Switch Mode

အခန်း (၆၆၁)

ဂိုဏ်းတူအစ်ကိုကြီး၊ ကျွန်တော့်ကို ကယ်ပါဦး

ဝမ်ပေါင်လဲ့မှာ မျက်လုံးများပြူးကာ ပါးစပ်ထဲမှ သွေးများ အဆက်မပြတ် စီးကျနေသည့်တိုင်အောင် သူ၏ အငွေ့အသက်များမှာ အားပျော့သွားခြင်း မရှိသည့်အပြင် စကားပြောနေရင်း ပို၍ပင် အားကောင်းလာ၏။

” ပျော်စရာလည်းမကောင်းဘူး။ ကျုပ် မိလော့တောအုပ်ထဲမှာ ရှိနေခဲ့တုန်းကဆိုရင် ကြယ်အစွယ်သားရဲကြီးတွေကိုပါ တက်စီးပြီးတော့ လုပ်ချင်တာလုပ်ခဲ့တာ။ ကျုပ်ရဲ့ ဂိုဏ်းတူအစ်ကို ကျုပ်ကို ဒီနေရာမှာ လေ့ကျင့်ခိုင်းထားတဲ့ အမိန့်ကြောင့်သာမဟုတ်ရင် ကျုပ်က ဒီမှာ ရှိနေမှာတောင် မဟုတ်ဘူး ” ဝမ်ပေါင်လဲ့မှာ ထိုသို့ညည်းတွားလိုက်ပြီးနောက် ကြယ်အစွယ်သားရဲ အမြုတေနှစ်ခုအား ထုတ်ယူလိုက်၏။ ထို့နောက် သူသည် ၎င်းတို့ထဲမှ တစ်ခုအား သစ်သီးတစ်လုံးကဲ့သို့ စုပ်ကာ အခြားတစ်ခုအား သူ၏ဒဏ်ရာများပေါ်၌ ပွတ်သပ်နေတော့သည်။

သူသည် သူ၏ သိုလှောင်လက်အောက်အား သူ၏ကိုယ်ပွားနှင့်အတူ ချန်ထားခဲ့ခြင်းဖြစ်ပါသော်လည်း ထိုလက်ကောက်ထဲတွင် သူ၏ ဓမ္မလက်နက်များကိုသာ အဓိက သိုလှောင်ထားခြင်း ဖြစ်သည်။ အခြား အဖိုးတန်ပစ္စည်းများကိုမူ သူ၏ သိုလှောင်အိတ်များထဲတွင် ခွဲထည့်ထားခဲ့၏။

သူသည် ကြယ်အစွယ်သားရဲ အမြုတေတစ်ခုအား ပါးစပ်ထဲ၌ စုပ်ရင်း တာအိုဘုန်းတော်ကြီးယိုရန်အား ဒေါသတကြီးနှင့် စိုက်ကြည့်လိုက်တော့သည်။

” တောက်။ ကျုပ် ဦးနှောက်တစ်ခန်းလွတ်သွားတာပဲ ဖြစ်မှာ။ အပျော်ရှာလို့ရတဲ့ ဂြိုဟ်တွေအများကြီး ရှိရဲ့သားနဲ့ ဘာ့ကြောင့်များ ကျယ်ပြန့်တာအိုနန်းတော်ကို ရွေးမိခဲ့ရတာလဲ ”

ဝမ်ပေါင်လဲ့မှာ ကြယ်အစွယ်သားရဲအမြုတေအား စုပ်ရင်း ယိုရန်အား စိန်းစိန်းဝါးဝါး စိုက်ကြည့်ကာ ဆိုလိုက်၏။ သူ၏ စကားသံများမှာ လိုဏ်ဂူကြီးထဲ၌ ပဲ့တင်ထပ်နေတော့သည်။ သူ့ဆီသို့ ပြေးလာနေသည့် တာအိုဘုန်းတော်ကြီးယိုရန်မှာ ထိုစကားများကို ကြားလိုက်ရသောအခါ ရုတ်တရက်ဆိုသလို ခြေလှမ်းများ ရပ်တန့်သွား၏။ ထို့နောက် သူသည် သရဲတစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ မျက်လုံးများပြူးသွားတော့သည်။

သူသည် ဒုတိယအဆင့် နတ်ဘုရင်၏ လက်အောက်ငယ်သား ဖြစ်သောကြောင့် အဆုံးမဲ့မျိုးနွယ်စု၏ ပထမအဆင့်နတ်ဘုရင်အကြောင်းကို သိထားပြီးသားဖြစ်သည်။ ထိုပုဂ္ဂိုလ်ကြီးမှာ မည်မျှအထိ ကြောက်မက်ဖွယ်ရာကောင်းကြောင်း သူက ကောင်းကောင်းကြီး သိထား၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့၏ နှုတ်မှ ” ပထမအဆင့် နတ်ဘုရင် ” ဆိုသည့် စကားလုံး ထွက်ပေါ်လာသည်ကို ကြားလိုက်ရသောအခါ သူသည် ရင်ခုန်နှုန်းများ ရပ်တန့်သွားရတော့သည်။

သို့သော် သူသည် အံ့ဩတုန်လှုပ်နေရာမှာ သတိပြန်ကပ်သွားပြီးနောက် ဝမ်ပေါင်လဲ့အား မယုံသင်္ကာ ဖြစ်သွားရ၏။ သူသည် အဆုံးမဲ့မျိုးနွယ်စုထဲတွင် ရာထူးအဆင့်အတန်း မြင့်မားသူတစ်ယောက် မဟုတ်သောကြောင့် ပထမအဆင့် နတ်ဘုရင်ကြီး၏ နာမည်အစစ်ကို သိထားခြင်း မရှိပေ။ ဝမ်ပေါင်လဲ့မှာ ယုံချင်စရာကောင်းသည့် လိမ်ဆင်တစ်ခုကို ဖန်တီးပြောဆိုခဲ့ခြင်း ဖြစ်နိုင်ပါသော်လည်း ပြည်ထောင်စုကြီးထဲမှ လူတစ်ယောက်မှာ မိလော့တောအုပ်ဆိုသည့် နာမည်ကို သိထားစရာအကြောင်း မရှိပေ။ သို့သော် ယခုတွင်မူ ဝမ်ပေါင်လဲ့မှာ ထိုနာမည်အား ပေါ့ပေါ့တန်တန် ထုတ်ပြောလိုက်သည်မဟုတ်ပါလော။

ထို့အပြင် သူသည် ကြယ်အစွယ်သားရဲ အမြုတေများကိုလည်း ဟန်အမူအရာမပျက် ထုတ်ပြခဲ့သေးသည်။ ထို့ကြောင့် တာအိုဘုန်းတော်ကြီးယိုရန်မှာ တုန်လှုပ်ချောက်ချားသွားရ၏။ ထို့နောက် ထိုအမြုတေများမှာ ထာဝရဝိညာဉ်အဆင့်တွင် ရှိနေသည့် သားရဲကြီးများ၏ အမြုတေများဖြစ်ကြောင်း သူက ချက်ချင်းသတိထားမိသွားတော့သည်။

ထိုကဲ့သို့သော အမြုတေများမှာ တန်ဖိုးမဖြတ်နိုင်လောက်အောင် အဖိုးတန်ပေသည်။ မိလော့တောအုပ်မှာ ထိုတောအုပ်ထဲ၌ နေထိုင်ကျက်စားကြသည့် သားရဲကြီးများအား ဘေးကင်းလုံခြုံမှုရှိအောင် ကာကွယ်စောင့်ရှောက်ပေးရာ၌ နာမည်ကျော်ကြားပါသော်လည်း ဝမ်ပေါင်လဲ့မှာ အမြုတေနှစ်ခုကို ထုတ်ပြခဲ့ပြီး တစ်ခုကို ပါးစပ်ထဲ၍ စုပ်ကာ အခြားတစ်ခုအား သူ၏ဒဏ်ရာများပေါ်၌ ပွတ်သပ်ပြနေသည် မဟုတ်ပါလော။ ထို မြင်ကွင်းကြီးကြောင့် တာအိုဘုန်းတော်ကြီးယိုရန်မှာ တစ်ခေါင်းလုံး ထူပူသွားရသည့်တိုင်အောင် အပြည့်အဝ မယုံချင်သေးပေ။

ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို မျက်လုံးများအရောင်လက်သွားပြီး အဆုံးမဲ့မျိုးနွယ်စု ဘာသာစကားဖြင့် စကားပြောလိုက်တော့သည်။ ၎င်းမှာ အမှောင်ဂိုဏ်းထဲ၌ အသုံးပြုသည့် ဘာသာစကား ဖြစ်နေသည် မဟုတ်ပါလော။ ထို့ကြောင့် သူ၏နှုတ်မှ ထိုစကားသံများ ထွက်ပေါ်လာသောအခါ တာအိုဘုန်းတော်ကြီးယိုရန်၏ နှလုံးသားထဲ၌ ကြောက်စိတ်များဖြင့် ပြည့်နှက်သွားရတော့သည်။

” ခဗျားသိအောင် ပြောထားမယ်။ ကျုပ်ရဲ့ ဂိုဏ်းတူအစ်ကိုက ကျုပ်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ အမှတ်အသားတစ်ခု ရေးထိုးထားပြီးသား။ အဲတာမလို့ ကျုပ် သေသွားတာနဲ့ သူက ဒီနေရာကို ချက်ချင်းသတိထားမိသွားမှာ။ သူ့ရဲ့ အစွမ်းအစတွေနဲ့သာဆိုရင် သူက အချိန်ကို နောက်ပြန်လှည့်ပြီးတော့ ဒီနေရာမှာ ဖြစ်ပျက်ခဲ့သမျှ အရာတွေအားလုံးကို ပြန်ပြီးတော့ ဖော်ထုတ်နိုင်မှာ သေချာတယ်။ အဲတာမလို့ ခဗျားက ဘာကောင်ကြီး ဖြစ်နေဖြစ်နေ အသတ်ခံရမှာ‌ပဲ။ မယုံဘူးဆိုရင် စမ်းကြည့်လိုက်လေ။ ကျုပ်ရဲ့ ဂိုဏ်းတူအစ်ကိုကြီး ဒီနေရာကို ချက်ချင်းရောက်လာမလား ရောက်မလာဘူးလားဆိုတာ ကြည့်ကြ‌တာပေါ့ ” ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုကာ နောက်ဆုံးစာကြောင်းအား အော်ပြောလိုက်၏။

ထို့ကြောင့် တာအိုဘုန်းတော်ကြီးယိုရန်မှာ ချက်ချင်းဆိုသလိုပင် ဗျာများသွားရတော့သည်။ ကျယ်ပြန့်တာအိုနန်းတော်ထဲတွင် အဆုံးမဲ့မျိုးနွယ်စု ဘာသာစကားကို ပြောဆိုနိုင်သည့် လူအချို့ရှိပါသော်လည်း သူတို့မှာ ကျွမ်းကျင်ပိုင်နိုင်စွာ ပြောဆိုနိုင်ကြမည် မဟုတ်သလို လေသံဝဲနေကြမည်လည်း ဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့မှာ လေသံဝဲနေခြင်း မရှိသည့်အပြင် ၎င်းအား သူ၏ မိခင်ဘာသာစကားကဲ့သို့ ပြောဆိုနေသည် မဟုတ်ပါလော။ ထို့ကြောင့် တာအိုဘုန်းတော်ကြီးယိုရန်မှာ ထိတ်ထိတ်ပျာပျာ ဖြစ်သွားရပြီး ဝမ်ပေါင်လဲ့အား မေးလိုက်၏။

” မင်း သက်သေပြနိုင်လား ”

တာအိုဘုန်းတော်ကြီးယိုရန်မှာ အနည်းငယ်ခန့် ကြောက်စိတ်ဝင်သွားသည့်ပုံ ပေါက်နေသောကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်အေးသွားရပြီး စိတ်ထဲတွင်ကျိတ်၍ သက်ပြင်းချမိလိုက်တော့သည်။ သို့သော် သူ၏ မျက်နှာအမူအရာမှာမူ တင်းမာနေဆဲပင်။ ခဏအကြာတွင် သူသည် မာန်တင်းကာ မတ်တတ်ထလာပြီးနောက် အော်ပြောလိုက်၏။

” သက်သေပြရမယ် ဟုတ်လား။ ကျုပ်ရဲ့ ဂိုဏ်းတူအစ်ကိုက အဲလိုမျိုး ပစ္စည်းတွေတော့ ကျုပ်ကို မပေးထားဘူး။ သူက အဆုံးမဲ့မျိုးနွယ်စုထဲမှာ သူသုံးတဲ့ သူ့ရဲ့နာမည်ကို ထုတ်ပြောဖို့ပဲ မှာခဲ့တာ။ အဲတာဆိုရင် စကြဝဠာကြီးရဲ့ ဒီဘက်အခြမ်းမှာ ဘယ်သူကမှ ကျုပ်ကို အန္တရာယ်ပြုရဲမှာ မဟုတ်ဘူးတဲ့။ ယိုရန်။ ဒီနေ့ ခဗျားလုပ်ခဲ့တဲ့ လုပ်ရပ်တွေအတွက် ဖြေရှင်းချက်တစ်ခု ပေးမှရမယ်။ ခဗျား တာအိုနန်းတော်ကို ဘာလုပ်လုပ် ကျုပ် ဂရုမစိုက်ဘူး။ ဒါပေမဲ့ ပြည်ထောင်စုကြီးက ကျုပ် လေ့ကျင့်ခန်းဆင်းနေတဲ့ နေရာ။ ခဗျားက ဒုတိယအဆင့် နတ်ဘုရင်ရဲ့ လက်အောက်က အောက်ခြေစစ်သားအဆင့်မှာပဲ ရှိတာကို ကျုပ်ရဲ့ လေ့ကျင့်ခန်းကို လာပြီးတော့ နှောင့်ယှက်ရဲတယ်ပေါ့ ”

ကျယ်ပြန့်တာအိုနန်းတော်မှာ ဒုတိယအဆင့် နတ်ဘုရင်ကြီး၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသည့်ဖြစ်ကြောင်း ဝမ်ပေါင်လဲ့က သိထား၏။ ထို့ကြောင့် ရှေးဟောင်းဓားကြီးပေါ်ရှိ တာအိုနန်းတော်အား ပစ်မှတ်ထားနေသည့် အဆုံးမဲ့မျိုးနွယ်စုဝင်များမှာ ဒုတိယအဆင့် နတ်ဘုရင်ကြီး၏ လက်အောက်ငယ်သားများ ဖြစ်ရမည်ဖြစ်ကြောင်း သူက ခန့်မှန်းနိုင်ခဲ့ပေသည်။

” အခုချက်ချင်း ကျုပ်ကိုတောင်းပန်စမ်း။ အဲတာဆိုရင် ကျုပ် ဒီကိစ္စကို ကျုပ်ရဲ့ ဂိုဏ်းတူအစ်ကိုကြီးဆီ ပြန်မပြောဘဲ နေပေးမယ်။ ပြီးရင် ခဗျား ဒီ သေမင်းတာအို စစ်သင်္ဘောကြီးကို ယူသွားပြီး လစ်လိုက်တော့ ”

ဝမ်ပေါင်လဲ့မှာ ခေါင်းမော့ရင်ကော့ကာ ရန်လိုနေသည့်လေသံဖြင့် ဆိုလိုက်၏။ သူသည် ဤကိစ္စကြီးအား အခြားနည်းလမ်းများဖြင့် ဖြေရှင်း၍ရကြောင်း သိထား၏။ သူသည် သူ၏ ဂိုဏ်းတူအစ်ကို၏ နာမည်အား အသုံးချကာ တာအိုဘုန်းတော်ကြီးယိုရန်အား သူ့ဘက်ပါလာအောင် သိမ်းသွင်းနိုင်ရန် ကြိုးစားကြည့်နိုင်ပေသည်။ ထို့အပြင် သူသည် တာအိုဘုန်းတော်ကြီးယိုရန်အား မက်လောက်စရာကောင်းသည့် ကမ်းလှမ်းချက်များဖြင့် မြှူဆွယ်ကာ အချိုသတ်၍လည်း ရပေသည်။ ထိုသို့သာဆိုပါက သူ၏ညှိနှိုင်းမှုမှာ ပို၍ အောင်မြင်နိုင်ခြေ ရှိသွားမည် ဖြစ်သည်။ သို့သော် သူသည် တစ်ခဏမျှ တွေးတောလိုက်ပြီးနောက် ထိုအတွေးများကို မေ့ပျောက်ထားလိုက်၏။ ထိုကဲ့သို့ အောက်ကျို့ရန်မှာ သူ၏ အကျင့်စရိုက်နှင့် မကိုက်ပေ။

သူ၏ ဂိုဏ်းတူအစ်ကို ချန်ရှင်းမှာ ပထမအဆင့် နတ်ဘုရင် ဖြစ်နေသည် မဟုတ်ပါလော။ သူ့အကြောင်းနှင့် ပတ်သတ်၍ မမလေး ပြောပြခဲ့ဖူးသည့် စကားများ၊ မိလော့တောအုပ်ထဲ၌ သူ မြင်ခဲ့ရသည့် အရာများနှင့် သူ၏ အမှောင်အိပ်မက်ထဲ၌ လေ့လာသိရှိခဲ့ရသည့် အချက်များကြောင့် သူ၏ ဂိုဏ်းတူအစ်ကိုမှာ ဆုံးဖြတ်ချက်ပြတ်သားကာ အခြားသူများအား သတ်ဖြတ်ရန် လက်တွန့်နေခြင်းမရှိဘဲ အလွန်အင်မတန်မှ မောက်မာဝင့်ကြွားသော လူတစ်ယောက်ဖြစ်ကြောင်း သူက သိထားပြီးသားဖြစ်သည်။ ထိုကဲ့သို့သော လူမျိုးမှာ အမြဲတမ်း သူ၏ စိတ်တိုင်းကျ ပြုမူဆောင်ရွက်မည်သာ ဖြစ်သည်။ သူသည် ထိုပုဂ္ဂိုလ်၏ ဂိုဏ်းတူညီလေး ဖြစ်နေသည်ဖြစ်ရာ နူးညံ့သိမ်မွေ့ပြနေ၍ မဖြစ်ပေ။ မဟုတ်ပါက အခြားသူများမှာ သူ့အား မယုံသင်္ကာ ဖြစ်သွားနိုင်ပေသည်။

သူ၏ ယူဆချက်များမှာ မှန်ကန်နေ၏။ တာအိုဘုန်းတော်ကြီးယိုရန်မှာ ဝမ်ပေါင်လဲ့၏ မောက်မာဝင့်ကြွားသော အပြုအမူများအကြောင့် အမျက်ချောင်းချောင်း ထွက်နေရပါသော်လည်း စောဒကမတက်နိုင်ဘဲ ဖြစ်နေရသည်။ အကယ်၍ ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ ပြုမူနေခြင်းမရှိလျှင် သူသည် ပို၍ပင် မယုံသင်္ကာ ဖြစ်နေလောက်ပေသည်။ ယခုတွင် သူ၏ မောက်မာဝင့်ကြွားမှုများကြောင့် တာအိုဘုန်းတော်ကြီးယိုရန်မှာ ဒေါသထွက်နေရသလို နှလုံးသားထဲ၌ သံသယစိတ်များလည်း ပေါ်ပေါက်လာရတော့သည်။

ဝမ်ပေါင်လဲ့မှာ အခြားမည်သူမှမသိနိုင်မည့် အရာများကို သူ၏ စကားများထဲ၌ လိမ္မာပါးနပ်စွာ ထည့်သွင်းပြောဆိုနေ၏။ ထို့အပြင် သူသည် သေမင်းတာအို စစ်သင်္ဘောကြီးနှင့် ဒုတိယအဆင့် နတ်ဘုရင်ကြီးတို့၏ အကြောင်းကိုလည်း ဟန်အမူအရာမပျက် ထုတ်ပြောခဲ့သေးသည် မဟုတ်ပါလော။ ထိုအချက်များကြောင့် ဝာာအိုဘုန်းတော်ကြီးယိုရန်မှာ တုန်လှုပ်ချောက်ချားလာရတော့သည်။

သို့သော် သူသည် လုံးဝ အလျှော့ပေးလိုက်ရန် စိတ်ကူးမရှိသေးပေ။ သူသည် ပြည်ထောင်စုကြီး တစ်ခုလုံးကို စတေးကာ သေမင်းတာအိုစစ်သင်္ဘောကြီးနှင့် တစ်သားတည်းပေါင်းစည်းနိုင်ရန် ကြံရွယ်ထားသည်မဟုတ်ပါလော။ ထို့နောက် သူသည် သူ၏ ကျင့်ကြံခြင်းအဆင့်အား ဂြိုဟ်အဆင့်သို့ ပြန်လည်မြှင့်တင်နိုင်ရန် ရည်ရွယ်ထား၏။

အကယ်၍ ပထမအဆင့် နတ်ဘုရင်ကြီးသာ ပေါ်ပေါက်လာခဲ့မည် ဆိုပါက ကိစ္စပြတ်သွားမည် ဖြစ်သည်။ သူသည် ထိုနတ်ဘုရင်ကြီး၏ ရှေ့၌ ချက်ချင်းဒူးထောက်ချကာ ကတုန်ကယင်နှင့် အရိုအသေ ပေးမိလိုက်မည်မှာ မလွဲဧကန်ပင်။ သို့သော် ယခုတွင်မူ သူသည် အမြုတေအဆင့် ကျင့်ကြံသူလေး တစ်ယောက်နှင့်သာ ရင်ဆိုင်နေရသည် မဟုတ်ပါလော။ ထိုကျင့်ကြံသူလေးမှာ သူ့ကိုယ်သူ ပထမအဆင့် နတ်ဘုရင်ကြီး၏ ဂိုဏ်းတူညီလေးဟု ခေါ်ဆိုနေပြီး သူ၏ စကားများမှာလည်း အနည်းငယ်ခန့် ယုံချင်စရာ ကောင်းနေသည့်တိုင်အောင် ဝာာအိုဘုန်းတော်ကြီးယိုရန်မှာ သူ့အား အပြည့်အဝ မယုံကြည်နိုင်ဘဲ ဖြစ်နေရ၏။

ထို့ကြောင့် သူသည် ဇဝေဇဝါ ဖြစ်နေရတော့သည်။ တစ်ခဏမျှ ကြာပြီးနောက် သူသည် မျက်လုံးများ အရောင်လက်သွား၏။ သူ၏ ခေါင်းထဲရှိ အ‌တွေးများကို မည်သူမှ မသိနိုင်ပါသော်လည်း သူသည် လှစ်ခနဲ လှုပ်ရှားလိုက်ပြီးနောက် ဝမ်ပေါင်လဲ့၏ အထက်၌ ပေါ်ပေါက်လာတော့သည်။ ထို့နောက် သူသည် လက်တစ်ဖက် မြှောက်ကာ ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံခြင်းစွမ်းအားများကို ထုတ်လွှတ်လိုက်ပြီးနောက် သူ၏ လက်ထဲ၌ ကြောက်မက်ဖွယ်ရာကောင်းသော အဖျက်စွမ်းအားတစ်ခုကို စုစည်းလိုက်၏။ နောက်ဆုံးတွင် သူသည် ထိုစွမ်းအားများကို ဝမ်ပေါင်လဲ့ဆီသို့ ပစ်လွှတ်လိုက်တော့သည်။

သူသည် ဝမ်ပေါင်လဲ့အား သတ်ဖြတ်ကာ နှုတ်ပိတ်ရန် ကြံရွယ်နေခြင်းဖြစ်ပေသည်။

ထိုအခါ ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို မျက်ဝန်းများ အရောင်လက်သွား၏။ သူသည် ထိုအခြေအနေကြီးအတွက် အဆင်သင့် ပြင်ထားပြီးသားဖြစ်သည်။ ထို့ကြောင့် သူသည် စိတ်ထဲ၌ တာအိုဂါထာတော်အား ရေရွတ်နေလိုက်ပြီးနောက် နှုတ်မှ အသံကုန်အော်ဟစ်လိုက်တော့သည်။

” ဂိုဏ်းတူအစ်ကိုကြီးရေ။ ကျွန်တော့်ကို ကယ်ပါဦး ”

ထိုအခါ ကောင်းကင်ကြီးတစ်ခုလုံး တုန်ခါသွားကာ သေမင်းတာအို စစ်သင်္ဘောကြီး၊ ကျယ်ပြန့်တာအိုနန်းတော်ကြီးနှင့် ရှေးဟောင်းဓားကြီးတို့မှာလည်း သိမ့်သိမ့်တုန်သွား၏။ ထို့နောက် အဝေးတစ်နေရာရှိ အာကာသထဲမှ စွမ်းအားတစ်မျိုး ပေါ်ထွက်လာကာ စကြဝဠာကြီးအား ဖြတ်သန်းလာပြီးနောက် နေအဖွဲ့အစည်းထဲသို့ ဝင်ရောက်လာပြီး ရှေးဟောင်းဓားကြီးပေါ်သို့ ရောက်ရှိလာတော့သည်။ ထိုစွမ်အားကြီးမှာ စစ်သင်္ဘောကြီးထဲရှိ လိုဏ်ဂူထဲ၌ ပေါ်ပေါက်လာ၏။

အုန်း…

၎င်းမှာ စကားလုံးများဖြင့် ဖော်ပြ၍မရနိုင်လောက်အောင် အားကောင်းသော စွမ်းအားတစ်မျိုး ဖြစ်ပေသည်။ ဝမ်ပေါင်လဲ့မှာမူ အေးစက်စက် နှာမှုတ်သံတစ်သံအား မသဲမကွဲ ကြားလိုက်ရသကဲ့သို့ပင် ခံစားလိုက်ရ၏။ ထို့ကြောင့် သူသည် တစ်ကိုယ်လုံး တုန်ရီသွားရပြီး ထို လျှို့ဝှက်ဆန်းကြယ် အငွေ့အသက်ကြီး အမှန်တကယ်ပင် နိုးထလာသည်လောဟု ကြောက်လန့်တကြား တွေးနေမိတော့သည်။

သို့သော် သူသည် အတွေးနယ်ချဲ့နေရန် အချိန်မရှိပေ။ သူ၏ အတွေ့အကြုံများအရဆိုလျှင် ဤ အငွေ့အသက်ကြီးမှာ ပေါ်ပေါက်လာပြီးနောက် ချက်ချင်းပြန်၍ ပျောက်ကွယ်သွားမည်သာဖြစ်သည်။ ၎င်းမှာ သူ၏ ရန်သူများအား ခြောက်လှန့်နိုင်သည့် အကောင်းဆုံးနည်းလမ်းဖြစ်ရာ ယခု သူကြုံနေရသည့် ပြဿနာကြီးအတွက် အသင့်တော်ဆုံးဖြစ်ပေသည်။

သူ၏ ခန့်မှန်းချက်မှာ ကွက်တိပင်။ ဝာာအိုဘုန်းတော်ကြီးယိုရန်မှာ ထိုအငွေ့အသက်ကြီးကြောင့် လိပ်ပြာလွင့်လုမတတ် ထိတ်လန့်တုန်လှုပ်သွားရ၏။ ထို့နောက် သူသည် တန်ပြန်အားများကြောင့် ပါးစပ်ထဲမှ သွေးတစ်ပွက်ပင် အန်ထွက်လာရသည်။ သို့သော် သူသည် တုန်လှုပ်ချောက်ချားနေသည့်တိုင်အောင် နောက်သို့ဆုတ်ခွာသွားခြင်း မရှိဘဲ အသိစိတ်ပျောက်နေသည့်ပုံ ပေါ်သော မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့ဆီသို့ တန်းတန်းမတ်မတ် ပြေးလာတော့သည်။

” ဝမ်ပေါင်လဲ့။ မင်းသာ တကယ်ပဲ ပထမအဆင့် နတ်ဘုရင်ကြီးရဲ့ ဂိုဏ်းတူညီလေးဆိုရင် မင်းဆီမှာ ဝှက်ဖဲတစ်ခုခု ရှိနေမှာပဲ။ မင်း အခု ထုတ်လွှတ်လိုက်တဲ့ အငွေ့အသက်ကြီးက ကြောက်ဖို့ကောင်းတာ မှန်ပေမဲ့ ငါကတော့ မယုံသေးဘူး။ ကဲ။ မင်း ငါ့ရဲ့ တိုက်ကွက်ကို ခုခံနိုင်မယ်ဆိုရင် ငါ အခုချက်ချင်း နောက်လှည့်ပြီး ထွက်သွားပေးမယ် ”

” တကယ်လို့ မင်း မခုခံနိုင်ဘူးဆိုရင်တော့… မင်း လိမ်နေတာပဲ ” ဝာာအိုဘုန်းတော်ကြီးယိုရန်မှာ အမှန်တကယ်ပင် အသိစိတ် ပျောက်သွားပြီဖြစ်သည်။ သူသည် ဝမ်ပေါင်လဲ့အား ယုံကြည်လုနီးပါး ဖြစ်နေခဲ့၏။ ဂါထာတော်ကြီး၏ စွမ်းအားများကြောင့် သူသည် ကြောက်ဒူးတုန်နေခဲ့ရပြီး သူ၏ အသိစိတ်ထဲမှ စကားတစ်သံမှာ သူ့အား အသက်မသေလိုပါက ထိုနေရာမှ ထွက်ခွာသွားရန် သတိပေးနေသကဲ့သို့ပင် ခံစားခဲ့ရသည် မဟုတ်ပါလော။

သို့သော် သူသည် တိုက်ခိုက်မှ ရမည်ဖြစ်သည်။ သူသည် ဤအစီအစဉ်ကြီးအား အချိန်အကြာကြီးပေး၍ ပြင်ဆင်ထားခဲ့ရသည်ဖြစ်ရာ လွယ်လွယ်နှင့် လက်လျှော့အရှုံးပေးနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူသည် ကံစမ်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပေသည်။ အကယ်၍ သူသည် သေဆုံးသွားရမည်ဆိုလျှင်တောင် နောင်တရနေမည်မဟုတ်ပေ။

” ခဗျားကြီးက တော်တော်ကို ခေါင်းမာတာပဲ ” ဝမ်ပေါင်လဲ့မှာ ကြံရာမရ ဖြစ်နေရတော့သည်။ သူသည် အမှားအယွင်းမရှိ သရုပ်ဆောင်နိုင်ခဲ့သည်ဟု ထင်မှတ်ထားသည်မဟုတ်ပါလော။ ထို့အပြင် သူသည် ဂါထာတော်ကြီးကိုပင် ထုတ်သုံးခဲ့သေးသည်ဖြစ်ရာ ဝာာအိုဘုန်းတော်ကြီးယိုရန်မှာ ယခုလို အရူးတစ်ယောက်ကဲ့သို့ ပြုမူနေလိမ့်မည်ဟု သူက လုံးဝ ထင်မှတ်မထားခဲ့ပေ။

ယခုတွင် သူသည် အသက်အန္တရာယ်ကြီးနှင့် ရင်ဆိုင်နေရပြီဖြစ်ရာ စဉ်းစားတွေးနေရန် အချိန်မရှိတော့ချေ။ ထို့ကြောင့် သူသည် ကြောက်စိတ်များကြောင့် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီနေရသည့်တိုင်အောင် မျက်ဝန်းများ အရောင်လက်သွားတော့သည်။

” ဖြစ်ချင်ရာဖြစ်ကွာ “

Comment

Leave a Reply

Options

not work with dark mode
Reset