Switch Mode

အခန်း (၆၆၇)

ပြည်ထောင်စုကြီးအား စစ်ကြေညာခြင်း 

လက်ရှိတွင် ကမ္ဘာကြီးအား လှမ်းကြည့်နေသည့် ထိုအမျိုးသမီး၏ နောက်ကြောင်းရာဇဝင်ကို ရှေးဟောင်းဓားကြီးပေါ်ရှိ မည်သူကမှ သိရှိကြမည်မဟုတ်ပေ။ အကယ်၍ ထိုကဲ့သို့ သိထားသည့်လူများ ရှိနေလျှင်တောင် စစ်သင်္ဘောကြီး၏ စတုတ္ထထပ်ထဲသို့ ဝင်ရောက်ကာ အလင်းစက်လုံးထဲရှိ သူမအား လှမ်းကြည့်နိုင်မည် မဟုတ်ပေ။

သူမ လေ့ကျင့်ထားသည့် ပညာရပ်မှာ ကြယ်သန္ဓေတာအိုဖြစ်စေ၊ မိုးကောင်းကင်သန္ဓေတာအိုဖြစ်စေ အရေးမကြီးပေ။ ထိုကိစ္စများမှာ လတ်တလောတွင် ဝမ်ပေါင်လဲ့နှင့် လုံးဝသက်ဆိုင်မှုမရှိပေ။ သူ တာအိုဘုန်းတော်ကြီးယိုရန်နှင့် တိုက်ခိုက်နေရင်း သူ၏ ဓားအိမ်လေးမှာ နိုးထလာခဲ့ပြီး ၎င်း စုပ်ယူခဲ့သည့် အချုပ်အနှောင်တစ်ခုကို ထုတ်လွှတ်ကာ တာအိုဘုန်းတော်ကြီးယိုရန်အား သတ်ဖြတ်ပစ်ခဲ့၏။

အကယ်၍ ထိုသတင်းသာ ပျံ့နှံ့သွားမည်ဆိုပါက တာအိုနန်းတော်တစ်ခုလုံးနှင့် ပြည်ထောင်စုကြီးတို့မှာ အံ့ဩတုန်လှုပ်သွားရမည်သာ ဖြစ်သည်။ သူသည် လုံးဝမဖြစ်နိုင်သည့် အရာတစ်ခုကို ဆောင်ရွက်နိုင်ခဲ့သည် မဟုတ်ပါလော။

ဝမ်ပေါင်လဲ့မှာ သူ၏ လျှို့ဝှက်ဆန်းကြယ် ပညာရပ်များဖြစ်သည့် ဝိညာဉ်လမ်းညွှန်ပညာရပ်၊ အိပ်မက်ရက်ကန်းပညာရပ်၊ ဒုက္ခတစ်သောင်းပညာရပ်နှင့် ဘဝတစ်ထောင် ပညာရပ်ကဲ့သို့သော အပြင်စွမ်းအားများစွာကို အသုံးပြုခဲ့ရ၏။ ထို့အပြင် သူသည် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီး၏ အလိုအလျောက် ပေါက်ကွဲနိုင်သော ပညာရပ်နှင့် သေမင်းတာအို စစ်သင်္ဘောကြီးဆီမှ စုပ်ယူခဲ့သော ဝိညာဉ်စွမ်းအင်များကိုလည်း အသုံးပြုခဲ့ရသေးသည်။ ထိုမျှသာမက တာအိုဘုန်းတော်ကြီးယိုရန်၏ အစွမ်းမှာ ပုံမှန်အနေအထားသို့ ပြန်ရောက်ခြင်းမရှိသေးပေ။ ဝမ်ပေါင်လဲ့၏ နောက်ဆုံးတိုက်ကွက်မှာလည်း မည်သူမှ မျှော်လင့်မထားသည့် တိုက်ကွက်ကြီးတစ်ခု ဖြစ်ပေသည်။

တာအိုဘုန်းတော်ကြီးယိုရန်မှာ တည်နေရာပြောင်းရွှေ့ကာ ထို အနက်ရောင်အမျှင်အတန်းလေးအား ရှောင်တိမ်းနိုင်ရန် ကြိုးပမ်းနေရင်း တစ်ခဏမျှ ရပ်တန့်သွားခဲ့ရသည် မဟုတ်ပါလော။ ဝမ်ပေါင်လဲ့၊ မမလေးနှင့် ထို လျှို့ဝှက်ဆန်းကြယ် အမျိုးသမီးပင်လျှင် ထို အချက်အား သတိမထားမိခဲ့ပေ။

