ဝမ်ပေါင်လဲ့မှာ ခေါင်းကုတ်ကာ သူ၏ ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုလိုက်၏။ သူ မည်မျှပင် အသနားခံနေစေကမူ သူ့အား စောင့်ကြည့်ရသည်ကို နှစ်ခြိုက်သော သူ၏ ဂိုဏ်းတူအစ်ကိုကြီးမှာ အကြောင်းပြန်ခဲ့ခြင်း မရှိပေ။ ထို့ကြောင့် သူ၏ ဂိုဏ်းတူအစ်ကိုကြီးမှာ ထွက်ခွာသွားပြီလောဟု သူက တွေးနေမိတော့သည်…
” သူက တကယ်ပဲ ထွက်သွားတာလားဟ ” ဝမ်ပေါင်လဲ့မှာ မျက်စိပေကလပ်ပေကလပ် ဖြစ်နေ၏။ သူသည် အကြိမ်အနည်းငယ်ခန့် ထပ်၍ အသံကုန် အော်ခေါ်ခဲ့ပါသော်လည်း အချည်းနှီးပင်။ ထို့ကြောင့် သူသည် သက်ပြင်းချမိသွားပြီး သူ၏ ဂိုဏ်းတူအစ်ကိုကြီးမှာ အမှန်တကယ်ပင် ထွက်ခွာသွားလောက်ပြီဖြစ်ကြောင်း မှတ်ယူလိုက်တော့သည်။ အကယ်၍ သူသည် အနီးအနားတွင် ရှိနေသေးလျှင်တောင် ဝမ်ပေါင်လဲ့၏ ရှေ့တွင် ပေါ်လာမည်မဟုတ်ပေ။
” ထားပါတော့လေ။ ဝမ်ပေါင်လဲ့ဆိုတဲ့ ငါက အမြဲတမ်း ကိုယ့်အားကိုယ်ကိုးခဲ့တဲ့ လူတစ်ယောက်ပါ။ ငါက ဖြတ်လမ်းတွေလိုက်ပြီးတော့ တခြားလူတွေကို အားကိုးဖို့ ကံမပါတဲ့ ပုံပဲ ” ဝမ်ပေါင်လဲ့မှာ ထိုသို့ရေရွတ်ကာ ဖြေသိမ့်လိုက်၏။ မမလေးမှာ ထိုစကားကို ကြားလိုက်သောကြောင့် လေသံတိုးတိုးဖြင့် နှာမှုတ်လိုက်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ သူမအား လျစ်လျူရှုလိုက်သည်။
ယခုတွင် ဝမ်ပေါင်လဲ့မှာ မမလေး၏ အထင်အမြင်သေးသော စကားများကို လျစ်လျူရှုနိုင်စွမ်း ရှိနေပြီဖြစ်သည်။ သူမသည် မနာလိုသောကြောင့်သာ ထိုစကားများကို ပြောနေခြင်းဖြစ်သည်ဟု သူက မှတ်ယူထား၏။ ထို့အပြင် သူသည် အကောင်းမြင်တတ်သူတစ်ယောက်ဖြစ်ရာ သူ လက်ရှိကြုံတွေ့နေရသည့် ပြဿနာကြီးကြောင့် သက်ပြင်းများ ချနေမိပါသော်လည်း သူ၏ ကျင့်ကြံခြင်းအဆင့်အား အကဲခတ်မိလိုက်သောအခါ စိတ်လှုပ်ရှားသွားရတော့သည်။
” ယွမ်ယင်အဆင့်ကွ ” ဝမ်ပေါင်လဲ့မှာ နှလုံးသားထဲ၌ ခံစားချက်မျိုးစုံ ဗြောင်းဆန်နေပြီ ဖြစ်သည်။ ယခုတွင် သူသည် အမြုတေအဆင့်တွင် ရှိနေခဲ့စဉ်တုန်းကထက် အများကြီးပို၍ အစွမ်းထက်နေပြီဖြစ်ကြောင်း သိလိုက်၏။ ထိုအဆင့်နှစ်ဆင့်၏ ကြားမှ ခြားနားချက်မှာ စိတ်ကူးနှင့်ပင် မှန်းဆ၍ မရနိုင်ပေ။ ထို့ကြောင့် သူသည် ပို၍ပင် စိတ်လှုပ်ရှားလာရ၏။
