ဝမ်ပေါင်လဲ့မှာ ရေခဲတုံးကြီး ရုတ်တရက် အရည်ပျော်ကျသွားရာမှ ပေါ်ပေါက်လာသည့် ဧရာမနန်းတော်ကြီးနှင့် ကောင်းကင်ပေါ်သို့ ထိုးတက်သွားသော အနီရောင်အလင်းတန်းကြီးအား ငေးကြည့်နေရင်း အသက်ရှူသံများ တစ်ခဏမျှ ရပ်တန့်သွားရ၏။ ထို အလင်းတန်းကြီးဆီမှ ထွက်ပေါ်နေသည့် ဝိညာဉ်စွမ်းအင်လှိုင်းများကြောင့် သူ၏ဆံပင်များမှာ ဖွာလန်ကြဲနေရတော့သည်။ ထို့အပြင် သူသည် ထိုပြင်းအားများကြောင့် နောက်သို့ပင် ဒယိမ်းဒယိုင် ဆုတ်ခွာသွားလိုက်ရ၏။
သူ၏ ပတ်ပတ်လည်ရှိ မြေပြင်ကြီးမှာ စတင်တုန်ရီလာသဖြင့် နှစ်ကုဋေကုဋာပေါင်းများစွာ အိပ်မောကျနေခဲ့သည့် သားရဲကြီးတစ်ကောင် ရုတ်တရက်ဆိုသလို မျက်လုံးများ ပွင့်လာသကဲ့သို့ပင်။ ၎င်းဆီမှ ထွက်ပေါ်လာနေသည် စွမ်းအားကြီးကြောင့် ကမ္ဘာကြီးတစ်ခုလုံးမှာ တုန်ရီနေရ၏။
ဝမ်ပေါင်လဲ့မှာ ထိုနန်းတော်ကြီးနှင့် ယှဉ်လိုက်ပါက ပုရွက်ဆိတ်တစ်ကောင်သာသာ အဆင့်တွင်သာ ရှိပေသည်။ ထိုနန်းတော်ကြီး၏ အရွယ်အစားနှင့် ၎င်းဆီမှ ထွက်ပေါ်နေသည့် အငွေ့အသက်များမှာ စိတ်ကူးများနှင့်ပင် မှန်းဆ၍ မရနိုင်လောက်အောင် ခမ်းနားထည်ဝါလွန်းနေ၏။
အကယ်၍ အဝေးမှ လှမ်းကြည့်နေမည်ဆိုပါက ပို၍ပင် ခမ်းနားထည်ဝါနေမည် ဖြစ်သည်။ ထို နန်းတော်ကြီးသုံးခုမှာ အလွန်အင်မတန်မှ ကြီးမားလွန်းနေသည် မဟုတ်ပါလော။ ထို့အပြင် အခြားနန်းတော်နှစ်ခုမှာ ရေခဲများထဲ၌ ပိတ်မိနေဆဲဖြစ်သောကြောင့် အနီရောင် အလင်းတန်းကြီးထဲသို့ ရောက်နေသည့် နန်းတော်ကြီးမှာ အာရုံဖမ်းစားနိုင်စွမ်း အပြည့်ရှိနေသည်။
စက္ကန့်သုံးဆယ်တိတိ ကြာမြင့်သွားပြီးနောက် ထို နန်းတော်ကြီး၏ အားကောင်းသော အငွေ့အသက်များမှာ ဖြည်းဖြည်းချင်း လွင့်ပါးပျောက်ကွယ်သွား၏။ အနီရောင် အလင်းတန်းကြီးမှာမူ ကောင်းကင်ပေါ်သို့ ထိုးတက်နေဆဲဖြစ်ပြီး ၎င်းဆီမှ ဝိညာဉ်စွမ်းအင်လှိုင်းများ ဆက်လက် ပျံ့လွင့်လာနေဆဲပင်။ သို့သော် အခြားအရာအားလုံးမှာ သာမန်အခြေအနေသို့ ပြန်ရောက်သွားပြီဖြစ်သည်။ ထိုအချိန်တွင် နန်းတော်ကြီး၏ တံခါးပေါက်များမှာ အနည်းငယ်ခန့် ပွင့်လာသောကြောင့် အနီရောင်အလင်းရောင်များ ထိုးထွက်လာကြပြန်သည်။
