Switch Mode

အခန်း (၆၆၈)

နတ်နန်းတော်

ပြည်ထောင်စုကြီးနှင့် တာအိုနန်းတော်တို့၏ ကြားမှ စစ်ပွဲကြီးကို ရှောင်လွှဲ၍ ရတော့မည် မဟုတ်ပေ။ လက်ရှိတွင် ဝမ်ပေါင်လဲ့မှာ သတိလစ်နေဆဲဖြစ်သောကြောင့် ထို အခြင်းအရာများအား မသိနိုင်ဘဲ ဖြစ်နေရသည်။ မမလေးမှာ ထာဝရစင်မြင့်အား အသုံးပြုကာ သူ့အား သူ၏ လက်ရှိကျင့်ကြံခြင်းအဆင့်နှင့် ဆိုပါက သွားရောက်နိုင်မည် မဟုတ်သည့် နေရာတစ်ခုဆီသို့ ပို့ဆောင်ပေးလိုက်၏။

သူသည် မွေးစားဂိုဏ်းသားတစ်ယောက် ဖြစ်နေသည့်တိုင်အောင် ထိုနေရာအား သွားရောက်နိုင်ရန်မှာ အလွန်အင်မတန်မှ ခဲယဥ်းနေမည်သာ ဖြစ်သည်။ ယခုတွင် မမလေးမှာ သူ့အား ထိုသို့သွားနိုင်မည့် အခွင့်အရေးတစ်ခု ပေးလိုက်ပြီ ဖြစ်သည်။

ထိုနေရာရှိ မိုးကောင်းကင်ကြီးမှာ ဓားကိုယ်ထည်ပိုင်းထဲရှိ မိုးကောင်းကင်ကြီးကဲ့သို့ မှောင်မိုက်နေခြင်းမရှိပေ။ ၎င်း၏ တစ်ဝက်မှာ မည်းနက်နေပြီး အခြားတစ်ဝက်မှာ ရဲရဲနီနေ၏။ အကယ်၍ သေသေချာချာ ကြည့်ရှုလိုက်မည်ဆိုပါက မိုးကောင်းကင်ကြီး ရဲရဲနီနေသည့် အခြမ်းတွင် လေများ တွန့်လိမ်ပုံပျက်နေသည်ကို မြင်နိုင်ပေသည်။ ထို့ကြောင့် ထိုနေရာမှာ ချစ်ချစ်တောက် ပူပြင်းနေခြင်း ဖြစ်ရပေမည်။

မည်းနက်နေသည့် အပိုင်းမှာမူ ကြယ်ရောင်စုံများဖြင့် လင်းလက်တောက်ပနေ၏။ ထို ဘက်အခြမ်းရှိ ကောင်းကင်ယံကြီးထဲတွင် ကြယ်ပေါင်းမြောက်မြားစွာ လင်းလက်တောက်ပနေကြသည်ကို မြင်နိုင်ပေသည်။ ထိုနေရာရှိ မြေပြင်ကြီးမှာမူ…. လွင်ပြင်ကြီးတစ်ခု ဖြစ်ပြီး မီးပင်လယ်ကြီးနှင့် အတိတ်တုန်းက စစ်ပွဲကြီးအား ကိုယ်စားပြုသည့် အဆောက်အဦ အပျက်အစီးများနှင့် ရုပ်အလောင်းများ မရှိကြပေ။

ဝမ်ပေါင်လဲ့မှာ မြေကြီးပေါ်တွင် မလှုပ်မယှက် လဲလျောင်းနေ၏။ သူ၏ ဒဏ်ရာများမှာ စိုးရိမ်ရသောကြောင့် သူသည် အစိမ်းရောင်ကြာပွင့်လေးအား ပိုင်ဆိုင်ထားသည့်တိုင်အောင် သူ၏ ဒဏ်ရာပျောက်ကင်းမှုနှုန်းမှာ နှေးကွေးနေဆဲပင်။

