Switch Mode

အခန်း (၆၇၁)

တာအိုဂိုဏ်းသားနန်းတော်

ဝမ်ပေါင်လဲ့ သတိပြန်ရလာချိန်တွင် သူသည် ပထမနန်းတော်ကြီး၏ အပြင်ဘက်တွင် လဲလျောင်းနေ၏။ သူသည် ရီဝေဝေဖြစ်နေသော မျက်ဝန်းများဖြင့် ကောင်းကင်ကြီးအား စိုက်ကြည့်နေသည်။ သူ၏အတွေးထဲတွင် မေးခွန်းတစ်ခုသာ ရှိနေ၏။ ၎င်းမှာ အဘယ်ကြောင့် သူသည် တာအိုဘုန်းတော်ကြီးယိုရန်နှင့် တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ခဏခဏ သတိလစ်သွားနေရပါသနည်းဟူသည့် မေးခွန်းပင် ဖြစ်သည်။

” ဘယ်နှခေါက်တောင် ရှိနေပြီလဲကွာ ” ဝမ်ပေါင်လဲ့မှာ သက်ပြင်းများချလိုက်ပြီး မတ်တတ်ပြန်ထရန် ကြိုးစားလိုက်ချိန်တွင် မျက်လုံးများ ပြူးသွားရတော့သည်။ သူသည် သူ၏ညာဘက်လက်ဖြင့် မြေကြီးပေါ်သို့ အသာအယာထောက်လိုက်ပါသော်လည်း သူ၏ အပြင်ခန္ဓာကိုယ်ထဲမှ စွမ်းအင်များ ရုတ်တရက်ဆိုသလို ထွက်ပေါ်လာသည်ကို ခံစားလိုက်ရခြင်းဖြစ်သည်။ ထိုစွမ်းအင်ကြီးမှာ မြေပြင်ကြီးအား တုန်ရီသွားစေပြီး သူ့အား လေပေါ်သို့ ပင့်တင်ပေးလိုက်၏။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ လေထဲတွင် ရစ်ဝဲနေရင်း တံတွေးများ မျိုချမိသွားတော့သည်။ သူသည် သတိပြန်ရလာပြီးနောက် သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို အကဲမခတ်ကြည့်ရသေးပေ။ ယခုတွင်မူ သူသည် ခေါင်းငုံ့ကာ သေသေချာချာ ကြည့်ရှုစစ်ဆေးကြည့်လိုက်ပြီးနောက် မျက်ဝန်းများထဲ၌ စိတ်လှုပ်ရှားမှု အရိပ်အယောင်များနှင့် ပြည့်နှက်သွားရတော့သည်။

” ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်က မပြောင်းသေးဘူး။ အမြုတေထိပ်ဆုံးအဆင့်မှာ ရှိနေတုန်းပဲ။ ဒါပေမဲ့ ငါ့ရဲ့ အပြင်ခန္ဓာကိုယ်က … ယွမ်ယင်အဆင့်ကို ရောက်သွားပြီ ” ဝမ်ပေါင်လဲ့မှာ ကျယ်ပြန့်တာအိုနန်းတော်ထဲမှ စာအုပ်များကို ဖတ်ရှုထားခဲ့ဖူးသောကြောင့် ကျင့်ကြံသူတစ်ယောက်၏ တိုက်ရည်ခိုက်ရည် စွမ်းအားများမှာ အချက်လေးချက်ပေါ် မူတည်နေကြောင်း သိထား၏။ ၎င်းတို့မှာ ကျင့်ကြံခြင်းအဆင့်၊ လျှို့ဝှက်ဆန်းကြယ် ပညာရပ်များ၊ ဓမ္မရတနာများနှင့် အပြင်ခန္ဓာကိုယ်စွမ်းအားတို့ပင် ဖြစ်သည်။