” ဒါပေမဲ့ ငါ ကိုယ့်ကိုယ့်ကိုယ် အရမ်း အထင်ကြီးနေလို့မဖြစ်ဘူး။ နောက်တစ်ခါကျရင် စကားအဆုံးအထိ နားထောင်ပြီးမှ ဆုံးဖြတ်ချက်ချရမယ် ” ဝမ်ပေါင်လဲ့မှာ တာအိုဂိုဏ်းသားနန်းတော်ထဲ၌ ဖြစ်ပျက်ခဲ့သည့်အရာများကို ပြန်လည်တွေးတောကာ သူ့ကိုယ်သူ သတိပေးလိုက်၏။ ထို့နောက် သူသည် တတိယနန်းတော်ကြီးထဲသို့ ဝင်ရောက်နိုင်ရန် မစဉ်းစားသေးဘဲ အောက်သို့ ထိုင်ချကာ တင်ပျဉ်ခွေထိုင်လိုက်ပြီးနောက် သူ၏ ကျင့်ကြံခြင်းအဆင့်အား တည်ငြိမ်အောင် လုပ်ရန် ကြိုးစားလိုက်တော့သည်။
ဝါးမျိုခြင်းသစ်စေ့၊ အစိမ်းရောင်ကြာပွင့်လေးနှင့် ဓားအိမ်လေးတို့အားလုံးမှာ သူ၏ခန္ဓာကိုယ်ထဲသို့ ပြန်လည်ရောက်ရှိလာကြပြီ ဖြစ်သည်။ သို့သော် ယခုတွင် သူ၏ အစိမ်းရောင်ကြာပွင့်လေးပေါ်၌ လူပုလေးတစ်ယောက် ရှိနေ၏။ ထိုလူပုလေးမှာ တစ်ကိုယ်လုံး အကြည်ရောင်ဖြစ်နေပြီး သူ၏ခန္ဓာကိုယ်ထဲမှ ကြယ်အလင်းရောင်များ ထုတ်လွှတ်ပေးနေသည်။ သူသည် ဝကစ်ကစ် လူပုလေးတစ်ယောက်နှင့် တူနေသောကြောင့် ဝမ်ပေါင်လဲ့နှင့် တစ်ထေရာတည်းပင်။ ယခုတွင် သူသည် တည်ကြည်မှု အပြည့်ရှိသော မျက်နှာအမူအရာဖြင့် အစိမ်းရောင်ကြာပွင့်လေးပေါ်တွင် ထိုင်နေ၏။
သူ၏ ဓားအိမ်လေး၏ အရွယ်အစားမှာမူ သိသိသာသာ သေးငယ်သွားပြီ ဖြစ်သည်။ ၎င်းမှာ သူ၏ ယွမ်ယင်ဝိညာဉ်၏ ပတ်ပတ်လည်တွင် လည်ပတ်နေပြီး ကြောက်မက်ဖွယ်ရာ အငွေ့အသက်တစ်မျိုးကို ထုတ်လွှတ်နေသည်။ သူ၏ ဝါးမျိုခြင်းသစ်စေ့မှာလည်း အလားတူ အလင်းရောင်တစ်မျိုးကို ထုတ်လွှတ်နေပြီး သူ၏ အသက်ရှူနှုန်းနှင့် ချိန်သားကိုက် လည်ပတ်နေ၏။
ထို့ကြောင့် သူသည် အရာအားလုံး၏ အလယ်ဗဟို၌ ရှိနေသကဲ့သို့ပင်။ သက်ရှိများအားလုံးမှာ သူ၏ သြဇာအာဏာအောက်တွင် ပြားပြားဝပ်နေကြရမည်သာ ဖြစ်သည်။
သူသည် သက်ရှိများအားလုံး၏ အရှင်သခင်အဖြစ်သို့ ရောက်သွားသည့်အလား ခံစားလိုက်ရသဖြင့် ရင်ခုန်နှုန်းများ မြန်ဆန်လာရ၏။ သူ၏ ကျင့်ကြံခြင်းအဆင့် တည်ငြိမ်သွားပြီးနောက် သူသည် သူ၏ ဦးနှောက်ထဲ၌ ပြည့်နှက်နေသည့် ကြယ်တာရာယွမ်ယင်ဝိညာဉ်နှင့် ပတ်သက်သည့် အချက်အလက်များကို အကျဉ်းချုပ်ကာ အကဲဖြတ်သုံးသပ်နေလိုက်တော့သည်။
အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးနောက် ဝမ်ပေါင်လဲ့မှာ မျက်လုံးများ ပြန်ပွင့်လာ၏။ သူ၏ မျက်ဝန်းများထဲမှ စိတ်လှုပ်ရှားမှု အရိပ်အယောင်များမှာ ပျောက်ကွယ်သွားခြင်း မရှိသေးသည့်အပြင် ပို၍ပင်အားကောင်းလာသည်။ သူသည် သူ၏ ဦးနှောက်ထဲရှိ အချက်အလက်ပေါင်း မြောက်မြားစွာကို ခွဲခြမ်းစိတ်ဖြာ လေ့လာသုံးသပ်ခဲ့ပြီးနောက် ဗဟုသုတ မြောက်မြားစွာရရှိခဲ့ပြီး အကြောင်းအရာအသစ်များကို သိရှိခဲ့ရသဖြင့် ရင်ခုန်နှုန်းများ မြန်ဆန်လာရတော့သည်။
” ကြယ်တာရာ ယွမ်ယင်ဝိညာဉ်က တကယ်ကို အဲလောက်ကြီး အစွမ်းထက်တာလား ” ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ မြန်ဆန်လာရ၏။ သူသည် ထပ်ခါတလဲလဲ တွေးတောသုံးသပ်ခဲ့ပြီးသည့်တိုင်အောင် မယုံကြည်နိုင်လောက်အောင် ဖြစ်နေရဆဲပင်။ ကြယ်တာရာ ယွမ်ယင်ဝိညာဉ်အား တားမြစ်ပညာရပ်တစ်ခုအဖြစ် သတ်မှတ်ထားရခြင်းမှာ လေ့ကျင့်ရန် အလွန်အင်မတန်မှ ခက်ခဲသည်ဆိုသော အကြောင်းအရင်း တစ်ခုတည်းကြောင့်သာ မဟုတ်ဘဲ ၎င်းမှာ အလွန်အင်မတန်မှ အစွမ်းထက်နေသောကြောင့်လည်း ဖြစ်ပေသည်။
ကြယ်တာရာ ယွမ်ယင်ဝိညာဉ်မှာ ဂြိုဟ်တစ်လုံးနှင့် ရိုက်ခတ်ရာမှ ပေါ်ပေါက်လာသည် မဟုတ်ပါလော။ သို့ဖြစ်ရာ ၎င်းမှာ အခြား ယွမ်ယင်ဝိညာဉ်များ၌ မရှိသော ဂုဏ်သတ္တိတစ်ခုအား ပိုင်ဆိုင်ထား၏။ ၎င်း၏ ထို ယွမ်ယင်ဝိညာဉ်၏ မူပိုင် ဂုဏ်သတ္တိဟု ခေါ်ဆိုလျှင် ပို၍သင့်တော်ပေမည်။
ထို ဂုဏ်သတ္တိကြောင့် ကျင့်ကြံသူတစ်ယောက်မှာ ဂြိုဟ်တစ်လုံးနှင့် ပို၍ နီးကပ်နေလေလေ ပို၍ အစွမ်းထက်လာလေလေ ဖြစ်နေမည်သာ ဖြစ်သည်။ သူ၏ စွမ်းအားများကို ဂြိုဟ်များက လွှမ်းမိုးထား၏။ အမှတ်အတိုင်းဆိုရလျှင် ကြယ်တာရာ ယွမ်ယင်ဝိညာဉ် ပိုင်ရှင်များမှာ ဂြိုဟ်တစ်လုံး၏ အံ့ဩမှင်တက်ဖွယ်ရာ စွမ်းအားများကိုပင် စုပ်ယူနိုင်စွမ်းရှိသည်ဟု ဆိုနိုင်ပေသည်။ အချုပ်အားဖြင့်ဆိုရသော် ကြယ်တာရာ ယွမ်ယင်ဝိညာဉ်တစ်ခုအား ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူတစ်ယောက်မှာ ဂြိုဟ်တစ်လုံး၏ အနီးသို့ ရောက်နေသရွေ့ ကြောက်မက်ဖွယ်ရာ ပြိုင်ဘက်တစ်ယောက် ဖြစ်နေမည်သာဖြစ်သည်။
