Switch Mode

အခန်း (၆၆၆)

အခန်း (၆၆၆) - လင်ယောက်ျား

မမလေးမှာ သတိမေ့မြောနေသော ဝမ်ပေါင်လဲ့အား ပွေ့ချီသွားရင်း မျက်နှာအမူအရာ အမျိုးမျိုး ပြောင်းလဲနေတော့သည်။ တာအိုဘုန်းတော်ကြီးယိုရန်၏ ရုပ်အလောင်းထဲ၌ မြင်ခဲ့ရသည့် မှုန်ဝါးဝါး ကြယ်အလင်းရောင်များကြောင့် သူမ၏ နှလုံးသားထဲ၌ ခံစားချက်မျိုးစုံ ပေါ်ပေါက်လာရ၏။

သာမန် ကျင့်ကြံသူများမှာဆိုလျှင် ထိုကြယ်အလင်းရောင်အား မြင်နိုင်စွမ်းရှိမည် မဟုတ်ပေ။ ထူးခြားသော ဝိညာဉ်များသာလျှင် ထိုမန္တန်အား မြင်နိုင်စွမ်း ရှိပေသည်။

” ကြယ်သန္ဓေတာအိုဆိုတာ… ကျယ်ပြန့်တာအိုနန်းတော် လျှို့ဝှက်ဆန်းကြယ် နေရာတစ်ခုကနေ ဆက်ခံရရှိခဲ့တဲ့ အမွေအနှစ်တစ်ခုပဲ။ ငါ့အဖေက အဲဒီတာအိုကို လေ့လာခဲ့ပြီးတော့ ဂိုဏ်းရဲ့ အစွမ်းအထက်ဆုံး တာအိုအဖြစ် သတ်မှတ်ခဲ့တာ ” မမလေးမှာ တစ်ကိုယ်တည်း ရေရွတ်လိုက်၏။ သူမသည် ကြယ်သန္ဓေတာအိုအကြောင်း မကြားဖူးထားသည့် လူတစ်ယောက်မဟုတ်ပေ။ သူမသည် ထိုတာအိုအား လေ့ကျင့်နိုင်ရန် အရည်အချင်းပြည့်မီခဲ့ခြင်း မရှိပါသော်လည်း ၎င်းမှာ မည်မျှအထိ အစွမ်းထက်ကြောင်း ကောင်းကောင်းကြီးသိထား၏။

၎င်းအား လျှို့ဝှက်ဆန်းကြယ် ကိုယ်ပွားပညာရပ်တစ်ခု သို့မဟုတ် စိတ်ညှို့ပညာရပ်တစ်ခုအဖြစ် သတ်မှတ်နိုင်ပေသည်။ သို့သော် ၎င်း၏ အနှစ်သာရမှာ ထိုနှစ်ခုစလုံး မဟုတ်ပေ။ ၎င်း၏ အခြေခံသဘောတရားများကိုလည်း သာမန် စဉ်းစား‌တွေးခေါ်ပုံမျိုးဖြင့် နားလည်ရန် မဖြစ်နိုင်ပေ။ စကြဝဠာထဲတွင် ကြယ်ပေါင်းများစွာ ရှိနေပြီး အချို့မှာ ဂြိုဟ်များဖြစ်ကာ အချို့မှာ ထာဝရကြယ်များ ဖြစ်နေကြသည့်တိုင်အောင် ၎င်းတို့မှာ ကြယ်အမျိုးစားမူကွဲများသာဖြစ်ကြောင်း သိထားရပေမည်။

သို့သော် ကြယ်သန္ဓေတာအိုမှာ ဂြိုဟ်များနှင့် ထာဝရကြယ်များကို အမျိုးအစား ခွဲခြားနေခြင်းမရှိဘဲ ၎င်းတို့အား အဆင့်သုံးဆင့်သာ ခွဲထား၏။

၎င်းတို့မှာ ကြယ်အဆင့်၊ လအဆင့်နှင့် နေအဆင့်တို့ပင် ဖြစ်သည်။

ကြယ်အဆင့်တွင် ထိုတာအိုအား ကျင့်ကြံသူမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားရမည် ဖြစ်သည်။ ထို့နောက် သူသည် သူ၏ ကျင့်ကြံခြင်းအဆင့်ပေါ် မူတည်၍ ကြယ်သစ်စေ့များကို ထုတ်လွှတ်ကာ စကြဝဠာကြီးထဲရှိ သက်ရှိများနှင့် ပေါင်းစည်းသွားစေမည် ဖြစ်သည်။ ထို့နောက် ထို သက်ရှိများမှာ ထိုကျင့်ကြံသူ ကြယ်သစ်စေ့များအားလုံးကို ပြန်လည် မသိမ်းဆည်းခင် အချိန်အထိ ကျင့်ကြံခြင်း လေ့ကျင့်နေကြမည် ဖြစ်ပေသည်။

သို့သော် ထိုသို့ပြန်လည်သိမ်းဆည်းရာတွင် ကြယ်သစ်စေ့များကိုသာမဟုတ်ဘဲ ထိုကြယ်သစ်စေ့များ ခိုအောင်းနေထိုင်နေကြသည့် သက်ရှိများ၏ ခန္ဓာကိုယ်များထဲမှ ကျင့်ကြံခြင်းစွမ်းအားများနှင့် သက်စောင့်စွမ်းအားများကိုပါ သိမ်းဆည်းလိုက်မည် ဖြစ်သည်။ ထိုသို့ သိမ်းဆည်းပြီးပါက ထိုကျင့်ကြံသူမှာ ကြယ်အဆင့်မှ ဖောက်ထွက်ကာ လအဆင့်သို့ ရောက်ရှိသွားမည်ဖြစ်သည်။

ကြယ်သစ်စေ့များ ခိုအောင်းနေသည့် လက်ခံကောင်များမှာ သာမန်ကျင့်ကြံသူများ ဖြစ်နေပါက ၎င်းတို့အား အဆင့်နိမ့် ကြယ်သစ်စေ့များဟု သတ်မှတ်ကြပေသည်။ အကယ်၍ ၎င်းတို့၏ လက်ခံကောင်များမှာ ကြယ်များဖြစ်နေကြမည်ဆိုပါက ထိုကြယ်များပေါ်ရှိ သက်ရှိများအားလုံးမှာ ထိုကြယ်သစ်စေ့၏ လက်ခံကောင်များအဖြစ် အလိုလို ရောက်ရှိသွားမည်ဖြစ်သည်။

ထိုကဲ့သို့သော ကြယ်များကိုသာ ပြန်လည်သိမ်းဆည်းနိုင်မည်ဆိုပါက လအဆင့်သို့ ရောက်သွားသည့်အချိန်တွင် သာမန် ကြယ်အဆင့်ကျင့်ကြံသူများထက် အများကြီးပို၍ အစွမ်းထက်နေမည်ဖြစ်သည်။ သို့သော် အစွမ်းအထက်ဆုံးနှင့် ကြောက်စရာအကောင်းဆုံး ကျင့်ကြံသူများမှာ နေအဆင့် ကျင့်ကြံသူများဖြစ်ကြပေသည်။ သူတို့မှာ စကြဝဠာကြီး၏ နေရာဒေသတစ်ခုချင်းစီထဲ၌ ကြယ်သစ်စေ့များ ထည့်သွင်းနိုင်စွမ်း ရှိကြ၏။ ထို့နောက် ၎င်းတို့အား ပြန်လည်သိမ်းဆည်းပြီးလျှင် စိတ်ကူးများနှင့် မှန်းဆ၍ မရနိုင်လောက်အောင် များပြားသော စွမ်းအားများကို ရရှိပိုင်ဆိုင်သွားကြမည်သာ ဖြစ်သည်။

သို့သော် မမလေး မှတ်မိသလောက်ဆိုလျှင် မည်သည့် ကျင့်ကြံသူကမှ နေအဆင့်အထိ မရောက်ဖူးခဲ့ပေ။ ကျယ်ပြန့်တာအိုနန်းတော်တစ်ခုလုံးထဲ၌ပင်လျှင် လအဆင့်သို့ ရောက်ဖူးသည့်ကျင့်ကြံသူ တစ်ယောက်သာရှိပေသည်။ သူမ၏ ဖခင်ဖြစ်သူ လျှို့ဝှက်ဆန်းကြယ်ပညာရပ်များအကြောင်း လိုက်လံဖတ်ရှုခဲ့ပြီးနောက် ထိုလျှို့ဝှက်ဆန်းကြယ်ပညာရပ်မှာ ဤစကြဝဠာကြီးထဲမှ မဟုတ်ကြောင်း ဆိုကာ သက်ပြင်းများချနေခဲ့သည်ကို မမလေးမှာ ကောင်းကောင်းကြီးမှတ်မိနေဆဲပင်။

ကြယ်သန္ဓေတာအိုနှင့် ပတ်သတ်၍ သူမ သိရှိထားသည့် အချက်အလက်များကြောင့် မမလေးမှာ အချက်တစ်ချက်အား အတည်ပြုနိုင်သွားတော့သည်။ ၎င်းမှာ… တာအိုဘုန်းတော်ကြီးယိုရန်သည်… ကြယ်သစ်စေ့ လက်ခံကောင်တစ်ကောင်မျှသာ ဖြစ်နေသည်ဆိုသော အချက်ပင်။ ထို့ကြောင့် ဤဖြစ်ရပ်များအားလုံး၏ နောက်ကွယ်မှ ကြိုးကိုင်ရှင်အစစ်မှာ ဤ ရှေးဟောင်းဓားကြီးပေါ်ရှိ အခြားတစ်ယောက်ယောက် ဖြစ်ရပေမည်။

ယိုရန်မှာ ထိုပုဂ္ဂိုလ် ကြိုးဆွဲရာအတိုင်း လိုက်ကနေခဲ့ရသည့် ရုပ်သေးရုပ် တစ်ရုပ်မျှသာ ဖြစ်ပေသည်။

မမလေးမှာ ထိုအချက်ကြောင့် အံ့အားသင့်သွားရပါသော်လည်း တုန်လှုပ်နေခြင်းမရှိပေ။ သို့သော် သူမအား အံကြိတ်ကာ ‌ဇ‌ဝေဇဝါဖြစ်သွားစေခဲ့သည့် အချက်မှာ ကြယ်သန္ဓေတာအို၏ တမူထူးခြားသော အချက်တစ်ချက်ကြောင့်ပင်ဖြစ်သည်။ ၎င်းမှာ လက်ဆင့်ကမ်းပေးရသည့် အမွေအနှစ်တစ်ခု မဟုတ်ပါလော။ ထိုကဲ့သို့သော အမွေအနှစ်မျိုးမှာ ကြယ်အဆင့်တွင် ရှိနေသည့်လူတစ်ယောက် သူ၏ဝိညာဉ်ကို လိုလိုလားလား အသုံးပြုကာ သစ်စေ့တစ်စေ့ ဖန်တီးပေးရန် လိုအပ်ပေသည်။

အချုပ်အားဖြင့်ဆိုရလျှင် ကြယ်အဆင့် ကျင့်ကြံသူတစ်ယောက်မှာ သူ၏ဝိညာဉ်အား စတေးပြီး ကြယ်သန္ဓေတာအိုအား ကျင့်ကြံမည့် လူအသစ်တစ်ယောက်အတွက် မူရင်းသစ်စေ့တစ်စေ့ ဖန်တီးပေးရမည် ဖြစ်သည်။ လျှို့ဝှက်ဆန်းကြယ် နေရာတစ်ခုမှနေ၍ ထိုအမွေအနှစ်အား ပထမဆုံးလက်ခံရရှိခဲ့သည့် ကျယ်ပြန့်တာအိုနန်းတော်ထဲမှ ပုဂ္ဂိုလ်မှာမူ နှစ်ပေါင်းမြောက်များစွာ တိမ်မြုပ်နေခဲ့သည့် သစ်သေ့တစ်စေ့အား ရှာတွေ့ခဲ့ခြင်းဖြစ်ပေသည်။

သို့ဖြစ်ရာ သူသည် ကြယ်သန္ဓေတာအိုအား ပထမဆုံးလေ့ကျင့်ခဲ့သည့် ကျင့်ကြံသူ ဖြစ်သည်။ ထို့နောက် ထိုအမွေအနှစ်အား မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းလာခဲ့၏။ ထိုသို့ဖြင့် ထိုတာအိုအား မျိုးဆက်တစ်ခုလျှင် လူတစ်ယောက်စီ လေ့ကျင့်ခဲ့ကြသည်။

” ကြယ်သန္ဓေတာအိုရဲ့ နောက်ဆုံးကျင့်ကြံသူက သခင်ကျိုးပါ…. သူများ ဖြစ်နေမလား။ အဆုံးမဲ့မျိုးနွယ်စုထဲက လူတော့ မဖြစ်နိုင်ဘူး။ ဒီလို လျှို့ဝှက်ဆန်းကြယ် ပညာရပ်မျိုးက လက်ဆင့်ကမ်းပေးမဲ့သူရဲ့ ခွင့်ပြုချက်ကို အပြည့်အဝ လိုအပ်တယ်။ အဲလိုမှမဟုတ်ရင် အမွေအနှစ်ကို လက်ခံနိုင်မှာမဟုတ်ဘူး။ ကြယ်အဆင့်မှာရှိတဲ့ အစွမ်းထက် ကျင့်ကြံသူတွေတောင် လက်ဆင့်ကမ်းပေးမယ့် သူကို ဖိအားပေးနိုင်မှာမဟုတ်ဘူး ” မမလေးမှာ ထိုသို့တွေးကာ နှုတ်ဆိတ်သွားပြီး ပို၍ပင် ဇဝေဇဝါ ဖြစ်လာရတော့သည်။ သူမသည် ဒဏ်ရာအပြင်းအထန်ရကာ မျက်နှာဖုံးထဲသို့ ဝင်ရောက်သွားခဲ့ပြီးနောက် အချိန်အကြာကြီး အိပ်မောကျသွားခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် သူမသည် အိပ်မောကျသွားခဲ့ပြီးနောက်ပိုင်း ဖြစ်ပျက်ခဲ့သည့်ကိစ္စများကို မသိထားပေ။

ထို့နောက် ထိုမျက်နှာဖုံးမှာ တစ်စစီ ကွဲအက်သွားခဲ့ပြီး သူမသည်လည်း မှတ်ဉာဏ်များကို ဆုံးရှုံးလိုက်ရ၏။ ထို့ကြောင့် သူမသည် လပေါ်ရှိ ဧရာမ ရုပ်အလောင်းကြီးအား မြင်ဖူးနေသည်ဟု ခံစားနေရသည့်တိုင်အောင် သူ့အား မမှတ်မိဘဲဖြစ်နေရခြင်း ဖြစ်သည်။

လက်ရှိ သူမ မှတ်မိသလောက်ဆိုလျှင် သခင်ကျိုးဆိုသည့်လူမှာ ကိုယ်နှုတ်အမူအရာ နူးညံ့သိမ်မွေ့ပြီး ဂုဏ်ကျက်သရေရှိကာ ရိုးသားဖြောင့်မတ်သည့် လူတစ်ယောက် ဖြစ်ပေသည်။ သို့ဖြစ်ရာ သူသည် ယခုကဲ့သို့သော ကိစ္စများကို ဆောင်ရွက်နိုင်လောက်သည့် လူတစ်ယောက်မဟုတ်ကြောင်း သူမက ယုံကြည်ထား၏။

ထို့ကြောင့် မမလေးမှာ ဇဝေဇဝါဖြစ်ကာ ငြိမ်ကျသွားရတော့သည်။ သူမ ကောင်းကင်ပေါ်၌ ပျံသန်းနေစဉ် ဝမ်ပေါင်လဲ့မှာ သူမ၏ ရင်ခွင်ထဲ၌ ရှိနေဆဲပင်။ နောက်ဆုံးတွင် သူတို့မှာ ထာဝရစင်မြင့်ကို ရှာတွေ့သွားခဲ့၏။ သူမသည် ခက်ခက်ခဲခဲ ကြိုးစားကာ ထို ထာဝရစင်မြင့်အား ဖွင့်လိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား တည်နေရာပြောင်းရွှေ့စေလိုက်တော့သည်။ ထို့နောက် သူမ၏ မှုန်ဝါးဝါးခန္ဓာကိုယ်လေးမှာ လွင့်ပါးပျောက်ကွယ်သွားပြီး သူမသည်လည်း ပြန်၍ အိပ်မောကျသွားတော့သည်။

ထိုအခြင်းအရာများ ဖြစ်ပျက်နေစဉ် ပျက်စီးနေပြီဖြစ်သော သေမင်းတာအိုစစ်သင်္ဘောကြီး၏ တတိယထပ်ရှိ လိုဏ်ဂူကြီး၏အောက်တွင် စတုတ္ထထပ်တစ်ထပ် ပေါ်လာ၏။

ဝမ်ပေါင်လဲ့ပင်လျှင် ထိုအထပ်အား ရှာမတွေ့ခဲ့ပေ။ ၎င်းမှာ ပြိုလဲပျက်စီးနေပြီဖြစ်သော ပြင်ပကမ္ဘာကြီးနှင့် လုံးဝသက်ဆိုင်မှုမရှိသည့် အလားပင်။

၎င်းမှာ မှောင်မိုက်ကာ ရုပ်အလောင်းများဖြင့် ပြည့်နှက်နေသည့် အခြားကမ္ဘာများဖြင့် လုံးဝမတူဘဲ ကွဲထွက်နေ၏။ လေထုထဲတွင် ကျေးငှက်ကလေးများ၏ တွန်ကျူးသံများနှင့် ပန်းရနံ့များဖြင့် ပြည့်နှက်နေပြီး ကောင်းကင်ကြီးမှာ အပြာရောင်သန်းနေသလို သမုဒ္ဒရာကြီးမှာလည်း ထိုကမ္ဘာကြီး၏ မျက်နှာပြင်အား ဖုံးလွှမ်းထားသည်။ ထိုသမုဒ္ဒရာကြီး၏ အလယ်တွင် ကျွန်းတစ်ကျွန်း ရှိနေပြီး ထိုကျွန်းပေါ်တွင် တောင်တစ်လုံးရှိနေ၏။ ထိုတောင်ထိပ်တွင်မူ မှိတ်တုတ်မှိတ်တုတ် တောက်ပနေသည့် အလင်းရောင်တစ်ခု ရှိနေသည်။

ထို အလင်းရောင်ထဲတွင် လူတစ်ယောက်ထိုင်နေပြီး ပေါ်လိုက်ပျောက်လိုက် ဖြစ်နေ၏။ ထိုပုဂ္ဂိုလ်မှာ အမျိုးသမီးတစ်ယောက် ဖြစ်သည့်ပုံပင်။ သူမ၏ ဆံပင်များမှာ ပခုံးအထိ ဖားလျားကျနေပြီး သူမ၏ ရုပ်ရည်မှာ အလွန်အင်မတန်မှ ချောမောလှပမည့်ပုံ ပေါ်ပေသည်။

အကယ်၍ အပေါ်ယံ ခြုံလွှာများအား ဖြတ်ကျော်ကာ လူတစ်ယောက်၏ စိတိဝိညာဉ်များကို ထိုးခွင်းကြည့်နိုင်လောက်သည့်အထိ မြင့်မားသော ကျင့်ကြံခြင်းအဆင့်အား ပိုင်ဆိုင်ထားမည်ဆိုပါက ထိုအမျိုးသမီးမှာ အဆုံးမဲ့မျိုးနွယ်စုမှ မဟုတ်သည်ကို ချက်ချင်းသိလိုက်ရမည်သာ ဖြစ်သည်။ သူမ၏ အလှတရားများမှာ အပေါ်ယံ ခြုံလွှာတစ်ခုသာ မဟုတ်ပေ။

အကယ်၍ မမလေးသာ ရှိနေမည်ဆိုပါက သူမသည် ထိုအမျိုးသမီးအား မြင်လိုက်ရသဖြင့် အံ့သြတုန်လှုပ်သွားမည်သာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူမသည် ထိုအမျိုးသမီးနှင့် ရင်းနှီးနေသောကြောင့်ပင်။

သူမသည် ယခင်တုန်းက မမလေး၏ မိတ်ဆွေတစ်ယောက် ဖြစ်ခဲ့ဖူးသည့် ကျယ်ပြန့်တာအိုနန်းတော်မှ ကျင့်ကြံသူတစ်ယောက်ဖြစ်ပေသည်။

တာအို‌ဘုန်းတော်ကြီးယိုရန် သေဆုံးမသွားခင် ထိုအမျိုးသမီးမှာ အိပ်နေခဲ့သည့်ပုံပင်။ ထို့နောက် သူမသည် မျက်တောင်မွှေးများ လှုပ်သွားကာ မျက်လုံးများပွင့်လာသဖြင့် သူမ၏မျက်ဝန်းများထဲရှိ ကြယ်အလင်းရောင်များကို မြင်လိုက်ရတော့သည်။

” သူက သေသွားပြီပဲ… အံအားသင့်စရာတော့ မရှိပါဘူး။ သူ့ရဲ့ပြိုင်ဘက်က သူတော်စင်ကြီးကိုယ်တိုင် ရွေးထားတဲ့လူ ဖြစ်နေတာကိုး ” ထိုအမျိုးသမီးမှာ ပြုံးကာ ရေရွတ်လိုက်၏။ သူမသည် တာအိုဘုန်းတော်ကြီးယိုရန်၏ သေဆုံးသွားမှုကြောင့် ထိခိုက်နစ်နာသွားရသလို ခံစားနေရပါသော်လည်း အထူးတလည် စိတ်သောကရောက်နေခြင်းတော့ မရှိပေ။ သူသည် သူမ၏ လက်အောက်ရှိ တစ်ဦးတည်းသော ကြယ်သစ်စေ့ လက်ခံကောင်တစ်ယောက် မဟုတ်ပေ။ ဓားရိုးပိုင်းထဲရှိ မီးပင်လယ်ကြီးထဲ၌ ဝမ်ပေါင်လဲ့တစ်ယောက် မျက်နှာဖုံး အပိုင်းအစများအား လိုက်လံရှာဖွေနေခဲ့သည်ကို မြင်တွေ့ခဲ့ရသည့် အဆုံးမဲ့မျိုးနွယ်စုဝင်ကြီးမှာလည်း သူမ၏ ကြယ်သစ်စေ့ လက်ခံကောင်များထဲမှ တစ်ယောက် ဖြစ်ပေသည်။

သူမသည် သူတို့အား အလွန်အကျွံ ထိန်းချုပ်ခဲ့ခြင်းမရှိဘဲ သူတို့၏ မျက်လုံးများထဲမှတစ်ဆင့် တိတ်တဆိတ် အကဲခတ်ရုံလောက်သာ လုပ်ခဲ့၏။ ထို့ကြောင့် ထို ကြယ်သစ်စေ့လက်ခံကောင်များမှာ သူတို့ ဆန္ဒရှိသည့်အတိုင်း ပြုမူလှုပ်ရှားနိုင်စွမ်း ရှိနေခဲ့သဖြင့် အခြားသူတစ်ယောက်မှာ သူတို့၏ ခန္ဓာကိုယ်များထဲ၌ ကြယ်သစ်စေ့များ ထည့်သွင်းထားသည့်အချက်ကို သိထားခြင်းမရှိသလို ထိုပုဂ္ဂိုလ်ကြီး တစ်ချက်မျှ တွေးလိုက်ရုံဖြင့် သူတို့ သေဆုံးသွားနိုင်သည့် အချက်ကိုလည်း သိထားခြင်းမရှိပေ။

” ယိုရန်က သူ့ရဲ့အစီအစဉ်ကို ဒီအဆင့်အထိ အကောင်အထည် ဖော်ပြီးသွားပြီဆိုမှတော့ ပြီးတဲ့အထိ လုပ်ခိုင်းလိုက်တာပဲ ကောင်းပါတယ်။ အဲတာမှ ဒီကစားပွဲက ကြည့်ကောင်းသွားမှာ ” ထိုအမျိုးသမီးမှာ တစ်ခဏမျှ စဉ်းစားတွေးတော လိုက်ပြီးနောက် ပြုံးကာ ညာဘက်လက်ညှိုးအား မြှောက်လိုက်၏။ ထိုအခါ ခပ်လှမ်းလှမ်းရှိ သမုဒ္ဒရာကြီးထဲတွင် လှိုင်းလုံးများထလာပြီးနောက် ရုပ်အလောင်းတစ်ခု လေပေါ်သို့ မြောက်တက်လာတော့သည်။

၎င်းမှာ ဝိညာဥ်ကြားခံနယ်အဆင့် အငွေ့အသက်များကို ထုတ်လွှတ်နေသည့် အဆုံးမဲ့မျိုးနွယ်စုဝင်တစ်ယောက်၏ ရုပ်အလောင်းဖြစ်ပေသည်။ ထို့နောက် ၎င်းမှာ တစ်စုံတစ်ခု၏ ဆွဲငင်ခြင်းကို ခံလိုက်ရသည့်အလား ထိုအမျိုးသမီး၏ ရှေ့သို့ ရောက်ရှိလာ၏။ သူမသည် နောက်ထပ်တစ်ကြိမ်ထပ်၍ လက်ညှိုးထိုးလိုက်ပြန်သည်။ ထိုအခါ တာအိုဘုန်းတော်ကြီးယိုရန်၏ မှတ်ဉာဏ်များမှာ မှိတ်တုတ်မှိတ်တုတ် တောက်ပနေသည့် အလင်းရောင်တစ်ခုအသွင် ပေါ်ပေါက်လာပြီး ထိုရုပ်အလောင်းကြီး၏ ဦးခေါင်းထဲသို့ ဝင်ရောက်သွားတော့သည်။ ထို့နောက် သူမသည် အစွမ်းတစ်ခု ထုတ်သုံးလိုက်သဖြင့် ထို အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူကြီး၏ အရေပြားမှာ စတင်ရှုံ့တွလာပြီးနောက် ပုံသဏ္ဍာန် ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်ပေါ်၌ အဝတ်အစားများအဖြစ် ပြောင်းလဲသွားတော့သည်။

၎င်းမှာ သာမန်အဝတ်အစားတစ်ခုမဟုတ်ဘဲ…. တာအိုနန်းတော်ကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ် ဖြစ်နေ၏။

ပို၍တိတိကျကျဆိုရလျှင် ၎င်းမှာ တာအိုဘုန်းတော်ကြီးယိုရန် တာအိုနန်းတော်ထဲတွင် နေထိုင်ခဲ့စဉ်တုန်းက ရှိနေခဲ့သည့် ပုံပန်းသွင်ပြင်နှင့် တထေရာတည်း ဖြစ်ပေသည်။

ထိုအခြင်းအရာများ ပြီးဆုံးသွားပြီးနောက် ထိုအမျိုးသမီးမှာ သူမ၏လက်အား ဝှေ့ယမ်းလိုက်၏။ ထိုအခါ အသစ်ပြန်လည်မွေးဖွားလာသည့် တာအိုဘုန်းတော်ကြီးယိုရန်မှာ ပျောက်ကွယ်သွားပြီး ဒုတိယထပ်၌ ပြန်ပေါ်လာတော့သည်။ သူသည် တစ်ကိုယ်လုံးတုန်ရီသွားကာ မျက်လုံးများပွင့်လာပြီးနောက် ချက်ချင်းပင် မတ်တတ်ထလာ၏။ ထို့နောက် သူသည် ဒေါသမီးများ တောက်လောင်နေသည့် မျက်ဝန်းများဖြင့် အသံကုန်အော်ဟစ်လိုက်တော့သည်။

” ဝမ်ပေါင်လဲ့ ”

သူသည် သတ်ဖြတ်ခံခဲ့ရသည်ကို မမှတ်မိဘဲ ဝမ်ပေါင်လဲ့တစ်ယောက် တိုက်ပွဲဝတ်ရုံကြီးအား စုပ်ယူနေသည်ကို မြင်ခဲ့ရပြီးနောက် သူ့အား တားဆီးရန် ပြေးသွားလိုက်သည်ကိုသာ မှတ်မိနေ၏။ သို့သော် သူ ဘာမှမလုပ်နိုင်ခင်မှာပင် ဝမ်ပေါင်လဲ့မှာ သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးအား ဖောက်ခွဲပစ်ခဲ့သဖြင့် လိုဏ်ဂူကြီး တစ်ခုလုံးမှာ သူတို့ပေါ်သို့ ပြိုကျလာရခြင်း ဖြစ်ပေသည်။ ထိုကမ္ဘာကြီး၏ ပထမထပ်နှင့် ဒုတိယထပ်တို့မှာလည်း ပြိုလဲပျက်စီးသွားရပြီ ဖြစ်သည်။

ယခုတွင်မူ သူသည် ဝမ်ပေါင်လဲ့အား လိုက်မဖမ်းရန် ဆုံးဖြတ်လိုက်ပြီးနောက် လက်ရှိ အခြေအနေကြီးအား ရသလောက် ပြန်၍ အဖတ်ဆယ်ကာ သူ၏အစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်ရန် ပြင်နေလိုက်တော့သည်။

သူသည် မည်သည့်အရာကိုမှ သံသယဝင်နေခြင်းမရှိပေ။ ထို့အပြင် ထိုအမျိုးသမီးမှာ အသစ်ပြန်လည်မွေးဖွားလာသည့် တာအိုဘုန်းတော်ကြီးယိုရန်အား စိတ်ညှို့ခံထားရသော မြဲ့လျဲ့ကျိနှင့် အခြားကျင့်ကြံသူများကို ထိန်းချုပ်ခွင့်ပေးထားဆဲပင်။

ထို့ကြောင့် သူသည် သူနှင့်ဝေးရာရှိ စတုတ္ထထပ်ပေါ်တွင် မျက်ဝန်းတစ်စုံမှာ သူ့အား တိတ်တဆိတ် စောင့်ကြည့်နေသည့်ကို မသိနိုင်ဘဲဖြစ်နေရသည်။

” ကြယ်တွေအပါအဝင် ဒီကမ္ဘာကြီးထဲက အရာအားလုံးက… ကံကြမ္မာကိုယ်စီ ရှိကြပြီသား။ သူတို့ရဲ့ ကံကြမ္မာတွေကို စောင့်ကြည့်ပြီးတော့ ဝင်မစွက်ဖက်ဘဲ သူတို့ကို လမ်းမှန်ပေါ်ရောက်အောင် တွန်းပို့ပေးတဲ့ အကြွင်းမဲ့အင်အားစုတစ်ခုအဖြစ်ကို ရောက်အောင် ကိုယ့်ကိုယ်ကို ပြောင်းလဲရတာကို… ကြယ်သန္ဓေတာအိုလို့ ခေါ်တာ။ အဲဒီတာအိုကို မိုးကောင်းကင်သန္ဓေတာအိုလို့တောင် နာမည်ပေးသင့်တယ်။ အရင်မျိုးဆက်အဟောင်းတွေ ပေးခဲ့တဲ့ နာမည်က မှားနေတာ ” ထိုအမျိုးသမီးမှာ တိုးတိုးလေး ရေရွတ်လိုက်၏။ ထို့နောက် သူမသည် ခံစားချက် လုံးဝမပါပဲ အသက်မဲ့နေသည့် မျက်ဝန်းများဖြင့် အခြားတစ်ဘက်သို့ လှည့်ကာ ငေးကြည့်နေလိုက်တော့သည်။

သူမ၏ အကြည့်မှာ စစ်သင်္ဘောကြီးကို ထိုးခွင်းကာ ရှေးဟောင်းဓားကြီးနှင့် အာကာသကြီးကိုပင် ဖြတ်ကျော်သွားပြီး အဝေးတစ်နေရာရှိ လမင်းကြီးပေါ်သို့ ကျရောက်သွား၏။

” ချစ်ရတဲ့ ယောက်ျားရေ။ အဲတာမလို့လည်း ကျွန်မက ကျွန်မရဲ့ လုပ်ရပ်တွေကို နောင်တမရတာ။ ကျွန်မတို့ နှစ်ယောက်ထဲမှာ ကျွန်မကသာ ပိုပြီးတော့ သင့်တော်တာ အသိအသာကြီးပါ။ ရှင့်ရဲ့ဆရာက လူရွေးမှားခဲ့တာ။ ရှင်က အစိမ်းရောင် ကြာပွင့်လေးကို ဆုံးရှုံးလိုက်ရတာမလို့ ဒီလျှို့ဝှက်ဆန်းကြယ် ပညာရပ်ကို လက်ခံခွင့် မရှိတော့ဘူးလေ…. ကျွန်မ ရှင့်ရဲ့ဆရာ ရှင့်အတွက် ချန်ရစ်ထားခဲ့တဲ့ ဒီ အမွေအနှစ်ကို လိမ်ယူခဲ့လို့ ရှင် သေသွားခဲ့ရတာ မှန်ပေမဲ့ ဘာလို့ ရှင်က အသေကောင်ဘဝ ရောက်နေတာတောင် ဒီကိစ္စအပေါ် အငြိုးအတေးတွေ ထားနေရသေးတာလဲ “

Comment

Leave a Reply

Options

not work with dark mode
Reset