ထိုတံခါးပေါက်များမှာ နန်းတော်ကြီး၏ အရွယ်အစားနှင့် ယှဉ်လိုက်ပါက အနည်းငယ်ခန့်သာ ပွင့်သွားခဲ့ခြင်း ဖြစ်ပါသော်လည်း ဝမ်ပေါင်လဲ့၏ အမြင်တွင်မူ အရွယ်ရောက်ပြီးသား လူကြီးသုံးယောက် လက်ချင်းချိတ်ကာ ပြေးဝင်သွားနိုင်လောက်သည့်အထိ ကျယ်ဝန်းနေ၏။
၎င်းမှာ အံ့ဩမှင်တက်ဖွယ်ရာကောင်းသည့် မြင်ကွင်းတစ်ခုဖြစ်ပါသော်လည်း သူသည် ကျင့်ကြံခြင်းလမ်းစဉ်အား မကြာသေးမီကမှ စလျှောက်ခဲ့သည့် မနူးမနပ် ကောင်လေးတစ်ယောက် မဟုတ်တော့ပေ။ ထို့ကြောင့် သူသည် အလောတကြီး ပြုမူနေခြင်းမရှိဘဲ သူ၏ ဘေးပတ်ဝန်းကျင်အား အကဲခတ်လိုက်ပြီးနောက် စောစောတုန်းက ပေါ်ထွက်လာခဲ့သည့် အေးစက်စက်စကားသံကြီး ပြောခဲ့သောစကားများကို သေသေချာချာ စဉ်းစားသုံးသပ်နေလိုက်၏။ သူသည် သူ သိရှိထားသမျှ အချက်အလက်များအားလုံးကို ပေါင်းစည်းလိုက်ပြီးနောက် ကောက်ချက်တစ်ခု ချလိုက်တော့သည်။
” ငါတော့ ပွတာပဲဟေ့ ” ဝမ်ပေါင်လဲ့၏ မျက်ဝန်းများမှာ စိတ်လှုပ်ရှားမှု အရိပ်အယောင်များနှင့် လောဘစိတ်များဖြင့် တောက်ပလာတော့သည်။ သူသည် ကလေးဘဝကတည်းက ပြည်ထောင်စုဥက္ကဋ္ဌကြီး ဖြစ်လာရန် စိတ်ကူးထားခဲ့သည် မဟုတ်ပါလော။ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်တစ်ယောက်သာလျှင် ပြည်ထောင်စုကြီးတစ်ခုလုံးကို အမိန့်ပေး အုပ်ချုပ်နိုင်မည်ဖြစ်ကြောင်း သူက သိထား၏။ အကယ်၍ သူသာ အစွမ်းထက်လာမည်ဆိုပါက သူ၏ ကံကြမ္မာကို သူကိုယ်တိုင် ပုံဖော်နိုင်စွမ်း ရှိသွားမည်ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ တာအိုဘုန်းတော်ကြီးယိုရန်နှင့် ယှဉ်ပြိုင်တိုက်ခိုက်ခဲ့စဥ်တုန်းကနှင့် သေမင်းတာအို စစ်သင်္ဘောကြီးပေါ်တွင်ရှိနေခဲ့စဉ်တုန်းက ခိုကိုးရာမဲ့သလို ခံစားခဲ့ရသည်ဖြစ်ရာ ယခုထက်ပို၍ အစွမ်းထက်လာနိုင်ရန် တောင့်တမိနေ၏။ သူသည် အပေါ်ယံတွင် ထုတ်မပြပါသော်လည်း စိတ်ထဲတွင်မူ အစွမ်းထက်လာနိုင်မည့် နည်းလမ်းများကို အဆက်မပြတ် ရှာဖွေနေသည်သာ ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ထိုသို့ စဉ်းစားတွေးတောကာ အခြေအနေတစ်ခုလုံးအား