ထိုအချက်လေးချက်မှာ တစ်ချက်နှင့်တစ်ချက် အမှီသဟဲပြုနေကြ၏။ ထိုအချက်များကို တိုးတက်လာအောင် လုပ်နိုင်ပါက မိမိ၏ တိုက်ရည်ခိုက်ရည် စွမ်းအားများမှာလည်း ပို၍ တိုးတက်လာမည်ဖြစ်သည်။ သို့သော် လျှို့ဝှက်ဆန်းကြယ်ပညာရပ်နှင့် ဓမ္မရတနာများနှင့် ယှဉ်လိုက်ပါက ကျင့်ကြံခြင်းအဆင့်နှင့် အပြင်ခန္ဓာကိုယ်စွမ်းအားတို့မှာ မရှိမဖြစ် လိုအပ်သော အဓိကသော့ချက်များ ဖြစ်ပေသည်။

အထူးသဖြင့် အပြင်ခန္ဓာကိုယ်စွမ်းအားမှာ… အပေါ်ယံတွင် ရိုးရှင်းသည့်ပုံ ပေါ်ပါသော်လည်း တမူထူးခြားသည့် သွေးမျိုးဆက်တစ်ခုခုကိုသာ ပိုင်ဆိုင်ထားခြင်းမရှိပါက မိမိ၏ အပြင်ခန္ဓာကိုယ်အား သန်မာလာအောင် လုပ်ရာ၌ အခက်ခဲများဖြင့် ကြုံတွေ့ရမည်ဖြစ်သည်။

ထို့အပြင် ကျင့်ကြံသူများ၏ အချိန်နှင့်အင်အားမှာ အကန့်အသတ်နှင့် ရှိကြသည် မဟုတ်ပါလော။ ထို့ကြောင့် ကျင့်ကြံခြင်းအဆင့် အလွန်အင်မတန်မှ မြင့်မားနေသည့် အစွမ်းထက် ကျင့်ကြံသူကြီးများသာလျှင် သူတို့၏ အပြင်ခန္ဓာကိုယ်အား အာရုံစိုက်၍ လေ့ကျင့်နိုင်ကြမည်ဖြစ်သည်။ ယွမ်ယင်အဆင့်တွင် ဝမ်ပေါင်လဲ့ကဲ့သို့ ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် အစွမ်းထက်သော အပြင်ခန္ဓာကိုယ်များကို ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူအရေအတွက်မှာ မရှိသလောက် နည်းပေသည်။

” နောက်ဆုံးတော့… ငါ ယွမ်ယင်အဆင့်ကို ရောက်သွားခဲ့ပြီ ” ဝမ်ပေါင်လဲ့မှာ သူ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားများကို အာရုံခံမိလိုက်သောအခါ ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။ ထို့နောက် သူသည် ရုတ်တရက်ဆိုသလို ပျောက်ကွယ်သွားပြီး ပေတစ်ထောင်အကွာတွင် ပြန်လည်ပေါ်ပေါက်လာတော့သည်။

သူသည် တည်နေရာပြောင်းရွှေ့သွားခဲ့ခြင်း မဟုတ်ပေ။ ၎င်းမှာ ယွမ်ယင်အဆင့် အပြင်ခန္ဓာကိုယ်တစ်ခုမှ ပေးစွမ်းနိုင်သည့် အမြန်နှုန်းဖြစ်ပေသည်။ ထို့နောက် သူသည် ညာဘက်လက်ကိုမြှောက်၍ လက်သီးဆုပ်ကြည့်လိုက်သောအခါ သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို ထုတ်မသုံးရသေးသည့်တိုင်အောင် သူ၏ လက်သီးထဲ၌ ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားတစ်မျိုး စုဝေးလာနေသည်ကို ခံစားလိုက်ရ၏။ ထို့ကြောင့် သူသည် ပို၍ပင် စိတ်လှုပ်ရှားလာတော့သည်။

