Switch Mode

အခန်း (၆၇၀)

ယွမ်ယင်အဆင့်

ဝမ်ပေါင်လဲ့မှာ ထိုအဘိုးကြီး၏ စကားသံအား မကြားနိုင်ပေ။ သူသည် အားအကုန်ထည့်၍ သူ၏နဖူးအား ရိုက်လိုက်သည် မဟုတ်ပါလော။ အကယ်၍ သူ၏ အပြင်ခန္ဓာကိုယ်သာ ယခုလောက် သန်မာနေခြင်း မရှိပါက သူသည် သတိမေ့သွားရုံလောက်သာ မဟုတ်ဘဲ အသက်ထွက်သွားလောက်ပြီ ဖြစ်သည်။

ထို့ကြောင့်လည်း အစိမ်းရောင်ကြာပွင့်လေးက သူ၏ ဒဏ်ရာများကို ပျောက်ကင်းအောင် ကုသပေးနေသည့်တိုင်အောင် ဝမ်ပေါင်လဲ့မှာ နှစ်နာရီတိတိ ကြာမြင့်သွားပြီးမှ မျက်လုံးများ ပြန်ပွင့်လာ။ ထို့နောက် သူသည် ဘေးဘီဝဲယာအား ရီဝေဝေ ဖြစ်နေသည့် မျက်ဝန်းများဖြင့် ကြည့်နေမိတော့သည်။ သူသည် သူ၏ ဦးခေါင်း ထက်ခြမ်းကွဲသွားသကဲ့သို့ ခံစားနေရ၏။ ကံကောင်းသည်မှာ သူသည် ခဏခဏ သတိလစ်ဖူးသည်ဖြစ်ရာ ယခုလို ပြန်သတိရလာသည့် ခံစားချက်ကြီးအား ကျင့်သားရနေပြီဖြစ်သည်။ ထို့ကြောင့် သူသည် သတိလစ်မသွားခင် ဖြစ်ပျက်ခဲ့သည့်အရာများကို ပြန်၍ မှတ်မိသွားသောအခါ မျက်လုံးများပြူးသွားပြီး ဘေးဘီဝဲယာအား သေသေချာချာ ဝေ့ဝိုက်ကြည့်ရှုလိုက်တော့သည်။ ထိုအခါမှသာ သူသည် နန်းတော်ကြီး၏ အပြင်ဘက်တွင်မဟုတ်ဘဲ အတွင်းထဲတွင်သာ ရှိနေသေးသည်ဖြစ်ကြောင်း သိလိုက်ရသည်။

ပုံရိပ်ယောင် အဘိုးကြီးမှာမူ ပျောက်ကွယ်သွားပြီဖြစ်သည်။ သူထိုင်နေခဲ့သည့် နေရာတွင်မူ ဘဲဥပုံ အလင်းရောင် တံခါးပေါက်တစ်ပေါက်မှာ လေထဲ၌ ရစ်ဝဲနေ၏။ ၎င်းမှာ ဝမ်ပေါင်လဲ့အား စောင့်ဆိုင်းနေသည့်ပုံပင်။

ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ စိတ်လှုပ်ရှားသွားရပြီး ဦးခေါင်းတစ်ခုလုံး တဆစ်ဆစ် နာကျင်နေသည့် ခံစားချက်ကြီးကိုပင် မေ့ပျောက်သွားတော့သည်။ ထို့နောက် သူသည် မတ်တတ်ထကာ ထိုတံခါးပေါက်ဆီသို့ ပြေးသွားလိုက်ပြီး ၎င်းအား အကဲခတ်လေ့လာကြည့်လိုက်၏။ သူ အရည်အချင်း စမ်းသပ်ပွဲအား အောင်မြင်သွားခဲ့သည်ကို ယခုအချိန်အထိ မရိပ်မိနိုင်သေးပါက သူ့ကိုယ်သူ ဝမ်ပေါင်လဲ့ဟု မခေါ်သင့်တော့ပေ။ ထို့ကြောင့် သူသည် ဟက်ဟက်ပက်ပက် အော်ဟစ်ရယ်မောနေလိုက်တော့သည်။

