Switch Mode

အခန်း (၆၆၂)

နတ်ဘုရားဧကရာဇ် ပြိုလဲပျက်စီးခြင်း

သူ့ဆီတွင် အခြားရွေးချယ်စရာ မရှိတော့ပေ။

ဝမ်ပေါင်လဲ့မှာ လူကြောက်တစ်ယောက် မဟုတ်ကြောင်း ပြည်ထောင်စုကြီးထဲ၌ သူ ကျော်ဖြတ်ခဲ့ရသည့် ဖြစ်ရပ်များကို ကြည့်လျှင် သိနိုင်ပေသည်။ သူ၏ နူးညံ့သိမ်မွေ့သော အပြုအမူများ၏ အောက်တွင် သူ၏ ရန်သူများသာမက သူကိုယ်တိုင်ပင် ကြောက်ရွံ့ထိတ်လန့်ရသည့် ရက်စက်ကြမ်းကြုတ်သော နှလုံးသားတစ်ခု ဖုံးကွယ်နေ၏။

ဝမ်ပေါင်လဲ့မှာ တာအိုဘုန်းတော်ကြီးယိုရန် ထုတ်လွှတ်လိုက်သည့် တိုက်ကွက်ကိုကြည့်ရင်း မျက်ဝန်းများထဲ၌ ရူးသွပ်မှုအရိပ်အယောင်များဖြင့် ပြည့်နှက်သွားတော့သည်။ သူ၏ လက်ရှိကျင့်ကြံခြင်းအဆင့်နှင့်သာဆိုလျှင် သေမင်းတာအို တိုက်ပွဲဝတ်ရုံကြီးဆီမှ ဝိညာဉ်စွမ်းအင်များကို စုပ်ယူပြီးသည့်တိုင်အောင် သံသရာပြတ်တောက်ပညာနှင့် ပြစ်ဒဏ်ငါးခု ပညာရပ်အား ထုတ်သုံးနိုင်မည်မဟုတ်ကြောင်း သူက ကောင်းကောင်းကြီးသိထားသည်။

၎င်းတို့အား သူ၏ ဝှက်ဖဲအဖြစ် အသုံးပြုနိုင်မည် မဟုတ်သောကြောင့် သူ့တွင် ရွေးချယ်စရာတစ်ခုသာ ကျန်တော့ပေသည်။

၎င်းမှာ… နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးပင် ဖြစ်သည်။

သူ၏ ချပ်ဝတ်တန်ဆာကြီးမှာ ကြေမွပျက်စီးသွားခဲ့ပြီ ဖြစ်ပါသော်လည်း ဝမ်ပေါင်လဲ့ဆီတွင် နောက်ဆုံးပညာရပ်တစ်ခု ကျန်ရှိနေဆဲပင်။ ၎င်းမှာ သူ၏ ဝှက်ဖဲဖြစ်ပြီး သူ ရှေးဟောင်းဓားကြီးပေါ်သို့ ရောက်လာခဲ့ပြီးနောက် ရရှိပိုင်ဆိုင်ခဲ့သည့် အရာများထဲတွင် တန်ဖိုးအကြီးမားဆုံးဖြစ်ပေသည်။

ထိုပညာရပ်မှာ… နတ်ဘုရားဧကရာဇ် ပြိုလဲပျက်စီးခြင်း ပညာရပ်ပင် ဖြစ်သည်။

၎င်းမှာ ချပ်ဝတ်တန်ဆာကြီးအား ဖောက်ခွဲပစ်ရုံသက်သက် မဟုတ်ဘဲ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာ အမွေအနှစ်ထဲ၌ ပါသည့် ပညာရပ်တစ်ခု ဖြစ်ပေသည်။ ထိုပညာရပ်အား အသုံးပြုမည့်သူမှာ သူ ပင်ပန်းဆင်းရဲကြီးစွာ လေ့ကျင့်ထားခဲ့ရသည့် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးအား စတေးကာ အထူးနည်းလမ်းတစ်ခုဖြင့် ကျင့်ကြံခြင်းစွမ်းအားများကို ဖိနှိပ်ချုပ်တည်းပြီးလျှင် စိတ်ကူးနှင့်ပင် မှန်းဆ၍ မရနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်မျိုးကို ထုတ်လွှတ်ရမည်ဖြစ်သည်။

ထိုစွမ်းအားမှာ မိုးကောင်းကင်ကြီးကိုပင် တုန်ရီသွားစေပြီး အသုံးပြုသူနှင့် ပစ်မှတ် နှစ်ယောက်စလုံးဆီသို့ စကားလုံးများနှင့်ပင် ဖော်ပြ၍မရသည့် ပြင်းအားတစ်ခု ထုတ်လွှတ်လိုက်မည် ဖြစ်သည်။ သာမန်အခြေအနေများတွင်ဆိုလျှင် ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့သော ရူးသွပ်ဖွယ်ရာ နည်းလမ်းမျိုးကို အသုံးပြုမည် မဟုတ်ပါသော်လည်း ယခုတွင်မူ သူသည် အခြားရွေးချယ်စရာမရှိတော့ပေ။

သူသည် ထိုနေရာမှ ထွက်ပြေးနိုင်ရန် ကြိုးစားလိုက်မည်ဆိုပါက သေခြင်းတရားကို လုံးဝရှောင်လွှဲနိုင်မည် မဟုတ်ပေ။ သို့ဖြစ်ရာ ထိုကဲ့သို့ အရဲမစွန့်ပါက နောင်တွင် အခွင့်အရေးပင် ရနိုင်တော့မည်မဟုတ်ပေ။

ဝမ်ပေါင်လဲ့မှာ ခေါင်းထဲ၌ ထိုအတွေးများပေါ်ပေါက်လာပြီးနောက် သူ၏ ကျင့်ကြံခြင်းစွမ်းအားများအားလုံးကို နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးထဲသို့ ထည့်သွင်းလိုက်တော့သည်။ ထို့အပြင် သူသည် ထိုချပ်ဝတ်တန်ဆာကြီးထဲ၌ ကိန်းအောင်းနေသော စွမ်းအားများကိုလည်း အကုန်လုံးထုတ်သုံးလိုက်၏။

သူသည် သူ၏ စိတ်ဆန္ဒအား ချပ်ဝတ်တန်ဆာကြီးထဲသို့ ထည့်သွင်းလိုက်ပြီး သူ၏ ကျင့်ကြံခြင်းစွမ်းအားများအားလုံးကို ထုတ်လွှတ်လိုက်၏။ ထိုအခါ ပြန်၍ပိန််သွားပြီဖြစ်သော သူ၏ခန္ဓာကိုယ်မှာ အရိုးပေါ်အရေတင် အနေအထားသို့ ချက်ချင်းပြန်ရောက်သွားတော့သည်။

ထိုအချိန်တွင် သူသည် မျက်လုံးများ ပို၍ ဝင်းလက်တောက်ပလာပြီး သူ၏ ချပ်ဝတ်တန်ဆာကြီးထဲမှလည်း အလင်းရောင်များ ထွက်ပေါ်လာသောကြောင့် ၎င်းမှာ ကြယ်ပျံတစ်လုံးနှင့်ပင် တူနေတော့သည်။ တာအိုဘုန်းတော်ကြီးယိုရန် သူ၏အနီးသို့ ရောက်ရှိလာစဉ်တွင် ဝမ်ပေါင်လဲ့မှာ အသံကုန်အော်ဟစ်လိုက်၏။

” ချပ်ဝတ်တန်ဆာ ဖယ်ရှားခြင်း ”

သူ၏ အော်သံကြီး ထွက်ပေါ်လာပြီးနောက် လိုဏ်ဂူကြီးတစ်ခုလုံးမှာ တုန်ရီသွား၏။ ထို့နောက် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ပေါ်ရှိ ဝင်းလက် တောက်ပနေသော ချပ်ဝတ်တန်ဆာကြီးမှာ သူ၏ ခန္ဓာကိုယ်ပေါ်မှ ခွဲထွက်လာပြီးနောက် သူ၏ ပတ်ပတ်လည်တွင် အသွေးအသားများဖြင့် ဖွဲ့စည်းထားသည် ဧရာမ ကုဗတုံးကြီးတစ်တုံးအသွင် ပြောင်းလဲသွားတော့သည်။