သူသည် တာအိုဘုန်းတော်ကြီးယိုရန်အား ယှဉ်နိုင်ဦးမည် မဟုတ်ပါသော်လည်း သူနှင့်ထပ်၍ တိုက်ခိုက်ရမည်ဆိုပါက ပထမအကြိမ်တုန်းကလောက် ရုပ်ပျက်ဆင်းပျက် ဖြစ်နေတော့မည် မဟုတ်ကြောင်း ယုံကြည်နေ၏။

” ပထမနန်းတော်ထဲကို ဝင်လိုက်ရုံနဲ့ ယွမ်ယင်အဆင့် အပြင်ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်သွားတာပါလား… ” ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူကာ ပထမ နန်းတော်ကြီးအား စိုက်ကြည့်နေမိတော့သည်။ ထိုအခါ ထို နန်းတော်ကြီး၏ အထက်၌ တောက်ပနေသည့် အနီရောင်အလင်းတန်းကြီးမှာ သိသိသာသာ မှေးမှိန်သွားပြီး ထိုနန်းတော်ကြီး၏ ပတ်ပတ်လည်တွင် ဆီးနှင်းများ ပြန်လည်စုဝေးလာနေသည်ကို မြင်လိုက်ရတော့သည်။ ၎င်းမှာ တစ်ဖန်ပြန်၍ ပိတ်သွားတော့မည့်ပုံပင်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ နောင်တရကာ သက်ပြင်းချမိသွား၏။

သူ ကျော်ဖြတ်ခဲ့ရသည့် အရည်အချင်းစမ်းသပ်ပွဲမှာ အလွန်အင်မတန်မှ ရိုးရှင်းသည့်ပုံ ပေါ်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ ‌ဝိညာဉ်တစ်သောင်းရေကန်ထဲတွင် ခံစားခဲ့ရသည့် ဝေဒနာများကို ပြန်၍သတိရသွားသောအခါ ကျောချမ်းသွားရဆဲပင်။ သူသည် ထပ်ခါတလဲလဲ သေဆုံးသွားခဲ့ရသည်ဟု အမှန်တကယ် ခံစားခဲ့ရသည်မဟုတ်ပါလော။

” ငါ အကြာကြီး တောင့်မခံနိုင်ခဲ့တာ နှမြောစရာပဲ။ အဲလိုသာမဟုတ်ရင်… ငါ ဝိညာဉ်ကြားခံနယ်အဆင့် ဒါမှမဟုတ် ထာဝရဝိညာဉ်အဆင့်ထိပါ ရောက်သွားလောက်တယ်။ ပြောမရဘူး… ဂြိုဟ်အဆင့် အပြင်ခန္ဓာကိုယ်တစ်ခုကိုပါ ပိုင်ဆိုင်ရင် ပိုင်ဆိုင်သွားမှာ ”

” ထားပါတော့လေ။ ငါ ဒီထက်ပိုပြီး အစွမ်းထက်တဲ့အချိန်ကျ ဒီနေရာကို ပြန်လာနိုင်မှာပါ။ အဲအချိန်မှ ရေကန်ထဲက အာဟာရဓာတ်တွေကို စုပ်ယူပြီးတော့ ဖောက်ထွက်နိုင်ဖို့ ထပ်ကြိုးစားကြည့်တာပေါ့ ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ နှုတ်ခမ်းအား လျှာဖြင့်လျက်လိုက်၏။ သူသည် ထိုဖောက်ထွက်မှုများကို စွဲလမ်းနေပြီဖြစ်သည်။ တစ်ခဏမျှ ကြာပြီးနောက် သူသည် ရေခဲများထဲ၌ ရှိနေဆဲဖြစ်သော အခြား နန်းတော်ကြီးနှစ်ခုအား လှမ်း၍ကြည့်လိုက်၏။