” ဖေဖေကြီးက ဉာဏ်ပြေးပါတယ်ကွ။ ဒီလို အရည်အချင်း စမ်းသပ်ပွဲလေးလောက်ကတော့ ငါ့အတွက် ထမင်းစားရေသောက်အဆင့်ပါပဲ ” ဝမ်ပေါင်လဲ့မှာ စိတ်ကျေနပ်မှုအပြည့်ဖြင့် ရေရွတ်ကာ သူ၏ဗိုက်အား ပုတ်လိုက်၏။ ထိုအခါ ၎င်းမှာ ယခင်တုန်းကလောက် အိစက်စက် ဖြစ်မနေတော့သည်ကို သိလိုက်ရတော့သည်။ ၎င်းမှာ မာကျောကာ ကြွက်သားများဖြင့် ပြည့်နှက်နေ၏။ သူသည် ထိုခံစားချက်ကြီးနှင့် စိမ်းနေသောကြောင့် ဗိုက်ကိုပုတ်ပြီးသွားသည့်တိုင်အောင် စိတ်ကျေနပ်မှုမရှိဘဲ ဖြစ်နေရတော့သည်။

” ပိန်လွန်းနေတာလည်း မကောင်းပါဘူးကွာ။ အသားများများ ရှိမှ တို့ရထိရတာ ဇိမ်ရှိတာ ” ဝမ်ပေါင်လဲ့မှာ သက်ပြင်းချကာ ရေရွတ်လိုက်၏။ ထို့နောက် သူသည် လင်းလက်တောက်ပနေသော တံခါးပေါက်၏ ရှေ့တွင်ရပ်ကာ အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် ရှေ့သို့ လှမ်းလိုက်တော့သည်။

ထိုအခါ သူ၏ အမြင်အာရုံမှာ မှုန်ဝါးဝါးဖြစ်သွားပြီး ချက်ချင်းဆိုသလိုပင် ပြန်၍ ကြည်လင်ပြတ်သားသွား၏။ ထိုတံခါးပေါက်မှာ တည်နေရာပြောင်းရွှေ့ခြင်း အပေါက်တစ်ပေါက်ကဲ့သို့ပင်။ ၎င်းမှာ ဝမ်ပေါင်လဲ့အား အမွေအနှစ်များ လက်ခံရယူနိုင်ရန်ဆိုသည့် ရည်ရွယ်ချက်တစ်ခုတည်းဖြင့် ကျယ်ပြန့်တာအိုနန်းတော်မှ ဖန်တီးပေးထားသည့် ကမ္ဘာငယ်လေးထဲသို့ ပေးပို့လိုက်ခြင်းဖြစ်သည်။

၎င်းမှာ လမင်းကြီးလောက်ပင် အရွယ်အစား မကြီးမားသည့် ကမ္ဘာငယ်လေးတစ်ခု ဖြစ်၏။ အတိအကျ ဆိုရလျှင် ၎င်း၏ အရွယ်အစားမှာ လမင်းကြီး၏ ဆယ်ပုံပုံ တစ်ပုံခန့်သာရှိ ပေသည်။ ၎င်းမှာ သာမာန်လူတစ််ယောက်အတွက် ကြီးမားသည်ဟု ထင်ရပါသော်လည်း ဝမ်ပေါင်လဲ့အတွက်မူ ၎င်း၏ အရွယ်အစားမှာ မပြောပလောက်ပေ။

မည်သို့ပင်ဆိုစေကာမူ သူသည် ထိုကမ္ဘာငယ်လေး၏ ပေါ်ပေါက်လာမှုကြောင့် အံ့ဩတုန်လှုပ်သွားရဆဲပင်။ မိုးကောင်ကင်ကြီးတစ်ခုလုံးမှာ ဖြူဆွတ်နေပြီး အလယ်တွင် ရဲရဲနီနေ၏။ ထိုအရောင်များမှာ ကောင်းကင်ကြီး၏ ကိုယ်ပိုင်အရောင်မဟုတ်ဘဲ မြေပြင်ပေါ်မှ အရောင်များ ရောင်ပြန်ဟပ်နေခြင်း ဖြစ်ပေသည်။