ထိုအချက်ကြောင့်လည်း တာအိုဘုန်းတော်ကြီးယိုရန်မှာ သေဆုံးသွားခဲ့ရခြင်း ဖြစ်ပေသည်။ သူ၏ ကျင့်ကြံခြင်းအဆင့်နှင့်သာဆိုလျှင် ထိုတိုက်ကွက်အား လုံးဝရှောင်တိမ်းနိုင်စွမ်း မရှိလျှင်တောင် ချက်ကောင်းကို မထိစေရန် ရှောင်တိမ်းနိုင်ခဲ့မည်သာ ဖြစ်သည်။

သူ၏ သေဆုံးသွားမှုကြောင့် ထို လျှို့ဝှက်ဆန်းကြယ် အမျိုးသမီးမှာ တာအိုဘုန်းတော်ကြီးယိုရန် အသစ်တစ်ယောက်အား ထပ်၍ဖန်တီးခဲ့ရ၏။ သူမသည် တာအိုဘုန်းတော်ကြီးယိုရန်၏ မှတ်ဉာဏ်များအား ထိုခန္ဓာကိုယ်အသစ်ထဲသို့ ထည့်သွင်းခဲ့သည့်တိုင်အောင် သူ သေဆုံးသွားခဲ့သည့် အချိန်နှင့် ပြန်လည်မွေးဖွားလာသည့် အချိန်ကြားတွင် အချိန်အပိုင်းအခြားတစ်ခု လစ်ဟင်းနေဆဲပင်။

သူမသည် ထိုအချက်များကို ဂရုမစိုက်သောကြောင့်လား၊ သို့မဟုတ် သူမ ပြောခဲ့သည့်အတိုင်း သူမ လေ့ကျင့်နေသည့်ပညာရပ်မှာ မိုးကောင်းကင်းသန္ဓေတာအို ဖြစ်နေသောကြောင့်လားတော့ မသိပေ။ သူမသည် စည်းမျဉ်းဥပဒေသအချို့ကို သူမကိုယ်တိုင် သတ်မှတ်ထားပြီး အခြားသူများ၏ ကံကြမ္မာများကို စောင့်ကြည့်ရုံမျှသာ စောင့်ကြည့်ကာ ဝင်ရောက်စွက်ဖက်ခြင်း မရှိပေ။

ထို့ကြောင့်လည်း ကျောက်ယမုန့်မှာ စစ်သင်္ဘောကြီးအပြင်ဘက်သို့ တည်နေရာ ပြောင်းရွှေ့ခံလိုက်ရပြီးနောက် ဓားရိုးပိုင်းထဲ၌ ပြန်လည်ပေါ်ပေါက်လာခဲ့ပြီး ထွက်ပြေးလွတ်မြောက်ရန် အချိန်အလုံအလောက် ရသွားခဲ့ခြင်းဖြစ်ပေသည်။ အခြားသူများမှာဆိုလျှင် ကျယ်ပြန့်တာအိုနန်းတော်ဆီသို့ အချိန်တိုလေးအတွင်း ပြန်ရောက်အောင် သွားနိုင်မည် မဟုတ်ပါသော်လည်း ကျောက်ယမုန့်မှာ ကျယ်ပြန့်တာအိုနန်းတော်၏ အတွင်းစည်းဂိုဏ်းသားအစစ် ဖြစ်နေသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူမသည် ရှေးဟောင်းဓားကြီးပေါ်ရှိ မန္တန်အစီအရင်အချို့အား အသုံးပြုခွင့်ရှိနေ၏။

ထို့ကြောင့်လည်း ကျောက်ယမုန့်မှာ ကျွန်းတစ်ကျွန်းပေါ်ရှိ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်တစ်ခုအား အချိန်တိုလေးအတွင်း ရှာတွေ့ခဲ့ပြီးနောက် ၎င်းအား ပြုပြင်မွမ်းမံကာ အဝေးကြီးသို့ တည်နေရာပြောင်းရွှေ့နိုင်ခဲ့ခြင်း ဖြစ်ပေသည်။

ထို့ကြောင့်လည်း သူမသည် ဂိုဏ်းချုပ်ကြီးရှုနှင့် တာအိုနန်းတော်ထဲရှိ အခြားသူများနှင့် အမြန်ဆုံး ဆက်သွယ်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။ ဂိုဏ်းချုပ်ကြီးရှုမှာ ကျောက်ယမုန့်၏ အသံလွှင့်အကြောင်းကြားစာကို လက်ခံရရှိလိုက်ပြီးနောက် သူမ၏ ထိတ်ထိတ်ပျာပျာ ဖြစ်နေသော စကားသံများကို ကြားလိုက်ရသောအခါ အသက်ရှူသံများ မြန်ဆန်လာရပြီး ထိတ်လန့်တုန်လှုပ်သွား၏။

” မြဲ့လျဲ့ကျိက စိတ်ညှို့ခံလိုက်ရပြီ။ ဖုန့်ချိုးရန်ရဲ့ အခြေအနေကိုလည်း အတိအကျ မသိဘူး။ တာအိုဘုန်းတော်ကြီးယိုရန်က အဆုံးမဲ့မျိုးနွယ်စုဘက်က ဖြစ်နေတာ။ ဒီစစ်ဆင်ရေးကြီးတစ်ခုလုံးက ထောင်ချောက်တစ်ခုပဲ။ စစ်ဆင်ရေးထဲမှာ ပါတဲ့ ကျင့်ကြံသူ အများစုက သေရင်သေ မသေရင် စိတ်ညှို့ခံလိုက်ပြီ။ ဂိုဏ်းချုပ်ကြီးရှု…. ရှိသမျှ လူတွေအားလုံးကို ချက်ချင်း နေရာပြောင်းရွှေ့ပေးပါ ”

ဂိုဏ်းချုပ်ကြီးရှုမှာ ထိုအကြောင်းကြားစာအား ဖတ်ရင်း တုန်လှုပ်ချောက်ချားသွား၏။ သို့သော် သူသည် တွေ့ဝေးတုံ့ဆိုင်းနေခြင်းမရှိဘဲ ကျောက်ယမုန့်အား အပြည့်အဝယုံကြည်ရန် ဆုံးဖြတ်လိုက်တော့သည်။ သူသည် အသေးစိတ်စဉ်းစားတွေးတောနေရန် အချိန်မရှိသဖြင့် ဧရာမသစ်ပင်ကြီးအား ချက်ချင်းပင်လှမ်း၍ ဆက်သွယ်ကာ တာအိုနန်းတော်နှင့် ပြည်ထောင်စုကြီးထဲမှ ကျင့်ကြံသူများအားလုံးကို စုဝေးခိုင်းလိုက်၏။ တစ်ချိန်ထဲမှာပင် သူသည် ထိုစစ်ဆင်ရေးကြီး မစခင်ကတည်းက ကြိုတင်ကြံစည်ထားခဲ့သည့် အစီအစဥ်အား အကောင်အထည် ဖော်လိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာ ထိုစစ်‌ဆင်ရေး မစခင်တုန်းက အမိန့်များပေးခဲ့သည် မဟုတ်ပါလော။ ဂိုဏ်းချုပ်ကြီးရှုမှာလည်း ဉာဏ်များသူတစ်ယောက်ဖြစ်ရာ ထိုကယ်ဆယ်ရေးစစ်ဆင်ရေးအား သဘောတူထောက်ခံခဲ့ခြင်းမရှိဘဲ အဆိုးဆုံးအတွက် ကြိုတင်ပြင်ဆင်ထားခဲ့သည်။ သူသည် သူကြားသိလိုက်ရသည့် သတင်းများကြောင့် အံ့ဩတုန်လှုပ်သွားရသည့် တိုင်အောင် ကြောက်စိတ်မွှန်နေခြင်း မရှိဘဲ လိုအပ်သည်များအား စနစ်တကျ ပြင်ဆင်နေလိုက်၏။

ထို့ကြောင့်‌ ခြောက်နာရီအတွင်းတွင် အရာအားလုံးမှာ အဆင်သင့်ဖြစ်သွား၏။ ဂိုဏ်းချုပ်ကြီးရှု ပြည်ထောင်စုပျိုးပင် ဒုတိယအသုတ်နှင့်အတူ ရောက်ရှိလာခဲ့စဉ်တုန်းက သူ၏တာဝန်မှာ ဒုတိယ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်တစ်ခုအား တိတ်တဆိတ်တည်ဆောက်ရန် ဖြစ်သည်ဟု ဝမ်ပေါင်လဲ့အား ပြောပြခဲ့သည်မဟုတ်ပါလော။ ၎င်းမှာ သူတို့အတွက် အရေးပေါ်ထွက်ပေါက် ဖြစ်ပေသည်။

ပုံမှန်အတိုင်းသာဆိုလျှင် ထိုအစီအစဉ်အား အကောင်အထည်ဖော်နိုင်ရန်မှာ ခက်ခဲနေခဲ့မည်သာ ဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့မှာ သူ၏ စတုတ္ထမြောက် မဟာထိပ်သီးအကြီးအကဲကြီးဆိုသည့် ရာထူး၏ လုပ်ပိုင်ခွင့်အာဏာအား အသုံးပြုကာ လိုလေးသေးမရှိ ကူညီထောက်ပံ့ကာ ထိုကိစ္စကြီးအား ဖုံးကွယ်ပေးထားသောကြောင့် အရာအားလုံးမှာ အဆင်ပြေချောမွေ့နေခဲ့၏။ ထို့အပြင် အခြားသူများအားလုံးမှာ ထိုစစ်ဆင်ရေးထဲ‌၌ လိုက်ပါသွားကြသည်ဖြစ်ရာ ယခုတွင် တစ်ဂိုဏ်းလုံးထဲ၌ ယွမ်ယင်အဆင့် ကျင့်ကြံသူဟူ၍ သူတစ်ယောက်တည်းသာ ကျန်တော့သည်မဟုတ်ပါလော။ သူသည် တာအိုနန်းတော်၏ မန္တန်အစီအရင်များအား အသုံးပြုခွင့် မရှိသည့်တိုင်အောင် သူ အဆင်သင့် အသုံးပြုနိုင်သည့် အရံ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်တစ်ခုအား တည်ဆောက်ထားပြီးသား ဖြစ်သည်။

ဂိုဏ်းချုပ်ကြီးရှုမှာ ထိုအသေးစား တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်အား ဖွင့်လိုက်ပြီးနောက် ပြည်ထောင်စုကျင့်ကြံသူများအား တစ်သုတ်ပြီးတစ်သုတ် ပြန်ပို့နေတော့သည်။ သူတို့၏ အရေအတွက်မှာ အများကြီးမဟုတ်သောကြောင့် တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်မှာ အတော်အသင့် သေးငယ်နေသည့်တိုင်အောင် တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်များမှာ ချောမွေ့စွာ ပြီးဆုံးသွားခဲ့၏။

ဧရာမသစ်ပင်ကြီးမှာ ပြည်ထောင်စုကြီးအား ရှေးဟောင်းဓားကြီးပေါ်၌ ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာအားလုံးကို သတင်းပေးပို့နိုင်ရန် ပထမဆုံး အသုတ်နှင့်အတူ ပြန်သွားလိုက်၏။ ဂိုဏ်းချုပ်ကြီးရှုမှာမူ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ထဲတွင် တိတ်ဆိတ်ငြိမ်သက်စွာ ရပ်နေရင်း နောက်ဆုံး တည်နေရာပြောင်းရွှေ့ခြင်းလုပ်ငန်းစဉ် ပြီးဆုံးသွားပါက ထိုမန္တန်အစီအရင် အလိုအလျောက် ပေါက်ကွဲပျက်စီးသွားနိုင်ရန် လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်နေ၏။ သို့သော် သူသည် သူ၏ အသံလွှင့်လက်စွပ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ စိုးရိမ်တကြီးဖြစ်နေသည့် မျက်ဝန်းများဖြင့် အဝေးသို့ လှမ်း၍ ငေးကြည့်နေဆဲပင်။

ကျောက်ယမုန့်၏ အသံလွှင့်အကြောင်းကြားစာကြောင့် သူသည် စစ်သင်္ဘောကြီးထဲ၌ ဖြစ်ပျက်ခဲ့သည့် ဖြစ်ရပ်အများစုကို သိရှိထားပြီးသားဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့တစ်ယောက် အသက်ရှင်လျက် ရှိနေနိုင်မည့် ရာခိုင်နှုန်းမှာ အလွန်အင်မတန်မှ နည်းပါးကြောင်းကိုလည်း သူက သိထားသဖြင့် စိတ်ဓာတ်များကျသွားရ၏။ သို့သော်ငြားလည်း သူ၏ မျက်ဝန်းများမှာ အရောင်တလက်လက် တောက်ပနေဆဲပင်။

သူ တစ်ရက်တိတိ စောင့်ဆိုင်းခဲ့ပြီးနောက် အတွင်းစည်းဂိုဏ်းသားတစ်ယောက်၏ လုပ်ပိုင်ခွင့်အာဏာများကို အသုံးချကာ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်များအား ပြုပြင်မွမ်းမံခဲ့သည့် ကျောက်ယမုန့်မှာ နောက်ဆုံးတွင် ပြန်ရောက်လာတော့သည်။ ထို့နောက် သူတို့နှစ်ယောက်စလုံးမှာ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်အား ဖွင့်လိုက်ကြ၏။ သူမသည် သေမင်းတာအို စစ်သင်္ဘောကြီးရှိရာဘက်သို့ ငေးကြည့်နေမိပါသော်လည်း ဆက်လက်စောင့်ဆိုင်း၍ မရတော့ကြောင်း သူတို့နှစ်ယောက်စလုံးက သိထားကြပြီးဖြစ်သည်။ ထို့ကြောင့် သူတို့မှာ သက်ပြင်းချကာ တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်အား စတင်လိုက်ကြတော့သည်။

သူတို့မှာ မည်သူ့ကို ယုံရမည်မှန်း မသိသောကြောင့် တာအိုနန်းတော်ဂိုဏ်းသားများအား စစ်သင်္ဘောကြီးထဲ၌ ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို အသိပေးခဲ့ခြင်းမရှိပေ။ ပြည်ထောင်စုကြီး၏ ကံကြမ္မာတစ်ခုလုံးမှာ ထိုကိစ္စကြီးအပေါ် မူတည်နေသည်ဖြစ်ရာ သူတို့မှာ အရဲမစွန့်ရဲကြပေ။

ခဏအကြာတွင် တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီး ပျက်စီးသွားသောကြောင့် ပေါက်ကွဲသံများ ထွက်ပေါ်လာတော့သည်။ ထိုအသံများမှာ တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်ကြောင့် ပေါ်ပေါက်လာခဲ့သည့် အသံများထက်ပင် ပို၍ ကျယ်လောင်နေ၏။ ထို့ကြောင့် ၎င်းမှာ တာအိုနန်းတော်တစ်ခုလုံးထဲ၌ ပဲ့တင်ထပ်သွားသဖြင့် တာအိုနန်းတော်ကျင့်ကြံသူများအားလုံးမှာ သတိထားမိသွားကြတော့သည်။

ဒူဂူလင်းမှာ ထိုအသံအား ပထမဆုံး သတိထားမိခဲ့ခြင်း ဖြစ်ပေသည်။ သူသည် တံခါးပိတ်‌ လေ့ကျင့်နေသည့်နေရာမှ ပျောက်ကွယ်သွားပြီး ထို တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင် ရှိနေခဲ့သည့်နေရာ၌ ပြန်လည်ပေါ်ပေါက်လာ၏။ ၎င်းမှာ မဟာထိပ်သီးအကြီးအကဲ ဝမ်ပေါင်လဲ့၏ နန်းတော်ကြီး၏ နောက်တွင် ရှိနေခြင်းဖြစ်ပေသည်။ ဒူဂူလင်းမှာ မြေကြီးပေါ်တွင် ပျက်စီးသွားသော တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်တစ်ခု၏ အကြွင်းအကျန်များကို မြင်လိုက်ရသောအခါ မျက်နှာအမူအရာ ပြောင်းလဲသွားပါသော်လည်း နှုတ်ဆိတ်နေဆဲပင်။

ခဏအကြာတွင် လူတိုင်းမှာ ပြည်ထောင်စုကျင့်ကြံသူများ ပျောက်ကွယ်သွားသည့်အချက်ကို သတိထားမိသွားကြ၏။ ထိုသတင်းများမှာ တာအိုနန်းတော်ထဲ၌ တောမီးကဲ့သို့ ပျံ့နှံ့သွားသဖြင့် တာအိုနန်းတော်ဂိုဏ်းသားများမှာ အံ့ဩတုန်လှုပ်သွားကြပြီး သံသယစိတ်များ ဝင်လာကြတော့သည်။ သို့သော် ခဏအကြာတွင် ခပ်လှမ်းလှမ်းရှိ မီးပင်လယ်ကြီးထဲ၌ နားစည်များပင် ကွဲအက်သွားစေနိုင်သည့် ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာသောကြောင့် သူတို့အားလုံးမှာ လိပ်ပြာလွင့်လုမတတ် တုန်လှုပ်ချောက်ချားသွားကြ၏။ ထို့နောက် သူတို့မှာ ထိုပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်ဘက်သို့ လှည့်ကြည်လိုက်ကြသောအခါ ဧရာမ စစ်သင်္ဘောကြီးတစ်စင်း သူတို့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာနေသည်ကို မြင်လိုက်ရတော့သည်။

၎င်းမှာ သေမင်းတာအို စစ်သင်္ဘောကြီးဖြစ်ပေသည်။

တာအိုဘုန်းတော်ကြီးယိုရန်မှာ ထိုစစ်သင်္ဘောကြီးအား ပြန်လည်ပြုပြင်နိုင်ခဲ့ခြင်း ဖြစ်ရပေမည်။ ၎င်းမှာ အကောင်းမွန်ဆုံး အနေအထားသို့ ပြန်မရောက်သေးပါသော်လည်း လည်ပတ်နိုင်စွမ်းရှိနေဆဲပင်။ ၎င်းမှာ တာအိုနန်းတော်ဆီသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာပြီးနောက် ၎င်း၏ရှေ့၌ ရပ်တန့်သွား၏။ တာအိုနန်းတော် ပင်မကျွန်းမှာ ထို စစ်သင်္ဘောကြီးနှင့် ယှဉ်လိုက်ပါက ပုရွက်ဆိတ် တစ်ကောင်ကဲ့သို့ပင်။ ထို့ကြောင့် တာအိုနန်းတော် ကျင့်ကြံသူများမှာ တုန်လှုပ်ချောက်ချားသွားရပြီး စစ်သင်္ဘောကြီးဆီမှ ထွက်ပေါ်လာနေသည့် စွမ်းအားများကြောင့် အသားများ တဆတ်ဆတ် တုန်ရီလာရတော့သည်။ ထို့နောက် သေမင်းတာအို စစ်သင်္ဘောကြီးထဲမှ လူရိပ်ပေါင်းမြောက်မြားစွာ ပျံထွက်လာကြ၏။

သူတို့အားလုံးမှာ တာအိုနန်းတော်ဂိုဏ်းသားများ သိထားကြသည့်လူများ ဖြစ်ပေသည်။ သူတို့မှာ ကယ်ဆယ်ရေးစစ်ဆင်ရေးထဲ၌ လိုက်ပါသွားကြသော ကျင့်ကြံသူများဖြစ်ကြ၏။ သူတို့ထဲမှ အများစုမှာ ယွမ်ယင်အဆင့်တွင် ရှိနေကြပြီး အချို့မှာ အမြုတေအဆင့်တွင် ရှိနေကြသည်။ လူအများစု သတိထားမိသွားသည့် နှစ်ယောက်မှာမူ မြဲ့လျဲ့ကျိနှင့် တာအိုဘုန်းတော်ကြီးယိုရန်တို့ပင် ဖြစ်ပေသည်။

သူတို့၏ မျက်နှာအမူအရာများမှာ ရုပ်ပျက်ဆင်းပျက် ဖြစ်နေကြသည်။ သို့သော် သေသေချာချာ ကြည့်ရှုလိုက်မည်ဆိုပါက မြဲ့လျဲ့ကျိမှာ မျက်နှာအမူအရာ ရီဝေဝေဖြစ်နေပြီး တာအိုဘုန်းတော်ကြီးယိုရန်မှာ အမှန်တကယ် အမျက်ချောင်းချောင်းထွက်နေသည်ကို မြင်နိုင်ပေမည်။

သူသည် သူ၏ အာရုံခံနိုင်စွမ်းများမှတစ်ဆင့် ပြည်ထောင်စု ကျင့်ကြံသူများအားလုံး တာအိုနန်းတော်ထဲမှ ပျောက်ကွယ်သွားကြသည့် အချက်ကို သိထားပြီးသားဖြစ်သည်။ ထို့ကြောင့် သူသည် အခြေအနေများကို ရိပ်စားမိသွား၏။