ထိုသို့ဖြင့် အချိန်များ တရွေ့ရွေ့ကုန်လွန်သွား၏။ ကောင်းကင်ကြီးမှာ ပြောင်းလဲသွားခြင်းမရှိသောကြောင့် အချိန်မည်မျှခန့် ကုန်ဆုံးသွားမှန်း မည်သူကမှ မသိနိုင်ပေ။ ထိုနေရာတွင် နေ့နှင့်ညဟူ၍ ကွဲပြားနေခြင်း မရှိသည့်ပုံပင်။ မည်သည့်အရာမှ ပြောင်းလဲသွားခြင်းမရှိသောကြောင့် အရာအားလုံးမှာ ထာဝရ တည်မြဲနေမည့်ပုံ ပေါက်နေတော့သည်။ ဝမ်ပေါင်လဲ့မှာ မျက်လုံးများ ပြန်ပွင့်လာချိန်တွင် ပြောင်းလဲမှုလုံးဝမရှိသော မိုးကောင်းကင်ကြီးအား မြင်လိုက်ရ၏။

” ငါ… ဘယ်နေရာကို ရောက်နေတာလဲ… ” ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေပြီး မျက်ဝန်းများ ရီဝေဝေဖြစ်နေသည်။

သူသည် သတိပြန်ရလာခဲ့သည်မှာ တစ်ရက်တိတိ ရှိနေပြီဖြစ်ပါသော်လည်း သူ၏ အသိစိတ်မှာ ဝိုးတိုးဝါးတား ဖြစ်နေဆဲပင်။ ထို့ကြောင့် သူ၏ မှတ်ဉာဏ်များ၏ ကြား၌ ဟာကွက်တစ်ခု ရှိနေသကဲ့သို့ ခံစားနေရ၏။ သူသည် တစ်‌နေကုန် တစ်လက်မခန့်ပင် လှုပ်ရှားခြင်းမရှိဘဲ မိုးကောင်းကင်ကြီးအား အသက်မပါသည့် မျက်ဝန်းများဖြင့် ငေးကြည့်နေမိတော့သည်။

တစ်ရက်တိတိ ကုန်ဆုံးသွားပြီး သူ၏ ဒဏ်ရာများ ပြန်လည်သက်သာလာသောအခါ သူ၏ ခေါင်းထဲ၌ မှတ်ဉာဏ်များ ပြန်လည်ပေါ်ပေါက်လာ၏။ သို့သော် သူသည် ရီဝေဝေ ဖြစ်နေရဆဲပင်။ ထိုသို့ဖြစ်နေရခြင်းမှာ သူ သတိလစ်မသွားခင် ထုတ်သုံးခဲ့သည့် ကြောက်မက်ဖွယ်ရာ လျှို့ဝှက်ဆန်းကြယ် ပညာရပ်ကြီး၏ ဘေးထွက်ဆိုးကျိုးတစ်ခု ဖြစ်ရပေမည်။

” သေမင်းတာအို စစ်သင်္ဘောကြီး… တာအိုဘုန်းတော်ကြီးယိုရန်က…. ငါ့ကို…. သဲကြီးမဲကြီး လိုက်ဖမ်းနေခဲ့တာ… ပြီးတော့ ဓားအိမ်လေး… ” ဝမ်ပေါင်လဲ့မှာ တဖြည်းဖြည်းနှင့် ပြန်မှတ်မိလာ၏။ ထို့နောက် သူသည် အာရုံစူးစိုက်နိုင်သွားသောကြောင့် ရုတ်တရက်ဆိုသလို အသက်ရှူသံများ မြန်ဆန်လာရတော့သည်။

” ငါ မှတ်မိပြီ။ တာအိုဘုန်းတော်ကြီးယိုရန်က ငါ့ကို လိုက်ဖမ်းနေခဲ့တာ။ နောက်ဆုံးမှာ ငါက ငါ့ရဲ့ ဓားအိမ်လေးထဲက အချုပ်အနှောင် အမျှင်အတန်းတစ်ခုကို ထုတ်မိသလို ဖြစ်သွားပြီးတော့ … သူ့ကို သတ်ပစ်လိုက်တာ ” ဝမ်ပေါင်လဲ့မှာ ထိုအကြောင်းအရာအား ပြန်မှတ်မိသွားသောအခါ သတိပြန်ကပ်သွားရပြီး ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားရ၏။ ထို့နောက် သူသည် ချက်ချင်းဆိုသလိုပင် ခါးမတ်မတ်ထိုင်ကာ သူ၏ဘေးဘီဝဲယာအား အကဲခတ်လိုက်ပြီးနောက် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်တော့သည်။