အဖြူရောင် ကုန်မြေကြီးပေါ်တွင် မည်သည့် သစ်ပင်ပန်းမန်မှ ပေါက်ရောက်နေခြင်းမရှိပေ။ ထိုကမ္ဘာငယ်လေး တစ်ခုလုံးထဲတွင် အဖြူရောင် သဲကန္တာရကြီးမှာ နေရာအပြည့် ယူထား၏။ ၎င်း၏ အလယ်ဗဟိုတွင်မူ ဧရာမချိုင့်ဝှမ်းကြီးတစ်ခု ရှိနေသည်။

ပို၍ တိတိကျကျ ဆိုရပါက ဤကမ္ဘာငယ်လေး၏ အလယ်ဗဟိုတွင် စက်ဝိုင်းပုံသဏ္ဍာန်ဖြစ်နေသည့် တောင်စဉ်တန်းတစ်ခု ရှိနေခြင်းဖြစ်သည်။ ထို့ကြောင့် အဝေးမှကြည့်လိုက်ပါက ထိုနေရာမှာ ချိုင့်ဝှမ်းတစ်ခုနှင့် တူနေခြင်းဖြစ်၏။

ဝမ်ပေါင်လဲ့အား အံ့အားသင့်သွားစေခဲ့သည်မှာ ထိုမြင်ကွင်း မဟုတ်ပေ။ သူ့အား သွေးပျက်လုမတတ် အံ့ဩတုန်လှုပ်သွားစေသည့် အရာမှာ ထို စက်ဝိုင်းပုံသဏ္ဍာန် တောင်စဉ်တန်းပေါ်တွင် ဧရာမသားရဲကြီးများ၏ ရုပ်အလောင်များ တောင်လိုပုံနေသည့် မြင်ကွင်းပင် ဖြစ်ပေသည်။

ထိုသားရဲကြီးများမှာ အသက်မရှိတော့သည့်တိုင်အောင် ကြောက်မက်ဖွယ်ရာ ကောင်းနေဆဲပင်။ ဝမ်ပေါင်လဲ့မှာ ၎င်းတို့ထဲမှ အများစုကို မမြင်ဖူးပါသော်လည်း သူ မြင်ဖူးထားသည့် သားရဲကြီးအချို့လည်း ရှိနေ၏။ ၎င်းတို့ထဲတွင် ပြည်ထောင်စုကြီး၏ ရှေးဟောင်းဒဏ္ဍာရီများထဲ၌ ဖော်ပြထားသော နဂါးကြီးများလည်း ပါဝင်ပေသည်။

သူသည် အနောက်တိုင်း ရှေးဟောင်းလူမှုအဖွဲ့အစည်းများထဲမှ တောင်ပံပါသော နဂါးကြီးများကို မြင်တွေ့ခဲ့ရသလို အရှေ့တိုင်း ရှေးဟောင်းလူမှုအဖွဲ့အစည်းများထဲမှ ဧရာမ ‌အစိမ်းရောင် မြွေနဂါးကြီးများကိုလည်း မြင်တွေ့ခဲ့ရ၏။

ထို့အပြင် သူသည် ဘီလူးကြီးများ၏ ရုပ်အလောင်းများနှင့် အဆုံးမဲ့မျိုးနွယ်စုဝင်များ၏ ရုပ်အလောင်းများ တောင်လိုပုံနေသည်ကိုလည်း မြင်ခဲ့ရသေးသည်။ ထိုတောင်စဉ်တန်းပေါ်တွင် အနည်းဆုံး ရုပ်အလောင်း တစ်သိန်းခန့် ရှိနေလောက်ပေသည်။

၎င်းတို့အားလုံးမှာ လည်လှီးခံလိုက်ရပြီးနောက် ထိုတောင်စဉ်တန်းပေါ်သို့ ပစ်တင်ခံခဲ့ရခြင်း ဖြစ်၏။ အကယ်၍ သူသာ ထိုတောင်စဉ်တန်း၏ အတွင်းပိုင်းထဲအထိ ဖောက်ထွင်းမြင်နိုင်မည်ဆိုပါက ၎င်း၏ အတွင်းသားများမှာ သွေးများ ပေကျံကာ ပြာနှမ်းနေသည်ကို မြင်နိုင်ပေမည်။

ထို မြင်ကွင်းကြောင့် သူ၏ မျက်နှာအမူအရာမှာ တည်ကြည်သွားရပြီး သူ၏ အတွေးထဲ၌ ပုံရိပ်ပေါင်း မြောက်မြားစွာ ပေါ်ပေါက်လာတော့သည်။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာတုန်းက တစ်စုံတစ်ယောက်မှာ ထို သားရဲအုပ်ကြီးများနှင့် အဆုံးမဲ့မျိုးနွယ်စုဝင်များကို ဤနေရာ၌ သတ်ဖြတ်ခဲ့ခြင်း ဖြစ်ရပေမည်။ သူသည် ၎င်းတို့အား လည်လှီးကာ ၎င်းတို့၏ အော်ဟစ်မြည်တမ်းသံများကို နားထောင်ရင်း ၎င်းတို့၏ ခန္ဓာကိုယ်များထဲမှ သွေးများ တောင်စဉ်တန်း၏ အောက်သို့ စီးဆင်းသွားကြပြီး ချိုင့်ဝှမ်းထဲ၌ စုဝေးသွားကြသည်ကို စောင့်ကြည့်နေခဲ့လောက်ပေသည်။ ထို‌သွေးများကြောင့် ဤချိုင့်ဝှမ်းကြီးမှာ စက်ဝိုင်းပုံသဏ္ဍာန် တောင်စဉ်တန်း၏ အလယ်တွင် သွေးရေကန်တစ်ကန်အဖြစ် ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။

ထိုသွေးရေကန်ကြီး၏ အရောင်မှာ ကောင်းကင်ပေါ်၌ ထင်ဟပ်နေသောကြောင့် ဖြူဆွတ်နေသည့် ကောင်းကင်ကြီးအလယ်တွင် အနီရောင်အကွက်ကြီးတစ်ကွက် ရှိနေရခြင်း ဖြစ်ပေသည်။

” ဒါ ဝိညာဉ်သွေးတစ်သောင်းရေကန်လား ” ဝမ်ပေါင်လဲ့မှာ လေထဲတွင် ရစ်ဝဲနေရင်း တောင်စဉ်တန်းကြီး၏ အလယ်ရှိ သွေးရေကန်ကြီးအား ငုံ့ကြည့်ကာ ရေရွတ်လိုက်၏။ တစ်ခဏမျှ ကြာမြင့်သွားပြီးနောက် သူသည် သူ၏ နှလုံးသားထဲရှိ အံ့ဩတုန်လုပ်မှုများကို ချုပ်တည်းလိုက်ပြီး မျက်ဝန်းများထဲ၌ ထူးဆန်းသော အလင်းရောင်တစ်ခု တောက်ပသွားတော့သည်။

အဘိုးကြီး ပြောခဲ့သည့်စကားများကြောင့် ဝိညာဉ်သွေးတစ်သောင်းရေကန်၏ အကြီးမားဆုံး ဂုဏ်သတ္တိမှာ သူ၏ အပြင်ခန္ဓာကိုယ်အား သန်မာလာအောင် လုပ်ပေးနိုင်ခြင်းဖြစ်ကြောင်း ဝမ်ပေါင်လဲ့က သိထား၏။ သူသည် ရုပ်အလောင်းများကို မြင်လိုက်ရပြီးနောက် အခြေအနေတစ်ခုလုံးကို ရိပ်စားမိသွားတော့သည်။

