ်လာသည့်ပုံပေါ်သော အငွေ့အသက်ကြီးမှာ ရောက်ရှိလာပြန်သည်။ ထိုအခါ ရုပ်အလောင်းကြီးဆီမှ ထွက်ပေါ်နေသည့် ဝိညာဉ်စွမ်းအင်များမှာ တစ်ခဏမျှ ရပ်တန့်သွားသလို ဖြစ်သွားသဖြင့် ဝမ်ပေါင်လဲ့မှာ စိတ်အေးသွားရပြီး သက်ပြင်းချမိလိုက်၏။
” အလုပ်မဖြစ်လောက်တော့ဘူး ထင်နေတာ။ တော်သေးတာပေါ့… ” ဝမ်ပေါင်လဲ့မှာ ရှက်ကိုးရှက်ကန်းဖြစ်နေသည့် မျက်နှာဖြင့် ကောင်းကင်ကြီးအား မော့ကြည့်လိုက်ပြီးနောက် ဂါထာတော်အား ဆက်လက်မရွတ်ဖတ်တော့ဘဲ ရပ်တန့်လိုက်သည်။ ထို့နောက် သူသည် မန္တန်လက်ကွက်တစ်ခု ဖော်ကာ မီးခိုးငွေ့များထဲမှ ခွဲထွက်လာပြီး သွေးပင်လယ်ကြီးထဲရှိ ရုပ်အလောင်းကြီးဆီသို့ ဦးတည်သွားရန် ပြင်လိုက်၏။ ထိုအချိန်တွင် ထိုရုပ်အလောင်းကြီးမှာ ရုတ်တရက်ဆိုသလို တုန်ရီသွားတော့သည်။
ထို့နောက် ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် အမွေးများ ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာ၏။ ၎င်းမှာ အသက်မရှိတော့သည့်တိုင်အောင် ၎င်း၏ ခန္ဓာကိုယ်ပေါ်မှ အမွေးများမှာ ကျွတ်သွားခြင်း မရှိသေးပေ။ ထို့အပြင် ထိုအမွေးများမှာ ထူဆန်းသော ပတ်ဝန်းကျင် အခြေအနေများကြောင့် သန္ဓေပြောင်းလဲသွားကြပြီး ကိုယ်ပိုင်အသိဉာဏ်များ ပိုင်ဆိုင်ထားသကဲ့သို့ ဖြစ်နေကြ၏။
ထိုအမွေးများမှာ အစိမ်းပုပ်ရောင်ဖြစ်ပြီး လူတစ်ယောက်၏ လက်မောင်းနီးပါးခန့် တုတ်ခိုင်၏။ ၎င်းတို့မှာ ချက်ချင်းဆိုသလိုပင် ရှည်ထွက်လာပြီး မျက်စိတစ်မှိတ်အတွင်းတွင် ၎င်းတို့၏ ထိပ်များမှာ ပါးစပ်ပေါက်များကဲ့သို့ ထက်ခြမ်းကွဲသွားတော့သည်။ ထို့နောက် ထို အမွေးများမှာ ရုပ်အလောင်းကြီးနှင့် ချိတ်ဆက်နေသော မြွေများအဖြစ် အသွင်ပြောင်းလဲသွားကြ၏။
၎င်းတို့မှာ မရေမတွက်နိုင်လောက်အောင် များပြားနေပြီး အတူတကွ စုဝေးကာ လေထဲတွင် ယိမ်းထိုးနေကြသည်။ ထို့ကြောင့် ထိုမြင်ကွင်းကြီးမှာ ကြောက်မက်ဖွယ်ရာ ကောင်းနေတော့သည်။ ထို မြွေကြီးများမှာ ဝမ်ပေါင်လဲ့ဘက်သို့ လှည့်ကြည့်လိုက်ကြသောအခါ ဝမ်ပေါင်လဲ့မှာ အန္တရာယ်တစ်ခုနှင့် ကြုံရတော့မည့်အလား ခံစားလိုက်ရပြီး တစ်ခေါင်းလုံးထူပူသွားကာ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီသွားရတော့သည်။ သူ၏ ယွမ်ယင်ဝိညာဉ်ပင်လျှင် မျက်လုံးများပြူးသွားရ၏။