သုံးသပ်လိုက်ပြီးနောက် စိတ်ပိုင်းဖြတ်လိုက်ပြီး ထို နန်းတော်ကြီးဆီသို့ ပြေးသွားလိုက်တော့သည်။ သူသည် ထို နန်းတော်ကြီး၏ ရှေ့သို့ ချက်ချင်းဆိုသလိုပင် ရောက်ရှိသွား၏။ ထို့နောက် သူသည် တံခါးပေါက်ကြီး၏ ရှေ့တွေရပ်ကာ အံကြိတ်လိုက်ပြီးနောက် အခြားတစ်ဖက်ရှိ အနီရောင် အလင်းရောင်များထဲသို့ ဝင်သွားလိုက်တော့သည်။
ထိုအခါ ဝမ်ပေါင်လဲ့၏ အမြင်အာရုံများမှာ ဝေဝါးသွားပြီး ချက်ချင်းဆိုသလိုပင် ပြန်၍ ကြည်လင်သွား၏။ သူသည် နန်းတော်ကြီးထဲသို့ ရောက်သွားပြီဖြစ်ပြီး ဟင်းလင်းပြင်ကြီးတစ်ခုမှာ သူ့အား ဝန်းရံထားသည်။ သူ၏ ပတ်ပတ်လည်တွင် ရုပ်တုသုံးခု ရှိနေပြီး ၎င်းတို့၏ ဦးခေါင်းထိပ်တွင် အနီရောင် ပုလဲလုံးတစ်လုံးစီ ရှိနေကြသည်။ ထို ပုလဲလုံးများထဲမှ အနီရောင် အလင်းရောင်များ ထွက်ပေါ်နေ၏။ သူ၏ ရှေ့တွင်မူ အဘိုးကြီးတစ်ယောက် ထိုင်နေသည်။
ဝမ်ပေါင်လဲ့မှာ ထို အဘိုးကြီးအား မြင်လိုက်ရသောအခါ အံ့ဩတုန်လှုပ်သွားရပြီး နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် အလိုလို ဆုတ်မိသွား၏။ ထို့နောက် သူသည် အသက်ရှူနှုန်းကို တည်ငြိမ်အောင် ထိန်းသိမ်းလိုက်ပြီး ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ တရိုတသေ ဦးညွှတ်လိုက်တော့သည်။
” မင်္ဂလာပါ အကြီးအကဲကြီး ”
ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ ဦးညွှတ်အရိုအသေပေးလိုက်ပြီးနောက် သူ၏ရှေ့တွင် ထိုင်နေသော အဘိုးကြီးအား လှမ်း၍ ခိုးကြည့်လိုက်၏။ အစပိုင်းတွင် သူသည် ထိုအဘိုးကြီးမှာ မည်သူမည်ဝါ ဖြစ်သနည်းဟု တွေးတောနေပါသော်လည်း ခဏအကြာတွင်မူ တစ်ခုခုလွဲနေကြောင်း ရိပ်မိသွားတော့သည်။
” သူက လူအစစ် မဟုတ်ဘူးလားဟ ” ဝမ်ပေါင်လဲ့မှာ ထိုသို့ တွေးမိသွား၏။ ထို အဘိုးကြီး၏ ခန္ဓာကိုယ်မှာ အစစ်မဟုတ်ဘဲ မှုန်ဝါးဝါး ဖြစ်နေသည်ကို သူက မြင်နေရသည် မဟုတ်ပါလော။ ထို အဘိုးကြီးမှာမူ မလှုပ်မယှက် ထိုင်နေဆဲပင်။
ဝမ်ပေါင်လဲ့မှာ သူ၏ရှေ့တွင် ရှိနေသော အဘိုးကြီးအား သေသေချာချာ အကဲခတ်နေစဉ် ထိုအဘိုးကြီးမှာ မျက်လုံးများ ပွင့်လာတော့သည်။ ထို့နောက် ကြယ်တာရာများကဲ့သို့ ဝင်းလက်တောက်ပနေသည့် မျက်ဝန်းတစ်စုံမှာ ဝမ်ပေါင်လဲ့ပေါ်သို့ ကျရောက်လာ၏။
ထိုအခါ ဝမ်ပေါင်လဲ့မှာ ခေါင်းထဲ၌ တစ်စုံတစ်ခု ပေါက်ကွဲသွားသည့်အလား ခံစားလိုက်ရတော့သည်။ ထို မျက်လုံးများမှာ သူ့အား ထိုးဖောက်မြင်နိုင်စွမ်း ရှိနေသည့်ပုံပင်။ ထိုမျက်လုံးများ၏ အောက်တွင် မည်သည့်လျှို့ဝှက်ချက်ကိုမှ ဖုံးကွယ်ထားနိုင်မည် မဟုတ်ပေ။ ထို ပုံရိပ်ယောင် အဘိုးကြီး၏ အကြည့်အောက်တွင် အရာအားလုံးမှာ ဘွင်းဘွင်းရှင်းရှင်း ပေါ်ပေါက်လာတော့သည်။
ခဏအကြာတွင် ထို အဘိုးကြီးမှာ သူ၏ အကြည့်အား ပြန်လည် ရုပ်သိမ်းလိုက်သောကြောင့် ထို ခံစားချက်ကြီးမှာလည်း ပျောက်ကွယ်သွားတော့သည်။ ဝမ်ပေါင်လဲ့မှာမူ နဖူးပေါ်မှ ချွေးသီးလုံးများ ကျလာ၏။ သူသည် အသက်ရှူသံများ လေးလံနေပြီး တုန်လှုပ်ချောက်ချားနေရပြီ ဖြစ်သည်။ သူ စိတ်နှင့်ကိုယ်နှင့် ပြန်မကပ်နိုင်သေးခင်မှာပင် ထို ပုံရိပ်ယောင် အဘိုးကြီးမှာ အသံကွဲကြီးဖြင့် ဆိုလိုက်၏။
” သင် အရည်အချင်းစမ်းသပ်ပွဲထဲကို ဝင်ရောက်ခွင့်ရှိပါတယ်။ တကယ်လို့ ကျုပ်ရဲ့ ဝိညာဉ်စွမ်းအင် ပြင်းအားကို အသက်ရှူကြိမ် ဆယ်ကြိမ်တိတိ တောင့်ခံနိုင်မယ်ဆိုရင် ဒီ အရည်အချင်း စမ်းသပ်ပွဲကို အောင်မြင်သွားမှာဖြစ်ပါတယ်။ အဲလို အောင်မြင်သွားမယ်ဆိုရင် ဝိညာဉ်သွေးတစ်သောင်းရေကန်ထဲကို ဝင်ပြီးတော့ ကိုယ့်ရဲ့ အပြင်ခန္ဓာကိုယ်ကို ပိုပြီး သန်မာလာအောင် လုပ်ခွင့်ရသွားမှာ ဖြစ်ပါတယ် ”
ထို အဘိုးကြီးမှာ ဝမ်ပေါင်လဲ့အား တုံ့ပြန်ချိန်ပင် မပေးပေ။ သူသည် စကားဆုံးသွားပြီးနောက် ရုတ်တရင်ဆိုသလို ညာဘက်လက်ကိုမြှောက်ကာ ဝမ်ပေါင်လဲ့အား လက်ညှိုးထိုးလိုက်၏။ ထိုအခါ ထို အဘိုးကြီး၏ ခန္ဓာကိုယ်ထဲမှ လေမုန်တိုင်းတစ်ခုနှင့် ဆင်တူသည့် အားကောင်းသော စွမ်းအားတစ်မျိုး ထွက်ပေါ်လာတော့သည်။ ထို့နောက် ဝိညာဉ်စွမ်းအင်လှိုင်းများမှာလည်း အပြင်ဘက်သို့ ပျံ့လွင့်လာကြပြီး ဝမ်ပေါင်လဲ့အား ဆူနာမီလှိုင်းလုံးကြီးများကဲ့သို့ လွှမ်းခြုံသွားတော့မည့် အလားပင်။
ထို ဝိညာဉ်စွမ်းအင်လှိုင်းများမှာ အရာအားလုံးကို ဖျက်ဆီးချေမှုန်းနိုင်လောက်သည့်အထိ အစွမ်းထက်နေ၏။ ထို့ကြောင့် မြေပြင်ကြီးနှင့် ကောင်းကင်ကြီးတို့မှာ တုန်ရီသွားကြပြီး ဝမ်ပေါင်လဲ့၏ ရှေ့တွင်ရှိနေသော ကမ္ဘာကြီးမှာလည်း မှုန်ဝါးဝါး ဖြစ်သွားတော့သည်။ သူသည် လေမုန်တိုင်းကြီးထဲသို့ ရောက်သွားသည့် သစ်ရွက်ကလေး တစ်ရွက်ကဲ့သို့ ခံစားနေရပြီး သူ၏ အသိစိတ်များနှင့် အသက်ရှူသံများကိုပင် တည်ငြိမ်အောင် ထိန်းသိမ်းနိုင်စွမ်း မရှိတော့ပေ။ နောက်ဆုံးတွင် သူ၏ ခန္ဓာကိုယ်ထဲ၌ ထစ်ချုန်းသံများ ပေါ်ထွက်လာပြီးနောက် သူသည် ထိုကြောက်မက်ဖွယ်ရာ စွမ်းအားကြီးအား တောင့်ခံနိုင်စွမ်း မရှိတော့သဖြင့် သတိလစ်သွားတော့သည်။
ဝမ်ပေါင်လဲ့မှာ သတိပြန်ရလာပြီးနောက် အချိန်မည်မျှခန့် ကုန်ဆုံးသွားခဲ့သည်ကိုပင် မသိနိုင်တော့ပေ။ သူသည် နန်းတော်ကြီး၏ အပြင်ဘက်တွင် တိတ်ဆိတ်ငြိမ်သက်စွာ လဲလျောင်းနေ၏။ သူသည် တစ်ခဏမျှ ဇဝေဇဝါ ဖြစ်နေပြီးနောက် ရုတ်တရက်ဆိုသလို ခါးမတ်သွား၏။ ထို့နောက် သူ သတိလစ်မသွားခင်တုန်းက ဖြစ်ပျက်ခဲ့သည့် အရာများမှာ သူ၏ အသိစိတ်ထဲ၌ ပြန်လည်ပေါ်ပေါက်လာသဖြင့် သူသည် တစ်ခဏမျှ အသက်ရှူသံများ ရပ်တန့်သွားရတော့သည်။ ထို့နောက် သူသည် နောက်သို့လှည့်ကာ နန်းတော်ကြီးအား လှမ်းကြည့်လိုက်၏။ ထိုအခါ တံခါးပေါက်များ ပွင့်နေဆဲဖြစ်ကြောင်း မြင်လိုက်ရသဖြင့် သူသည် စိတ်အေးသွားရပြီး သက်ပြင်းချမိလိုက်တော့သည်။
” ကြည့်ရတာ မအောင်မြင်လည်း ဒီ အရည်အချင်း စမ်းသပ်ပွဲက ပျောက်သွားမယ့်ပုံ မပေါ်ဘူး…. တကယ်လို့ ကျရှုံးသွားရင်တောင် ဘာအန္တရာယ်နဲ့မှ ကြုံရမှာမဟုတ်ဘူး။ အပြင်ဘက်ကို နှင်ထုတ်ခံလိုက်ရတာပဲ ရှိမှာ ” ဝမ်ပေါင်လဲ့မှာ အတွေးများထဲ၌ နစ်မျောသွား၏။ သူသည် သူ သတိလစ်မသွားခင်တုန်းက ဖြစ်ပျက်ခဲ့သည့်အရာများကို ပြန်လည်မှတ်မိသွားပြီဖြစ်သည်။
” နောက်တစ်ခေါက် ထပ်စမ်းကြည့်ကြတာပေါ့ ” ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများထဲ၌ စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များ တောက်ပလာပြီး မတ်တတ်ထကာ နန်းတော်ကြီးထဲသို့ ထပ်၍ ဝင်သွားလိုက်ပြန်သည်။ ယခုအကြိမ်တွင်မူ သူသည် အဆင်သင့်ပြင်ထားခဲ့၏။ သူသည် အထဲသို့ ရောက်သွားသည်နှင့် သူ၏ ကျင့်ကြံခြင်းစွမ်းအားများ အားလုံးကို ထုတ်လွှတ်ကာ အသံကုန်အော်ဟစ်ရင်း တောင့်ခံနိုင်ရန် အစွမ်းကုန် ကြိုးစားနေလိုက်တော့သည်။ သို့သော် သူသည် အချိန်အကြာကြီး တောင်ခံနိုင်စွမ်း မရှိခဲ့ပေ။ နန်းတော်ကြီးထဲတွင် ဝိညာဉ်စွမ်းအင်လှိုင်းများမှာ လေမုန်တိုင်းများအဖြစ် နောက်ထပ်တစ်ကြိမ်ထပ်၍ စုဝေးလာကြပြန်သည်။ ခဏအကြာတွင် ဝမ်ပေါင်လဲ့မှာ တံခါးပေါက်ကြားမှနေ၍ နန်းတော်ကြီး၏ အပြင်ဘက်သို့ လွင့်ထွက်လာပြန်သည်။ ထို့နောက် သူသည် မြေကြီးပေါ်သို့ ဘိုင်းခနဲ ပြုတ်ကျသွားပြီး ချက်ချင်းဆိုသလိုပင် သတိလစ်သွား၏။
တစ်နာရီတိတိ ကုန်ဆုံးသွားပြီးနောက် ဝမ်ပေါင်လဲ့မှာ သတိပြန်ရလာ၏။ သူသည် ခါးမတ်မတ်ထိုင်ကာ ထိုနန်းတော်ကြီးအား မျက်တောင်မခတ်တမ်း စိုက်ကြည့်ရင်း တစ်ခေါင်းလုံး ထူပူသွားအောင် စဉ်းစားတွေးတောနေတော့သည်။ နောက်ဆုံးတွင် သူသည် ဤ အရည်အချင်းစမ်းသပ်ပွဲအား အလွယ်တကူ ကျော်ဖြတ်နိုင်မည်မဟုတ်ကြောင်း လက်ခံလိုက်ရတော့သည်။
” ဓမ္မရတနာတွေ မသုံးရဘူးလို့ တားထားတဲ့ စည်းမျဉ်းတွေ မရှိဘူး ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးမိလိုက်သဖြင့် မျက်လုံးများအရောင်လက်သွားပြီး ခေါင်းငုံ့ကာ သူ၏ သိုလှောင်အိတ်ထဲ၌ မွှေနှောက်ရှာဖွေနေလိုက်တော့သည်။ ခဏအကြာတွင် သူသည် ဓမ္မလက်နက် အမြောက်အမြားကို ထုတ်ယူကာ ရှေ့သို့ ပြေးထွက်သွားပြီး နန်းတော်ကြီးထဲသို့ နောက်ထပ်တစ်ကြိမ်ထပ်၍ ဝင်သွားလိုက်ပြန်သည်။ ယခုအကြိမ်တွင်မူ သူသည် အသက်ရှူကြိမ် သုံးကြိမ်တိတိ တောင့်ခံနိုင်ခဲ့၏။ သို့သော် စတုတ္ထမြောက်အကြိမ်တွင်မူ သူ၏ ခန္ဓာကိုယ်ထဲမှ အုန်းခနဲ အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး သူသည် သတိလစ်သွားသဖြင့် အပြင်ဘက်သို့ ပြန်၍ လွင့်ထွက်လာရပြန်သည်။
” ငါ့ရဲ့ ခန္ဓာကိုယ်က ဖိအားတွေကို တောင့်မခံနိုင်တာ မဟုတ်ဘဲ ငါ့ရဲ့ အာရုံခံနိုင်စွမ်းတွေက အရမ်းကို အားကောင်းလွန်းနေတော့ ဖိအားတွေအများကြီးကို ခံစားနေရသလိုဖြစ်နေတာ။ တကယ်လို့ ငါ့ရဲ့ အာရုံခံနိုင်စွမ်းတွေကို လျှော့ချနိုင်မယ်ဆိုရင် အောင်မြင်နိုင်လောက်တယ်…. ” ဝမ်ပေါင်လဲ့မှာ သတိပြန်ရလာပြီးနောက် မျက်မှောင်ကြုတ်ကာ စဉ်းစားတွေးတောနေလိုက်တော့သည်။ သူသည် အချိန်အတော်အတန်ကြာအောင် တွေးတောနေလိုက်ပြီးနောက် ရုတ်တရက်ဆိုသလို မျက်လုံးများအရောင်လက်သွား၏။
” ငါ နန်းတော်ကြီးထဲကို ဝင်ပြီးတာနဲ့ ငါ့ကိုယ်ငါ သတိလစ်သွားအောင် လုပ်လိုက်မယ်ဆိုရင်ရော။ အဲတာဆိုရင် ငါက အဲဒီဖိအားတွေကို အာရုံခံနိုင်စွမ်းရှိမှာ မဟုတ်တော့ဘူးလေ။ တကယ်လို့ အဲဒီနည်းလမ်းမှ အလုပ်မဖြစ်ရင်လည်း…. ဂါထာတော်ကိုပဲ အားကိုးရတာပေါ့ ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ စိတ်လှုပ်တရှား ဖြစ်လာပြီးနောက် သက်ပြင်းများ ချမိသွားတော့သည်။ သူသည် ထို ဂါထာတော်အား မဖြစ်မနေ လိုအပ်သည့် အခြေအနေများတွင်သာ အသုံးပြုလိုပေသည်။ ထို လျှို့ဝှက်ဆန်းကြယ် ပုဂ္ဂိုလ်ကြီးမှာ နောက်ဆုံးအကြိမ်အဖြစ် နိုးထလာခဲ့ပြီးနောက် မကြာသေးမီကမှ ပြန်၍ အိပ်မောကျသွားခဲ့ခြင်း ဖြစ်နိုင်ကြောင်း သူက တွေးမိနေ၏။ သို့ဖြစ်ရာ သူ့အား ထပ်၍ အနှောင့်အယှက် ပေးမိလိုက်မည် ဆိုပါက ထိုပုဂ္ဂိုလ်ကြီးအား အမျက်ဒေါသထွက်လာအောင် လုပ်နေသကဲ့သို့ ဖြစ်သွားနိုင်ပေသည်။
” သူက အစောကြီး အိပ်ရာထတတ်တဲ့ အလေ့အကျင့် မရှိလောက်ဘူး နေမှာ။ ဒါပေမဲ့ အရေးအကြီးဆုံး အနေနဲ့ ဝမ်ပေါင်လဲ့ဆိုတဲ့ ငါက ဒီလို ဖောက်ထွက်နိုင်မယ့် အခွင့်အရေးတကို ရဖို့အတွက် ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးသင့်တယ် ” ဝမ်ပေါင်လဲ့မှာ ထိုသို့ရေရွတ်လိုက်ပြီးနောက် အပေါက်ထဲသို့ ပြေးဝင်သွားလိုက်ပြန်သည်။ ယခုအကြိမ်တွင်မူ ထိုအဘိုးကြီး သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို မထုတ်လွှတ်နိုင်ခင်မှာပင် ဝမ်ပေါင်လဲ့မှာ ညာဘက်လက်ကို မြှောက်ကာ သူ၏နဖူးအား အားပါပါ ရိုက်လိုက်တော့သည်။
ထိုအခါ ဖြန်းခနဲ အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး သူသည် ချက်ချင်းဆိုသလိုပင် သတိလစ်သွား၏။ ဝမ်ပေါင်လဲ့မှာ ရက်စက်ကြမ်းကြုတ်သူတစ်ယောက်ဖြစ်ရာ သူ၏နဖူးအား ရိုက်လိုက်စဉ်တုန်းက ကျင့်ကြံခြင်းစွမ်းအားများကိုပါ ထုတ်သုံးခဲ့သည်။ ထို့ကြောင့် ယခုတွင် သူသည် လုံးဝ သတိလစ်သွားပြီး လူသေတစ်ယောက်ကဲ့သို့ပင် ဖြစ်နေတော့သည်။ သူသည် ကြမ်းပြင်ပေါ်သို့ ဘိုင်းခနဲ လဲကျသွားသောကြောင့် အဘိုးကြီးမှာ ကြက်သေသေသွားရ၏။ သူသည် ပုံရိပ်ယောင်တစ်ခုသာဖြစ်ရာ ကိုယ်ပိုင် အသိဉာဏ်များ ပိုင်ဆိုင်ထားခြင်းမရှိပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့တစ်ယောက် သူ့ကိုယ်သူ ဒဏ်ရာရအောင် လုပ်လိုက်သည်ကို မြင်လိုက်ရသောအခါ သူသည် ဇဝေဇဝါ ဖြစ်သွားရတော့သည်။
သူ ထုတ်လွှတ်ခဲ့သော ဝိညာဉ်စွမ်းအင်လှိုင်းများမှာ လွင့်ပါးပျောက်ကွယ်သွားပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် အတွေးများထဲတွင် နစ်မျောနေသည့် မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့မှာ ဤ အရည်အချင်းစပ်ပွဲအား အောင်မြင်သွားခဲ့ခြင်း ရှိမရှိ အကဲဖြတ်သုံးသပ်နေတော့သည်။
သူသည် ယခုကဲ့သို့သော ဖြစ်ရပ်မျိုးနှင့် လုံးဝမကြုံဘူးပေ။ သူ၏ ဝိညာဉ်စွမ်းအင်များကြောင့် သတိလစ်သွားခဲ့သည့် လူပေါင်းများစွာရှိပါသော်လည်း ဝမ်ပေါင်လဲ့မှာ သတိလစ်သွားပြီးနောက် သူ၏ အာရုံငါးပါးစလုံးမှာ လုံးဝ ရပ်တန့်သွားသည် မဟုတ်ပါလော။ ထို့ကြောင့် လက်ရှိတွင် သူသည် လူသေအလောင်းတစ်ခုနှင့် မထူးမခြားနားပင်။ သို့ဖြစ်ရာ သူသည် အဘိုးကြီး၏ ဖိနှိပ်အားများကို ခံစားနိုင်စွမ်းမရှိတော့သည့် အနေအထားသို့ ရောက်သွားပြီဖြစ်ကြောင်း အတိုင်းအတာတစ်ခုအထိ သတ်မှတ်နိုင်ပေသည်…. အဘိုးကြီး ဇဝေဇဝါ ဖြစ်နေရစဉ်မှာပင် အသက်ရှူကြိမ် ဆယ်ကြိမ်တိတိ ကုန်ဆုံးသွားတော့သည်။
ထိုသို့ဖြင့် အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွား၏။ နောက်ဆုံးတွင် ဇဝေဇဝါ ဖြစ်နေသည့် အဘိုးကြီးမှာ ဝမ်ပေါင်လဲ့အား အထူးတဆန်း ဖြစ်နေသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်နေလိုက်ပြီးနောက် မျက်လုံးမှိတ်ကာ ဆိုလိုက်တော့သည်။
” မင်း အောင်မြင်သွားပြီ “