သူရောက်နေသည့် နေရာကြီးမှာ မျက်စိတစ်ဆုံး ကျယ်ပြောနေပြီး မိုးကောင်းကင်ကြီးမှာလည်း ထူးဆန်းနေသောကြောင့် ဝမ်ပေါင်လဲ့မှာ အချိန်အကြာကြီး နှုတ်ဆိတ်သွားရ၏။ ထို့နောက် သူသည် မျက်လုံးများမှိတ်ကာ မမလေးအား လှမ်းခေါ်ကြည့်လိုက်ပါသော်လည်း မည်သည့်တုံ့ပြန်မှုမှ ပြန်မရခဲ့ပေ။

သူသည် မျက်လုံးများပြန်ပွင့်လာပြီးနောက် သူ၏ ဒဏ်ရာများအား အကဲခတ်ကြည့်လိုက်သောအခါ ၎င်းတို့မှာ တစ်ဝက်နီးပါး ပျောက်ကင်းသက်သာသွားပြီဖြစ်ကြောင်း သိလိုက်ရ၏။ သို့သော် သူ၏ အသိစိတ်မှာ အနည်းငယ်ခန့် ဝိုးတိုးဝါးတား ဖြစ်နေရဆဲပင်။ သူသည် ဓားအိမ်လေးအား အတင်းအဓမ္မ ထုတ်သုံးမိခဲ့သောကြောင့် ယခုလို ခံစားနေရခြင်းဖြစ်မည်ဟု ကောက်ချက်ချလိုက်၏။

” ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်က ဓားအိမ်လေးကို ထိန်းချုပ်နိုင်လောက်အောင် မမြင့်သေးဘူး။ အဲတာမလို့ အဲဒီဓားအိမ်လေးကို ထုတ်သုံးလိုက်တဲ့အချိန်မှာ ငါ့ရဲ့ မှတ်ဉာဏ်‌တွေ ထိခိုက်သွားပြီးတော့ မှတ်ဉာဏ်တချို့တစ်ဝက်ကို ဆုံးရှုံးလိုက်ရတာများ ဖြစ်နေမလား… ” ဝမ်ပေါင်လဲ့မှာ တိုးတိုးလေး ရေရွတ်လိုက်၏။ ထို့နောက် သူသည် သူ၏နဖူးကိုပွတ်ကာ ဘေးဘီဝဲယာအား ထပ်၍ အကဲခတ်ကြည့်လိုက်ပြန်သည်။ သူသည် မည်သည့်နေရာသို့ ရောက်နေမှန်း သိချင်နေ၏။

ယခုတွင် သူသည် သတိပြန်ရလာပြီဖြစ်ရာ သူ၏

ဘေးပတ်ဝန်းကျင်အား အသေးစိတ် လေ့လာကြည့်ရှုနေလိုက်တော့သည်။ ခဏအကြာတွင် သူသည် အသက်ရှူသံများ မြန်ဆန်လာရပြီး မျက်နှာအမူအရာများ ပြောင်းလဲသွားရ၏။ ထို့နောက် သူသည် အသက်ပြင်းပြင်းရှူကာ မတ်တတ်ထလာပြီး မူးဝေနေသည့် ခံစားချက်များကို ချုပ်တည်းကာ ပြေးထွက်သွားလိုက်ပြီး ဘေးပတ်ပတ်လည်ရှိ နေရာကြီးအား လှည်လည်ကြည့်ရှုနေလိုက်တော့သည်။ သူ မူလနေရာသို့ ပြန်လည်ရောက်ရှိလာချိန်တွင် သူ၏နှလုံးသားထဲ၌ ခံစားချက်ပေါင်း မြောက်မြားစွာဖြင့် ဗြောင်းဆန်နေပြီ ဖြစ်သည်။