ထို မြွေကြီးများမှာ တရှူးရှူးတရှဲရှဲ ဖြစ်နေကြ၏။ ထို့နောက် ရာပေါင်းများစွာသော မြွေကြီးများမှာ ခုန်ထွက်လာကာ အစိမ်းရောင် အခိုးအငွေ့များအဖြစ် ပြောင်းလဲသွားကြပြီး ဝမ်ပေါင်လဲ့အား ဝါးမျိုပစ်တော့မည့်အလား သူ့ဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာကြတော့သည်။
၎င်းတို့မှာ မြားအချောင်းရေ ရာပေါင်းများစွာအား ပစ်လွှတ်လိုက်သကဲ့သို့ပင်။ ပထမတစ်သုတ်၏ နောက်တွင် နောက်ထပ်တစ်သုတ်ထပ်၍ လိုက်ပါလာသည်။ ခပ်လှမ်းလှမ်းတွင်မူ အရွယ်အစား ပိုမိုကြီးမားသော အစိမ်းရောင် စပါးအုံးမြွေကြီးများ ပေါ်ပေါက်လာကြ၏။ ၎င်းတို့မှာ ရုပ်အလောင်းကြီး၏ စုတ်ပြဲနေသော တာအိုဝတ်ရုံထဲမှ ထိုးထွက်လာကြပြီး ၎င်းတို့၏ ပုံပန်းသွင်ပြင်များမှာ အလွန်အင်မတန်မှ ကြောက်မက်ဖွယ်ရာ ကောင်းနေတော့သည်။
ဝမ်ပေါင်လဲ့မှာ သူ့ဆီသို့ အန္တရာယ်များ ဦးတည်လာနေကြသည်ကို မြင်လိုက်ရသောကြောင့် မျက်လုံးများအရောင်လက်သွား၏။ ထို့နောက် သူသည် ညာဘက်လက်အား မြှောက်ကာ မြေကြီးပေါ်သို့ ဖိချလိုက်ပြီးနောက် အသံကုန်အော်ဟစ်လိုက်တော့သည်။
” ဉာဏ်အလင်းပွင့်စေသော်… ”
ထိုအခါ အာကာသာထဲမှ အစွမ်းထက်အငွေ့အသက်ကြီး ထပ်မံ ပေါ်ပေါက်လာပြီး ထိုဒေသကြီးတစ်ခုလုံးအား လွှမ်းခြုံသွားပြန်သည်။ ထို့ကြောင့် အစိမ်းရောင် မြွေကြီးများမှာလည်း အော်ဟစ်မြည်တမ်းကာ ချက်ချင်းဆိုသလိုပင် ထွက်ပြေးသွားကြတော့သည်။ ၎င်းတို့မှာ တစ်ကိုယ်လုံး တုန်ရီသွားကြပြီး မြေကြီးပေါ်တွင် ပြားပြားဝပ်ကာ ရှေ့သို့ တစ်လက်မခန့်ပင် မတိုးရဲကြတော့ပေ။
ဝမ်ပေါင်လဲ့မှာ တာအိုဂါထာတော်၏ အစွမ်းကို မြင်လိုက်ရသောအခါ စိတ်ဓာတ်များ တက်ကြွသွား၏။ ထို့နောက် သူသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ကောင်းကင်ယံထဲ၌ ပျံသန်းသွားလိုက်ပြီးနောက် ရုပ်အလောင်းကြီး၏ အပေါ်တည့်တည့်၌ ပေါ်ပေါက်လာ၏။ ထိုနေရာတွင် ၎င်း၏ အသိအမှတ်ပြု တံဆိပ်ပြားရှိနေသည်။ သူသည် လိုရမယ်ရ တာအိုဂါထာတော်အား ဆက်၍ အော်ဟစ်လိုက်ပြန်သည်။