ထိုဂြိုဟ်၏ အရွယ်အစားနှင့် တမူထူးခြားသောအရည်အသွေးများအပေါ် မူတည်၍ ကြယ်တာရာ ယွမ်ယင်ဝိညာဉ်မှ ပေးစွမ်းနိုင်မည့် စွမ်းအားမှာ အမျိုးမျိုး ပြောင်းလဲသွားမည်ဖြစ်သည်။ ဝမ်ပေါင်လဲ့ လေ့လာသိရှိခဲ့ရသည့် အချက်အလက်များအရဆိုလျှင် ထိုကဲ့သို့ ရရှိနိုင်သည့် စွမ်းအားပမာဏမှာ အကန့်အသတ် မရှိပေ။ ဂြိုဟ်တစ်လုံး၏ အရွယ်အစားသာလျှင် အကန့်အသတ် ရှိပေသည်။
သို့ဖြစ်ရာ အဆုံးမရှိလောက်အောင် ကြီးမားကျယ်ပြောပြီး လုံးဝဖျက်ဆီး၍မရနိုင်သော ဂြိုဟ်ကြီးတစ်လုံးသာ ရှိနေမည်ဆိုလျှင် ဝမ်ပေါင်လဲ့မှာ ထိုဂြိုဟ်ကြီး၏ အနီးအနားတွင် ရှိနေသရွေ့ ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်နေမည်ဟု အတိုင်းအတာတစ်ခုအထိ သတ်မှတ်၍ရပေသည်။
၎င်းမှာ ဒဏ္ဍာရီလာ ယွမ်ယင်ဝိညာဉ် ငါးခုထဲက တစ်ခုဖြစ်သော တားမြစ်ပညာရပ် ကြယ်တာရာယွမ်ယင်ဝိညာဉ်မှ ပေးစွမ်းနိုင်သည့် စွမ်းအားဖြစ်ပေသည်။
” အံ့ဩစရာပါလား ” ဝမ်ပေါင်လဲ့မှာ ရင်ခုန်သံများ ဗြောင်းဆန်သွားပြီး အသက်ရှူသံများ မတည်မငြိမ်ဖြစ်လာတော့သည်။ သူသည် သူ၏ကံအား မယုံကြည်နိုင်လောက်အောင်ပင် ဖြစ်နေရ၏။ တစ်အောင့်ခန့် ကြာမြင့်သွားပြီးမှ သူသည် ရုတ်ခြည်းဆိုသလို အလွန်အင်မတန်မှ အစွမ်းထက်သွားသည့်အချက်ကို လက်ခံနိုင်သွားတော့သည်။ ထို့ကြောင့် သူသည် စိတ်ဓာတ်များတက်ကြွလာပြီး ခေါင်းမော့ကာ ဟက်ဟက်ပက်ပက် အော်ဟစ်ရယ်မောလိုက်တော့သည်။ သူ ကြုံတွေ့ခံစားခဲ့ရသည့် ဝေဒနာများအားလုံးမှာ ထိုက်တန်မှုရှိပေသည်။
” မိုးကောင်းကင်ကြီးက တကယ်ကို တရားမျှတတာပဲ။ ကမ္ဘာကြီးထဲမှာ ကြိုးစားစရာမလိုဘဲ အောင်မြင်မှုတွေ ရနေတဲ့လူတွေနဲ့ ကံကောင်းပြီးတော့ ပွပေါက်တိုးတဲ့လူတွေ အများကြီးရှိနေပေမဲ့… နဖူးကချွေး မြေကျအောင် ကြိုးစားတဲ့လူတွေကို ကံကြမ္မာကြီးက မျက်ကွယ်ပြုမထားပါဘူးကွ ”