သူနှင့် မြဲ့လျဲ့ကျိတို့မှာ ယွမ်ယင်အဆင့် ကျင့်ကြံသူ တစ်ဒါဇင်ကျော်နှင့်အတူ ရှေ့သို့ပျံထွက်လာကြ၏။ ထို့နောက် သူတို့မှာ တာအိုနန်းတော် ပင်မကျွန်းပေါ်ရှိ လေထဲတွင် ရစ်ဝဲနေလိုက်သည်။ ထိုအခါ ကျွန်းပေါ်မှ လူတိုင်းမှာ ဦးညွှတ်အရိုအသေပေးလိုက်ကြတော့သည်။

ဒူဂူလင်းမှာလည်း ထိုလူအုပ်ထဲတွင်ရှိနေ၏။ သူသည် သူ၏ ဆရာ မျက်နှာအမူအရာ ရီဝေဝေဖြစ်နေသည်ကို သတိထားမိလိုက်သည့် လူနည်းစုထဲတွင် ပါသည်။ ထို့ကြောင့် သူသည် သူ၏ဆရာအား အချိန်အကြာကြီး ငေးကြည့်နေလိုက်ပြီးနောက် မျက်လုံးများမှိတ်ကာ မျက်ဝန်းများထဲ၌ ပေါ်ပေါက်လာသည့် ဝမ်းနည်းစိတ်များကို ဖုံးကွယ်ထားလိုက်တော့သည်။

တာအိုနန်းတော် ကျင့်ကြံသူများ ဒူးထောက်ချကာ အရိုအသေပေးနေစဉ် မြဲ့လျဲ့ကျိမှာ စကားပြောလိုက်၏။ ထိုအခါ သူ၏ ခပ်အောအောစကားသံကြီးမှာ မိုးခြိမ်းသံကဲ့သို့ လေထဲ၌ ပဲ့တင်ထပ်သွားတော့သည်။

” ပြည်ထောင်စုကျင့်ကြံသူတွေက ကတိဖျက်ပြီးတော့ ကိုယ်ကျင့်တရား ဖောက်ဖျားတဲ့ လူတွေပဲ။ သူတို့တွေက ဝမ်ပေါင်လဲ့ကို ခေါင်းဆောင်တင်ပြီးတော့ အဆုံးမဲ့မျိုးနွယ်စုရဲ့ စစ်သင်္ဘောကြီးထဲက အဖိုးတန်ရတနာတွေကို ခိုးယူသွားခဲ့ပြီး တာအိုနန်းတော် ကျင့်ကြံသူတွေကို ဒဏ်ရာရအောင်လုပ်ခဲ့တာ။ အဲဒီ အရှက်မရှိတဲ့ တိရစ္ဆာန်သာသာ ကျင့်ကြံသူတွေက အကြီးအကဲကြီး ဖုန့်ချိုးရန်ကိုပါ ချုံခိုတိုက်ခိုက်ခဲ့ကြတာ။ အဲတာမလို့ တာအိုနန်းတော်က အများကြီးထိခိုက်နစ်နာသွားရပြီ ”

” ပြည်ထောင်စုကြီးကို ယုံကြည်နေလို့ မဖြစ်ဘူး။ သူတို့တွေ သူတို့ရဲ့ လုပ်ရပ်တွေအတွက် ပြန်ပေးဆပ်ရမယ် ”

” အဲတာကြောင့်မလို့ ငါ ကြေညာချက်တစ်ခုထုတ်ပြန်လိုက်တယ်။ တာအိုနန်းတော် ကျင့်ကြံသူတွေအားလုံး ချက်ချင်းစုဝေးကြပါ။ ငါတို့တွေ ပြည်ထောင်စုကြီးကို စစ်ကြေညာလိုက်ပြီ။ သူတို့ကို နေအဖွဲ့အစည်းထဲကနေ ဖျောက်ပစ်ရမယ်။ ကျယ်ပြန့်တာအိုနန်းတော် ဘုန်းမီးနေလတောက်ပခဲ့တဲ့အချိန်ကို ပြန်သွားနိုင်ဖို့အတွက် သူတို့ကို အသုံးချရမယ် “

Comment

Leave a Reply

Options

not work with dark mode
Reset