” ကောင်းကင်တာအို အကျဉ်းသား… ”
ထိုအခါ မြွေကြီးများ၏ အသိစိတ်ထဲ၌ ပေါက်ကွဲမှုတစ်ခု ပေါ်ပေါက်လာသကဲ့သို့ ဖြစ်သွား၏။ ၎င်းတို့ထဲမှ အများစုမှာ တစ်ကိုယ်လုံး ခန္ဓာကိုယ်များ ရှုံ့တွကာ သေဆုံးသွားကြပြီး အချို့မှာ ပါးစပ်များထဲမှ အမြှုပ်များ ထွက်လာကြတော့သည်။ ခပ်လှမ်းလှမ်းတွင် ရှိနေသည့် အရွယ်အစားကြီးမားသော မြွေကြီးများပင်လျှင် မြေပြင်ပေါ်၌ ပြားပြားဝပ်သွားရ၏။ ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်တွင်ရှိနေသော မြွေများမှာမူ ချက်ချင်းဆိုသလိုပင် အဝေးသို့ ထွက်ပြေးသွားကြသောကြောင့် ထိုနေရာတစ်ဝိုက်တွင် သူတစ်ယောက်သာ ကျန်ရစ်ခဲ့တော့သည်။
သူသည် ထိုနေရာကြီးမှာ မည်မျှအထိ အန္တရာယ်ကြီးမားကြောင်း သိထားသောကြောင့် ရှက်ကိုးရှက်ကန်း ဖြစ်နေသည့်တိုင်အောင် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ တာအိုဂါထာတော််အား ဆက်လက်ရွတ်ဖတ်နေဆဲပင်။ သူသည် ဂါထာတော်၏ ဒုတိယစာကြောင်းအား အော်ဟစ်လိုက်ပြီးနောက် အောက်သို့ ဒူးထောက်ချကာ ရုပ်အလောင်းကြီးပေါ်ရှိ အသိအမှတ်ပြု တံဆိပ်ပြားအား လှမ်းဆွဲလိုက်သည်။
ထို ရုပ်အလောင်းကြီးမှာ အလွန်အင်မတန်မှ ကြီးမားနေသောကြောင့် ၎င်း၏ အသိအမှတ်ပြု တံဆိပ်ပြားမှာလည်း ထူးဆန်းဖွယ်ရာကောင်းလောက်အောင် ကြီးမားနေ၏။ သို့သော် ဝမ်ပေါင်လဲ့မှာ ၎င်းအား ထိမိလိုက်သည်နှင့် တစ်ပြိုင်နက် ထို အသိအမှတ်ပြု တံဆိပ်ပြားထဲမှ ဝင်းလက်တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာသည်။ ၎င်းမှာ ဝမ်ပေါင်လဲ့အား အသိအမှတ်ပြုကာ ထို အသိအမှတ်ပြု တံဆိပ်ပြားအား ယူဆောင်သွားခွင့် ပြုနေသည့်ပုံပင်။ ထို့နောက် ထိုအလင်းရောင်များမှာ မျက်စိတစ်မှိတ်အတွင်းတွင် လက်တစ်ဖဝါးစာ အရွယ်အစားအထိ ကျုံ့ဝင်သွား၏။ ဝမ်ပေါင်လဲ့မှာ သေသေချာချာ ကြည့်ရှုစစ်ဆေးနေခြင်းမရှိ ၎င်းအား လှမ်း၍ ဆွဲယူကာ သူ၏ သိုလှောင်အိတ်ထဲသို့ ထိုးထည့်လိုက်တော့သည်။
ထိုအဖြစ်အပျက်များအားလုံးမှာ မြန်ဆန်လွန်းနေ၏။ ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ လေးလံနေဆဲဖြစ်ပြီး တစ်ခေါင်းလုံး ထူပူနေရဆဲပင်။ သူသည် ဂါထာတော်အား အဆက်မပြတ် ရွတ်ဖတ်နေပြီး မြွေကြီးများမှာလည်း ပြားပြားဝပ်နေကြသည့်တိုင်အောင် သူ ခံစားနေရသော အန္တရာယ်များမှာ ပျောက်ကွယ်သွားခြင်း မရှိသည့်အပြင် ပို၍ပင် အားကောင်းလာနေ၏။ ဝမ်ပေါင်လဲ့မှာ ထိုနေရာမှ ထွက်ခွာသွားရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက်ဆိုသလို ရုပ်အလောင်းကြီး၏ အရေပြားကို ကြည့်မိလိုက်သဖြင့် အံကြိတ်မိသွားတော့သည်။
” ဒီနေရာအထိ ဆင်းလာနိုင်ဖို့ ပင်ပင်ပန်းပန်း ကြိုးစားထားရတာ။ ဒီအထိ ရောက်လာပြီဆိုမှတော့… သွေးလေး နည်းနည်းလောက်ပါ ထပ်ယူလိုက်တာ ကောင်းပါတယ်… အသိအမှတ်ပြု တံဆိပ်ပြားတစ်ခုထဲနဲ့ဆိုရင် မရလောက်ဘူး ” သူ၏ ရှေ့တွင်ရှိနေသော အရာကြီးမှာ ရုပ်အလောင်းတစ်ခုသာ ဖြစ်သောကြောင့် ၎င်း၏ ခန္ဓာကိုယ်ထဲ၌ သွေးများရှိနေနိုင်ခြေမှာ အလွန်အင်မတန်မှ နည်းပါးကြောင်း သူက သိထား၏။ သို့သော် ဝမ်ပေါင်လဲ့မှာ ထို ရုပ်အလောင်းကြီး၏ အသားအရေအရောင်အား မြင်လိုက်ရသောအခါ မျက်ဝန်းများထဲ၌ မျှော်လင့်ချက်ရောင်ခြည်များ သန်းသွားရသည်။ ထို့နောက် သူသည် လက်နှစ်ဖက်အား မြှောက်လိုက်တော့သည်။
သူသည် ဘယ်ဘက်လက်အား သွေးပင်လယ်ကြီးဆီသို့ ဆန့်တန်းလိုက်ပြီး ညာဘက်လက်ဖြင့် မန္တန်လက်ကွက်တစ်ခု ဖော်လိုက်၏။ ထိုအခါ ပြီးပြည့်စုံခြင်း မရှိသေးသော နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးတစ်စုံ ပေါ်ပေါက်လာပြီး ၎င်းနှင့်အတူ နတ်ဘုရားလက်နက် လက်ကြီးလည်း ထွက်ပေါ်လာသည်။ ထိုချပ်ဝတ်တန်ဆာကြီး၏ စွမ်းအင်စီးဆင်းမှု လမ်းကြောင်းများမှာလည်း ထိုလက်ကြီးအား ရစ်ပတ်သွားကြသည်။ ထိုအခါ ထိုလက်ကြီးမှာ နတ်ဘုရားလက်နက်တစ်ခု၏ စွမ်းအားများကိုထုတ်လွှတ်ကာ ရုပ်အလောင်းကြီး၏ အရေပြားထဲသို့ ထိုးဖောက်ဝင်ရောက်သွားတော့သည်။
ဝမ်ပေါင်လဲ့မှာ သူ၏ ဘယ်လက်လက်ဖြင့် သွေးပင်လယ်ကြီးထဲမှ လက်သီးတစ်ဆုပ်စာ သွေးစက်များကို ဖမ်းဆုပ်ကာ သိမ်းဆည်းလိုက်၏။ ထိုအချိန်တွင် သူ၏ ညာဘက်လက်ပေါ်ရှိ နတ်ဘုရားလက်နက် လက်ကြီးမှာ ရုပ်အလောင်းကြီး၏ အရေပြားအား ထိုးဖောက်နေတော့သည်။
ဝမ်ပေါင်လဲ့မှာ နတ်ဘုရားလက်နက်တစ်ခုအား ပိုင်ဆိုင်ထားပြီး ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်သွားနိုင်ခဲ့သည့်တိုင်အောင် ထို ရုပ်အလောင်းကြီးမှာ ယခင်ဘဝတုန်းက အင်မတန်မှ အစွမ်းထက်ခဲ့လောက်ပေသည်။ ၎င်းမှာ သေဆုံးပြီးသွားသည့်တိုင်အောင် ၎င်း၏ အရေပြားမှာ အလွန်အင်မတန်မှ မာကျောနေဆဲပင်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အစွမ်းကုန် ကြိုးစားအားထုတ်နေသည့်တိုင်အောင် ၎င်း၏ အရေပြားပေါ်၌ အသေးစား အက်ကွဲကြောင်းလေးများသာ ပေါ်ပေါက်လာ၏။ သူသည် ထိုအက်ကွဲကြောင်းလေးများထဲမှ သွေးများ ထုတ်ယူနိုင်မည် မဟုတ်ပေ။
သို့ဖြစ်ရာ သူသည် ကျင့်ကြံခြင်းစွမ်းအား အကုန်လုံးကိုထုတ်လွှတ်၍ အချိန်အနည်းငယ်ခန့်ပေးမှသာ အောင်မြင်နိုင်လောက်ပေသည်။ သို့သော် ယခုတွင် သူ့ဆီ၌ အချိန်အလုံအလောက်မရှိပေ။ ရုပ်အလောင်းကြီး၏ ပတ်ပတ်လည်ရှိ သွေးပင်လယ်ကြီးထဲတွင် လှိုင်းတွန့်များ ပေါ်ပေါက်လာပြီဖြစ်သည်။ သို့ဖြစ်ရာ ရေမျက်နှာပြင် အောက်ရှိ တစ်စုံတစ်ခုမှာ သူ့ဆီသို့ အလျင်အမြန် ချဉ်းကပ်လာနေသည့်ပုံပင်။ ထို အမည်မသိ အရာကြီး၏ ချဉ်းကပ်လာမှုနှင့်အတူ ဝမ်ပေါင်လဲ့ ခံစားနေရသည့် အန္တရာယ်ကြီးမှာလည်း ပို၍ကြီးမားလာ၏။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ထိတ်ထိတ်ပျာပျာ ဖြစ်လာရတော့သည်။ သူသည် သူ၏ ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုလိုက်ပြီးနောက် ရုတ်တရက်ဆိုသလို လှစ်ခနဲ လှုပ်ရှားလိုက်၏။ ထို့နောက် သူသည် ပျောက်ကွယ်သွားပြီး ပေထောင်းဂဏန်းအနည်းငယ် အကွာရှိ နေရာတစ်ခုတွင် ပြန်လည်ပေါ်ပေါက်လာသည်။ ၎င်းမှာ ထို ရုပ်အလောင်းကြီး၏ ရင်ဘတ်ဖြစ်၏။ ဝမ်ပေါင်လဲ့၏ ရှေ့တွင်မူ အလွန်အင်မတန်မှ အရုပ်ဆိုးသော ဒဏ်ရာကြီးတစ်ခု ရှိနေ၏။
သူသည် ချက်ချင်းဆိုသလိုပင် ဒူးထောက်ချကာ သူ၏ ညာဘက်လက်အား ထိုဒဏ်ရာကြီးပေါ်သို့ တင်လိုက်၏။ ထိုအခါ သူသည် မျက်ဝန်းများ အရောင်တောက်ပသွားရတော့သည်။ သူ၏ ယွမ်ယင်ဝိညာဉ်မှာလည်း ထိုနည်းတူပင်။ သူသည် မန္တန်လက်ကွက်များ ဖော်လိုက်ပြီးနောက် သူ၏ ဝါးမျိုခြင်းသစ်စေ့၏ စွမ်းအားများကို ထုတ်သုံးလိုက်သဖြင့် သူ၏ လက်ထဲမှ အားကောင်းသော စုပ်ယူအားတစ်မျိုး ထွက်ပေါ်လာ၏။