မမလေးမှာ ဝမ်ပေါင်လဲ့၏ ကျေနပ်အားရနေသော မျက်နှာအမူအရာနှင့် သူ၏နှုတ်မှ ထွက်ပေါ်လာသည့် စကားလုံးများကို ကြားလိုက်ရသောအခါ ဆွံ့အသွားရ၏။ ထို့နောက် သူမသည် ဘာမှမတတ်နိုင်တော့သည့် အမူအရာဖြင့် သက်ပြင်းချကာ ဆိုလိုက်တော့သည်။
” နင်ပျော်ရင် ပြီးတာပါပဲ… ”
ဝမ်ပေါင်လဲ့မှာ မမလေး၏ ထေ့လုံးငေါ့လုံးများကို လျစ်လျူရှုလိုက်ပြီးနောက် မတ်တတ်ထလာ၏။ ထို့နောက် သူသည် ရင်ကော့ကာ လက်နှစ်ဖက်ကို နောက်ပစ်ရင်း မောက်မာဝင့်ကြွားနေသည့် အမူအရာဖြင့် နောက်ဆုံးနန်းတော်ကြီးအား မျက်စောင်းထိုး၍ လှမ်းကြည့်လိုက်တော့သည်။ ထိုအခါ သူ၏ မျက်ဝန်းများမှာ စူးရှတောက်ပသွားပြီး ခဏအကြာတွင် သူ၏ခန္ဓာကိုယ်ထဲမှ အစွမ်းထက်ကျင့်ကြံသူတစ်ယောက်၏ အငွေ့အသက်များ ထွက်ပေါ်လာသည်။
၎င်းမှာ အမြုတေအဆင့်ထက် သာလွန်သည့် ယွမ်ယင်အဆင့် အငွေ့အသက်တစ်ခု ဖြစ်ပေသည်။ သူ၏ ပတ်ပတ်လည်တွင် လေမုန်တိုင်းတစ်ခု တိုက်ခတ်နေပြီး ထိုလေမုန်တိုင်းကြီးထဲတွင် ကြယ်အလင်းရောင်များ တလက်လက် တောက်ပနေ၏။ ဝမ်ပေါင်လဲ့မှာ သူ၏ ကျင့်ကြံခြင်းစွမ်းအား အကုန်လုံးကို ထုတ်လွှတ်လိုက်သဖြင့် ထိုဝိညာဉ်စွမ်းအင်များမှာ ပို၍ပင်အားကောင်းလာတော့သည်။ နောက်ဆုံးတွင် သူ၏ ဝိညာဉ်ချီများမှာ ပုံရိပ်ယောင် အရိပ်တစ်ခုပုံစံ ပြောင်းသွားပြီး ဝမ်ပေါင်လဲ့၏ ယွမ်ယင်ဝိညာဉ်အဖြစ် ပေါ်ပေါက်လာတော့သည်။
ထို ပုံရိပ်ယောင်လေး၏ ပေါ်ပေါက်လာမှုကြောင့် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့မှာ တုန်ရီသွားရ၏။ ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်တွင် ရှိနေသော လေမုန်တိုင်းကြီးမှာလည်း ပို၍အားကောင်းလာသောကြောင့် လေပြင်းများ တရွှီးရွှီးနှင့် စတင်တိုက်ခတ်လာတော့သည်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ မျက်လုံးများ အရောင်လက်သွားပြီး အသံကုန်အော်ဟစ်ကာ ရုတ်တရက်ဆိုသလို ရှေ့သို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားလိုက်တော့သည်။
ထို့ကြောင့် လေထဲတွင် ရွှီးခနဲမြည်သွားပြီး သူ၏ နောက်တွင် ပုံရိပ်ယောင်များ ကျန်ရစ်ခဲ့တော့သည်။ သူသည် တတိယ နန်းတော်ကြီးဆီသို့ ဦးတည်သွားနေခြင်းဖြစ်သည်။ သူသည် ၎င်း၏အနီးသို့ ရောက်သွားသောအခါ အသံကုန်အော်ဟစ်လိုက်ပြီး နတ်ဘုရားလက်နက် လက်ကြီးအား ထုတ်သုံးကာ သူ၏လက်သီးဖြင့် ထိုးနှက်လိုက်တော့သည်။