” ငါ ဒီနန်းတော်ကြီးနှစ်ခုထဲကိုရော ဝင်လို့ရမလားမသိဘူး ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများအရောင်လက်သွားပြီး ၎င်းတို့၏ အနီးသို့ သွားရောက်ကာ သေသေချာချာ ကြည့်ရှုလိုက်၏။ ထို နန်းတော်ကြီး နှစ်ခုစလုံးအား လွှမ်းခြုံထားသည့် ရေခဲများမှာ အရည်ပျော်ကျသွားမည့်ပုံ မပေါ်သလို စောစောတုန်းက ပေါ်ပေါက်လာခဲ့သည့် အေးစက်စက်စကားသံကြီးမှာလည်း ထွက်ပေါ်လာခြင်းမရှိပေ။

” ငါ အထဲဝင်ဖို့ အရည်အချင်း မပြည့်မီတာများလား ” ဝမ်ပေါင်လဲ့မှာ ခေါင်းကုတ်ကာ တွေးလိုက်၏။ သူသည် ထိုစည်းမျဉ်းများကို နားလည်ထားပါသော်လည်း ထိုနေရာမှ ထွက်မသွားချင်သေးပေ။ ထို့ကြောက့် သူသည် ထို နန်းတော်ကြီးနှစ်ခု၏ ပတ်ပတ်လည်၌ တစ်ခဏမျှ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေလိုက်ပြီးနောက် ညာဘက်ရှိ နန်းတော်ကြီးအား လှမ်းကြည့်လိုက်၏။ သူသည် ထို နန်းတော်ကြီးအား ကြည့်ရှုစစ်ဆေးနေရင်း မျက်ဝန်းများ ပို၍ အရောင်တောက်လာရတော့သည်။

ညာဘက်ရှိ နန်းတော်ကြီးမှာ ဘယ်ဘယ်မှနန်းတော်ကြီးနှင့် အရွယ်အစား အတူတူပင်ဖြစ်သည်။ သို့သော် ၎င်း၏ ပန်းပုလက်ရာများမှာ သိသိသာသာပို၍ ရှုပ်ထွေးကာ အနုစိတ်နေ၏။ သို့ဖြစ်ရာ ထိုနန်းတော်ကြီးထဲသို့ ဝင်ခွင့်ရရလိုပါက မွေးစားဂိုဏ်းသားအဆင့်ထက် ပို၍သာလွန်နေရန် လိုအပ်ပေသည်။

ထိုအချက်ကြောင့် ဝမ်ပေါင်လဲ့မှာ နှလုံးသားထဲ၌ မရိုးမရွ ဖြစ်လာရတော့သည်။ အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးနောက် သူသည် အံကြိတ်ကာ ညာဘက်လက်ကို မြှောက်လိုက်၏။ ထို့နောက် သူသည် သူ၏ ကျင့်ကြံကျင်စွမ်းအားများနှင့် အပြင်ခန္ဓာကိုယ် စွမ်းအားများ အားလုံးကိုထုတ်သုံးကာ သူ၏လက်သီးဖြင့် ညာဘက်ရှိ နန်းတော်ကြီးအား ထိုးနှက်လိုက်တော့သည်။

” ကွဲစမ်းကွာ ”

ဝမ်ပေါင်လဲ့မှာ အသံကုန်အော်ဟစ်လိုက်၏။ ထိုအခါ သူ၏ ညာဘက်လက်သီးထဲတွင် အဖျက်စွမ်းအားများ ကိန်းအောင်းနေသည့် လေမုန်တိုင်းကြီးတစ်ခု စုဝေးလာတော့သည်။ ၎င်း၏ စွမ်းအားမှာ ကျူးသိုနတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီး‌ထက်ပင် ပို၍ သာလွန်နေ၏။

