လိုဏ်ဂူကြီးတစ်ခုလုံး ပြိုလဲပျက်စီးသွားစဉ် နတ်ဘုရားဧကရာဇ် ပြိုလဲပျက်စီးခြင်းပညာရပ်၏ အဖျက်စွမ်းအားများမှာ တာအိုဘုန်းတော်ကြီးယိုရန် သူ၏ ဦးခေါင်းနှစ်လုံးအား ဖောက်ခွဲပစ်ရာမှ ထွက်ပေါ်လာသည့် စွမ်းအားများနှင့် ရိုက်ခတ်သွား၏။ ထိုရိုက်ခတ်မှုကြောင့် စကားလုံးများနှင့်ပင် ဖော်ပြ၍မရသည့် ပြင်းအားတစ်မျိုး ထွက်ပေါ်လာသည်။
လိုဏ်ဂူကြီး၏ မျက်နှာကြက်ပေါ်တွင် တွဲလောင်းကျနေသော တိုင်လုံးကြီးထဲ၌ ပေါင်းခံထားသည့် အသွေးအသားပေါင်းမြောက်မြားစွာ ရှိနေ၏။ ၎င်းတို့အား ဒဏ်ရာရထားသည့် အဆုံးမဲ့မျိုးနွယ်စုဝင်များနှင့် ထိခိုက်ပျက်စီးနေသော သေမင်းတာအို တိုက်ပွဲဝတ်ရုံကြီးတို့အား ပြန်လည်ကောင်းမွန်လာအောင် ကုသရာ၌ အသုံးပြုခြင်းဖြစ်ပေသည်။ သို့သော် ယခင်တုန်းက ၎င်းတို့အား ထိုကဲ့သို့ အသုံးပြုခဲ့ခြင်းမဟုတ်ပေ။
သေမင်းတာအို စစ်သင်္ဘောကြီး ဘုန်းမီးနေလ တောက်ပခဲ့စဉ်တုန်းက ထိုတိုင်လုံးကြီးနှင့် ၎င်းထဲရှိ အသွေးအသားများ စီးဆင်းနေသော ပြွန်များအား ရုပ်အလောင်းများအား အဆက်မပြတ် ကြိတ်ခြေရာမှ ရရှိလာသည့် လောင်စာဆီများ သယ်ယူပို့ဆောင်ပေးရာ၌ အသုံးပြုခဲ့ကြ၏။ ထို လောင်စာဆီများကို တိုက်ပွဲဝတ်ရုံကြီး၏ ပိုင်ရှင်ဆီသို့ ပို့ဆောင်ပေးပြီးလျှင် သူသည် ၎င်းတို့အား အသုံးပြုကာ စစ်သင်္ဘောကြီးအား ထိန်းချုပ်မောင်းနှင်ခြင်း ဖြစ်ပေသည်။
ထို့ကြောင့် ထိုတိုင်လုံးကြီးမှာ ထာဝရလည်ပတ်နေသည့် အင်ဂျင်တစ်လုံးနှင့် တူနေတော့သည်။
ဝမ်ပေါင်လဲ့၏ နတ်ဘုရားဧကရာဇ် ပြိုလဲပျက်စီးခြင်းပညာရပ်၏ စွမ်းအားများနှင့် တာအိုဘုန်းတော်ကြီးယိုရန်၏ ဦးခေါင်းများ ပေါက်ကွဲသွားရာမှ ထွက်ပေါ်လာသည့် စွမ်းအားများမှာ ထို တိုင်လုံးကြီးအား ဖျက်ဆီးပစ်လိုက်ပြီဖြစ်ရာ… ထို ထာဝရလည်ပတ်နေသည့် အင်ဂျင်ကြီးမှာလည်း ပေါက်ကွဲပျက်စီးသွားပြီဖြစ်သည်။
ထို့ကြောင့်လည်း ယခုကဲ့သို့ အလွန်အင်မတန်မှ အားကောင်းသော စွမ်းအားများ ထွက်ပေါ်လာခြင်းဖြစ်ပေသည်။ ထိုစွမ်းအားများမှာ လိုဏ်ဂူကြီးတွင်သာ ငြိမ်မနေဘဲ တိုင်လုံးကြီးအတိုင်း အပေါ်သို့ ထိုးတက်သွားပြီနောက် ပြွန်ပေါင်းများစွာထဲမှတစ်ဆင့် ဒုတိယထပ်ထဲသို့ ရောက်ရှိသွားကြတော့သည်။