” ကွဲအက်စေ ”
ထိုအခါ လေထဲတွင် ထစ်ချုံးသံကြီးတစ်သံ ပဲ့တင်ထပ်သွား၏။ ထို့နောက် နာကြည်းမှုများဖြင့် ပြည့်နှက်နေသည် အော်သံကြီးတစ်သံ ထွက်ပေါ်လာတော့သည်။ ဝမ်ပေါင်လဲ့မှာ နောက်သို့အရှိန်အဟုန်ဖြင့် လွင့်ထွက်သွားပြီး မြေကြီးပေါ်သို့ ဘိုင်းခနဲ ပြုတ်ကျသွားခြင်းဖြစ်သည်။ သူ အောက်သို့ ပြုတ်ကျသွားချိန်တွင် မြေကြီးမှာ တုန်ရီသွားရပြီး ချိုက့်ခွက်ကြီးတစ်ခု ပေါ်ပေါက်လာ၏။
ထို့နောက် အရာအားလုံးမှာ ငြိမ်သက်သွား၏။ တစ်ခဏမျှ ကြာမြင့်သွားပြီးမှ ဝမ်ပေါင်လဲ့မှာ ထိိုချိုင့်ခွက်ကြီးထဲမှ ရုပ်ပျက်ဆင်းပျက်ဖြင့် လေးဘက်ထောက်ကာ ပြန်ထွက်လာသည်။ သူသည် သနားစဖွယ် အမူအရာဖြင့် တတိယ နန်းတော်ကြီးအား ကြည့်ကာ တဆစ်ဆစ် နာကျင်ကိုက်ခဲနေသော သူ၏ ညာဘက်လက်ကောက်ဝတ်အား ခါယမ်းလိုက်ပြီးနောက် သက်ပြင်းချမိသွားတော့သည်။
” ငါ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းမိသွားပြန်ပြီ… ”
ဝမ်ပေါင်လဲ့မှာ သူ၏ လက်ကောက်ဝတ်အား ပွတ်ကာ တတိယ နန်းတော်ကြီးအား မကျေမနပ်ဖြစ်နေသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်နေမိတော့သည်။ သူသည် လက်ဗလာဖြင့် လှည့်ထွက်သွားပါက အများကြီး နစ်နာဆုံးရှုံးလိုက်ရမည်သာ ဖြစ်သည်။ ရှေ့ဆုံး နန်းတော်နှစ်ခုမှ သူ ရရှိခဲ့သည့် အကျိုးအမြတ်များမှာ မက်လောက်စရာ ကောင်းနေခဲ့သည် မဟုတ်ပါလော။ သို့ဖြစ်ရာ တတိယနန်းတော်ကြီးထဲမှ ရရှိနိုင်မည့် ဆုလာဘ်များမှာလည်း အလားတူပင် ဖြစ်လောက်ပေသည်။
” ဘယ်လိုနည်းနဲ့ အထဲဝင်ရပါ့… ငါက အရည်အချင်း မပြည့်မီဘူး ဖြစ်နေတာ ” ဝမ်ပေါင်လဲ့မှာ စဉ်းစားတွေတောနေမိတော့သည်။ သူသည် အရည်အချင်း ပြည့်မီခဲ့သောကြောင့် ပထမနန်းတော်ကြီးထဲသို့ ဝင်နိုင်ခဲ့ခြင်းဖြစ်ပြီး လီဝူချန်း၏ ယခင်ဘဝမှ အရိုးများကို အသုံးပြုခဲ့သောကြောင့် ဒုတိယနန်းတော်ကြီးထဲသို့ ဝင်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။
” တာအိုဂိုဏ်းသားတစ်ယောက်တောင် ဒီ နန်းတော်ကြီးထဲ ဝင်ခွင့်မရှိဘူးဆိုတော့ သူ့ထက်အဆင့်မြင့်တဲ့ လူတွေပဲ ဝင်ခွင့်ရမှာလား ” ဝမ်ပေါင်လဲ့မှာ ထိုသို့ တွေးတောနေ၏။ သူ သိထားသလောက်ဆိုလျှင် ကျယ်ပြန့်တာအိုနန်းတော်ထဲ၌ အကြီးအကဲတစ်ယောက်သာလျှင် တာအိုဂိုဏ်းသားတစ်ယောက်ထက် အဆင့်ပိုမြင့်ပေသည်။ သို့သော် သာမန် အကြီးအကဲတစ်ယောက်၏ အဆင့်မျိုးနှင့် ဝင်ခွင့်ရနိုင်မည် မဟုတ်ပေ။ မဟာအကြီးအကဲ သို့မဟုတ် မဟာထိပ်သီး အကြီးအကဲတစ်ယောက် ဖြစ်နေမှသာ ရလောက်ပေမည်။
” ငါက အဲ့လိုလူတွေကို ဘယ်မှာသွားရှာရမှာလဲဟ ” ဝမ်ပေါင်လဲ့မှာ ကြံရာမရဖြစ်ကာ လက်လျှော့ချင်စိတ်များ ပေါ်ပေါက်လာ၏။ ထိုအချိန်တွင် သူသည် မျက်လုံးများအရောင်လက်သွားပြီး သူ၏ အသိစိတ်ထဲ၌ ပုံရိပ်ပေါင်းမြောက်မြားစွာ ပေါ်ပေါက်လာတော့သည်။ သူ၏ အတွေးထဲ၌ နောက်ဆုံးထင်ကျန်ရစ်နေသည့် ပုံရိပ်မှာ သွေးပင်လယ်ကြီးထဲ၌ လဲလျောင်းနေခဲ့သည့် ဧရာမ ရုပ်အလောင်းကြီးတစ်ခု ဖြစ်ပေသည်။ ၎င်းမှာ အလွန်အင်မတန်မှ အစွမ်းထက်သော စွမ်းအားများကို ထုတ်လွှတ်နေခဲ့ပြီး ၎င်း၏ ဘေးပတ်ပတ်လည်မှ ဟင်းလင်းပြင် အက်ကွဲကြောင်းများပင်လျှင် ၎င်းအပေါ် အကျိုးသက်ရောက်နိုင်စွမ်း မရှိခဲ့ပေ။
ဝမ်ပေါင်လဲ့မှာ ထာဝရစင်မြင့်အား ပထမဆုံးအကြိမ်အဖြစ် အသုံးပြုခဲ့စဉ်တုန်းက ၎င်းအား မြင်ခဲ့ရခြင်း ဖြစ်ပေသည်။ ထိုမြင်ကွင်းကြီးကြောင့် သူသည် အံ့ဩတုန်လှုပ်သွားခဲ့ရ၏။ ထိုစဉ်တုန်းက သူသည် ထိုရုပ်အလောင်းကြီးမှာ အလွန်အင်မတန်မှ အရေးပါသော လူတစ်ယောက်၏ ရုပ်အလောင်းကြီး ဖြစ်ရမည်ဟု တွေးနေခဲ့သည် မဟုတ်ပါလော။
ဝမ်ပေါင်လဲ့မှာ ထို ရုပ်အလောင်းကြီး အကြောင်းကို တွေးမိလိုက်သောအခါ ရင်ခုန်သံများ တစ်ခဏမျှ ရပ်တန့်သွားရ၏။ ထို့နောက် သူသည် ဆုံးဖြတ်ချက်ချလိုက်တော့သည်။
” ငါ အဲဒီ ရုပ်အလောင်းကြီးကို တွေ့အောင်ရှာပြီးတော့ သူ့ဆီက အသားနည်းနည်းလောက် ဖဲ့ယူခဲ့လိုက်မယ်။ သူ့ရဲ့ သွေးတွေကိုပါ ယူနိုင်မယ်ဆိုရင် ပိုကောင်းတယ်။ သူ့ရဲ့ အငွေ့အသက်တွေနဲ့ဆိုရင် ဒီ တတိယ နန်းတော်ကြီးကို ဖွင့်နိုင်လောက်တယ် ” ဝမ်ပေါင်လဲ့မှာ ထိုသို့ တွေးလိုက်ပြီးနောက် နောက်သို့လှည့်သွားပြီး ထာဝရစင်မြင့်အား ရှာဖွေရန် ချက်ချင်းပင် ပြေးထွက်သွားလိုက်တော့သည်။
ရှေးဟောင်းဓားကြီးပေါ်ရှိ ကျယ်ပြန့်တာအိုနန်းတော်မှာ အလွန်အင်မတန်မှ ကြီးမားကျယ်ပြန့်သောကြောင့် ထာဝရစင်မြင့်ပေါင်း မြောက်မြားစွာ ရှိပေသည်။ မိုးကောင်းကင်နှင့်ကမ္ဘာမြေကြီး ပြိုလဲပျက်စီးသွားခဲ့စဉ်တုန်းက အချို့သော စင်မြင့်များမှာ ပျက်စီးသွားပါသော်လည်း ဓားထိပ်ပိုင်းတွင် အမြောက်အမြား ကျန်ရှိနေဆဲပင်။ ထို့ကြောင့် သိပ်မကြာခင်တွင် ဝမ်ပေါင်လဲ့မှာ ထာဝရစင်မြင့်တစ်ခုအား ရှာတွေ့သွား၏။ ထို့နောက် ဝမ်ပေါင်လဲ့မှာ အရှက်မရှိ အောက်ကျို့ကာ မမလေးအား ပူဆာခဲ့သဖြင့် မမလေးမှာ သူ့အား ထာဝရစင်မြင့်များအား အသုံးပြုနိုင်သည့် နည်းလမ်းကို သင်ကြားပေးလိုက်တော့သည်။ ခဏအကြာတွင် ထို ထာဝရစင်မြင့်မှာ စတင်တုန်ရီလာ၏။ ထို့နောက် မီးခိုးငွေ့များ ကောင်းကင်ပေါ်သို့ ထိုးတက်သွားပြီး ဝမ်ပေါင်လဲ့မှာလည်း ထို မီးခိုးငွေ့များနှင့်အတူ လိုက်ပါသွားတော့သည်။
သူသည် ထို ရုပ်အလောင်းကြီးအား ရှာတွေ့ခဲ့သည့်နေရာကို ခပ်ရေးရေးခန့် မှတ်မိနေ၏။ ထို့ကြောင့် ယခုတွင် သူသည် ထာဝရစင်မြင့်ကြီးအား ပို၍ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်စွမ်းရှိနေပြီဖြစ်ရာ နေ့ဝက်အတွင်းတွင် သူ လိုက်ပါစီးနင်းလာသည့် မီးခိုးငွေ့များမှာ ထို သွေးပင်လယ်ကြီးဆီသို့ ရောက်ရှိလာတော့သည်။
သူ၏အောက်တွင် ရှိနေသော သွေးပင်လယ်ကြီးထဲမှ သွေးချီများ ထွက်ပေါ်နေပြီး ကောင်းကင်ယံထဲတွင်မူ အနီရောင် လျှပ်စီးတန်းများ တလက်လက်ထကာ မိုးခြိမ်းသံများ အဆက်မပြတ် မြည်ဟည်းနေ၏။ သွေးပင်လယ်ကြီး၏ အလယ်တွင်မူ ဧရာမ ရုပ်အလောင်းကြီးတစ်ခုမှာ နတ်ဘုရားတစ်ပါးကဲ့သို့ ဟိတ်ဟန်အပြည့်ဖြင့် ရှိနေသည်။
၎င်းမှာ အသက်မရှိတော့ပါသော်လည်း ၎င်း၏ အားကောင်းသော အငွေ့အသက်များမှာ ကျန်ရစ်နေဆဲပင်။ ထို အငွေ့အသက်များမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့နေပြီး ၎င်း၏ ပတ်ပတ်လည်တွင် ရှိနေသော ဟင်းလင်းပြင်အက်ကွဲကြောင်းများအား ဖိနှိပ်နေ၏။