ထိုလက်သီးချက်ကြီးမှာ ရေခဲတုံးကြီးပေါ်သို့ ကျရောက်သွားပါသော်လည်း သမုဒ္ဒရာထဲသို့ ကျောက်တုံးတစ်တုံး ပြုတ်ကျသွားသကဲ့သို့ပင်။ ထို့ကြောင့် ဒုတ်ခနဲမြည်သွားပြီး ရေခဲတုံးကြီးမှာ ထိခိုက်ပျက်စီးသွားခြင်းမရှိပေ။ ၎င်း၏ မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်း တစ်ကြောင်းခန့်ပင် ပေါ်ပေါက်လာခြင်းမရှိချေ။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အံ့ဩတုန်လှုပ်သွားရ၏။ သူသည် နောက်ထပ်တစ်ကြိမ်ထပ်၍ ထိုးနှက်ရန် ပြင်လိုက်စဉ်မှာပင် ထိုရေခဲတုံးကြီးထဲ၌ ခရမ်းရောင် လျှပ်စီးတန်းတစ်တန်းတစ်ခု ပေါ်ပေါက်လာ၏။ ထိုရေခဲတုံးကြီးမှာ သူ၏ ပထမလက်သီးချက်ထဲမှ စွမ်းအားများကို စုပ်ယူလိုက်သည့်ပုံပင်။ ထိုလျှပ်စီးတန်းမှာမူ လူးလွန့်ကာ ရေခဲတုံးကြီးထဲမှ ထိုးထွက်လာပြီးနောက် ဝမ်ပေါင်လဲ့၏‌ ရှေ့သို့ ချက်ချင်းဆိုသလို ရောက်ရှိလာပြီး ပေါက်ကွဲသွားတော့သည်။

ထိုအခါ အုန်းခနဲ အသံကြီးတစ်သံ ထွက်ပေါ်လာပြီး ထိုပေါက်ကွဲမှုကြီး၏ ပြင်းအားကြောင့် ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံးတုန်ရီသွားကာ နောက်သို့ လွင့်ထွက်သွားရ‌တော့သည်။ သူသည် ပေတစ်ထောင်တိတိ တွန်းထုတ်ခံလိုက်ရပြီးမှ သူ၏ခန္ဓာကိုယ်အား ဟန်ချက်ညီအောင် ပြန်ထိန်းနိုင်သွား၏။ ထို့နောက် သူသည် အသက်ရှူသံများ မတည်မငြိမ်ဖြစ်လာပြီး ခေါင်းမော့ကာ စိုက်ကြည့်နေလိုက်တော့သည်။ နန်းတော်ကြီးနှင့် ၎င်း၏ ဘေးပတ်ပတ်လည်ရှိ ရေခဲတုံးကြီးမှာ ပုံစံမပျက် ရှိနေကြဆဲဖြစ်ပြီး ခရမ်းရောင်အလင်းတန်းလေးမှာမူ လွင့်ပါးပျောက်ကွယ်သွားပြီဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့၏ နှလုံးသားထဲတွင်မူ ကြောက်စိတ်များဖြင့် ပြည့်နှက်နေဆဲပင်။ ၎င်းမှာ သတိပေးချက်တစ်ခု ဖြစ်ပေသည်။ အကယ်၍ သူသာ ထိုနန်းတော်ကြီးအား ဆက်လက်တိုက်ခိုက်နေမည်ဆိုပါက သတိပေးခံရရုံတင် မဟုတ်ဘဲ သူ၏အသက်ကို လောင်းကြေးထပ်နေသကဲ့သို့ ဖြစ်နေမည်မှာအမှန်ပင်။

” တော်တော်ကို တွန့်တိုတာပဲကွ ” ဝမ်ပေါင်လဲ့မှာ ညာဘက်ရှိ နန်းတော်ကြီးအား စိုက်ကြည့်နေရင်း တဖြည်းဖြည်းနှင့် မကျေမချမ်း ဖြစ်လာရတော့သည်။ သူ၏ ရာထူးအဆင့်အတန်း သို့မဟုတ် ကျင့်ကြံခြင်းအဆင့်မှာ နိမ့်ကျနေသေးသောကြောင့်သာ ဤ နန်းတော်ကြီးမှာ သူ့အား အထဲသို့ ဝင်ခွင့်မပေးခြင်း ဖြစ်နိုင်ပေသည်။