၎င်းမှာ ဝမ်ပေါင်လဲ့၏ လက်ဖဝါးထဲမှ ထိုးထွက်လာပြီးနောက် ဒဏ်ရာကြီးထဲမှတစ်ဆင့် ရုပ်အလောင်းကြီးထဲသို့ ဝင်ရောက်သွားပြီး တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားတော့သည်။ ခဏအကြာတွင် ဝမ်ပေါင်လဲ့မှာ သွေးအမျှင်အတန်းလေးများ သွေးစက်ကလေးများအဖြစ် စုဝေးနေကြသည်ကို အာရုံခံမိလိုက်တော့သည်။
ထိုအချိန်တွင် ရုပ်အလောင်းကြီးမှာ ရုတ်တရက်ဆိုသလို တုန်ရီသွားပြီး အစိမ်းရောင် မြွေကြီးများမှာလည်း ခေါင်းပြန်ထောင်လာကြ၏။ တစ်ချိန်ထဲမှာပင် သွေးပင်လယ်ကြီးထဲရှိ လှိုင်းတွန့်လေးများမှာလည်း လှိုင်းလုံးကြီးများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ ရေမျက်နှာပြင်အောက်ရှိ သတ္တဝါကြီးမှာ ဒေါသထွက်နေသည့်ပုံပင်။
ခဏအကြာတွင် သွေးပင််လယ်ကြီးမှာ ပေါက်ကွဲသွားပြီး ပုစဉ်းရင်ကွဲတစ်ကောင်၏ တောင်ပံများနှင့် ဆင်တူသော ဧရာမ တောင်ပံကြီးနှစ်ခုမှာ ရေမျက်နှာပြင်အား ထိုးခွင်းကာ ကောင်းကင်ပေါ်သို့ မြင့်တက်လာ၏။ ထို တောင်ပံများပေါ်ရှိ အင်းကွက်များမှာ ကမ္ဗည်းစာလုံးများနှင့် တူနေသလို ချုပ်နှောင်ခံထားရသည့် နတ်ဆိုးတစ်ကောင်နှင့်လည်း တူနေသည်။ ၎င်း၏ မျက်နှာမှာ တွန့်လိမ်ပုံပျက်ကာ အရုပ်ဆိုးနေ၏။ ထိုအချိန်တွင် ဖောင်းကားနေသည့် မျက်လုံးကြီးနှစ်လုံးမှာ ရေမျင်နှာပြင်အထက်သို့ မြင့်တက်လာပြီး တောင်ပံနှစ်ခု၏ကြားတွင် ပေါက်လာသည်။
ထိုသတ္တဝါကြီး ပေါ်ပေါက်လာသည်နှင့် ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ စကားလုံးများနှင့် ဖော်ပြ၍ မရနိုင်သော အန္တရာယ်ကြီးတစ်ခုဖြင့် ပြည့်နှက်သွားတော့သည်။ ထို့နောက် ဝမ်ပေါင်လဲ့မှာ မျက်လုံးများ အရောင်လက်သွား၏။ သူ၏ ဝါးမျိုခြင်းသစ်စေ့စွမ်းအားများမှာ ညာဘက်လက်ထဲမှ ဆက်လက်ထွက်ပေါ်နေဆဲပင်။ ထိုအချိန်တွင် သူသည် သူ၏ ဘယ်လက်အားမြှောက်ကာ သွေးပင်လယ်ကြီးအား လက်ညှိုးထိုးကာ ရေရွတ်လိုက်တော့သည်။
” ခန္ဓာရှိသမျှ ဘေးဒုက္ခကို ခံစားကြရပေ၍ ”
အုန်း…
ကောင်းကင်ကြီးပေါ်မှ ကျဆင်းလာသည့် ဖိအားများမှာ ပို၍အားကောင်းလာ၏။ ဝမ်ပေါင်လဲ့မှာ ဂါထာတော်အား ထပ်ခါတလဲလဲ ရွတ်ဖတ်ခဲ့ဖူးသည့်ဖြစ်ရာ ၎င်းအား အဆက်မပြတ် ရွတ်ဖတ်နေပါက ထို ဂါထာတော်ကြောင့် ပေါ်ပေါက်လာသည့် ကြောက်မက်ဖွယ်ရာ အငွေ့အသက်ကြီးမှာ ပို၍ပင် အစွမ်းထက်သည့်ပုံ ပေါ်နေမည်ဖြစ်ကြောင်း သူက သိထားသည်။ သူသည် စာကြောင်းနှစ်ကြောင်းထက် ပို၍ ရွတ်ဖတ်မိပါက ပေါ်ပေါက်လာနိုင်သည့် အရာများကိုတွေး၍ ကြောက်ရွံ့နေခဲ့သောကြောင့် ထိုနှစ်ကြောင်းထက်ပို၍ မရွတ်ခဲ့ဖူးပေ။ သို့သော် ယခုတွင်မူ အရေးပေါ်ကိစ္စကြီးတစ်ခုနှင့် ကြုံနေရပြီ မဟုတ်ပါလော။ ထို့ကြောင့် သူသည် စိုးရိမ်တုန်လှုပ်သွားရပြီး တတိယစာကြောင်းအား ရွတ်ဖတ်မိလိုက်ခြင်း ဖြစ်သည်။
ထိုအခါ သူတို့အား လွှမ်းခြုံထားသည့် ဖိနှိပ်အားကြီးမှာ ပို၍ပင်အားကောင်းလာ၏။ သွေးပင်လယ်ကြီးထဲမှ ထွက်ပေါ်လာသော သတ္တဝါကြီးမှာလည်း မျက်လုံးဖြင့်မမြင်နိုင်သော ဧရာမလက်ကြီးတစ်ဖက်၏ ချုပ်တည်းခြင်းကို ခံလိုက်ရသည့်အလား တစ်ကိုယ်လုံး တုန်ရီသွားသည်။ ထို့ကြောင့် ၎င်းမှာ အပေါ်သို့ မြင့်တက်လာနေရမှ တစ်ခဏမျှ ရပ်တန့်သွားရ၏။
ထိုအချိန်တွင် ဝါးမျိုခြင်းသစ်စေ့မှာ ၎င်း၏တာဝန်အား ပြီးစီးအောင် ဆောင်ရွက်ပြီးသွားပြီ ဖြစ်သည်။ ထို့ကြောင့် သွေးအမျှင်တန်းများ ရစ်ပတ်နေသည့် အနီရင့်ရောင် သွေးစက်တစ်စက်မှာ ဝမ်ပေါင်လဲ့၏ လက်ဖဝါးထဲ၌ ပေါ်ပေါက်လာ၏။
ထိုသွေးစက်လေး၏ ပေါ်ပေါက်လာမှုမှာ ရေထဲရှိ သတ္တဝါကြီးအား လှုံ့ဆော်ပေးလိုက်သကဲ့သို့ပင်။ ၎င်းမှာ ရုတ်တရက်ဆိုသလို အော်ဟစ်မြည်တမ်းကာ သွေးပင်လယ်ကြီးထဲမှ ထိုးထွက်လာ၏။ ထို့ကြောင့် သွေးပင်လယ်ကြီးမှာ ပေါက်ကွဲသွားပြီး ဧရာမ သတ္တဝါကြီးတစ်ကောင်မှာ ရေမျက်နှာပြင်အထက်၌ ပေါ်ပေါက်လာတော့သည်။
၎င်းမှာ သာမန်ထက် အဆပေါင်းများစွာ ပို၍ကြီးမားနေသော ပုစဉ်းကြီးတစ်ကောင်နှင့် တူပေသည်။ ၎င်းမှာ ခန္ဓာကိုယ်တစ်ခုလုံး ရဲရဲနီနေပြီး အလွန်အင်မတန်မှ ကြောက်မက်ဖွယ်ရာကောင်းသည့်ပုံ ပေါ်နေ၏။
ထို့နောက် ၎င်းမှာ ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ ပြည့်နှက်နေသည့် မျက်ဝန်းတစ်စုံဖြင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေလိုက်တော့သည်။