” ဝိညာဉ်တစ်သောင်းရဲ့ သွေးတွေကို ပေါင်းခံပြီးတော့ အဲဒီ သွေးတွေထဲက အာဟာရဓာတ်တွေကိုယူပြီး တာအိုနန်းတော် ကျင့်ကြံသူတွေရဲ့ အပြင်ခန္ဓာကိုယ်တွေကို အားဖြည့်ပေးတာပဲ။ အဲတာမလို့ ဒီနေရာကို လာပြီးတော့ ဖောက်ထွက်ခဲ့တဲ့ လူတွေက အများကြီးပိုပြီးတော့ အစွမ်းထက်တဲ့ အပြင်ခန္ဓာကိုယ်တွေကို ပိုင်ဆိုင်ထားကြတာ ”

” ဒါ ရှားပါးအခွင့်အရေးကြီးတစ်ခုပဲ ” ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူလိုက်၏။ သူသည် အလွန်အကျူး အသန့်ကြိုက်သူတစ်ယောက် မဟုတ်သောကြောင့် သွေးညှီနံ့များကို ဂရုစိုက်နေခြင်းမရှိသလို သွေးရေကန်ကြီး ပေါ်ပေါက်လာသည့်ပုံနှင့် ပတ်သတ်၍လည်း စိတ်ထင့်နေခြင်း မရှိပေ။ အသန့်ကြိုက်သူများပင်လျှင် ယခုကဲ့သို့သော အခွင့်အရေးမျိုးကို လက်လွှတ်ခံနိုင်ကြမည် မဟုတ်ပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သွေးရေကန်ကြီးအား စိုက်ကြည့်ရင်း လောဘစိတ်များ တဖွားဖွား ပေါ်ပေါက်လာတော့သည်။

သူသည် တစ်ခဏမျှသာ စဉ်းစားတွေးတောလိုက်ပြီးနောက် မျက်လုံးများအရောင်လက်သွားပြီး ထိုရေကန်ကြီးဆီသို့ ပြေးသွားလိုက်၏။ ထို့နောက် သူသည် ရေကန်ပေါ်၌ တင်ပျဉ်ခွေထိုင်ချကာ အောက်သို့ ဆင်းသွားလိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာ ထိုရေကန်ကြီးနှင့် ထိသွားသည့်နှင့် တစ်ပြိုင်နက် စိတ်ကူးများနှင့်ပင် မှန်းဆ၍ မရနိုင်လောက်အောင် များပြားသော သွေးချီများ ထွက်ပေါ်လာကြပြီး သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာတော့သည်။

ထိုသွေးချီများမှာ ရေကန်ထဲ၌ နှစ်ပေါင်းများစွာကြာမြင့်အောင် စောင့်ဆိုင်းနေခဲ့ရသည့်ပုံပင်။ ၎င်းတို့မှာ အလွန်အင်မတန်မှ ပြည့်ဝနေသောကြောင့် ဝမ်ပေါင်လဲ့ ရောက်ရှိလာသောအခါ အပေါက်တစ်ပေါက် ရှာတွေ့သွားသကဲ့သို့ ဖြစ်သွား၏။ ထို့ကြောင့် အဆမတန်များပြားသော သွေးချီများမှာ ဝမ်ပေါင်လဲ့၏ ချွေးပေါက်များထဲမှတစ်ဆင့် သူ၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် စီးဝင်လာကြတော့သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အော်ဟစ်ပစ်ချင်စိတ်များ ပေါ်ပေါက်လာရ၏။ ‌သွေးချီများမှာ သူ၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် စီးဝင်နေကြသောကြောင့် သူသည် အပ်အချောင်းရေပေါင်း မြောက်မြားစွာဖြင့် ထိုးခံနေရသကဲ့သို့ ခံစားနေရပြီး တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီနေရတော့သည်။ ခဏအကြာတွင် သူသည် တစ်စုံတစ်ခုမှာ သူ့အား သူ၏ ခန္ဓာကိုယ်ထဲမှနေ၍ တစ်စစီ ဆုတ်ဖြဲနိုင်ရန် ကြိုးစားနေသကဲ့သို့ ခံစားလိုက်ရ၏။ သူ၏ ခန္ဓာကိုယ်ကြီးမှာ ပေါက်ကွဲသွားတော့မည့်ဆဲဆဲ အနေအထားသို့ ရောက်နေပြီ ဖြစ်သည်။

သွေးချီများမှာ ဝိညာဉ်ချီများနှင့် မတူပေ။ ၎င်းတို့မှာ သူ၏ ကျင့်ကြံခြင်းအဆင့်အတွက် အထောက်ကူမပြုနိုင်ဘဲ သူ၏ အပြင်ခန္ဓာကိုယ်တစ်ခုတည်းကိုသာ အားဖြည့်ပေးနိုင်ပေသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေပါသော်လည်း အချိန်အတော်အတန်ကြာအောင် တိုးတက်လာခြင်းမရှိခဲ့သည့် သူ၏ အပြင်ခန္ဓာကိုယ်တစ်ခုလုံး စတင်တိုးတက်လာသည်ကို အာရုံခံမိလိုက်တော့သည်။

သူ၏ အပြင်ခန္ဓာကိုယ်မှာ အမှန်တကယ်ပင် တိုးတက်လာခြင်း ဖြစ်ပေသည်။ သွေးချီများ သူ၏ကိုယ်ထဲသို့ အဆက်မပြတ် စီးဝင်နေကြသောကြောင့် သူ၏ ခန္ဓာကိုယ်မှာလည်း အဆက်မပြတ် ဆုတ်ဖြဲခံနေရသကဲ့သို့ ဖြစ်နေ၏။ သူ၏ စွမ်းအင်စီးဆင်းမှုလမ်းကြောင်းများ၊ အရိုးများနှင့် အတွင်းကလီစာများ အားလုံးမှာလည်း တစ်စစီ ဆုတ်ဖြဲခံလိုက်ရပြီ ဖြစ်သည်။

သေသေချာချာ ကြည့်ရှုလိုက်မည်ဆိုပါက သူ၏ အသွေးအသားများနှင့် အရိုးများ ဖြည်းဖြည်းချင်းစီ ပျက်စီးသွားနေသည်ကို မြင်နိုင်ပေသည်။ ထို့နောက် ၎င်းတို့မှာ သွေးချီများ၏ အာဟာရဓာတ်များကို ရရှိလိုက်ပြီးနောက် ချက်ချင်းဆိုသလိုပင် အသစ်ပြန်လည် ပေါ်ပေါက်လာကြ၏။

သို့ဖြစ်ရာ ထိုဖြစ်စဉ်ကြီးမှာ အလွန်အင်မတန်မှ နာကျင်လောက်ပေသည်။

ဝမ်ပေါင်လဲ့မှာ မည်မျှပင် ခေါင်းမာပြီး ရက်စက်ကြမ်းကြုတ်စေကာမူ လက်ရှိတွင် ခံစားနေရသည့် ဝေဒနာများကြောင့် အချိန်မရွေး သတိလစ်သွားနိုင်သည့်အခြေအနေသို့ ရောက်နေ၏။ ထို့ကြောင့် သူသည် အံကြိတ်ကာ စိတ်နှင့်ကိုယ်နှင့် ကပ်နေနိုင်ရန် မာန်တင်းထားရသည်။ သူသည် ခဏခဏ သတိလစ်ဖူးခဲ့သဖြင့် ကျင့်သားရနေသောကြောင့်သာ ထိုကဲ့သို့ မာန်တင်းထားနိုင်ခြင်း ဖြစ်ပေသည်။ ထိုတို့သာ မဟုတ်ပါက သူသည် သတိလစ်နေလောက်ပြီ ဖြစ်သည်။

သူ ခံစားနေရသည့် နာကျင်မှုများမှာ ပို၍ ဆိုးရွားလာ၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ဆုတ်ဖြဲခံနေရပြီး ထိုခံစားချက်ကြီးနှင့်အတူ ပေါ်ပေါက်လာသည့် ထစ်ချုန်းသံများမှာလည်း သူ၏ နားထဲ၌ ပဲ့တင်ထပ်နေသည်။ ထို့ကြောင့် သူသည် ဤရေကန်ကြီးမှာ အရည်အချင်းစမ်းသပ်ပွဲထက်ပင် ပို၍ဆိုးနေကြောင်း သိလိုက်ရတော့သည်။

သူ၏ အပြင်ခန္ဓာကိုယ် ပိုမို အားကောင်းလာချိန်တွင် ထိုရေကန်ထဲရှိ အသေကောင်များ၏ စိတ်ဆန္ဒ အကြွင်းအကျန်များ၊ အမျက်ဒေါသများနှင့် မကျေနပ်ချက်များမှာ ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ ပေါ်ပေါက်လာကြတော့သည်။

ဝမ်ပေါင်လဲ့မှာ နာကျင်မှုများကို ကြိတ်မှိတ်သည်းခံနေရင်း စိတ်ထဲ၌ သားရဲကြီးပေါင်း မြောက်မြားစွာ၏ သွေးပျက်ချောက်ချားဖွယ်ရာ အော်ဟစ်သံများကို အဆက်မပြတ် ကြားနေရ၏။ ထို သားရဲကြီးများနှင့် အဆုံးမဲ့မျိုးနွယ်စုဝင်များမှာ သူ၏အသိစိတ်အား ဖုံးလွှမ်းသွားသကဲ့သို့ပင်။ သူသည် ၎င်းတို့ သေခါနီးဆဲဆဲအချိန်တွင် ခံစားခဲ့ရသည့် မုန်းတီးစိတ်များ၊ ပူဆွေးသောကများနှင့် အမျက်ဒေါသများကို ပြန်လည် ခံစားနေရတော့သည်။

ထို စိတ်ဆန္ဒအကြွင်းကျန်များ၏ ရိုက်ခတ်မှုကြောင့် ဝမ်ပေါင်လဲ့ တစ်ခဏမျှ အသိစိတ် ပျောက်သွားရသည်။ ထို့နောက် သူသည် နဂါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး လည်လှီးခံလိုက်ရ၏။ ခဏအကြာတွင် သူသည် နောက်ထပ် သားရဲကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ထပ်၍ လည်လှီးခံလိုက်ရပြန်သည်။ ထိုသို့ဖြင့် သူသည် ထိုသားရဲကြီးများနှင့် အဆုံးမဲ့မျိုးနွယ်စုဝင်များအဖြစ်သို့ အမှန်တကယ် ပြောင်းလဲသွားသည့်လား ခံစားနေရတော့သည်။

ထို့ကြောင့် သူသည် ထပ်ခါတလဲလဲ သေဆုံးသွားရသကဲ့သို့ပင်။ သူ အကြိမ်ရေမည်မျှခန့် သေဆုံးသွားခဲ့ရသည်ကို သူကိုယ်တိုင်ပင် မမှတ်မိတော့ပေ။

နောက်ဆုံးတွင် သူသည် ဆက်လက်တောင့်ခံနိုင်စွမ်း မရှိတော့သောကြောင့် သတိလစ်သွားရတော့သည်။ ထိုအခါ ထို ဖြစ်စဉ်ကြီးမှာလည်း ပြီးဆုံးသွား၏။

သူ သတိလစ်သွားသည်နှင့် တစ်ပြိုင်နက် ‌သွေးရေကန်ထဲတွင် လဲလျောင်းနေသည့် သူ၏ အပြင်ခန္ဓာကိုယ်ထဲမှ ထူးဆန်းသော ရနံ့တစ်မျိုး ထွက်ပေါ်လာသည်။ ထို့နောက် ၎င်းမှာ ရုတ်တရက်ဆိုသလို ဖောက်ထွက်သွားပြီး သာမန် ယွမ်ယင်အဆင့် ကျင့်ကြံသူတစ်ယောက်ထက် အဆပေါင်းများစွာ ပို၍သာလွန်သည့် အံ့ဩမှင်တက်ဖွယ်ရာ စွမ်းအားတစ်မျိုးကို ထုတ်လွှတ်လိုက်တော့သည်။

သူ၏ အပြင်ခန္ဓာကိုယ်မှာ… ယွမ်ယင်အဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်။

Comment

Leave a Reply

Options

not work with dark mode
Reset