” တကယ်လို့ ငါသာ တာအိုဂိုဏ်းသားတစ်ယောက်ဆိုရင်… ” ဝမ်ပေါင်လဲ့မှာ စဉ်းစားတွေးတောနေ၏။ ထို့နောက် သူသည် အကြံတစ်ခု ရသွားသဖြင့် မျက်ဝန်းများ အရောင်တောက်ပလာတော့သည်။

” ငါက တာအိုဂိုဏ်းသားတစ်ယောက် မဟုတ်ပေမဲ့ တာအိုဂိုဏ်းသားတစ်ယောက်ရဲ့ လက်တစ်ဖက်ကို ပိုင်ဆိုင်ထားတယ်လေ ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးလိုက်ပြီးနောက် အသက်ပြင်းပြင်းရှူကာ သူ၏ သိုလှောင်အိတ်ထဲမှ အရိုးစု နတ်ဘုရားလက်နက် လက်ကြီးအား ထုတ်ယူလိုက်တော့သည်။ သူသည် ၎င်းအား လက်ထဲတွင် ကိုင်ရင်း သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို ထုတ်လွှတ်ကာ ထိုလက်ကြီးထဲသို့ စီးဝင်သွားစေလိုက်တော့သည်။ ထိုအခါ နတ်ဘုရားလက်နက် လက်ကြီးမှာ မျက်စိကျိန်းစရာကောင်းလောက်အောင် လင်းလက်တောက်ပလာပြီး အံ့ဩမှင်တက်ဖွယ်ကာ စွမ်းအားတစ်မျိုးကို ထုတ်လွှတ်လိုက်၏။

နတ်ဘုရားလက်နက် လက်ကြီးထဲမှ ကြောက်မက်ဖွယ်ရာ စွမ်းအားများ ထိုးထွက်လာစဉ် ညာဘက်ရှိ နန်းတော်ကြီးမှာ ဝမ်ပေါင်လဲ့၏ မျက်စိရှေ့တွင် စတင်တုန်ရီလာတော့သည်။ ၎င်းမှာ တစ်ခဏမျှသာ ထိုကဲ့သို့ တုန်ရီနေပြီးနောက် ရုတ်တရက်ဆိုသလို လုံးဝ ရပ်တန့်သွား၏။

” လက်ကြီးထဲကနေ ထွက်လာတဲ့ စွမ်းအင်တွေက လုံလုံ‌လောက်လောက် အစွမ်းမထက်လို့များလား ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ မျက်မှောင်ကြုတ်သွား၏။ သူသည် တစ်ခဏမျှ စဉ်းစားတွေးတောနေလိုက်ပြီးနောက် ၎င်းမှာ အမှန်တကယ်ပင် အားပျော့နေခြင်းဖြစ်ရမည်ဟု ကောက်ချက်ချလိုက်တော့သည်။ ထို့အပြင် သူနှင့် အရိုးစုလက်ကြီး၏ ကြားရှိ ချိတ်ဆက်မှုမှာလည်း သူထင်ထားသလောက် ပြီးပြည့်စုံနေခြင်းမရှိသေးပေ။

ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ စိတ်ပိုင်းဖြတ်လိုက်ပြီး သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို လက်ကြီးထဲသို့ ထည့်သွင်းမနေတော့ဘဲ အောက်သို့ ထိုင်ချလိုက်၏။ သူသည် ကျူးသို နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာအသစ်တစ်စုံအား ဖန်တီးတော့မည်ဖြစ်သည်။

ထိုသို့ဖန်တီးရသည်မှာ မခက်ခဲပေ။ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာ အမွေအနှစ်၏ စွမ်းအားအစစ်အမှန်များကို ထုတ်လွှတ်ရာတွင်သာ အခက်တွေ့နေမည်ဖြစ်သည်။ သူသည် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာအား ကျူးသိုပညာရပ်နှင့် ပေါင်းစည်းရမည် ဖြစ်သည်။ ၎င်းမှာ သူ၏ လေ့လာမှုများမှ ရရှိလာသည့် ရလဒ်တစ်ခု ဖြစ်ပေသည်။