တိုင်လုံးကြီး၏ ပျက်စီးသွားမှုနှင့်အတူ ပြွန်ပေါင်းများစွာမှာလည်း ပေါက်ကွဲပျက်စီးသွားကြပြီ ဖြစ်သောကြောင့် ဒုတိယထပ်တစ်ထပ်လုံးမှာ အဆက်မပြတ် တုန်ရီနေ၏။ နောက်ဆုံးတွင် အက်ကွဲကြောင်းများ ပေါ်ပေါက်လာကာ တဖြည်းဖြည်းနှင့် အရွယ်အစား ကြီးမားလာပြီးနောက် တိုင်လုံးကြီးမှာ အစိတ်စိတ်အမြွှာမြွှာ ကြေမွပျက်စီးသွားတော့သည်။
ထို့ကြောင့် ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာပြီး လေထဲ၌ ပဲ့တင်ထပ်သွား၏။ မြေပြင်ကြီးမှာလည်း အောက်သို့ကျွံဝင်သွားပြီး ဒုတိယထပ်ပေါ်ရှိ နေရာအများစုမှာလည်း ထိုပေါက်ကွဲမှုကြီးကြောင့် ပျက်စီးသွားကြပြီဖြစ်သည်။ ဒုတိယထပ်ပေါ်တွင် တိုက်ပွဲဝင်နေကြသည့် ကျင့်ကြံသူများမှာမူ ထိုမြင်ကွင်းများကို မြင်လိုက်ရသောအခါ အံ့သြတုန်လှုပ်သွားကြ၏။ ဖုန့်ချိုးရန်မှာဆိုလျှင် ရန်သူများ၏ လိုက်လံဖမ်းဆီးနေခြင်းကို ခံနေရသည့်အပြင် ဒဏ်ရာများ အပြင်းအထန်ရရှိထားသောကြောင့် မောပန်းနွမ်းနယ်က သတိလစ်သွားတော့မည့်ဆဲဆဲ အနေအထားသို့ ရောက်နေ၏။ သူမသည် စိတ်ဓာတ်မာကျောသူတစ်ယောက် ဖြစ်သောကြောင့်သာ ယခုအထိ စိတ်နှင့်ကိုယ်နှင့် ကပ်နေသေးခြင်း ဖြစ်ပေသည်။
ထိုအချိန်တွင် မြေပြင်ကြီးမှာ အောက်သို့ကျွံဝင်သွားပြီး ကျောက်စကျောက်နများမှာ လေပေါ်သို့ မြောက်တက်လာကြသဖြင့် ကမ္ဘာကြီးတစ်ခုလုံးမှာ အပြင်းအထန် တုန်ရီသွားတော့သည်။ ဖုန့်ချိုးရန်နှင့် သူမအား လိုက်လံဖမ်းဆီးနေသည့် လူများမှာလည်း ထိုပျက်စီးမှုများကို မြင်လိုက်ရသဖြင့် တုန်လှုပ်ချောက်ချားသွားကြ၏။ ထိုအချိန်မှာပင် သူတို့၏ ပတ်ပတ်လည်၌ ပေါက်ကွဲမှုများ ထပ်၍ ပေါ်ပေါက်လာပြန်သည်။
တိုင်လုံးကြီးနှင့် တိုက်ရိုက်ချိတ်ဆက်ထားသော ပြွန်ဒါဇင်ပေါင်းများစွာမှာ ကောင်းကင်ကြီးထဲ၌ ရှိနေသည် မဟုတ်ပါလော။ ၎င်းတို့မှာလည်း တိုင်လုံးကြီးနည်းတူ ပျက်စီးသွားကြသည်ဖြစ်ရာ ထိုထိခိုက်ပျက်စီးမှုများမှာ ပထမထပ်အထိ ပျံ့နှံ့သွားရတော့သည်။
ယခုတွင် ဒုတိယထပ်ရှိ ကမ္ဘာကြီးတစ်ခုလုံးမှာ သိသိသာသာ ပုံစံပြောင်းလဲသွားပြီ ဖြစ်သည်။ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ နှစ်ခုစလုံးမှာ တစ်စစီ ကြေမွပျက်စီးသွားရပြီဖြစ်သလို ပထမထပ်မှာလည်း ထိုနည်းတူပင်။ ပထမထပ်ရှိ ကမ္ဘာသုံးခုထဲမှ ယဇ်ပလ္လင်များမှာဆိုလျှင် အများဆုံး ထိခိုက်ပျက်စီးသွားကြ၏။
ပြွန်များအားလုံးမှာ ကြိတ်ဆုံကျောက်ကြီးများ ဖြစ်ကြသည့် ထို ယဇ်ပလ္လင်များနှင့် ချိတ်ဆက်နေကြသည်မဟုတ်ပါလော။ ထို့ကြောင့် ပြွန်များ ပေါက်ကွဲပျက်စီးသွားချိန်တွင် ထိုကြိတ်ဆုံကျောက်ကြီးများမှာ တုန်ရီသွားကြပြီး ဆက်လက်လည်ပတ်နိုင်စွမ်း မရှိတော့ပေ။ ၎င်းတို့၏ လက်ကိုင်များကို ဆွဲနေကြသော သားရဲကြီးများမှာလည်း နောက်သို့ အရှိန်ဖြင့် ဆောင့်ဆွဲခံလိုက်ရသလို ဖြစ်သွား၏။
ဆန့်ကျင်ဘက် အရပ်မျက်နှာနှစ်ခုသို့ တစ်ပြိုင်နက်တည်း ဆွဲနေသလို ဖြစ်နေသည့် အားများကြောင့် ဧရာမ သစ်သားလက်ကိုင်ကြီးများမှာ ကျိုးပဲ့ပျက်စီးသွားတော့မည့်ပုံ ပေါက်နေတော့သည်။ လက်ကိုင်သုံးခုမှာဆိုလျှင် လုံးဝပျက်စီးသွားပြီ ဖြစ်သည်။
ထိုသို့ဖြင့် ပထမထပ်ပေါ်ရှိ ကမ္ဘာကြီးသုံးခုလုံး အပြင်းအထန် တုန်ရီနေသောကြောင့် သေမင်းတာအို စစ်သင်္ဘောကြီးတစ်စင်းလုံးမှာလည်း တုန်ခါနေရတော့သည်။
တိုင်လုံးကြီးနှင့် ၎င်း၏ ပြွန်များ ပျက်စီးသွားမှုနှင့် ကြိတ်ဆုံကျောက်များ၏ တုန်ခါမှုများကြောင့် စစ်သင်္ဘောကြီးဆီမှ ထွက်ပေါ်နေသည့် အနှောင့်အယှက် စွမ်းအားများမှာ သိသိသာသာ အားပျော့သွားပြီဖြစ်ရာ တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်များကို ပြန်လည်စတင်နိုင်သွားပြီဖြစ်သည်။
ဒုတိယထပ်ပေါ်တွင် ပုန်းနေခဲ့ပြီး အပျက်အစီးများနှင့် ဝေးရာသို့ ထွက်ပြေးနေသည့် ကျောက်ယမုန့်မှာ ထိုအချက်အား ချက်ချင်းဆိုသလိုပင် သတိထားမိလိုက်၏။ ထို့ကြောင့် သူမသည် ထိတ်ထိတ်ပျာပျာ ဖြစ်သွားကာ ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုလိုက်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ ပေါ်ပေါက်လာခြင်းမရှိသေးပေ။
သူမသည် ဝမ်ပေါင်လဲ့ မည်သည့်နေရာသို့ ရောက်နေမှန်းမသိသလို ယခုကဲ့သို့သော အပျက်အစီးများ ပေါ်ပေါက်လာရသည့် အကြောင်းရင်းကိုလည်း မသိနိုင်ဘဲဖြစ်နေရသည်။ သူမသည် သူမ၏ ပတ်ပတ်လည်ရှိ ကမ္ဘာကြီး ပျက်စီးနေသည်ကို ကြည့်ရင်း တစ်ခဏမျှ နှုတ်ဆိတ်သွား၏။ ထိုနောက် သူမသည် အံကြိတ်ကာ တွေဝေတုံ့ဆိုင်းမနေတော့ဘဲ သူမ၏ တည်နေရာပြောင်းရွှေ့ခြင်း လက်ဖွဲ့အဆောင်အား တစ်စစီ ခြေမွှလိုက်တော့သည်။
ထိုအခါ တည်နေရာပြောင်းရွှေ့ခြင်း အလင်းရောင်များမှာ မျက်စိကျိန်းစရာကောင်းလောက်အောင် စူးရှတောက်ပလာ၏။ ခဏအကြာတွင် ကျောက်ယမုန့်မှာ ပျောက်ကွယ်သွားပြီးနောက် စစ်သင်္ဘောကြီး၏ အပြင်ဘက်၊ ဓားရိုးပိုင်းထဲရှိ မီးပင်လယ်ကြီး၏ အထက်တွင် ပြန်လည်ပေါ်ပေါက်လာတော့သည်။
ကျောက်ယမုန့်မှာ အသက်ရှူသံများ တစ်ခဏမျှ ရပ်တန့်သွားရ၏။ သူမသည် ရီဝေဝေ ဖြစ်နေသည့်ပုံ ပေါ်ပါသော်လည်း ခဏအကြာတွင် အရှိန်မြင့်တင်လိုက်ပြီးနောက် ကျယ်ပြန့်တာအိုနန်းတော်ဆီသို့ တန်းတန်မတ်မတ် ဦးတည်ပျံသန်းသွားလိုက်တော့သည်။ ထို့နောက် သူမသည် လမ်းတစ်လျှောက်တွင် ပြည်ထောင်စု ကျင့်ကြံသူများအား လှမ်း၍ဆက်သွယ်နိုင်ရန် ကြိုးပမ်းနေခဲ့၏။
ကျောက်ယမုန့်တစ်ယောက်သာ ထိုကဲ့သို့ အောင်မြင်စွာ ထွက်ပြေးလွှတ်မြောက်သွားနိုင်ခဲ့သည်တော့ မဟုတ်ပေ။ ဖုန့်ချိုးရန်အပါအဝင် အခြားသူမြောက်မြားစွာလည်း ရှိနေသေးသည်။ သို့သော် သူမသည် ကျောက်ယမုန့်လောက် ကံမကောင်းခဲ့ပေ။ ထို့ကြောင့် သူမသည် ဓားရိုးပိုင်းထဲတွင်မဟုတ်ဘဲ ဓားကိုယ်ထည်ပိုင်းထဲ၌သာ ပြန်လည်ပေါ်ပေါက်လာ၏။ သူမသည် စစ်သင်္ဘောကြီးထဲ၌ ဒဏ်ရာအပြင်းအထန်ရခဲ့သောကြောင့် အပြင်ဘက်၌ ပြန်လည်ပေါ်ပေါက်လာချိန်တွင် ပါးစပ်ထဲမှ သွေးတစ်ပွက် အန်ထွက်လာပြီးနောက် သတိလစ်ကာ မီးပင်လယ်ကြီးထဲသို့ ပြုတ်ကျသွားတော့သည်။
သူမသည် အပြင်းအထန် ဒဏ်ရာရထားသည့်တိုင်အောင် မသိစိတ်မှနေ၍ အလင်းရောင် အကာအရံတစ်ခုကို ချက်ချင်း ဖန်တီးမိလိုက်၏။ ထိုအကာအရံလေးမှာ သူမအား မီးပင်လယ်ကြီးထဲ၌ ပြာကျမသွားအောင် ကာကွယ်ပေးထားသည်။
အခြား အသက်ရှင်ကျန်ရစ်သူများမှာလည်း အခွင့်အရေးရသည်နှင့် ချက်ချင်းထွက်ပြေးသွားကြ၏။ ဝမ်ပေါင်လဲ့မှာမူ ဒုတိယထပ်တွင် ရှိနေသော သူ၏ကိုယ်ပွားနှင့် နေရာချင်း လဲလိုက်သည်။ သူ ပြန်လည်ပေါ်ပေါက်လာသည့် အချိန်တွင် သူ၏ပါးစပ်ထဲမှ သွေးတစ်ပွက် အန်ထွက်လာတော့သည်။ သူသည်လည်း ဒဏ်ရာအပြင်းအထန် ရထားသည် မဟုတ်ပါလော။ ကံကောင်းစွာဖြင့် သူ၏ အပြင်ခန္ဓာကိုယ်မှာ အလွန်အင်မတန်မှ သန်မာနေသည့်အပြင် သူသည် အစိမ်းရောင်ကြာပွင့်လေးကိုလည်း ပိုင်ဆိုင်ထားသည်ဖြစ်ရာ သူ၏ ဒဏ်ရာပျောက်ကင်းမှုနှုန်းမှာ သာမန်လူတစ်ယောက်ထက် အစပေါင်းများစွာ ပို၍မြန်ဆန်နေ၏။ ထို့ကြောင့် ယခုတွင် သူသည် အလွန်အင်မတန်မှ အားအင်ချည့်နဲ့နေပြီ ဖြစ်သည့်တိုင်အောင် သတိလစ်သွားခြင်းမရှိပေ။ ထို့နောက် သူသည် ဤကမ္ဘာကြီးမှာ ပြောင်းလဲသွားပြီဖြစ်ကြောင်း အာရုံခံမိလိုက်သည်နှင့် သူ၏ တည်နေရာပြောင်းရွှေ့ခြင်း လက်ဖွဲ့အဆောင်ကို ချက်ချင်းထုတ်ယူကာ ထွက်ပြေးလွတ်မြောက်နိုင်ရန် ကြိုးစားလိုက်တော့သည်။
သူသည် အောင်မြင်နိုင်ခြေ ရှိမရှိ သေချာမသိပါသော်လည်း ၎င်းမှာ သူ၏ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်ပေသည်။ သူသည် သူ၏ နောက်ဆုံးတိုက်ကွက်မှာ တာအိုဘုန်းတော်ကြီးယိုရန်အား သတ်ဖြတ်ချေမှုန်းနိုင်ခဲ့လိမ့်မည်ဟု ယုံကြည်ထားခြင်းမရှိပေ။
” ငါသူ့ကို ဒဏ်ရာအပြင်းအထန် ရသွားရုံလောက်ပဲ လုပ်နိုင်ခဲ့မှာ သေချာတယ်။ ဒီ စစ်သင်္ဘောကြီးပေါ်မှာ အဆုံးမဲ့မျိုးနွယ်စုဝင်တွေနဲ့ စိတ်ညှို့ခံထားရတဲ့ တာအိုနန်းတော် ကျင့်ကြံသူတွေ အများကြီးရှိနေတုန်းပဲ… ” ဝမ်ပေါင်လဲ့မှာ မျက်စိမျက်နှာ ပျက်နေရပြီဖြစ်သည်။ ထို့နောက် သူ တည်နေရာပြောင်းရွှေ့ခြင်း လက်ဖွဲ့အဆောင်အား ခြေမွှလိုက်သောအခါ အလင်းတန်းတစ်တန်း ထိုးထွက်လာ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်ရှားသွားရပြီး ခဏအကြာတွင် လှစ်ခနဲ ပျောက်ကွယ်သွားတော့သည်။
သူ ပြန်ပေါ်လာသည့်အချိန်တွင် သေမင်းတာအို စစ်သင်္ဘောကြီး၏ အပြင်ဘက်… ရှေးဟောင်းဓားကြီး၏ ကိုယ်ထည်ပိုင်းထဲသို့ ရောက်နေပြီဖြစ်သည်။
အခြားလူများမှာမူ ထိုနေရာအား အန္တရာယ်များဖြင့် ပြည့်နှက်နေသည့် နေရာတစ်ခုအဖြစ် သတ်မှတ်ထားကြမည်သာ ဖြစ်သည်။ သို့သော် မွေးစားဂိုဏ်းသားတစ်ယောက် ဖြစ်သည့် ဝမ်ပေါင်လဲ့အတွက်မူ ၎င်းမှာ ကောင်ကင်းဘုံတစ်ခု ကဲ့သို့ပင်။ သူသည် ပါးစပ်ထဲမှ သွေးများကို ပြန်၍မျိုချလိုက်ပြီးနောက် ဆေးလုံးအချို့ သောက်သုံးလိုက်၏။ ထို့နောက် သူ့ရောက်ရှိနေသည့် နေရာအား သိအောင်လုပ်လိုက်ပြီးနောက် ထိုနေရာမှ ထွက်ခွာသွားရန် ပြေးထွက်သွားတော့သည်။ သူသည် ကျယ်ပြန့်တာအိုနန်းတော်ဆီသို့ အမြန်ဆုံးနည်းဖြင့် ပြန်ကာ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးအား အသုံးပြု၍ ရှေးဟောင်းဓားကြီးပေါ်မှ ထွက်ခွာပြီးနောက် ပြည်ထောင်စုကြီးဆီသို့ ပြန်သွားနိုင်ရန် ကြံရွယ်ထားသည်။ ထိုအခါမှသာ သူသည် တစ်ခဏမျှ ဘေးကင်းသွားမည် ဖြစ်သည်။
သို့သော် အစီအစဉ်များမှာ သူ မျှော်လင့်ထားသည့်အတိုင်း ဖြစ်မသွားခဲ့ပေ။ သူ ထင်ထားသည့်အတိုင်း တာအိုဘုန်းတော်ကြီးယိုရန်မှာ သေဆုံးသွားခဲ့ခြင်း မရှိချေ။ ထို့အပြင် သူ၏ ဝမ်ပေါင်လဲ့အပေါ် ထားရှိသော မုန်းတီးစိတ်များမှာ ပေါက်ကွဲထွက်ပေါ်လာပြီဖြစ်ရာ သူသည် ဝမ်ပေါင်လဲ့အား အသက်ရှင်ခွင့် ပေးနိုင်တော့မည်မဟုတ်ပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့ တည်နေရာပြောင်းရွှေ့ကာ ပျောက်ကွယ်သွားသည်နှင့် လိုဏ်ဂူပျက်ကြီးထဲ၌ အမျက်ချောင်းချောင်းထွက်နေသော အော်သံကြီးတစ်သံ ထွက်ပေါ်လာတော့သည်။ ထို့နောက် အရပ်မျက်နှာအနှံ့သို့ ပျံ့လွင့်နေသည့် ဝိညာဉ်စွမ်းအင်လှိုင်းများနှင့် ကျောက်စကျောက်နများ၏ ကြားမှ လူရိပ်တစ်ခု ထိုးထွက်လာ၏။
ထိုပုဂ္ဂိလ်ကြီး၏ ပုံပန်းသွင်ပြင်မှာ သနားစရာကောင်းနေ၏။ သူ၏ လက်ခြောက်ဖက်ထဲမှ သုံးဖက်သာ ကျန်တော့သည်ဖြစ်သလို သူ၏ ခေါင်းသုံးလုံးမှာလည်း တစ်လုံးသာ ကျန်တော့သည်ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင်မူ ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး အချို့နေရာများတွင် အရိုးများကိုပင် မြင်နေရ၏။
ထိုလူကြီးမှာ… သေမင်းခံတွင်းဝမှ သီသီကလေး လွတ်မြောက်လာခဲ့သော တာအိုဘုန်းတော်ကြီးယိုရန်ပင် ဖြစ်ပေသည်။
သူသည် အသက်ရှူသံများလေးလံနေပြီး သူ၏ ပတ်ပတ်လည်ရှိ အရာအားလုံး တစ်စစီ ပြိုလဲပျက်စီးနေသည့် မြင်ကွင်းကြီးအား ငေးကြည့်နေမိတော့သည်။ ထို့နောက် သူသည် ခေါင်းမော့ကာ ကြေမွပျက်စီးနေပြီဖြစ်သည့် အသွေးအသားများဖြင့် ဖွဲ့စည်းတည်ဆောက်ထားသော တိုင်လုံးကြီးအား လှမ်းကြည့်လိုက်၏။ ထိုအခါ သူ၏ မျက်ဝန်းများမှာ နီမြန်းသွားရတော့သည်။ ၎င်းမှာ ပြုပြင်၍မရတော့သည့် အခြေအနေသို့ မရောက်သေးပါသော်လည်း အချိန်ပေး၍ ပြန်လည်ပြုပြင်ရတော့မည်ဖြစ်သည်။ အကယ်၍ သူသည် အပျက်အစီးများအားလုံးကို ပြန်လည်ပြုပြင်နိုင်လျှင်တောင် ဤ စစ်သင်္ဘောကြီးမှာ ယခင်တုန်းကလို အစွမ်းထက်နေတော့မည်မဟုတ်ပေ။ ထို့ကြောင့် သူသည် အမျက်ချောင်းချောင်းထွက်နေသည့် လေသံကြီးဖြင့် အော်ဟစ်မြည်တမ်းလိုက်တော့သည်။
” ဝမ်ပေါင်လဲ့ ” တာအိုဘုန်းတော်ကြီးယိုရန်မှာ ဝမ်ပေါင်လဲ့အား မျက်မုန်းကျိုးနေပြီဖြစ်သည်။ ထို့ကြောင့် သူသည် မျက်ထောင့်နီကြီးများဖြင့် ဝမ်ပေါင်လဲ့ ပျောက်ကွယ်သွားသည့်နေရာအား လှမ်းကြည့်လိုက်၏။ ထို့နောက် သူသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ညာဘက်လက်ဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်ပြီးနောက် ရှေ့သို့ လှမ်း၍ ဖမ်းဆုပ်လိုက်တော့သည်။ သူသည် သူ၏ အသက်စွမ်းအားကို အသုံးပြုကာ အချိန်ကိုနောက်ပြန်ရစ်ရန် ကြိုးစားနေခြင်းဖြစ်သည်။
ခဏအကြာတွင် သူ၏ရှေ့၌ မှုန်ဝါးဝါး ပုံရိပ်ယောင်များ ချက်ချင်းပေါ်ပေါက်လာသဖြင့် သူသည် ဝမ်ပေါင်လဲ့တစ်ယောက် သူ၏ တည်နေရာပြောင်းရွှေ့ခြင်း လက်ဖွဲ့အဆောင်အား ခြေမွှကာ တည်နေရာပြောင်းရွှေ့သွားသည်ကို မြင်လိုက်ရ၏။ ထိုအခါ တာအိုဘုန်းတော်ကြီးယိုရန်မှာ တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ သူ၏ လက်တစ်ဖက်အား ဆွဲဖြုတ်ကာ တစ်စစီ ခြေမွှပစ်လိုက်တော့သည်။ ထို လက်ထဲ၌ ကိန်းအောင်းနေသည့် သက်စောင့်စွမ်းအားများမှာ မြူခိုးများဖြင့် ဖွဲ့စည်းထားသော လက်ကြီးတစ်ဖက်အသွင် ပြောင်းလဲသွားပြီး ဝမ်ပေါင်လဲ့၏ ပုံရိပ်ယောင်အား လှမ်း၍ ဖမ်းဆုပ်လိုက်၏။
ဝမ်ပေါင်လဲ့မှာ ထိုနေရာမှ ထွက်ခွာသွားပြီဖြစ်ရာ သူ၏ ခန္ဓာကိုယ်အစစ်အား ဖမ်းမိနိုင်ရန်မှာ မဖြစ်နိုင်ပေ။ လိုဏ်ဂူကြီးထဲတွင် သူ၏ အငွေ့အသက် အကြွင်းအကျန်များသာ ကျန်တော့သည်ဖြစ်ပါသော်လည်း ၎င်းတို့မှာ တာအိုဘုန်းတော်ကြီးယိုရန်အတွက် လုံလောက်ပေသည်။ သူသည် ဝမ်ပေါင်လဲ့ တည်နေရာပြောင်းရွှေ့သွားသည့် အချိန်၌ ပေါ်ပေါက်လာသည့် တုန်ခါမှုလှိုင်းများကို ရှာဖွေနေခြင်း ဖြစ်ပေသည်။ ထို တုန်ခါမှုလှိုင်းများအား ခြေရာခံ လိုက်ပြီးလျှင် သူသည် သူ၏ မန္တန်အား အသုံးပြုကာ သူ တည်နေရာပြောင်းရွှေ့သွားသည့် နေရာသို့ လိုက်သွားနိုင်မည် ဖြစ်သည်။
သူ၏ သက်စောင့်စွမ်းအားများဖြင့် ဖွဲ့စည်းထားသော လက်ကြီး ဝမ်ပေါင်လဲ့၏ ပုံရိပ်ယောင်အား ဖမ်းဆုပ်မိသွားသည်နှင့် တာအိုဘုန်းတော်ကြီးယိုရန်မှာ မျက်ဝန်းများ အရောင်လက်သွား၏။
” တွေ့ပြီကွ ”
ထို့နောက် တာအိုဘုန်းတော်ကြီးယိုရန်မှာ ရှေ့သို့ ခြေတစ်လှမ်းလှမ်းကာ ပျောက်ကွယ်သွားတော့သည်။