၎င်းမှာ အကြောအရွတ်များဖြင့် ဖန်တီးထားသော သေတ္တာကြီးတစ်လုံးနှင့် ‌တူနေ၏။ ထိုအတုံးကြီး၏ ပေါ်ပေါက်လာမှုကြောင့် ၎င်း၏ ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်ကြီးမှာ အစိတ်စိတ်အမြွှာမြွှာ ကြေမွပျက်စီးသွားရပြီး ကြောက်မက်ဖွယ်ရာ ဝိညာဉ်စွမ်းအင်လှိုင်းများမှာ အပြင်ဘက်သို့ ပြန့်ထွက်လာတော့သည်။

ထို ဝိညာဉ်စွမ်းအင်လှိုင်းများမှာ အလွန်အင်မတန်မှ အားကောင်းလွန်းနေသောကြောင့် တာအိုဘုန်းတော်ကြီးယိုရန်ပင်လျှင် မှင်တက်သွားကာ သူငယ်အိမ်များ ကျဉ်းမြောင်းသွားရပြီး ရင်ခုန်နှုန်းများ မြန်ဆန်လာရ၏။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့အား စမ်းသပ်ကြည့်ချင်လိုသည့် အတွေးများကို ခေါင်းထဲမှ ထုတ်လိုက်ပြီးနောက် နောက်သို့ချက်ချင်းဆုတ်ခွာသွားကာ ထိုအလင်းရောင်ကြီးအား ရှောင်တိမ်းရန် ကြိုးစားလိုက်တော့သည်။

သူသည် ဝမ်ပေါင်လဲ့၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးဆီမှ ထွက်ပေါ်နေသော ဝိညာဉ်စွမ်းအင်လှိုင်းများကြောင့် အန္တရာယ်ကြီး တစ်ခုနှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားနေရ၏။ ၎င်းတို့မှာ သူ ယခင်တုန်းက ထုတ်လွှတ်ခဲ့သည့် ဝိညာဉ်စွမ်းအင်များနှင့် မတူဘဲဖြစ်နေရသည် မဟုတ်ပါလော။ ယခုတွင် သူသည် ထိုစွမ်းအားကြီးအား မျက်ဝါးထင်ထင် မြင်နေရသောကြောင့် ပို၍ပင် ကြောက်ရွံ့တုန်လှုပ်နေရခြင်းဖြစ်သည်။

တာအိုဘုန်းတော်ကြီးယိုရန်မှာ ချက်ချင်းပင် နောက်သို့ဆုတ်ခွာသွားလိုက်ပါသော်လည်း နောက်ကျသွားပြီဖြစ်သည်။ သူသည် ဝမ်ပေါင်လဲ့အား ချောင်ပိတ်ရိုက်ရန် ကြိုးစားခဲ့သည်ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ သူ့အား အလွယ်တကူ ခွင့်လွှတ်ပေးတော့မည် မဟုတ်ပေ။ ထို့အပြင် ဝမ်ပေါင်လဲ့မှာ သူသည် အခွင့်အရေး တစ်ခုသာရမည်ဖြစ်ကြောင်း သိထား၏။

ထို့ကြောင့် သူသည် မျက်ဝန်းများ အရောင်လက်သွားပြီး အော်ဟစ်လိုက်တော့သည်။

” ခန္ဓာသိမ်းသွင်းခြင်း ”

တာအိုဘုန်းတော်ကြီးယိုရန်မှာ နောက်သို့ထွက်ပြေးနေရင်း သူ၏စကားကို ကြားလိုက်ရသောအခါ တုန်လှုပ်ချောက်ချားသွားရတော့သည်။ ထို့နောက် ကုဗတုံးပုံစံဖြစ်နေသည့် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးမှာ ပေါက်ကွဲသွားတော့သည်။ ၎င်းမှာ အပြင်ဘက်သို့ ကွဲထွက်သွားခြင်းမဟုတ်ဘဲ အပိုင်းပိုင်းပြတ်သွားပြီး တာအိုဘုန်းတော်ကြီးယိုရန်အား ဝန်းရံသွားခြင်း ဖြစ်သည်။ ထိုအခြင်းအရာအားလုံးမှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့၏။ အပိုင်းပိုင်းပြတ်သွားသော ချပ်ဝတ်တန်ဆာကြီးမှာ တာအိုဘုန်းတော်ကြီးယိုရန်အား မလွှတ်တမ်း ဝန်းရံထားပြီဖြစ်ရာ သူ မည်မျှပင် မြန်ဆန်နေစေကာမူ ၎င်းတို့ထဲမှ လွတ်မြောက်နိုင်စွမ်းမရှိတော့ပေ။

ထို့ကြောင့် မျက်စိတမှိတ်အတွင်းတွင် ထို အပိုင်းအစများမှာ တာအိုဘုန်းတော်ကြီးယိုရန်၏ အပေါ်အောက်၊ ဘယ်ညာ၊ ရှေ့နောက်တွင် ပေါ်ပေါက်လာကြပြီးနောက် တစ်ခုနှင့်တစ်ခု ပူးကပ်သွားကြပြီး သူ့အား ချုပ်နှောင်ထားလိုက်ကြတော့သည်။

ထိုအဖြစ်ပျက်အားလုံးမှာ မြန်ဆန်လွန်းနေ၏။ တာအိုဘုန်းတော်ကြီးယိုရန်မှာမူ စကားလုံးများနှင့် ဖော်ပြ၍ မရနိုင်လောက်အောင် တုန်လှုပ်ချောက်ချားနေရပြီ ဖြစ်သည်။ သို့သော် သူသည် အပိုင်းပိုင်းပြတ်နေသည့် ထို ချပ်ဝတ်တန်ဆာ အစိတ်အပိုင်းများဆီမှ ထွက်ပြေးလွတ်မြောက်နိုင်မည် မဟုတ်ကြောင်း သိလိုက်ရသည်နှင့် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ သူ၏ လျှာထိပ်ကို ကိုက်လိုက်တော့သည်။ ထိုအခါ သူ၏ ဘယ်ဘယ်နှင့် ညာဘက်ရှိ ဦးခေါင်းနှစ်လုံးမှာ တစ်ပြိုင်နက်တည်း ပေါက်ကွဲသွား၏။

၎င်းမှာ အဆုံးမဲ့မျိုးနွယ်စု၏ ပညာရပ်တစ်ခု ဖြစ်ပေသည်။ ဝမ်ပေါင်လဲ့မှာ ထိိုပညာရပ်အား ယခုမှ ပထမဆုံးအကြိမ်အဖြစ် မြင်ဖူးခြင်း မဟုတ်သည့်တိုင်အောင် ယိုရန်အား တားဆီးနိုင်စွမ်းမရှိပေ။ ထို့ကြောင့် သူ၏ မျက်ဝန်းများထဲရှိ သတ်ဖြတ်လိုစိတ်များမှာ ပို၍အားကောင်းလာပြီး သူသည် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီး၏ နောက်ဆုံးပညာရပ်ထဲမှ ဒုတိယမြောက်အဆင့်အား ထုတ်သုံးလိုက်တော့သည်။

” အလွှာကိုးလွှာ ”

ဝမ်ပေါင်လဲ့ ထိုသို့အော်ဟစ်လိုက်သည်နှင့် တာအိုဘုန်းတော်ကြီးယိုရန်အား ဝန်းရံထားသည့် ကုဗတုံးကြီးမှာ ရုတ်တရက်ဆိုသလို ခေါက်ရိုးကျိုးသွားပြီး သုံးဖက်မြင်ရုပ်လုံးကြွ အရာဝတ္ထုပစ္စည်းတစ်ခုအဖြစ်မှ ထုထည်မရှိသော နှစ်ဖက်မြင် အရာဝတ္ထုပစ္စည်းတစ်ခုအဖြစ် ပြောင်းလဲသွား၏။ ထို့နောက် ၎င်းမှာ အလျားတစ်ခုတည်းရှိသော ပြင်ညီတစ်ခုအဖြစ် ဆက်၍ ပြောင်းလဲသွားပြန်သည်။

ထိုမြင်ကွင်းကြီးမှာ ထူးဆန်းလွန်းနေ၏။ တာအိုဘုန်းတော်ကြီးယိုရန်မှာ စာရွက်တစ်ရွက်နှင့်တူသော ထို ပြင်ညီကြီးပေါ်တွင် ရောက်သွားသကဲ့သို့ဖြစ်သွားပြီး သူ၏ ခန္ဓာကိုယ်မှာလည်း ပျောက်ကွယ်သွားတော့မည့်ပုံ ပေါက်နေတော့သည်။ သို့သော် ဝမ်ပေါင်လဲ့မှာ ရပ်တန့်သွားခြင်းမရှိသေးပေ။ ထို စာရွက်မှာ နောက်ထပ်တစ်ကြိမ်ထပ်၍ အလိုလို ခေါက်သွားပြန်သည်။

ထို့ကြောင့် တာအိုဘုန်းတော်ကြီးယိုရန် ပျောက်ကွယ်သွားတော့မည့် အရိပ်အယောင်များမှာ ပို၍ပင်ထင်ရှားလာ၏။ ထို စာရွက်လေး နောက်ထပ်တစ်ကြိမ်ထပ်၍ ခေါက်ရန်ပြင်လိုက်စဉ်မှာပင် မိုးခြိမ်းသံကြီးတစ်သံ ရုတ်တရက်ဆိုသလို ထွက်ပေါ်လာ၏။ ထို့နောက် အံ့ဩမှင်တက်ဖွယ်ရာ စွမ်းအားကြီးတစ်ခုကြောင့် ထိုစာရွက်လေးမှာ အတွင်းပိုင်းထဲမှနေ၍ တစ်စစီ ဆုတ်ဖြဲခံလိုက်ရတော့သည်။ တာအိုဘုန်းတော်ကြီးယိုရန်မှာမူ သူ၏ ဦးခေါင်းနှစ်လုံးအား ဖောက်ခွဲပစ်ခဲ့ပြီးနောက် ထို အချုပ်အနှောင် ဟင်းလင်းပြင်ကြီးထဲမှ အသက်လု၍ ပြေးထွက်လာ၏။

ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ ပါးစပ်ထဲမှ သွေးတစ်ပွက် အန်ထွက်လာရတော့သည်။ သူသည် တာအိုဘုန်းတော်ကြီးယိုရန် ထွက်ပြေးလွတ်မြောက်လာသည်ကို လက်မခံချင်ပါသော်လည်း အခြားရွေးချယ်စရာမရှိပေ။ သူတို့နှစ်ယောက် စွမ်းအားများမှာ မိုးနှင့်မြေလို ကွာခြားနေသည် မဟုတ်ပါလော။ သူသည် တာအိုဘုန်းတော်ကြီးယိုရန်အား အငိုက်မိသွားစေခဲ့သည့် လျှို့ဝှက်ဆန်းကြယ် ပညာရပ်များစွာကို ပိုင်ဆိုင်ထားသည့်တိုင်အောင် သူ့အား ဒဏ်ရာရသွားရုံမျှလောက်သာ လုပ်နိုင်ခဲ့၏။ ယိုရန်အား သတ်ဖြတ်နိုင်ရန်မှာ သူ့အတွက် ခက်ခဲနေဆဲပင်။

” ဒီလိုဆိုမှတော့လည်း … ” ဝမ်ပေါင်လဲ့မှာ ထိုတစ်ဖက်မြင် ပြင်ညီကြီး ပေါက်ကွဲသွားကာ တာအိုဘုန်းတော်ကြီးယိုရန် ထွက်ပြေးလွတ်မြောက်လာသည်ကို ကြည့်ရင်း ဘုရင့်နောင်ဖောင်ဖျက်ရန် ဆုံးဖြတ်လိုက်၏။ ထို့ကြောင့် သူသည် နောက်ထပ်တစ်ကြိမ် ထပ်၍ အော်ဟစ်လိုက်သဖြင့် လျှို့ဝှက်ဆန်းကြယ်ပညာရပ်ကြီးမှာ ပြီးပြည့်စုံသွားတော့သည်။

” နတ်ဘုရားဧကရာဇ် ပြိုလဲပျက်စီးခြင်း ”

ထိုအခါ တစ်စစီ ဆုတ်ဖြဲခံနေရသည့် စက္ကူလေးထဲမှ စကားလုံးများနှင့် မဖော်ပြနိုင်လောက်အောင် အားကောင်းသည့် အဖျက်စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာတော့သည်။ ထိုပေါက်ကွဲမှုကြီးမှာ အလွန်အင်မတန်မှ အားကောင်းလွန်းလှသောကြောင့် စွမ်းအင်လှိုင်းများပင်လျှင် အရပ်မျက်နှာအနှံ့သို့ ပြန့်ထွက်သွားပြီး ထိုနေရာတစ်ဝိုက်ရှိ အရာအားလုံးအား လွှမ်းခြုံသွား၏။

ထို့နောက် လိုဏ်ဂူကြီးထဲတွင် မိုးခြိမ်းသံကဲ့သို့သော ထစ်ချုန်းသံများ မရပ်မနား ထွက်ပေါ်လာတော့သည်။ ၎င်းတို့မှာ ကောင်းကင်ဘုံထဲမှ သားရဲကြီးတစ်ကောင်၏ ဒေါသတကြီး ဟိန်းဟောက်သံများနှင့်ပင် ဆင်တူနေ၏။ ဝမ်ပေါင်လဲ့မှာမူ တစ်ကိုယ်လုံး တုန်ရီသွားကာ ပါးစပ်ထဲမှ သွေးများပန်းထွက်လာပြီး နောက်သို့ ဒယိမ်းဒယိုင်ဖြစ်သွားရ၏။ ထို့နောက် ဝိညာဉ်စွမ်းအင်လှိုင်းများမှာ သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာတော့သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်သွားရပြီးနောက် ချက်ချင်းဆိုသလိုပင် သူ၏ကိုယ်ပွားနှင့် နေရာချင်း လဲလိုက်တော့သည်။

ထိုအချိန်တွင် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီး၏ အလယ်မှ သွေးရောင် လက်ကြီးတစ်ဖက် ဆန့်ထွက်လာပြီး ဝမ်ပေါင်လဲ့အား လှမ်း၍ ဖမ်းဆုပ်လိုက်၏။ ထိုလက်ကြီး သူ၏အနီးသို့ ရောက်လာစဉ်တွင် ခပ်မှိန်မှိန် အလင်းရောင်တစ်ခု တောက်ပလာပြီး မမလေး ပေါ်ပေါက်လာတော့သည်။ ထို့နောက် သူမသည် လက်မြှောက်ကာ လက်ညှိုးထိုးလိုက်သောအခါ နတ်ဘုရားဧကရာဇ် ပြိုလဲပျက်စီးခြင်း ပညာရပ်ထဲမှ အဖြူရောင်အလင်းတန်းတစ်ခု ရုတ်တရက်ဆိုသလို ပေါ်ထွက်လာ၏။ ၎င်းမှာ ရှေ့သို့ ထိုးထွက်လာပြီးနောက် မမလေးနှင့် ဧရာမ ‌သွေးလက်ကြီး၏ကြားတွင် ပေါ်ပေါက်လာသည်။ ၎င်းမှာ… ဝမ်ပေါင်လဲ့၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးနှင့် ချိတ်ဆက်ထားသော နတ်ဘုရားလက်နက် အရိုးစုလက်ကြီးပင် ဖြစ်ပေသည်။

ထိုအခါ မမလေးနှင့် ဧရာမ သွေးလက်ကြီးတို့မှာ အရိုးစုလက်ကြီးအား ဗဟိုပြုကာ ချက်ချင်းဆိုသလိုပင် ရိုက်ခတ်မိသွားတော့သည်။ ထို့ကြောင့် နားစည်များပင် ကွဲအက်သွားစေနိုင်သော ထစ်ချုန်းသံတစ်သံ ထွက်ပေါ်လာပြီးနောက် နတ်ဘုရားလက်နက် လက်ကြီးထဲမှ မျက်စိကျိန်းစရာကောင်းသော အလင်းတန်းတစ်ခု ထိုးထွက်လာ၏။ ထိုအချိန်တွင် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးထဲ၌ ဗလုံးဗထွေးဖြစ်နေသည့် ညဉ်းညူသံတစ်သံ ပေါ်ပေါက်လာသဖြင့် မမလေးမှာ မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်သွားရတော့သည်။ ထို့နောက် သူမသည် အစိမ်းရောင် အခိုးအငွေ့များကို မှုတ်ထုတ်လိုက်ပြီး သူမ၏ အပြင်ခန္ဓာကိုယ်မှာလည်း တဆတ်ဆတ် တုန်ရီသွားကာ မှေးမှိန်စပြုလာတော့သည်။ ထို့ကြောင့် သူမသည် နောက်သို့ဆုတ်ကာ နတ်ဘုရားလက်နက် အရိုးစုလက်ကြီးအား ဝမ်ပေါင်လဲ့၏ ဘေးသို့ ပြန်ယူလာ၏။

သူမ၏ပေါ်ပေါက်လာမှုနှင့် တိုက်ကွက်ကြီးကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏ကိုယ်ပွားနှင့် နေရာချင်း ဖလှယ်နိုင်ရန် အချိန်ရသွားသဖြင့် ခဏအကြာတွင် ပျောက်ကွယ်သွားတော့သည်။ သူ၏ ကိုယ်ပွားမှာမူ သူရှိနေခဲ့သည့် နေရာတွင် ပေါ်ပေါက်လာ၏။

နတ်ဘုရားဧကရာဇ် ပြိုလဲပျက်စီးခြင်းပညာရပ်၏ တန်ပြန်အားများမှာ ထိုကိုယ်ပွားဆီသို့ ချက်ချင်း ပြန်လည်ရောက်ရှိလာ၏။ ဝမ်ပေါင်လဲ့မှာ တုံ့ပြန်ချိန်ပင် မရလိုက်သောကြောင့် ထိုကိုယ်ပွားမှာ ချက်ချင်းဆိုသလိုပင် ထိုစွမ်းအားများ၏ လွှမ်းခြုံခြင်းကို ခံလိုက်ရပြီး တစ်စစီ ကြေမွပျက်စီးသွားတော့သည်။

ထိုတိုက်ကွက်ကြီးမှာ ပြီးဆုံးသွားခြင်းမရှိသေးပေ။ ကောင်းကင်ဘုံသားရဲကြီးတစ်ကောင်၏ ဟိန်းဟောက်သံများနှင့် ဆင်တူသော ထစ်ချုန်းသံများကြောင့် ရွှေရောင်ရေကန်ကြီးမှာ လှိုင်းလုံးများထလာပြီး ရေ‌ငွေ့ပျံသွားကြ၏။ လိုဏ်ဂူကြီး၏ နံရံများမှာလည်း တောင်ခံနိုင်စွမ်းမရှိတော့သဖြင့် စိစိညက်ညက် ကြေမွသွားရသည်။ မျက်နှာကြက်ပေါ်တွင် တွဲလောင်းကျနေသည့် ဧရာမတိုင်လုံးကြီးမှာလည်း အလွယ်တကူ ပုံစံပြောင်းလဲနိုင်စွမ်းရှိပြီး အံ့ဩမှင်တက်ဖွယ်ရာ အလိုအလျောက် ပြုပြင်နိုင်စွမ်းများကို ပိုင်ဆိုင်ထားသည့်တိုင်အောင် ပျက်စီးသွားရဆဲပင်။ ၎င်းမှာ ချက်ချင်းဆိုသလိုပင်‌ ကြေမွပျက်စီးသွားပြီးနောက် တိုင်လုံးကြီးထဲရှိ လမ်းကြောင်းအတိုင်း အပေါ်သို့ ထိုးတက်သွားပြီး အပြင်ဘက်၌ အရှိန်အဟုန်ပြင်းစွာ ပေါက်ကွဲသွားတော့သည်။

ထို့ကြောင့် ထိုလိုဏ်ဂူကြီး တစ်ခုလုံးမှာ ရစရာမရှိလောက်အောင် ပျက်စီးသွားပြီ ဖြစ်သည်။ ၎င်း၏ ပေတစ်ရာပတ်လည်ရှိ အရာအားလုံးမှာ စိစိညက်ညက် ကြေမွသွားကြ၏။ မျက်နှာကြက်ကြီးတစ်ခုလုံး ပြိုကျလာချိန်တွင် သေမင်းတာအို တိုက်ပွဲဝတ်ရုံကြီးသာလျှင် မလှုပ်မယှက် ကျန်ရစ်နေခဲ့သည်။ ဘေးပတ်ပတ်လည်ရှိ ပျက်စီးမှုများမှာ ၎င်းအပေါ်သို့ သက်ရောက်မှု မရှိသည့်ပုံပင်။ ၎င်း၏ တစ်ခုတည်းသော ဒဏ်ရာမှာမူ…. ၎င်း၏ နဖူးပေါ်ရှိ အက်ကွဲကြောင်းကြီး အနည်းငယ်ခန့်ပို၍ ကြီးမားလာခြင်းသာ ဖြစ်ပေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset