Switch Mode

အခန်း (၆၇၂)

တားမြစ်ပညာရပ်

” ရပြီကွ ” ဝမ်ပေါင်လဲ့မှာ ထိုစကားသံကြီးကို ကြားလိုက်ရသောအခါ စိတ်လှုပ်ရှားသွားရပြီး ရင်ခုန်သံများ မြန်ဆန်လာတော့သည်။ သူသည် ပထမ နန်းတော်ကြီးအား ဖွင့်နိုင်ခဲ့သည့် အချိန်တုန်းကထက်ပင် ပို၍ စိတ်လှုပ်ရှားနေရ၏။ သူသည် သူ၏ ရာထူးအဆင့်အတန်းကြောင့် ပထမနန်းတော်ကြီးထဲသို့ ဝင်နိုင်ခဲ့ခြင်းဖြစ်ပါသော်လည်း ဒုတိယ နန်းတော်ကြီးမှာမူ…

” ငါ့ရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် ဝင်လို့ရသွားတာကွ ” ဝမ်ပေါင်လဲ့မှာ ဂုဏ်ယူဝင့်ကြွားစွာ မေးငေါ့ရင်း ဒုတိယ နန်းတော်ကြီးအား လွှမ်းခြုံထားသည့် ရေခဲတုံးကြီး အရည်ပျော်ကျသွားနေသည်ကို စိုက်ကြည့်နေလိုက်တော့သည်။ ထို့နောက် ထို နန်းတော်ကြီးထဲမှ အပြာရောင်အလင်းတန်းတစ်ခု ထိုးထွက်လာပြီး ကောင်းကင်ပေါ်သို့ ထိုးတက်သွား၏။

လေထဲတွင်လည်း စွမ်းအင်လှိုင်းများ ပျံ့နှံ့လာပြီး မြေပြင်ကြီးမှာ တုန်ခါလာ၏။ ထို တုန်ခါမှုများမှာ ပထမ နန်းတော်ကြီး ပွင့်သွားခဲ့စဉ်တုန်းကထက်ပင် ပို၍ အားကောင်းနေသည်။ ဝမ်ပေါင်လဲ့မှာ ယွမ်ယင်အဆင့် အပြင်ခန္ဓာကိုယ်တစ်ခုအား ပိုင်ဆိုင်ထားသည့်တိုင်အောင် နောက်သို့ ပေထောင်ပေါင်းများစွာ ဆုတ်ခွာသွားလိုက်ရဆဲပင်။ သူသည် ထိုနေရာတစ်ဝိုက်ရှိ အလွန်အင်မတန်မှ အားကောင်းသော တုန်ခါမှုလှိုင်းများ လွင့်ပါးပျောက်ကွယ်သွားသည့် အချိန်အထိ စောင့်ဆိုင်းနေလိုက်၏။ ထို့နောက် သူသည် သူ၏ စိတ်လှုပ်ရှားမှုများကို ချုပ်တည်းကာ ရှေ့သို့ အလျင်အမြန် ပြေးထွက်သွားလိုက်တော့သည်။

ခဏအကြာတွင် သူသည် နန်းတော်ကြီး၏ ရှေ့သို့ ရောက်ရှိလာပြီးနောက် ဟနေသည့် တံခါးပေါက်၏ ကြားမှ ထိုးထွက်နေသည့် အပြာရောင်အလင်းတန်းများကို လှမ်းကြည့်လိုက်၏။ ထို့နောက် သူသည် ပြုံးဖြဲဖြဲလုပ်ကာ မျှော်လင့်တကြီးဖြင့် အထဲသို့ ဝင်သွားလိုက်တော့သည်။

ထိုအခါ သူ၏ နှလုံးသားထဲ၌ ရင်းနှီးနေသော ခံစားချက်ကြီးတစ်ခု ပေါ်ပေါက်လာပြန်သည်။ သူ၏ အမြင်အာရုံ ကြည်လင်ပြတ်သားသွားချိန်တွင် သူသည် ပထမနန်းတော်ကြီးထဲမှ နေရာနှင့် တစ်ထေရာတည်း ဆင်တူနေသည့် နေရာသို့ ရောက်နေသည်ဖြစ်ကြောင်း သိလိုက်ရ၏။ ရုပ်တုများနှင့် အတွင်းပိုင်း ဗိသုကာလက်ရာများအားလုံးမှာ ပထမ နန်းတော်ကြီးထဲ၌ သူမြင်တွေ့ခဲ့ရသည့်အတိုင်းပင်။ သို့သော် ယခုတွင်မူ ပုတီးစေ့များထဲမှ ထွက်ပေါ်နေသည့် အလင်းရောင်မှာ အပြာရောင် ဖြစ်နေသည်။

ထို ပုတီးစေ့၏ အောက်တွင် လူရိပ်တစ်ခုရှိနေ၏။ ထို လူရိပ်ကြီးမှာ ပထမ နန်းတော်ကြီးထဲမှ အဘိုးကြီးမဟုတ်ဘဲ အသက်မပါသည့် မျက်နှာအမူအရာဖြင့် ထိုင်နေသော သက်လတ်ပိုင်း လူကြီးတစ်ယောက် ဖြစ်ပေသည်။

သူသည် ဝမ်ပေါင်လဲ့အား လှမ်းကြည့်လိုက်၏။ ထိုအခါ ဝမ်ပေါင်လဲ့မှာ အဘိုးကြီး သူ့အား စိုက်ကြည့်ခဲ့စဉ်တုန်းကတိုင်း သူ၏ ခန္ဓာကိုယ် အတွင်းပိုင်းထဲအထိ ဖောက်မြင်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရခြင်းမရှိပေ။ သို့သော် သူ၏နှလုံးသားထဲ၌ ကြောက်စိတ်တစ်ခု အလိုလို ပေါ်ပေါက်လာ၏။ သူ၏ရှေ့တွင် ရှိနေသောလူကြီးမှာ စိတ်ကူးနှင့် မှန်းဆ၍မရသည့် ကြောက်မက်ဖွယ်ရာ စွမ်းအားများကို ပိုင်ဆိုင်ထားသည့်ပုံပင်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ မြန်ဆန်လာရပြီး ချက်ချင်းဆိုသလိုပင် ခေါင်းငုံ့ကာ အရိုအသေပေးလိုက်တော့သည်။

” မင်္ဂလာပါ အကြီးအကဲကြီးခဗျား။ ကျွန်တော်က ဂိုဏ်းသားဝမ်ပေါင်လဲ့ပါ ”

ထို လူကြီးမှာ စကားပြန်မပြောဘဲ ဝမ်ပေါင်လဲ့အား အေးစက်စက်မျက်ဝန်းများဖြင့်သာ စိုက်ကြည့်နေ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ထိုလူကြီးသည် သူ့အား စိုက်ကြည့်နေသည်လော သို့မဟုတ် သူ သိမ်းဆည်းလိုက်သည့် နတ်ဘုရားလက်နက် လက်ကြီးအား ကြည့်နေသည်လော ဝေခွဲမရနိုင်ဘဲ ဖြစ်နေတော့သည်။ ထို့အပြင် သူသည် နှုတ်ဆိတ်နေသောကြောင့် ဝမ်ပေါင်လဲ့မှာ စိုးရိမ်စိတ်များ ကြီးထွားလာရ၏။ ဝမ်ပေါင်လဲ့တစ်ယောက် အတွေးများ ဗြောင်းဆန်နေစဉ်မှာပင် ထိုသက်လတ်ပိုင်းလူကြီးမှာ ရုတ်တရက်ဆိုသလို စကားပြောလိုက်၏။

” ဒီနေရာက… ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်နိုင်ဖို့အတွက် တားဆီးနေတဲ့ အကာအရံတွေအားလုံးကို ကျော်ဖြတ်နိုင်အောင် ကူညီပေးနိုင်တယ်။ မင်းရဲ့ လက်ရှိ ကျင့်ကြံခြင်းအဆင့်နဲ့ ဒီ အရည်အချင်းစမ်းသပ်ပွဲကို ကျော်ဖြတ်နိုင်မယ်ဆိုရင် ဒီနန်းတော်ကြီးရဲ့ အစွမ်းကို အပြည့်အဝအသုံးချပြီးတော့ ယွမ်ယင်အဆင့်ကိုရောက်အောင် တက်လှမ်းလို့ရတယ် ”

” ကျယ်ပြန့်တာအိုနန်းတော်ရဲ့ မှတ်တမ်းတွေထဲမှာ ခေတ်အဆက်အဆက် စုဆောင်းထားခဲ့တဲ့ ယွမ်ယင်ဝိညာဉ် အမျိုးအစားပေါင်း ကိုးရာသုံးဆယ့်ရှစ်ခုအထိ ရှိတယ်။ မင်းသာ ဒီ အရည်အချင်းစမ်းသပ်ပွဲကို အောင်မြင်နိုင်မယ်ဆိုရင် မင်းရဲ့ ရလဒ်တွေအပေါ် မူတည်ပြီးတော့ သတ်မှတ်ထားတဲ့ ဝိညာဉ်အမျိုးအစားတွေကို ရွေးချယ်နိုင်မှာဖြစ်တယ် ” ထိုလူကြီးမှာ အသက်မပါသည့် မျက်နှာအမူအရာဖြင့် အေးစက်စွာ ဆိုလိုက်၏။ သူ၏ စကားသံမှာ ဝမ်ပေါင်လဲ့ အပြင်ဘက်တွင် ရှိနေခဲ့စဉ်တုန်းက ကြားခဲ့ရသည့် စကားသံနှင့် မတူပါသော်လည်း ၎င်းတို့ နှစ်ခုစလုံးမှာ ခံစားချက်မပါသည့် စကားသံများ ဖြစ်နေဆဲပင်။

ထို သက်လတ်ပိုင်းလူကြီးမှာ ပထမ နန်းတော်ကြီးထဲရှိ အဘိုးကြီးကဲ့သို့ ပုံရိပ်ယောင် တစ်ခုပင် ဖြစ်ကြောင်း ဝမ်ပေါင်လဲ့က ရိပ်မိသွားခဲ့၏။ သူသည် ဓမ္မလက်နက်များအကြောင်းကို နှံ့စပ်စွာ နားလည်ထားသည့်တိုင်အောင် ဤ နန်းတော်ကြီးသုံးခုမှာ မည်သို့မည်ဖုံ လည်ပတ်နေကြောင်း မသိနိုင်ဘဲ ဖြစ်နေရဆဲပင်။ သို့သော် ထိုအဘိုးကြီးနှင့် သက်လတ်ပိုင်း လူကြီးတို့ နှစ်ယောက်စလုံးမှာ အဆောင်ဝိညာဉ်များ ဖြစ်နိုင်ကြောင်း သူက ခန့်မှန်းမိနေ၏။

ဝမ်ပေါင်လဲ့တစ်ယောက် အတွေးများထဲ၌ နစ်မျောနေစဉ် သက်လတ်ပိုင်း လူကြီးမှာ စကားဆက်ပြောလိုက်သည်။

” မင်းရဲ့ စွမ်းဆောင်ရည်နဲ့ ကံပေါ်မှာ မူတည်ပြီးတော့ မင်း ရွေးချယ်နိုင်မယ့် ဝိညာဉ်တွေက ပြောင်းလဲသွားမှာ။ တကယ်လို့ မင်းက ငါ့ရဲ့ ဝိညာဉ်စွမ်းအင်ကို အသက်ရှူကြိမ် ဆယ်ကြိမ်တိတိ တောင့်ခံနိုင်မယ်ဆိုရင် ငါတို့ရဲ့ မှတ်တမ်းထဲက အစွမ်းအထက်ဆုံး ဝိညာဉ်ဆယ်ခုက လွဲပြီးတော့ တခြား ဝိညာဉ်တွေအားလုံးကို ရွေးချယ်ခွင့်ရှိတယ် ”

” တကယ်လို့ အသက်ရှူကြိမ် အကြိမ်နှစ်ဆယ်အထိ တောင့်ခံနိုင်မယ်ဆိုရင်တော့ ထိပ်ဆုံး ဝိညာဉ်ဆယ်ခုထဲက ဘယ်ဝိညာဉ်ကိုမဆို ရွေးချယ်လို့ရတယ်။ အကြိမ်ခြောက်ဆယ်အထိသာ တောင့်ခံနိုင်မယ်ဆိုရင်…. ကျယ်ပြန့်တာအိုနန်းတော်ထဲက တစ်ခုတည်းသော ဒဏ္ဍာရီလာ ယွမ်ယင်ဝိညာဉ်ဖြစ်တဲ့ ကြယ်တာရာယွမ်ယင်ဝိညာဉ်ကို စမ်းကြည့်နိုင်မှာ ဖြစ်တယ် ”

” ကြယ်တာရာယွမ်ယင်ဝိညာဉ် ဟုတ်လား ” ဝမ်ပေါင်လဲ့မှာ ထိုစကားလုံးကို ကြားလိုက်ရသောအခါ မျက်လုံးများပြူးသွားရ၏။ ထို့နောက် သူ တာအိုနန်းတော်ထဲတွင် ရှိခဲ့စဉ်တုန်းက ဖတ်ရှုခဲ့ဖူးသည့် ယွမ်ယင်ဝိညာဉ်များနှင့် ပတ်သတ်သည့် မှတ်တမ်းများကို ပြန်၍ မှတ်မိသွားတော့သည်။

တာအိုနန်းတော်ထဲတွင် ယွမ်ယင်ဝိညာဉ် အမျိုးအစားပေါင်း မြောက်မြားစွာရှိပေသည်။ ယွမ်ယင်အဆင့်မှာ အစွမ်းထက်ကျင့်ကြံခြင်းအဆင့်များကို ပိုင်းခြားပေးထားသည့် အရေးကြီးအဆင့်တစ်ခု ဖြစ်သည်ဟု လူအများက သတ်မှတ်ထားကြ၏။ အမြုတေမှ ယွမ်ယင်ဝိညာဉ်အဖြစ်သို့ ပြောင်းလဲခြင်းမှာ ဒုတိယမြောက် ဘဝတစ်ခုအား ဖန်တီးရခြင်းနှင့် ဆင်တူပေသည်။ ၎င်းမှာ ကျင့်ကြံသူတစ်ယောက်အား သိသိသာသာ ပြောင်းလဲပေးနိုင်၏။

ထို ပြောင်းလဲမှု၏ အဓိကသော့ချက်မှာ ယွမ်ယင်ဝိညာဉ်၏ အရည်အ‌အ‌သွေး ဖြစ်ပေသည်။

အရည်အသွေး ပိုကောင်းလေလေ ကျင့်ကြံသူတစ်ယောက်၏ ပြောင်းလဲနိုင်စွမ်းမှာ ပို၍ အားကောင်းလေလေ ဖြစ်သည်။ ကျင့်ကြံသူတစ်ယောက်၏ တိုက်ရည်ခိုက်ရည်အား အကဲဖြတ်ရာ၌ သူ၏ လျှို့ဝှက်ဆန်းကြယ် ပညာရပ်များနှင့် ဓမ္မရတနာများကို ထည့်တွက်ခြင်းမရှိဘဲ ကျင့်ကြံခြင်းအဆင့်ကိုသာ ထည့်တွက်မည်ဆိုပါက ထိုကျင့်ကြံခြင်းအဆင့်အား ဂဏန်းတစ်လုံးအဖြစ် သတ်မှတ်နိုင်ကြောင်း ဝမ်ပေါင်လဲ့က ဖတ်ရှုဖူးထားသည်။ ထိုအခါ ယွမ်ယင်ဝိညာဉ်၏ အရည်အ‌သွေးအား မြှောက်ဖော်ကိန်း တစ်ခုအဖြစ် သတ်မှတ်ရမည် ဖြစ်သည်။

ထိုကျင့်ကြံသူ တိုက်ပွဲထဲတွင် ထုတ်လွှတ်နိုင်မည့် စွမ်းအားမှာ ထိုမြှောက်ဖော်ကိန်းအပေါ်တွင် မူတည်နေမည်ဖြစ်သည်။ သို့ဖြစ်ရာ ယွမ်ယင်ဝိညာဉ်၏ အရည်အသွေး ပိုကောင်းလေလေ အစွမ်းပိုထက်လာလေလေ ဖြစ်ပေသည်။

ထို့အပြင် ယွမ်ယင်ဝိညာဉ်တစ်ခု၏ အရည်အသွေးမှာ စကြဝဠာကြီးထဲရှိ စည်းမျဉ်းဥ‌ပဒေများဖြင့် အချိတ်အဆက်မိမိ ပေါင်းစည်းနိုင်ခြင်း ရှိမရှိကိုလည်း ဆုံးဖြတ်ပေးဦးမည်ဖြစ်သည်။ သို့ဖြစ်ရာ ထိုအချက်မှာလည်း ကျင့်ကြံခြင်းလောကထဲရှိ မိမိ၏ အနာဂတ်အပေါ် အကျိုးသက်ရောက်မှုများစွာ ရှိပေသည်။ အရေးအကြီးဆုံးအနေနှင့်… ဝမ်ပေါင်လဲ့မှာ တာအိုနန်းတော်၏ မှတ်တမ်းများထဲ၌ ရေးသားဖော်ပြထားသည့် အချက်တစ်ချက်ကို မှတ်မိနေ၏။

စကြဝဠာကြီးထဲရှိ လူမှုအဖွဲ့အစည်း အသီးသီးထဲ၌ ရှာဖွေတွေ့ရှိနိုင်သည့် အလွန်အင်မတန်မှရှားပါးသော ယွမ်ယင်ဝိညာဉ်ငါးမျိုး ရှိပေသည်။ ၎င်းတို့မှာ ဒဏ္ဍာရီလာ ယွမ်ယင်ဝိညာဉ်များ ဖြစ်ကြ၏။ ကျယ်ပြန့်တာအိုနန်းတော်ဟောင်းမှာ ကံကောင်းထောက်မစွာဖြင့် ထိုဝိညာဉ်များထဲမှ တစ်ခုအား ရှာဖွေတွေ့ရှိခဲ့၏။ သို့သော် လက်ရှိ ကျယ်ပြန့်တာအိုနန်းတော်၏ မှတ်တမ်းများထဲတွင်မူ ထို ဒဏ္ဍာရီလာ ယွမ်ယင်ဝိညာဉ်အား ဆုံးရှုံးလိုက်ရပြီဖြစ်ကြောင်း ဖော်ပြထား၏။

ဝမ်ပေါင်လဲ့မှာ မမလေးအား ထို ယွမ်ယင်ဝိညာဉ်အကြောင်း မေးမြန်းခဲ့ဖူးပါသော်လည်း မမလေးမှာ သူ့အား စိတ်ကူးမယဉ်ရန်သာ ပြန်ပြောခဲ့သည်။ သို့ဖြစ်ရာ သူမသည် ထို ယွမ်ယင်ဝိညာဉ်အကြောင်းအား သိထားလိမ့်မည်မဟုတ်ဟု ဝမ်ပေါင်လဲ့က မှတ်ယူထား၏။

ထို့ကြောင့်လည်း ဝမ်ပေါင်လဲ့မှာ သက်လတ်ပိုင်း လူကြီး ထို ဒဏ္ဍာရီလာ ယွမ်ယင်ဝိညာဉ်ဖြစ်သည့် ကြယ်တာရာယွမ်ယင်ဝိညာဉ်အကြောင်း ထုတ်ပြောလိုက်သည်ကို ကြားလိုက်ရသောအခါ အလွန်အင်မတန်မှ စိတ်လှုပ်ရှားသွားရခြင်း ဖြစ်ပေသည်။ ထို့နောက် ထို သက်လတ်ပိုင်း လူကြီး စကားဆက်မပြောနိုင်ခင်မှာပင် သူသည် ဟက်ဟက်ပက်ပက် အော်ဟစ်ရယ်မောကာ ဆိုလိုက်၏။

” ကျွန်တော် ကြယ်တာရာယွမ်ယင်ဝိညာဉ်ကို ရွေးတယ်ဗျာ ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများအရောင်တောက်ပနေ၏။ သူသည် အရည်အချင်း စမ်းသပ်ပွဲထဲ၌ ကလိမ်ကကျစ်ကျပါက ပြစ်ဒဏ်ပေးခံရမည် စိုးရိမ်နေသည်။ ထို့ကြောင့် သူသည် သူ၏ ဆုံးဖြတ်ချက်အား ကြေညာလိုက်ပြီးနောက် ချက်ချင်းဆိုသလိုပင် စိတ်ထဲ၌ ဝာာအိုဂါထာတော်အား ရွတ်ဖတ်နေလိုက်တော့သည်။

ဝမ်ပေါင်လဲ့တစ်ယောက် ထို ဂါထာတော်အား စိတ်လှုပ်တရှား ရွတ်ဖတ်နေစဉ် ကောင်းကင်ကြီးထဲတွင် မိုးခြိမ်းသံများ ပေါ်ပေါက်လာ၏။ ထို့နောက် အဝေးတစ်နေရာရှိ စကြဝဠာကြီးထဲမှ ထွက်ပေါ်လာသော အငွေ့အသက်ကြီးမှာ သူတို့ဆီသို့ ရောက်ရှိလာသဖြင့် နန်းတော်ကြီးမှာ အပြင်းအထန်တုန်ရီကာ ‌ရှေးဟောင်းဓားကြီးမှာလည်း သိမ့်သိမ့်တုန်သွားရတော့သည်။ ထို့နောက် ထို အငွေ့အသက်များမှာ နန်းတော်ထဲသို့ ရောက်ရှိလာပြီးနောက် သက်လတ်ပိုင်း လူကြီးပေါ်သို့ အရှိန်အဟုန်ဖြင့် ကျရောက်လာ၏။

ထို့ကြောင့် သက်လတ်ပိုင်း လူကြီးမှာ မျက်လုံးများ ပြူးသွားရတော့သည်။ သူသည် ခုခံတွန်းလှန်ရန် ကြိုးစားနေခြင်းမရှိဘဲ မျက်လုံးများမှိတ်ကာ သူ၏ အာရုံခံနိုင်စွမ်းများကို ဆန့်ထုတ်လိုက်ပြီးနောက် မျက်လုံးများ ပြန်ပွင့်လာ၏။ ထို့နောက် သူသည် အထူးတဆန်းဖြစ်နေသည့် မျက်နှာအမူအရာဖြင့် ဝမ်ပေါင်လဲ့အားကြည့်ကာ ခေါင်းညိတ်၍ ဆိုလိုက်တော့သည်။

” မင်း အောင်မြင်သွားပြီ ”

ဝမ်ပေါင်လဲ့မှာ တစ်ချိန်လုံး စိုးထိတ်နေခဲ့ရပါသော်လည်း ထိုစကားလုံးများကို ကြားလိုက်ရသောအခါ အလွန်အင်မတန်မှ စိတ်လှုပ်ရှားသွားတော့သည်။ သူသည် စကားပြောရန် ပြင်လိုက်စဉ်မှာပင် ထို သက်လတ်ပိုင်း လူကြီးမှာ သူ့အား အဓိပ္ပါယ်ပါပါကြည့်ကာ ဆိုလိုက်၏။

” တာအိုဂိုဏ်းသားတစ်ယောက်ရဲ့ အငွေ့အသက်တွေကို သုံးပြီးတော့ နန်းတော်ထဲဝင်လာတဲ့ လူတစ်ယောက်က ဒီလို နည်းလမ်းကိုသုံးတာ မထူးဆန်းပါဘူး။ မင်းက ဒဏ္ဍာရီလာ ယွမ်ယင်ဝိညာဉ်ကို ရွေးချယ်ခဲ့တာမလို့ ငါ မင်းရဲ့ သတ္တိကိုတော့ လေးစားပါတယ်။ အဲဒီ ယွမ်ယင်ဝိညာဉ်က အောင်မြင်အောင် ကျင့်ကြံခဲ့ဖူးတဲ့လူ မရှိသလောက်နည်းတဲ့ တားမြစ်ပညာရပ်တစ်ခုကွ ”

” ဗျာ ” ဝမ်ပေါင်လဲ့မှာ ကခုန်လုမတတ် ပျော်ရွှင်မြူးထူးနေခဲ့ရာမှ ထိုစကားများကို ကြားလိုက်ရသောအခါ ဆွံ့အသွားရ၏။ အထူးသဖြင့် သူသည် ‘ တားမြစ်ပညာရပ် ‘ ဆိုသည့် စကားလုံးအား ကြားလိုက်ရသောအခါ ပင့်သက်များပင် ရှိုက်မိသွားတော့သည်။ ထို့နောက် သူသည် ရင်ထဲ၌ ခိုးလိုးခုလု ခံစားချက်ကြီးတစ်ခု ပေါ်ပေါက်လာသဖြင့် ထိုသက်လတ်ပိုင်း လူကြီးအား အသေးစိတ်မေးမြန်းရန် ပြင်လိုက်စဉ်မှာပင် ထို သက်လတ်ပိုင်း လူကြီးမှာ သူ၏ညာဘက်လက်ကို မြှောက်ကာ ဝမ်ပေါင်လဲ့အား လက်ညှိုးထိုးလိုက်တော့သည်။

” မင်း လိုချင်တဲ့အရာကို ရစေရမယ်။ ဖောက်ထွက်နိုင်ပါစေကွာ ” ထိုသက်လတ်ပိုင်း လူကြီးမှာ ဝမ်ပေါင်လဲ့အား စကားပြောခွင့်ပင် မပေးဘဲ ဆိုလိုက်၏။ ထိုအခါ သူ၏လက်ညှိုးထဲမှ ကြယ်အလင်းရောင်များ ထိုးထွက်လာပြီး ဝမ်ပေါင်လဲ့၏ နဖူးထဲသို့ ဝင်ရောက်သွားတော့သည်။

ဝမ်ပေါင်လဲ့မှာ ခေါင်းထဲ၌ တစ်စုံတစ်ခု ပေါက်ကွဲသွားသည့်အလား ခံစားလိုက်ရပြီး အမြင်အာရုံများ ဝေဝါးသွား၏။ ထို့နောက် သူသည် ထိုကြယ်အလင်းရောင်များကြောင့် လေပေါ်သို့ မြောက်တက်သွားပြီး မိုးကောင်းကင်ပေါ်သို့ မျောလွင့်သွားသည့်အလား ခံစားလိုက်ရတော့သည်။

သူသည် မိုးကောင်းကင်ကြီးအား ထိုးခွင်းသွားပြီးနောက် အာကာသထဲသို့ ရောက်ရှိသွား၏။ သူ၏ ပတ်ပတ်လည်တွင် ကြယ်တာရာများ လင်းလက်တောက်ပနေကြသည်။ ထို့နောက် သူ စိတ်နှင့်ကိုယ်နှင့် ပြန်မကပ်နိုင်ခင်မှာပင် ကြယ်တာရာယွမ်ယင်ဝိညာဉ်အား ကျင့်ကြံနိုင်သည့်နည်းလမ်းနှင့် ပတ်သတ်သော အချက်အလက်ပေါင်း မြောက်မြားစွာမှာ သူ၏ ဦးနှောက်ထဲ၌ ပြည့်နှက်သွားတော့သည်။

ထို့ကြောင့် သူသည် ထို ယွမ်ယင်ဝိညာဉ်အကြောင်းအား ပို၍ ပင်နားလည်လာ၏။ သို့သော် သူ၏ ရင်ထဲတွင်မူ ခံစားချက်မျိုးစုံဖြင့် ‌ဗြောင်းဆန်နေရပြီ ဖြစ်သည်။ နောက်ဆုံးတွင် သူသည် မနေနိုင်တော့သဖြင့် အသံကုန်အော်ဟစ်မိလိုက်တော့သည်။

” ကျွန်တော် ဒီ ယွမ်ယင်ဝိညာဉ်ကို မလေ့ကျင့်ချင်တော့ဘူး။ ကျွန်တော် စကားမှားပြောမိတာပါ… ဒီ ယွမ်ယင်ဝိညာဉ်ကို တကယ် မလေ့ကျင့်ချင်တော့လို့ပါဗျာ… မမလေး… ဂိုဏ်းတူအစ်ကိုကြီး… ကျွန်တော့်ကို ကယ်ပါဦးဗျ… ”

ကျယ်ပြန့်တာအိုနန်းတော်မှာ စကြဝဠာကြီး တစ်ခုလုံးထဲရှိ ဒဏ္ဍာရီလာ ယွမ်ယင်ဝိညာဉ်ငါးခုထဲမှ တစ်ခုဖြစ်သော ကြယ်တာရာ ယွမ်ယင်ဝိညာဉ်အား ကံကောင်းထောက်မစွာဖြင့် ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပေသည်။ ထို ယွမ်ယင်ဝိညာဉ်အား လေ့ကျင့်ရသည့် နည်းလမ်းမှာ အလွန်အင်မတန်မှ ပြင်းထန်သောကြောင့် တာအိုနန်းတော်မှာ ၎င်းအား တားမြစ်ပညာရပ်တစ်ခုအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်၏။

ထို ယွမ်ယင်ဝိညာဉ်အား လေ့ကျင့်လိုပါက မိမိ၏ ရွှေအမြုတေအား ထုတ်ယူပြီးလျှင် ၎င်းအား အစွမ်းထက် ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်နှင့် ပေါင်းစည်းထားသော ဂြိုဟ်တစ်လုံးနှင့် ဝင်တိုက်စေရမည် ဖြစ်သည်။ ကျရှုံးသွားပါက ထိုအမြုတေမှာ ပျက်စီးသွားမည်ဖြစ်ပြီး ထိုကျင့်ကြံသူမှာ သေဆုံးသွားမည်ဖြစ်သည်။ အောင်မြင်သွားမည်ဆိုလျှင်မူ ကြယ်တာရာယွမ်ယင်ဝိညာဉ်တစ်ခု ပေါ်ပေါက်လာမည်ဖြစ်သည်။

Comment

Leave a Reply

Options

not work with dark mode
Reset