” ဒါ ဓားရိုးပိုင်းမဟုတ်သလို ဓားကိုယ်ထည်ပိုင်းလည်း မဟုတ်ဘူး။ ကျွန်းတစ်ကျွန်းကျွန်းပေါ် ရောက်နေတာလည်း မဖြစ်နိုင်ဘူး။ ဘေးပတ်ပတ်လည်မှာ မီးပင်လယ်ကြီးနဲ့ အချုပ်အနှောင်တွေလည်း မရှိဘူး ”

” အပူချိန်ကလည်း ဓားရိုးပိုင်းနဲ့ ဓားကိုယ်ထည်ပိုင်းထဲက အပူချိန်လောက် မမြင့်ဘူး…. ” ဝမ်ပေါင်လဲ့မှာ ရင်ခုန်နှုန်းများ မြန်ဆန်လာရတော့သည်။ သူသည် ခေါင်းမော့ကာ ကောင်းကင်ကြီး၏ ရဲရဲနီနေသည့် အခြမ်းအား တစ်ခဏမျှ စိုက်ကြည့်နေလိုက်၏။ ထို့နောက် သူသည် ကြယ်ရောင်စုံများဖြင့် လင်းလက်တောက်ပနေသည့် အနက်ရောင် ကောင်းကင်ကြီးအား လှမ်းကြည်လိုက်ပြန်သည်။ သူသည် ထိုကြယ်များကို စိုက်ကြည့်နေရင်း သူမြင်ဖူးသည့် ကြယ်တာရာများကို ရှာတွေ့သွားသောကြောင့် တစ်ကိုယ်လုံး တုန်ရီသွားရပြီး မည်သည့်နေရာသို့ ရောက်နေမှန်း သိသွားတော့သည်။

” ဓားထိပ်ပိုင်းပဲ… ” ဝမ်ပေါင်လဲ့မှာ သူ၏ ခြေထောက်အောက်ရှိ မြေပြင်ကြီးအားစိုက်ကြည့်နေလိုက်၏။ ထိုအခါ သူသည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီသွားရသည်။ အချိန်အတော်အတန်ကြာပြီးမှ သူသည် အမှန်တကယ်ပင် ဓားထိပ်ပိုင်းထဲ၌ ရောက်နေသည်ဖြစ်ကြောင်း လက်ခံနိုင်သွားတော့သည်။

ထို့နောက် သူသည် ထိုနေရာသို့ မည်သို့မည်ဖုံ ရောက်လာခဲ့ခြင်း ဖြစ်သနည်းဟု တွေးတောနေလိုက်၏။

” ငါ သတိလစ်နေတုန်း မမလေး ငါ့ကို ဒီနေရာ‌ ခေါ်လာတာများလား ” ဝမ်ပေါင်လဲ့မှာ စိတ်ထဲ၌ ရေရွတ်မိလိုက်၏။ သူသည် အဆင်အခြင်မဲ့စွာ ပြုမူလှုပ်ရှားခြင်းမရှိဘဲ အောက်သို့ထိုင်ချလိုက်ပြီးနောက် ဆေးလုံးများထုတ်ကာ ဒဏ်ရာများပျောက်ကင်းအောင် ဆက်လက်ကုသနေလိုက်တော့သည်။

သူသည် တာအိုဘုန်းတော်ကြီးယိုရန် သေဆုံးသွားခဲ့သည်ကို မှတ်မိနေသောကြောင့် ပြည်ထောင်စုကြီးနှင့် တာအိုနန်းတော်တို့၏ ကြားတွင် စစ်ပွဲကြီး ပေါ်ပေါက်လာတော့မည် မဟုတ်ကြောင်း ယုံကြည်နေ၏။ အကယ်၍ စစ်ပွဲကြီးပေါ်ပေါက်လာလျှင်တောင် ထိုအဖွဲ့အစည်းနှစ်ခု၏ အင်အားမှာ ယခင်တုန်းကလောက် အဆင့်အတန်း ခြားနားနေတော့မည်မဟုတ်ပေ။

ထို့ကြောင့်လည်း ဝမ်ပေါင်လဲ့မှာ လက်ရှိတွင် စိုးရိမ်ပူပန်နေခြင်း မရှိဘဲ ဖြစ်နေရ၏။ သူသည် ရက်အနည်းငယ်ခန့် အချိန်ပေးကာ သူ၏ဒဏ်ရာများအား အားလုံးနီးပါး ပျောက်ကင်းသွားအောင် ကုသလိုက်၏။ ထိုအချိန်တွင် သူ၏ မှတ်ဉာဏ်များမှာလည်း ကြည်လင်ပြတ်သားသွားပြီဖြစ်သည်။ ထိုအခါမှသာ သူသည် မတ်တတ်ပြန်ထလာပြီး မျက်စိရှင်ရှင်ထားကာ ထိုနေရာတစ်ခုလုံးအား ပိုက်စိပ်တိုက် ရှာဖွေနေလိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာ ကျယ်ပြန့်တာအိုနန်းတော်၏ မဟာထိပ်သီး အကြီးအကဲကြီးတစ်ယောက် ဖြစ်သောကြောင့် သာမန် တာအိုနန်းတော်ဂိုဏ်းသားများ သိမထားသည့် အချက်များကို သိရှိထား၏။ ဥပမာဆိုရလျှင်… ဓားထိပ်ပိုင်းအား ကျယ်ပြန့်တာအိုနန်းတော်၏ တားမြစ်နယ်မြေတစ်ခုအဖြစ် သတ်မှတ်ထားသည်ဆိုသည့် အချက်ပင်။ ဤနေရာတွင် ကျယ်ပြန့်တာအိုနန်းတော်၏ အကြီးအကဲဟောင်းကြီးများ အိပ်မောကျနေကြသည်ဟု ဆိုစမှတ်ပြုကြ၏။

ထို အကြီးအကဲများထဲမှ အားအနည်းဆုံးမှာ ဂြိုဟ်အဆင့်တွင်ရှိပြီး အချို့မှာ ထာဝရကြယ်အဆင့်အထိ ရောက်နေကြပြီဖြစ်သည်။ ဖုန့်ချိုးရန်မှာဆိုလျှင် ကြယ်နယ်မြေအဆင့် အကြီးအကဲကြီး အချို့ပင်လျှင် အသက်ရှင်ကျန်ရစ်ခဲ့ပြီး ဓားထိပ်ပိုင်းထဲတွင် ရှိနေလိမ့်မည်ဟု ယုံကြည်ထားကြောင်း ဆိုခဲ့၏။

သူမသည် သက်သေမပြနိုင်ပါသော်လည်း မြဲ့လျဲ့ကျိမှာလည်း သူမနည်းတူ ယုံကြည်နေဆဲပင်။ ဝမ်ပေါင်လဲ့မှာမူ သူမ ပြောခဲ့သည့်စကားများကို အပေါ်ယံမျှသာ နားထောင်ခဲ့၏။ သူသည် တစ်နေ့နေ့တွင် ဓားထိပ်ပိုင်းထဲသို့ ဝင်ရောက်ရနိုင်ကြောင်း တွေးထားပါသော်လည်း ထိုနေ့မှာ ယခုကဲ့သို့ အမြန်ကြီး ရောက်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

ယခုတွင် မမလေးမှာ ပြန်၍ အိပ်မောကျသွားပြီဖြစ်ရာ ဝမ်ပေါင်လဲ့မှာ ပို၍ပင် သတိကြီးကြီးထားရန် လိုအပ်ပေသည်။ သူသည် အရှိန်လျှော့ကာ ဖြည်းဖြည်းချင်း ရွေ့လျားနေရင်း သူ၏ ဘေးပတ်ဝန်းကျင်အား အကဲခတ် ကြည့်ရှုနေလိုက်၏။ ဓားထိပ်ပိုင်းမှာ ကြီးမားကျယ်ပြန့်သော နေရာတစ်ခု ဖြစ်ပါသော်လည်း ဓားကိုယ်ထည်ပိုင်းနှင့် မယှဉ်နိုင်ပေ။ သူသည် ရက်အနည်းငယ်ခန့် လှည့်လည်သွားလာလိုက်ပြီးနောက် ကောင်းကင်ကြီးမှာ ပြောင်းလဲသွားခြင်း မရှိသေးပါသော်လည်း မြေပြင်ကြီးမှာ စတင်ပြောင်းလဲလာသည်ကို သတိထားမိလိုက်တော့သည်။

တစ်စုံတစ်ယောက်မှာ ထိုမြေပြင်ကြီးအား နှစ်ခြမ်းပိုင်းထားခဲ့သည့်ပုံပင်။ ဝမ်ပေါင်လဲ့၏ ရှေ့တွင် ဆီးနှင်းများဖြင့် ဖွဲ့စည်းထားသော အကာအရံကြီးတစ်ခုမှာ မျက်စိတစ်ဆုံး ဆန့်တန်းနေ၏။

ဝမ်ပေါင်လဲ့မှာ ဆီးနှင်းများ၏ ရှေ့တွင်ရပ်ရင်း သူ၏ရှေ့ ဆယ်ပေအကွာတွင်ရှိနေသည့် နှင်းများဖုံးလွှမ်းနေသော ကုန်းမြေကြီးအား လှမ်းကြည့်လိုက်၏။ သူသည် တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် ရှေ့သို့လှမ်းကာ ထိုအကာအရံကြီးအား ဖြတ်ကျော်သွားလိုက်တော့သည်။

သူ အခြားတစ်ဖက်သို့ ရောက်သွားသည်နှင့် အရိုးကွဲလုမတတ် အေးစက်နေသည့် လေအေးများမှာ သူ့အားဖြတ်၍ တိုက်ခတ်သွား၏။ ၎င်းတို့မှာ သူ၏နောက်တွင်ရှိနေသော အကာအရံကြီးအား ရိုက်ခတ်သွားပြီးနောက် ရပ်တန့်သွားသည်။ သို့ဖြစ်ရာ သူရောက်နေသည့် နှင်းများဖုံးလွှမ်းကာ လေပြင်းများတိုက်ခတ်နေသော နယ်မြေကြီးနှင့် သူ၏နောက်တွင်ရှိနေသော လွင်ပြင်ကြီးတို့မှာ မတူညီသော နေရာနှစ်ခုတွင် ရှိနေသကဲ့သို့ပင် ဖြစ်နေတော့သည်။

ကောင်းကင်ကြီးမှာလည်း နှစ်ခြမ်းကွဲနေပြီး တစ်ခြမ်းမှာ ရဲရဲနီကာ အခြားတစ်ခြမ်းမှာ ကြယ်ရောင်စုံများဖြင့် တောက်ပနေ၏။ မြေပြင်ကြီးမှာမူ ရေခဲနှင့် ဆီးနှင်းများဖြင့် ဖုံးလွှမ်းနေသည်။ ထိုမြင်ကွင်းကြီးမှာ ထူဆန်းလွန်းနေသောကြောင့် ဝမ်ပေါင်လဲ့မှာ ပို၍ပင် သတိကြီးကြီး ထားနေမိတော့သည်။ သူသည် ရပ်တန့်သွားခြင်းမရှိသလို အလျင်စလို လှုပ်ရှားနေခြင်းလည်း မရှိဘဲ ရှေ့သို့ ဖြည်းဖြည်းနှင့်မှန်မှန် ဆက်လက်ချီတက်သွားနေလိုက်၏။ အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးနောက် သူသည် ခပ်လှမ်းလှမ်းတွင် မှုန်ဝါးဝါးဖြစ်နေသည့် ဧရာမ အဆောက်အဦကြီးသုံးခုအား လှမ်းမြင်လိုက်ရတော့သည်။ ထိုအခါ သူသည် ခြေလှမ်းများ ရပ်တန့်သွားရပြီး မျက်လုံးများ ပြူးကျယ်သွား၏။

တစ်ခဏမျှ ကြာမြင့်သွားပြီးနောက် ဝမ်ပေါင်လဲ့မှာ လေအေးများကို ရှူသွင်းလိုက်ပြီး အရှိန်မြင့်တင်လိုက်၏။ ထို ဧရာမ အဆောက်အဦကြီးသုံးခုမှာ သူနှင့်နီးကပ်လာသည်နှင့်အမျှ ပို၍ ရှင်းလင်းပြတ်သားလာတော့သည်။

၎င်းတို့မှာ… ပေတစ်ထောင်ခန့် မြင့်မားသော နန်းတော်ကြီးသုံးခု ဖြစ်ပြီး အကြည်ရောင် ရေခဲတုံးကြီးများထဲ၌ ပိတ်မိနေကြ၏။ ထို့ကြောင့် ၎င်းတို့မှာ ရေခဲတောင်ကြီးသုံးခုနှင့် ဆင်တူနေသည်။

၎င်းတို့၏ ပုံပန်းသွင်ပြင်မှာ ခမ်းနားထည်ဝါလွန်းနေသောကြောင့် ဝမ်ပေါင်လဲ့မှာ မှင်တက်သွားရ၏။ သူ ထို အဆောက်အဦများ၏ အနီးသို့ရောက်သွားချိန်တွင် ဘယ်ဘက်ရှိ နန်းတော်ထဲမှ အသိစိတ်အမျှင်အတန်းတစ်ခု ထိုးထွက်လာ၏။

၎င်းမှာ မျက်လုံးဖြင့် မမြင်နိုင်သော ကြောက်မက်ဖွယ်ရာ လေမုန်တိုင်းကြီးတစ်ခုကဲ့သို့ လေထဲ၌ အရှိန်အဟုန်ဖြင့် ဖြတ်သန်းလာပြီး ဝမ်ပေါင်လဲ့ဆီသို့ ရောက်ရှိလာ၏။ ထိုအခါ ဝမ်ပေါင်လဲ့မှာ သမုဒ္ဒရာကြီးထဲ၌ မျောလွင့်နေသည့် ဝါးဖောင်လေးတစ်ခုကဲ့သို့ ခံစားလိုက်ရတော့သည်။ သူ၏ အသိစိတ်မှာလည်း ချက်ချင်းဆိုသလိုပင် ဝေဝါးသွားရ၏။ ထို ကြောက်မက်ဖွယ်ရာ အသိစိတ်ကြီးမှာ သူ့အား အချိန်အကြာကြီး ချုပ်နှောင်ထားခြင်းမရှိဘဲ ချက်ချင်းပင် နောက်သို့ ပြန်လည်ဆုတ်ခွာသွား၏။ ထို့နောက် ခံစားချက်မပါသည့် အေးစက်စက် စကားသံတစ်သံမှာ လေထဲ၌ ပဲ့တင်ထပ်သွားတော့သည်။

” သင်က မွေးစားဂိုဏ်းသားတစ်ယောက် ဖြစ်တာမလို့ တာအိုနန်းတော်ကို ပြန်လည်တည်ထောင်ရမယ့် တာဝန်ကို ထမ်းရွက်ခွင့် ရှိပါတယ်။ အဲတာကြောင့်မလို့ ပထမ ဝိညာဉ်နန်းတော်ထဲဝင်ပြီး ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်နိုင်အောင် ကြိုးစားခွင့် ရှိပါမယ် ”

ဝမ်ပေါင်လဲ့မှာ ထိုစကားလုံးများအား မတုံ့ပြန်နိုင်ခင်မှာပင် သူ၏ ဘယ်ဘက်တွင် ရှိနေသော ဧရာမနန်းတော်ကြီးထဲမှ ကျယ်လောင်သော အက်ကွဲသံများ အဆက်မပြတ်ထွက်ပေါ်လာ၏။ ထို့နောက် ရေခဲလွှာများ တစ်လွှာပြီးတစ်လွှာ ကွဲအက်သွားကြပြီး တစ်စစီ ကြေမွပျက်စီးသွားသဖြင့် ထိုနန်းတော်ကြီးတစ်ခုလုံးမှာ ဝမ်ပေါင်လဲ့၏ ရှေ့၌ ပေါ်ပေါက်လာတော့သည်။

ထိုနန်းတော်ကြီးမှာ ရေခဲအချုပ်အနှောင်ထဲမှ လွတ်မြောက်လာပြီးနောက် ကြက်သွေးရောင် အလင်းရောင်များကို ထုတ်လွှတ်လိုက်၏။ ထို့နောက် ထိုအလင်းရောင်များမှာ ဧရာမ အလင်းတန်းကြီးတစ်ခုအသွင် ပြောင်လဲသွားကြပြီး ကောင်းကင်ပေါ်သို့ ထိုးတက်သွားတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset