ဝမ်ပေါင်လဲ့၏ ဒဏ်ရာများမှာ တဖြည်းဖြည်းနှင့် ပို၍ ဆိုးရွားလာနေသည့်တိုင်အောင် သူသည် ဓားကိုယ်ထည်ပိုင်းထဲတွင် ဒယိမ်းဒယိုင်နှင့် ပြေးလွှားနေဆဲပင်။ သူသည် ရှိသမျှအစွမ်း အကုန်ထုတ်သုံးကာ မရပ်မနားပြေးလွှားနေ၏။
သို့သော် သူသည် သူ တည်နေရာပြောင်းရွှေ့ခံလိုက်ရသည့် နေရာ၌ ရုပ်သေးရုပ်တစ်ရုပ် အရင်ဆုံး ချန်ရစ်ထားခဲ့၏။ ထိုသို့ ချန်ရစ်ထားခဲ့ပြီးမှသာ သူသည် နောက်သို့လှည့်မကြည့်ဘဲ ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။
ကံကောင်းစွာဖြင့် သူသည် ဓားကိုယ်ထည်ပိုင်းထဲ၌ တစ်ခဏမျှ ပြေးလွှားနေလိုက်ပြီးနောက် သူ ရင်းရင်းနှီးနှီး သိနေသော နေရာတစ်ခုသို့ ရောက်ရှိလာ၏။ ထို့ကြောင့် သူသည် မည်သည့်နေရာသို့ ရောက်နေမှန်း အတိအကျ သိသွားတော့သည်။
” ငါက ဓားရိုးပိုင်းနဲ့ အဝေးကြီးမှာပါလား… ” မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်နေသည့် ဝမ်ပေါင်လဲ့မှာ သူရောက်နေသည့်နေရာကို သိလိုက်ရသောအခါ စိတ်ဓာတ်များ ကျသွားရတော့သည်။
သူ့ဆီတွင် ရွေးချယ်စရာနှစ်ခုသာ ရှိတော့ကြောင်း သူက သိထား၏။ သူသည် သူ၏ နဂိုမူလ အစဉ်အတိုင်း ဓားရိုးပိုင်းထဲသို့ ရောက်အောင်သွားပြီးလျှင် ကျယ်ပြန့်တာအိုနန်းတော်ဆီသို့ ပြန်ကာ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်အား အသုံးပြု၍ ရှေ့ဟောင်းဓားကြီးပေါ်မှ ထွက်ခွာပြီး ပြည်ထောင်စုကြီးဆီသို့ ပြန်သွားနိုင်ပေသည်။ သို့မဟုတ် သူသည် ဓားကိုယ်ထည်ပိုင်း၏ အတွင်းပိုင်းထဲသို့ ဆက်သွားနိုင်ပေသည်။
ပထမနည်းလမ်းမှာ ပိုမိုကောင်းမွန်ပြီး သူ ရွေးချယ်ချင်သည့် နည်းလမ်းဖြစ်ပေသည်။ သို့သော် ၎င်းမှာ အပေါ်ယံတွင် ရိုးရှင်းကာ သူ၏ပြဿနာအားလုံးကို ဖြေရှင်းနိုင်မည့်ပုံ ပေါက်နေပါသော်လည်း သူ မျှော်လင့်မထားသော အခြေအနေများ ပေါ်ပေါက်လာနိုင်ပေသည်။
” တကယ်လို့ တာအိုဘုန်းတော််ကြီးယိုရန်သာ အသက်ရှင်နေပြီးတော့ ငါ့နောက်ကို လိုက်လာမယ်ဆိုရင် ငါ ဓားရိုးပိုင်းထဲအထိ ထွက်ပြေးနိုင်ရင်တောင် သူ့ရဲ့လက်ကနေ လွတ်မှာမဟုတ်ဘူး… ”
” အဲတာဆိုရင် ငါက သူ အသက်ရှိမရှိကို လောင်းကြေးထပ်သလို ဖြစ်နေမှာ … ” ဝမ်ပေါင်လဲ့မှာ နှုတ်ဆိတ်သွားရ၏။ သို့သော် သူသည် တစ်ခဏမျှသာ တွေဝေနေလိုက်ပြီးနောက် မျက်ဝန်းများထဲ၌ စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များ တောက်ပလာတော့သည်။ ထို့နောက် သူသည် နောက်သို့လှည့်ကာ ဓားရိုးပိုင်းဆီသို့ မဟုတ်ဘဲ ဓားကိုယ်ထည်ပိုင်းထဲသို့ ပြေးဝင်သွားလိုက်တော့သည်။
သူ ပြေးလွှားနေရင်း သူ၏ ခန္ဓာကိုယ်ထဲမှ သွေးများမှာ ဆူပွက်လာ၏။ ကံကောင်းစွာဖြင့် သူသည် တောင့်တင်းခိုင်မာသော အပြင်ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ထားသည့်အပြင် သူ၏ အစိမ်းရောင်ကြာပွင့်လေးမှာလည်း သူ၏ ဒဏ်ရာများကို ကုသပေးနေသည် မဟုတ်ပါလော။ ထို့ကြောင့် သူ၏ အမြန်နှုန်းမှာ လျော့ကျသွားခြင်းမရှိပေ။
မည်သို့ပင်ဆိုစေကာမူ သူသည် ပါးစပ်ထဲသို့ ခန္ဓာကိုယ် အတွင်းပိုင်းထဲမှ သွေးများ ပျို့တက်လာသည်ကို တားဆီးနိုင်စွမ်းမရှိပေ။ ထို့ကြောင့် သူသည် တစ်ခဏမျှ ပျံသန်းနေလိုက်ပြီးနောက် ပါးစပ်ထဲမှ သွေးတစ်ပွက် အန်ထွက်လာရတော့သည်။
ထိုသွေးများထဲတွင် အသားစလေးများပင် ပါနေ၏။ သူသည် ထိုအသားစများ မည်သည့်နေရာမှ ထွက်လာသည်ကို မသိပါသော်လည်း ထိုသို့ အန်ထုတ်လိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်ထဲရှိ ပွက်ပွက်ဆူနေသည့် ခံစားချက်ကြီးမှာ သိသိသာသာ လျော့ကျသွားသည်ကို သိလိုက်ရသည်။ သို့သော် ခဏအကြာတွင်မူ သူသည် ရီဝေဝေ ဖြစ်လာပြီး ခန္ဓာကိုယ်ထဲ၌ တဆစ်ဆစ် နာကျင်ကိုက်ခဲလာတော့သည်။
” အတွင်းကလီစာတွေ ထိသွားတာဖြစ်မှာ… ” ဝမ်ပေါင်လဲ့မှာ မျက်စိမျက်နှာ ပျက်နေရပြီဖြစ်သည်။ ထို့နောက် သူသည် သူ၏ ဝိညာဉ်အာရုံခံနိုင်စွမ်းအား သူ၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်း၍ အကဲခတ်ကြည့်လိုက်သောအခါ ထိုအသားစများမှာ သူ၏ အတွင်းကလီစာများ ဖြစ်နိုင်ကြောင်း သိလိုက်ရ၏။
ယခုတွင် သူသည် ၎င်းတို့အား အန်ထုတ်လိုက်သည်ဖြစ်ရာ သူ၏ ခန္ဓာကိုယ်ကြီးမှာ ဟောင်းလောင်းပေါက်ကြီး တစ်ခုကဲ့သို့ ဖြစ်သွားတော့သည်။ ထို့ကြောင့် သူသည် မောပန်းနွမ်းနယ်ကာ တစ်ကိုယ်လုံး နုံးချည့်သွားရ၏။ သူ၏ အမြင်အာရုံများမှာလည်း ဝေဝါးစပြုလာပြီ ဖြစ်သည်။
” ငါ ရပ်လိုက်လို့မဖြစ်ဘူး။ ကံကိုယုံပြီး ဆူးပုံနင်းရင် ဒုက္ခရောက်လိမ့်မယ် ” ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူကာ အံကြိတ်လိုက်ပြီးနောက် ဆက်၍ ပြေးလွှားနေလိုက်တော့သည်။ သူသည် လိုက်ဖမ်းခံရမည် စိုးသောကြောင့် ဓားကိုယ်ထည်ပိုင်း၏ အတွင်းပိုင်းထဲသို့ ဝင်သွားရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။ သူသည် လောင်းကြေးမထပ်နိုင်ခြင်း မဟုတ်ဘဲ ထိုကဲ့သို့ အရဲစွန့်ရန် ဝန်လေးနေရခြင်း ဖြစ်ပေသည်။
အကယ်၍ သူသည် ထိုသို့လောင်းကြေးထပ်ကာ ရှုံးနိမ့်သွားမည်ဆိုပါက အခြားရွေးချယ်စရာ ရှိတော့မည်မဟုတ်ပေ။ သို့သော် ဓားကိုယ်ထည်ပိုင်းထဲသို့ ဝင်သွားလျှင်မူ အန္တရာယ်များနှင့် ကြုံတွေ့ရနိုင်ခြေမှာ ပိုများပါသော်လည်း အသက်ရှင်နိုင်ခြေလည်း ပိုများပေသည်။
ဓားကိုယ်ထည်ပိုင်းထဲမှ အချုပ်အနှောင်များမှာ သူ့အပေါ် အကျိုးသက်ရောက်မှု မရှိပါသော်လည်း အခြားသူများအတွက်မူ အနှောင့်အယှက် အတားအဆီးများကဲ့သို့ ဖြစ်နေသည်မဟုတ်ပါလော။
သို့သော်ငြားလည်း တာအိုဘုန်းတော််ကြီးယိုရန်မှာ အလွန်အင်မတန်မှ အစွမ်းထက်ပြီး ဝှက်ဖဲများစွာ ပိုင်ဆိုင်ထားသည်ဖြစ်ကြောင်း ဝမ်ပေါင်လဲ့က သိထားပြီးသား ဖြစ်သည်။ သို့ဖြစ်ရာ တာအိုဘုန်းတော််ကြီးယိုရန် သူ၏ နောက်သို့ လိုက်လာမည်ဆိုပါက ဝမ်ပေါင်လဲ့မှာ ထိုအချုပ်အနှောင်များကိုသာ အားကိုးနေ၍ မဖြစ်ပေ။
” ငါသူနဲ့ တတ်နိုင်သမျှ အဝေးဆုံးကို ရောက်အောင် သွားရမယ်။ အဲတာမှ ဓားကိုယ်ထည်ပိုင်းရဲ့ အတွင်းပိုင်းထဲအထိ ဆက်သွားနိုင်ဖို့ အချိန်ပိုရမှာ။ အဲဒီအချိန်ကျရင် တာအိုဘုန်းတော််ကြီးယိုရန် ငါ့ကိုလိုက်ဖမ်းဖို့ အခက်တွေ့သွားလောက်မှာ သေချာတယ်။ ဒါပေမဲ့ အဲလိုလုပ်နိုင်ဖို့က လွယ်တော့လွယ်မှာမဟုတ်ဘူး… ” ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အရောင်လက်သွားပြီး တစ်ခေါင်းလုံး ထူပူသွားအောင် စဉ်းစားတွေးတောနေတော့သည်။ သူသည် သူ၏ စိတ်ထဲ၌ မှတ်မိနေသည့် လမ်းအတိုင်း ရှေ့သို့ ဆက်လက်ပြေးလွှားနေ၏။
” ဘာပဲဖြစ်ဖြစ် နောက်ဆုံးကျရင်တော့ နောက်ထပ် တာဝေး တည်နေရာပြောင်းရွှေ့မှုတစ်ခုကို လုပ်ဖို့ လိုအပ်တယ် ”
” ပတ်ဝန်းကျင်အခြေအနေ ပြောင်းလဲသွားမှုတွေကြောင့် ပေါ်လာတဲ့ တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်တွေကို အသုံးပြုလို့ရသလို…. ထာဝရစင်မြင့်ကိုလည်း အသုံးပြုလို့ရတယ် ” ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲ၌ စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များကို အထင်းသားမြင်နိုင်ပေသည်။ ယခု သူ ဦးတည်သွားနေသည့် နေရာတွင် ထာဝရစင်မြင့်တစ်ခု ရှိနေသည်ကို သူက မှတ်မိသွား၏။
သူ၏ ရေရှည်အစီအစဉ်မှာ ထို ထာဝရစင်မြင့်ဆီသို့ သွားကာ တာအိုဘုန်းတော််ကြီးယိုရန် သူ့အား ဆက်၍ လိုက်မဖမ်းနိုင်တော့အောင် ၎င်းအားအသုံးပြု၍ တည်နေရာပြောင်းရွှေ့ရန်ဖြစ်သည်။ သူ၏ ရေတိုအစီအစဉ်မှာမူ တည်နေရာပြောင်းရွှေ့နေဆဲဖြစ်သည့် နယ်မြေများကို လိုက်လံရှာဖွေကာ ၎င်းတို့အား အသုံးပြု၍ အဝေးသို့ တည်နေရာပြောင်းရွှေ့နိုင်ရန် ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ သူစဉ်းစားမိသမျှ ဖြစ်နိုင်ခြေများအားလုံးကို တွေးတောသုံးသပ်ကာ ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် နောက်ထပ် ဆေးလုံးတစ်လုံး သောက်သုံးကာ ဆက်လက်ပြေးလွှားနေလိုက်တော့သည်။ ထိုအချိန်တွင် စစ်သင်္ဘောကြီးအပြင်ဘက်ရှိ ဝမ်ပေါင်လဲ့ ပြန်လည်ပေါ်ပေါက်လာခဲ့သည့် နေရာတွင် ထစ်ချုံးသံကြီးတစ်သံ ထွက်ပေါ်လာပြီး တာအိုဘုန်းတော််ကြီးယိုရန် ပေါ်ပေါက်လာ၏။
ဝမ်ပေါင်လဲ့ ချန်ရစ်ထားခဲ့သည့် ရုပ်သေးရုပ်လေးမှာ သူ၏ ပေါ်ပေါက်လာမှုကို ချက်ချင်းအာရုံခံမိလိုက်၏။ ထို့နောက် ၎င်းမှာ ချက်ချင်းပင် ပေါက်ကွဲသွားတော့သည်။ တာအိုဘုန်းတော််ကြီးယိုရန်မှာ ထို ပေါက်ကွဲမှုအား အချိန်မီ မတားဆီးနိုင်ခဲ့ပေ။ ခဏအကြာတွင် သူသည် ထိုရုပ်သေးရုပ်လေး၏ အနီးသို့ သွားကာ တစ်စစီ ကြေမွပျက်စီးနေသည့် အစိတ်အပိုင်းများကိုကြည့်ရင်း မျက်စိမျက်နှာ ပျက်သွားရ၏။
” ဒီဝမ်ပေါင်လဲ့ဆိုတဲ့ကောင်က တော်တော်ကို ယုတ်မာရက်စက်၊ စေ့စပ်တိကျပြီး ဆုံးဖြတ်ချက်ပြတ်သားတဲ့အပြင် ဝှက်ဖဲတွေ အများကြီးကိုပါ ပိုင်ဆိုင်ထားတာပဲ… ငါ သူ့ကို လျှော့တွက်မိခဲ့တာပါလား ” တာအိုဘုန်းတော််ကြီးယိုရန်၏ မျက်ဝန်းထဲမှ သတ်ဖြတ်လိုစိတ်များမှာ ပို၍ပင် အားကောင်းလာရတော့သည်။ သူသည် မန္တန်လက်ကွက်များ ဖော်လိုက်ပြီးနောက် မန္တန်တစ်ခု ထုတ်သုံးကာ ဝမ်ပေါင်လဲ့ ရှိနေသည့်နေရာအား ရှာဖွေလိုက်၏။ ထို့နောက် သူသည် သူ၏နောက်သို့ ချက်ချင်း ပြေးလိုက်သွားတော့သည်။ ယခုအကြိမ်တွင်မူ သူသည် ဝမ်ပေါင်လဲ့ မသေမချင်း ရပ်တန့်မည်မဟုတ်ဟု သန္နိဋ္ဌာန် ချထားပြီး ဖြစ်သည်။
တာအိုဘုန်းတော််ကြီးယိုရန် ဝမ်ပေါင်လဲ့အား ရှာတွေ့သွားပြီးနောက် နောက်မှ ပြေးလိုက်သွားချိန်တွင် သူနှင့် ခပ်လှမ်းလှမ်း အဝေးတစ်နေရာရှိ ဝမ်ပေါင်လဲ့မှာ ရှေ့သို့ပြေးလွှားနေရင်း မျက်နှာအမူအရာများ ပြောင်းလဲသွား၏။ သူသည် ရုပ်သေးရုပ်တစ်ရုပ်အား အစောင့်အဖြစ် ချန်ရစ်ထားခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် တာအိုဘုန်းတော််ကြီးယိုရန် သူ တည်နေရာပြောင်းရွှေ့သွားရာမှ ကျန်ရစ်ခဲ့သည့် အငွေ့အသက်များကို ခြေရာခံကာ သူ၏နောက်သို့ လိုက်လာမည်ဆိုပါက ဝမ်ပေါင်လဲ့မှာ ချက်ချင်းသိရှိသွားမည်သာ ဖြစ်သည်။ သို့သော် သူသည် ထိုအခြေအနေအတွက် ပြင်ဆင်ထားပြီးသားဖြစ်၏။ ထို့ကြောင့်လည်း သူသည် တာအိုဘုန်းတော််ကြီးယိုရန်အား အာရုံခံမိလိုက်သည်နှင့် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ထပ်၍ အရှိန်မြှင့်တင်လိုက်ခြင်း ဖြစ်ပေသည်။
သူသည် အမြန်ဆုံးနည်းဖြင့် ပြေးလွှားနေပြီ ဖြစ်ပါသော်လည်း စိုးထိတ်နေ၍ မဖြစ်ပေ။ ထို့ကြောင့် သူသည် သူ၏ ဒဏ်ရာများ ပို၍ဆိုးလာနိုင်သည့် အချက်ကို လျစ်လျူရှုလိုက်ပြီး သူ၏ ထာဝရလျှပ်စီး အသွင်ပြောင်းပညာရပ်ကိုပါ ထုတ်သုံးလိုက်တော့သည်။ ထိုအခါ သူသည် လျှပ်စီးတန်းတစ်ခုအဖြစ် ပြောင်းလဲသွား၏။ သူသည် အနီးတစ်ဝိုက်တွင် ရှိနေနိုင်သည့် တည်နေရာပြောင်းရွှေ့နေသော နယ်မြေများကို ရှာဖွေနေခြင်းမရှိတော့ဘဲ ထာဝရစင်မြင့်ဆီသို့ ရောက်ရှိနိုင်ရန်ကိုသာ အာရုံအပြည့် စိုက်ထားလိုက်တော့သည်။
လက်ရှိတွင် အချိန်မှာ အသက်တမျှ အရေးကြီးနေပြီဖြစ်ရာ အာရုံများထွေပြားနေ၍ မဖြစ်ပေ။ ထို့ကြောင့် သူသည် အမြန်ဆုံးနည်းဖြင့် ပြေးလွှားနေရင်း အချုပ်အနှောင်များအား တစ်ခုပြီးတစ်ခု ဖြတ်ကျော်သွားနေတော့သည်။
ထိုအချုပ်အနှောင်များမှာ ဝမ်ပေါင်လဲ့ ၎င်းတို့၏ အနီးသို့ ရောက်လာသည်နှင့် အစွမ်းများပျောက်သွားကြ၏။ သူ ၎င်းတို့အား ကျော်ဖြတ်ပြီးသွားသောအခါမှသာ ၎င်းတို့မှာ ပြန်၍ အသက်ဝင်လာကြသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အတားအဆီးမရှိ ရှေ့သို့ ဆက်လက် ပြေးလွှားနိုင်စွမ်းရှိနေတော့သည်။
တာအိုဘုန်းတော််ကြီးယိုရန်မှာမူ အစွမ်းထက်သော ကျင့်ကြံခြင်းစွမ်းအားများကို ပိုင်ဆိုင်ထားသောကြောင့် ထို အချုပ်အနှောင်များအား အတင်းအဓမ္မ ဖြတ်ကျော်နိုင်စွမ်းရှိနေ၏။ ထို အချုပ်အနှောင်များ သူ၏ ပတ်ပတ်လည်၌ ပေါက်ကွဲသွားကြလျှင်တောင် ၎င်းတို့၏ ပြင်းအားမှာ စာမဖွဲ့လောက်ပေ။ သို့သော် ၎င်းတို့၏ အရေအတွက်မှာ အလွန်အင်မတန်မှ များပြားလွန်းနေသောကြောင့် သူသည် အနည်းငယ်ခန့် နှောင့်နှေးကြန့်ကြာသွားရဆဲပင်။ ထို့ကြောင့် ပုံမှန်တွင် သူသည် ဝမ်ပေါင်လဲ့ထက် သိသိသာသာပို၍ မြန်ဆန်နေရမည် ဖြစ်ပါသော်လည်း ယခုတွင်မူ သူ၏အမြန်နှုန်းမှာ အနည်းငယ်ခန့် လျော့ကျသွားရ၏။
ထို့အပြင် ဓားကိုယ်ထည်ပိုင်းထဲတွင် ရှုပ်ထွေးပွေလီသော ဥပဒေသများ ရှိနေသောကြောင့် တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်များမှာ တိကျမှုမရှိပေ။ ထို့ကြောင့် တာအိုဘုန်းတော််ကြီးယိုရန်မှာ သူ၏မန္တန်များကိုသာ အားကိုး၍ လိုက်လံဖမ်းဆီးနေရသည်ဖြစ်ရာ ဝမ်ပေါင်လဲ့အား ချက်ချင်းလိုက်မီသွားခြင်းမရှိဘဲ ဖြစ်နေ၏။
တာအိုဘုန်းတော််ကြီးယိုရန်မှာ သဲကြီးမဲကြီး လိုက်လံ ဖမ်းဆီးနေသောကြောင့် သူနှင့် ဝမ်ပေါင်လဲ့တို့၏ ကြားမှ အကွာအဝေးမှာ တဖြည်းဖြည်းနှင့် လျော့နည်းလာနေပြီဖြစ်သည်။ နောက်ဆုံးတွင် သူသည် ဝမ်ပေါင်လဲ့အား ခပ်လှမ်းလှမ်း၌ လှမ်းမြင်လိုက်ရသဖြင့် အံကြိတ်လိုက်ပြီး အချုပ်အနှောင်များကို ကျော်ဖြတ်မနေတော့ဘဲ သူ့ဆီသို့ တည်နေရာပြောင်းရွှေ့လိုက်ရန် ဆုံးဖြတ်လိုက်တော့သည်။
ခဏအကြာတွင် သူသည် ပျောက်ကွယ်သွားပြီး ဝမ်ပေါင်လဲ့၏နောက် ပေတစ်ရာအကွာတွင် ပြန်လည်ပေါ်ပေါက်လာ၏။ သို့သော် သူသည် ထို့သို့ ပေါ်ပေါက်လာပြီးနောက် မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်သွားရတော့သည်။ ထို့နောက် သူသည် သူ၏လက်အား ဝှေ့ယမ်းကာ ဝမ်ပေါင်လဲ့အား လှမ်း၍ ဖမ်းဆုပ်ရန် ကြိုးစားနေရာမှ နောက်သို့ ချက်ချင်းပြန်လည်ဆုတ်ခွာသွား၏။
ခဏအကြာတွင် သူ ရပ်နေခဲ့သည့်နေရာရှိ ဟင်းလင်းပြင်ကြီးမှာ ချက်ချင်းဆိုသလိုပင် ကြေမွပျက်စီးသွား၏။ ထို့နောက် အက်ကွဲကြောင်းမြောက်မြားစွာ ပေါ်ပေါက်လာပြီးနောက် မည်သည့်အရာကိုမဆို တစ်စစီ ဆုတ်ဖြဲပစ်တော့မည့်ပုံစံ ပေါက်နေတော့သည်။ တာအိုဘုန်းတော််ကြီးယိုရန်မှာ အစွမ်းထက်ကျင့်ကြံသူတစ်ယောက် ဖြစ်သည့်တိုင်အောင် ထိုမြင်ကွင်းကြောင့် မှင်တက်သွားရဆဲပင်။
ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ သူ၏ညာဘက်လက်ကိုမြှောက်ကာ ဝှေ့ယမ်းလိုက်ပြီးနောက် ဓမ္မလက်နက်တစ်ခုကို ထုတ်လွှတ်လိုက်၏။ ထိုအခါ ၎င်းမှာ သူ၏ နောက်ကျောဘက်၌ ပေါက်ကွဲသွားတော့သည်။ ထိုပေါက်ကွဲမှုမှ ထွက်ပေါ်လာသည့် တုန်ခါမှုလှိုင်းများမှာ တာအိုဘုန်းတော််ကြီးယိုရန်၏ လက်နှင့် ရိုက်ခတ်မိသွား၏။ ဝမ်ပေါင်လဲ့မှာမူ ပါးစပ်ထဲမှ သွေးတစ်ပွက် အန်ထွက်လာရပြန်သည်။ တာအိုဘုန်းတော််ကြီးယိုရန်မှာ လျှပ်တစ်ပြက် တိုက်ခိုက်ခဲ့သည်ဖြစ်ပြီး သူသည် ထိုတိုက်ကွက်အား အောင်မြင်စွာ ခုခံနိုင်ခဲ့ပါသော်လည်း တန်ပြန်အားများကြောင့် သူ၏ဒဏ်ရာများမှာ ပို၍ ဆိုးရွားသွားရဆဲပင်။
သို့သော် ဝမ်ပေါင်လဲ့မှာ အရှိန်လျော့ကျသွားခြင်း မရှိသည့်အပြင် အရှိန်မြှင့်တင်ကာ မန္တန်လက်ကွက်များဖော်ရင်း ရှေ့သို့ ဆက်လက် ပြေးထွက်သွားပြန်သည်။ ထို့နောက် လျှပ်စစ်ဓာတ်များကိန်းအောင်းနေသည့် စက်လုံးမြောက်မြားစွာ ပေါ်ပေါက်လာ၏။ သူသည် ထိုစက်လုံးများကို သူ ကျော်ဖြတ်သွားသည့် အချုပ်အနှောင်နယ်မြေများထဲသို့ ပစ်လွှတ်ကာ ဖောက်ခွဲပစ်လိုက်သောကြောင့် သူ၏နောက်တွင် ကျန်ရစ်ခဲ့သည့် အချုပ်အနှောင်များမှာ ဆက်တိုက်ဆိုသလို ပေါက်ကွဲသွားကြတော့သည်။ သူသည် တာအိုဘုန်းတော််ကြီးယိုရန်၏ လမ်းကြောင်းအား နှောင့်ယှက်နိုင်ရန်နှင့် ထိုနေရာကြီးတစ်ခုလုံးအား ပို၍ ဖရိုဖရဲ ဖြစ်သွားအောင် လုပ်ရန် ကြံရွယ်နေခြင်းဖြစ်သည်။
ဓားကိုယ်ထည်ပိုင်းမှာ နဂိုကတည်းက ပေါက်ကွဲတော့မည့်ဆဲဆဲ ဖြစ်နေသည့် မီတောင်ကြီးတစ်ခုကဲ့သို့ ဖရိုဖရဲ ဖြစ်နေသည် မဟုတ်ပါလော။ သို့ဖြစ်ရာ ဝမ်ပေါင်လဲ့၏ လုပ်ရပ်များမှာ မီးလောင်ရာ လေပင့်သကဲ့သို့ ဖြစ်နေသောကြောင့် မီးပင်လယ်ကြီးမှာ ပို၍ပင် အားကောင်းလာရတော့သည်။
” ဝမ်ပေါင်လဲ့ ” တာအိုဘုန်းတော််ကြီးယိုရန်၏ မျက်နှာအမူအရာမှာ အလွန်အင်မတန်မှ အရုပ်ဆိုးနေပြီ ဖြစ်သည်။ သူသည် ထိုပေါက်ကွဲမှုများထဲမှ အချို့ကို ရှောင်တိမ်းခဲ့ရသောကြောင့် ဝမ်ပေါင်လဲ့နှင့် ပို၍ပင် ဝေးကွာသွားရ၏။ ထို့အပြင် သူသည် လက်လွတ်စပယ် တည်နေရာပြောင်းရွှေ့ရန် မဝံ့မရဲ ဖြစ်နေရပြီ ဖြစ်သည်။ ဤနေရာရှိ ရှုပ်ထွေးပွေလီသော ဥပဒေသများကြောင့် သူပထမဆုံးအကြိမ်အဖြစ် တည်နေရာပြောင်းရွှေ့ခဲ့စဉ်တုန်းက သူမသွားလိုသည့် နေရာတစ်ခုသို့ ရောက်သွားခဲ့ရသည် မဟုတ်ပါလော။ ထိုစဉ်တုန်းက သူသည် အတင်းအဓမ္မ ရုန်းကန်ခဲ့ပြီးနောက် ဟင်းလင်းပြင်ကြီး ကြေမွပျက်စီးသွားသည်ကို မြင်ခဲ့ရသဖြင့် တုန်လှုပ်ချောက်ချားသွားခဲ့ရ၏။ ထို့ကြောင့် ယခုတွင် သူသည် သတိကြီးကြီး ထားနေရပြီဖြစ်သည်။