သို့သော် ကျူးသိုပညာရပ်မှာ သက်စောင့်စွမ်းအား အမြောက်အမြား လိုအပ်၏။ လက်ရှိတွင် ထိုပမာဏအား စုဆောင်းနိုင်ရန်မှာ အလွန်အင်မတန်မှ ခက်ခဲလောက်ပေသည်။ သို့သော်ငြားလည်း သူသည် ကျူးသို နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာ အသစ်တစ်ခုကို ပြန်လည်ဖန်တီးရုံလောက်သာ ဆိုပါက အောင်မြင်နိုင်မည်ဖြစ်ကြောင်း ယုံကြည်ထား၏။ ထို့အပြင် သူသည် ယခင်တုန်းက ကြိမ်ဖန်များစွာ ကြိုးစားခဲ့ဖူးသည်ဖြစ်ရာ အတွေ့အကြုံရှိနေပြီ မဟုတ်ပါလော။ ထို့ကြောင့် နှစ်ပတ်အတွင်းတွင် ‌သူ၏ ခန္ဓာကိုယ်ထဲမှ သွေးရောင် စွမ်းအင်စီးဆင်းမှုလမ်းကြောင်းများ ထိုးထွက်လာတော့သည်။

၎င်းတို့မှာ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာ၏ ပထမအလွှာဖြစ်၏။ ၎င်း၏ စွမ်းအားနှင့်မာကျောမှုမှာ သူ ပထမဆုံး ပိုင်ဆိုင်ခဲ့ဖူးသည့် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးကို မယှဉ်နိုင်ပါသော်လည်း ၎င်းအား အရိုးစုလက်ကြီးနှင့် ပေါင်းစည်းရာ၌ အသုံးပြုနိုင်မည်သာဖြစ်သည်။

ဝမ်ပေါင်လဲ့ အမိန့်ပေးလိုက်သောအခါ ထိုစွမ်းအင်စီးဆင်းမှု လမ်းကြောင်းများမှာ နတ်ဘုရားလက်နက်လက်ကြီးထဲသို့ လူးလွန့်ဝင်ရောက်သွားကြ၏။ ထိုအချိန်တွင် သူသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို ထပ်၍ ထုတ်လွှတ်လိုက်ပြန်သည်။ ထိုအခါ သူ၏ ဝိညာဉ်စွမ်းအင်များမှာ စွမ်းအင်စီးဆင်းမှု လမ်းကြောင်းများထဲမှနေ၍ နတ်ဘုရားလက်နက်လက်ကြီးထဲသို့ စီးဝင်သွားကြတော့သည်။

ထို့နောက် နတ်ဘုရားလက်နက် လက်ကြီးမှာ ၎င်း၏ စွမ်းအားများကို နောက်ထပ်တစ်ကြိမ်ထပ်၍ ထုတ်လွှတ်လိုက်သောကြောင့် ဝိညာဉ်စွမ်းအင်လှိုင်းများ ထွက်ပေါ်လာပြန်သည်။

ထိုအချိန်တွင် ညာဘက်ရှိ နန်းတော်ကြီးမှာ စတင်တုန်ရီလာပြီး အေးစက်စက် စကားသံကြီးမှာလည်း လေထဲ၌ ပြန်လည်ပေါ်ပေါက်လာ၏။

” သင်က တာအိုဂိုဏ်းသားတစ်ယောက် ဖြစ်တာမလို့ တာအိုနန်းတော်ကို ပြန်လည်တည်ထောင်ရမယ့် တာဝန်ကို ထမ်းရွက်ခွင့် ရှိပါတယ်။ အဲတာကြောင့်မလို့ ဒုတိယ ဝိညာဉ်နန်းတော်ထဲဝင်ပြီး ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်နိုင်အောင် ကြိုးစားခွင့် ရှိပါမယ် “

Comment

Leave a Reply

Options

not work with dark mode
Reset