ဓားအလင်းရောင် တစ်ချက်မျှ ဝှေ့ယမ်းသွားရုံနှင့် လက်ကြီးမှာ တိခနဲ ပြတ်တောက်သွားရ၏။ ဝမ်ပေါင်လဲ့ဆီသို့ ဦးတည်လာနေသည့် အနီရောင် အကြေးခွံများနှင့် လက်ကြီးမှာ လက်ကောက်ဝတ်မှနေ၍ ဖြတ်တောက်ခံလိုက်ရပြီ ဖြစ်သည်။ ထိုအခါ ၎င်း၏ လက်ဖဝါးမှာ တစ်စစီ ကြေမွပျက်စီးသွားကာ သွေးအမျှင်အတန်းများအဖြစ် ပြောင်းလဲသွားပြီးနောက် လက်ပြတ်ကြီးဆီသို့ ပြန်လည်ဦးတည်သွားတော့သည်။
သို့သော် ထိုသို့ ဖြစ်လာမည် မဟုတ်ပေ။ လက်ကြီးအား ဖြတ်တောက်ပစ်ခဲ့သည့် ဓားကြီးမှာ နောက်ထပ်တစ်ကြိမ်ထပ်၍ လင်းလက်တောက်ပလာပြီးနောက် အလွန်အင်မတန်မှ အားကောင်းသော စွမ်းအားတစ်မျိုးမှာ အရှိန်အဟုန်ဖြင့် ကျဆင်းလာပြန်သည်။ ထို့ကြောင့် မျက်လုံးဖြင့်မမြင်နိုင်သည့် လက်ကြီးတစ်ဖက်မှာ လက်ပြတ်ကြီးဆီသို့ ပြန်လည်ဦးတည်သွားနေသည့် ထို သွေးအမျှင်အတန်းများအား ဝှေ့ယမ်းလိုက်သကဲ့သို့ပင်။
ထိုအခါ ထို သွေးအမျှင်အတန်းများမှာ ချက်ချင်းဆိုသလိုပင် လမ်းကြောင်းပြောင်းသွားပြီး ဝမ်ပေါင်လဲ့ဆီသို့ ဦးတည်သွားကြတော့သည်။ ထိုလက်ကြီး၏ မူရင်းပိုင်ရှင်၏ စိတ်ဆန္ဒအကြွင်းအကျန်များမှာ ပျောက်ကွယ်သွားကြပြီဖြစ်ရာ ယခုတွင် ထို သွေးအမျှင်အတန်းများကို မည်သူကမှ ပိုင်ဆိုင်ထားခြင်းမရှိတော့ပေ။ ထို့ကြောင့် ၎င်းတို့မှာ ထူးဆန်းသောစွမ်းအားတစ်မျိုးကို ထုတ်လွှတ်ရင်း အာဟာရဓာတ်တစ်မျိုးအဖြစ် ပြောင်းလဲသွားတော့သည်။ ထို့နောက် ၎င်းတို့မှာ ဝမ်ပေါင်လဲ့၏ လျှပ်စီးအမြုတေ၊ အမှောင်အမြုတေနှင့် သူ၏ အပြင်ခန္ဓာကိုယ်တို့ဖြင့် ဝင်တိုက်သွားပြီးနောက် ထိုသုံးခုစလုံးထဲသို့ ရှောရှောရှူရှူ ဝင်ရောက်သွားကြတော့သည်။
၎င်းတို့၏ ဝင်ရောက်လာကြမှုကြောင့် ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး တုန်ရီသွားရ၏။ သူသည် ဂြိုဟ်ကြီးအား ရပ်တန့်နိုင်ရန်အတွက် စွမ်းအင်အကုန်လုံး ထုတ်သုံးခဲ့ရသည့်အတွက် အားပြတ်ကာ မောပန်းနွမ်းနယ်နေသညိ မဟုတ်ပါလော။ သို့သော်လည်း ယခုတွင်မူ သူသည် ရုတ်တရက်ဆိုသလို အစွမ်းထက်ဆေးလုံးများ သောက်သုံးလိုက်ရသကဲ့သို့ ခံစားလိုက်ရတော့သည်။ ထို့ကြောင့် သူ၏ အသိစိတ်မှာ ချက်ချင်းဆိုသလိုပင် ကြည်လင်ပြတ်သားသွား၏။ ထို ပြောင်းလဲမှုကြီးမှာ ရုတ်ခြည်းဆန်လွန်းနေသောကြောင့် အံ့ဩမှင်တက်ဖွယ်ရာ ကောင်းနေပါသော်လည်း သူသည် ထိုအကြောင်းအား စဉ်းစားတွေးတောနေရန် အချိန်မရှိပေ။ သူ၏ ခန္ဓာကိုယ်ထဲသို့ ဖြတ်သန်းစီးဆင်းသွားသည့် သွေးများထဲ၌ သက်စောင့်စွမ်းအားများမှာ စိတ်ကူးများဖြင့်မှန်းဆ၍ မရနိုင်လောက်အောင် ကိန်းအောင်းနေကြ၏။
ထို သက်စောင့်စွမ်းအားများမှာ သူ၏ လျှပ်စီးအမြုတေနှင့် အမှောင်အမြုတေတို့အား အာဟာရဓာတ် ဖြည့်တင်းပေးလိုက်သောကြောင့် ၎င်းတို့မှာ သူ၏ အသိစိတ်ထဲ၌ သမုဒ္ဒရာကြီးတစ်စင်းအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ သူ၏ ခေါင်းထဲတွင်မူ တဒုန်းဒုန်းမြည်သံကြီးများဖြင့် ပြည့်နှက်နေ၏။ သူသည် အသံကုန်အော်ဟစ်ကာ ထို သက်စောင့်စွမ်းအားများအားလုံးကို အသုံးပြု၍ ဖောက်ထွက်နိုင်ရန် ကြိုးစားလိုက်တော့သည်။
” ဖောက်ထွက်စမ်း ”
သူ၏ ခန္ဓာကိုယ်ထဲ၌ ကြယ်တာရာယွမ်ယင်ဝိညာဉ် စတင်ပေါ်ပေါက်လာသောကြောင့် သူ၏ကိုယ်ထဲမှ အလင်းရောင်များ ထွက်ပေါ်လာ၏။ ခဏအကြာတွင် ကြယ်တာရာယွမ်ယင်ဝိညာဉ်တစ်ခု၏ စွမ်းအားများမှာ သူ၏ ခန္ဓာကိုယ်ထဲမှ ထိုးထွက်လာတော့သည်။ ထိုအချိန်တွင် သူသည် ကြယ်တစ်လုံးအဖြစ် ပြောင်းလဲသွားသကဲ့သို့ ဖြစ်သွားပြီး သူ၏ ဝိညာဉ်ချီမှာလည်း အဆက်မပြတ် ပို၍အားကောင်းလာတော့သည်။
သူ၏ အသိစိတ်ထဲတွင်မူ ထစ်ချုန်းသံများ ပဲ့တင်ထပ်နေပြီး သူ၏ အငွေ့အသက်များမှာ ကောင်းကင်ပေါ်အထိ ထိုးတက်သွား၏။
သူသည် သူ၏ ခန္ဓာကိုယ်ထဲရှိ စွမ်းအားများ တဖြည်းဖြည်းနှင့် ပို၍ ကြီးထွားလာနေသည်ကို အာရုံခံမိနေသည်။ ထို့ကြောင့် သူသည် အသက်ရှူသံများ မြန်ဆန်လာပြီး သူ၏ ခန္ဓာကိုယ်ထဲရှိ စွမ်းအားများအားလုံးကို ထုတ်လွှတ်ကာ ဖောက်ထွက်နိုင်ရန် ကြိုးစားလိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာ စတင်ပေါ်ပေါက်လာတော့မည် ကြယ်တစ်လုံးနှင့် တူနေ၏။ သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာနေသည့် အလင်းရောင်များမှာ တဖြည်းဖြည်းနှင့် ပို၍ အရွယ်အစားကြီးမားလာပြီး လင်းလက်တောက်ပလာကြပြီ ဖြစ်သည်။ ခဏအကြာတွင် သူ၏ရှေ့တွင် ရှိနေသော ဂြိုဟ်ကြီးမှာ စတင်တုန်ရီလာတော့သည်။ ဝမ်ပေါင်လဲ့၏ ကြယ်ထဲမှ စွမ်းအားများမှာ အလုံးအရင်း ထွက်ပေါ်လာတော့မည် ဖြစ်သည်။
ထို အဖြစ်အပျက်အားလုံးမှာ နှေးကွေးနေသည့်ပုံ ပေါက်နေပါသော်လည်း လက်တွေ့တွင်မူ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့၏။ သူ၏ ကြယ်ထဲမှ စွမ်းအားများအားလုံး အလုံးအရင်းနှင့် ထွက်ပေါ်လာခါနီးဆဲဆဲမှာပင်…
ကြယ်ရောင်စုံများဖြင့် လင်းလက်တောက်ပနေသော အာကာသကြီးထဲ၌ နာကြည်းမှုများဖြင့် ပြည့်နှက်နေသည့် အော်ဟစ်သံကြီးတစ်သံ ထွက်ပေါ်လာသည်။ ထိုအော်သံကြီးမှာ ကြောက်မက်ဖွယ်ရာကောင်းလှပေသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့၏ ဝိညာဉ်စွမ်းအင်များမှာ ချက်ချင်းဆိုသလိုပင် မတည်မငြိမ်ဖြစ်သွားရ၏။
” မင်းက ပေးစရာရှိတာ ပေးပြီးသွားတာကို ဘာလို့ မပြန်သေးတာလဲကွ။ ဘာလဲ။ ညစာစားချင်လို့ စောင့်နေတာလား ” ချန်ရှင်း၏ အေးစက်စက်စကားသံကြီးမှာ လေထဲ၌ ချက်ချင်းဆိုသလိုပင် ပဲ့တင်ထပ်သွား၏။ ထို့နောက် ဓားအလင်းရောင်တစ်ခု ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာပြီး ချက်ချင်းပြန်လည်ပျောက်ကွယ်သွားသည်။ ခဏအကြာတွင် သနားစရာကောင်းသည့် အော်ဟစ်မြည်တမ်းသံများ ထွက်ပေါ်လာတော့သည်။
” ထွက်သွားစမ်း။ နောက်ထပ် အသံတစ်သံ ထပ်ထွက်ရဲထွက်ကြည့်။ ငါ မင်းကို သတ်ပစ်မယ် ” ချန်ရှင်းမှာမူ နှာမှုတ်ကာ အေးစက်စက်လေသံဖြင့် ဆိုလိုက်၏။
ထိုအခါ ဟင်းလင်းပြင်ကြီးတစ်ခုလုံးမှာ တုန်ရီသွားပြီး သူတို့ရှိနေသည့် နေရာကြီးမှာလည်း သိမ့်သိမ့်တုန်သွား၏။ ထို့နောက် ထို အော်ဟစ်သံကြီးမှာလည်း ရုတ်တရက်ဆိုသလို ရပ်တန့်သွားတော့သည်။ ၎င်းမှာ အမျက်ချောင်းချောင်းထွက်ကာ မကျေမချမ်းဖြစ်နေသည့်တိုင်အောင် အသံမထွက်ရဲတော့သဖြင့် ထိုနေရာမှ ထွက်ခွာသွားရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
လက်ပြတ်ကြီးမှာလည်း ထိုအငွေ့အသက်ကြီးနှင့်အတူ ပျောက်ကွယ်သွား၏။ ထို့ကြောင့် ထို အမည်မသိ သတ္တဝါကြီးမှာ ထိုနေရာ၌ လုံးဝမရှိခဲ့သည့်ပုံပင်။ ခဏအကြာတွင် ထို နေရာကြီးတစ်ခုလုံးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။
ဝမ်ပေါင်လဲ့မှာ သူ့အား တားဆီးမည့်လူ မရှိတော့သဖြင့် အာကာသကြီးထဲ၌ ပဲ့တင်ထပ်သွားအောင် အသံကုန် အော်ဟစ်လိုက်တော့သည်။ သူ၏ ခန္ဓာကိုယ်အပြင်ဘက်၌ စုဝေးနေကြသည့် အလင်းရောင်များမှာလည်း ဝင်းလက်တောက်ပလာကြပြီး အရပ်မျက်နှာအနှံ့သို့ ပြန့်ထွက်သွားကြ၏။ ထိုအလင်းရောင်များမှာ မျက်စိကျိန်းစရာကောင်းလောက်အောင် စူးရှတောက်ပနေပြီး မိုင်ပေါင်းများစွာအထိ ဖုံးလွှမ်းထားသည်။ ထို အလင်းစက်လုံးကြီးမှာ နေမင်းကြီးကဲ့သို့ လင်းလက်တောက်ပနေ၏။ ထိုအချိန်တွင် အာကာသကြီးထဲ၌ အက်ကွဲသံများ ပဲ့တင်ထပ်သွားတော့သည်။
” ဖောက်ထွက်တော့လို့ ငါပြောနေတယ်လေ ” ဝမ်ပေါင်လဲ့တစ်ယောက် ထိုသို့ အသံကုန်အော်ဟစ်လိုက်သောအခါ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ အမြုတေထိပ်ဆုံးအဆင့်မှ ယွမ်ယင်အဆင့်သို့ ချက်ချင်းဖောက်ထွက်သွားတော့သည်။
သူ ယွမ်ယင်အဆင့်သို့ ရောက်ရှိသွားသည်နှင့် ကြယ်တစ်လုံး၏ စွမ်းအားများမှာ ကောင်းကင်ပေါ်သို့ ထိုးတက်သွား၏။ လင်းလက်တောက်ပနေသည့် အလင်းစက်လုံးကြီးထဲတွင် လူပုလေးတစ်ယောက် သူ၏ခြေလက်များအား ဆန့်တန်းထားသည်ကို မြင်နိုင်ပေသည်။ ၎င်းမှာ ယွမ်ယင်ဝိညာဉ် ဖြစ်သည်။
ဒဏ္ဍာရီလာ ယွမ်ယင်ဝိညာဉ်ငါးခုထဲမှ တစ်ခုဖြစ်သည့် တားမြစ်ပညာရပ် ကြယ်တာရာယွမ်ယင်ဝိညာဉ် ဖြစ်ပေသည်။
ဝမ်ပေါင်လဲ့မှာ သူ၏ ခန္ဓာကိုယ်ထဲ၌ ယခင်တုန်းကနှင့် လုံးဝမတူသော စွမ်းအားများ ပေါ်ပေါက်လာသည်ကို အာရုံခံမိလိုက်၏။ သူသည် ကြယ်တာရာများကို ထိန်းချုပ်ကာ အာကာသကြီးထဲ၌ လှည့်လည်သွားလာနိုင်စွမ်း ရှိသွားသကဲ့သို့ ခံစားနေရသဖြင့် အသက်ရှူသံများ မြန်ဆန်လာရတော့သည်။ ထိုအချိန်တွင် သူသည် ခပ်လှမ်းလှမ်း၌ သူရင်းရင်းနှီးနှီး မှတ်မိနေသော လူရိပ်တစ်ခုအား လှမ်းမြင်လိုက်ရ၏။ ထိုပုဂ္ဂိုလ်မှာ သူ၏လက်ထဲ၌ ဘူးသီးခြောက်တစ်လုံး ကိုင်ထားပြီး ဝမ်ပေါင်လဲ့အား လက်ပြနှုတ်ဆက်နေသည့်ပုံပင်။
” ဂိုဏ်းတူအစ်ကိုကြီး… ” ထို့မြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများပြူးသွားရပြီး ရေရွတ်မိလိုက်၏။ ထိုလူရိပ်ကြီးမှာ သူ့အား စကားထပ်ပြောခွင့် မပေးဘဲ သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ဝမ်ပေါင်လဲ့၏ ရှေ့တွင်ရှိနေသော ဂြိုဟ်ကြီးနှင့် ဟင်းလင်းပြင်ကြီးတို့မှာ စတင်တုန်ရီလာကြ၏။ ထို့နောက် ၎င်းတို့မှာ ဝမ်ပေါင်လဲ့၏ရှေ့တွင် မှုန်ဝါးဝါးဖြစ်သွားကြပြီးနောက် အစိတ်စိတ်အမြွှာမြွှာ ကြေမွပျက်စီးသွားကြတော့သည်။
ထိုအခါ အလွန်အင်မတန်မှအားကောင်းသော စွမ်းအားတစ်မျိုးမှာ ဝမ်ပေါင်လဲ့အား လွှမ်းခြုံသွားပြီး သူ့အား အောက်သို့ ဆွဲခေါ်သွားလိုက်၏။ ထို့နောက် ထိုစွမ်းအားမှာလည်း ပျောက်ကွယ်သွားပြန်သည်။
သို့သော် ထိုစွမ်းအား အပြီးတိုင်ပျောက်ကွယ်မသွားခင် ရီဝေဝေဖြစ်နေသော ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ ချန်ရှင်း၏ စကားသံတစ်သံ ပေါ်ထွက်လာသည်။
” ချစ်ရတဲ့ ဂိုဏ်းတူညီလေး။ မင်းဆီမှာ အချိန်သိပ်မကျန်တော့ဘူး။ သိပ်မကြာခင်မှာ… အစ်ကို မင်းကို လာခေါ်မယ် ”
ထို့နောက် ဟင်းလင်းပြင်ကြီးမှာ ပျောက်ကွယ်သွားပြီး အရာအားလုံးမှာ မည်းမှောင်သွားတော့သည်။ ချန်ရှင်းမှာမူ ဘူးသီးခြောက်အား နှုတ်ခမ်းပေါ်၌ တေ့ကာ တစ်ကျိုက်မော့သောက်လိုက်၏။ ထို့နောက် သူသည် ကျေနပ်အားရနေသည့် အမူအရာဖြင့် နောက်သို့လှည့်သွားပြီး သီချင်းဆိုနေလိုက်တော့သည်။
” မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီး ကွဲကွာသွားတဲ့အချိန် ကံကြမ္မာစက်ဝန်း ရပ်လိမ့်မယ်…. ”
” ပစ္စုပ္ပန်မှာ နာကျင်နေရတဲ့လူက အတိတ်ကအကြောင်းကို သိလိမ့်မယ်…. ”
” ပစ္စုပ္ပန်မှာ ကြိုးစားနေတဲ့လူက အနာဂတ်အကြောင်းကို သိလိမ့်မယ်… ”
သူသည် ထိုသီချင်းအား သီဆိုရင်း အမှောင်ထုထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားခါနီးတွင် ရုတ်တရက်ဆိုသလို ခြေလှမ်းများ ရပ်တန့်သွား၏။ ထို့နောက် သူသည် တစ်စုံတစ်ခုအား သတိထားမိလိုက်သည့် အမူအရာဖြင့် နောက်သို့လှည့်လာပြီး အဝေးသို့လှမ်း၍ ငေးကြည့်နေလိုက်တော့သည်။
သူ၏ အကြည့်မှာ အာကာသကြီးကို ကျော်ဖြတ်ကာ နေအဖွဲ့အစည်းထဲရှိ ရှေးဟောင်းဓားကြီးပေါ်သို့ ကျရောက်သွား၏။ သူသည် အချိန်အတော်အတန်ကြာအောင် စိုက်ကြည့်နေလိုက်ပြီးမှ ရုတ်တရက်ဆိုသလို ရယ်မောလိုက်တော့သည်။
” ကြယ်သန္ဓေတာအိုလေးတစ်ခုလောက် ပိုင်ဆိုင်ထားတာကို ဒီလောက်အထိ မောက်မာနေရတယ်လို့။ ထားပါတော့လေ။ သူ အရွယ်ရောက်လာတဲ့အချိန် ငါ့ရဲ့ ဂိုဏ်းတူညီလေးအတွက် အထောက်အကူဖြစ်နိုင်တာပေါ့။ မဆိုးပါဘူး ” ချန်ရှင်းမှာ ထိုသို့တွေးကာ ပြုံးမိသွား၏။ ထို့နောက် သူသည် နောက်သို့ပြန်လှည့်ကာ အဝေးသို့ ထွက်ခွာသွားပြီး အမှောင်ထုထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။
ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာရှေးဟောင်းဓားကြီးပေါ်ရှိ နန်းတော်ကြီးသုံးခုထဲမှ တာအိုဂိုဏ်းသားနန်းတော်၏ အပြင်ဘက်၌ ပြန်လည်ပေါ်ပေါက်လာ၏။ သူသည် ချက်ချင်းဆိုသလိုပင် ခေါင်းမော့ကာ သူ၏ ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည်ရှုလိုက်ပြီးနောက် အသက်ရှူသံများ မြန်ဆန်လာရတော့သည်။
” ဂိုဏ်းတူအစ်ကိုကြီး ” ဝမ်ပေါင်လဲ့မှာ တိုးတိုးလေး ရေရွတ်လိုက်ပြီး နှုတ်ဆိတ်သွား၏။ ထို့နောက် သူသည် သူတို့ စစ်သင်္ဘောကြီးဆီသို့ စတင်ထွက်ခွာလာခဲ့သည့် နေ့မှစ၍ ယခုအချိန်အထိ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြန်လည် တွေးတောကြည့်လိုက်တော့သည်။ သူသည် ထိုကဲ့သို့ သေသေချာချာ စဉ်းစားတွေးတောလိုက်ပြီးနောက် အချို့သော ကိစ္စများမှာ အဓိပ္ပါယ်မရှိကြောင်း သတိထားမိသွား၏။ အထူးသဖြင့် သူနှင့် တာအိုဘုန်းတော်ကြီးယိုရန်တို့၏ နောက်ဆုံးတိုက်ပွဲကြောင့် သူသည် အခြေအနေကြီးတစ်ခုလုံးအား ပို၍ပင် နားလည်လာရ၏။
ဝမ်ပေါင်လဲ့မှာ အတွေးများထဲ၌ နစ်မျောနေသောကြောင့် မျက်နှာဖုံးထဲတွင် မမလေးတစ်ယောက် အံ့ဩတုန်လှုပ်နေရသည်ကို သတိမထားမိနိုင်ပေ။
” ဒီ ဖက်တီးလေးက…. တကယ်ပဲ ကြယ်တာရာယွမ်ယင်ဝိညာဉ်တစ်ခုကို ဖန်တီးနိုင်ခဲ့တာပါလား ”
” အရူးတွေပဲ အဲဒီ ယွမ်ယင်ဝိညာဉ်ကို လေ့ကျင့်တာဆိုပြီးတော့ ငါ့အဖေက ပြောခဲ့ဖူးတယ်။ ဒီ ဖက်တီးစုတ်ကတော့ကွာ… ” မမလေးမှာ အသိစိတ်ပျောက်လုမတတ် ဖြစ်နေရ၏။ သူမသည် မနာလိုဖြစ်နေခြင်း မဟုတ်ဘဲ သူမ ပြောမိခဲ့သည့် စကားများကို ပြန်၍ မှတ်မိသွားသောကြောင့်ဖြစ်သည်။ သူမ ပြောလိုက်သည့်စကားတိုင်း လက်တွေ့လောကတွင် အမှန်တကယ် ဖြစ်လာသောကြောင့် သူမသည် မယုံကြည်နိုင်လောက်အောင် ဖြစ်နေရ၏။ သူမ၏နှုတ်မှ ‘ လုံးဝ မဖြစ်နိုင်ဘူး ‘ဟု ဆိုခဲ့သည့် အရာများကို ဝမ်ပေါင်လဲ့မှာ နည်းလမ်းအမျိုးမျိုးဖြင့် လုပ်ပြနေသည် မဟုတ်ပါလော။ ထို့ကြောင့် မမလေးမှာ အနည်းငယ်ခန့်ပင် ထိတ်လန့်ကြောက်ရွံ့လာရတော့သည်။
” ဘာမှ ကြီးကြီးကျယ်ကျယ် မဟုတ်ပါဘူးလေ။ သူ့မှာ အစွမ်းထက်တဲ့ ဂိုဏ်းတူအစ်ကိုတစ်ယောက် ရှိနေလို့ပါ ” မမလေးမှာ သူမ၏ ကြောက်စိတ်များကို ဖုံးကွယ်ကာ ရေရွတ်လိုက်၏။
ခဏအကြာတွင် ဝမ်ပေါင်လဲ့မှာ အခြေအနေတစ်ခုလုံးကို သုံသပ်ပြီးသွားသဖြင့် အသက်ပြင်းပြင်းရှူလိုက်၏။ သူသည် အရေးကြီးသော အချက်တစ်ချက်အား ရှာဖွေဖော်ထုတ်နိုင်ခဲ့သည်။
” ဂိုဏ်းတူအစ်ကိုကြီးက ငါ့ကို စောင့်ကြည့်ရတာကို တော်တော် အရသာတွေ့နေတဲ့ပုံပဲ။ သူက ငါ့ကို တစ်ချိန်လုံး စောင့်ကြည့်နေတာ ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ သူ၏ ဘေးဘီဝဲယာအား ထပ်၍ အကဲခတ်ကြည့်လိုက်ပြန်သည်။ ထို့နောက် သူသည် တတိယနန်းတော်ကြီးအား ကြည့်မိလိုက်သောအခါ မျက်စိပကေလပ် ပေကလလပ် ဖြစ်သွားပြီး ရုတ်တရက်ဆိုသလို ချောင်းဟန့်လိုက်တော့သည်။
” ဂိုဏ်းတူအစ်ကိုကြီးရေ။ အစ်ကို့ရဲ့ ညီချောလေးအတွက် တတိယနန်းတော်ကြီးကို ဖွင့်ပေးပါလားဗျ ” ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် မျှော်လင့်ချက်အပြည့်ဖြင့် စောင့်ဆိုင်းနေလိုက်၏။ သို့သော် မည်သည့်အရာမှ ပြောင်းလဲမသွားပေ။ ထို့ကြောင့် သူသည် တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် ဖားယားလိုသည့် လေသံဖြင့် ထပ်ပြောလိုက်ပြန်သည်။
” ကျွန်တော် အချစ်ရဆုံး ဂိုဏ်းတူအစ်ကိုကြီးရေ။ အစ်ကို့ရဲ့ အချစ်ရဆုံးညီလေး ဝမ်ပေါင်လဲ့ပါ။ ကျွန်တော်က တစ်ဘဝလုံး အထီးကျန်ဆန်ခဲ့ရပြီးတော့ ပင်ပင်ပန်းပန်း ကြိုးစားဖြတ်သန်းခဲ့ရတာ။ ဂိုဏ်းတူအစ်ကိုကြီးက တုနှိုင်းမဲ့ ကျင့်ကြံခြင်းအဆင့်တစ်ခုကို ပိုင်ဆိုင်ထားပြီး ဓားရေးမှာလည်း ပြိုင်ဘက်ကင်းတဲ့ လူတစ်ယောက်ပါ။ ကျေးဇူးပြုပြီးတော့။ ကျွန်တော့်အတွက် တတိယနန်းတော်ကြီးကို ဖွင့်ပေးပါလားဗျာ ”
” ဂိုဏ်းတူအစ်ကိုကြီးရာ။ စနောက်မနေပါနဲ့တော့ဗျာ။ တတိယနန်းတော်ကြီးကို ဖွင့်လိုက်ပါတော့ ”
” ဂိုဏ်းတူအစ်ကိုကြီး။ ကျွန်တော် စိတ်ဆိုးလာပြီနော် ”
” ဂိုဏ်းတူအစ်ကိုကြီး… ရှိသေးလားဗျ “