Switch Mode

အခန်း (၆၆၅)

သတ်ဖြတ်ခံလိုက်ရပါသော 

သူသည် သတိကြီးကြီးထားနေရသောကြောင့် အရှိန်လျော့ကျသွားရ၏။ ထို့ကြောင့် စစ်သင်္ဘောကြီးထဲတွင် ရှိနေခဲ့စဉ်တုန်းက ချုပ်တည်းထားခဲ့ရသည့် သူ၏ မကျေနပ်ချက်များမှာ ပြန်လည်ပေါ်ထွက်လာတော့သည်။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ဝမ်ပေါင်လဲ့ထက် အများကြီးပို၍ သာလွန်နေပါသော်လည်း ဝမ်ပေါင်လဲ့မှာ ငါးရှဉ့်တစ်ကောင်ကဲ့သို့ သူ၏လက်ထဲမှ ခဏခဏ လွတ်ထွက်သွားနေသည် မဟုတ်ပါလော။

မကြာသေးမီတုန်းက သူသည် ဝမ်ပေါင်လဲ့အား သတ်ဖြတ်နိုင်တော့မည့် အခြေအနေသို့ ရောက်ခဲ့ပါသော်လည်း ဝမ်ပေါင်လဲ့မှာ ထပ်၍ ထွက်ပြေးလွတ်မြောက်သွားခဲ့၏။ သူသည် ဒဏ်ရာအပြင်းအထန် ရသွားသည့်တိုင်အောင် သတိလစ်သွားခြင်း မရှိသေးပေ။ ထို့အပြင် သူသည် ထိုကဲ့သို့ထွက်ပြေးနေရင်း လျှပ်စီးစက်လုံးများကို အဆက်မပြတ် ပစ်လွှတ်နေသောကြောင့် ဓားကိုယ်ထည်ပိုင်းထဲမှ ထောင်ချောက်များမှာ အဆက်မပြတ် ပေါက်ကွဲကာ အရာအားလုံးမှာ ဖရိုဖရဲ ဖြစ်နေရတော့သည်။ ထို့ကြောင့် တာအိုဘုန်းတော်ကြီးယိုရန်မှာ ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံခြင်းစွမ်းအားများကို ပိုင်ဆိုင်ထားသည့်တိုင်အောင် သတိကြီးကြီးထား၍ ရှေ့သို့သွားနေရ၏။

” ဝမ်ပေါင်လဲ့ ” တာအိုဘုန်းတော်ကြီးယိုရန်မှာ အမျက်ချောင်းချောင်း ထွက်နေရသလို စိုးရိမ်ထိတ်လန့်နေရပြီလည်း ဖြစ်သည်။ သူသည် စစ်သင်္ဘောကြီးအား အကြာကြီး ထားခဲ့၍ မဖြစ်ပေ။ သူ ပြန်လည်ပြင်ဆင်ရမည့် အပျက်အစီးပေါင်း မြောက်များစွာ ရှိနေသည် မဟုတ်ပါလော။ ထို့ကြောင့် သူ ဤနေရာတွင် အကြာကြီး ရှိနေမည်ဆိုပါက ထိုအပျက်အစီးများကို ပြန်လည်ပြုပြင်ရာတွင် အခက်တွေ့နေရမည်ဖြစ်သည်။

ထို့ကြောင့် တာအိုဘုန်းတော်ကြီးယိုရန်မှာ စိတ်ပိုင်းဖြတ်လိုက်တော့သည်။

သူ၏ရှေ့တွင် ဝမ်ပေါင်လဲ့မှာ ဆက်လက်ပြေးလွှားနေဆဲပင်။ သူ၏ အသိစိတ်များမှာ ရီဝေဝေ ဖြစ်နေ၏။ အကယ်၍ သူ၏ ခန္ဓာကိုယ်ထဲမှ အစိမ်းရောင်ကြာပွင့်လေးသာ ၎င်း၏ အစွမ်းများကို ထုတ်လွှတ်ကာ သူ၏ဒဏ်ရာများအား ပျောက်ကင်းအောင် ကုသပေးနေခြင်း မရှိပါက သူသည် သတိလစ်သွားလောက်ပြီ ဖြစ်သည်။

ထို အစိမ်းရောင်ကြာပွင့်လေး ရှိနေသည့်တိုင်အောင် ဝမ်ပေါင်လဲ့မှာ မျှော်လင့်ချက်များအားလုံး ပျက်သုဉ်းနေရပြီ ဖြစ်သည်။ သူသည် အသက်ရှင်လိုသည့် စိတ်ဆန္ဒတစ်ခုတည်းဖြင့် မာန်တင်းထားရ၏။

ဝမ်ပေါင်လဲ့မှာ သူ မည်သည့်လမ်းကြောင်းအတိုင်း သွားနေမှန်းလည်း မသိတော့ပေ။ သူ၏အသိစိတ်ထဲတွင် နေရာတစ်နေရာနှင့် အတွေးတစ်ခုသာ ရှိနေ၏။ ၎င်းမှာ ထာဝရစင်မြင့်ကြီးကို တွေ့အောင်ရှာပြီး ထွက်ပြေးရန် ဖြစ်ပေသည်။

သို့သော် သူနှင့် တာအိုဘုန်းတော်ကြီးယိုရန်တို့၏ ကျင့်ကြံခြင်းအဆင့် ခြားနားမှုများနှင့် သူရထားသည့် ဒဏ်ရာများကြောင့် ဝမ်ပေါင်လဲ့မှာ အခက်‌တွေ့နေရပြီ ဖြစ်သည်။ အကယ်၍ တာအိုဘုန်းတော်ကြီးယိုရန်သာ သူ၏ နောက်တွင် ထက်ကြပ်မကွာ လိုက်လာခြင်းမရှိပါက သူသည် ယခုလောက် အခြေအနေ ဆိုးနေမည်မဟုတ်ပေ။ သို့သော် သူသည် နာရီဝက်ခန့်သာ ရှေ့သို့ ဆက်သွားရသေးပါသော်လည်း သူ၏နောက်တွင် ပေါက်ကွဲသံများ ထပ်၍ထွက်ပေါ်လာသည်ကို ကြားလိုက်ရပြန်သည်။

တာအိုဘုန်းတော်ကြီးယိုရန်မှာ သူ၏ အသက်စွမ်းအား အချို့အဝက်ကို အသုံးပြုကာ သူ၏ လမ်းတစ်လျှောက်၌ ပေါက်ကွဲနေသည့် အချုပ်အနှောင်များအား ဖြတ်ပြေးလာခဲ့ခြင်းဖြစ်ပေသည်။ သူသည် လျှပ်စီးတန်း တစ်ခုကဲ့သို့ အကြောက်အလန့်မရှိ ရှေ့သို့ ပြေးလာနေ၏။ သူ၏ စွမ်းအားများနှင့် ယှဉ်လိုက်မည်ဆိုပါက ဝမ်ပေါင်လဲ့မှာ သဲမှုန်လေးတစ်မှုန်စာလောက်သာ ရှိပေသည်။ အကယ်၍ တာအိုဘုန်းတော်ကြီးယိုရန်သာ သူ့အား ဝင်တိုက်သွားမည်ဆိုလျှင် သူသည် အစိတ်စိတ်အမြွှာမြွှာ ကြေမွပျက်စီးသွားမည်မှာ မလွဲဧကန်ပင်။

ဝမ်ပေါင်လဲ့မှာ အသက်အန္တရာယ်နှင့် နောက်ထပ်တစ်ကြိမ် ထပ်၍ကြုံလိုက်ရပြီဖြစ်ရာ နာကြည်းစွာ ရယ်မောမိလိုက်၏။ သို့သော် သူသည် မျှော်လင့်ချက်များ ပျက်သုဉ်းသွားခြင်း မရှိပေ။ ထို့အပြင် သူသည် နောက်သို့ ထွက်ပြေးဆုတ်ခွာမည့်ပုံလည်း မပေါ်ပေ။ သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးမှာ ပျက်စီးသွားပြီဖြစ်ပြီး မမလေးမှာလည်း သတိမေ့မြောနေသည့်ပုံ ပေါက်နေသည့်တိုင်အောင် ဝမ်ပေါင်လဲ့မှာ နောက်ဆုံး ဝှက်ထဲတစ်ချပ်အား ပိုင်ဆိုင်ထားဆဲပင်။

သူ ကြုံနေရသည့် ပြဿနာမှာ ထိုဝှက်ဖဲအား မည်ကဲ့သို့ ထုတ်သုံးရမှန်းမသိခြင်းပင် ဖြစ်ပေသည်။ သူ လိုဏ်ဂူကြီးထဲ၌ အသက်အန္တရာယ်နှင့် ကြုံခဲ့ရစဉ်တုန်းကပင်လျှင် ၎င်းမှာ ပေါ်ပေါက်လာခဲ့ခြင်းမရှိပေ။ သို့ဖြစ်ရာ ၎င်းအား အသုံးပြုနိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ ယခင်တုန်းကထက်ပင် ပို၍ကြီးမားသော အန္တရာယ်များနှင့် ရင်ဆိုင်ရန် ဖြစ်လောက်ပေသည်။

ပုံမှန်ဆိုလျှင် ဝမ်ပေါင်လဲ့မှာ ထိုသို့ အရဲစွန့်မည် မဟုတ်ပါသော်လည်း ယခုတွင်မူ သူသည် အချိန်မရွေး အသက်ပျောက်သွားနိုင်သည်ဖြစ်ရာ ကြောက်ရွံ့တုန်လှုပ်နေ၍ အကျိုးမရှိနိုင်ပေ။

ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးလိုက်ပြီးနောက် စိတ်ပိုင်းဖြတ်လိုက်တော့သည်။ တာအိုဘုန်းတော်ကြီးယိုရန် လျှပ်စီးတန်း တစ်ခုကဲ့သို့ ရုတ်ခြည်းဆိုသလို ပေါ်ပေါက်လာစဉ် ဝမ်ပေါင်လဲ့မှာ နောက်သို့လှည့်ကာ သူ့အား မျက်နှာမူလိုက်၏။ ထို့နောက် သူသည် လက်များဖြင့် မန္တန်လက်ကွက်များ ဖော်ကာ ၎င်းတို့အား သူ၏ ၀မ်းဗိုက်ပေါ်သို့ အားပါပါ ဖိချလိုက်ပြီးနောက် အော်ဟစ်လိုက်တော့သည်။

” ဝါးမျိုခြင်းသစ်စေ့ ”

ဝမ်ပေါင်လဲ့တစ်ယောက် သူ၏ ဝါးမျိုခြင်းသစ်စေ့၏ စွမ်းအားများအားလုံးကို ထုတ်လွှတ်နေစဉ် တာအိုဘုန်းတော်ကြီးယိုရန်မှာ သူ၏အနီးသို့ ရောက်ရှိလာ၏။ ထို့နောက် သူ၏ ညာဘက်လက်မှာ လေပေါ်သို့ မြောက်သွားပြီး အနက်ရောင် မြူခိုးများဖြင့် ဖွဲ့စည်းထားသည့် တောင်ထိပ်တစ်ခုအသွင် ပြောင်းလဲကာ ဝမ်ပေါင်လဲ့ဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာတော့သည်။

” သေပေတော့ ”

ထိုတိုက်ကွက်ကြီးမှာ အားကောင်းလွန်းလှသောကြောင့် ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ပင်လျှင် တုန်ရီသွားရ၏။ ၎င်းဆီမှ စွမ်းအင်လှိုင်းများ အဆက်မပြတ် ထွက်ပေါ်လာနေသောကြောင့် ဟင်းလင်းပြင်ကြီးမှာ တစ်စစီဆုတ်ပြဲသွားတော့မည့်ပုံစံ ပေါက်နေသည်။ သို့သော် ထိုတိုက်ကွက်ကြီး ဝမ်ပေါင်လဲ့အား ရိုက်ခတ်သွားခါနီးတွင် သူ၏ ခန္ဓာကိုယ်ထဲရှိ ဝါးမျိုခြင်းသစ်စေ့လေးမှာ အလွန်အင်မတန်မှ အားကောင်းသော စုပ်ယူအားများကို ထုတ်လွှတ်ကာ သူ့အား အာကာသတွင်းနက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားစေလိုက်၏။

ထိုအခါ ဝဲတစ်ခု ပေါ်ပေါက်လာကာ စတင်လည်ပတ်သွားသဖြင့် သူ့ဆီသို့ ဦးတည်လာနေသော တောင်ထိပ်ကြီးမှာ တဆတ်ဆတ် တုန်ရီသွားရ၏။ ထိုဝဲကြီးမှာ ၎င်းအား အစမှအဆုံးအထိ ဝါးမျိုပစ်တော့မည့်ပုံ ပေါက်နေတော့သည်။

၎င်းတို့၏ အရွယ်အစားများမှာ မတူညီကြသောကြောင့် ထိုမြင်ကွင်းကြီးမှာ မြွေတစ်ကောင်က ဆင်တစ်ကောင်အား ဝါးမျိုရန် ကြိုးစားနေသည့် မြင်ကွင်းတစ်ခုကဲ့သို့ ကျောချမ်းဖွယ်ရာ ကောင်းနေတော့သည်။

” မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ထူးဆန်းတဲ့အရာတစ်ခု ရှိနေတာ ငါ သတိထားမိတယ်။ မင်းက ငါ့ရဲ့ ဓမ္မစွမ်းအားတွေကို စုပ်ယူရဲတယ်ပေါ့။ ကောင်းပြီလေ။ ကြိုးစားကြည့်ပေါ့ကွာ ” တာအိုဘုန်းတော်ကြီးယိုရန်မှာ ရက်စက်ကြမ်းကြုတ်သော လေသံဖြင့် ကြိမ်းဝါးလိုက်၏။ ထို့နောက် သူသည် သူ၏ကျင့်ကြံခြင်း စွမ်းအားများကို ထုတ်သုံးလိုက်သဖြင့် ဝိညာဉ်စွမ်းအင်လှိုင်းများမှာ သူ၏ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်ပေါ်လာတော့သည်။

ထိုပေါက်ကွဲမှုကြီးကြောင့် ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး တုန်ရီသွားရ၏။ သူ၏ ဝါးမျိုခြင်းသစ်စေ့မှာမူ တောင်ထိပ်ကြီးထဲတွင် ကိန်းအောင်းနေသည့် ကြောက်မက်ဖွယ်ရာ စွမ်းအားများကို စုပ်ယူနိုင်ရန် မရပ်မနား လည်ပတ်နေပြီ ဖြစ်သည်။ ၎င်းမှာ ထိုစွမ်းအားများထဲမှ အများစုကို စုပ်ယူနိုင်ခဲ့ပါသော်လည်း အချို့အဝက်မှာ အပြင်ဘက်သို့ ပြန့်ထွက်လာပြီး ဝမ်ပေါင်လဲ့နှင့် ထိုနေရာတစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။

ထို့ကြောင့် သူ၏ ခန္ဓာကိုယ်ပေါ်တွင် အက်ကွဲကြောင်းများ စတင်ပေါ်ပေါက်လာပြီး သူ၏ အရိုးများမှာလည်း တစ်စစီ ကြေမွသွားကြပြီဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ အံကြိတ်ကာ ထို နာကျင်မှုဝေဒနာများကို ကြိတ်မှိတ်သည်းခံလိုက်၏။ သူ၏ ခန္ဓာကိုယ်ထဲမှ ဝါးမျိုခြင်းသစ်စေ့မှာမူ အဆက်မပြတ် စုပ်ယူနေဆဲဖြစ်သောကြောင့် အရွယ်အစား ပိုမိုကြီးမားလာနေ၏။ ထို့ကြောင့် သူသည် ခန္ဓာကိုယ်တစ်ခုလုံး တစ်စစီ ဆုတ်ပြဲသွားတော့မည့်အလား ခံစားနေရတော့သည်။ သူသည် ဝိညာဉ်ဆန့်ကျင်ဗုံးတစ်လုံးအား သူ၏ ခန္ဓာကိုယ်ခဲ၌ ထည့်ထားသကဲ့သို့ပင် ခံစားနေရ၏။

” စုပ်ယူစမ်းပါ။ မင်း သိပ်ကြိုက်တယ်မလား။ လုပ်စမ်းပါ။ စုပ်ယူလိုက်စမ်း ” တာအိုဘုန်းတော်ကြီးယိုရန်မှာ အကျည်းတန်ပြီး ရက်စက်ကြမ်းကြုတ်ကာ သွေးဆာနေသည့် မျက်နှာအမူအရာဖြင့် ကြိမ်းဝါးနေတော့သည်။

ဝမ်ပေါင်လဲ့မှာမူ ခန္ဓာကိုယ်တစ်ခုလုံး အချိန်မရွေး ပေါက်ကွဲပျက်စီးသွားကာ ဇီဝိန်ချုပ်သွားတော့မည့်အလား ခံစားနေရသဖြင့် မျက်နှာအမူအရာ ပျက်နေရပြီ ဖြစ်သည်။ ထိုခံစားချက်ကြီးမှာ တဖြည်းဖြည်းနှင့် ပို၍ အားကောင်းလာသဖြင့် သူ၏ အသွေးအသားများမှာ အခိုးအငွေ့များအဖြစ် ပြောင်းလဲသွားသကဲ့သို့ ခံစားနေရ၏။ အဖျက်စွမ်းအားများမှာ သူ၏ ခန္ဓာကိုယ်အား အဆက်မပြတ် ရိုက်ခတ်နေပြီး အရာအားလုံးကို တွန့်လိမ်ပုံပျောက်အောင်လုပ်ကာ သူ့အား လူ့လောကကြီးထဲမှ ဖျောက်ဖျက်ပစ်တော့မည် ဖြစ်သည်။ မမလေးပင်လျှင် ဝမ်ပေါင်လဲ့ ကြုံနေရသော အန္တရာယ်ကြီးကြောင့် လန့်နိုးလာရ၏။ ထို့နောက် သူမသည် ဖြစ်ကြောင်းကုန်စဉ်အား ရိပ်မိသွားသောအခါ သူ၏အသိစိတ်ထဲ၌ အော်ဟစ်မေးမြန်းလိုက်တော့သည်။

” ဝမ်ပေါင်လဲ့။ နင်ရူးသွားတာလား။ ဘာတွေလုပ်နေတာလဲဟ ”

” ဝါးမျိုခြင်းသစ်စေ့… ပေါက်ကွဲစေ ” ဝမ်ပေါင်လဲ့မှာ ရူးသွပ်နေခြင်း မဟုတ်ပေ။ သူသည် ထိုသို့အော်ဟစ်လိုက်ပြီးနောက် မမလေး၏ မျက်နှာဖုံးအား ဆွဲထုတ်ကာ သူ၏ လက်ကျန်စွမ်းအား အကုန်လုံးကို အသုံးပြု၍ ၎င်းအား အဝေးဆုံးသို့ရောက်အောင် ပစ်လွှတ်လိုက်တော့သည်။ သို့ဖြစ်ရာ မ‌မလေးမှာ ဝါးမျိုခြင်းသစ်စေ့၏ ပေါက်ကွဲမှုနှင့် ဝေးရာသို့ ရောက်ရှိသွား၏။ ထို့ကြောင့် သူ ဇီဝိန်ချုပ်သွားလျှင်တောင် မမလေးမှာ အသက်ရှင်နေဦးမည်ဖြစ်သည်။

မမလေးမှာ ထိတ်ထိတ်ပျာပျာ ဖြစ်နေပါသော်လည်း ဝမ်ပေါင်လဲ့အား တားဆီးနိုင်စွမ်း မရှိသောကြောင့် ငေးကြည့်နေရုံမှတစ်ပါး အခြား ဘာမှမတတ်နိုင်ခဲ့ပေ။ ဝမ်ပေါင်လဲ့ ထိုသို့အမိန့်ပေးလိုက်ချိန်တွင် သူ၏ ဝါးမျိုခြင်းသစ်စေ့မှာ မတည်မငြိမ်ဖြစ်သွား၏။ သူ၏ အစိမ်းရောင်ကြာပွင့်လေးမှာလည်း တစ်စစီ ကြေမွပျက်စီးကာ ဝါးမျိုခြင်းသစ်စေ့နှင့်အတူ ပေါက်ကွဲသွားတော့မည့်ပုံစံ ပေါက်နေတော့သည်။

တာအိုဘုန်းတော်ကြီးယိုရန်မှာလည်း ထို အခြင်းအရာများကို သတိထားမိသွားသည့် ပုံပင်။ ထို့ကြောင့် သူသည် မည်သည့်တိုက်ကွက်ကိုမဆို ခုခံတွန်းလှန်နိုင်ရန် သူ၏ ဝိညာဉ်စွမ်းအင်များကို အဆင်သင့်ပြင်ထားလိုက်၏။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့ သတ္တမအဆင့်အထိ သန့်စင်ခဲ့ပြီးနောက် ထိန်းချုပ်နိုင်စွမ်း မရှိတော့သော သူ၏ ဓားအိမ်လေးမှာ ရုတ်တရက်ဆိုသလို အပြင်းအထန် တုန်ရီသွားတော့သည်။ ၎င်းမှာ အသက်အန္တရာယ်ကြီးတစ်ခုနှင့် ရင်ဆိုင်နေရသည်ကို အာရုံခံမိသွားသည့် ပုံပင်။ ထို့ကြောင့် ၎င်းမှာ တဆတ်ဆတ် တုန်ရီနေရင်း အနက်ရောင် အမျှင်အတန်းတစ်ခုကို ထုတ်လွှတ်လိုက်၏။

၎င်းမှာ ဝမ်ပေါင်လဲ့ ကျယ်ပြန့်တာအိုနန်းတော် ပင်မဂြိုဟ်ပေါ်၌ သူ၏ ဓားအိမ်လေးအား သန့်စင်ခဲ့စဉ်တုန်းက ထိုဓားအိမ်‌ထဲ၌ ထည့်သွင်းပိတ်လှောင်ထားခဲ့သည့် ရာပေါင်းများစွာသော အချုပ်အနှောင် အမျှင်အတန်းများထဲမှ တစ်ခု ဖြစ်ပေသည်။

၎င်းမှာ ဝမ်ပေါင်လဲ့၏ ဝါးမျိုခြင်းသစ်စေ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားလိုက်ပြီးနောက် ထိုဝါးမျိုခြင်းသစ်စေ့ထဲ၌ ကိန်းအောင်းနေသည့် အဖျက်စွမ်းအားများကို စုပ်ယူကာ ဝါးမျိုပစ်လိုက်တော့သည်။ ထိုအခါ ထိုအနက်ရောင် အမျှင်အတန်းလေးမှာ လင်းလက်တောက်ပလာ၏။ ထို့နောက် ၎င်းမှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ ထိုးထွက်လာပြီး သူနှင့် တာအိုဘုန်းတော်ကြီးယိုရန်တို့၏ ကြားတွင် ပေါ်ပေါက်လာတော့သည်။

ထိုအဖြစ်အပျက်များမှာ မြန်ဆန်လွန်းနေ၏။ တာအိုဘုန်းတော်ကြီးယိုရန်မှာ မကြာသေးမီတုန်းကပင် အသာစီးရနေခဲ့ပါသော်လည်း ထို အနက်ရောင် အမျှင်အတန်းလေး ပေါ်ပေါက်လာသောအခါ ၎င်းထဲ၌ ကိန်းအောင်းနေသည့် ဝိညာဉ်စွမ်းအင်များကို အာရုံခံမိလိုက်သောကြောင့် တုန်လှုပ်ချောက်ချားသွားရ၏။ ထို့နောက် သူသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ တည်နေရာပြောင်းရွှေ့ကာ နောက်သို့ ချက်ချင်းဆုတ်ခွာသွားတော့သည်။

သို့သော် နောက်ကျသွားပြီဖြစ်သည်… ဝမ်ပေါင်လဲ့မှာ သွေးတစ်ပွက် အန်ထွက်လာပြီးနောက် သူ၏ ဓားအိမ်လေးထဲမှ စွမ်းအားများထွက်ပေါ်လာသည်ကို အာရုံခံမိလိုက်သည်။ ထို့ကြောင့် သူသည် အသက်ရှူသံများ လေးလံလာပြီး သူ၏ညာဘက်လက်အား ကြိုးစား၍ မြှောက်လိုက်၏။ ထို့နောက် သူသည် အဝေးသို့ထွက်ပြေးသွားနေသော တာအိုဘုန်းတော်ကြီးယိုရန်အား လှမ်းကြည့်ကာ အော်ဟစ်လိုက်တော့သည်။

” သတ်ပစ် ”

ထိုအခါ ဓားကိုယ်ထည်ပိုင်းထဲရှိ ကောင်းကင်ယံကြီးမှာ တုန်ရီသွားပြီး အချုပ်အနှောင် မြောက်မြားစွာမှာ ပေါက်ကွဲပျက်စီးသွားကြတော့သည်။ ထို့နောက် ရှေးဟောင်းဓားကြီးတစ်ခုလုံး သိမ့်သိမ့်တုန်သွား၏။ အနက်ရောင် အမျှင်အတန်းလေးမှာ အရာအားလုံးကို ဖြတ်တောက်ဖြစ်နိုင်စွမ်းရှိသော ဓားတစ်လက်ကဲ့သို့‌ ရှေ့သို့ ထိုးထွက်လာပြီး ၎င်း၏ လမ်းတစ်လျှောက်ရှိ အတားအဆီး အားလုံးကို အခက်အခဲမရှိ ကျော်ဖြတ်လာပြီ ဖြစ်သည်။ ထို့ကြောင့် အဝေးသို့ ထွက်ပြေးသွားနေသည့် တာအိုဘုန်းတော်ကြီးယိုရန်မှာ တုန်လှုပ်ချောက်ချားသွားရတော့သည်။ သို့သော် ခဏအကြာတွင် သူသည် ရုတ်တရက်ဆိုသလို အမူအရာများ ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်မှာလည်း တစ်စက္ကန့်မျှ ရပ်တန့်သွား၏။

အဖြစ်အပျက်အားလုံးမှာ မြန်ဆန်လွန်းနေသောကြောင့် သူ ထိုကဲ့သို့ ရပ်တန့်သွားသည်ကို ဝမ်ပေါင်လဲ့နှင့် မမလေး အပါအဝင် မည်သူကမှ သတိမထားမိလိုက်ပေ။ ထိုအချိန်တွင် အနက်ရောင် အမျှင်အတန်းလေးမှာ လျှပ်စီးတန်းတစ်ခုကဲ့သို့ ကျဆင်းလာပြီး တာအိုဘုန်းတော်ကြီးယိုရန်၏ ခန္ဓာကိုယ်အား ဖြတ်သန်းသွား၏။

ထိုအခါ သွေးပျက်ချောက်ချားဖွယ်ရာ အော်သံကြီးတစ်သံ ထွက်ပေါ်လာပြီး အရာအားလုံးမှာ တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။ တာအိုဘုန်းတော်ကြီးယိုရန်၏ ခန္ဓာကိုယ်မှာ နှစ်ပိုင်းပြတ်သွားပြီး သွေးများပန်းထွက်လာ၏။ ဝမ်ပေါင်လဲ့မှာလည်း နောက်ထပ်သွေးတစ်ပွက် အန်ထွက်လာပြီးနောက် အားအင်ကုန်ခန်းသွားသဖြင့် မေ့လဲသွားတော့သည်။

ထိုအချိန်တွင် မမလေးမှာ ဖြူဖပ်ဖြူရော်ဖြစ်နေသည့် မျက်နှာဖြင့် ပေါ်ပေါက်လာ၏။ သူမ၏ မှုန်ဝါးဝါး ဖြစ်နေသော ခန္ဓာကိုယ်လေးမှာ ဝမ်ပေါင်လဲ့အား ချက်ချင်း လှမ်း၍ ပွေ့ဖက်လိုက်၏။ သူမသည် ဝမ်ပေါင်လဲ့အတွက် စိတ်မကောင်းဖြစ်နေသည့် ပုံပေါက်နေပါသော်လည်း စိတ်အေးသွားသည့်ပုံလည်း ပေါက်နေသည်။ ထို့နောက် သူမသည် နောက်သို့လှည့်ကာ နှစ်ပိုင်းပြတ်သွားသည့် တာအိုဘုန်းတော်ကြီးယိုရန်အား လှမ်းကြည့်လိုက်သောအခါ သူ၏ ဒဏ်ရာများ၌ မှိတ်တုတ်မှိတ်တုတ်‌ တောက်ပနေသော ကြယ်အလင်းရောင်လေးအား မြင်လိုက်ရ၏။ ထိုအခါ သူမသည် အံ့ဩတုန်လှုပ်သွားရပြီး ချက်ချင်းဆိုသလိုပင် မျက်နှာအမူအရာ ပြောင်းလဲသွားတော့သည်။

” ကြယ်သန္ဓေတာအိုပါလား ”

မမလေးမှာ တစ်ကိုယ်လုံး တုန်ရီသွားရပြီး မျက်ဝန်းများထဲ၌ အံ့ဩတုန်လှုပ်မှု အရိပ်အယောင်များနှင့် ပြည့်နှက်နေပြီဖြစ်သည်။ ထို့နောက် သူမသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ဝမ်ပေါင်လဲ့အား ပွေ့ချီကာ အဝေးသို့ သယ်ဆောင်သွားလိုက်တော့သည်။ သူမသည် ဓားရိုးပိုင်းထဲရှိ ကျယ်ပြန့်တာအိုနန်းတော်ဆီသို့ သွားနေခြင်းမဟုတ်ဘဲ ဝမ်ပေါင်လဲ့ သွားရန် ကြံရွယ်ထားခဲ့သည့် ထာဝရစင်မြင့်ရှိရာသို့ ဦးတည်သွားနေခြင်း ဖြစ်သည်။

Comment

Leave a Reply

Options

not work with dark mode
Reset