Switch Mode

အခန်း (၆၇၃)

ကြယ်တာရာ ယွမ်ယင်ဝိညာဉ်

” ဒါ ဘယ်လိုတောင် အဓိပ္ပါယ်မရှိတဲ့ ဒဏ္ဍာရီလာ ယွမ်ယင်ဝိညာဉ်လဲဟ။ ဒီ ယွမ်ယင်ဝိညာဉ်ကို ရွေးတာက ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတာနဲ့ ဘာကွာသေးလို့လဲ ” ဝမ်ပေါင်လဲ့မှာ အံကြိတ်ကာ စိတ်ထဲတွင်ကျိတ်၍ ညည်းညူနေတော့သည်။ ထိုအချိန်တွင် သူ၏ ဦးနှောက်ထဲ၌ ကြယ်တာရာ ယွမ်ယင်ဝိညာဉ်အကြောင်းနှင့် ပတ်သတ်သည့် အချက်အလက်များဖြင့် ပြည့်နှက်သွားသောကြောင့် သူသည် ဂြိုဟ်အဆင့်အကြောင်းကို တဖြည်းဖြည်းနှင့် ပို၍နားလည်လာတော့သည်။

ဝမ်ပေါင်လဲ့ အမှောင်ဂိုဏ်း၏ မှတ်တမ်းများထဲ၌ လေ့လာသိရှိခဲ့သော အချက်အလက်များအရဆိုလျှင် ဂြိုဟ်အဆင့်မှာ ကျင့်ကြံသူတစ်ယောက် ရရှိနိုင်သည့် ပထမဆုံး ထိပ်သီးကျင့်ကြံခြင်းအဆင့် ဖြစ်ပေသည်။ ၎င်းမှာ ယွမ်ယင်အဆင့်၊ ဝိညာဉ်ကြားခံနယ်အဆင့်နှင့် ထာဝရဝိညာအဆင့်တို့ကို ကျော်ဖြတ်ပြီးပါက တက်လှမ်းနိုင်သည့် ပထမဆုံး ထိပ်သီးကျင့်ကြံခြင်းအဆင့် ဖြစ်သည်။

ထိုအဆင့်တွင်ရှိသော ကျင့်ကြံသူများမှာ ဝိညာဉ်အပိုင်းတွင်သာမက အပြင်ခန္ဓာကိုယ်အပိုင်းတွင်ပါ စိတ်ကူးနှင့် မှန်းဆ၍ မရနိုင်လောက်အောင် အစွမ်းထက်ကြပေသည်။ ဝမ်ပေါင်လဲ့မှာ သူ အမှောင်ဂိုဏ်းထဲတွင် ရှိခဲ့စဉ်တုန်းက လေ့လာသိရှိခဲ့သည့် အချက်အလက်များနှင့် ကြယ်တာရာ ယွမ်ယင်ဝိညာဉ်ဆီမှ ရရှိလိုက်သည့် အချက်အလက်များကို စုပေါင်းလိုက်သောအခါ ထို ထိပ်သီးအဆင့်အကြောင်းကို လုံးစေ့ပတ်စေ့ နားလည်သွားတော့သည်။

၎င်းအား ဂြိုဟ်အဆင့်ဟု အမည်ပေးထားရခြင်းမှာ ထိုအဆင့်သို့ ဖောက်ထွက်လို့သည့် ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူအားလုံးမှာ အာကာသထဲရှိ ဂြိုဟ်အစစ်တစ်လုံးနှင့် ပေါင်းစည်းရန် လိုအပ်သောကြောင့်ပင်။

ထိုဖြစ်စဉ်အား ဂြိုဟ်တစ်လုံးအား ဝါးမျိုခြင်းဟုပင် ခေါ်ဆိုနိုင်ပေသည်။ ‌ကျင့်ကြံခြင်းအဆင့်ဖောက်ထွက်လို့သည် ကျင့်ကြံသူမှာ ထိုဂြိုဟ်အား သူ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပြောင်းလဲပစ်ရမည် ဖြစ်သည်။ ထိုအခါမှသာ ထိုဂြိုဟ်မှာ သူ၏ ခန္ဓာကိုယ်ထဲတွင် ကိန်းအောင်းကာ တာအိုအခြေခံအုတ်မြစ်အဖြစ် ပြောင်းလဲသွားမည် ဖြစ်သည်။ ကျင့်ကြံသူများမှာ ထို အခြေခံအုတ်မြစ်ကို အသုံးပြု၍ ကြယ်စင်စုများဆီသို့ တက်လှမ်းနိုင်ပေသည်။ လူမှုအဖွဲ့အစည်းပေါင်း မြောက်မြားစွာမှာ ထိုအဆင့်အား ‘ တက်လှမ်းခြင်း ‘ ဟု အမည်ပေးထားကြ၏။

ထို့ကြောင့်လည်း အစွမ်းထက် ဂြိုဟ်အဆင့် ကျင့်ကြံသူတိုင်းအား ဂြိုဟ်အစစ်တစ်လုံးအဖြစ် သတ်မှတ်နိုင်ခြင်းပင်။

ဂြိုဟ်တစ်လုံးအား ဝါးမျိုကာ ၎င်းနှင့် တစ်သားတည်းပေါင်းစည်းရခြင်းမှာ အလွန်အင်မတန်မှ ခက်ခဲပြီး ကျရှုံးသွားပါက အသက်သေဆုံးသွားမည်သာ ဖြစ်သည်။ ထို့ကြောင့် ထိုအဆင့်မှာ ကျင့်ကြံသူများ ကျင့်ကြံခြင်းလမ်းစဥ်ပေါ်၌ ရင်ဆိုင်ကျော်လွှားရမည့် အခက်အခဲကြီးတစ်ခု ဖြစ်ပေသည်။

ထို့အပြင် ဂြိုဟ်တစ်လုံး၏ အရွယ်အစား၊ အဆင့်အတန်းနှင့် အခြား အရည်အသွေးများမှာ ဂြိုဟ်အဆင့်ကျင့်ကြံသူတစ်ယောက်၏ အစွမ်းကို ဆုံးဖြတ်ပေးမည်ဖြစ်သည်။ အစွမ်းထက် ဂြိုဟ်အဆင့်ကျင့်ကြံသူတစ်ယောက်မှာ စကြဝဠာကြီးထဲတွင် စိတ်တိုင်းကျ ပြုမှုနိုင်ပေသည်။ သူတို့မှာ ထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက်ကိုပင် စိန်ခေါ်နိုင်ပြီး ရှုံးနိမ့်သွားလျှင်တောင် သိမ်ငယ်နေစရာ မလိုပေ။ သို့သော် အားနည်းသည့် ဂြိုဟ်အဆင့် ကျင့်ကြံသူများမှာမူ သူတို့ထက် ကျင့်ကြံခြင်းအဆင့် ပိုနိမ့်သည့် ကျင့်ကြံသူများကိုသာ အနိုင်ကျင့်နိုင်မည် ဖြစ်ပြီး သူတို့နှင့် အဆင့်အတူတူတွင်ရှိသော ကျင့်ကြံသူများကိုမူ အလွယ်တကူ ယှဉ်ပြိုင်တိုက်ခိုက်နိုင်ကြမည် မဟုတ်ပေ။

ဝမ်ပေါင်လဲ့မှာ ထိုအကြောင်းအရာများကို တွေးတောရင်း ငိုမဲ့မဲ့ ဖြစ်လာရတော့သည်။ သူ ကြုံနေရသည့် ပြဿနာကြီးအတွက် အခြားမည်သူ့ကိုမှ အပြစ်တင်၍မရကြောင်း သူက သိထား၏။ သူ၏ ပါရမီများနှင့် လိမ္မာပါးနပ်မှုများကြောင့်သာ ဤအခြေအနေသို့ ရောက်လာခဲ့ရသည် မဟုတ်ပါလော။

ထို့ကြောင့် သူသည် နောင်တကြီးစွာ ရနေသည့်တိုင်အောင် ဘာမှမတတ်နိုင်တော့ပေ။ သူသည် ကြယ်အလင်းရောင်များ မရှိတော့သော ဟင်းလင်းပြင်ကြီးတစ်ခုထဲတွင် ပိတ်မိနေပြီး သူ၏ ပတ်ပတ်လည်၌ ဝိညာဉ်စွမ်းအင်လှိုင်းများ တုန်ရီ‌နေသည်ကို ခံစားမိနေ၏။ ထို ဟင်းလင်းပြင်ကြီးမှာမူ မျက်စိတစ်ဆုံး ကျယ်ပြောနေသည့် ပုံပင်။ ထိုအချိန်တွင် အလွန်အင်မတန်မှ အားကောင်းသည့် အဖျက်စွမ်းအားတစ်မျိုးမှာ သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာသောကြောင့် သူသည် ဦးရေခွံများ ထုံကျဉ်သွားရပြီး တစ်ကိုယ်လုံး တုန်ရီသွားရတော့သည်။ ထို့နောက် ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ မြန်ဆန်လာကာ မျက်လုံးများ နီမြန်းသွားပြီး မျက်စိမျက်နှာပျက်သွားရ၏။

” ဉာဏ်အလင်းပွင့်စေသော်… ” ဝမ်ပေါင်လဲ့မှာ တာအိုဂါထာတော်၏ ပထမစာလုံးအား ရေရွတ်လိုက်ပါသော်လည်း ခဏအကြာတွင် မှင်တက်သွားရ၏။ မည်သည့်အကြောင်းကြောင့်မှန်းမသိ သူ၏ အသက်အား အကြိမ်ကြိမ် ကယ်တင်ခဲ့ဖူးသော တာအိုဂါထာတော်မှာ ယခုတွင် သူ၏ ဆင့်ခေါ်သံအား တုံ့ပြန်ခြင်းမရှိပေ။

” ဘာတွေ ဖြစ်နေတာလဲဟ ” ဝမ်ပေါင်လဲ့မှာ နားမလည်နိုင်လောက်အောင်ဖြစ်ကာ မျက်လုံးများပြူးသွားရ၏။ ထို့နောက် သူသည် ၎င်းအား သူ၏စိတ်ထဲတွင် ရေရွတ်မှသာ အလုပ်ဖြစ်နိုင်သည်လောဟု တွေးမိလိုက်သည်။ ထို့ကြောင့် သူသည် ထိုကဲ့သို့ ရေရွတ်လိုက်ပြန်သည်။ သို့သော်လည်း စကြဝဠာကြီးထဲရှိ နက်ရှိုင်းသော နေရာတစ်ခုမှ အမြဲတမ်း ထွက်ပေါ်လာခဲ့သည့် အငွေ့အသက်ကြီးမှာ ယခုအကြိမ်တွင် ပေါ်ပေါက်လာခြင်းမရှိတော့ပေ။

” သူက ငါ့ကို အဖက်မလုပ်တော့တာလား ”

ဝမ်ပေါင်လဲ့မှာ စဉ်းစားတွေးတောနေရန် အချိန်မရှိပေ။ သူ၏ ပတ်ပတ်လည်ရှိ ဝိညာဉ်စွမ်းအင်များမှာ ပို၍အားကောင်းလာနေပြီး အဖျက်စွမ်းအားကြီးမှာလည်း ပို၍နီးကပ်လာနေသောကြောင့် သူသည် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီနေရပြီဖြစ်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တဆစ်ဆစ် နာကျင်ကိုက်ခဲနေစဉ်မှာပင် သူ၏ရှေ့ ခပ်လှမ်းလှမ်းရှိ အမှောင်ထုကြီးထဲတွင် အလင်းစက်လုံးတစ်လုံး ပေါ်ပေါက်လာတော့သည်။

၎င်းမှာ တဖြည်းဖြည်းနှင့် အရွယ်အစား ကြီးမားလာပြီး စက္ကန့်အနည်းငယ်အတွင်းတွင် ဝမ်ပေါင်လဲ့မှာ နားစည်များပင် ကွဲအက်သွားစေနိုင်သည့် ထစ်ချုန်းသံတစ်သံကို ကြားလိုက်ရ၏။ ၎င်းမှာ ကြယ်များ ပေါက်ကွဲပျက်စီးသွားသည့် အသံနှင့် ဆင်တူနေသည်။

အကယ်၍ အမြင့်တစ်နေရာတွင်ရပ်ကာ အောက်သို့လှမ်း၍ ငုံ့ကြည့်နေမည်ဆိုပါက ဧရာမမီးလုံးကြီးတစ်လုံးမှာ ဝမ်ပေါင်လဲ့ဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာနေသည်ကို မြင်နိုင်ပေမည်။

၎င်းမှာ သာမန် မီးလုံးတစ်လုံးမဟုတ်ဘဲ… ဂြိုဟ်တစ်လုံး ဖြစ်နေ၏။ ၎င်းမှာ အခြားဂြိုဟ်များနှင့် ယှဉ်လိုက်ပါက သိပ်မကြီးပါသော်လည်း လမင်းကြီးနီးပါး ကြီးမားနေဆဲပင်။ ဝမ်ပေါင်လဲ့မှာ ထိုဂြိုဟ်ကြီးနှင့် ယှဉ်လိုက်လျှင် သဲမှုန်တစ်မှုန်စာ‌မျှသာ ရှိပေသည်။

၎င်းမှာ အတော်အသင့် ဝေးကွာနေဆဲပင်။ သို့သော်ငြားလည်း ဝမ်ပေါင်လဲ၏ ပတ်ပတ်လည်ရှိ ဝိညာဉ်စွမ်းအင်လှိုင်းများမှာ အပြင်းအထန် တုန်ရီနေကြပြီဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး တုန်ရီသွားပြီး အသက်အန္တရာယ်ကြီးတစ်ခုနှင့် ကြုံနေရသည့်အလား ခံစားလိုက်ရတော့သည်။

” တကယ်ကြီး လာနေတာဟ ” ဝမ်ပေါင်လဲ့မှာ ထိတ်ထိတ်ပျာပျာ ဖြစ်သွားရပြီး မျက်လုံးများ နီရဲနေ၏။ သူသည် စဉ်းစားတွေတောနေရန် အချိန်မရှိတော့ပေ။ သူ လေ့လာသိရှိလိုက်ရသည့် အချက်အလက်များအရဆိုလျှင် သူ့ဆီတွင် အခွင့်ရေးတစ်ခုသာရှိကြောင်း သူက သိထား၏။ သူသည် ဖောက်ထွက်လျှင်ဖောက်ထွက် ဖောက်မထွက်နိုင်ပါက သေဆုံးသွားမည်ဖြစ်သည်။

သို့ဖြစ်ရာ သူသည် ၎င်းအား ထိပ်တိုက် ရင်ဆိုင်တွေ့ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

” ဘာ ကြယ်တာရာလဲ။ ငါ့ခန္ဓာကိုယ်ထဲကို ဝင်ဖူးတဲ့ ထူးဆန်းထွေလာပစ္စည်းတွေကို ရေတွက်လို့တောင် မရတော့ဘူးကွ။ မင်းလိုကောင်မျိုးကို ငါက ကြောက်နေမယ်လို့ ထင်နေတာလား ” ဝမ်ပေါင်လဲ့မှာ ထိုသို့အော်ဟစ်ကာ ညာဘက်လက်ကိုမြှောက်၍ သူ၏ရင်ဘတ်အား အားပါပါ ရိုက်လိုက်၏။ ထိုအခါ ဝါးမျိုခြင်းသစ်စေ့မှာ တုန်ရီသွားသဖြင့် ထို ဝါးမျိုခြင်းသစ်စေ့ထဲရှိ အစိမ်းရောင်ကြာပွင့်လေးမှာလည်း လှုပ်ယမ်းသွား၏။ ထို့နောက် ဝမ်ပေါင်လဲ့မှာ သူ၏ လျှပ်စီးအမြုတေအား ပါးစပ်ထဲမှ ထွေးထုတ်လိုက်သဖြင့် လျှပ်စီးတန်းပေါင်း မြောက်မြားစွာ တလက်လက် တောက်ပလာကြတော့သည်။

မျက်စိကျိန်းစရာကောင်းသော လျှပ်စီးတန်းများမှာ လေထဲတွင် ငွေရောင်မြွေနဂါးကြီးများကဲ့သို့ ကခုန်နေကြ၏။ လျှပ်စီးအမြုတေမှာမူ အစွမ်းကုန်ထုတ်ကာ ၎င်းဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာနေသည့် ဂြိုဟ်ကြီး၏ စွမ်းအားများကို တောင့်ခံနိုင်ရန် ကြိုးစားလိုက်သည်။ ထိုမြင်ကွင်းမှာ ဓားခုတ်ကောင်တစ်ကောင်က မြင်းလှည်းတစ်စီးအား တားဆီးနိုင်ရန် ကြိုးစားနေသကဲ့သို့ပင်။ လျှပ်စီးအမြုတေမှာ ဂြိုဟ်ကြီးအား လုံးဝယှဉ်နိုင်စွမ်း မရှိသောကြောင့် ထိုဂြိုဟ်ကြီး အနီးသို့ရောက်လာသည်နှင့် တစ်စစီ ကြေမွပျက်စီးသွားတော့မည့် အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။

ဝမ်ပေါင်လဲ့မှာမူ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေပြီး ရှုံ့မဲ့နေသည့် မျက်နှာအမူအရာဖြင့် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ သူ၏ ရင်ဘတ်အား နောက်ထပ်တစ်ကြိမ်ထပ်၍ ရိုက်လိုက်ပြန်သည်။ ထိုအခါ အုန်းခနဲ အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး လျှပ်စီးအမြုတေထက် ပို၍အစွမ်းထက်သော အငွေ့အသက်တစ်မျိုးမှာ သူ၏ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။ ထို့နောက် ထိုနေရာကြီးတစ်ခုလုံးမှာ ရုတ်တရက်ဆိုသလို အေးစက်သွားပြီး ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်၌ အနက်ရောင်မီးတောက်များ ချက်ချင်းဆိုသလိုပင် ပေါ်ပေါက်လာတော့သည်။

၎င်းတို့မှာ အမှောင်မီးတောက်များ ဖြစ်ပေသည်။

ဝမ်ပေါင်လဲ့မှာ သူ၏ ဒုတိယမြောက် အမြုတေဖြစ်သော…. အမှောင်အမြုတေအား ထွေးထုတ်လိုက်ခြင်းဖြစ်၏။

သူ၏ အမှောင်အမြုတေမှာ လျှပ်စီးအမြုတေနှင့် ပူးပေါင်းသွားပြီး ဂြိုဟ်ကြီးအား ခုခံတွန်းလှန်နေသောကြောင့် ဝိညာဉ်စွမ်းအင်လှိုင်းများမှာ ကောင်းကင်ပေါ်သို့ ထိုးတက်သွား၏။ သူတို့မှာ ထိုဂြိုဟ်ကြီးအား ရပ်တန့်သွားအောင် တားဆီးနိုင်စွမ်း မရှိသေးပါသော်လည်း ၎င်းအား အနည်းငယ်ခန့် အရှိန်လျော့ကျသွားအောင် လုပ်နိုင်လိုက်သည်။

မည်သို့ပင်ဆိုစေကာမူ ထိုဂြိုဟ်ဟြီး အရှိန်လျော့ကျသွားရုံလောက်နှင့် ဤပြဿနာကြီးမှာ ပြေလည်သွားမည်မဟုတ်ပေ။ ယခုတွင် ဝမ်ပေါင်လဲ့၏ ရှေ့တွင်ရှိနေသော ဟင်းလင်းပြင်ကြီးမှာ သူ့ဆီသို့ မီးလုံးကြီးတစ်လုံးကဲ့သို့ ဦးတည်လာနေသည့် ဂြိုဟ်ကြီးဆီမှ ထွက်ပေါ်နေသော အလင်းရောင်များ၏ လွှမ်းခြုံခြင်းကို ခံထားရပြီ ဖြစ်သည်။ သို့ဖြစ်ရာ မျက်စိတစ်ဆုံး ကျယ်ပြောနေသော မီးပင်လယ်ကြီးတစ်စင်းမှာ သူ့အား ဝါးမျိုပစ်ရန် သူ့ဆီသို့ အရှိန်အဟုန်ဖြင့် စီးဆင်းလာနေသည့်ပုံ ပေါက်နေတော့သည်။

ဝမ်ပေါင်လဲ့ဆီသို့ ဦးတည်လာနေကြသည့် စွမ်းအားများမှာ ပြင်းထန်လွန်းနေ၏။ ထို့ကြောင့် လျှပ်စီးအမြုတေမှာ စတင်ကွဲအက်လာပြီး အမှောင်အမြုတေမှာလည်း အရည်ပျော်ကျသွားမည့်ပုံ ပေါက်နေတော့သည်။ သူ၏ နှလုံးအမြုတေပင်လျှင် ချက်ချင်းဆိုသလိုပင် ဝါးမျိုခံလိုက်ရသဖြင့် သူသည် ဇီဝိန်ချုပ်သွားရတော့မည့်ပုံပင်။ ဝမ်ပေါင်လဲ့မှာ သူ၏ အသက်စွမ်းအားများအားလုံး ထိုဂြိုဟ်ကြီး၏ ဝါးမျိုခြင်းကို ခံလိုက်ရပြီး သတိလစ်သွားတော့မည့်ဆဲဆဲ အခြေအနေတွင် သူ၏ညာဘက်လက်ကို မြှောက်ကာ သူ၏ရင်ဘတ်အား အားပါပါ ရိုက်လိုက်ပြန်သည်။

” မင်းတို့ကောင်တွေ အခုချက်ချင်း ထွက်မလာရင် ငါတို့တွေအကုန် သေကုန်တော့မှာနော် ” ဝမ်ပေါင်လဲ့မှာ အသံကုန်အော်ဟစ်လိုက်၏။ သူသည် သူ၏ အသက်စွမ်းအားများ တဖြည်းဖြည်းနှင့် ယုတ်လျော့သွားနေသည်ကို အာရုံခံမိနေပြီဖြစ်သည်။ သူ၏ ခန္ဓာကိုယ်ထဲမှ ဝါးမျိုခြင်းသစ်စေ့မှာ ဂြိုဟ်ကြီး၏ စွမ်းအားများအား ဆက်လက်တောင့်ခံနိုင်စွမ်း မရှိတော့ပေ။ ထို့ကြောင့် ၎င်းမှာ အပြင်ဘက်သို့ ထိုးထွက်လာကာ အံ့ဩမှင်တက်ဖွယ်ရာ စွမ်းအားတစ်မျိုးကို ထုတ်လွှတ်လိုက်ပြီး ‌ဝဲကြီးတစ်ခုအသွင် ပြောင်းလဲကာ ဂြိုဟ်ကြီးအား ခုခံတားဆီးရန် ကြိုးပမ်းလိုက်တော့သည်။ ထို့ကြောင့် ထိုဂြိုဟ်ကြီးမှာ နောက်ထပ်တစ်ကြိမ်ထပ်၍ အရှိန်လျော့ကျသွား၏။

ခဏအကြာတွင် ဝမ်ပေါင်လဲ့၏ အစိမ်းရောင်ကြာပွင့်လေး ပေါ်ပေါက်လာပြီး လေထဲတွင် ယိမ်းနွဲ့ကာ သက်စောင့်စွမ်းအားများကို မရပ်မနား ထုတ်လွှတ်ပေးနေတော့သည်။ ၎င်းမှာ ဝဲကြီးနှင့် ပေါင်းစည်းသွားပြီး ဂြိုဟ်ကြီးအား တားဆီးလိုက်ပြန်သည်။

သူသည် ထိုမျှလောက်နှင့် ရပ်မသွားသေးပေ။ ထိုကဲ့သို့ သေရေးရှင်ရေး အခိုက်အတန့်တွင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲ၌ ခိုအောင်းနေသည့် ဓားအိမ်လေးမှာလည်း အတင်းအဓမ္မ ဆွဲထုတ်ခံလိုက်ရသည့်အလား ပေါ်ပေါက်လာ၏။ ထို့နောက် အချုပ်အနှောင် အမျှင်အတန်းပေါင်း မြောက်မြားစွာမှာ ထိုဂြိုဟ်ကြီးဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်ပျံသန်းသွားကြတော့သည်။

နောက်ဆုံးတွင် ထိုဂြိုဟ်ကြီးမှာ သိသိသာသာအရှိန်လျော့ကျသွားတော့သည်။ ထို့ကြောင့် နှစ်ဖက်စလုံးမှ စွမ်းအားများမှာ မျှခြေတစ်ခုသို့ ရောက်သွားသကဲ့သို့ပင်။ သို့သော် ဝမ်ပေါင်လဲ့အတွက်မူ တစ်စက္ကန့်ချင်းစီတိုင်းမှာ ဘဝတစ်ခုစာကဲ့သို့ ရှည်လျားနေ၏။

ထိုဂြိုဟ်ကြီး၏ ဖိအားများကြောင့် ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး တုန်ရီနေရ၏။ သူ၏ လျှပ်စီးအမြုတေမှာ ဆက်လက်ကွဲအက်နေဆဲဖြစ်သလို သူ၏ အမှောင်အမြုတေမှာလည်း ဆက်၍ အရည်ပျော်ကျနေဆဲပင်။ သူ၏ အပြင်ခန္ဓာကိုယ်မှာလည်း တစ်စစီ ခြေမွှဖျက်ဆီးခံနေရသကဲ့သို့ ဖြစ်နေသောကြောင့် သူ၏ စိတ်ထဲ၌ ဝေဒနာပြင်းပြစွာ ခံစားနေရ၏။ သူ ထိုကဲ့သို့ ဖိအားများခံစားနေရစဉ် သူ၏ ကြေမွပျက်စီးနေသော အမြုတေများထဲမှ ပြန်လည်မွေးဖွားခြင်း စွမ်းအင်တစ်မျိုး စီးဆင်းထွက်ပေါ်လာပြီး သူ့အား လွှမ်းခြုံသွားတော့သည်။

၎င်းမှာ မှိတ်တုတ်မှိတ်တုတ် တောက်ပနေသည့် မီးတောက်ငယ်လေးတစ်ခုနှင့် တူသလို စတင်ဖြစ်တည်လာနေသည့် ကြယ်တစ်လုံးနှင့်လည်း ဆင်တူနေ၏။ ၎င်းဆီမှ ထွက်ပေါ်နေသည့် ဝိညာဉ်စွမ်းအင်များမှာ အံ့ဩမှင်တက်ဖွယ်ရာ ကောင်းလှပေသည်။ ထို့ကြောင့် နတ်ဘုရားတစ်ပါး ဖွားမြင်လာသကဲ့သို့ပင်။

၎င်းမှာ… ဒဏ္ဍာရီလာ ယွမ်ယင်ဝိညာဉ်ငါးခုထဲမှ တစ်ခုဖြစ်သည့် ကြယ်တာရာ ယွမ်ယင်ဝိညာဉ် ဖြစ်ပေသည်။

ကြယ်တာရာ ယွမ်ယင်ဝိညာဉ်မှာ ဝမ်ပေါင်လဲ့၏ အမြုတေသုံးခုနှင့် ဂြိုဟ်ကြီးဆီမှ ထွက်ပေါ်နေသောစွမ်းအင်များကို အဆက်မပြတ် စုပ်ယူရင်း ပိုမိုအားကောင်းလာ၏။ ထိုအချိန်တွင် ဟင်းလင်းပြင်ကြီးမှာ ရုတ်တရက်ဆိုသလို တုန်ရီသွားတော့သည်။ ပြင်ပကမ္ဘာမှ စွမ်းအားတစ်မျိုးမှာ အခြေအနေများကို ရိပ်စားမိသွားသောကြောင့် ထို ကြယ်တာရာ ယွမ်ယင်ဝိညာဉ်အား ပေါ်ပေါက်လာနိုင်စွမ်းမရှိအောင် တားဆီးရန် ကြိုးစားနေသည့်ပုံပင်။

ထို စွမ်းအားကြီးကြောင့် ဟင်းလင်ပြင်ကြီးမှာ တုန်ရီသွားရပြီး အရာအားလုံးမှာ တွန့်လိမ်ပုံပျက်သွားရ၏။ ထို့နောက် ထိုစွမ်းအားများမှာ အနီရောင် အကြေးခွံများ ဖုံးလွှမ်းနေသည့် ဧရာမ ပုံရိပ်ယောင် လက်ကြီးတစ်ဖက်ပုံစံဖြင့် ပေါ်ပေါက်လာသည်။ ထိုလက်ကြီးမှာ ဝမ်ပေါင်လဲ့ဆီသို့ ဆန့်တန်းလာပြီး သူ့အား ဇီဝိန်ခြွေကာ ကြယ်တာရာ ယွမ်ယင်ဝိညာဉ် ပေါ်ထွက်မလာနိုင်အောင် တားဆီးရန် ကြိုးစားလိုက်တော့သည်။

ထိုအချိန်တွင် လေထဲ၌ အေးစက်စက် နှာမှုတ်သံတစ်သံ ရုတ်တရက်ဆိုသလို ထွက်ပေါ်လာ၏။ ထိုအသံကြီးမှာ လူပေါင်းမြောက်များစွာ တစ်ပြိုင်နက်တည်း နှာမှုတ်လိုက်သကဲ့သို့ ဖြစ်နေသောကြောင့် နားစည်များပင် ကွဲအက်သွားစေနိုင်လောက်သည့်အထိ ကျယ်လောင်နေတော့သည်။

” ငါ့ရဲ့ ဂိုဏ်းတူညီလေး ဖောက်ထွက်နေတာကို နှောင့်ယှက်ရဲတာ ဘယ်ကောင်လဲကွ ”

ထို စကားသံကြီးနှင့်အတူ မိုးကောင်းကင်ကြီးအား ထက်ခြမ်းခွဲပစ်နိုင်စွမ်းရှိသည့် ဓားအလင်းရောင်တစ်ခု ချက်ချင်းဆိုသလိုပင် ပေါ်ပေါက်လာ၏။ ထို့နောက် ၎င်းမှာ ဝမ်ပေါင်လဲ့အား လှမ်း၍ဖမ်းဆုပ်နိုင်ရန် ကြိုပမ်းနေသည့် အနီရောင်လက်ကြီးဆီသို့ ဦးတည်သွားတော့သည်။

ထို့နောက် ထိုဓားအလင်းရောင်ကြီးမှာ ခုတ်ထစ်လိုက်သဖြင့် လက်ကြီးမှာ ပြတ်တောက်သွားတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset